← Chapters

ဆေးဝါးတာအိုအသွင်ပြောင်းဂါထာ

Vol. 18 Ch. 242

ဆေးဝါးတာအိုအသွင်ပြောင်းဂါထာ

Vol. 18 Ch. 242

"အရှေ့အရပ်မှ ခရမ်းရောင်ချီ....." သူ၏မျက်လုံးများထဲ၌ ဖျော့တော့တော့ ခရမ်းရောင်အရှိန်အဝါ တရိပ်ရိပ်လှုပ်ရှားနေသည်။ သူက ညာလက်ကို မြှောက်ပြီး လက်ချောင်းများကို ဆန့်ထုတ်လိုက်သည်။ ၄င်းတို့သည် ခရမ်းရောင်အလင်းဖြင့် တောက်ပနေ၏။

"ဒီကျင့်စဥ်က ချီဖွဲ့စည်းမှုကျင့်စဥ်နဲ့ အတူတူပဲ။ ဒါကမှော်မဟုတ်ဘဲ ကျင့်စဥ်တစ်ခုဖြစ်နေတာ။ ဒါပေမယ့် ကြည့်ရတာ ဇီယွင်ဂိုဏ်းက အရှေ့အရပ်မှခရမ်းရောင်ချီမှာရှိတဲ့ ပညာရပ်တွေအပေါ် အခြေခံပြီး နတ်ဘုရားစွမ်းရည်တချို့ ဖန်တီးခဲ့ပုံပဲ" သူက မျက်လုံးများ တခဏပိတ်ပြီးနောက် ပြန်ဖွင့်သည်။ သူ့စိတ်ထဲတွင် ကျင့်စဥ်စာသားတစ်ပိုင်းတစ သူ့မျက်စိရှေ့မှောက်၌ မျောလွင့်နေသည်။ သူသည် ဆေးပေါင်းဖိုဘုရင်များ အသုံးပြုနိုင်သော အတတ်ပညာရပ်များ ဖော်ပြထားသည့် စာမျက်နှာနှစ်မျက်နှာကို အလွတ်ကျက်ခဲ့ခြင်းဖြစ်သည်။

"ခရမ်းမျက်ဆံပြောင်းလဲခြင်း နဲ့ ခရမ်းရောင်ချီခေါင်းဖြတ်စက် " သူက ဆန့်ထုတ်ထားသည့် လက်ငါးချောင်းကို ခဏကြည့်လိုက်သည်။ ရုတ်တရက် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ခရမ်းရောင်အငွေ့များ သူ၏လက်ချောင်းများမှ စီးထွက်လာသည်။ ၄င်းတို့က လေထဲတွင် ခရမ်းရောင်လခြမ်းကွေးအဖြစ် စုစည်းသွား၏။ မန်ဟိုက အတွေးတစ်ချက်ဖြင့် ၄င်းကို ကျင့်ကြံခြင်းဂူနံရံကို ခုတ်ပိုင်းစေလိုက်သည်။

ဂူသာမက တောင်ထိပ်တစ်ခုလုံး တုန်ခါသွားပြီး ဧရာမအကွေးရာကြီးတစ်ခု ဂူနံရံပေါ်တွင် ပေါ်ပေါက်လာသည်။

"ဒါ စွမ်းအား ဆယ်ရာခိုင်နှုန်းပဲ ရှိသေးတယ်" မန်ဟို၏မျက်လုံးများ လေးနက်သောအရိပ်ယောင်တစ်ခုဖြင့် ပြည့်နှက်သွားသည်။ အချိန်တချို့ကြာသော် သူ့သူငယ်အိမ်များထဲရှိ ခရမ်းရောင်အလင်း ဖျတ်ခနဲ လှုပ်ရှားသွားပြီး သူ၏သူငယ်အိမ်သာမက မျက်လုံးကိုပါ အပြည့်အဝဖုံးလွှမ်းလာသည်။ ထို့နောက် ခရမ်းရောင်အစင်းကြောင်းများ သူ့မျက်လုံးတစ်ဝိုက်ရှိ အရေပြားပေါ်၌ ပြန့်ကားထွက်ပေါ်လာသည်။ ဤအရာများကား တခဏအတွင်း အပြာရောင်မှ ခရမ်းရောင်ပြောင်းသွားခဲ့သော သွေးကြောများ ဖြစ်သည်။

