← Chapters

အရှေ့အရပ်မှခရမ်းရောင်ချီ

Vol. 18 Ch. 241

အရှေ့အရပ်မှခရမ်းရောင်ချီ

Vol. 18 Ch. 241

ဇီယွင်ဂိုဏ်း၏အပြင်တွင် မီတာသုံးရာအရှည် လေသင်္ဘောအမြောက်အမြား ကောင်းကင်ကိုဖြတ်၍ ရွက်လွင့်လျက်ရှိသည်။ လေသင်္ဘောတစ်စင်းပေါ်တွင် တန်ရှီကံသည် မဟာအကြီးအကဲထာဝရတောင်နှင့်အတူရပ်လျက် အဝေးသို့ ငေးကြည့်နေ၏။

တန်ရှီကံက တခဏမျှ တုံ့ဆိုင်းနေပြီးနောက်ဆုံး သူ့ရင်ထဲ၌ ရွစိရွစိဖြစ်နေသော မေးခွန်းကို ထုတ်ပြောတော့သည်။ "မဟာအကြီးအကဲထာဝရတောင်၊ အဲ့ဒီရှေးဟောင်းဝင်ရောက်ခြင်းဆေးလုံးကို သူတို့ဆီ တကယ်ကြီး အလွယ်တကူ ပေးတော့မှာလား"

ထာဝရတောင်က အကြာကြီး တိတ်ဆိတ်နေပြီးနောက် ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။ "ဝင်ရောက်ခြင်းဆေးလုံးမှာ ချွတ်ယွင်းချက်တွေရှိတယ်။ ငါ အဲ့တာကို ဟိုးအရင်ထဲက လေ့လာခဲ့ပြီးပြီ။ ဒါ့အပြင်.....  အရှေ့ဆေးဝါးအဖွဲ့က ထိန်းချုပ်ထားတဲ့ရင်းမြစ်တွေအားလုံးနဲ့ဆို ဝင်ရောက်ခြင်းဆေးလုံးတစ်လုံး ရှိမနေဘူးလို့ မင်းထင်လား"

တန်ရှီကံ၏ မျက်လုံးများ ဖြတ်ခနဲ လက်သွားသည်။ တခဏကြာသော် သူခေါင်းညိတ်လိုက်၏။

"ပြီးတော့ " ထာဝရတောင်က ဆက်ပြောသည်။ "ငါ ဇီယွင်ဂိုဏ်းကို သွားရတဲ့ရည်ရွယ်ချက် အောင်မြင်သွားပြီ။ အသေးအဖွဲ ဝင်ရောက်ခြင်းဆေးလုံးတစ်လုံးနဲ့ ကောင်းကောင်းတန်တယ်" သူ၏မျက်လုံးများသည် ထူးဆန်းသောအလင်းရောင်တစ်ခုဖြင့် တောက်ပသွား၏။

"ဟင်" တန်ရှီကံက တအံ့တသြပြောသည်။ သူ အတော်လေး နားမလည်သေးပေ။ "ဒါပေမယ့် မဟာအကြီးအကဲဆေးလုံးမိစ္ဆာ မျက်နှာမပြဘူးလေ။ မဟာအကြီးအကဲထာဝရတောင် ခင်ဗျားရည်ရွယ်ချက်ဘယ်လို အောင်မြင်သွားတာလဲ"

"ဆရာ့ကို ဂါဝရပြုဖို့ ငါသွားတယ်လို့ ဘယ်သူပြောတုန်း" သူက ရှေးဆန်ပြီး ဉာဏ်အမြော်အမြင်များနှင့် ပြည့်နှက်နေသော အသံဖြင့် ပြန်ဖြေသည်။ "ဆရာက ငါ့ကို ဘယ်တော့မှ အတွေ့ခံမှာမဟုတ်ဘူး။ ငါ့ဆေးလုံးက ဆင်ခြေတစ်ခုသက်သက်ပဲ။ တကယ့် ရည်ရွယ်ချက်က မဟာအကြီးအကဲဆေးဒယ်အိုးကို တွေ့ရဖို့" ထာဝရတောင်က ရယ်သည်။

