လီဖူကွေ့ - အရှက်ကွဲခံမလား၊ အသေခံမလား
Vol. 17 Ch. 239
လင်ဟိုက်လုံ၏ စကားလုံးများက ဆေးဝါးကျွမ်းကျင်ပညာရှင်အားလုံးကို ချက်ချင်း စိတ်လှုပ်ရှားသွားစေသည်။ သူတို့၏မျက်လုံးများသည် ဆေးပေါင်းဖိုဘုရင်ရာထူးကို စိတ်ကူးယဥ်ရင်း တဖျပ်ဖျပ် တောက်ပနေကြ၏။ ဤကံကောင်းမှုမျိုးကား မယုံနိုင်လောက်အောင် အံ့ဖွယ်ထူးကဲလွန်းသည်။
ထိုကံမျိုးကို သူတို့ အမိအရဖမ်းဆုပ်နိုင်လျှင် ၄င်းက ကံကြမ္မာကောင်းဖြစ်နိုင်မည်။
၄င်းက အသေအချာ ရယူပါက မိုးကောင်းကင်အထိ မြှင့်တင်ပေးနိုင်သော အခွင့်ကောင်းတစ်ခုဖြစ်သည်။
ဆေးဝါးကျွမ်းကျင်ပညာရှင်များ ၊ အောက်ဘက် တောင်ခြေက လူများပင်လျှင် အပြေးအလွှား ရှေ့တက်လာကြသည်။ လင်ဟိုက်လုံ ထိုကဲ့သို့ ပြောလိမ့်မည်ဟု ထာဝရတောင် တစ်ခါမှ မခန့်မှန်းခဲ့ဖူးပေ။ သူ၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။
လင်ဟိုက်လုံအား သူမည်မျှ နားလည်သည်ကို အခြေခံပါက ထိုလူမှာ အကြောင်းပြချက်မရှိဘဲ ထိုသို့ ကမ်းလှမ်းလိမ့်မည်မဟုတ်ကြောင်း သူသိသည်။ သူ၏စကားလုံးများအတွင်း၌ ပို၍ နက်နဲသော အဓိပ္ပါယ်တစ်ခုခု သေချာပေါက် ရှိပေမည်။ တခဏ စဥ်းစားပြီးနောက် ထာဝရတောင်၏မျက်လုံးများ ရုတ်တရက် တောက်ပလာသည်။ " သူ .. မဟာအကြီးအကဲဆေးဒယ်အိုးကို ဖော်ထုတ်ဖို့ ကြိုးစားနေတာများလား.... "
ချူယွီယန်နှင့် အခြားဆေးပေါင်းဖိုဘုရင်ဆယ်ယောက်ကျော်သည်လည်း ထိုနည်းတူ တွေးနေဟန်တူသည်။ တစ်ဦးတစ်ယောက်ချင်းစီတိုင်း တလက်လက်တောက်ပနေသော မျက်ဝန်းများဖြင့် စောင့်ကြည့်နေကြသည်။ အန်းဇဲ့ဟိုင်၏ မျက်နှာပေါ်တွင် ခပ်ရေးရေးအပြုံးတစ်ခု မြင်နိုင်ပြီး သူက မန်ဟို့ကို စူးစူးစိုက်စိုက် ကြည့်နေ၏။လင်ဟိုက်လုံ၏ ရည်ရွယ်ချက်ကို သူ ကောင်းကောင်းသိသည်။
