← Chapters

ချီးတဲ့မှပဲ

Vol. 18 Ch. 240

ချီးတဲ့မှပဲ

Vol. 18 Ch. 240

"သုံးကိုက်၊ ငါ သုံးကိုက်မြောက် ကိုက်တော့မယ်" ဖက်တီးက သန္နိဋ္ဌာန်ချရင်း စွမ်းအား တစ်ရာရာခိုင်နှုန်းသုံး၍ ကိုက်ချလိုက်သည်။ ဂျိန်းခနဲ သူ့ခေါင်းထဲ ထစ်ခြုန်းသွားပြီး သူ့သွားမှာ ဆေးလုံးပေါ်သို့ ခပ်ပြင်းပြင်းကျရောက်သွားသဖြင့် မီးပွားများ ထွက်သွားသယောင်ပင် ထင်ရသည်။

ဆေးလုံး၏ မယုံကြည်နိုင်ဖွယ် ဆန့်ကျုံ့သတ္တိက သူ့သွားကို ပြန်ကန်လေသည်။ ခံစားချက်မှာ ဖော်ပြမတတ်အောင် ဖြစ်၍ ဖက်တီးကို တုန်ရီလာစေသည်။ သူ့မျက်နှာမှ သွေးဆုပ်သွားပြီး ချွေးသီးချွေးပေါက်များ ကျလာလေပြီ။

သူက အံကြိတ်၍ နာကျင်မှုကို တောင့်ခံရင်း အသံကျယ်ကြီးဖြင့် အော်ပြောလိုက်သည်။ "ငါ ဘယ်လိုစကားတည်လဲ မြင်လား။ ဟားဟားဟား ။ ထင်ယောင်ထင်မှားဖြစ်အောင် ငါ ချွေးထွက်ပြနေတာ...... ဟုတ်ပြီ၊ လေးကိုက်မြောက်အတွက် အချိန်ကျပြီ ကောင်လေး။ ဒီတစ်ကိုက်ပြီးရင် ငါ ဘာမှ မချန်ထားတော့ဘူး"

ကြည့်နေသူများအနေဖြင့် အမှန်တကယ် ဘာဖြစ်နေသည်လဲ မသိဘဲ နေမည်လော။ သူတို့၏မျက်နှာများပေါ်၌ ထူးဆန်းသောအရိပ်အယောင်များ စတင်ပေါ်ပေါက်လာသည်။ တကယ်တမ်း သူမည်မျှ ရှုံ့တွနေကြောင်း သူတို့မြင်နိုင်လေသည်။ အထူးသဖြင့် ကျင်းဟန်ဂိုဏ်းသားများ လီဖူကွေ့အကြောင်း မည်မျှကောင်းကောင်းသိသည်ဆိုလျှင် သူတို့မျက်နှာထားများကား ထူးဆန်းနေကြသည်။

ထာဝရတောင်၏မျက်လုံးများ ကျဥ်းမြောင်းသွား၏။ သူက မျက်မှောင်ကြုတ်ပြီး တစ်ယောက်တည်း တီးတိုးရေရွတ်နေလေသည်။

ဖက်တီး၏မျက်လုံးများထဲ၌ ခိုင်မာပြတ်သားမှုကို လူတိုင်းမြင်တွေ့ရသဖြင့် သူ အားကုန်ထုတ်နေသည်ဖြစ်ကြောင်း သိသာသည်။ သူက ဆေးလုံးကို ပါးစောင်တစ်ဖက်သို့ ပို့ပြီး အားပါးတရ ကိုက်ချလိုက်သည်။

"မင်းဘွားအေ။ ငါက မဝါးနိုင်ဘူးဆိုတာ မရှိဘူး"

ဖက်တီး၏သွား ဆေးလုံးထဲသို့ စိုက်ဝင်သွားသဖြင့် ဂျွတ်ခနဲအသံထွက်လာသည်။ သို့သော် ထိုသို့ စိုက်ဝင်သွားသည့်အချိန်မှာပင် အော်ဂလီဆန်ဖွယ်ကောင်းပြီး လက်ဖျားခါလောက်အောင် စပ်သောအရည်များ ဆေးလုံးအပေါက်ထဲမှ ပန်းထွက်လာသည်။