ဆေးဝါးတာအိုကို သူ လက်ရှိရောက်နေသောအဆင့်အထိ ကျင့်ကြံခဲ့ပြီးသည့် မည်သူမဆို အလွန်အားကောင်းသော ထိုးထွင်းသိမြင်နိုင်စွမ်းအားများ ပိုင်ဆိုင်ကြမည်ဖြစ်သည်။

တန်ရှီကံက အံသြတကြီး စိုက်ကြည့်သည်။ "မဟာအကြီးအကဲဆေးဒယ်အိုး။ သူက ...." သူ ဆက်ပြောရန် ပြင်လိုက်သော်လည်း ရပ်လိုက်သည်။ သူ၏သူငယ်အိမ်များ ကျဥ်းမြောင်းသွားပြီး ရုတ်တရက် သူ၏မျက်လုံးများမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွား၏။ သူက ထာဝရတောင်ကို လှမ်းကြည့်သည်။ "မဟုတ်မှ....."

"မဟာအကြီးအကဲ ဆေးဒယ်အိုးက အဲ့ဒီ့လူငယ်လေးပဲ" ထာဝရတောင်က တည်ကြည်ပြတ်သားသောလေသံဖြင့် ပြောသည်။ ထိုစကားလုံးများက တန်ရှီကံကို မိုးကြိုးသဖွယ် ထိမှန်ရိုက်ခတ်၏။ သူ၏ အသက်ရှူသံများ ချက်ချင်း မြန်ဆန်လာတော့သည်။

"အန်းဇဲ့ဟိုင် သေချာပေါက်သိတယ်" ထာဝရတောင်က ပြောသည်။ "သူ့ရဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းကို စဥ်းစားရင် ဆရာ သူ့ကို ပြောထားတာ သေချာတယ်။ အစ်ကိုကြီးလင်ကတော့ သူ့ရဲ့ဆေးဝါးတာအိုအသိက နှစ်ပေါင်းရာချီကြာတာတောင် အခုထိ မတိုးတက်သေးဘူး။ သူ မဟာအကြီးအကဲဖြစ်လာဖို့ တံခါးပေါက်ကို ဘယ်တော့မှ ဖြတ်သန်းနိုင်မှာမဟုတ်ဘူး။ ပြောရရင် ဆေးဖော်စပ်တာမှာ ဖန်မုရဲ့အသိကို သူမမြင်နိုင်ခဲဘူးလေ။ အနိုင်ရဖို့ သူနောက်ဆုံးသုံးသွားတဲ့ စမ်းတဝါးဝါးနည်းလမ်းပေါ့။ ဖန်မုက တော်တော့်ကို ထက်မြက်တယ်"

"အဲ့ဒီကောင်လေး ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ မဟာအကြီးအကဲဆေးဒယ်အိုးဖြစ်နေပြီတဲ့လား။ ဒီကိစ္စက......" တန်ရှီကံ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ထူးဆန်းသောအလင်းရောင်တစ်ခု သူ၏မျက်လုံးများ၌ ပြည့်နှက်သွားသည်။

