← Chapters

အံ့သြပြီးရင်း အံ့သြ

Vol. 17 Ch. 236

အံ့သြပြီးရင်း အံ့သြ

Vol. 17 Ch. 236

ဝိညာဥ်ကျောက်တုံး သိန်း ၂၀၀၀မှာ များပြားလွန်းသည့်အတွက် မန်ဟိုတစ်ယောက် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေသည်။ သို့သော် တောင်ပိုင်းဒေသတစ်ခွင်တွင် အတော်များများလည်း ထိုနည်းတူ ခြေမကိုင်မိ ၊ လက်မကိုင်မိ ဖြစ်နေကြသည်။

သူတို့မှာ ဇီယွင်ဂိုဏ်း ဆေးလေလံပွဲ၌ ပြီးပြည့်စုံအဆင့်ဆေးလုံးတစ်လုံး ပေါ်ပေါက်ခဲ့သဖြင့် အရူးမီးဝိုင်းဖြစ်နေကြခြင်းပင်။

မဟာအကြီးအကဲဆေးဒယ်အိုးဆိုသော နာမည်သည် တောင်ပိုင်းဒေသကို တုန်လှုပ်သွားစေရင်း ချက်ချင်း ကျော်ကြားပြန့်နှံ့လာသည်။ ထိုအကြောင်းမကြားဖူးသည့် ကျင့်ကြံသူဟူ၍ မရှိပေ။

ကိုးဆယ်ရာခိုင်နှုန်း သို့မဟုတ် ကိုးဆယ်ရာခိုင်နှုန်းကျော် ဆေးစွမ်းအားရှိသည့် ဆေးလုံးအမြောက်အမြား အောင်အောင်မြင်မြင် ဖော်စပ်ပြီးနောက်မှ မဟာအကြီးအကဲ အဆင့်သို့ တရားဝင်တက်နိုင်သော်လည်း လေလံပွဲတွင် ပေါ်ပေါက်လာသော ဆေးလုံးများမှာ တောင်ပိုင်းဒေသတွင် အုတ်အော်သောင်းနင်း ဖြစ်စေမြဲသာ။ ဆေးဝါးပညာအသိ ထည့်ပေါင်းလိုက်သည့်အခါ ယင်းက မဟာအကြီးအကဲဆေးဒယ်အိုး၏ နာမည်ကို တစ်ခါမှမကြုံဖူးသော အမြင့်အထိ ချက်ချင်းထိုးတက်သွားစေသည်။ ၄င်းက သူ၏သရုပ်မှန်ကိုလည်း ပို၍လျှို့ဝှက်ဆန်းကြယ်သွားစေ၏။

လူတိုင်းမှာ မဟာအကြီးအကဲဆေးဒယ်အိုး မည်သူဖြစ်ကြောင်း ဖော်ထုတ်ရန် အသည်းအသန်ကြိုးစားနေကြသည်။ ထင်ကြေးအမျိုးမျိုး  ပွက်လောရိုက်လာသည်။ တချို့က ၄င်းသည် မဟာအကြီးအကဲ ဆေးလုံးမိစ္ဆာ၏ တခြားနာမည်ဖြစ်ကြောင်း အခိုင်အမာပြော၏။ တချို့က ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်များထဲကတစ်ယောက် ဖြစ်မည်ဟု ယုံကြည်ကြသည်။

၄င်းက သာမန်ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်နိုင်သည်ဟု ဘယ်သူမှ မယုံကြပေ။ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်များကလွဲ၍ မည်သူက ဆေးဝါးတာအိုတွင် ထိုကဲ့သို့ ကျွမ်းကျင်မှု ရှိနိုင်မည်နည်း။

စည်းလွတ်ဘောင်လွတ် ကောလဟလများသည် လေမုန်တိုင်းများသဖွယ် တောင်ပိုင်းဒေသကို တိုက်ခတ်သွားသည်။  မဟာအကြီးအကဲဆေးဒယ်အိုးကြောင့် ဖြစ်ပေါ်လာသည့် ဆူညံပွက်လောရိုက်မှုကို ယှဥ်နိုင်သည့်အရာများမှာ ဂိုဏ်းအသီးသီးမှ ပြန်လည်မွေးဖွားခြင်းဂူတစ်ဝိုက် ပတ်ဝန်းကျင်ကို ထပ်တလဲလဲ ရှာဖွေနေမှု၊ မန်ဟို့ကိစ္စ နှင့် မြင့်မြတ်သောဝိညာဥ်ကျမ်းစာသာ ဖြစ်သည်။

