ထပ်ပြောရဲပြောကြည့်စမ်း
Vol. 18 Ch. 243
အရှေ့ဆေးဝါးအဖွဲ့ရှိ ချိုင့်ဝှမ်းများထဲက တစ်ခုကို ဆေးဝါးနေ့ချိုင့်ဝှမ်းဟုခေါ်သည်။ လူနှစ်သောင်းသည် စင်မြင့်တစ်ခု၏ အရှေ့မျက်နှာစာတွင် ဝိုင်းထိုင်နေကြ၏။
ဤသည်မှာ ဆေးပေါင်းဖိုဘုရင်များ ဆေးဝါးပညာရပ်နှင့်ပတ်သက်သည့် သင်ခန်းစာများ ပို့ချလေ့ရှိသော နေရာသုံးနေရာထဲက တစ်နေရာဖြစ်သည်။ မန်ဟိုသည် ဆေးဝါးအတတ်သင်ဘဝတုန်းက ဆေးပေါင်းဖိုဘုရင်များပြောကြားသည့် ဆေးလုံးများ၊ အပင်နှင့်အသီးအရွက်များအကြောင်း နားထောင်ရန် ထိုသုံးနေရာသို့ မကြာခဏသွားလေ့ရှိ၏။
ဤချိုင့်ဝှမ်းသုံးခုအပြင် ဆေးဝါးကျွမ်းကျင်ပညာရှင်များ သင်ခန်းစာပို့ချနိုင်သည့် အခြား ချိုင့်ဝှမ်းဆယ်ခုလည်း ရှိသေးသည်။ ဤအကြောင်းပြချက်ကြောင့် မန်ဟို့အတွက် အရှေ့ဆေးဝါးအဖွဲ့မှာ ဂိုဏ်းတစ်ဂိုဏ်းအစား အဆင့်မြင့်သင်ကြားရေးကျောင်းတော်ပမာ ခံစားရလေသည်။ စုစုပေါင်း ချိုင့်ဝှမ်း ဆယ့်သုံးခုရှိပြီး ဆေးဝါးကျွမ်းကျင်ပညာရှင်များ သို့မဟုတ် ဆေးပေါင်းဖိုဘုရင်များကား လိုအပ်၍မဟုတ်ဘဲ စိတ်ပါ၍သာ လာရောက်သင်ကြားကြခြင်းဖြစ်သည်။
ထိုမျှသာမက ဆေးဝါးကျွမ်းကျင်ပညာရှင်များနှင့် ဆေးပေါင်းဖိုဘုရင်များ သင်ကြားပို့ချသည့် သင်ခန်းစာများက ကွဲပြားလေသ ည်။ အရှေ့ဆေးဝါးအဖွဲ့၏ ကျင့်ကြံသူများအနေဖြင့် တက်ရောက်လိုသည့် အတန်းကို ရွေးချယ်နိုင်သည်။
တချို့အတန်းများအား တက်ရောက်သူအနည်းငယ်သာ ရှိတတ်ပြီး တခြားအတန်း၌ လူပြည့်နေတတ်သည်။ အမှန်ပင်၊ ဆေးပေါင်းဖိုဘုရင်များ၏ သင်ခန်းစာများက များသောအားဖြင့် ထိုဆေးဝါးကျွမ်းကျင်ပညာရှင်များနှင့် ကွာခြားလေသည်။
ဆေးပေါင်းဖိုဘုရင်အဆင့် သင်ခန်းစာများကတော့ အမြဲတမ်း ကျော်ကြားစမြဲပင်။
သို့သော် မန်ဟိုမှလွဲ၍..... ဆေးပေါင်းဖိုဘုရင်တစ်ယောက်ဖြစ်လာပြီးနောက် သူ၏ ပထမဆုံးအတန်းကို လူထောင်ဂဏန်းမျှသာ တက်ရောက်ခဲ့ကြသည်။ ၄င်းက နည်းနည်းလေးပင် များသည်မဆိုနိုင်ပေ။ သို့စေကာမူ မန်ဟိုကတော့ ဂရုမစိုက်။ သူသည် လေးနာရီခန့် ပို့ချပြီးနောက် အင်္ကျီလက်စကို ခါကာ ပြန်လာခဲ့၏။
