← Chapters

မဟာအကြီးအကဲ ဆေးဒယ်အိုးနှင့် ဆုံတွေ့ခြင်း

Vol. 17 Ch. 237

မဟာအကြီးအကဲ ဆေးဒယ်အိုးနှင့် ဆုံတွေ့ခြင်း

Vol. 17 Ch. 237

ဇီယွင်ဂိုဏ်း၏ ခရမ်းရောင်ချီအဖွဲ့နှင့် အရှေ့ဆေးဝါးအဖွဲ့ နှစ်ဖွဲ့လုံး အံ့သြတုန်လှုပ်သွားကြသည်။ ဂိုဏ်းကို စွန့်ခွာပြီး ကျင်းဟန်ဂိုဏ်းတွင် ဆေးဝါးတာအို၏ မဟာအကြီးအကဲဖြစ်လာခဲ့သည့် ဂိုဏ်းသား၊ ထာဝရတောင်ကား ပြန်ရောက်လာခဲ့လေပြီ။ နှစ်လေးရာအတွင်း ပထမဆုံးအကြိမ်.... သူသည် ဇီယွင်ဂိုဏ်းသို့ ခြေချလိုက်၏။

သူနှင့်အတူ ကျင်းဟန်ဂိုဏ်း၏ မှော်အစောင့်အရှောက်နှစ်ယောက်ထဲက တန်ရှီကံ လိုက်ပါလာသည်။ နောက်တစ်ယောက်က အနုသုခုမရုပ်ခန္ဓာအဆင့်အကြီးအကဲတစ်ဦးဖြစ်သည်။ ဤလူနှစ်ယောက်သည် နှစ်ခုနစ်ရာကျော် ကျင့်ကြံခြင်းကို အားထုတ်ခဲ့ကြ၏။ အနုသုခုမရုပ်ခန္ဓာအဆင့်သာ ဖြစ်သည့်တိုင် သူတို့သည် မှော်ပညာကျွမ်းကျင်ပြီး ရန်သူတစ်သောင်းအား အတူတကွချေမှုန်းနိုင်သည်။

ထို့အပြင် ဖက်တီးအပါအဝင် ကျင်းဟန်ဂိုဏ်းသားတစ်ဖွဲ့လည်း သူတို့နောက်မှ လိုက်ပါလာသည်။ ဖက်တီးက ဂိုဏ်းသားများ၏ အရှေ့ ၊ တန်ရှီကံ ဘေးတွင် ရပ်ရင်း သူ့ကိုယ်သူ အလွန်ကျေနပ်ပုံရသည်။

ကျင်းဟန်ဂိုဏ်းသားများ၊ အထူးသဖြင့် မဟာအကြီးအကဲ ထာဝရတောင်၏ တည်ရှိမှုက ခရမ်းရောင်ချီအဖွဲ့၏ တာအိုအစောင့်အရှောက် ဝူတင်းချိုးနှင့်တကွ အနုသုခုမရုပ်ခန္ဓာအဆင့် အကြီးအကဲအမြောက်အမြားကို သတိရှိသွားစေသည်။ ခရမ်းရောင်ချီအဖွဲ့နှင့် အရှေ့ဆေးအဖွဲ့ကြား နယ်စပ်တွင် တည်ရှိသော တောင်တစ်လုံး၏ထိပ်၌ အခမ်းအနားများကျင်းပရာ ပြည်သူ့ရင်ပြင်ကျယ်ကြီးတစ်ခုရှိသည်။

အရှေ့ဆေးဝါးအဖွဲ့မှ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်နှစ်ယောက်လည်း ရောက်ရှိနေသည်။ တစ်ယောက်က အန်းဇဲ့ဟိုင်ပင်။ အခြားတစ်ယောက်မှာ ရာထူးအဆင့်အတန်းအရသာမက အသက်အရွယ်အရပါ အန်းဇဲ့ဟိုင်ထက် မြင့်မားကြောင်း သိသာသည်။ သူ၏ ဆေးဝါးတာအိုအသိမှာ ထိပ်ဆုံးအဆင့်တွင် ဖြစ်၍ မဟာအကြီးအကဲ တစ်ပိုင်းအဖြစ် သတ်မှတ်နိုင်သည်။ ဤသည်မှာ လင်ဟိုက်လုံဖြစ်သည်။