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ မဟာအကြီးအကဲဆေးဒယ်အိုးနှင့်ပတ်သက်သည့် ကောလဟလအမျိုးမျိုးနှင့် ထင်ကြေးများအကြား သူက ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ဖြစ်သည်ဆိုသော အတွေးနှင့် လုံးဝဆန့်ကျင်ဖက် အယူအဆအသစ်တစ်ခု ထွက်ပေါ်လာသည်။

မဟာအကြီးအကဲဆေးဒယ်အိုးမှာ အမှန်တွင် သာမန်ဆေးဝါးကျွမ်းကျင်ပညာရှင်ဖြစ်သည်ဟု အတော်များများ ယုံကြည်လာကြသည်။ သို့သော် သူသည် ဆေးဝါးတာအို၏ မယုံကြည်နိုင်ဖွယ် သဘာဝစွမ်းရည်နှင့်အတူ မွေးဖွားလာခဲ့သည်ဟူ၍။ သို့မဟုတ် သူ့ဆေးလုံးက ဆေးလေလံပွဲတွင် မည်သည့်အတွက်ကြောင့် ပေါ်လာမည်နည်း။ ဖြစ်ကောင်းဖြစ်နိုင်သည်က ဆေးဝါးကျွမ်းကျင်ပညာရှင်ဖြစ်သည့်သူကိုယ်တိုင် ရလဒ်ကို မခန့်မှန်းနိုင်ခဲ့ခြင်းပင်။

အကယ်၍ သူသာ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ဖြစ်လျှင် သူ၏သရုပ်မှန်ကို ဖော်ပြပြီး မဟာအကြီးအကဲအဆင့်တက်ရေးအတွက် ဆေးလေလံပွဲကို အသုံးချလိမ့်မည်။

မကြာမီ ဤအကြောင်းပြချက်က အကျိုးအကြောင်းဆီလျော်သည်ဟု လက်ခံသူ တစတစ များပြားလာသည်။ သို့ထိတိုင် ဆန့်ကျင်ဖက် ကောလဟာလများလည်း ထွက်ပေါ်လာ၏။ မဟာအကြီးအကဲဆေးဒယ်အိုးနာမည်သည် မိုးကြိုးမုန်တိုင်းများသဖွယ် တောင်ပိုင်းဒေသတစ်ခွင်လုံး၌ ပြည့်နှက်လျက်ရှိသည်။

မည်သူဖြစ်စေ၊ ဤမဟာအကြီးအကဲဆေးဒယ်အိုးက ပြီးပြည့်စုံအဆင့်ဆေးလုံးကို ဖော်စပ်ခဲ့သည့်အတွက် တောင်ပိုင်းဒေသ၏ မဟာအကြီးအကဲသုံးဦးကဲ့သို့ မဟာအကြီးအကဲအစစ်အမှန် မဟုတ်လျှင်တောင်မှ နောင်တစ်ချိန်တွင် ဖြစ်လာနိုင်ခြေများကြောင်း လူတိုင်း ဝန်ခံရမည်ဖြစ်သည်။

သူ၏ဆေးလုံးက တစ်ရာရာခိုင်နှုန်း ပြီးပြည့်စုံအဆင့်ဆေးလုံးနီးပါး ကိုးဆယ့်ငါးရာခိုင်နှုန်း ရှိသည် မဟုတ်ပါလော။

မဟာအကြီးအကဲဆေးဒယ်အိုး နောင်တစ်ချိန်တွင် ပြီးပြည့်စုံအဆင့်ဆေးလုံးများ ထပ်မံဖော်စပ်လျှင်တော့ တောင်ပိုင်းဒေသတွင် ဆေးဝါးတာအို၏ မဟာအကြီးအကဲ သုံးယောက် မဟုတ်တော့ဘဲ လေးယောက်ရှိသွားလိမ့်မည်။