ဆေးဝါးအတတ်သင်နှစ်ယောက်နှင့်အတူ မန်ဟို ဆေးဝါးနေ့ချိုင့်ဝှမ်းသို့ ရောက်လာသည်။ သူ၏ ပထမဆုံးအတန်းအား ကျိုးတိုးကြဲတဲသာ တက်ရောက်ခဲ့စဥ်က သူ့စိတ်ထဲ ဘယ်လိုမှမနေခဲ့ပေ။ သို့သော် ယခုလောလောဆယ်၌ ချိုင့်ဝှမ်းထဲ လူမည်မျှရောက်နေသည်မြင်သော် သူ အံ့သြသွား၏။
သူ အနားကပ်သွားစဥ် တင်ပျဥ်ခွေထိုင်နေသော ဆေးဝါးအတတ်သင်များနှင့်အတူ ဆေးဝါးကျွမ်းကျင်ပညာရှင်များအား နေရာအနှံ့ တွေ့လိုက်ရသည်။ သူတို့အားလုံးက စင်မြင့်ကို မော့ကြည့်နေကြ၏။ ထိုနေရာတွင် တန်ခိုးရှင်ဆန်သောအရှိန်အဝါကို ထုတ်လွှတ်နေသည့် ဆံဖြူအဘိုးကြီးတစ်ယောက် မတ်တပ်ရပ်နေသည်။
အဘိုးကြီးသည် ဆေးပေါင်းဖိုဘုရင်တစ်ယောက်ဖြစ်ပြီး အတော်လေးဝါရင့်သူဖြစ်သည်။ သူက အဘက်ဘက်သို့ ပဲ့တင်ထပ်လျက်ရှိသော အေးတိအေးစက်အသံဖြင့် ဟောပြောနေသည့်အတွက် လူတိုင်း ပြတ်ပြတ်သားသား ကြားရသည်။ လူတချို့၏ မျက်လုံးများမှာ လင်းလက်တောက်ပနေရာ ဉာဏ်အလင်းပွင့်နေသည့်အခိုက်အတန့်တွင် ဖြစ်ပုံရသည်။
တကယ်တော့ မန်ဟို့အတန်းချိန်မှာ လွန်ခဲ့သည့်ရက်အနည်းငယ်က ဖြစ်သည်။ ကံဆိုးစွာပင် သူ့မှာ ဆေးဖော်စပ်နေခြင်းကြောင့် ကြန့်ကြာသွားခဲ့၏။ ယခု သူ့အနေဖြင့် သူ့အလှည့်မရောက်ခင် ဤဝါရင့်ဆေးပေါင်းဖိုဘုရင် ပို့ချပြီးသည်ကို စောင့်ရမည်ဖြစ်သည်။
သူက စောင့်ရမည်ဖြစ်သော်လည်း ဆေးပေါင်းဖိုဘုရင်တစ်ယောက်အနေနှင့် ချိုင့်ဝှမ်းအပြင်တွင် စောင့်ရန်မလိုအပ်ပေ။ သူဝင်လာသည်နှင့်တစ်ပြိုင်နက် အနီးနားရှိဆေးဝါးအတတ်သင်များ သူ့ကို သတိထားမိလိုက်ကြသည်။ တစ်ခေါင်းပြီး တစ်ခေါင်း သူ့ကိုလှည့်ကြည့်ကာ မတ်တပ်ရပ်ပြီး သူ့ကို လေးလေးစားစား အရိုအသေပေးကြသည်။ သူက ပြန်ပြုံးပြပြီး ခေါင်းညိတ်လိုက်၏။ သူတို့က သူ့အတွက် လမ်းဖယ်ပေးသဖြင့် သူ့မှာ အတန်ငယ် ရှက်ကိုးရှက်ကန်းနှင့် လမ်းလျှောက်သွားလေသည်။
ခပ်လှမ်းလှမ်းရှိ စာသင်သားများအပါအဝင် ချိုင့်ဝှမ်းတစ်ခုလုံးရှိ လူတိုင်း သူ့ကို မြင်ရန် သိပ်မကြာလိုက်ပေ။ သူတို့ပင်လျှင် ထရပ်ပြီး သူ့ကို နှုတ်ဆက်ကြသည်။
အတိုချုံးပြောရလျှင် သူ ချိုင့်ဝှမ်းထဲ ဝင်ရောက်လာခြင်းက အနည်းငယ်ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။ စင်မြင့်ပေါ်ရှိ အဘိုးကြီးက မျက်မှောင်ကြုတ်သွားပြီး မန်ဟို့ကို မနှစ်မြို့သလို စိုက်ကြည့်ရင်း စကားပြောရပ်လိုက်သည်။