အရှေ့ဆေးဝါးအဖွဲ့တစ်ဖွဲ့လုံးတွင် မဟာအကြီးအကဲ ဆေးလုံးမိစ္ဆာမှအပ အန်းဇဲ့ဟိုင်သည် မဟာအကြီးအကဲဆေးဒယ်အိုး၏ သရုပ်မှန်ကို သိသည့် တစ်ယောက်တည်းသောလူ ဖြစ်သည်။ ဟုတ်ပါသည်၊ သူအနေဖြင့် ၄င်းကို လူသိထင်ရှားကြေညာမည်မဟုတ်ပေ။ မဟာအကြီးအကဲဆေးလုံးမိစ္ဆာ၏အကြံအစည်များအား သေချာမသိသော်လည်း သူက အန်းဇဲ့ဟိုင်ကို မဟာအကြီးအကဲဆေးဒယ်အိုးနှင့်ပတ်သက်၍ ဘာမှမလုပ်ရန် သုံးကြိမ်ဆက်တိုက် မှာကြားခဲ့၏။ အန်းဇဲ့ဟိုင်မှာ မည်သူ့ကိုမှ နာမည်ပင် ဖော်ပြခဲ့ခြင်းမရှိပေ။
အရှေ့ဆေးဝါးအဖွဲ့၏ ဆေးဝါးကျွမ်းကျင်ပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ ဖက်တီးမှာ သူ့ကိုယ်သူ ပိုပို၍ အားရကျေနပ်နေချေသည်။ သူက ဓားပျံဖြင့် သွားကိုခြစ်ရင်း ရပ်နေ၏။ သူ၏သွားများကား တဖျပ်ဖျပ်လက်လျက်ရှိသည်။ သူ၏အားရကျေနပ်မှုအငွေ့အသက်မှာ မောက်မာထောင်လွှားမှုဖြင့် ပြည့်နှက်စပြုလာလေပြီ။
"လာစမ်းပါ လာ" သူက မာမာထန်ထန် ပြောသည်။ "ငါ့သွားယားနေတာနဲ့ အတော်ပဲ။ မင်းတို့ တော်သပဆိုရင် ငါ့သွားကျိုးလောက်တဲ့ ဆေးလုံးဖော်ပေးပါဦး။ ဖော်နိုင်တဲ့ ဘယ်သူ့ကိုမဆို ငါ အဖိုးလို့ ခေါ်မယ်" ဆေးဝါးကျွမ်းကျင်ပညာရှင်များကြားမှ တစ်ယောက် ထွက်လာသည်။ သူက လင်ဟိုက်လုံနှင့် အန်းဇဲ့ဟိုင်ကို လက်ယှက်အရိုအသေပေးပြီးနောက် ဆေးစဖော်တော့သည်။
သူတစ်ယောက်သာ မဟုတ်။ အခြားဆေးဝါးကျွမ်းကျင်ပညာရှင်ခုနစ်ယောက်လည်း ရှေ့ထွက်လာပြီး လုပ်ငန်းစသည်။ ဆေးဝါးကျွမ်းကျင်ပညာရှင်များ ဆေးပင်များနှင့် ဖော်စပ်ခြင်းလုပ်ငန်းအပေါ် အာရုံစိုက်နေသည်ကို လူတိုင်းစောင့်ကြည့်နေကြသည်။ ၄င်းမှာ မိန်းမောဖွယ်ရာ မြင်ကွင်းတစ်ခုဖြစ်သည်။ အချိန်များ ကုန်လွန်သွားပြီး မကြာခင် ဆေးလုံးတစ်လုံးပြီးတစ်လုံး ဖက်တီးထံ ပျံထွက်သွားသည်။
ဤဆေးလုံးများမှာ သူတို့၏လက်ရာအပေါ် ယုံကြည်ချက်အပြည့်အဝရှိသော ဆေးဝါးကျွမ်းကျင်ပညာရှင်များမှ အထူးဂရုတစိုက် ဖော်စပ်ထားခြင်းဖြစ်သည်။ ဖက်တီးက သမ်းပြီး ဆေးလုံးအားလုံးကို သူ့ပါးစပ်ထဲ ထည့်လိုက်သည်။ ထွက်လာသည့် တဂျွတ်ဂျွတ် မြည်သံများက ဆေးဝါးကျွမ်းကျင်ပညာရှင်ရှစ်ဦး၏ နှလုံးသားများအတွင်းသို့ ဖောက်ထွက်သွားလေသည်။ သူတို့၏မျက်နှာများ အိုစာသွား၏။