အမှန်တကယ်ဆိုရလျှင် သူ၏နာမည် ရုတ်တရက် ကျော်ကြားလာမှုကြောင့် လူများစွာမှာ ဆေးလုံးဒယ်အိုး၌ မဟာကြီးအကဲတစ်ယောက်၏ အရည်အချင်း ရှိနေပြီးဖြစ်၍ မဟာအကြီးအကဲလေးယောက်ဖြစ်နေပြီဟု ယုံကြည်ကြလေသည်။

ချင်းလော်ဂိုဏ်း၊ ကျင်းဟန်ဂိုဏ်း၊ သွေးမိစ္ဆာဂိုဏ်းနှင့် ယီးကျန့်ဂိုဏ်းအပြင် မဟာမျိုးနွယ်စုသုံးစုတို့အားလုံး မဟာအကြီးအကဲဆေးဒယ်အိုးကို ဖျော်ဖြေဧည့်ခံမည့် ကမ်းလှမ်းချက်များအား လူသိထင်ရှား ထုတ်ပြန်ထားကြသည်။

ဤအခြင်းအရာတစ်ခုတည်းကပင် အတော်လေး အုတ်အုတ်ကျက်ကျက်ဖြစ်သွားစေပြီး မဟာအကြီးအကဲဆေးဒယ်အိုး၏နာမည်ကို နေမင်းသဖွယ် တောက်ပလာစေသည်။

ဇီယွင်ဂိုဏ်းမှာလည်း အပြင်လောကနည်းတူ ဂယက်ရိုက်နေသည်။ ခရမ်းရောင်ချီအဖွဲ့ဖြစ်စေ၊ အရှေ့ဆေးဝါးအဖွဲ့ဖြစ်စေ လူတိုင်းသည် မဟာအကြီးအကဲဆေးဒယ်အိုးအကြောင်းပြော၍ သူ၏သရုပ်မှန်ကို ခန့်မှန်းနေကြ၏။

ဖန်မုက မဟာအကြီးအကဲ ဆေးဒယ်အိုးဖြစ်လောက်သည်ဟု ဘယ်သူမှ ထင်ကြေးမပေးကြခြင်းမဟုတ်။ မဟာအကြီးအကဲဆေးဒယ်အိုး၏နာမည်မှာ မခန့်မှန်းနိုင်လောက်အောင် မြင့်မားလွန်း၍ ဖြစ်သည့်အတွက် ဖန်မုဖြစ်လောက်သည်ဟု ထင်ကြေးပေးကြသူများမှာ ဟာသဖြစ်လာရတော့သည်။ ဖန်မုသည် သူ၏ ဆေးဖော်စပ်ခြင်းစွမ်းရည်ကြောင့် အရှေ့ဆေးဝါးအဖွဲ့တွင် လူသိများသော်လည်း လျှို့ဝှက်ဆန်းကြယ်သော မဟာအကြီးအကဲဆေးယ်အိုးနှင့် တစ်ယောက်တည်းဖြစ်ကြောင်း ဘယ်သူမှ မယုံကြပေ။

အရှေ့ဆေးဝါးအဖွဲ့၌ အများ၏ထင်မြင်ယူဆချက်မှာ သူသည် ပြီးပြည့်စုံအဆင့်ဆေးလုံး ဖော်ခဲ့ဖူးသော်လည်း  သရုပ်မှန်ကို မပြသချင်သော ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်တစ်ယောက်ဖြစ်သည်ဟူ၍။

ပဟေဌိဆန်သော မဟာအကြီးအကဲ ဆေးပေါင်းဖိုဘုရင်ကို လေးစားကိုးကွယ်လာကြသည့် ဆေးဝါးကျွမ်းကျင်ပညာရှင်အမြောက်အမြားပင် ရှိသည်။ သူနှင့်ပတ်သက်၍ မခန့်လေးစားပြောသည့် မည်သူမဆို ဤဆေးဝါးပညာရှင်များ၏ အမျက်ရှခြင်းခံရလေမည်။