"အခုတော့ မဟာအကြီးအကဲဘွဲ့ဟာ သူ့အတွက် စဥ်းစားစရာမလိုသေးဘူး။ ဒါပေမယ့် သူက တကယ့်ရှားမှရှားတဲ့ မျိုးစေ့တစ်စေ့ပဲ.... မင်း သူ့ကို နှောင့်ယှက်ချင်ရင် သွား ၊ သူ့သရုပ်မှန်အကြောင်း သတင်းဖွလိုက်။ ဒါပေမယ့် မမေ့နဲ့၊ ဆေးဝါးတာအိုရဲ့ စစ်မှန်တဲ့ မဟာအကြီးအကဲတစ်ယောက်က အဆိပ်တာအိုရဲ့ မဟာအကြီးအကဲတစ်ယောက်လည်း ဖြစ်တယ်ဆိုတာ ။ သူ့အတွက် ဂိုဏ်းလေးတစ်ဂိုဏ်း ရှင်းပစ်ဖို့က စားပွဲပေါ်က ဖုန်နည်းနည်းပါးပါး ခါသလို လွယ်ကူတယ်။ သူက သူရဲ့ ပျက်စီးခြင်းဆေးလုံးနဲ့ အဲ့ထဲက ဒေါသထွက်နေတဲ့ မကောင်းဆိုးဝါးစိတ်ဆန္ဒကြောင့် နာမည်ကြီးလာတာ။ ဆေးလုံးကို ငါ့မျက်စိနဲ့တပ်အပ်မမြင်ရတာတောင်မှ ကျောက်စိမ်းပေလွှာအပေါ် ရေးဆွဲထားတဲ့ ပုံရိပ်တွေနဲ့တင် ငါ့ကို ခေါင်းမွှေးထောင်သွားစေဖို့ လုံလောက်တယ်" သူက အေးဆေးတည်ငြိမ်စွာ ပြောနေသော်လည်း သူ၏စကားလုံးများက တန်ရှီကံ၏နှလုံးသားအား ဆောက်နှင့်ထွင်းလိုက်သည့်အလားပင်။

"သူက သေချာပေါက် သူ့သရုပ်မှန်ကို မဖော်ထုတ်ချင်ဘူး" မဟာအကြီးအကဲထာဝရတောင်က ဆက်ပြောသည်။ "ဒီတော့ မင်း သူ့ကို ပြဿနာမရှာတာ ကောင်းမယ်။ ငါ အသိချင်ဆုံးကတော့.... သူ တတိယမြောက်စွန့်ခွာသူ ဖြစ်လာမလားဆိုတာပဲ" သူက ပြုံးလိုက်သည်။ သူ့စကားလုံးများက မေးခွန်းဖြစ်သော်လည်း သူ့ကြည့်ရသည်မှာ အဖြေကိုသိနှင့်ပြီးဖြစ်ဟန်တူသည်။

ကျင်းဟန်ဂိုဏ်းမှ လူများ ဇီယွင်ဂိုဏ်းအကြောင်း တွေးတောနေသည့် တစ်ချိန်တည်းမှာပင် တောင်ပိုင်းဒေသရှိ ဝေးလံသောတစ်နေရာ၊ ပြန်လည်မွေးဖွားခြင်းဂူအနားတွင် လွန်ခဲ့သည့်နှစ်များက ကောင်းကင်မှ ပြုတ်ကျလာခဲ့သည့် အလောင်းရှိသည်။ လောလောဆယ်တွင် အဝေးမှ ကျင့်ကြံသူဒါဇင်များစွာသည် ၄င်းထံသို့ အမြင့်ဆုံးအရှိန်ဖြင့် တဟုန်ထိုးလာနေကြသည်။

သူတို့အားလုံးက အနက်ရောင်အဝတ်စားများ ဝတ်ဆင်ထားကြ၏။ သူတို့ ခန္ဓာကိုယ်မှ ထုတ်လွှတ်သောချီသည် အေးစိမ့်လှသဖြင့် ပူပြင်းသောနွေရာသီလေထုကို မရဏသင်္ချိိုင်း၏ အအေးဓာတ်သဖွယ် ပြောင်းနိုင်သည့်အလားပင်။

ဤကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအခြေခံများမှာ တစ်သမတ်တည်းမဟုတ်ပေ။ တစ်ခါတရံ ချီအခြေတည်အဆင့်ဖြစ်ပြီး တစ်ခါတရံ အမြုတေဖြစ်တည်မှုအဆင့်ဖြစ်သွားတတ်သည်။ တစ်ခါတလေ အနုသုခုမရုပ်ခန္ဓာအဆင့် ဖြစ်တတ်ပြီး ရံဖန်ရံခါ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်၏ချီကိုပင် ထုတ်ဖော်တတ်ပြန်သည်။

