စိတ်ပိုင်းဖြတ်ပြီးသွားပြီ
Vol. 17 Ch. 238
လင်ဟိုက်လုံက ဆေးလုံးကို ကြည့်သည်။ "မိစ္ဆာဒိဋ္ဌိ၊ မင်းက ဒီနေရာမှာ မင်းကိုယ်မင်း အရူးလုပ်ဖို့တောင် မထိုက်တန်ဘူး" သူက ဆေးလုံးကို ခြေပစ်ရန် သူ့လက်ချောင်းများဖြင့် မသိမသာဖိချလိုက်သော်လည်း မအောင်မြင်ပေ။ သူသည် အနုသုခုမရုပ်ခန္ဓာ အလယ်အလတ်အဆင့်တွင် ဖြစ်၍ မှော်ပညာမသုံးဘဲ မှော်ပစ္စည်းများကို ဖျက်စီးနိုင်သည့််အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။
"ဆေးဝါးတာအိုလမ်းစဥ်က ဆေးလုံးအသစ်တွေ ဖန်တီးတာအပေါ် အဓိကထားတယ်" သူက အေးတိအေးစက်ပြောသည်။ "အရှေ့ဆေးဝါးအဖွဲ့က ဘယ်သူမဆို မိစ္ဆာဒိဋ္ဌိပညာရပ်ကို ကျင့်ကြံနိုင်တယ်။ အေး ဒါပေမယ့် ဘယ်သူမှ အဲ့လို အရေးတယူလုပ်နေမှာ မဟုတ်ဘူး။ ဒါက ဆေးလုံးတစ်လုံးလို့ ခေါ်ဖို့တောင် မထိုက်တန်ဘူး" သူက ညာလက်ကို ဝှေ့ယမ်းကာ ထာဝရတောင်ထံသို့ ဆေးလုံးကို ပျံသွားစေလိုက်သည်။
" ဒီဆေးလုံးကို ရွှေကနေ ဖန်တီးထားတာလဲ မဟုတ်သလို၊ သံကနေ ပြုလုပ်ထားလဲ မဟုတ်ဘူး" ထာဝရတောင်က ဆေးလုံးကို ဖမ်းရင်း တည်ငြိမ်စွာပြောသည်။ " သလင်းကျောက်နဲ့ ပေါင်းစည်းထားတာလဲ မဟုတ်သလို ကျောက်တုံးနဲ့ တစ်သားတည်းဖြစ်နေတာလဲ မဟုတ်ဘူး။ ဒီဆေးလုံးကို မရေမတွက်နိုင်တဲ့ မျိုးကွဲတွေနဲ့အတူ ဆေးပင်အမျိုးအစား ၃၇၉၂၄ မျိုး ကနေ ဖော်စပ်ထားတာဖြစ်ပြီး ဘယ်ရှုထောင့်မှာမဆို ပြီးပြည့်စုံတယ်။ သူ့မှာ ဓာတ်ကြီးငါးပါးလုံးရဲ့ စွမ်းအား အပြည့်အဝ ပါဝင်ပြီး ကောင်းကင်နဲ့မြေကြီးမှာ ပြိုင်ဘက်ကင်းတယ်။ ဒါက ဆေးဝါးပညာရပ်ရဲ့ မဟာတာအိုကို ကိုယ်စားပြုတာကြောင့် တော်ရုံသန့်စင်ခြင်းတင် မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကောင်းကင်က လုံးဝန်းပြီး ကမ္ဘာမြေက လေးထောင့်ဆိုတာ ရှာဖွေတွေ့ရှိခဲ့တယ်။ ဒီအသိအမြင်က ကျုပ်ကို ကမ္ဘာ့ဆေးဝါးအဖွဲ့ကို တွေ့ရှိစေခဲ့ပြီး ကျုပ်ရဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ မဟာဆေးလုံးကို ဖော်စပ်ဖို့ စိတ်ဆန္ဒကို ပေါက်ဖွားလာစေတယ်။ ဒီဆေးလုံးမှာ ကောင်းကင်၊မြေကြီးနဲ့ ကမ္ဘာကိုယ်တိုင် ပါဝင်တယ်" သူက ဆေးလုံးကို ဖက်တီးထံ တောက်လိုက်သည်။