တောင်ပိုင်းဒေသ၏ ကျန်ရှိသူများ မဟာအကြီးအကဲဆေးဒယ်အိုးအကြောင်း ဆွေးနွေးနေကြစဥ် ဇီယွင်ဂိုဏ်း၏ ဝါရင့်ဂိုဏ်းဝင်များကတော့ ပွင့်လင်းမြင်သာစွာ စူးစမ်းရှာဖွေလိုသည်။ သို့သော် အရှေ့ဆေးဝါးအဖွဲ့သည် အထူးနေရာတစ်ခုဖြစ်၏။ ဆေးလုံးမိစ္ဆာ၏ ထောက်ခံချက်မပါဘဲ ဘယ်သူမှ အချက်အလက်တစ်စုံတရာ ဖော်ထုတ်နိုင်မည်မဟုတ်ပေ။ အားလုံးအထဲ အထူးဆန်းဆုံးအရာမှာ ဆေးလုံးမိစ္ဆာက ဤကိစ္စတစ်ရပ်လုံး မည်သို့ဖြစ်နေစေကာမူ နည်းနည်းလေးမှ အာရုံမရှိသည့်ပုံပင်။ သူသည် ထိုအကြောင်း ပြောမည်လည်းမဟုတ်သလို၊ ခရမ်းရောင်ချီအဖွဲ့ကိုသော်လည်းကောင်း၊ အရှေ့ဆေးဝါးအဖွဲ့ကိုသော်လည်းကောင်း စုံစမ်းခွင့်ပေးမည်မဟုတ်ပေ။

အရှေ့ဆေးဝါးအဖွဲ့ရှိ သူ့လူများပင်လျှင် ထိုကိစ္စကို စုံစမ်းနိုင်ခြင်းမရှိ။ ကြည့်ရသရွေ့ ဆေးလုံးမိစ္ဆာသည် သဲလွန်စအကုန် ဖျောက်ဖျက်ထားပုံရသည်။

ကောလဟာလများ ပိုပို၍ ပျံနှံ့လာသည်နှင့်အမျှ မဟာအကြီးအကဲဆေးလုံးဒယ်အိုးအကြောင်း ပြောသူ တစတစများပြားလာပြီး မန်ဟို့မှာ သက်ပြင်းတဟင်းဟင်း ချနေရတော့သည်။

သူ့မှာ မဟာအကြီးအကဲဆေးဒယ်အိုးနာမည် ကြားလိုက်တိုင်း ဝိညာဥ်ကျောက်တုံး သိန်း ၂၀၀၀ ကို ပြေးသတိရသည်။ ထိုသို့ သတိရသည့်အခါတိုင်းလည်း ဆေးလုံးမိစ္ဆာ မည်သို့မပေးချေခဲ့ပုံကို တွေးမိသည်။

"ခင်ဗျား ကျုပ် အပေါ်  ဝိညာဥ်ကျောက်တုံး သိန်း ၂၀၀၀ အကြွေးတင်နေတယ်နော်...." မန်ဟိုမှာ နှစ်ပေါက်တစ်ပေါက်ရိုက်ခံရသလို ခံစားနေရသည်။ ပုံမှန်အားဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်ကို ထည့်တွက်လျှင် သူသည် ဝိညာဥ်ကျောက်တုံးအနည်းငယ်အား စိတ်ထဲထည့်နေမည်မဟုတ်ပေ။ သို့သော် ယခုကား သိန်း ၂၀၀၀ ဖြစ်နေချေသည်။

ထိုအကြောင်း သူတွေးလိုက်မိတိုင်း ဓားတစ်ချောင်းဖြင့် နှလုံးသားထဲ ထိုးသွင်းနေသကဲ့သို့ ခံစားရသည်။ မှီခိုရာဂိုဏ်းကို ဝင်ရောက်ခဲ့သည့် ဟိုးတစ်ချိန်တုန်းက အင်မိုတယ်များအတွက် အလုပ်လုပ်ခြင်းဖြင့် သူသည် ချမ်းသာကြွယ်ဝလာလိမ့်မည်ဟု ထင်ခဲ့သည်။ တစ်ချိန်လုံး သူ့မှာ ဤအဆင့်သို့ ရောက်ရှိသည့်တိုင်အောင် အလိုက်သင့် စီးမျောလာခဲ့သည်။ သို့သော် ထိုမပြောင်းလဲသော လိုအင်ဆန္ဒက သူ့အရိုးထဲထိ နက်နက်ရှိုင်းရှိင်း ကျန်ရှိနေသေးသည်။