ယခုလောလောဆယ်တွင် မန်ဟိုသည် မကောင်းဆိုးဝါးဝိညာဥ်တစ်ကောင်အလားပင်။  ဖိနှိပ်ချုပ်ချယ်သော ချီက သူ့ထံမှ တလိပ်လိပ်ထွက်ပေါ်နေသည်။ သူက မပြောင်းလဲသော မျက်နှာထားဖြင့် ညာလက်ကို မြှောက်ပြီး ဘယ်လက်မောင်းကို လက်သည်းဖြင့် လှီးလိုက်သည်။ ပြတ်ရှရာဖြစ်သွားသော်လည်း သွေးစို့လာချိန်မှာပင် ဒဏ်ရာက စတင်ပျောက်ကင်းလာသည်။ တခဏအတွင်း ၄င်းက မရှိတော့ပေ။ ကျန်ရစ်ခဲ့သောသွေးများကို မန်ဟို သုတ်လိုက်သည်။ သူ့အရေပြားပေါ်၌ အရာပင် မကျန်ခဲ့ချေ။

သူသည် အမွှေးတိုင်တစ်ဝက်ထွန်းစာ ကြာသည်အထိ တိတ်ဆိတ်စွာ ထိုင်နေသည်။ နောက်ဆုံး၌ သူ့ခန္ဓာကိုယ် ပုံမှန်ပြန်ဖြစ်လာ၏။

"ခရမ်းမျက်ဆံပြောင်းလဲခြင်း၊ ဘယ်လောက်အံသြစရာကောင်းတဲ့ ပညာရပ်လဲ။ ငါ့ကျင့်ကြံခြင်းအခြေခံရဲ့ အတိုက်အခိုက်စွမ်းရည်ကို မတိုးစေပေမယ့် ငါ့ရဲ့ ပြန်လည်သက်သာနှုန်းက ပုံမှန်ထက်တောင် အများကြီးသာတယ်" ဤကျင့်စဥ်နှစ်ခု၏ စွမ်းအားအပြည့်အဝကို အသုံးချရန် လေ့ကျင့်မှုအနည်းငယ် ထပ်မံလိုအပ်သေးသည်။

သီးသန့်ဂိုဏ်းသားများသာ ကျင့်ကြံအားထုတ်နိုင်သည့် ခရမ်းရောင်ချီအဖွဲ့၏ အခြား တားမြစ်ကျင့်စဥ်များရှိသည်။ အရှေ့ဆေးဝါးအဖွဲ့သည် ဇီယွင်ဂိုဏ်းအတွင်း၌ အလွန်မြင့်မားသောနေရာတစ်ရာ သိမ်းပိုက်ထားသော်လည်း သူတို့၏ တားမြစ်ကျင့်စဥ်များကိုမူ ကြည့်ပင်မကြည့်နိုင်ပေ။

သို့သော်.....သူ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် မဖြစ်သရွေ့ ဖြစ်သည်။ ထိုအဆင့်မှာ အရှေ့ဆေးဝါးအဖွဲ့တွင်သာ ထင်ရှားကျော်ကြားခြင်းမဟုတ်၊ ဇီယွင်ဂိုဏ်းတစ်ဂိုဏ်းလုံး၏ အထွတ်အထိပ်ဖြစ်သည်။ သူတို့သည် မည်သည့်ကန့်သတ်ချက် တစ်စုံတရာမပါဝင်ဘဲ ဇီယွင်ဂိုဏ်းရှိ ရှေးဟောင်းမှတ်တမ်းအားလုံးအနက် အတော်များများ ဖတ်ရှုခွင့်ရှိ၏။ တောင်ပိုင်းဒေသတစ်ဝှမ်းလုံးတွင် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်များ ခေါ်ယူရန် မျှော်လင့်နိုင်သည့် ဂိုဏ်း တစ်ဂိုဏ်းသာရှိသည်မဟုတ်ပါလော။ သို့ဖြစ်၍ သူတို့က အထူးအလေးပေးခံရလေသည်။