ယခုလောလောဆယ်တွင် ခရမ်းရောင်ချီအဖွဲ့၏ အပြင်စည်းဂိုဏ်းသားများ၊ အရှေ့ဆေးဝါးအဖွဲ့၏ ဆေးဝါးအတတ်သင်များ တောင်ခြေ၌  စုဝေးနေကြသည်။ သူတို့သည် သူတို့၏ချီများကို ငြိမ်သက်စေပြီး စိတ်များတည်ငြိမ်စေကာ တောင်ထိပ်ရှိ ရင်ပြင်သို့ မော့ကြည့်လိုက်သည်။ သူတို့၏ရင်ထဲတွင် မဟာအကြီးအကဲထာဝရတောင် လာရခြင်း၏ အကြောင်းရင်းအပေါ် ခန့်မှန်းချက်များဖြင့် ပြည့်နှက်နေသည်။

အတွင်းစည်းဂိုဏ်းသားတချို့နှင့် ဆေးဝါးကျွမ်းကျင်ပညာရှင်များ တောင်ထိပ်သို့ တက်သွားကြသည်။ သို့သော် အတော်များများမှာ ထိုသို့ပြုလုပ်ရန် အရည်အချင်း မပြည့်မှီပေ။ တောင်တစ်တောင်လုံးအား တင်းတင်းကြပ်ကြပ် အဝင်အထွက်ပိတ်ထားသည့်အတွက် အနားကပ်ရန်ကြိုးစားသူ အတော်များများ ပြန်လှည့်လာကြရသည်။

မန်ဟိုလည်း ကျန်လူအုပ်ကြီးနှင့်အတူ တောင်ခြေသို့ ရောက်ရှိလာသည်။ သူက ခပ်လှမ်းလှမ်းတွင် ရပ်ပြီး စောင့်ကြည့်နေသည်။ သူသည် ဇီယွင်ဂိုဏ်းတွင် နေထိုင်ခဲ့သည့်နှစ်များအတွင်း မဟာအကြီးအကဲ ထာဝရတောင်နှင့်ပတ်သက်၍တော့ အတော်များများ ကြားခဲ့ဖူးသည်။

သူက ရုတ်ရုတ်သဲသဲ ဖြစ်နေသော မြင်ကွင်းကို လှမ်းကြည့်လိုက်စဥ် လေကိုခွင်း၍ လာနေသော ရောင်စုံအလင်းတန်းပေါင်းများစွာကို ရုတ်တရက် မြင်လိုက်ရသည်။ သူ၏မျက်လုံးများ တဖျပ်ဖျပ်တောက်ပလာ၏။ အလင်းတန်းများက တောင်ထိပ်ရှိ ပြည်သူ့ရင်ပြင်ထံ တန်းတန်းမတ်မတ် ဦးတည်သွားသည်။ အတွင်းထဲတွင်ကား အရှေ့ဆေးဝါးအဖွဲ့၏ ဆေးပေါင်းဖိုဘုရင်များဖြစ်သည်။

သူတို့ထဲက တစ်ယောက်မှာ ချူယွီယန်ပင်။

မန်ဟိုက တခဏ စဥ်းစားပြီးနောက် ရိပ်ခနဲ ရှေ့ထွက်သွားသည်။ သူသည် တောင်နှင့် နီးကပ်လာစဥ် လီတောက်ကို လှမ်းမြင်လိုက်၏။ သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားပြီး အတူတူ တောင်ထိပ်သို့ ဆက်တက်သွားကြသည်။