"ဆေးဝါးပညာရှင်ဖန်၊ မင်း စည်းမျဥ်းတွေ မသိဘူးလား" သူက ချိုင့်ဝှမ်းတစ်လျှောက်လုံး ပြတ်ပြတ်သားသားဟိန်းထွက်သွားသော အသံဖြင့် အေးတိအေးစက်ပြောသည်။ "ငါ အခုလောလောဆယ် ဆေးဝါးပညာနဲ့ပတ်သက်တဲ့ သင်ခန်းစာပို့ချနေတယ်။ ပြောပါဦး မင်း ဘာကြောင့်ဒီကိုရောက်လာတာလဲ။ ဒီလို ရုတ်ရုတ် ဖြစ်သွားတာက ငါ့ကို အာရုံပျက်စေတယ်ကွ"
မန်ဟိုက အဘိုးကြီးကို မဆိုစလောက် မျက်မှောင်ကြုတ်ရင်း ကြည့်လိုက်သည်။ အခြားဆေးပေါင်းဖိုဘုရင်များ သူ့ကို သိပ်ဘဝင်မကျကြောင်း သူ သိသည်။ အခြေအနေသာ ဤသို့မဟုတ်ပါက မန်ဟို ထိုလူ့စကားများအား သည်အတိုင်း လျှောချခွင့် ပေးမည် မဟုတ်ပေ။ သို့သော် ဤနေရာတွင် သူ၏တည်ရှိမှုက အမှန်တကယ် ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့ပြီး ထိုလူ့အတန်းကို အနှောင့်အယှက်ပေးခဲ့မိသည်။
"ကျုပ်ရဲ့ အလိုက်မသိမှုကို ခွင့်လွှတ်ပေးပါ" မန်ဟိုက ခပ်ရေးရေးပြုံးပြီးနောက် ဘေးတွင် ထိုင်လိုက်သည်။ သူသည် ဤနေရာသို့ ရောက်နေပြီ ဖြစ်၍ အတန်းပြီးသည်အထိ စောင့်ရပေမည်။
ဤစကားကိုကြားသော် အဘိုးကြီးက အေးစက်စက်နှာမှုတ်ပြီးနောက် မန်ဟို့ကို လျစ်လျူရှုကာ ဆက်လက်ပို့ချ၏။
အချိန်များ တရွေ့ရွေ့ကုန်လွန်သွားသည်။ ဆေးပေါင်းဖိုဘုရင် အဘိုးကြီးသည် ရံဖန်ရံခါ ဆေးပင်များကို မြှောက်၍ ခွဲဲခြားပြရင်း တတွတ်တွတ်ပြောနေ၏။ အတော်များများ၏ မျက်နှာများပေါ်၌ ဉာဏ်အလင်းပွင့်သွားသော အရိပ်အယောင်များ ရှိနေပုံရသည်။ သူတို့မှာ ဤအတန်းမှ အမှန်တကယ် အကျိုးကျေးဇူးရရှိနေသည့်အလားပင်။
သို့သော် မန်ဟိုမှာတော့ အိပ်ငိုက်လာသည်။ ထူးဆန်းစွာပင် သူ တစ်ယောက်တည်းသာ ထိုသို့ ဖြစ်နေသည့် အလားပင်။ သူ့မှာ ဆေးဖော်စပ်နေခြင်းကြောင့် ပင်ပန်းနေခြင်း ဖြစ်တန်ရာသည်။ ထို့အပြင် အဘိုးကြီး သင်ခန်းစာပို့ချနေပုံက စကားအပိုများ အများကြီး ပါလေသည်။ များသောအားဖြင့် သူ တစ်ကြောင်းပြောရသေးသည်၊ မန်ဟိုက သူပြောချင်သည့်အချက်ကို နားလည်နေလေပြီ။ သို့သော် ထိုလူက ဆယ်ကြောင်းကျော်ဖြင့် ရှင်းပြရင်း အရစ်ရှည်နေတတ်သည်။ ထိုမျှသာမက မန်ဟိုမှာ သူပို့ချနေသည့် အပင်နှင့်အသီးအရွက်မျိုးကွဲများ၏ အခန်းကဏ္ဍဖြင့် ရင်းနှီးနေပြီးသား ဖြစ်သည်။ ဆေးပေါင်းဖိုဘုရင်များအကြား၌ အပင်နှင့်အသီးအရွက်အသိပညာအရ မန်ဟိုက ဒုတိယဆိုလျှင် ပထမ မရှိနိုင်ပေ။