မန်ဟို အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူသည် မှော်ကျင့်စဥ်များအား ခေတ္တမေ့ရင်း အတွေးထဲ နစ်မြောသွား၏။ ထို့နောက် ဆေးပေါင်းဖိုဘုရင်အကျိုးခံစားခွင့် ပစ္စည်းများဖြင့် ဆေးလုံးများ စတင်ဖော်စပ်တော့သည်။ သူက သူသုံးဖို့အတွက် ဆေးလုံးများ ဖော်စပ်ရန်သာ လိုအပ်ခြင်းမဟုတ်။ သူ၏ ဆေးဝါးပညာအသိ ဆက်လက်တိုးတက်လာရန်အတွက် သူ၏ ဆေးပေါင်းဖိုဘုရင်ရာထူးကို အသုံးချကာ ပါဝင်ပစ္စည်းများနှင့် ဖော်စပ်နည်းများစွာ ရယူမည်ဖြစ်သည်။

အချိန်များ တရွေ့ရွေ့ကုန်လွန်သွား၏။ မကြာမီ နှစ်ဝက်ကြာခဲ့လေပြီ။ မန်ဟိုက ဤတစ်ခေါက်တွင် ကျင့်ကြံခြင်းနှင့် ဆေးဖော်စပ်ခြင်းတို့တွင် စိတ်နှစ်ကာ တံခါးပိတ်နေသည်က များလေသည်။ သူသည် လစဥ်လတိုင်း ဆေးပင်ကောင်းကောင်းရရှိနိုင်သော ကောင်းကင်နယ်မြေသို့ အလည်ပတ်သွားရောက်တတ်သည်။ ယခင်က အတွင်းစည်းဂိုဏ်းသားများအတွက် တစ်ရက်လျှင် သုံးသုတ်ဖော်စပ်ပေးသော စီမံချက်အတိုင်းလည်း ဆေးလုံးမျိုးစုံ ဖော်စပ်လေသည်။ အမှန်ပင်၊ စျေးနှုန်းများကတော့ အဆများစွာ မြင့်တက်သွားလေပြီ။ သို့ထိတိုင် သူ၏ဆေးလုံးများကား ဂိုဏ်းတစ်ဂိုဏ်းလုံးတွင် ကျော်ကြားစမြဲ ကျော်ကြားဆဲသာ ဖြစ်သည်။

ယခုအချိန်တွင် သူသည် ပြီးပြည့်စုံသော အမြုတေဆေးလုံး ဖော်စပ်ရန် လိုအပ်သော ဆေးပင် အတော်များများ စုဆောင်းခဲ့ပြီးဖြစ်သည်။ လောလောဆယ်၌ အနည်းငယ်သာ လိုတော့လေသည်။ သူ့အတွက် ဆေးလုံးများကိုမူ သူသည် ဆေးစွမ်းအား ရှစ်ဆယ်ရာခိုင်နှုန်းကျော်ရှိသည့် ဆေးလုံးများ ဖော်စပ်ပြီးသည့်အခါတိုင်း မရောင်းဘဲ ဒယ်အိုးတံဆိပ်ခတ်၍ သိမ်းထားတတ်သည်။

ဆေးလုံးတစ်လုံးအပေါ် ဒယ်အိုးတံဆိပ်ခတ်တိုင်း ဝိညာဥ်ကျောက်တုံးအပုံကြီး သူ့ခေါင်းထဲတွင် ပေါ်လာတတ်သည်။ သူ့မှာ ထိုအရေးနှင့်ပတ်သက်၍ အလွန်အရူးအမူးဖြစ်၏။ သူပသိုလှောင်အိတ်ထဲက ဒယ်အိုးတံဆိပ်ခတ်ထားသည့် ဆေးလုံးများကို ကြည့်တိုင်း ၄င်းတို့ကို ရောင်းချလျှင် ရရှိမည့် ဝိညာဥ်ကျောက်တုံးအပုံကြီးကိုသာ သူစိတ်ကူးယဥ်မိသည်။