"လီဖူကွေ့က ဝိညာဥ်ကျောက်တုံးဝါးမြိုခြင်းကျင့်စဥ်ကို ကျင့်ကြံတဲ့ ကျင်းဟန်ဂိုဏ်းသားတစ်ယောက်ပဲ" သူက မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် လေးနက်သောအသံဖြင့် ပြောသည်။ "သူက သူ့သွားမှာ စုဆုံနေတဲ့ သဘာဝလွန်လူသား ခွန်အားနဲ့ မွေးဖွားလာတာ။ အစ်ကိုကြီးလင်၊ ခင်ဗျားက ဒီဆေးလုံးကို မိစ္ဆာဒိဋ္ဌိလို့ ဆိုတဲ့အပြင် အရှေ့ဆေးဝါးအဖွဲ့က ဘယ်သူမဆို ဖော်စပ်နိုင်တယ်လို့ သုံးသပ်တယ်။ ကောင်းပြီ။ ဒီကလေး သူ့သွားနဲ့မဝါးနိုင်တဲ့ ဆေးလုံးတစ်လုံး ဘယ်သူမဆို ဖော်စပ်နိုင်ရင် ကျုပ် ခင်ဗျားကို ဆေးလုံးဖော်စပ်နည်း ပေးမယ်။ ဒါပေမယ့် အရှေ့ဆေးဝါးအဖွဲ့က ဒါကို မလုပ်နိုင်ရင်တော့ ကျေးဇူးပြုပြီး ဆရာ့ကို ကိုယ်တိုင် ထွက်လာပြီး ကျုပ်ဆေးလုံးကို အကဲဖြတ်ပေးဖို့ တောင်းဆိုပေးပါ"
သူ၏အသံ တိတ်ဆိတ်မှုကို ဖြိုခွဲ၍ ပဲ့တင်ထပ်နေချိန်မှာပင် လင်ဟိုက်လုံက အေးစက်စက် နှာမှုတ်လိုက်သည်။ "အရှေ့ဆေးဝါးအဖွဲ့က မင့် ဆေးလုံးဖော်စပ်နည်းကို မလိုချင်ဘူး"
လင်ဟိုက်လုံ စကားပြောမဆုံးခင် ကျန်းဟန်ဂိုဏ်း၏ တန်ရှီကံက ချောင်းဟန့်လိုက်သည်။ သူက သူ၏ဝတ်ရုံအတွင်းမှ ဆေးပုလင်းတစ်ပုလင်း ထုတ်လိုက်သည်။ ၄င်းသည် ခဲရောင်ဖြစ်ပြီး အနက်ရောင်အမှတ်အသားများဖြင့် ဖုံးလွှမ်းနေသည်။ ၄င်းက ခေတ်ပေါင်းများစွာ မရေမတွက်နိုင်အောင် ကွယ်ဝှယ်ထားခြင်းခံခဲ့ရသည့်အလား ရှေးဆန်သောခံစားချက်တစ်ခုကို ထုတ်လွှတ်နေသည်။
တန်ရှီကံက စကားတစ်ခွန်းသာ ပြောသည်။ "ဒါက ရှေးယခင်က ဆေးဝါးတာအိုရဲ့ဆေးလုံး၊ စဦးချီဖွဲ့စည်းမှုအဆင့် ၁၀ ရှိတဲ့ ဝင်ရောက်ခြင်းဆေးလုံးပဲ"
သူ၏စကားလုံးများက အရှေ့ဆေးဝါးအဖွဲ့၏ ဆေးဝါးပညာရှင်အားလုံးကို ဆေးပုလင်းအား ချက်ချင်း စိုက်ကြည့်မိလိုက်စေသည်။ အန်းဇဲ့ဟိုင်၏မျက်လုံးများ ကျဥ်းမြောင်းသွား၏။
စဦးချီဖွဲ့စည်းမှုအဆင့် ၁၀ မှာ ဒဏ္ဍာရီလာနယ်ပယ်တစ်ခုဖြစ်သည်။ မိုးကောင်းကင်တွင် ပြောင်းလဲမှု ဖြစ်ပွားပြီးနောက် စဦးဖွဲ့စည်းမှုလမ်းစဥ်မှာ မပြည့်စုံတော့သဖြင့် ဝင်ရောက်ခြင်းဆေးလုံးများ ပေါ်ပေါက်လာခြင်းပင်။ ၄င်းတို့သည် ကောင်းကင်နှင့်မြေကြီးရှိ ပြောင်းလဲမှုများအတွက် ရှေးဆေးဝါးတာအို၏ တုံ့ပြန်ချက်၊ ရှေးဟောင်းလမ်းစဥ်ကို ဆက်လက်လျှောက်လှမ်းရန် နည်းလမ်းတစ်ခု ဖြစ်သည်။ ထိုကဲ့သို့ ဆေးလုံးမျိုးဖြင့် ကျင့်ကြံသူတစ်ယောက်သည် စဦးချီဖွဲ့စည်းမှု အဆင့် ၁၀ သို့ ဝင်ရောက်ရန် အခွင့်အရေးတစ်ခု ရရှိနိုင်သည်။