သူတို့လမ်းကို ပိတ်ရန် ကြိုးစားသည့် လူတချို့ရှိသော်လည်း လီတောက်က သက်သေခံကျောက်စိမ်းပြားကို ပြလိုက်သည်နှင့် တလေးတစား လမ်းဖယ်ပေးကြ၏။ ဆေးလေလံပွဲ၌ ချီအခြေတည်နေ့ဆေးလုံးကို လေလံတင်ရောင်းချပြီးနောက် လီတောက်၏နာမည်သည်လည်း ထင်ရှားကျော်ကြားလာခဲ့သည်။ မဟာအကြီးအကဲဆေးဒယ်အိုးသာ ပေါ်မလာခဲ့လျှင် သူ့နာမည်မှာ ပို၍ပင် လူသိများလာမည်ဖြစ်သည်။

လီတောက်က မန်ဟို့ကို အဓိပ္ပါယ်ပါပါ တစ်ချက် ကြည့်ပြီးနောက် အသံနှိမ့်ကာ ပြောသည်။ "မဟာအကြီးအကဲ ထာဝရတောင်က ဆရာနဲ့ ဂိုဏ်းကို စွန့်ပစ်ခဲ့တယ်။ သူ ဂိုဏ်းကိုခြေမချခဲ့တာ နှစ်လေးရာရှိပြီ ဆိုပဲ။ ငါတော့ သူ ဘာလို့ ပြန်လာတာလဲ သိချင်မိတယ်......ညီလေးဖန်ရေ ၊ မဟာအကြီးအကဲဆေးဒယ်အိုးနဲ့ ပတ်သက်နေမယ်လို့ မင်းထင်လား"

မန်ဟိုက ခပ်ယဲ့ယဲ့ပြုံးပြီး ဘာမှမပြောဘဲ ခေါင်းသာခါလိုက်သည်။ မကြာမီ သူတို့တောင်ထိပ်ကို ရောက်လာကြပြီး ဘေးတွင် ရပ်လိုက်သည်။ မန်ဟိုက ဖက်တီးကို လှမ်းကြည့်ပြီးနောက် ချူယွီယန်ကို ကြည့်သည်။

ချူယွီယန်အပါအဝင် ဆေးပေါင်းဖိုဘုရင်အားလုံးသည် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်များအနောက်၌ ကျင်းဟန်ဂိုဏ်းမှ ကျင့်ကြံသူများကို ကြည့်ရင်း လေးလေးစားစား ရပ်နေကြသည်။

ချူယွီယန်က ကျင်းဟန်ဂိုဏ်းကျင့်ကြံသူများကို ကြည့်ပြီး သမ်းလိုက်သည်။ ထို့နောက် သူမအကြည့်သည် ဖက်တီးးအပေါ်ကျရောက်သွားပြီး သူ့မပုံစံမှာ သူ့ကို အမဲဖျက်လိုသည့်အလား ပြောင်းသွားသည်။ အေးစက်စက်အလင်းရောင်တစ်ခု သူမ မျက်ဝန်းလေးများထဲတွင် ဖြတ်ပြေးသွား၏။ ဤဖက်တီးလီဖူကွေ့မှာ သူမနှင့်မန်ဟို၏ မတော်မရော်သတင်း အရင်းမြစ်ဖြစ်သည်မဟုတ်လော။

ကျင်းဟန်ဂိုဏ်း ဤတွေ့ဆုံပွဲသို့ ခေါ်လာသည့် ကျင့်ကြံသူများမှာ နည်းနည်းနောနော မဟုတ်ပေ။ သို့သော်လည်း စားပွဲတွင် ထိုင်ခွင့်ရှိသူမှာ ဆယ်ယောက်ထက်နည်း၏။ ဖက်တီးကဲ့သို့ အတွင်းစည်းဂိုဏ်းသားများမှာ သူတို့အနောက်တွင်သာ ရပ်နေနိုင်ကြလေသည်။