နှစ်ဝက်ကာလအတွင်း ဆေးလုံးမည်မျှ ဖော်စပ်ခဲ့ပြီးသည်ကို မန်ဟိုမှတစ်ပါး အခြားဘယ်သူမှ မသိနိုင်ပေ။ သူ့မှာ ဆေးကမ္ဘာတွင် သူ့ကိုယ်သူ လုံးလုံးလျားလျား မြုပ်နှံထား၏။ အချိန်ကြာလေလေ အရှေ့ဆေးဝါးအဖွဲ့အတွင်းရှိ နက်နဲသော ဗဟုသုတများက သူ၏ဆေးဝါးတာအိုအသိကို အဆများစွာ တိုးတက်သွားစေသည်။

ယခုတွင် သူ့မှာ သိပ်အပင်ပန်းခံရန် မလိုတော့ပေ။ သူ့အတွက် ဆေးဖက်ဝင်အပင်များ၏ ဆေးစွမ်းအားခြောက်ဆယ်ရာခိုင်နှုန်းကို ထုတ်ယူရန် များစွာပို၍ လွယ်ကူသွားလေပြီ။ အမှန်တွင် ရှစ်ဆယ်ရာခိုင်နှုန်းစွမ်းအားရှိသည့် ဆေးလုံးအတော်များများကိုပင် ဖော်စပ်နိုင်သည်။ ဆေးပေါင်းဖိုဘုရင်အဆင့်သို့ တိုးမြှင့်ခံရပြီးနောက် မန်ဟို ထိုကဲ့သို့ တန်ဖိုးကြီးဆေးပင်များအား မည်သို့ ရရှိခဲ့သည်ကို ထည့်တွက်လျှင် သူသည် အခြားသော သာမန်ဆေးဝါးပညာရှင်များနှင့် မတူတော့ပေ။

ပို၍ပင် အရေးကြီးသည်က သူသည် ဆေးပေါင်းဖိုဘုရင်ဖြစ်လာပြီးနောက် အဆင့်၂ ဓာတ်ကူနည်းကို ရရှိခဲ့၏။ တကယ်တမ်း ၄င်းမှာ အပင်များအတွက် ဓာတ်ကူနည်းမဟုတ်ဘဲ ဆေးဖော်စပ်နည်းဖြစ်လေသည်။

၄င်းကို ဆေးဝါးတာအိုအသွင်ပြောင်းဂါထာဟုခေါ်သည်။

၄င်းက သူ့ကို ယခင်က ဖော်စပ်ထားပြီးသော ဆေးလုံးအား သန့်စင်ခွင့်ပေးသည်။ မန်ဟို ထိုဂါထာကို ချက်ချင်းပင် သဘောကျသွား၏။ သူသည် အကြိမ်အနည်းငယ် စမ်းသပ်ပြီးနောက်တွင် ၄င်းအား တဖြေးဖြေး အတော်လေးကျွမ်းကျင်လာလေသည်။

သူ၏ အပင်နှင့်အသီးအရွက် သဘာဝစွမ်းရည်နှင့် ဆေးဝါးတာအိုအသွင်ပြောင်းဂါထာတို့ မသိမသာပေါင်းစည်းသွားခြင်းကြောင့် မန်ဟိုသည် တဟုန်ထိုး တိုးတက်သွား၏။

ဤဂါထာ အသုံးပြု၍ သာမန်ဆေးလုံးတစ်လုံးကို အသွင်ပြောင်းခြင်းက သူ့ကို ပို၍ပင် အစွမ်းထက်သောဆေးလုံးများ ထုတ်လုပ်စေလေသည်။ ဤသည်မှာ သေချာပေါက် အရှေ့ဆေးဝါးအဖွဲ့ရှိ အဆင့်မြင့်ပညာရပ်များထဲက တစ်ခုဖြစ်သည်။