သူ၏နည်းလမ်းများမှာ ယခုတွင် များစွာပို၍ သွေးအေးလာပြီး အခြားသူတော်တော်များများက သူ့ကို ရက်စက်ကောက်ကျစ်သည်ဟု မြင်ကြသည်။ သို့သော် သူ့နှလုံးသားထဲတွင် သူသည် အမြဲတမ်း စာပေသမားတစ်ယောက်သာ ဖြစ်နေသေးပြီး ချမ်းသာချင်သေးသည်။ ထိုဆန္ဒကို သူ မမေ့ပေ။

မှီခိုရာဂိုဏ်းကို ဝင်ရောက်ခဲ့ချိန်က ဆိုင်ရှင်ကျိုးအပေါ် တင်နေသည့် ငွေစသုံးစမပေးရတော့သည်ကို မန်ဟို မည်မျှပျော်ရွှင်ခဲ့သည်လဲ စဥ်းစားနိုင်လျှင်တော့ ဝိညာဥ်ကျောက်တုံး သိန်း ၂၀၀၀ သူ့အရှေ့ကျလာသော်လည်း သူ့အပိုင်မဟုတ်ကြောင်း သိလိုက်ရသဖြင့် မည်မျှခံစားနေရသည်ကို တွေးကြည့်နိုင်သည်။

သူက အသက်ပြင်းပြင်းရှူသွင်းပြီးနောက် ခါးသက်သက်ပြုံးရင်း ဆေးဆက်ဖော်လိုက်သည်။ အချိန်များ တဖြေးဖြေးကုန်ဆုံးလာသော်လည်း မဟာအကြီးအကဲ ဆေးဒယ်အိုးဆိုသော နာမည်မှာ တောင်ပိုင်းဒေသမှ ပျောက်ကွယ်သွားခြင်းမရှိသလို၊ ဇီယွင်ဂိုဏ်းတွင်လည်း ကျော်ကြားနေမြဲပင်။ အစပိုင်းလှိုင်းဂယက်များ ငြိမ်ကျသွားပြီးနောက် နာမည်သည် မကြာခဏ ပေါ်ပေါ်လာတတ်သည်။

တချို့က နာမည်၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့် ၄င်းနှင့်အတူ တွဲပါလာသည့် ကောလဟာလများဖြင့် ပတ်သက်လေသည်။ တကယ်တမ်းဆိုရလျှင် ဒယ်အိုးတစ်လုံးပုံစံ အမှတ်အသားနှင့် ဆေးလုံးများ တောင်ပိုင်းဒေသတစ်လွှားကျင်းပသည့် လေလံပွဲများ၌ စတင်ထွက်ပေါ်လာကြသည်။

သို့သော် အမြဲတမ်း ဆေးလုံးအတုများသာ ဖြစ်၏။ ထိုမျှသာမက

ဆေးလုံးအတုများသည် မဟာအကြီးအကဲဆေးဒယ်အိုး၏ ဂုဏ်သတင်းကို ပို၍သာ ကျော်ကြားသွားစေလေသည်။

မန်ဟို အများစုကို ပိုင်ယွင်လိုင်ထံမှ ပြန်ကြားခြင်းဖြစ်သည်။ ပိုင်ယွင်လိုင်သည် သူ့ကို မဟာအကြီးအကဲဆေးဒယ်အိုးနှင့်ပတ်သက်သည့် ကိစ္စများပြောတိုင်း သူ၏မျက်နှာပေါ်တွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်လာတတ်ပြီး သူ၏မျက်လုံးများ၌ ရိုသေလေးစားမှုများ ပြည့်နှက်နေတတ်သည်။ ဟုတ်ပါသည်၊ ဇီယွင်ဂိုဏ်းတစ်ဂိုဏ်းလုံးသာမက တောင်ပိုင်းဒေသတွင်ပါ ချီးကျူးအမွမ်းတင်ခံရသည့် ပုဂ္ဂိုလ်မှာ သူ့ရှေ့တည့်တည့်တွင် ရပ်နေသူဖြစ်ကြောင်း သူတစ်ယောက်သာ သိလေသည်။