မန်ဟို မည်မျှ ငြီးငွေ့နေစေကာမူ ထိုလူက ဆေးဝါးပညာရပ်နှင့်ပတ်သက်၍ သင်ခန်းစာပို့ချနေခြင်းဖြစ်သည်။ သူက လေရှည်ကောင်းရှည်နိုင်သော်လည်း မန်ဟို သူ့အစားဝင်ရန် ဘာမှ လုပ်မည်မဟုတ်ပေ။ သင့်ကို မလုပ်စေချင်သောအရာကို တခြားသူများကိုလည်း မလုပ်အပ်ဆိုသည့်အတိုင်းပင်။
သို့သော် အချိန်အနည်းငယ်ကြာသော် သူ့မှာ မသမ်းမိဘဲ မနေတော့ပေ။ သူသည် သင်ခန်းစာပို့ချနေသည့်စင်မြင့်မှ သိပ်မဝေးသဖြင့် လေရှည်အဘိုးကြီး သတိပြုမိသွားပြီး သိသိသာသာ မကျေမနပ်ဖြစ်သွားသည်။ သူ့မှာ ယခင်ထက်ပင်ပို၍ စိတ်ဆိုးလာသည်။ မန်ဟို၏ ပျင်းရိပျင်းတွဲအပြုအမူကို ကြည့်ရင်း ရုတ်တရက် သူ ဒေါသထွက်သွားသည်။
သူက ပို့ချနေသည်ကို ရပ်ပြီး မန်ဟို့ကို ကြည့်သည်။ သူ၏မျက်လုံးများက မီးတဝင်းဝင်းတောက်နေပြီး သူ့အသံမှာ နားကွဲလုမတတ်ပင်။ "ဆေးပေါင်းဖိုဘုရင် ဖန်မု၊ မင်း ငါ့သင်ခန်းစာနဲ့ပတ်သက်ပြီး သံသယဖြစ်နေတာလား"
သူ၏စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ ဆေးဝါးအတတ်သင်များ၏မျက်နှာပေါ်တွင် နစ်မျောသော အရိပ်အယောင်များ မရှိတော့ပေ။ ထိုအစား သူတို့က မန်ဟို့ကို စိတ်လှုပ်တရှားလှည့်ကြည့်လိုက်ကြသည်။
အခြေအနေကိုကြည့်ခြင်းအရ စောစောက သူတို့မျက်နှာပေါ်ရှိ နစ်မျောနေသော အရိပ်အယောင်များမှာ ဟန်ဆောင်ထားခဲ့ပုံရသည်။ တချို့က အစစ်ဖြစ်လောက်သော်လည်း အများစုက အတုအယောင် ဖြစ်ဟန်တူသည်။
တိတ်ဆိတ်မှုသည် ဆေးဝါးအတတ်သင်များအကြား စိုးမိုးသွားသော်လည်း အတွေးပေါင်းစုံက သူတို့၏ခေါင်းထဲတွင် ဖြတ်ပြေးလျက်ရှိသည်။
"ဆေးပေါင်းဖိုဘုရင်နှစ်ယောက် အငြင်းပွားနေတယ်။ ငါအရင်က အတန်းတွေအများကြီးလိုက်တက်ဖူးတယ်။ ဒါမဲ့ အရင်က ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး"
"ဆေးပေါင်းဖိုဘုရင်ကျိုးက တကယ်ပြောနိုင်လွန်းတယ်။ သူ့အချိန် သူ စိတ်မကြည်ရင် တကယ်ဒေါသအိုးပေါက်ကွဲတတ်တာ။ ဒါကြောင့် ငါတို့အားလုံး စိတ်ဝင်စားချင်ယောင်ဆောင်နေရတာပဲ။ မဟုတ်ရင် သေချာပေါက် ကံဆိုးမိုးမှောင်ကျမှာ....."