၄င်းက ဆေးပေါင်းဖိုဘုရင်များနှင့် ဆေးဝါးကျွမ်းကျင်ပညာရှင်များ မိုးနှင့်မြေပမာ ကွာခြားရခြင်း၏ အကြောင်းရင်းများအနက်တစ်ခုဖြစ်သည်။ ၄င်းကြောင့် ဆေးပေါင်းဖိုဘုရင်များ ဂိုဏ်းအပြင်ဘက် တောင်ပိုင်းဒေသတွင် ခရီးထွက်တိုင်း ဖက်လှဲတကင်းအကြိုဆိုခံရခြင်းလည်း ဖြစ်သည်။

ဆေးဝါးတာအိုအသွင်ပြောင်းဂါထာအပြင် မန်ဟိုသည် အပင်နှင့်အသီးအရွက် ဓာတ်ပြုခြင်းများ ဖန်တီးရန်အတွက် နည်းလမ်းဒါဇင်အနည်းငယ်ကိုလည်း သင်ယူလေ့လာထား၏။ ထိုသို့ဆိုလျှင် သူ ဆေးလုံးတစ်လုံး ဖော်စပ်ရန် မည်သည့်နည်းလမ်းများ အသုံးပြုထားသည်လဲ လေ့လာရန် မည်သူမဆိုအတွက် ခက်ခဲမည်ဖြစ်သည်။

ယင်းက မန်ဟို အလွန်လိုအပ်နေသည့်အရာပင်။ သူသည် သူ၏ အပင်နှင့်အသီးအရွက် သဘာဝစွမ်းရည်နှင့်အတူ နည်းလမ်းပေါင်းစုံကို အတူတကွ ပေါင်းစပ်၍ အရှင်းဆုံးလည်းဖြစ်၊ အခက်ခဲဆုံးလည်းဖြစ်သည့် နည်းလမ်း ဖန်တီးကာ အပင်နှင့်အသီးအရွက် ပါဝင်ပစ္စည်းများကို အတူတူရောစပ်နိုင်လေပြီ။

၄င်းသည် ရိုးရှင်းသော်လည်း အရောထဲသို့ အပိုပစ္စည်းများ ထည့်ခြင်းလည်း ပါဝင်သည်။ ထို့ကြောင့် ရိုးလည်းရိုးရှင်းသလို ရှုပ်လည်း ရှုပ်ထွေး၏။ အခြေခံအသိက မခက်သော်လည်း သူ ရှုပ်ထွေးသောရလဒ်ကို လိုချင်လေလေ၊ ပါဝင်ပစ္စည်းများများ ထည့်ရလေလေ ဖြစ်မည်။ ထို့ပြင် မတူညီသော ဆေးလုံးများတွင် တွေ့ရှိရသည့် ပြောင်းလဲမှုများကြောင့် ထိုကဲ့သို့ ဓာတ်ပြုမှုများကို အဆိုပါဆေးလုံး၏ အခြေခံလုပ်ဆောင်ချက်အပေါ် သက်ရောက်ခြင်းမှ ကာကွယ်ရန် ဂရုတစိုက်ဆောင်ရွက်ရပေမည်။ အမှားနည်းနည်းသာ ခံ၏။

အကယ်၍ ထေါင့်စေ့အောင် မဆောင်ရွက်ခဲ့လျှင် အမှားတစ်ခုတလေ ရှိကောင်းရှိနိုင်ပြီး သတိပင်မပြုမိနိုင်ပေ။

သို့သော် မန်ဟို့အတွက် ဤသည်မှာ သူ၏ဆေးဖော်စပ်ခြင်းလျှို့ဝှက်ချက်များကို ဖုံးကွယ်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ သူ၏ အပင်နှင့်အသီးအရွက်အသိသည် တတိယအဆင့် မျိုးကွဲဆယ်သန်းအတွင်း အခိုင်အမာရောက်ရှိနေလေပြီ။