အရှေ့အကျဆုံးတွင် လူနှစ်ယောက် ထိုင်နေသည်။ တစ်ယောက်က မှော်စောင့်ရှောက်သူ တန်ရှီကံဖြစ်သည်။ သူသည် သက်လတ်ပိုင်းအရွယ်ဖြစ်ပုံရသော်လည်း သူ၏ကျင့်ကြံခြင်းအခြေခံမှာ အနုသုခုမရုပ်ခန္ဓာအဆင့်ဖြစ်ရာ တောင်ပိုင်းဒေသတွင် သူ့ကို အထင်သေးဝံ့မည့် လူအနည်းစုသာ ရှိသည်။ သူသာ နည်းနည်းလေး တိုးတက်အောင် လုပ်လိုက်ပါက အနုသုခုမရုပ်ခန္ဓာ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားလိမ့်မည်။ မျက်မှောက်ခတ်တွင် တောင်ပိုင်းဒေသ၏ ကျင့်ကြံခြင်းကမ္ဘာ၌ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူများ မရှိသလောက်ရှားနေသဖြင့် ဤသည်က သူ့ကို အထွတ်အထိပ်သို့ ရောက်ရှိသွားစေလေမည်။

ယခုလောလောဆယ်တွင် သူသည် ဝူတင်းချိုးနှင့် ရယ်ရယ်မောမော စကားစမြည်ပြောနေလျက်ရှိ၏။

သူ့ဘေးတွင် ထိုင်နေသည်က ဆံဖြူအဘိုးကြီးတစ်ယောက်။ သူက မျက်လုံးများပိတ်လျက် တစ်ချိန်လုံး မလှုပ်မယှက်ထိုင်နေသည်။ သူကြည့်ရသည်မှာ ကောင်းကင်နှင့်မြေကြီးတွင် မသက်ဆိုင်သည့်အလား ကွဲထွက်နေ၏။ အမှန်တကယ်ဆိုရလျှင် သူ့ကို အချိန်အတော်ကြာ ကြည့်မိသူများအဖို့ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ကြောက်မက်ဖွယ် ဆေးပေါင်းဖိုကြီးတစ်လုံးဖြစ်သည့်အလား မျက်လုံးများ ပူစပ်လာသည်ကို ခံစားရမည် ဖြစ်သည်။

ပို၍တုန်လှုပ်ဖွယ်ကောင်းသည်က သူ မျက်လုံးမှိတ်၍ မလှုပ်မယှက် ထိုင်နေစဥ် သူ့ပတ်ပတ်လည်ရှိ ထုံးကျောက်များအတွင်းမှ အစိမ်းရောင်မြက်များ စတင်ထွက်ပေါ်လာသည်။ ဤအဘိုးကြီး၏ချီက သက်ရှိအရာများကို အလိုအလျောက် ကြီးထွားစေနိုင်စွမ်း ရှိပုံရသည်။

ဤလူမှာ တောင်ပိုင်းဒေသ ဆေးဝါးတာအိုပညာရပ်၏ မဟာအကြီးအကဲသုံးယောက်ထဲက တစ်ယောက်၊ ထာဝရတောင်မှတစ်ပါး အခြားသူမဟုတ်ပေ။

သူနှင့်ယှဥ်လျှင် ကျန်ကျင်းဟန်ဂိုဏ်း ကျင့်ကြံသူများမှာ ဇာတ်ပို့နေရာထက် မပိုပေ။ အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူများပင်လျှင် သူ၏တည်ရှိမှုကြောင့် သိသိသာသာ မှေးမှိန်သွားကြသည်။

မန်ဟိုနှင့် လီတောက်သည် ရင်ပြင်ကို ဝန်းရံထားကြသည့် ဂိုဏ်းသားများနှင့်အတူ ဘေးတွင် ရပ်နေ၏။ မန်ဟိုက ထာဝရတောင်နှင့် သူ့ပတ်ပတ်လည်တွင် တဖြေးဖြေး ကြီးထွားလာနေသော မြက်များကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများ ကျဥ်းမြောင်းသွား၏။

"ဒါ ဆေးဝါးတာအိုရဲ့ ဘယ်အဆင့်များလဲ" သူတွေးလိုက်သည်။ "သူက ထုံးကျောက်ကနေ ဆေးပင်တွေကို ကြီးထွားလာစေတယ်။ ဒါက ဘာမှမရှိတာကနေ အသက်ရှိအောင် လုပ်တာပဲ....."