အင်မိုတယ်အလောင်းဟုခေါ်သည့်အရာမှာ ပြီးခဲ့သည့်နှစ်များတစ်လျှောက်လုံး တောင်ပိုင်းဒေသရှိ ဂိုဏ်းများ၏ ရင်ထဲတွင် လှိုင်းဂယက်များစွာ ရိုက်ခတ်သွားစေခဲ့သည်။ ဂိုဏ်းကြီးငါးဂိုဏ်းနှင့် မဟာမျိုးနွယ်စုသုံးစုအနေဖြင့် စုံစမ်းစစ်ဆေးမှုများကို လက်မလျှော့နိုင်သေးပုံရသည်။ လှုပ်ရှားမှုအတိုင်းအတာသည် ယခင်ကကဲ့သို့ မကြီးကျယ်တော့သော်လည်း ဂိုဏ်းအားလုံး အနှစ်နှစ်အလလ အကျိုးကျေးဇူးတချို့ ခံစားခဲ့ရသည်။ ယခုအချိန်တွင် အလောင်းနားသို့ အတော်လေးးနီးနီးကပ်ကပ် တိုးသွားနိုင်ပြီဖြစ်လေသည်။

မဝေးတော့သည့် အနာဂတ်တွင် ဤအလောင်းက တောင်ပိုင်းဒေသတွင် ပို၍ပင် ကြီးကျယ်သော ဂယက်၊ စစ်မှန်သော ဆူညံပွက်လောရိုက်မှုကြီး ဖြစ်ပွားစေမည်ကို အလွယ်တကူ ခန့်မှန်းနိုင်သည်။ ထို့နောက်တွင် ကျင့်ကြံသူအမြောက်အမြား ၄င်းအနားချဥ်းကပ်ရန် ရောက်ရှိလာကြလိမ့်မည်။ ယခု ဤနေရာရှိ လူများက အကဲစမ်းကြည့်နေကြခြင်းသာ ဖြစ်သည်။

သို့သော် ယခု အလောင်းထံ တဟုန်ထိုးသွားနေကြသည့် ကျင့်ကြံသူများမှာ အတော်လေးထူးခြားဆန်းကြယ်၏။ သူတို့၏ ခန္ဓာကိုယ်များတွင် ဝိညာဥ်တစ်ကိုယ်မဟုတ်ဘဲ နှစ်ကိုယ်ပါဝင်သည့်အလား အနက်ရောင်အငွေ့များ သူတို့ဖြတ်သွားသမျှ လမ်းတစ်လျှောက် ပြည့်နှက်သွားသည်။ ကြည့်ရသရွေ့ သူတို့မှာ အသက်ပင် မရှိဘဲ လေလွင့်ဝိညာဥ်များပါရှိသည့် ကိုယ်များနှင့် ရုပ်သေးရုပ်များဖြစ်ဟန်တူသည်။

သူတို့က လျင်မြန်စွာ ရွေ့လျားနေသည့်အတွက် အလောင်းထံ ချက်ချင်းရောက်လုနီးပါးပင်။ ရုတ်တရက် သူတို့ထံမှ ထွက်နေသော အငွေ့များကား မြူနက်တံစဥ်အသွင်ပြောင်းရင်း တွန့်လိမ်ကောက်ကွေးလာ၏။ တံစဥ်မှာ မည့်သည့်အရာကိုမဆို ပိုင်းဖြတ်နိုင်စွမ်းရှိပုံရသည်။ ၄င်းက အလောင်း၏လည်ပင်း တည့်တည့် ခုတ်ချလိုက်၏။

ကျင်းဟန်ဂိုဏ်း ဇီယွင်ဂိုဏ်းမှ ထွက်သွားပြီး ရက်အနည်းငယ်ကြာသော် အလောင်းဟုခေါ်သော အရာကြီးထံမှ ရုတ်တရက် ၄င်း ကောင်းကင်မှ ပြုတ်ကျလာသည့်နေ့ကတည်းက မကြားခဲ့ရသော ဟိန်းဟောက်သံအကျယ်ကြီး ထွက်ပေါ်လာသည်။