ကံဆိုးစွာနှင့် ဤကဲ့သို့ဆေးလုံးမျိုးမှာ ရှေးယခင်ကပင် ရှားပါးပြီး အပြည့်အဝထိရောက်မှုရှိမည်ဟူ၍ အာမမခံနိုင်ပေ။ မည်သို့ဆိုစေ၊ ဝင်ရောက်ခြင်းဆေးလုံးတစ်လုံးကို လေ့လာနိုင်သည့် အကျိုးကျေးဇူးများမှာ အဆင့်သတ်မှတ်ပေးရန် ခက်ခဲလှသည်။
ကျင်းဟန်ဂိုဏ်းကား ထိုဆေးလုံးမျိုးဖြင့်သာ ပြင်ဆင်၍ လာရောက်ခဲ့ကြသည် ဖြစ်သည်။
ထာဝရတောင်က မနှေးလွန်းမမြန်လွန်းသော လေသံဖြင့်ပြောသည်။ "ဒီဝင်ရောက်ခြင်းဆေးလုံးက ပြီးပြည့်စုံတယ်။ အစ်ကိုကြီးလင်၊ ကျုပ် ဒီဆေးလုံးကို လောင်းကြေးအဖြစ် ထားချင်တယ်..... ခင်ဗျား လက်ခံမှာလား၊ လက်မခံဘူးလား" သူ၏စကားလုံးများက လင်ဟိုက်လုံအပေါ် ဖိအားကြီးတစ်ခု ချက်ချင်း ထားရှိလိုက်သည်။
လက်ခံမှာလား။ လက်မခံဘူးလား။ မေးခွန်းကောင်းတစ်ခုပင်။ သူလက်ခံပြီး ဖက်တီး မဖျက်ဆီးနိုင်သည့် ဆေးလုံးကို မဖော်စပ်လျှင် သူ့မှာ ရယ်စရာဖြစ်သွားလိမ့််မည်။ လက်မခံလျှင်လည်း စိန်ခေါ်မှုကို ရှောင်နေကြောင်း သိသာမည်။ ဤအခြင်းအရာက မှော်တိုက်ပွဲဆိုလျှင် သိပ်ပြဿနာမရှိသော်လည်း ဆေးဝါးပညာတိုက်ပွဲကတော့ ကွဲပြားသည်..... ထိုမျှသာမက ပြိုင်ဘက်မှာ ချီအခြေတည်အဆင့်ကောင်လေးတစ်ယောက်သာ......
အမှန်တော့ လင်ဟိုက်လုံအတွက် လက်ခံရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။
ကျင်းဟန်ဂိုဏ်းသည် ဤအကွက်ကို သေချာပေါက် ကြိုမြင်ခဲ့သည့်အပြင် ယင်းက ယနေ့ သူတို့လာရောက်ရသည့် အကြောင်းရင်းဖြစ်သည်။ ၄င်းမှာ အလွန်လေးနက်သောကိစ္စတစ်ရပ်ပင်။ သူတို့က အရှေ့ဆေးဝါးအဖွဲ့ကို ဖိအားပေးပြီး စိန်ခေါ်မှုကို လက်ခံစေချင်နေ၏။
အန်းဇဲ့ဟိုင်၏ မျက်နှာ မြင်မကောင်း ရှုမကောင်းဖြစ်သွားသည်။ သူနှင့် လင်ဟိုက်လုံ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်၏။ နှစ်ယောက်လုံး အနေရခက်နေသော နေရာတွင် ရောက်နေကြောင်း ခံစားလိုက်ရလေသည်။ သူတို့၏ရန်သူက ပြိုင်ဘက်အဖြစ် ချီအခြေတည်အဆင့်ကောင်လေးကို ရွေးချယ်ခဲ့သည့်အပြင် စိန်ခေါ်ပွဲ၏ တစ်ခုတည်းသော သတ်မှတ်ချက်မှာ ထိုကောင်လေး ဝါးမရသည့် ဆေးလုံးတစ်လုံး ဖန်တီးရန်ပင်။ အရှေ့ဆေးဝါးအဖွဲ့၏ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်တစ်ယောက်အနေဖြင့် ထိုကဲ့သို့ ဆေးလုံးတစ်လုံးကို ပြုလုပ်ခဲ့လျှင် အရှုံးဟု မသတ်မှတ်နိုင်သော်လည်း သေချာပေါက် အနိုင်လည်း မဟုတ်ပေ။