ထို့နောက် အန်းဇဲ့ဟိုင်ကို သူ မြင်လိုက်ပြီး ဝိညာဥ်ကျောက်တုံး သိန်း၂၀၀ ကို ရုတ်တရက် ပြန်သတိရလိုက်သဖြင့် ထောင်းခနဲ ဒေါသထွက်သွားသည်။

ဇီယွင်ဂိုဏ်းဘက်ခြမ်းတွင် အန်းဇဲ့ဟိုင်နှင့် ဝူတင်းချိုးသည် ပြုံးရင်း တန်ရှီကံနှင့် အခြားမှော်ပညာရှင်သုံးယောက်ဖြင့် ဖော်ဖော်ရွေရွေ စကားစမြည်ပြောဆိုနေသည်။

ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်များအနက် ဝါအရင့်ဆုံး လင်ဟိုက်လုံမှာ ထာဝရတောင်ကို ခံစားချက်မဲ့သော မျက်နှာထားဖြင့် အေးတိအေးစက် စိုက်ကြည့်နေသည်။

ရင်ပြင်မှာ မီးနှင့်ရေခဲ နှစ်မျိုးလုံး ပြည့်နှက်နေသည့်အလားပင်။ အခြားတစ်ဖက်၌ အတိုင်အဖောက်ညီနေသော စကားသံများကို ကြားရပြီး အခြားတစ်ဖက်၌ ဆီးနှင်းများအပြည့်ဖြင့် ရေခဲမုန်တိုင်း တိုက်ခတ်နေသည်လား ထင်ရသည်။

"ဟားဟားဟား" တန်ရှီကံက ဝူတင်းချိုးကို ကြည့်ရင်း ရယ်သည်။ "တာအိုရောင်ရင်း ဝူ၊ ကျေးဇူးပြုပြီး မမေးပါနဲ့တော့။ ကျုပ်က မဟာအကြီးအကဲ ထာဝရတောင်ကို အဖော်ပြုပေးဖို့ ဝတ္တရားအရ ဒီကို ရောက်လာတာပါ။ ကျုပ်တို့ လာရောက်ရတဲ့ အသေးစိတ်အကြောင်းရင်းကတော့ ကျုပ် တကယ်မပြောပြနိုင်တာ စိုးရွံ့မိပါတယ်"

ဤအခိုက်အတန့်တွင် မဟာအကြီးအကဲ ထာဝရတောင်က ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူ ထိုသို့ပြုလိုက်သောအခါ ၄င်းတို့သည် လင်ဟိုက်လုံ၏ အေးစက်စက်အကြည့်ထံ တန်းတန်းမတ်မတ် ကျရောက်သွား၏။

သူသည် ခဏတိတ်ဆိတ်နေပြီးနောက် ပြောသည်။ "မတွေ့ရတာကြာပြီ အစ်ကိုကြီးလင်" သူ့အသံသည် ထူးဆန်းသောစွမ်းအားတစ်ရပ်ဖြင့် ပြည့်နှက်နေလျက် ရှေးဆန်သည်။ သူ၏စကားလုံးများ ဟိန်းထွက်နေစဥ် သူ့ပတ်ပတ်လည်ရှိ အစိမ်းရောင်မြက်များ တဖျပ်ဖျပ်လှုပ်သွား၏။ ချက်ချင်းပင် ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ တန်ရှီကံ၊ ဝူတင်းချိုး၊ အန်းဇဲ့ဟိုင် မည်သူစကားပြောနေစေကာမူ သူတို့အားလုံး ချက်ချင်း ပါးစပ်ပိတ်လိုက်ကြသည်။ မျက်လုံးအလုံးစုံ မဟာအကြီးအကဲထာဝရတောင် အပေါ် ကျရောက်သွား၏။

"မင်း ငါ့ကို 'အစ်ကိုကြီး' ဆိုတဲ့ စကားလုံးနဲ့ ဖားလိုက်တာပဲ" လင်ဟိုက်လုံက တည်ငြိမ်စွာ ပြောသည်။ "ကိုယ့်ကိုယ်ကို လေးစားသမှုရှိပါဦး မဟာအကြီးအကဲထာဝရတောင်"