ဤဟိန်းဟောက်သံကြီးကား အမှန်တကယ်ဆိုရလျှင် ပထမအသံထက် ကျော်လွန်၏။ ၄င်းက မိုးခြိမ်းသံကဲ့သို့ ထစ်ချုန်းရင်း တောင်ပိုင်းဒေသတစ်ခွင်လုံးကို လှဲကျင်းတိုက်ခတ်သွားသည့် မိုးသက်မုန်တိုင်းကြီိးပမာပင်။

ဟိန်းဟောက်သံကြီး ထွက်ပေါ်လာစဥ် အလောင်းနား ချဥ်းကပ်လာနေသော ကျင့်ကြံသူဒါဇင် သွေးအန်လိုက်ရသည်။ သူတို့၏ ခန္ဓာကိုယ်များ ဝေဝါးလာပြီး နောက်သို့ လွင့်ထွက်ကုန်သည်။ သူတို့မှလွဲ၍ ဘယ်သူမှမကြားနိုင်သော အသံတစ်သံ သူတို့ခေါင်းထဲတွင် ပဲ့တင်ထပ်သွား၏။

"ထွက်သွားစမ်း"

ဟိန်းထွက်နေသောစကားလုံးများးက ကောင်းကင်ဘုံအထိ ပဲ့တင်ထပ်သွားမည့်ပုံရသည်။ ကျင့်ကြံသူများထဲက တစ်ဝက်မှာ မချိတင်ကဲအော်ဟစ်ရင်း ခန္ဓာကိုယ်များ ပေါက်ကွဲကုန်၏။ အသွေးအသားများ အရပ်မျက်နှာအနှံ့ လွင့်စင်သွားသည်။ အတွင်းမှ လေလွင့်ဝိညာဥ်များ ပေါ်လာသော်လည်း သူတို့ထွက်မပြေးနိုင်မီ ပြိုကွဲပျောက်ကွယ်သွားကြသည်။

ကျန်ရစ်သူ ဆယ်ယောက်ကျော်က ချက်ချင်း အမြင့်ဆုံးအရှိန်ဖြင့် ပျံပြေးကြသည်။ သို့သော် သူတို့ ဝေးဝေးလံလံမရောက်ခင် သူတို့ခန္ဓာကိုယ်ထဲရှိ လေလွင့်ဝိညာဥ်များအား မထိန်းချုပ်နိုင်သည့်အလား တစ်ကိုယ်လုံးတုန်ခါလာကြသည်။

ဟုတ်ပါသည်၊ ဤလူများကား ချင်းလော်ဂိုဏ်းမှဖြစ်သည်။

သူတို့ထွက်သွားချိန်မှာပင် သတင်းတစ်ခု တောင်ပိုင်းဒေသတွင် စတင်ပျံ့နှံ့လာသည်။ အင်မိုတယ်အလောင်း၏ လည်ပင်းပေါ်၌ သွေးရာတစ်ခု ပေါ်လာခဲ့သည်ဟူ၍။

ကြည့်ရသည်မှာ တစ်စုံတယောက်က ၄င်းခေါင်းကို ဖြတ်ရန် ကြိုးစားခဲ့သော်လည်း အရာသာ ချန်ရစ်နိုင်ခဲ့ခြင်း ဖြစ်တန်ရာသည်။

ဤသတင်း ဂိုဏ်းအသီးသီးထံ ရောက်သည်နှင့်တစ်ပြိုင်နက် ကျင့်ကြံသူအမြောက်အမြား ထွက်လာပြီး ပြန်လည်မွေးဖွားခြင်းဂူထံ ဦးတည်သွားကြသည်။ သူတို့မှာ အနားသိပ်မကပ်ရဲသဖြင့် အဝေးတစ်နေရာမှသာ ကြည့်ရှုကြလေသည်။

အဆိုပါသတင်းက ဂိုဏ်းကြီးငါးဂိုဏ်းနှင့် မဟာမျိုးနွယ်စုသုံးစုအား အုတ်အော်သောင်းနင်းဖြစ်သွားစေသည်။