ဖက်တီး၏မျက်နှာ ရုတ်တရက် ဖြူဆုပ်သွားသည်။ သူ၏ခန္ဓာကိုယ်မှာ စတင်တုန်ရီလာပြီး သူ၏မျက်လုံးများ ပြူးထွက်ကာ သွေးကြောများဖြင့် ပြည့်နှက်သွားသည်။ မျက်ရည်များလည်း စီးကျလာပြီး ထစ်ခြုန်းသံတစ်သံ သူ့ခေါင်းထဲ မြည်ဟည်းသွားသည်။ သူ့မှာ လိပ်ပြာထွက်တော့မတတ်ပင်။ သူ့ပါးစပ်ထဲရှိ ခံစားချက်မှာ ဖော်ပြရခက်လေသည်။

"မင်း....မင်း....." သူ၏ မျက်နှာမှာ ဖြူဖျော့နေပြီး တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေသည်။ သူ့မှာ အမှတ်တမဲ့ နောက်ပြန်ခုန်ပြီး ဆေးလုံးကို ထွေးထုတ်ရန် ပြင်လိုက်စဥ် လူတိုင်း သူ့ကို ကြည့်နေကြကြောင်း သတိရလိုက်သည်။ ထို့ကြောင့် ကပျာကယာ ပါးစပ် တင်းတင်းစေ့ပြီး ဆေးလုံးကို မထွေးထုတ်တော့ပေ။

အခြေအနေမှာ သိပ်ရှုပ်ထွေးပုံမရသော်လည်း ဖက်တီးအတွက်တော့ အိပ်မက်ဆိုးထဲ ရောက်နေသည့်အလားပင်။ ချွေးများ သူ့တစ်ကိုယ်လုံး ရွှဲနစ်နေ၏။ အောက်သိုးသိုးအနံဆိုးများကို သူ သည်းခံနိုင်သည်။ အော်ဂလီဆန်ဖွယ် အရသာကိုလည်း သူ သည်းခံနိုင်သည်။ သို့သော် မည်သည့်အရာမဆိုထက် သူမုန်းသည်က အစပ်အရသာပင်။

သူ့ပါးစပ်တစ်ခုလုံး လောင်မြိုက်နေသကဲ့သို့ ခံစားရပြီး သူ့ကို ရူးစေတော့မည့်ပုံရသည်။

မန်ဟိုမှာ ပို၍ပင် အပြစ်ရှိသလို ခံစားနေရတော့သည်။ မှီခိုရာဂိုဏ်းမှာတုန်းက ဖက်တီး  အစပ်မစားနိုင်သည်ကို သူ သိခဲ့၏။ အမှန်က ဖက်တီးကိုယ်တိုင် သူ့ကို မတော်တဆ ပြောခဲ့မိခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် စောစောက ဆေးဖော်စပ်နေသည့် အတောအတွင်း တမင်တကာ အစပ်အရသာရှိသည့် ဆေးပင်များကို ထည်ခဲ့ခြင်းဖြစ်သည်။

ဆေးလုံးသည် ဖျက်စီး၍မရနိုင်သော အသားဂျယ်လီအရေခွံအမှုန့်ပါဝင်သည့် အရောအနှောဖြစ်သည်။ သို့သော် မန်ဟိုမှာ ဖက်တီး၏သွားက သူခန့်မှန်းထားသည့်စွမ်းအားထက် ကျော်လိမ့်မည်ကို စိတ်ပူခဲ့သည့်အတွက် လိုရမယ်ရ....  အစပ်အရသာ ထည့်ခဲ့ခြင်းပင်။

ဖက်တီးက မျက်နှာကြီး ရဲတွတ်နေလျက် မန်ဟို့ကို ဝါးစားတော့မတတ် ကြည့်သည်။ သူ့လျှာမှာ ထုံနေပြီး သူ့ခေါင်းတစ်ခုလုံး တဝီးဝီးမြည်နေသည်။ "ငါ့မှာ တစ်ကိုက်ကျန်သေးတယ်.....မင်း.....မင်းကောင်စုတ်လေး....  နေနှင့်ဦး ဒီတစ်ခေါက် ငါ ဆေးလုံးကို တစစီဖြစ်အောင် ဝါးပစ်မယ်"

အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်နေသည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကား ထူးဆန်းသောမျက်နှာထားများဖြင့် ကြည့်နေကြ၏။

ဖက်တီး နောက်ဆုံး ငါးကိုက်မြောက်ကို အားကုန်သုံး၍ ကိုက်တော့မည့်အချိန် မန်ဟို့မှာ လက်ပိုက်ကြည့်မနေနိုင်တော့ပေ။ " အတွင်းရောက်လေလေ ပိုစပ်လေလေပဲနော်...." သူက လွှတ်ခနဲ ပြောလိုက်မိသည်။