ဆေးပေါင်းဖိုဘုရင်တစ်ယောက်အတွက်ပင် ယှဥ်ပြိုင်ရန် မမျှတပေ။ ရာထူးအဆင့်အတန်းက လိုက်ဖက်မညီရာ အနိုင်က အရှုံးဖြစ်နေသေးပြီး အရှုံးက.... လုံးဝသိက္ခါကျဖွယ်သာ ဖြစ်ပေမည်။
ဝူတင်းချိုး မျက်မှောင်ကြုတ်သွား၏။ လူတိုင်း နှုတ်ဆိတ်စွာ ရပ်နေကြစဥ် ဖက်တီးက မာန်ပါပါဖြင့် ထာဝရတောင်၏ ဘေးသို့ လျှောက်လာပြီး ရပ်လိုက်သည်။ သူက ဝိညာဥ်ကျောက်တုံးတစ်တုံး ထုတ်ပြီး ပါးစပ်ပစ်ထည့်ကာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သည်အထိ တဂျွတ်ဂျွတ် ဝါးပြီးရင်း ဝါးနေ၏။ သူသည် မထီမဲ့မြင်ပြုံးရင်း အရှေ့ဆေးဝါးအဖွဲ့၏ ဆေးဝါးပညာရှင်များကို မျက်လုံးဝေ့ကြည့်လိုက်သည်။ ထို့နောက် သူက ဓားပျံတစ်လက် ထုတ်ပြီး သွားများကို သွေးနေသည့်အလား တိုက်နေ၏။
ဤအရာအားလုံးက အရှေ့ဆေးဝါးအဖွဲ့မှ လူများကို ပင့်သက်ရှိုက်ပြီး မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေမိစေသည်။
"အဲ့တာ ဘာသွားတွေတုန်းဟ...."
"ဒီ ဝတုတ်အကြောင်း ကျုပ်ကြားဖူးတယ်။ ပြောကြတာတော့ သူ့သွားတွေက ဓားပျံတွေကို ဝါးနိုင်တယ်တဲ့...."
စကားသံများ ထွက်ပေါ်လာစဥ် မန်ဟို၏မျက်နှာပေါ်၌ ထူးဆန်းသောအရိပ်အယေါင်တစ်ခု ပေါ်လာသည်။ ဖက်တီး တလက်လက်ထနေသော သွားများဖြင့် မြောက်ကြွမြောက်ကြွဖြစ်နေသည့်ပုံစံက မန်ဟို့ကို မမျိုသိပ်နိုင်စွာ သက်ပြင်းချမိလိုက်စေသည်။ လွန်ခဲ့သည့် နှစ်များတစ်လျှောက်လုံး မှီခိုရာဂိုဏ်းမှာတုန်းက ဖက်တီးကို သွားကျင့်ကြံခြင်းအပေါ်အာရုံစိုက်ရန် မည်မျှတိုက်တွန်းခဲ့ရကြောင်း သူ သတိရလိုသည်။
လင်ဟိုက်လုံနှင့် အန်းဇဲ့ဟိုင်မှာ ဖက်တီး ဝိညာဥ်ကျောက်တုံးအား ကိုက်ဝါးနေသည်ကို ကြည့်ပြီးနောက် ပို၍ပင် စိုးရိမ်သွားပုံရသည်။ သူတို့မှာ စိန်ခေါ်မှုကို လက်ခံရမည်ဖြစ်ကြောင်း ကောင်းကောင်းသိသဖြင့် မျက်မှောင်ကြုတ်နေကြ၏။ သို့သော် သူတို့လက်ခံလျှင် ဆေးဝါးကျွမ်းကျင်ပညာရှင်အဆင့်အတွက်သာ ယှဥ်ပြိုင်ရန် သင့်တော်မည် ဖြစ်၏။ သူတို့ထဲက တစ်ယောက် အနိုင်ရရှိခဲ့လျှင် ရလဒ်အား လက်ခံ၍ရပေမည်။ ဆေးပေါင်းဖိုဘုရင်တစ်ယောက် ယှဥ်ပြိုင်လျှင်တော့ ဘယ်နည်းနှင့်မှ သင့်တော်မည်မဟုတ်ပေ။