မှန်ပါသည်၊ သတင်းနှင့်အတူ အလောင်းမှ ဟိန်းဟောက်သံသည်လည်း ဇီယွင်ဂိုဏ်း၏ အရှေ့ဆေးဝါးအဖွဲ့ထံ ရောက်သည်။ သို့သော် သူတို့က အတော်လေး အလှမ်းဝေးသောနေရာတွင် တည်ရှိ၏။ ထိုမျှသာမက ဖန်မုမှာ ယခုလေးတင်မှ ဆေးပေါင်းဖိုဘုရင်အဆင့် တက်သွားခြင်းဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းက ထိုကိစ္စကို သိပ်အာရုံမစိုက်ပေ။

များသောအားဖြင့် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ရာထူးပြီးနောက် ဒုတိယဖြစ်သော ဆေးပေါင်းဖိုဘုရင်အဆင့်တက်ခြင်းသည် အရှေ့ဆေးဝါးအဖွဲ့အတွက် ကြီးကျယ်ခမ်းနားသော အခါသမယဖြစ်သည်။ သို့သော် ထုံးတမ်းအစဥ်အလာအတိုင်းမဟုတ်သည့်အပြင် အတော်လေးရိုးရှင်းသော မန်ဟို့အဆင့်တက်ပုံက အသံတိတ် ကြိိုဆိုခြင်းသို့ ဦးတည်သွား၏။

အကြောင်းကိစ္စများက ရိုးရှင်းသော်လည်း မန်ဟို့မှာ ရက်အတန်ကြာသည်အထိ အတော်လေးအလုပ်ရှုပ်နေသေးသည်။ သူ့အတွက် ကျင့်ကြံခြင်းဂူအသစ်နှင့် ဝတ်ရုံအသစ်ရရှိ၏။ တချို့က သူ အဆင့်တက်သွားပုံအား နှိမ်ကောင်းနှိမ်နေသေးသော်လည်း သူကတော့ ရာထူးအသစ်၏ အကျိုးခံစားခွင့်များအား ရရှိသေးလေသ ည်။

ဥပမာ- သူ၏ ကျင့်ကြံခြင်းဂူ။ ယခုတွင် မန်ဟိုသည် အရှေ့ဆေးဝါးအဖွဲ့အတွင်း ဆေးဝါးကျွမ်းကျင်ပညာရှင်များထံမှ အလှမ်းဝေးသော တစ်နေရာ၌ ချိုင့်ဝှမ်းတစ်ခုလုံး ပိုင်ဆိုင်ထားလေပြီ။ ၄င်းက မကြီးသော်လည်း သေးသည်လည်း မဆိုတန်ရာ။ ထို့ပြင် သူ့တစ်ယောက်တည်း အပိုင်ဖြစ်သည်။

သူ၏ ဆေးဝါးပညာရှင်ဝတ်ရုံမှာ ခရမ်းနှင့်အနက်ရောင် ရောယှက်နေပြီး အထူးလုပ်ဆောင်ချက်တစ်ခု ပါရှိသည်။ ၄င်းတွင် အချင်းဝက် ကီလိုမီတာ ၅၀ အတွင်း မည့်သည့်နေရာကိုမဆို ရွှေ့ပြောင်းရန် အသုံးပြုနိုင်သည့် မှော်ခရီးတိုရွှေ့ပြောင်းရေးစွမ်းရည် ပါရှိသည်။ ထိုစွမ်းရည်ကို သုံးကြိမ်အသုံးပြုပြီးပါက ဝတ်ရုံအသစ်တစ်ထည် လဲနိုင်လေသည်။

မန်ဟို၏ သွေးကြိုးကြာဆေးပေါင်းဖိုကဲ့သို့ ဆေးပေါင်းဖိုများအတွက်မူ လိုအပ်လျှင် ဂိုဏ်းမှ ထောက်ပံ့ပေးမည်ဖြစ်သည်။ ယခင်က တန်ဖိုးမြင့်ဆေးလုံးတချို့ ဖော်စပ်ချင်လျှင် လိုအပ်သော ဆေးပင်များရရန် အခြားသူများနှင့် မကြာခဏ အလဲအလှယ်လုပ်ရသည်။ သို့သော် ယခုတွင် သူသည် ဆေးပေါင်းဖိုဘုရင် ဖြစ်လေရာ ထိုကဲ့သို့ အရာများကို ဂိုဏ်းမှ အလကားထောက်ပံ့ပေးလိမ့်မည်။