ဖက်တီး ဤစကားကြားသောအခါ သူ့ကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ ထိသွားသည်။ သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ့မှာ နောက်တစ်ကိုက်ကိုက်ရန် ကြောက်လွန်းသဖြင့် လက်လျှော့တော့မည့်ပုံရသည်။ စောစောက ဖက်တီးကို အမြင်ကပ်နေသူများမှာ ယခုတွင် အတန်ငယ် ကရုဏာသက်သွားဟန်တူသည်။

"မင်း ဘာလိုချင်လဲ..." ဖက်တီးက ပြောသည်။ သူ့ပုံစံမှာ ငိုတော့မည့်အလားပင်။

"ကျုပ်....." မန်ဟို သက်ပြင်းချလိုက်သည်။ သူ့မှာ ယခု အမှန်တကယ် အပြစ်ရှိသလို ခံစားနေရပြီ ဖြစ်သည်။

"ချီးတဲ့မှပဲ" ဖက်တီးက ဆေးလုံးကို ထွေးထုတ်ရန် ပါးစပ်ဟလိုက်သည်။ သို့သော် ဆေးလုံးကို ဖောက်သွားသော်လည်း တောက်လျှောက် မကိုက်နိုင်ခဲ့သော သူ့သွားတစ်ချောင်းက ဆေးလုံးတွင် စိုက်နေသည်။

ဖက်တီးက သွားမှ ဆေးလုံးကို နုတ်ပြီး မန်ဟို့ထံ ပစ်ပေါက်လိုက်သည်။ သူသည် မျက်လုံးများ မုန်းတီးစက်ဆုပ်မှုများဖြင့် တောက်ပနေလျက် ကျင်းဟန်ဂိုဏ်းသားများကြားရှိ သူ့နေရာသူ ပြန်ထွက်သွားသည်။

လောလောဆယ်တွင် သူ့နှုတ်ခမ်းနှင့် လျှာတို့ လုံးဝ ထုံနေလေသည်။ စောစောက သူပြောခဲ့သော စကားလုံးများမှာ အတန်ငယ် လုံးထွေးနေပြီး သူ့မျက်နှာလည်း ရဲတွတ်နေ၏။ ချွေးများ တဖြိုက်ဖြိုက်ကျနေသည့်အပြင် ထစ်ချုန်းသံက သူ့ခေါင်းထဲတွင် ဆက်လက်ပြည့်နှက်လျက်ရှိသေးသည်။ မျက်ရည်များ သူ့မျက်နှာတစ်လျှောက် စီးကျလာပြီး သူ့ပါးစပ်မှ အချိန်မရွေး မီးတောက်များ ထွက်လာတော့မည့်အလား ခံစားရလေသည်။

အရာအားလုံး တိတ်ဆိတ်နေသည်။ လီဖူကွေ့  ဤမျှ အစပ် မုန်းလိမ့်မည်ဟု မည်သူ ခန့်မှန်းနိုင်ခဲ့မည်နည်း။ တွေးနိုင်ခဲ့မည်နည်း။ ကျင့်ကြံသူများသည် သေမျိုးမဟုတ်သဖြင့် ထိုကဲ့သို့အရာများ သူ့တို့အပေါ် သက်ရောက်မှုမရှိအောင် ဟန့်တားနိုင်သည်။ သို့ဖြစ်၍ ဖက်တီး၏တုံ့ပြန်ပုံမှာ ဆေးလုံးအတွက် သာဓကတစ်ခုပင် ။

"ဒီလောက် ထိရောက်မှုရှိရလောက်အောင် အဲ့ဆေးလုံးက ဘယ်လောက်စပ်နေတာတုန်း"

"ဆိုရရင် အဲ့ဒီဆေးလုံးက.... တကယ်ပဲ အဆိပ်ဆေးလုံးတစ်လုံးထက်တောင် အစွမ်းထက်ပါလားဟ"

" ကြောက်စရာပဲ"

လူတိုင်း၏ အာရုံမှာ မန်ဟို့လက်ထဲရှိ ဆေးလုံးကိုသာ အပြည့်အဝ စူးစိုက်လျက်ရှိသည်။ ၄င်း၏ တစ်ဖက်တစ်ချက်စီတွင် သွားကိုက်ရာ နှစ်ခုကို မြင်နိုင်ပြီး တစ်နေရာတွင် ဖက်တီး၏သွား စိုက်ခဲ့သော အပေါက်သေးသေးလေးတစ်ပေါက်ရှိသည်။ ၄င်းက မလုံးဝန်းတော့ဘဲ ပြားနေ၏။

သို့သော် မည်သည့်ဘက်က ကြည့်စေကာမူ ဆေးလုံးကား တစစီဖြစ်မသွားခဲ့ပေ။

မကြာမီ  မျက်လုံးအားလုံးသည် ဆေးလုံးထံမှ မန်ဟို့မျက်နှာဆီ ရွေ့လျားသွား၏။ အရှေ့ဆေးဝါးအဖွဲ့၊ ခရမ်းရောင်ချီအဖွဲ့နှင့် ကျင်းဟန်ဂိုဏ်းတို့အားလုံး မန်ဟို့ကို ကြည့်နေကြလေသည်။

မျက်နှာအမူအရာများကား မျိုးစုံပင်။ ဇီဝေဇဝါဖြစ်နေသော အသွင်၊ ခပ်ယဲ့ယဲ့အပြုံးများ၊ မနာလိုသောမျက်စောင်းများ။ သူ့ကိုသိသူများအားလုံးက ရုတ်တရက် ဆုံးဖြတ်ချက်ချလိုက်ကြသည်။ နောင်တစ်ချိန်တွင် သူ ဖော်စပ်ထားသောဆေးလုံးများကို အလွန်သတိထားသုံးစွဲသင့်သည်ဟူ၍။

မန်ဟိုမှာ အကြည့်ခံရခြင်းနှင့်ပတ်သက်၍ နေသားကျနေပြီဖြစ်သည်။ သူ၏မျက်နှာထားက ယခင် အတိုင်းသာ ဖြစ်သော်လည်း ရင်ခုန်သံတို့ မြန်လာနေလေသည်။ သူက ဆေးလုံးကို သိမ်းပြီး လင်လိုက်လုံနှင့် ခေါင်းခါ၍ ရယ်နေဆဲဖြစ်သော အန်းဇဲ့ဟိုင်ကို ကြည့်လိုက်သည်။

မဟာအကြီးအကဲ ထာဝရတောင်၏ ရှေးဆန်းသောအသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။ "ကလေး၊ မင်းဆေးလုံးကို ငါခဏလောက် စစ်ဆေးခွင့်ရှိမလား"

မန်ဟို တွန့်ဆုတ်သွားပြီးနောက် ရှက်ကိုးရှက်ကန်း မေးလိုက်သည်။ "ဟို....ဆရာကြီး ကျွန်တော် အခုပဲ နိုင်သွားပြီမဟုတ်ဘူးလား" ဖျော့တော့တော့ အသားရေ၊ စာပေသမားဆန်သော ပုံပန်းသွင်ပြင်ဖြင့် သူသည် တကယ့်ကို အကာအကွယ်မဲ့ တိရစ္ဆာန်ငယ်လေးတစ်ကောင်နှင့် တူသည်။ ၄င်းက လူအများအား ချက်ချင်း ကရုဏာသက်မိသွားစေမည့် ပုံစံမျိုးဖြစ်၏။

မန်ဟို့ မေးခွန်းက တကယ်တမ်း မေးခွန်းမေးသံမပေါက်ပေ။ သူမှတစ်ပါး အခြားတစ်ယောက်ယောက် ထိုသို့တုံ့ပြန်ပါက ထာဝရတောင်အနေဖြင့် ပြန်လည်ချေပကောင်း ချေပနိုင်မည်။

မန်ဟို့အမူအရာကို မြင်သော် ဖက်တီး ခေါင်းမွှေးများ အဆုံးထိထောင်သွားသည်။ သူက မျက်လုံးများ ပြူး၍ စိုက်ကြည့်လိုက်သည်။ သူ့လျှာ ထုံနေပြီး မျက်ရည်များကြောင့် အမြင်အာရုံဝေဝါးနေဆဲဖြစ်သော်လည်း ယခုဖြစ်ပျက်နေသည်ကို ကြည့်ရင်း သူ့စိတ်ထဲ၌ မျက်နှာတစ်ခု ပေါ်လာသည်။

ဤဆေးဝါးကျွမ်းကျင်ပညာရှင်၏ မျက်နှာဟန်ပန်၊ ပြောပုံဆိုပုံတို့က မှီခိုရာဂိုဏ်းရှိ ဆေးဝါးအရောင်းဆိုင်မှ သူမှတ်မိသည်များနှင့် တစ်ထေရာတည်းပင်။