ထို့အပြင် ဆေးပေါင်းဖိုဘုရင်တစ်ယောက် ရှုံးခဲ့လျှင် အရှေ့ဆေးဝါးအဖွဲ့အတွက် အလွန် သိက္ခာကျဖွယ်ကောင်းပေလိမ့်မည်။ ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက် အနိုင်မရလျှင်တော့ အနည်းဆုံး သိပ်ရှက်စရာကောင်းမည်မဟုတ်ပေ။
"ဇီယွင်ဂိုဏ်း ကျေးဇူးပြုပြီး တုံ့ပြန်ပါဦး" ကျင်းဟန်ဂိုဏ်း၏ မှော်စောင့်ရှောက်သူ တန်ရှီကံက ပြုံးရင်း ပြောသည်။
အန်းဇဲ့ဟိုင် မှုန်ကုပ်သွားပြီး ဆေးဝါးကျွမ်းကျင်ပညာရှင်များကို ကြည့်လိုက်သည်။ ရုတ်တရက် သူ့အကြည့်သည် မန်ဟို့အပေါ် ကျရောက်သွား၏။ တစ်ချက်သာ ကြည့်လိုက်သော်လည်း သူက မန်ဟို့ကို ချက်ချင်း မှတ်မိလိုက်သည်။
" ဆေးပေါင်းဖိုဘုရင်တစ်ယောက်အတွက် ဒီလို မိစ္ဆာဆေးလုံးကို ဖော်စပ်ဖို့က နိမ့်ကျလွန်းတယ်" အန်းဇဲ့ဟိုင်က ခပ်သွက်သွက်ပြန်ဖြေသည်။ "ဒါပေမယ့် အရှေ့ဆေးဝါးအဖွဲ့ရဲ့ ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ထောင်ထဲမှာ ဒီလိုဆေးလုံးဖော်စပ်နိုင်တဲ့လူ တစ်ယောက်တော့ သေချာပေါက်ရှိတယ်"
လင်ဟိုက်လုံမှာ အခြေအနေတစ်ရပ်လုံးအား မည်သို့ရှောင်ရန် စဥ်းစားနေခဲ့သော်လည်း အန်းဇဲ့ဟိုင်၏ စကားလုံးများကြားသည်နှင့် ခေါင်းညိတ်လိုက်သည်။ သို့သော် သူ့မှာ ရင်ခုန်နေဆဲပင်။ သူက မန်ဟို့ဘေးတွင် ရပ်နေသော လီတောက်ကို လှမ်းကြည့်လိုက်သည်။ "လီတောက်၊ ရှေ့ကိုလာပြီး ဆေးလုံးဖော်ပါ" သူက မန်ဟို့ကို လျစ်လျူရှုရင်း ပြောသည်။
လီတောက်၏မျက်လုံးများမှာ အာရုံစူးစိုက်မှုများဖြင့် ပြည့်နှက်သွားသည်။ သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းရင်း လက်ယှက်၍ လင် နှင့် အန်း ကို အရိုအသေပေးလိုက်သည်။ အရှေ့ဆေးဝါးအဖွဲ့၏ ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်သည်ကို ထည့်တွက်လျှင် သူ့အနေဖြင့် ဝူတင်းချိုးနှင့် ခရမ်းရောင်ချီအဖွဲ့မှ အခြားသူများကို ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်နေရန် မလိုပေ။