မန်ဟိုမှာ ယခုရက်ပိုင်း အလွန်ပျော်ရွှင်နေ၏။ သူ၏ကျင့်ကြံခြင်းအခြေခံနှင့် သူ၏ဆေးဝါးပညာအသိ နှစ်မျိုးလုံး တဖြေးဖြေး တိုးတက်လာလေသည်။ ယခုတွင် သူ၏သတ္တမတာအိုမဏ္ဍိုင်မှာ တစ်ဝက်ကျော် ဖြစ်တည်နေလေပြီ။ သူ၏တွက်ချက်မှုများအရ ဆေးပေါင်းဖိုဘုရင်အဖြစ် အနည်းဆုံးဆယ်နှစ် နေရန် လိုအပ်မည်။ သူ၏ ဆေးဝါးတာအိုကျွမ်းကျင်မှုကို မြှင့်တင်ပြီး ဆေးဝါးတာအိုအသွင်ပြောင်းဂါထာအား တစ်ဖက်ကမ်းခတ်တတ်မြောက်အောင် အပြင်းအထန်ကြိုးစားမည်။ သူ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ဖြစ်လာသည့်အချိန်တွင် သူ၏ကျင့်ကြံခြင်းအခြေခံသည် တာအိုမဏ္ဍိုင်ကိုးခုနှင့် ချီအခြေတည်အဆင့် မဟာရပ်ဝန်း၌ ဖြစ်လိမ့်မည်။ နောက်တစ်ဆင့်ကား အမြုတေဖြစ်တည်မှုအဆင့်ပင်။

ချူယွီယန်က မန်ဟို့ကို တစ်ခါမှ လာမရှာခဲ့ပေ။ သူ အပြင်ထွက်လာသည့်အချိန် သူမသည် ပဟေဋ္ဌိဆန်သော မဟာအကြီးအကဲဆေးဒယ်အိုးကို အသည်းအသန်ရှာနေကြောင်း သူကြားလိုက်ရ၏။ သူမက သူမည်သူဖြစ်သည်ကို သိရှိရန် ကြိုးစားရင်း နေ့တိုင်းအချိန်ဖြုန်းနေလေသည်။

ဤသတင်းအား ကြားရသောအခါ ထူးဆန်းသောအသွင်တစ်ခု သူ၏မျက်နှာပေါ်တွင် ပေါ်လာသည်။ သူသည် ပြီးခဲသည့် ငါးနှစ်အတွင်း မဟာအကြီးအကဲဆေးဒယ်အိုးဆိုသော ဇာတ်ကောင်နှင့် အသားကျနေပြီဖြစ်သည်။

ယခုလေးတင် မန်ဟိုမှာ ဆေးလုံးတစ်သုတ် ဖော်စပ်ပြီးစီးသွားသည် ဖြစ်၏။ သူက နှာခေါင်းကိုပွတ်ပြီး ကျင့်ကြံခြင်းဂူမှ လမ်းလျှောက်ထွက်လာသည်။ နေ့လည်ခင်းဖြစ်၍ နေမင်းသည် ခေါင်းအထက်တွင် ခြစ်ခြစ်တောက် ပူလျက်ရှိ၏။ လေတစ်ချက်တိုက်လိုက်သော်လည်း လေပူပူတို့သာ သူ့မျက်နှာကို ရိုက်ခတ်သည်။ သူက သူ့အပိုင်ဖြစ်သော ချိုင့်ဝှမ်းကို လှမ်းကြည့်လိုက်သည်။

လွန်ခဲ့သည့် နှစ်ဝက်ကျော်ကျော်က သူသည် ဆေးပင်အမျိုးအစား တော်တော်များများ စိုက်ပျိုးခဲ့၏။ လက်ရှိ အပူလှိုင်းက ၄င်းတို့ကို ချိုင့်ဝှမ်း တစ်ခုလုံး သင်းကြိုင်နေသည့် ဆေးရနံ့များ ထုတ်လွှတ်စေသည်။ ဤကဲ့သို့ ပတ်ဝန်းကျင်တွင် နေထိုင်ခြင်းကြောင့် ဆေးဝါးပညာရှင်များ အမြဲ ဆေးနံ့ထွက်နေသည်မှာ အံ့သြစရာမရှိပေ။