"အာ အဲ့တာ နာမည်ကြီးလာတဲ့ လူသစ်ပဲ။ ခရမ်းရောင်ချီ အတွင်းစည်းဂိုဏ်းသားတွေအားလုံး ဆေးပေါင်းဖိုဘုရင်ဖန်မှ ဆေးပေါင်းဖိုဘုရင်ဖန် ဖြစ်နေတာသိလား။ ဆေးပေါင်းဖိုဘုရင်ကျိုးကလဲ အရည်အချင်းအရှိဆုံး ဆေးပေါင်းဖိုဘုရင်တွေထဲက တစ်ယောက်ပဲ။ ဘယ်တစ်ယောက် အနိုင်ရမလဲ သိချင်မိတယ်......"
မန်ဟိုက မျက်မှောင်ကြုတ်ပြီး ကျိုးအမည်ရှိ အဘိုးကြီးကို မော့ကြည့်လိုက်သည်။
"ခင်ဗျား ပြောခဲ့တာဟာ ဘာတစ်ခုကိုမှ ကျုပ်သံသယမရှိပါဘူး ဆေးပေါင်းဖိုဘုရင်ကျိုး" သူက အေးတိအေးစက်ပြောသည်။ "ကျုပ် ဆေးဖော်ရတာပင်ပန်းနေလို့ ခဏလောက် အနားယူဖို့လိုတာလောက်ပါပဲ"
မန်ဟို နှစ်ကြိမ်နောက်ဆုတ်ပေးခြင်းက အဘိုးကြီးကျိုး၏ မျက်လုံးများထဲ၌ အထင်သေးမှုတို့ ဖြတ်ပြေးသွားစေသည်။ "လိမ်မပြောနဲ့။ မင်းက တမင်တကာ မခန့်လေးစားပြုမူနေတာပဲ။ ကျေးဇူးပြုပြီး မင်းမှာရှိတဲ့ သံသယတွေအားလုံး အသေးစိတ်ရှင်းပြပေးစမ်းပါ။ မရှင်းပြနိုင်ရင် ကျေးဇူးပြုပြီး အခုချက်ချင်းထွက်သွားပါတော့။ မင်း ဒီမှာ အနားယူနေတာနဲ့ပတ်သက်ပြီး ငါ တကယ်စိတ်ပျက်နေပြီ"
အေးစက်သောအလင်းတန်းတစ်ခု မန်ဟို့မျက်ဝန်းထဲတွင် ဖြတ်ပြေးသွား၏။ သူ့မှာ နှစ်ကြိမ်တိုင်တိုင် အလျှော့ပေးခဲ့ပြီးလေပြီ။ သူ့အတွက် ထိုလူ၏သင်ခန်းစာပို့ချနေမှုကို နှောင့်ယှက်ရန် မသင့်တော်ကြောင်း သိသော်လည်း ထိုလူက အမှန်တကယ် မောက်မာနေသည်။ မန်ဟိုမှာ တော်တော်လေး သည်းခံတတ်သူဖြစ်သော်လည်း သူ့မျက်လုံးများထဲရှိ အေးစက်စက်အလင်းရောင်က သူ၏ ဘဝင်မကျမှုအတိုင်းအတာကို ပြသနေသည်။
"အစက ကျုပ်၊ ဖန်မု ခင်ဗျားဝတ်ဆင်ထားတဲ့ အနက်ရောင်ဆေးပေါင်းဖိုအဆင့် ဝတ်ရုံကြောင့် အရှက်မကွဲစေချင်ခဲ့ဘူး" မန်ဟို၏ မထူးခြားနားသော အသံက ရုတ်တရက် မာထန်သွားသည်။ "ဒါပေမယ့် ဆေးပေါင်းဖိုဘုရင်ကျိုးက ဇွတ်အတင်းတောင်းဆိုနေတော့ ကျုပ် သံသယနည်းနည်းပါးပါးထုတ်ပြောရတာပေါ့လေ"
ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ ဆေးဝါးအတတ်သင်များအားလုံး လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ စိတ်ဝင်စားစရာတစ်ခုခု ဖြစ်ပျက်တော့ပေမည်။ ဆေးဝါးကျွမ်းကျင်ပညာရှင်များ၏ မျက်လုံးများပင် စတင်တောက်ပလာ၏။ ဤဟန်ပန်အမူအရာများမှ စောစောကထက် အများကြီးပို၍ အစစ်အမှန်တက်ကြွနေကြခြင်း ဖြစ်သည်။