လင်ဟိုက်လုံက လီတောက်ကို ချီးကျူးသောအမူအရာဖြင့် ကြည့်လိုက်သည်။ သူ ထိုလူ့ကို အာရုံစိုက်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူသည် ဆေးလေလံပွဲ၌ ဆေးဒယ်အိုး၏ နာမည်အောက်တွင် တိမ်မြုပ်ခဲ့ရသော်လည်း လင်ဟိုက်လုံအတွက်တော့ ဆေးဒယ်အိုးက ပဟေဠိတစ်ခုသာ။ သို့သော် လီတောက်တွင်မူ အနာဂတ်တက်လမ်းများစွာ ရှိသည်။ "ဒီမြေမီးတောက်ကို ယူ" သူက ပြောသည်။ "ဆေးလုံးကို မြန်မြန်ဖော်" သူ၏ အင်္ကျီလက်စကို ခါလိုက်ရာ ခရမ်းရောင်သလင်းကျောက်တစ်ခုသည် မြေကြီးပေါ် ပျံကျလာ၏။ ထုံးကျောက်များမှာ မြေမီးတောက်၏ မီးအပူ ပြင်းပြင်းကြောင့် အရည်ပျော်တော့မည့်ပုံရသည်။
လီတောက်က တခဏ စဥ်းစားတွေးတောနေပြီးနောက် ဆေးပေါင်းဖိုတစ်လုံးနှင့် ဆေးပင်များ ထုတ်ကာ စတင်ဖော်စပ်တော့သည်။
လင်ဟိုက်လုံ ပေးသည့် မြေမီးတောက်က ဖော်စပ်ခြင်းလုပ်ငန်းကို အတော်လေးခရီးတွင်စေ၏။ လီတောက်သည် ဓာတ်ကူခြင်းနှင့် ဖော်စပ်ခြင်းကို ဂရုတစိုက် ဆောင်ရွက်ပြီး အမွှေးတိုင်နှစ်တိုင်ထွန်းစာ ကြာသော် ဆေးပေါင်းဖိုမှ ဝုန်းခနဲ မြည်ဟည်းကာ အဖြူရောင်ဆေးလုံးတစ်လုံး ပျံထွက်လာသည်။
လီတောက်သည် မာကြောသော ဆေးပင်အမျိုးအစား ရာပေါင်းများစွာကို ဆေးလုံးထဲ၌ သိပ်သည်းစေခဲ့ခြင်းဖြစ်သည်။ ဖော်စပ်ချိန်မှာ အတော်လေးတိုတောင်းခဲ့သော်လည်း သူအနေဖြင့် ပညာအကုန် အသုံးချခဲ့ပြီးလေပြီ။ ထိုဆေးလုံးကို ကိုက်လိုက်ပါက ကျားရိုင်းတစ်ကောင်ပင် သွားကျိုးလိမ့်မည်ဟု သူ ယုံကြည်ချက်ရှိ၏။
ဆေးလုံး ထွက်ပေါ်လာသောအခါ လီတောက်က ကြည့်ပင်မကြည့်ဘဲ ဖက်တီးထံ ပစ်ပေးလိုက်သည်။ ဖက်တီးက လေအလယ်မှ ၄င်းကို ဖမ်း၍ လည်ချောင်းရှင်းလိုက်သည်။ ထို့နောက် လူတိုင်း မျက်စိရှေ့မှောက်တွင် သူ့ပါးစပ်ထဲ ထည့်လိုက်သည်။ တစ်ကိုက်တည်းနှင့် ဆေးလုံးကား အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွား၏။
"ဒီမဖြစ်စလောက်ဟာလေးက သွား အယားတောင်မပြေပါလား" ဖက်တီးက မျက်နှာပေါ်တွင် အထင်သေးမှုအပြည့်ဖြင့် ပြောသည်။ သူက သူ့ကိုယ်သူ အတော်လေး မာန်တက်နေသောအသွင်ဖြင့် ဆေးလုံးအစအနများကို ထွေးထုတ်လိုက်၏။
လင်ဟိုက်လုံမျက်နှာကား ရှက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည်။ သူက ဆေးဝါးကျွမ်းကျင်ပညာရှင် တစ်ယောက်ပြီး တစ်ယောက်ခေါ်ထုတ်ပါသော်လည်း သူတို့ဖော်စပ်သည့် ဆေးလုံးများမှာ ဖက်တီး၏ အလွယ်တကူဝါးမြိုခြင်းခံရပြီး မြေကြီးပေါ်သို့ ထွေးထုတ်ခံရလေသည်။ ဖက်တီး၏ စကားသံမှာ ပို၍ပင် မောက်မာလာ၏။