ထိုမျှသာမက အလွန်စျေးကြီးပြီး ရှားပါးသော ဆေးပင်တချို့ကိုလည်း သူ အကြွေးဝယ်နိုင်သည်။ ပို၍အရေးကြီးသည်က ဆေးပေါင်းဖိုဘုရင်တစ်ယောက်အနေဖြင့် ခရမ်းရောင်ကံကြမ္မာကောင်းကင်နယ်မြေကို တစ်လတစ်ခါ ဝင်ရောက်နိုင်ပြီဖြစ်သည်။

အကျိုးခံစားခွင့်များက များပြားပြီး အသေးစိတ်ဖော်ပြရခက်သည်။ ရာထူး၊ အဆင့်အတန်း၊ကုန်ကုန်ပြောရလျှင် သူကား ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်ထက် အများကြီးသာလေသည်။ တစ်ခုက ကောင်းကင်၊ တစ်ခုက မြေကြီးဖြစ်သည်။

ဆေးဝါးကျွမ်းကျင်ပညာရှင် တစ်ထောင်ရှိသော်လည်း ဆေးပေါင်းဖိုဘုရင်က တစ်ရာသာရှိသည်။ ယခုတွင် မန်ဟိုသည် အတွင်းစည်းဂိုဏ်းသားအားလုံးကို အထင်သေးနိုင်၏။ ခရမ်းရောင်ချီအဖွဲ့၏ သီးသန့်ဂိုဏ်းသားများပင်လျှင် ဆေးပေါင်းဖိုဘုရင်တစ်ယောက်ကို ရိုရိုကျိုးကျိုး ဆက်ဆံရမည်ဖြစ်သည်။ စည်းမျဥ်းအရ သီးသန့်ဂိုဏ်းသားများအနေဖြင့် ဆေးပေါင်းဖိုဘုရင်ထံမှ ဆေးဖော်စပ်ခွင့်တောင်းဆိုနိုင်သော်လည်း များသောအားဖြင့် ဂိုဏ်းအကြီးအကဲများသာ ထိုသို့တောင်းဆိုတတ်၏။

အပြင်ဘက်တောင်ပိုင်းဒေသတွင် မည်သည့်ဂိုဏ်းမဆို ဇီယွင်ဂိုဏ်း၏ ဆေးပေါင်းဖိုဘုရင်တိုင်းအား ဆေးဝါးကျွမ်းကျင်ပညာရှင်များနှင့်မတူ အထူးအလေးထားဆက်ဆံကြသည်။

ဆေးပေါင်းဖိုဘုရင်ဖြစ်ခြင်းက အရှေ့ဆေးဝါးအဖွဲ့၏ သီးသန့်ဂိုဏ်းသားတစ်ယောက်ဖြစ်သည်နှင့် တူသည်ဟု ပြောနိုင်သည်။ ကံဆိုးစွာပင် ဆေးပေါင်းဖိုဘုရင်တစ်ယောက်ဖြစ်ရန်မှာ အခြားဆေးပေါင်းဖိုဘုရင်အားလုံး၏ အသိအမှတ်ပြုခံရခြင်းအပေါ် မူတည်၍ ခန့်မှန်းကြခြင်းဖြစ်သည်။ သို့ဖြစ်၍ မန်ဟို၏ ကောက်ကာငင်ကာ ရာထူးတက်ခြင်းက အခြားဆေးပေါင်းဖိုဘုရင်များအား သူ့ကို သဘောမတွေ့ဖြစ်စေသည်။