"ထွီ" ဖက်တီးက ဆေးလုံးများကို ထွေးထုတ်ရင်း မကျေမနပ်ဖြစ်နေဟန်ဖြင့် အော်သည်။ သူ့အသွင်မှာ ကောင်းကင်နှင့်မြေကြီးတွင် လေးစားခံရ အသင့်ဆုံးက သူ့သွားများဟု ခံစားနေရပုံပေါ်သည်။
ဆေးဝါးကျွမ်းကျင်ပညာရှင်ရှစ်ဦး အနိုင်ယူခံလိုက်ရခြင်းက ဝင်ရောက်ယှဥ်ပြိုင်ရန် ပြင်နေသည့် အခြားသူများအား တွန့်ဆုတ်သွားစေသည်။ သူတို့က ဖက်တီး၏သွားများကို ကြည့်လိုက်ကြသည်။ သူတို့အမြင်တွင် သူ့ပါးစပ်၌ ဓားချွန်ချွန်များ ပြည့်နေသည့်အလားပင်။ သူ့ပါးစပ်ထဲရောက်သွားသည့် မည်သည့်ဆေးလုံးမဆို စိစိညက်ညက်ကြေသွားမည့်ပုံရသည်။
"တခြားဘယ်သူရှိသေးလဲ"
ဖက်တီးကို တုံံ့ပြန်သည့်သူ မရှိသလို ဆေးဖော်စပ်ရန် ရှေ့တက်လာသူလည်းမရှိပေ။ ဖက်တီးက ဟိတ်ဟန်အပြည့်ဖြင့် နောက်ထပ် ဝိညာဥ်ကျောက်တုံးတစ်လုံး ထုတ်ပြီး ပါးစပ်ထဲ ပစ်ထည့်ကာ တစစီဖြစ်အောင် ဝါးလိုက်သည်။
ပတ်ဝန်းကျင်ရှိ ဆေးဝါးကျွမ်းကျင်ပညာရှင်များ ပင့်သက်ရှိုက်သွားသည်။ လွန်ခဲ့သော အခိုက်အတန့်က ဆေးဝါးကျွမ်းကျင်ပညာရှင်အများစုမှာ ဆေးဖော်နည်းအကြောင်းစဥ်းစား၍ ဖော်စပ်ခြင်းက လွယ်ကူသည်ဟု ထင်မြင်ခဲ့သည်။ သို့သော် ယခု သြချစရာ မြင်ကွင်းအား မျက်စိဖြင့် တပ်အပ်မြင်ပြီးနောက်တွင်တော့ သူတို့စိတ်များ ပြောင်းလဲသွားလေပြီ။
သူတို့က ဖက်တီးကို ဒေါသတကြီး ကြည့်ပြီး သက်ပြင်းခိုးချလိုက်သည်။ သူတို့ ခေါင်းထဲတွင် အတွေးအမျိုးမျိုး ဖြတ်ပြေးသွား၏။
"ဒီလူက လူမဟုတ်ဘူး။ အဲ့လိုသွားမျိုးကို ဘယ်ဆေးလုံးက ခံနိုင်မှာလဲ......"
"ချီးလိုပဲ။ အဲ့ဝတုတ် မွေးကတည်းက အဲ့သွားတွေနဲ့ ကြီးပြင်းလာတာဖြစ်မယ်။ သူက ကျင့်ကြံသူတောင်မဟုတ်ဘူး၊ မွန်းစတားကောင်ပဲ"
"တစ်နေ့နေ့ သူ့လျှာသူ ပြန်ကိုက်မိမှာ မကြောက်ဘူးလား မသိဘူး။ တကယ်ကြီး ဝိညာဥ်ကျောက်တုံးတွေ စားနေတာလား။ ဘယ်လိုအစာအိမ်မျိုး သူ့မှာ ရှိနေတာတုန်းကွာ။ အစာခြေနိုင်တယ်လား"
ယနေ့တော့ ကံတရားက သူတို့ဘက်မပါဟု အကုန်လုံးတွေးနေကြပုံပေါ်သည်။