သူသည် ချိုင့်ဝှမ်းအတွင်းသို့ လမ်းလျှောက်ဆင်းလာပြီး ဆေးပင်များကို စတင် ပြုစုတော့သည်။ ဆေးပေါင်းဖိုဘုရင်အနေဖြင့် သူသည် သူ၏ဥယျာဥ်စိုက်ခင်းများအတွက် လာရောက်စိုက်ပျိုးပြီး ပြုပြင်ထိန်းသိမ်းပေးရန် ဆေးဝါးအတတ်သင်များအား ခေါ်နိုင်သည်။ သူ့အနေဖြင့် ဆေးဖော်စပ်ရာတွင် ကူညီရန် ဆေးဝါးကျွမ်းကျင်ပညာရှင်များကိုလည်း ဆင့်ခေါ်နိုင်၏။

သို့သော် မန်ဟိုမှာ တိတ်ဆိတ်မှုကို နှစ်ခြိုက်သည့်အတွက် မည်သည့်အကူအညီမှ မတောင်းပေ။ ပိုင်ယွင်လိုင်မှာမူ မန်ဟို့ကို တွေ့တိုင်း တလေးတစားဆက်ဆံတတ်သည်။ မန်ဟို သူ့ကို ချိုင့်ဝှမ်းတွင် လာနေခိုင်းရန် တွေးကြည့်ဖူးသည်။ သို့သော် သူထိုသို့နေခိုင်းလျှင် ထိုလူ ဘယ်တော့မှ အနားယူနိုင်မည်မဟုတ်သည့်အပြင် နေရထိုင်ရခက်နေလိမ့်မည်။

၄င်းနှင့်ပတ်သက်၍ မန်ဟို ဘာမှမတတ်နိုင်ပေ။ အထူးသဖြင့် အပြင်လူ ဘယ်သူမှ မဟာအကြီးအကဲဆေးဒယ်အိုးအကြောင်းမသိသည့်တိုင် ပိုင်ယွင်လိုင်သိနေခြင်းကြောင့် ပိုဆိုးသည်။ မန်ဟို့ကို ကြည့်သည်အခါတိုင်း သူ၏မျက်လုံးများသည် ပြင်းပြသောလေးစားမှုတို့ဖြင့် ပြည့်နှက်နေတတ်သည်။ မန်ဟိုမှာ ဤအဖြစ်အပေါ် ခါးသက်သက်သာ ရယ်နိုင်လေသည်။

ဥယျာဥ်ထဲတွင် ဆေးပင်များအား ပြုစုနေစဥ် ရုတ်တရက် သူ၏အမူအရာရိပ်ခနဲဖြစ်သွားသည်။ သူ့အနောက်တွင် အသက် သုံးဆယ်ဝန်းကျင် ဆေးဝါးအတတ်သင်နှစ်ယောက် ချိုင့်ဝှမ်းထဲသို့ အလျင်စလိုလာနေကြသည်။

သူတို့က ဝင်ဝင်ချင်း သူ့ကိုမြင်သောအခါ မျက်လုံးများ လေးစားရိုသေမှုဖြင့် ပြည့်နှက်သွားသည်။ သူတို့သည် လက်ယှက်ရင်း ဦးညွှတ်ကာ ပြော၏။ "ဂါဝရပြုပါတယ် မဟာအကြီးအကဲဖန်"

မန်ဟိုက ဆေးပင်တစ်ပင်၏ နွမ်းနေသောအရွက်တချို့ကို လှမ်းနုတ်ရင်း တခဏစဥ်းစားနေသည်။ ဆေးပေါင်းဖိုဘုရင် ဖြစ်လာပြီးနောက် သူသည် အပင်နှင့်အသီးအရွက်များနှင့် ပတ်သက်သည့် သင်ခန်းစာတစ်ခု ပို့ချဖူး၏။ သူက စိတ်ထဲတွင် ခဏတွက်ချက်ပြီးနောက် သူ့အတွက် နောက်တစ်ခုပို့ချရန် အချိန်ကျရောက်လာပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ "နောက်သင်ခန်းစာပို့ချဖို့လား" သူက မထူးခြားသလို မေးသည်။