"သူက... သူက....." သူအနီးကပ်ကြည့်လေလေ ဇဝေဇဝါဖြစ်လေလေပင်။ အထူးသဖြင့် လွန်ခဲ့သည့် နှစ်အနည်းငယ်က မန်ဟို အစအနမကျန် ပျောက်ကွယ်သွားခဲ့သည်ကို ပြန်တွေးမိလိုက်စဥ်တွင် ဖြစ်သည်။ ဖက်တီးမည်မျှ စုံစမ်းရှာဖွေစေကာမူ သဲလွန်စလေးတစ်ခုပင် ပေါ်ထွက်မလာခဲ့ပေ။ သို့သော် မန်ဟို တောင်ပိုင်းဒေသမှ ထွက်သွားခဲ့မည်ဟု ဖက်တီးမယုံကြည်နိုင်ခဲ့ပေ။

"တကယ်ပဲ သူလား....သေစမ်း.... မန်ဟိုတစ်ယောက်ပဲ ငါ အစပ်မုန်းတာသိတာ" ဖက်တီး၏မျက်လုံးများ ပြူးထွက်လာပြီး အသက်ရှူသံတို့ မြန်ဆန်လာသည်။ သူ့မှာ ယခု ပို၍ပင် ဝေခွဲရခက်နေတော့သည်။ ဤလူသာ မန်ဟိုမဟုတ်လျှင် သူ သေချာပေါက် တစ်နည်းနည်းဖြင့် လက်စားပြန်ချေမည်ဖြစ်သည်။ သို့သော် မန်ဟိုဖြစ်လျှင်တော့ လုပ်မည်မဟုတ်ပေ။

မဟာအကြီးအကဲ ထာဝရတောင်က မန်ဟို့ကို ကြည့်ပြီး ပြုံးလိုက်သည်။ စိတ်ထဲတွင် သူပြုးနေ၏။ သူ့အတွက် ထိုနှစ်များက သူ့ကိုယ်သူ ပြန်ကြည့်နေသကဲ့သို့ ခံစားရသည်။ အစပ်အရသာ ထည့်ထားသည်ဖြစ်စေ၊ မထည့်ထားသည်ဖြစ်စေ သူဂရုမစိုက်ပေ။ လီဖူကွေ့ ဆေးလုံးကို  လေးကိုက်ဖြင့် မဝါးနိုင်ခဲ့သည့်အချက်က ၄င်း၏ မာကြောမှုနှင့် ပြန်ကန်မှုအတွက် သက်သေပင်။

"ငါ ရှုံးသွားပုံပဲ" မဟာအကြီးအကဲထာဝရတောင်က ပြုံးရင်း ပြောသည်။ ထို့နောက် သူက အင်္ကျီလက်စကို ခါလိုက်ရာ ရှေးဟောင်းဆေးလုံးဖြင့် ဆေးပုလင်း လင်ဟိုက်လုံထံ ပျံသန်းလာသည်။ "ကလေး၊ မင်း ငါ့ကို ဆေးလုံးကို ကြည့်ခွင့်ပေးမှာလား"

"မပေးနိုင်တာ စိုးရွံ့မိပါတယ်" မန်ဟိုက ပြန်ဖြေသည်။ သူ၏အမူအရာမှာ ရှက်ကိုးရှက်ကန်းဖြစ်နေပုံမပေါက်တော့ပေ။ " အရှေ့ဆေးဝါးအဖွဲ့ ဝါရင့်ဂိုဏ်းဝင်တွေရဲ့ ခွင့်ပြုချက်မပါဘဲ ဂျူနီယာအနေနဲ့ ဆေးလုံးကို တခြားသူတွေဆီ တန်ဖိုး ဖြတ်ဖို့ မပေးဝံ့ပါဘူးခင်ဗျာ"

မန်ဟို ဆေးလုံးကို သူ့လက်ထဲ ထည့်မပေးနိုင်ပေ။ မဟာအကြီးအကဲထာဝရတောင် ၄င်းကို ရလိုက်သည်နှင့်တစ်ပြိုက်နက် သေချာပေါက် အသားဂျယ်လီအရေခွံအမှုန့်ကို စစ်ဆေးတွေ့ရှိမည်ဖြစ်သည်။ ထို့နောက် မန်ဟို့၏ရာထူး ထိခိုက်ပြီး ပြဿနာတစ်ခုခုတက်သွားနိုင်လေသည်။