သို့သော် မန်ဟိုက ဂရုမစိုက်ပေ။ အဆင့်တက်ပြီးနောက် သူ ပထမဆုံးလုပ်သည့်အရာမှာ အရှေ့အရပ်မှခရမ်းရောင်ချီ၏ မူပွားတစ်အုပ် သွားငှားခြင်းဖြစ်သည်။ သူ့မှာ ထိုအခွင့်အရေးအား အချိန်အကြာကြီး စောင့်ခဲ့ရလေသည်။ သူသည် ၄င်းကို ဖတ်ပြီးသည်နှင့်တစ်ပြိုင်နက် တံခါးပိတ်ကျင့်ကြံပြီး စတင်အားထုတ်တော့သည်။

နှစ်လကြာသော် သူပြန်ထွက်လာ၏။ သူ့တွင် တာအိုမဏ္ဍိုင်ခြောက်ခုရှိနေဆဲဖြစ်ပြီး ယခုတွင် ရွှေရောင်မဟုတ်တော့ဘဲ ခရမ်းရောင်ဖြစ်နေလေပြီ။ ထိုအခါမှနောက်ဆုံး သူ့မှာ စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့သည်။

ယခုကစ၍ သူ၏ ကျင့်ကြံခြင်းအခြေခံရှိ မြင့်မြတ်သောဝိညာဥ်ကျမ်းစာ၏ အရိပ်အယောင်များကို ဘယ်သူမှ မြင်နိုင်တော့မည်မဟုတ်ပေ။ သူ ကျင့်ကြံထားသည့် ကျင့်စဥ်မှာ မြင့်မြတ်သောဝိညာဥ်ကျမ်းစာ၏ ချီဖွဲ့စည်းမှုကျင့်စဥ်မှ မဟုတ်ဘဲ ...... ချီအခြေတည်ခြင်းကျင့်စဥ်မှ ဖြစ်သည်။

အရှေ့အရပ်မှခရမ်းရောင်ချီ။

ကျင့်စဥ်က မပြည့်စုံသော်လည်း မန်ဟို့တွင် ပြည့်စုံသော ချီဖွဲ့စည်းမှုကျင့်စဥ် ပိုင်ဆိုင်ထား၏။ သို့ဖြစ်၍ ခရမ်းရောင်ချီအဖွဲ့၏ ကျင့်ကြံသူများထက် ကျင့်စဥ်ကို ကောင်းကောင်းနားလည်လေသည်။ သူရရှိသည့် အကျိုးအမြတ်များကား များပြားး၏။ ယခု သူ၏တာအိုမဏ္ဍိုင်များက ခြောက်ခြားဖွယ်ခရမ်းရောင်ချီကို ထုတ်လွှတ်နေလေပြီ။ သူ၏မျက်ဆံများမှာ ခရမ်းရောင်အလင်းဖြင့် တဖျပ်ဖျပ်လက်နေပြီး သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော ချီသည် ယခင်နှင့်မတူတော့ပေ။

အရှေ့အရပ်မှခရမ်းရောင်ချီမှာ မန်ဟို့အတွက် သီးသန့် ပြင်ဆင်ပေးထားသည့်အလား အလွန်အမင်းသင့်တော်လေသည်။ ဤကျင့်စဥ်မျိုးကို အားထုတ်ခြင်းဖြင့် သူသည် မလွဲမသွေ ခရမ်းရောင်အမြုတေကို ဖန်တီးနိုင်မည်ဖြစ်သည်။

ခရမ်းရောင်အမြုတေဖြင့်ဆိုလျှင် ပြီးပြည့်စုံသော အမြုတေ တည်ဆောက်ရန် အခြေခံရှိသွားလိမ့်မည်။

သူသည် တံခါးပိတ်မကျင့်ကြံခင် ချီအခြေတည်အဆင့်တက်ရန် ပြင်ဆင်နေသည်ဆိုသော သတင်းလွှင့်ထား၏။ ပြန်ထွက်လာပြီးနောက် သူက ချီအခြေတည်အဆင့် ကျင့်ကြံခြင်းအခြေခံကိုသာ ဖော်ပြထား၏။ ယင်းက သူ့သူငယ်အိမ်များ ခရမ်းရောင်သမ်းနေခြင်းအတွက် ပြည့်စုံသော ဖြေရှင်းချက် ဖြစ်ပေသည်။

***

All Chapters