နေ့နေ့ညည၊ အိပ်မက်မက်နေသည့်အချိန်ဖြစ်စေ၊ လမ်းလျှောက်နေသည့်အချိန်ဖြစ်စေ သူ့စိတ်ထဲတွင် သူ့လက်နှစ်ဖက်ဖြင့် ပျက်စီးခြင်းဆေးလုံးကိုကိုင်၍ လေလံအစည်းအရုံးသို့ သွားရောက်ပေးပို့ခဲ့သည့် ပုံရိပ်ပေါက်လာတတ်လေသည်။

ပြီးပြည့်စုံအဆင့်ဆေးလုံးတစ်လုံး နှင့် မဟာအကြီးအကဲဆေးဒယ်အိုး၏ သရုပ်မှန်ကို ဆုပ်ကိုင်ထားကြောင်း တွေးမိသောအခါ သူ့မှာ စိတ်ကူးကမ္ဘာထဲ ရောက်သွားသည့်အလား ခံစားလိုက်ရသည်။

မဟာအကြီးအကဲ ဆေးဒယ်အိုးဆိုသော နာမည်ကြောင့် စိတ်နှလုံး လှုပ်ရှားသွားရသည့် ဇီယွင်ဂိုဏ်းရှိ အခြားတစ်ယောက်မှာ ချူယွီယန်ဖြစ်သည်။ သူမ ကြားကြားသမျှ အားလုံးမှာ မဟာအကြီးအကဲဆေးဒယ်အိုးအကြောင်းသာ။ သူ၏ သရုပ်မှန်ကို သူမစုံစမ်းပါသော်လည်း မည်သည့်အရာနေရာတွင်မှ ရှာမတွေ့ပေ။ ထိုမျှသာမက လူတချို့မှာ သူမသည် မဟာအကြီးအကဲဆေးဒယ်အိုးဖြစ်နိုင်ကြောင်း ထင်ကြေး စမ်းတဝါးဝါး ပေးနေကြသေး၏။

၄င်းနှင့်ပတ်သက်၍ သူမမှာ ခါးသက်သက်သာ ရယ်နိုင်သည်။ သူ မည်သူဖြစ်ကြောင်း သူမ အမှန်တကယ် သိချင်၍ စုံစမ်းရှာဖွေသောအခါ သူမနှလုံးသားထဲ၌ လေးစားမှုတို့ ပြည့်နှက်လာသည်။

မဟာအကြီးအကဲဆေးဒယ်အိုး မည်သူဖြစ်စေ အရေးမကြီးပေ။ ဆေးဝါးပညာရှင်တစ်ယောက်အနေနှင့် ပြီးပြည့်စုံအဆင့်ဆေးလုံးတစ်လုံး ဖော်စပ်ရန် လိုအပ်သည့် ဆေးဝါးတာအိုအသိကို သူမ သိသည်။ ၄င်းက ဆေးဝါပညာရှင်အားလုံး၏ လေးစားခံရခြင်းနှင့် ထိုက်တန်သည်။ ချူယွီယန်အတွက်မူ သူမ၏လေးစားခြင်းတို့ ဆတိုးလာသဖြင့် ပဟေဌိဆန်သော မဟာအကြီးအကဲဆေးဒယ်အိုးကို တွေ့ပြီး သူနှင့် ဆေးဝါးပညာအသိအမြင်တို့ကို ဆွေးနွေးရန် မစောင့်နိုင်တော့ပေ။

ဆေးဝါးပညာရှင်များအတွက် ဆေးဝါးပညာအသိမှာ ဆေးဖော်စပ်နည်းများ မရှိဘဲနှင့် ဆေးဝါးပညာ နားလည်မှုအပေါ်သာ အခြေခံနိုင်သည့် လျှို့ဝှက်ဆန်းကြယ်သော အဆင့်ဖြစ်သည်။ ပါဝင်ပစ္စည်းများ သုံးရုံသက်သက်ဖြင့် ဆေးလုံးအသစ် ဖန်တီးနိုင်မည်ဖြစ်သည်။ ယင်းက ချူယွီယန် မဟာအကြီးအကဲဆေးဒယ်အိုးကို အလွန်လေးစားရသည့် အကြောင်းရင်းဖြစ်သည်။