ဤသည်မှာ ဆေးပေါင်းဖိုဘုရင်များ၏ တာဝန်များထဲက တစ်ခုဖြစ်သည်။ သူတို့သည် ဆေးဝါးကျွမ်းကျင်ပညာရှင်များအတွက် ဆရာများနှင့်တူပြီး ဆေးဝါးအတတ်သင်များအတွက် ခေါင်းဆောင်ကြီးများနှင့်တူသည်။ သူတို့၏သင်ခန်းစာများက ဂိုဏ်း၏ဂျူနီယာမျိုးဆက်အား ဆက်လက်တိုးတက်လာစေမည်ဖြစ်သည်။

ဤဆေးဝါးအတတ်သင်နှစ်ယောက်မှာ မန်ဟို့အတွက် တောက်တိုမည်ရကိစ္စများ လုပ်ဆောင်ပေးရန် တာဝန်ပေးခံထားရသည့် အစေခံများဖြစ်သည်။ "မဟာအကြီးအကဲဖန်၊ တကယ်တော့ အဲ့တာ လွန်ခဲ့တဲ့နှစ်ရက်ထဲက......ဒါပေမယ့် ခင်ဗျား တစ်ခါမှ ထွက်မလာတာနဲ့ ကျွန်တော်တို့လည်း မနှောင့်ယှက်ချင်လို့ပါ"

မန်ဟို ခေါင်းညိတ်လိုက်သည်။ သူက ဆေးပင်များပြုစုနေခြင်းအား လက်စသတ်ပြီးနောက် ဆေးဝါးအတတ်သင်နှစ်ယောက်နှင့်အတူ ချိုင့်ဝှမ်းထဲမှ ထွက်လာ၏။ သူတို့ အရှေ့ဆေးဝါးအဖွဲ့ကို ဖြတ်လျှောက်လာစဥ် သူ နှင့် ပက်ပင်းတိုးသည့် ဆေးဝါးအတတ်သင်တိုင်း လေးလေးစားစား အရိုအသေပေးကြသည်။ သူတို့သည် သူ၏ ခရမ်းရောင်အနားသပ်ထားသည့် အနက်ရောင်ဝတ်ရုံရှည်ကို မြင်လိုက်သည်နှင့် သူ၏အဆင့်ကို ချက်ချင်းသိလိုက်ကြသည်။

အရှေ့ဆေးဝါးအဖွဲ့တစ်ဖွဲ့တည်းတွင် ဂိုဏ်းသားတစ်သိန်းရှိသည့်နှင့် ဆန့်ကျင်ဘက်၊ ဇီယွင်ဂိုဏ်းတစ်ဂိုဏ်းလုံးတွင် ဆေးပေါင်းဖိုဘုရင် အယောက်တစ်ရာဝန်းကျင််သာ ရှိသည်။ အယောက်တစ်ရာအတွက် အယောက်တစ်သိန်းကို မှတ်မိရန် မဖြစ်နိုင်သော်လည်း အယောင်တစ်သိန်းအတွက် အယောက်တစ်ရာကို မှတ်မိရန်က အလွန်လွယ်ကူလေသည်။

မန်ဟိုပေါ်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်း သူ့ကို သတိထားမိလိုက်ကြသည်။ ဤသည်မှာ လွန်ခဲ့သည့် နှစ်ဝက်ကမှ ဆေးပေါင်းဖိုဘုရင်အဆင့်တက်သွားခဲသော ဖန်မုပင်။ သူ မည်ကဲ့သို့ ရာထူးတက်သွားစေကာမူ  သူ၏ ခရမ်းနက်ရောင်ဝတ်ရုံက သူ၏အဆင့်အတန်းကို သိသိသာသာ ဖော်ပြနေသည်။ သူ့တွင် အရှေ့ဆေးဝါးအဖွဲ့၌ သြဇာကြီးကြီးမားမား မရှိကောင်းမရှိနိုင်သော်လည်း သူ၏ကျော်ကြားမှုမှာတော့ အံ့ဖွယ်အတိပင်။

မန်ဟို့ကို မြင်လိုက်သည့် ဆေးဝါးကျွမ်းကျင်ပညာရှင်များပင်လျှင် သူ့ကို တလေးတစားဆက်ဆံကြသည်။

သူ လမ်းလျှောက်လာစဥ် တစ်လမ်းလုံး ဦးညွှတ်အရိုအသေပေးကြလေသည်။

***

All Chapters