အဘိုးကြီးကျိုးက အေးစက်စက်နှာမှုတ်ပြီး တစ်ခုခုပြောရန်ပြင်လိုက်စဥ် မန်ဟိုက ယဥ်ကျေးခြင်းမရှိသောဟန်ဖြင့် ကြားဖြတ်ပြောသည်။
"ခင်များရဲ့ ဆေးဝါးပညာအသိအရ လူတစ်ယောက်ဟာ အရင်ဆုံး အပင်နှင့်အသီးအရွက်မျိုးကွဲအားလုံးကို ကျက်မှတ်ပြီး စေ့စပ်သေချာတဲ့ အစီအစဥ်တစ်ခုဖန်တီးရမယ်။ အဲ့ဒီနောက်မှ ဆေးလုံးတွေကို ဖော်စပ်ကောင်းဖော်စပ်ရမယ်တဲ့။ အဲ့ဒီအယူအဆက ခွေးချီးပုံထက်မပိုဘူး"
"ဖန်မု မင်း ရာရာစစ" အဘိုးကြီးကျိုးက ဒေါသတကြီးစိုက်ကြည့်ရင်း အော်သည်။ "ထပ်ပြောရဲရင် ပြောစမ်း"
မန်ဟို ပြန်ဖြေသောအခါ သူ့အသံသည် တည်ငြိမ်သော်လည်း သူ၏စကားလုံးများက ရင့်သီးပြီး ကြောက်စရာကောင်း၏။ " အဲ့လိုနည်းလမ်းနဲ့ ဘယ်လိုဆေးလုံး ဖော်စပ်ဖို့ ခင်ဗျား တွေးနေတာလဲ။ ဆေးဝါးတာအိိုဆိုတာ မိုးကောင်းကင်က ဖန်တီးထားတာဖြစ်ပြီးတော့ ကိုယ်ပိုင်အသိ လိုအပ်တယ်။ အောင်မြင်မှုဆိုတာ ဆက်တိုက်ကျရှုံးပြီး အဆက်မပြတ်တိုးတက်မှုတွေပြီးမှ လာနိုင်တာ။ အဲ့တာ ဆေးဖော်စပ်ခြင်းရဲ့ ရလဒ်ပဲ။ ဆေးဖော်တဲ့အခါ လူတစ်ယောက်ဟာ ဘာမှားလဲ၊ ဘာမှန်လဲ သုံးသပ်ရမယ်၊ သင့်တော်တဲ့ အချိန်နဲ့နေရာကို ရွေးချယ်ပြီး မီးတောက်ကို သင့်တော်တဲ့အပူချိန်ညှိရတယ်။ ပြီးတော့ ဆေးပင်တွေကြားက ဓာတ်ပြုမှုတွေကို ပြုပြင်ပေးရသေးတယ်။ ခင်ဗျားစကားတွေက ခွေးချီးလို့ ပြောတာ ကျုပ်မှားလား။ ကျုပ်ကို ထပ်ပြောစေချင်တာလား။ ခင်ဗျားက စီနီယာတစ်ယောက်ဆိုတော့ ခင်ဗျားပြောစေချင်တဲ့အတိုင်း ကျုပ်ထပ်ပြောမယ်။ ခင်ဗျားစကားတွေက ခွေးချီးပုံပဲ"
စကားလုံးများက ကျိုး၏အရှိုက်တည့်တည့်ကို ထိရာ သူ့ကို ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေစေသည်။ သူက မျက်လုံးများ ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေလျက် မန်ဟို့ကို လက်ညှိုးထိုးသည်။ " သစ္စာဖောက် မိစ္ဆာဒိဋ္ဌိ" သူက အော်ဟစ်သည်။ " ဆေးဖော်စပ်ခြင်းလမ်းစဥ်ပေါ်မှာ စည်းမျဥ်းတွေရှိတယ်။ မင်း မိုက်မဲတဲ့ကောင်လေး။ မင်း မသမာနည်းနဲ့ ဆေးပေါင်းဖိုဘုရင်အဆင့်တက်လာတဲ့အချက်က တခြားဆေးပေါင်းဖိုဘုရင်အားလုံးအတွက် သိက္ခာကျတယ်။ ငါတို့ မင်းနဲ့အဆက်အဆံလုပ်ရမှာတောင် ရှက်တယ်။ ကြည့်ရတာ မင်းက 'စည်းမျဥ်း'ဆိုတဲ့ စကားလုံးနဲ့ 'ဆေးဖော်စပ်နည်း'ဆိုတဲ့ အသုံးနဲ့ မရင်းနှီးသေးပုံပဲ။ ဆေးဖော်စပ်နည်းတွေကိုယ်တိုင်က စည်းမျဥ်းတွေပဲ။ ငါ ရည်ညွှန်းတဲ့ ဆေးဖော်စပ်ခြင်းက ဆေးဖော်စပ်နည်းးအတိုင်း လိုက်နာတဲ့ဟာကွ"
"ဆေးဖော်စပ်နည်းတွေဆိုတာ ဆေးဖော်စပ်ခြင်းဖြစ်စဥ်ကို မှတ်သားတဲ့ သမာရိုးကျနည်းလမ်းလေးတစ်ခုသာသာပဲ" မန်ဟိုက တည်ငြိမ်စွာ ပြန်ဖြေသည်။ " သူတို့က ဆေးဝါးပညာရှင်တွေအတွက် လမ်းပြမြေပုံ ဒါမှမဟုတ် ညအမှောင်ထဲမှာ အသုံးပြုရတဲ့ အလင်းရောင်လို ရှိနေတာလေ"
"မင်း....."
မန်ဟို၏စကားလုံးများက တဖြေးဖြေး သက်ညှာမှုကင်းမဲ့လာသည်။ " ခင်ဗျား ဆေးဖော်စပ်နည်းတစ်နည်းအတိုင်း လိုက်နာရင် ဟုတ်တာပေါ့ ၊ ခင်ဗျား ဆေးလုံးတစ်လုံးဖော်စပ်နိုင်တယ်။ ဒါပေမယ့် ခင်ဗျား ဆေးလုံးတွေကို အဲ့လိုဖော်စပ်နေရင် ခင်ဗျားက ဆေးဝါးကျွမ်းကျင်ပညါရှင်သာသာပဲ မဟုတ်လား။ တကယ်ပဲ ဆေးပေါင်းဖိုဘုရင်ဂုဏ်ပုဒ်နဲ့ ထိုက်တန်ရဲ့လား။ ကျုပ်အတွက်တော့ ခင်ဗျားက ငြီးငွေ့စရာကောင်းတဲ့ ရုပ်သေးရုပ်အဟောင်းကြီးထက် မပိုဘူး"
"မ မင်း..... ဆေးဖော်စပ်နည်းတွေက စည်းမျဥ်းတွေကွ။ မင်း...." အဘိုးကြီးက ဒေါသအိုးပေါက်ကွဲပြီး ဆက်လက်ရှင်းပြတော့မည့်အချိန် မန်ဟိုက ခေါင်းထောင်ပြီး ထပ်မံဖြတ်ပြောပြန်သည်။
"ခင်ဗျား ရှင်းရှင်းလင်းလင်းတောင် မပြောနိုင်ဘူး။ ဆေးဖော်စပ်နည်းက စည်းမျဥ်းတဲ့လား။ မိုးကောင်းကင်အောက်မှာ ရှိတဲ့ ဆေးလုံးတွေအားလုံးကို စစ်ဆေးကြည့်။ ဘယ်ဆေးလုံးတွေမှာ မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ ဖော်စပ်နည်းတွေ ဘယ်လောက်ရှိလဲ။ တကယ်တမ်းပြောရရင် တချို့ဆေးလုံးတွေဆို ဖော်စပ်နည်းတစ်ရာကျော်ရှိတယ်။ အကုန်လုံးက ဓာတ်ပြုမှုတွေ မတူဘူးနော်။ ဒါပေမယ့် တစ်ခုစီတိုင်းက တူညီတဲ့ဆေးလုံး ထုတ်ပေးတယ်။ ခင်ဗျားက စည်းမျဥ်းတွေအကြောင်းပြောတယ်ဆိုတော့ ဆေးလုံးတစ်လုံးစီအတွက် စည်းမျဥ်းအမျိုးမျိုးရှိနေတယ်ဆိုလိုတာလား