"အီး ငါ့ သွားနဲ့ မဖျက်ဆီးနိုင်တဲ့ ဆေးလုံး ရှာရတာ တော်တော်ခက်တာပဲ။ ဘယ်လောက်အထီးကျန်လိုက်တဲ့ ဘဝလဲကွာ...... မင်းတို့ တတ်ကော တတ်ရဲ့လား။ လာ ငါမဝါးနိုင်တဲ့ တစ်ခုခုဖော်ဦးလေ"
သူကား ပိုပို၍ အားရကျေနပ်လာပုံပေါက်သည်။ ဆေးလေလံပွဲ၌ ပြသခဲ့သော သူ၏ရိုင်းစိုင်းသောအပြုအမူမှာ ယခု အားမာန် အပြည့်ဖြစ်နေလေပြီ။ သူ့ပုံစံမှာ တော်တော်လေး စိတ်တိုင်းကျနေဟန်ပင်။
လင်ဟိုက်လုံ၏ မျက်နှာကြီးမှာ ပို၍ အရုပ်ဆိုးလာပြီး သူက စားပွဲပေါ်သို့ လက်ဝါးဖြင့်ရိုက်ချလိုက်သည်။ ထာဝရတောင်၏ ခံစားချက်မဲ့သော မျက်နှာထားက သူ့ကို ဒေါသထွက်စေလေသည်။ သူက ရုတ်တရက် ပြော၏။ " အရှေ့ဆေးဝါးအဖွဲ့ရဲ့ ဆေးဝါးကျွမ်းကျင်ပညာရှင်တို့၊ ဒီကောင်လေး မဝါးနိုင်တဲ့ ဆေးလုံးကို ဖော်စပ်နိုင်တဲ့ ဘယ်သူမဆို ဆေးပေါင်းဖိုဘုရင်အဆင့်တက်စေရမယ်" သူ၏စကားလုံးများကား တောင်တန်းများကို ဖြတ်၍ တောင်ခြေတွေ စုရုံးနေကြသော ဆေးဝါးကျွမ်းကျင်ပညာရှင်များအထိ ပဲ့တင်ထပ်သွားသည်။ လူတိုင်း၏မျက်နှာများအား အံသြခြင်းတို့ ဖုံးလွှမ်းသွားပြီး သူတို့၏မျက်လုံးများ တောက်ပလာသည်။
မန်ဟို၏ သူငယ်အိမ်များ ကျဥ်းမြောင်းသွားပြီး သူက ရင်တဒိန်းဒိန်းခုန်လျက် လင်ဟိုက်လုံကို စိုက်ကြည့်လိုက်သည်။
ဆေးပေါင်းဖိုဘုရင်အဆင့်တက်ခြင်းမှာ အလွန်အရေးကြီးသောကိစ္စတစ်ရပ် ဖြစ်၏။ ပုံမှန်မဟုတ်သော အခြေအနေများမှအပ၊ အဆင့်တိုးရန် ထည့်သွင်းစဥ်းစားခြင်းမခံရခင် လူတစ်ယောက်သည် ချီအခြေတည်အဆင့်၌ နှစ်ခြောက်ဆယ်စက်ဝန်းတိတိ ရှိရန်လိုအပ်ပြီး ဆေးစွမ်းအား ငါးဆယ်ရာခိုင်နှုန်းစီဖြင့် မတူညီသော ဆေးလုံးအမျိုးအစားတစ်ထောင် ဖော်စပ်ရမည်ဖြစ်သည်။ ပို၍ပင် အရေးကြီးသည်က ဖြေဆိုသူ ဆေးဝါးကျွမ်းကျင်ပညာရှင်အနေဖြင့် ဂိုဏ်းအတွက် ဆေးလုံး ဆယ်သန်း ဖော်စပ်ပေးပြီးရန် လိုအပ်သေးသည်။
ထိုလိုအပ်ချက်အားလုံးနှင့် ကိုက်ညီပြီးနောက်တွင် အခြားဆေးပေါင်းဖိုဘုရင်အားလုံး၏ အသိအမှတ်ပြုမှုကိုလည်း ဘလိုအပ်၏။ ဖြေဆိုသူတစ်ယောက်ထက် ပိုလျှင်တော့ ခက်ခဲသော ဆေးဖော်စပ်ခြင်းပြိုင်ပွဲ ကျင်းပပြီး အဆင့်တိုးပေးရန် တစ်ယောက်ကိုသာ ရွေးချယ်မည်ဖြစ်သည်။
မန်ဟိုသည် ယခင်က ဆေးပေါင်းဖိုဘုရင်တစ်ယောက်ဖြစ်ရန် စိတ်ကူးခဲ့ဖူးပြီး သူ၏ မဟာအကြီးအကဲဆေးဒယ်အိုးဆိုသော နာမည်ကို အသုံးချရန်ပင် တွေးခဲ့ဖူးသည်။ သို့သော် သူ့မှာ ကိစ္စတစ်ရပ်လုံးနှင့်ပတ်သက်၍ တွေဝေပြီး ဆန်းစစ်နေဆဲဖြစ်သည်။ လင်ဟိုက်လုံ၏ စကားလုံးများက သူ့ကို အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်မိစေသည်။ သူ၏မျက်လုံးများ စတင်တောက်ပလာ၏။