မဟာအကြီးအကဲဆေးဒယ်အိုး၏ ဂုဏ်သတင်းကြီးမားလာသည်နှင့်အမျှ သူမ၏လေးစားမှုမှာ အားကောင်းသထက်သာ အားကောင်းလာသည်။ သူမသည် ပျက်စီးခြင်းဆေးလုံးကို လေ့လာရန်အတွက် ခဏငှားပေးဖို့ သူမဆရာကိုပင် အကြိမ်ကြိမ် တောင်းပန်ခဲ့သည်။ သူ့ဆရာနောက်ဆုံး ခွင့်ပြုသောအခါ သူမသည် စိတ်ရောကိုယ်ပါနှစ်၍ စူးစမ်းလေ့လာတော့သည်။

အထဲရှိ ရူးသွပ်နေသော မကောင်းဆိုးဝါးစိတ်ဆန္ဒကို သူမ ခံစားရသည်။ ဝိညာဥ်လောင်ကျွမ်းခြင်းထက်ပိုသည့် ထိန်းမနိုင်သိမ်းမရလောက်အောင် လောင်ကျွမ်းနေခြင်းကို သူမ အာရုံရသည်။ ကောင်းကင်နှင့်မြေကြီးထက်သာလွန်နေသည့် မာန၊ နက်နဲသော ထက်မြက်မှုကို သူမ အာရုံရသည်။

တဖြေးဖြေးနှင့် မဟာအကြီးအကဲဆေးဒယ်အိုး၏ ပုံရိပ်သည် သူမနှလုံးသားထဲတွင် ဖြစ်တည်လာ၏။ သူ၏မျက်နှာသည် ရှေးဆန်ပြီး သူ၏မျက်လုံးများက ဉာဏ်အမြောအမြင်ဖြင့် တောက်ပနေသည်။ သူသည် သြဇာရှိသောဟန်ပန်ဖြင့် ပိန်ပိန်သွယ်သွယ်ဖြစ်၏။ ဤအရာအားလုံးမှာ ဆေးလုံးအတွင်းမှ သူမရရှိသော ခံစားချက်အပေါ် အခြေခံလေသည်။

သို့သော် သူမမည်သို့ ရှာဖွေစေကာမူ ၊ မည်သည့်နည်းလမ်းသုံးစေကာမူ၊ ထိုကဲ့သို့ ပုံပန်းသွင်ပြင်နှင့် ဘယ်သူ့ကိုမှ ဂိုဏ်းအတွင်း ရှာမတွေ့ပေ။ ဤအခြင်းအရာက သူမ၏ လေးစားမှုကို လျော့ကျမသွားစေဘဲ ပို၍သာ နက်ရှိုင်းသွားစေသည်။

တစ်ခါက မန်ဟိုတစ်ယောက် ချူယွီယန် လမ်းလျှောက်လာသည်နှင့် မတော်တဆ ပက်ပင်းတိုးသည်။ သူ့မှာ သူမကိုရှောင်ရန်ပြင်လိုက်သော်လည်း သူမက သူ့ကို သတိပင်မထားမိကြောင်း သိလိုက်၏။ ထိုအစား သူမသည် ပညာသင်ဖက်ညီအစ်မများဖြင့် မဟာအကြီးအကဲဆေးဒယ်အိုးအကြောင်း စိတ်ဝင်တစား ပြောနေလေသည်။ သူမက သူ့ကို ကျော်၍ ဖြတ်လျှောက်သွားသည်။

သူမ၏မျက်နှာထားလေးမှာ စိတ်ပိုင်းဖြတ်ထားသည့်ပုံစံ ဖြစ်ပြီး သူမ၏မျက်ဝန်းလေးများက ထူးဆန်းသောအလင်းရောင်တစ်ခုဖြင့် ရွှန်းလဲ့နေသည်။ သူမက မဟာအကြီးအကဲဆေးဒယ်အိုး၏ နာမည် တစ်ခါပြောလိုက်တိုင်း သူမ၏မျက်ဝန်းလေးများ လင်းလက်သွားသည်။

မန်ဟိုမှာတော့ တအြံတသြ စိုက်ကြည့်နေမိသည်။ ဖန်မုက မဟာအကြီးအကဲဆေးဒယ်အိုးဖြစ်ကြောင်း သိရှိသွားလျှင် ချူယွီယန်၏မျက်နှာ မည်သို့ရှိမည်ကို ရုတ်တရက် သူသိချင်သွား၏။ ဖန်မုမှာ တကယ်တမ်း မန်ဟိုဟုသာ သိသွားလျှင် သူမ၏မျက်နှာ ဘာနှင့်တူလိမ့်မည်ကိုလည်း သူသိချင်သေးသည်.......