ထာဝရတောင် အတော်ကြာကြာ နှုတ်ဆိတ်သွားပြီးနောက် ပြောသည်။ "ကျုပ် လာရောက်ရတဲ့အကြောင်းရင်းက မဟာအကြီးအကဲဆေးလုံးမိစ္ဆာကို ဂါဝရပြုဖို့ပါ။ တာအိုရောင်ရင်းလင် ၊ ကျေးဇူးပြုပြီး ကျုပ်အတွက် မိတ်ဆက်ပေးနိုင်မလား"

"ဆရာ လတ်တလော အလုပ်များနေတယ်" လင်ဟိုက်လုံက အေးစက်စက်ပြောသည်။ "ကျေးဇူးပြုပြီး ထွက်သွားပါ" လင်ဟိုက်လုံ၏ဆရာဖြစ်သူမှာ ထာဝရတောင်၏ အတိတ်က လုပ်ရပ်များကို စိတ်ဆိုးခြင်းမရှိသော်လည်း လင်ဟိုက်လုံအနေဖြင့် သူကိုယ်တိုင် သူ့ကို ဂိုဏ်းထဲ ဝင်ရောက်ရန် ထောက်ခံပေးခဲ့မိသည်ကို ဘယ်တော့မှ မေ့ရမည် မဟုတ်ပေ။ သူ၏ဆေးဝါးတာအိုပါရမီကြောင့် နောက်ဆုံးတွင် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ဖြစ်ကာ ဆရာနှင့်ဂိုဏ်းကို စွန့်ပစ်သွားလိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့ပေ။ ယနေ့အထိ သူ့နှလုံးသားထဲရှိ ခံစားချက်များ ပပျောက်သွားစေခြင်းငှာ  ဘယ်တော့မှ မတတ်နိုင်ခဲ့ချေ။

ထာဝရတောင် အချိန်အကြာကြီး တိတ်ဆိတ်သွားပြန်သည်။ အသက်ဆယ်ရှိုက်စာခန့် ကြာပြီးနောက် သူ့မျက်လုံးများသည် ဆေးပေါင်းဖိုတစ်လုံးမှ ထုတ်လွှတ်နေသကဲ့သို့ အလင်းရောင် တောက်ပလာသည်။

"မဟာအကြီးအကဲဆေးလုံးမိစ္ဆာမှာ အချိန်မရှိရင်တော့ တောင်ပိုင်းဒေသတစ်ခွင် ပြောနေကြတဲ့ အရှေ့ဆေးဝါးအဖွဲ့ရဲ့ မဟာအကြီးအကဲ ဆေးဒယ်အိုးနဲ့ တော်တော်လေး တွေ့ချင်မိပါတယ်"

ဤစကားက ချူယွီယန်၏ မျက်ဝန်းလေးများကို တောက်ပလင်းလက်သွားစေသည်။  တကယ်တော့ ပတ်ဝန်းကျင်ရှိ ဇီယွင်ဂိုဏ်းသားအားလုံး၏ မျက်လုံးများ စတင်တောက်ပလာခြင်းပင်။ မဟာအကြီးအကဲဆေးဒယ်အိုး၏ ထင်ရှားကျော်ကြားသော နာမည်က လတ်တလော လူတိုင်းပြောနေသည့်အရာ ဖြစ်သည် မဟုတ်ပါလော။

မန်ဟို့မျက်နှာကတော့ တည်ကြည်လျက်သာ။ သူသည် သူ၏နာမည် နောက်တစ်မျိုးနှင့် အချိန်အတော်ကြာကတည်းက နေသားကျခဲ့ပြီး ဖြစ်သည်။ ချူယွီယန်မျက်လုံးများထဲရှိ လေးစားကြည်ညိုသောအကြည့်က သူ့ကို ကောက်ကျစ်သော အကြံတချို့ ရုတ်တရက် စဥ်းစားမိလိုက်စေသည်။