သူ့အတွက် ဤသည်မှာ နှစ်တစ်ရာမှ တစ်ကြိမ်သာ လာသော အခွင့်အရေးတစ်ခုပင်။
အမှန်ပင်၊ အခြားသော ဆေးဝါးကျွမ်းကျင်ပညာရှင်များလည်း ထိုနည်းတူတွေးနေကြသည်။ သူတို့အားလုံး၏ အသက်ရှူသံများ မြန်ဆန်လာ၏။ ဆေးပေါင်းဖိုဘုရင်အဆင့်တက်မည့် ဤအခွင့်အရေးကို သူတို့ အမိအရဖမ်းဆုပ်နိုင်လျှင် ဆေးဝါးတာအို၏ ဂိတ်တံခါး ပွင့်သွားသည့်အလားး ဖြစ်မည်။ ထိုကဲ့သို့ တရားဝင်အဆင့်တိုးခြင်းက အခြားဆေးပေါင်းဖိုဘုရင်များအား ဒေါသူပုန်ထစေ၍ အထင်အမြင်သေးခြင်းခံရလောက်မည်။ သို့သော် ၄င်းမှာ မယုံကြည်နိုင်ဖွယ် အခွင့်အရေးတစ်ခု ဖြစ်နေသေးသည်။
လူတစ်ယောက် အရည်အချင်းပြည့်မှီသည်ဖြစ်စေ၊ မပြည့်မှီသည်ဖြစ်စေ အရေးမကြီးပေ။ ဆေးပေါင်းဖိုဘုရင်ဖြစ်လာပြီးနောက် အထူးပညာရပ်များစွာနှင့်အတူ အပင်နှင့်အသီးအရွက်များ၏ အမျိုးမျိုးသော ဓာတ်ပြုခြင်းများနှင့်ပတ်သက်သည့် လျှို့ဝှက်ဖော်စပ်နည်းများကို ရရှိမည်ဖြစ်သည်။ ဤတစ်ခုနှင့်ပင် ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်ကို တဟုန်ထိုးအဆင့်တက်သွားစေရန် လုံလောက်၏။ သို့မဟုတ်လျှင် ဘယ်တော့မှ သဘောပေါက်နားလည်နိုင်မည်မဟုတ်သည့် အပင်နှင့်အသီးအရွက်ရောစပ်ခြင်းများကို ရုတ်ခြည်း သိရှိနိုင်မည်ဖြစ်သည်။ ဆေးပေါင်းဖိုဘုရင်တစ်ယောက် ခံယူထိုက်သည့် လေးစားမှုမှာ ဆေးဝါးကျွမ်းကျင်ပညာရှင်အားလုံးကို သွေးရူးသွေးတန်းဖြစ်သွားစေရန် လုံလောက်သည်။
ထိုမျှသာမက ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်များ၏ ဝါအရင့်ဆုံး၊ မဟာအကြီးအကဲတစ်ပိုင်းအဆင့် လင်ဟိုက်လုံ၏နှုတ်မှ ထွက်လာခြင်းဖြစ်သည်။ ဘယ်သူမှ သူ့ကို မယုံကြည်ဘဲ မနေပေ။
မန်ဟိုက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး မာန်တက်နေသော ဖက်တီးကို ကြည့်လိုက်သည်။ သူ့မှာ အတန်ငယ် လိပ်ပြာမလုံဖြစ်မိရင်း တွေးလိုက်မိသည်။ "ဖက်တီး၊ ငါ့ကောင်ရေ မင်းအတွက် ပြဿနာတော့ မဖြစ်စေချင်ပေမယ့် ဒါက ငါရဲ့တစ်ခုတည်းသောအခွင့်အရေးပဲ...... ငါ အမိအရဖမ်းဆုပ်ဖို့ စိတ်ပိုင်းဖြတ်ပြီးသွားပြီ"
***