ဖက်တီးက ဝိညာဥ်ကျောက်တုံးကို မြိုချပြီးနောက် သူ့သွားကို ကျယ်လောင်စွာ ကြိတ်နေပြန်သည်။ သူသည် ကျင်းဟန်ဂိုဏ်းကို စတင်ဝင်ရောက်သည့် အချိန်မှစ၍ တုန်နေအောင် အချစ်ခံရပြီး တစ်ခါမှ အရှက်မကွဲခဲ့ဖူးပေ။ ဟုတ်ပါသည်၊ သူ့အနေဖြင့် ကြွားလုံးထုတ်ရန် ဤအခွင့်အရေးကို အခွင့်ကောင်းမယူဘဲ မနေပေ။ လောလောဆယ်တွင် သူ၏မျက်လုံးများက ဆေးဝါးပညာရှင်မိန်းမလှလေးများအား ရှာဖွေလျက်ရှိသည်။
သူက ချူယွီယန်ကိုတော့ ဘေးမဲ့ပေးထားသည်။ သူ့အမြင်အရ ချူယွီယန်သည် သူ့အစ်ကိုကြီးမန်ဟိုနှင့်သာ ရှင်းရှင်းလင်းလင်း သက်ဆိုင်သဖြင့် သူ လက်နှင့်ပင် ထိမည်မဟုတ်ပေ။ ဖက်တီးက မန်ဟို့ကို လုံးဝ ရိုသေလေးစားသည် မဟုတ်ပါလော။
ဖက်တီး မာန်တက်နေသည့်ခုလတ်မှာပင် မန်ဟိုက ချောင်းဖွဖွဆိုးလိုက်သည်။ မဟာအကြီးအကဲဆေးဒယ်အိုး၏ သရုပ်မှန်ကို ဖော်ထုတ်ရန် လင် နှင့် အန်းတို့ ဤအခြေအနေကို အသုံးချဖို့ ကြိုးစားနေသည်ကို မပြောနိုင်လောက်အောင် သူ မအပေ။ ယင်းကပင် သူ တွန့်ဆုတ်နေရခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်။ သို့သော် သူက စိတ်ပိုင်းဖြတ်ထားပြီးလေပြီ။ သူသည် ချောင်းဟန့်ရင်း လူအုပ်ထဲမှ ထွက်လာကာ ရှေ့ဆက်လျှောက်သွား၏။ ဤအခြင်းအရာက ဆေးဝါးကျွမ်းကျင်ပညာရှင်များအားလုံး၏ အာရုံအား ဆွဲဆောင်လိုက်သည်။
ချူယွီယန် မျက်မှောင်ကြုတ်သွားပြီး အေးစက်စက်နှာမှုတ်လိုက်သည်။ သူမက သူ့ကို တစ်ချက်ကြည့်ပြီးနောက် လျစ်လျူရှုလိုက်၏။ အန်းဇဲ့ဟိုင်၏မျက်လုံးများ မသိမသာလက်သွားပြီး ခပ်ရေးရေးအပြုံးတစ်ခုဖြစ်ပေါ်လာသည်။
လင်ဟိုက်လုံ၏မျက်လုံးများက လေးနက်သော အကြည့်ဖြင့် ပြည့်နှက်သွားသည်။ သူက မန်ဟို့ကို သေသေချာချာစိုက်ကြည့်နေ၏။
"သူများလား...." သူက တစ်ယောက်တည်းတီးတိုးရေရွတ်လိုက်သည်။
ထာဝရတောင်လည်း မထူးခြားသောမျက်နှာထားဖြင့် မန်ဟို့ကို လှမ်းကြည့်သည်။
မည်သို့ဆိုစေ ဘယ်သူမှ သဲလွန်စတစ်ခုတလေ မရှာဖွေနိုင်ပေ။