"သိပ်ကောင်းတယ်။ တကယ်ပဲ စည်းမျဥ်းတွေ ရှိတယ်ပဲထား။ ပထမဆေးဖော်စပ်နည်းပေါ်လာပြီးတဲ့နောက် ဒုတိယဖော်စပ်နည်းကို ဘယ်သူဖန်တီးခဲ့လဲ။ တတိယကော။ ဒါမှမဟုတ် စတုတ္ထနည်းကိုကော။ ခင်ဗျား တစ်ရာမြောက်ဖော်စပ်နည်းကိုရောက်ရင် ဘယ်သူ အဲ့ဆေးလုံးဖော်စပ်ခဲ့လဲ အတိအကျရှင်းပြနိုင်လား" မန်ဟို၏ မခံမရပ်နိုင်ဖြစ်နေသော စကားလုံးများက ချိုင့်ဝှမ်းတစ်ခုလုံး ဟိန်းနေသည်။ နားထောင်နေကြသော ဆေးဝါးအတတ်သင်များ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသောအရိပ်အယောင်များနှင့်အတူ အမြင်ပွင့်သွားသော အလင်းရောင်တို့ ပေါ်လာသည်။ ဆေးဝါးကျွမ်းကျင်ပညာရှင်များမှာ မန်ဟို၏စကားလုံးများကို နားထောင်ရင်း အသက်ရှူသံများမြန်ဆန်နေကြသည်။ သူတို့ မျက်နှာထားများမှာ စောစောက ကျိုး၏သင်ခန်းစာကို နားထောင်နေခဲ့စဥ်ကနှင့် အတော်လေးတူသည်။ သို့သော် ထိုဆေးပေါင်းဖိုဘုရင်နှစ်ယောက်၏ စကားများ ကွာခြားမှုမှာ မယုံနိုင်စရာပင်။
ကျိုး၏ဒေါသ မိုးထိအောင် မြင့်တက်သွားတော့သည်။ သူက တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေလျက် ဟိန်းဟောက်လိုက်သည်။ " သစ္စာဖောက်၊ မိစ္ဆာဒိဋ္ဌိ၊ ဆေးဝါးတာအိုကို ပုန်ကန်တာပဲ......"
"နောက်ဆေးဖော်စပ်နည်းကို ဖန်တီးတဲ့သူ တစ်ရာ့တစ်ယောက်မြောက်က ဒီနေ့ရောက်ရှိနေတဲ့ အရှေ့ဆေးဝါးအဖွဲ့ဂိုဏ်းသားတွေကြားထဲ မရှိဘူးလို့ ခင်ဗျားကြေညာရဲလား" ဤစကားကို ကြားသော် စိတ်လှုပ်ရှားမှုလှိုင်းလုံးကြီး ဆေးဝါးအတတ်သင်များကို ရိုက်ခတ်သွားသည်။ သူတို့က အဘိုးကြီးကျိုးကို လျစ်လျူရှုရင်း ချက်ချင်း သဘောတူထောက်ခံလာကြသည်။
မန်ဟို၏စကားလုံးများက သံတူ တစ်ချောင်းသဖွယ် အဘိုးကြီးကျိုးအပေါ်တည့်တည့် ရိုက်ချလိုက်လေသည်။ သူ့မှာ ရဲတွတ်နေသောမျက်လုံးများဖြင့် မန်ဟို့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ရင်း နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်မိလိုက်သည်။
***