နောက်ထပ်လဝက်ကုန်ဆုံးသွား၏။ ယနေ့တွင် မန်ဟို ဆေးလုံးတစ်သုတ်ကို ယခုတင် ဖော်စပ်ပြီးသွား၏။ ထိုစဥ် ကျင့်ကြံခြင်းဂူအပြင်ဘက်၌ စကားသံဆူဆူညံညံကြားလိုက်ရသဖြင့် သူ၏မျက်နှာ ရိပ်ခနဲဖြစ်သွားသည်။

အရှေ့ဆေးဝါးအဖွဲ့သည် များသောအားဖြင့် အလွန်ဆိတ်ငြိမ်အေးချမ်းသော နေရာတစ်နေရာဖြစ်၏။ ဤသို့ ဆူဆူညံညံ ဖြစ်သည်က ရှားသည်။ မန်ဟိုက အံ့အားသင့်သွားရင်း ထရပ်ကာ ကျင့်ကြံခြင်းဂူတံခါးထံ လျှောက်သွားလိုက်သည်။ အောက်ဖက်တွင် ဆေးဝါးအတတ်သင်များအားလုံး အရပ်မျက်နှာတစ်ခုတည်းသို့ ကရောသောပါးပြေးနေကြသည်။

" ကျင်းဟန်ဂိုဏ်းက မဟာအကြီးအကဲထာဝရတောင် ဒီရောက်နေတယ်။ သူက မဟာအကြီးအကဲဆေးလုံးမိစ္ဆာလို နာမည်ကျော်ကြားတဲ့ တောင်ပိုင်းဒေသရဲ့ မဟာအကြီးအကဲသုံးယောက်ထဲက တစ်ယောက်ပဲ"

"သူ ဒီကို စိန်ခေါ်ဖို့ လာတာလို့တော့ မပြောနဲ့နော်"

"မဟာအကြီးအကဲ ထာဝရတောင်က ကျုပ်တို့လိုဖြစ်ခဲ့ဖူးတယ်။ သူက အဆင့်တက်တာနှေးတဲ့ ဆေးဝါးအတတ်သင်တစ်ယောက်။ ဒါပေမယ့် နောက်ဆုံးမှာ သူ ဂိုဏ်းကို စွန့်ပစ်ခဲ့တယ်။ သူ့အတွက် ကံကောင်းတာက မဟာအကြီးအကဲဆေးလုံးမိစ္ဆာက သူ့ရဲ့မဆုတ်မနစ်ကြိုးစားမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ သူ့ရဲ့ ဆေးဝါးတာအိုကို မဖျက်စီးခဲ့ဘူး။ ဖျက်စီးခဲ့လို့ကတော့ ဒီလိုနေ့မျိုး ဘယ်တော့မှ ရောက်လာမှာမဟုတ်ဘူး"

"ဒီနေ့ မဟာအကြီးအကဲ ထာဝရတောင် ဇီယွင်ဂိုဏ်းကို ဘာလို့လာတာလဲ သိချင်မိတယ်......"

မန်ဟို ကျင့်ကြံခြင်းဂူအပြင်တွင် ရပ်နေစဥ် မျက်လုံးများ တောက်ပဝင်းလက်သွားသည်။ ဆေးဝါးအတတ်သင်ပေါင်းများစွာနှင့် ဆေးဝါးကျွမ်းကျင်ပညာရှင်များပင်လျှင် သူတို့၏နေအိမ်များမှ ထွက်လာနေကြသည်။ သူတို့အားလုံးက လားရာတစ်ခုတည်းကိုသာ သုတ်တီးသုတ်ပျာသွားနေကြသည်။

***

All Chapters