မန်ဟိုက လက်နှစ်ဖက်ယှက်ပြီး အန်းဇဲ့ဟိုင်နှင့် လင်ဟိုက်လုံကို ခါးကိုင်းအရိုအသေပေးလိုက်သည်။ "ကျုပ်က ဖန်မုပါ။ ဆေးလုံးဖော်ကြည့်ချင်လို့ပါခင်ဗျာ။ ဝါရင့်အဖွဲ့ဝင်နှစ်ယောက်အနေနဲ့ ကျုပ်ကို ခွင့်ပြုပေးနိုင်မလားမသိဘူး"
အန်းဇဲ့ဟိုင်က ဘာမှမပြော။ လင်ဟိုက်လုံက မဆိုစလောက် ခေါင်းညိတ်ပြီး မီးသလင်းကျောက်တစ်ခဲ ပစ်ပေးသည်။ ၄င်းက မန်ဟို့အရှေ့သို့ လွင့်မျောလာ၏။
"ဟေး ရိုး" ဖက်တီးက မန်ဟို့ကို မျက်လုံးထောင့်မှ ကြည့်ရင်း အော်ပြောသည်။ "နောက်ကလေးတစ်ယောက် ရှေ့ထွက်လာတာပါလား။ တကယ့်ကို မာတဲ့ဆေးလုံး ဖော်စပ်ဖို့ မမေ့နဲ့။ ငါ့သွားတွေ ယားနေလို့ တော်တော်လေးမာတဲ့ဟာ တစ်ခုခု ဝါးချင်တယ်" သူ့လေသံမှာ သူ့ဘဝတစ်လျှောက်လုံး အထီးကျန်ခြင်းများဖြင့် ပြည့်နှက်နေသံပေါက်ပြီး သူ၏စိတ်ပျက်ဖွယ် အမူအရာက ပြေးထိုးချင်စရာကောင်းလေသည်။
မန်ဟိုက ချက်ချင်း ဆေးဖော်စပ်ခြင်း မစတင်ပေ။ သူက ဖက်တီးကို ကြည့်ပြီး ပြုံးလိုက်သည်။
မန်ဟို့ကို ကြည့်ရင်း အဘယ့်ကြောင့် ကောင်းမွန်သောခံစားချက်တစ်ခု ရနေသည်လဲ ဖက်တီး မသိပေ။ သူက ဗိုက်ကိုပုတ်ရင်း ပြောသည်။ " မင်း ဘာအတွက် ငါ့ကို အဲ့လိုကြည့်နေတာတုန်း။ အီး ငါကလူကောင်းတစ်ယောက်ပါကွာ။ မင်းသိလား၊ ဒီတစ်ခေါက် တစ်ကိုက်ထဲနဲ့ မဝါးပစ်ဘူး။ ငါ သုံးကိုက်ကိုက်မယ်"
မန်ဟိုက သက်ပြင်းချပြီး လိပ်ပြာမလုံသောအမူအရာတစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။ သူက လက်ယှက်ပြီး ဖက်တီးကို အရိုအသေပေးလိုက်၏။ တကယ်တမ်း သူ့မှာ ဖက်တီးကို အရှက်မခွဲချင်သော်လည်း ဤအခွင့်အရေးက ကျော်သွားရန်အတွက် ရှားပါးလွန်းလေသည်။
"အီး အဲ့တာ ဘယ်လိုမျက်နှာထားတုန်း။ အီး ကောင်းပြီ ကောင်းပြီ။ ငါ ငါးကိုက်ကိုက်မယ်ကွာ။ ဘယ်လိုလဲ"
ဤသည်ကို ကြားသော် လင်ဟိုက်လုံ၏မျက်နှာကြီး ပို၍ပင် မည်းမှောင်သွားပြီး ပတ်ဝန်းကျင်ရှိ ဆေးဝါးကျွမ်းကျင်ပညာရှင်များလည်း ထိုနည်းတူပင်။ ချူယွီယန်က ဖက်တီးကို ရန်လိုစွာ ကြည့်ပြီးနောက် မန်ဟို့ကို ကြည့်သည်။