"မင်းက မဟာအကြီးအကဲဆေးဒယ်အိုးကို တွေ့ချင်တယ်လား" လင်ဟိုက်လုံက ပြောသည်။ အေးစက်သော အပြုံးတစ်ခုသည် သူ၏နှုတ်ခမ်းထောင့်စွန်းနှစ်ဖက်အား ကွေးတက်သွားစေ၏။ "သူက ဂိုဏ်းထဲမှာပဲ။ သူ မင်းကို တွေ့ချင်ရင် ဒီတိုင်း ရှေ့ထွက်လာလိမ့်မယ်။ ဒါပေမယ့် ငါ့မှာ သူ့ကို အတင်းအကြပ်လုပ်ခိုင်းးဖို့ နည်းလမ်းမရှိဘူး"

"ဘာလို့ ဒီနည်းအတိုင်းဖြစ်ရမှာလဲ အစ်ကိုကြီးလင်" ထာဝရတောင်က ပြောသည်။ "အစ်ကိုကြီး ကျုပ်ကို လွန်ခဲ့တဲ့နှစ်တွေက ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တယ်။ အရှေ့ဆေးဝါးအဖွဲ့တစ်ဖွဲ့လုံးလဲ ထို့နည်းတူပဲ။ ရေသောက်တဲ့အခါမှာ မူလရင်းမြစ်ကို ခေါင်းထဲမှတ်ထားရမယ်တဲ့။ အစ်ကိုကြီးရဲ့ ကြင်နာမှုတွေကို ကျုပ် ဘယ်တော့မှ မမေ့ပါဘူး"

"ကြင်နာမှုတဲ့လား" လင်ဟိုက်လုံက ခပ်ပြတ်ပြတ် အော်သည်။ သူ၏မျက်လုံးများမှာ အေးစက်မှုဖြင့် တောက်ပလျက်ရှိသည်။ "ကြင်နာမှုဆိုတာသာရှိရင် မင်း ဘာကြောင့် ဂိုဏ်းကို စွန့်ပစ်ခဲ့တာလဲ။ မင်း သစ္စာဖောက်ပြီးတဲ့နောက် အရှေ့တောင်မှာ မင်းဖော်စပ်ခဲ့တဲ့ဆေးလုံးကို ဆရာ သုံးရက်တိုင်တိုင်ကြည့်နေခဲ့တာ မင်းသိလား"

ထာဝရတောင် ဘာမှမပြောပေ။ အချိန်အတော်ကြာပြီးနောက် သူ သက်ပြင်းချလိုက်သည်။ "ဆရာ့ဆေးဝါးတာအိုနဲ့ ကျုပ်ဆေးဝါးတာအိုက မတူညီတာကြောင့်ပါ။ ကျုပ် ဂိုဏ်းမှာနေရင် ကျုပ်ရဲ့ ကိုယ်ပိုင်ဆေးဝါးတာအိုကို ရမှာမဟုတ်ဘူး။ ဒါကြောင့် လျှောက်စရာလမ်းမရှိဘူးလေ။ နှစ်တွေအများကြီးကြာရင်တော့....... ကျုပ် နောက်ဆေးလုံးမိစ္ဆာဖြစ်လာလောက်မှာပေါ့။ ဒါပေမယ့်.... အဲ့တာ ကျုပ်မှ မဟုတ်တာ။ အစ်ကိုကြီးလျူရဲ့ဆုံးဖြတ်ချက်ကလဲ ကျုပ်နဲ့ ထပ်တူပဲ။ ကျုပ်တို့ ဆုံးဖြတ်ချက်က နှစ်သုံးရာကွာပေမယ့် ကျုပ်တို့နှစ်ယောက်လုံး ဂိုဏ်းကို စွန့်ခွာဖို့ ရွေးချယ်ခဲ့တယ်" သူက လင်ဟိုက်လုံကို ကြည့်သည်။ " အစ်ကိုကြီးလင်၊ ကျုပ် ဆရာ့ကို လေးစားတယ်။ ဂိုဏ်းကိုလေးစားတယ်။ ဒီနှစ်တွေကြာပြီးနောက်မှာ ကျုပ်မပြောင်းလဲခဲ့ပါဘူး။ ကျုပ်က ဆေးဝါးတာအိုကို လိုက်စားချင်တာ၊ ဆေးလုံးတွေ ဖော်စပ်ဖို့တင် မဟုတ်ဘူး။ ကျုပ်တာအိုက အစ်ကိုကြီးလျူနဲ့ သူ့ရဲ့အဆိပ်ဆေးလုံးတွေလို မဟုတ်ဘူး...... မှော်ဆေးလုံးတွေပဲ။ ကျုပ် ဖော်စပ်တဲ့ ဆေးလုံးတွေက သောက်သုံးဖို့အတွက် မဟုတ်ဘူး။ အဲ့အစား မှော်ပညာကို ဆေးဝါးတာအိုနဲ့ ပေါင်းစပ်စေတာ ဖြစ်တယ်"

သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင်ဆေးလုံးတစ်လုံး ပျံထွက်လာ၏။ ၄င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ကို အံမခန်းလိလိ ဖိအားတစ်ခုဖြင့် ပြည့်နှက်သွားစေသည်။ ဆေးရနံ့ တလှိုင်လှိုင် ထွက်လာသော်လည်း ထိုအနံထက် ပိုအားကောင်းသည်က မှော်ပစ္စည်းပင်။

ဆေးရနံ့မှာ မှော်ပစ္စည်း၏အလင်းရောင်ကဲ့သို့ ဖြစ်သည်။ ၄င်း၏အရောင်အဝါမှာ နေမင်းသဖွယ် မျက်စိကျိန်းမတတ် ထွန်းလင်းတောက်ပနေ၏။

မန်ဟို စိတ်နှလုံးတုန်ယင်သွားသည်။ ထာဝရတောင်၏ရှင်းပြချက်ကို ကြားသည်နှင့် ဆေးလုံးရတနာကို ကြည့်လိုက်ရာ သူ၏စိတ်အစဥ် ချာချာလည်သွားလေသည်။ ဤဆေးလုံးကို မြင်ရခြင်းက သူ့ခေါင်းထဲတွင် ဆေးဖော်စပ်ခြင်းလမ်းစဥ်နှင့် စပ်လျဥ်းသော တံခါးအသစ်တစ်ချပ်ကို ဖွင့်ပေးခဲ့လေပြီ။

မန်ဟိုမှာ ဉာဏ်အလင်းပွင့်သွားဟန်ဖြင့် တစ်ကိုယ်တည်းတီးတိုးရေရွတ်လိုက်သည်။ " မရေမတွက်နိုင်တဲ့ အပင်နဲ့အသီးအရွက် မျိုးကွဲတွေလိုပဲ ဆေးဝါးတာအိုပညာရပ်မှာ လမ်းကြောင်းသန်းပေါင်းများစွာ ရှိနေတာပဲ....."

"ဖျက်စီးလို့မရတာကြောင့်" ထာဝရတောင်က ပြောသည်။ "ဒီဆေးကို သောက်သုံးလို့မရဘူး။ ဒါက ကျုပ်ကိုယ်တိုင် ဖော်စပ်ခဲ့တဲ့ အလင်းရောင်ကနေ စိတ်ဝိညာဉ်စွမ်းအင်စုပ်ယူနိုင်တဲ့ ဆေးလုံးရတနာတစ်ခုပဲ။ ဆေးလုံးအတွင်းက အပင်နဲ့အသီးအရွက်ဓာတ်ပြုမှုတွေဟာ သူတို့ရဲ့ကိုယ်ပိုင် ကောင်းကင်နဲ့မြေကြီးဖြစ်လာတယ်။ ဒါကို ဆေးလုံးမဟုတ်ဘဲ ဘယ်တော့မှ ဖျက်စီးလို့မရတဲ့ မှော်ပစ္စည်းလို့လဲ ဆိုနိုင်တယ်။ အစ်ကိုကြီးလင်၊ ကျေးဇူးပြုပြီး ဒီပစ္စည်းကို စစ်ဆေးပေးနိုင်မလား" သူက အင်္ကျီလက်စခါ၍ ဆေးလုံးကို လင်ဟိုက်လုံထံ ပေးပို့လိုက်သည်။

လင်ဟိုက်လုံက ၄င်းကို ဖမ်းဆုပ်လိုက်၏။

***

All Chapters