ထာဝရတောင်မှာ မန်ဟို၏အဖြေကြောင့် အံ့အားသင့်သွား၏။ သူ ဆေးလုံးတစ်လုံးအား တန်ဖိုးဖြတ်ရန် မတောင်းဆိုခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ ယခင်က မည်သည့်ဆေးဝါးကျွမ်းကျင်ပညာရှင်မှ မငြင်းခဲ့ဖူးပေ။ သူ၏အဆင့်အတန်းကို စဥ်းစားကြည့်ပါက မည်သူမဆို စိတ်အားထက်သန်စွာဖြင့် ဆေးလုံးကို ကမ်းပေးကြသည်သာ။ သူ့ထံမှ စကားတစ်ခွန်းသည် ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်၏နာမည်ကို တောင်ပိုင်းဒေသတစ်ခွင် ပျံ့နှံ့သွားစေနိုင်၏။

မန်ဟို၏ တုံ့ပြန်ချက်ကြောင့် လင်ဟိုက်လုံ၏မျက်နှာ အတန်ငယ်ပျော့ပျောင်းသွားသည်။ သူက မန်ဟို့ကို ပြုံးပြပြီး ခေါင်းညိတ်လိုက်သည်။ "မင်းနာမည်က ဘာလဲ"

"ဂိုဏ်းသား ဖန်မုပါဗျ" မန်ဟိုက ထိတ်ထိတ်ပျာပျာ ပြန်ဖြေသည်။

"ငါ စောစောက ပြောခဲ့တာ ဟာသမဟုတ်ဘူး" သူက ခပ်ပြုံးပြုံးဖြင့် ပြောသည်။ "ဖန်မု၊ ဒီနေ့က စပြီး မင်းက ဆေးပေါင်းဖိုဘုရင်ဖြစ်ပြီ။ ခဏနေရင် ဆေးပေါင်းဖိုဘုရင်တံဆိပ်ကိစ္စအတွက် ငါ မင်းဆီ လူလွှတ်လိုက်မယ်" ထို့နောက် သူက ထာဝရတောင်ကို လှမ်းကြည့်သည်။ "ဘာကိစ္စရှိသေးလဲ မဟာအကြီးအကဲ ထာဝရတောင်"

ထာဝရတောင်က မန်ဟို့ကို အကြာကြီး လေးလေးနက်နက် ကြည့်နေ၏။ ထို့နောက် ခေါင်းတခါခါနှင့် ပြုံးပြီး ထရပ်လိုက်သည်။

"ကျုပ် ရှုံးသွားပြီ" သူက ပြော၏။ "ဒါပေမဲ့ ကျုပ် နောင်တမရဘူး။ ဒီလိုကလေးမျိုးနဲ့ အရှေ့ဆေးဝါးအဖွဲ့ဟာ ထာဝရတည်တံ့နိုင်တယ်။ ဒါပေမဲ့ ပထမ အစ်ကိုကြီးလျူ၊ ပြီးတော့ ကျုပ်။ ဘယ်သူသိနိုင်မလဲ ဂိုဏ်းကို စွန့်ခွာသွားမယ့် တတိယမြောက်လူ ပေါ်လာမလားဆိုတာ" သူက မန်ဟို့ကို နောက်ဆုံးတစ်ခေါက် ပြုံးပြပြီး လှည့်ထွက်သွားသည်။

ကျန်ရှိသော ကျင်းဟန်ဂိုဏ်းသားများလည်း သူ့နောက်မှ လိုက်ပါသွားကြသည်။ တန်ရှီကံက ဝူတင်းချိုးကို ပြုံးပြ၍ အရိုအသေပေးပြီးနောက် သူ့ဂိုဏ်းသားများဖြင့် ထွက်ခွာသွားသည်။

ဖက်တီးက မသွားခင် မန်ဟို့ကို သနားစရာ မျက်နှာပေးဖြင့် ပြန်လှည့်ကြည့်သည်။ သူ၏ဝေခွဲရခက်နေသော အမူအရာက မန်ဟို့ကို အလွန် အပြစ်ရှိသလို ခံစားရစေသည်။ သူ၏သရုပ်မှန်ကို ဖက်တီးသိသွားလောက်သည်ကိုလည်း သူသဘောပေါက်လိုက်၏။

***

All Chapters