"အာ ဖက်တီး" မန်ဟို တွေးလိုက်သည်။ " အစ်ကိုကြီး မင်းကို ဒီလိုမျိုး တကယ် မလိမ်ချင်ပေမယ့် တခြားရွေးစရာမရှိလို့ပါ...." သူက နောက်ထပ်ချောင်းဟန့်ရင်း လက်ကိုဝှေ့ယမ်း၍ သွေးကြိုးကြာဆေးပေါင်းဖိုကို ထုတ်ကာ မီးသလင်းကျောက်အထက်၌ ပျံဝဲစေလိုက်သည်။
မန်ဟို အာရုံစူးစိုက်၍ ဆေးပေါင်းဖိုကို အနီရောင်သမ်းအောင် မီးထည့်ပေးစဥ် လူတိုင်း၏မျက်လုံးများက သူ့အပေါ် ကျရောက်လျက်ရှိသည်။ ထို့နောက် သူက ဆေးပင်များ ထုတ်သည်။ တချို့ကို ဓာတ်ကူပြီး တချို့ထံမှ အစေးများထုတ်ယူသည်။ လုပ်ငန်းစဥ်တစ်ခုလုံး တစ်နာရီခန့်ကြာလိုက်သည်။ နောက်ဆုံးအနေဖြင့် မန်ဟိုက ခဲရောင်အမှုန့်တချို့ ထုတ်သည်။ ၄င်းမှာ နည်းနည်းလေးပင် ထူးခြားပုံမရပေ။ ဆေးလုံးဖော်စပ်သည့်အချိန်၌ ပါဝင်ပစ္စည်းအသစ်များအား အမြဲသုံးရန် မလိုအပ်ပေ။ အချိန်ကြာလာသည်နှင့်အမျှ ခဲရောင်ပြောင်းသွားတတ်သော ဆေးမှုန့်များရှိပြီး အစကတည်းက ခဲရောင်ဖြစ်သော ပြာသစ်ရွက်ကဲ့သို့ ပါဝင်ပစ္စည်းတချို့လည်း ရှိသည်။
ဖက်တီး မဝါးနိုင်သည့် ဆေးလုံးဖော်စပ်ရန် ယုံကြည်ချက်ရှိနေရခြင်း၏ အကြောင်းရင်းက ဤခဲရောင်အမှုန့်ကြောင့်ဖြစ်ကြောင်း မန်ဟိုတစ်ယောက်တည်းသာ သိသည်။ ယင်းက သာမန်ပစ္စည်းမဟုတ်ပေ.... အသားဂျယ်လီ အရေခွံလဲခြင်း၏ ပေါက်ကွဲမှုမှ ဖြစ်ပေါ်လာသော အမှုန့်ဖြစ်သည်။
အရေခွံ၏တချို့တစ်ဝက်မှာ မန်ဟို ယခုတင် အသုံးပြုလိုက်သော အမှုန့်အဖြစ် တိုက်ရိုက်ပြောင်းသွားခဲ့လေသည်။
အသားဂျယ်လီ၏ အရေခွံမှာ အတိုင်းထက်အလွန် မာသည်။ ယခင်က မန်ဟို ၄င်းကို ကြိမ်ဖန်များစွာ စမ်းသပ်ခဲ့ဖူး၏။ အသားဂျယ်လီမှာ ပဟေဠိဆန်သောနောက်ခံ ရှိပြီး ဖျက်စီး၍မရလောက်အောင် ဖြစ်သည်။ အသားဂျယ်လီ၏ အရေခွံကို ဖက်တီး ဘယ်နည်းနှင့်မှ ဖျက်ဆီးနိုင်မည်မဟုတ်ကြောင်း မန်ဟို သိသည်။ သို့သော် ဤပြိုင်ပွဲလေး၌ သူ၏ အလဲထိုးတိုက်ကွက်အစစ်မှာ အမှုန့်မဟုတ်၊ ဆေးလုံးထဲက အခြားအရာတစ်ခုဖြစ်သည်.....
"ဖက်တီးရေ ငါ့ကို ခွင့်လွှတ်ပါကွာ..." သူက တွေးသည်။ အနက်ရောင်ဆေးလုံးတစ်လုံး ပျံထွက်လာစဥ် မန်ဟို၏မျက်လုံးများ အရောင်လက်သွားသည်။ ဆေးပေါင်းဖိုမှာ တဖြေးဖြေး မူလအရောင်ပြန်ပြောင်းသွား၏။
ဆေးလုံးသည် လက်သည်းခွံ အရွယ်အစားခန့် ရှိပြီး မည်သည့်ရှုထောင့်ကကြည့်ကြည့် ပုံမှန်ပင်။ သို့ထိတိုင် ၄င်းမှာ အသားဂျယ်လီ အရေခွံအမှုန့်ဖြင့် ပြည့်နေ၏။ အမှုန့်က အရည်မပျော်နိုင်ပေ။ သို့သော် မန်ဟိုက ၄င်းကို ဆေးပင်များဖြင့် ရောစပ်ထားခြင်းဖြစ်သည်။ ၄င်းက ဖော်စပ်ခြင်းဆိုသည်ထက် ရောစပ်ခြင်းဟု ဆိုရမည်။
ဆေးလုံးမှ မည်သည့်ဆေးရနံ့မှ မထွက်သည့်အပြင် မဟူရာညကဲ့သို့ နက်မှောင်နေသည်။ သူက တောင်းပန်တိုးလျှိုးသော မျက်နှာထားဖြင့် ဖက်တီးကို ပစ်ပေးသည်။
ဖက်တီးက မာန်အပြည့်ဖြင့် ဖမ်းယူလိုက်သည်။ "ငါတော့ မင်းကို သဘောကျနေပြီ" သူက ပြောသည်။ " စိတ်မပူနဲ့။ ငါ ငါးကိုက်ထဲနဲ့ အမှုန့်ခြေပစ်မယ်၊ အဲ့ထက်မပိုစေရဘူး" သူက သူ့ကိုယ်သူ ကျေနပ်နေရင်း ဆေးလုံးကို ပါးစပ်ထဲ ပစ်ထည့်ကာ သူရဲကောင်းပုံဖမ်း၍ သူသတိထားမိသည့် အမျိုးသမီးကျင့်ကြံသူများကို ကြည့်လိုက်သည်။
ဆေးလုံး သူ့ ပါးစပ်ထဲ ဝင်သွားသည်နှင့်တစ်ပြိုင်နက် သူက တဟားဟား အော်ရယ်ပြီး မျက်စိပိတ်ကာ တဖြေးဖြေးကိုက်ချလိုက်သည်။
"မြင်တယ်နော်၊ တစ်ကိုက်" သူ၏စကားလုံးများက လုံးထွေးနေသော်လည်း သူဘာပြောသည်ကို လူတိုင်းနားလည်လေသည်။
အရှေ့ဆေးဝါးအဖွဲ့၏ ဆေးဝါးပညာရှင်များအားလုံး ရှက်သွားပုံရသည်။ သိသာစွာပင် လီဖူကွေ့က လုံးဝစက်ဆုပ်ဖွယ်ကောင်းကြောင်း သူတို့တွေ့လိုက်ရလေပြီ။
ဖက်တီးက စကားပြောနေရင်း မသိမသာ အားသုံးပြီး ဒုတိယအကြိမ်ကိုက်ချလိုက်သည်။ သူ့မှာ ရင်ခုန်စပြုလာသော်လည်း မျက်နှာဟန်ပန်ထိန်းရင်း တဟားဟားရယ်ပြီးနောက် ငါးကိုက်ကိုက်မည့် စကားအတိုင်း ဖြစ်စေရမည်ဟု တတွတ်တွတ် ဆက်ပြောနေလေသည်။
သူ့မှာ စိတ်လှုပ်ရှားလာနေပြီ ဖြစ်သည်။ သူ ပထမဆုံးအကြိမ် ဝါးစဥ်က သူ့အင်အား၏ သုံးဆယ်ရာခိုင်နှုန်းသာ အသုံးပြုခဲ့သည်။ ဒုတိယတစ်ခေါက်တွင် ရှစ်ဆယ်ရာခိုင်နှုန်း အသုံးပြုထား၏။ သို့သော် ဆေးလုံးကို နည်းနည်းလေး ချိုင့်သွားအောင်ပင် မလုပ်နိုင်ခဲ့ပေ။ ၄င်းမှာ ဆန့်ကျုံသတ္တိရှိနေပုံရသည်။ တကယ်တမ်း သူ့သွားပင် နာသွားသေး၏။
"ဖက်တီးကြည့်ရတာ အရှက်ကွဲတာထက်စာရင် အသေခံမယ့်အတိုင်းပဲ။ ဘယ်အချိန်က ဒီလိုမျိုးဖြစ်သွားတာလဲ" မန်ဟိုမှာ သနားပြီး အားနာသောဟန်ဖြင့် တွေးလိုက်သည်။
***