စကားစစ်ထိုးပွဲ
Vol. 18 Ch. 244
" ခင်ဗျား 'သစ္စာဖောက်' 'မိစ္ဆာဒိဋ္ဌိ' နဲ့ 'ဆေးဝါးတာအိုကို ပုန်ကန်မှု' ဆိုတဲ့ စကားလုံးတွေက လွဲရင် တခြားဘာပြောနိုင်သေးလဲ" မန်ဟိုက ဆောင်းရာသီလေပြေညင်းကဲ့သို့ ငြိမ်သက်စွာ တင်ပျဥ်ခွေထိုင်နေသည်။ သူ၏အမူအရာက ပြောင်းလဲမသွားပေ။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုတော့ ရှိသေးသော်လည်း သူ၏စကားလုံးများက မယုံနိုင်လောက်အောင် ရက်စက်လေသည်။ ပတ်ဝန်းကျင်ရှိ ဆေးဝါးအတတ်သင်များက ရိုသေလေးစားသောမျက်နှာများဖြင့် ကြည့်ရှုနေကြသည်။
ကျိုးမှာ အမျက်တခြောင်းခြောင်းထွက်နေပြီး ချာချာလည်နေ၏။ သူ့၏စကားလုံးများက ပို၍ ပြင်းထန်လာသည်။ "မင်း မိုက်မဲတဲ့ အကောင်" သူက ပြောသည်။ " မင်းလိုကောင်က ဆေးဖော်တာက ဘာအဓိပ္ပါယ်လဲဆိုတာတောင် မသိဘူး။ မင်း ဂိုဏ်းက ထွက်သွားပြီး မင်းအမေနို့ ပြန်စို့နေလိုက်စမ်း......."
သူ၏စကားလုံးများက မန်ဟို့အပြုံးကို ပျောက်ကွယ်သွားစေသည်။ သူ့မျက်လုံးထဲရှိ အကြည့်သည် ပို၍အေးစက်လာ၏။ "ခင်ဗျားက 'ဆေးဖော်စပ်မယ်'ဆိုတဲ့ စကားလုံး ပြောဖို့တောင် မထိုက်တန်ဘူး။ ဆေးလုံးတွေက ဖော်စပ်ခံရပြီးတော့ ဖော်စပ်ခြင်းက အသိဉာဏ် လိုအပ်တယ်။ ဒါကြောင့် ဖော်စပ်ခြင်းလို့ ခေါ်တာပဲ။ ခင်ဗျား ဆေးဝါးတာအိုက ကူးချတာထက်မပိုဘူး။ ဆေးလုံးဖော်စပ်ခြင်းနဲ့ ဆေးလုံးကူးယူခြင်း။ အဲ့တာက စကားလုံးတစ်လုံးထဲနဲ့ ကွဲပြားမှုပဲ။ ဒါပေမယ့် ကွဲပြားရတဲ့ အဓိကအချက်က ခင်ဗျားရဲ့ဆေးဝါးတာအိုက လွန်ခဲ့တဲ့နှစ်တွေထဲက လမ်းအဆုံးကို ရောက်နေတာကြောင့်"
"အလိမ်အညာတွေ၊ အလိမ်အညာတွေ" ကျိုးက ဆံပင်များ ဖွာလန်ကြဲလျက် မန်ဟို့ကို ဝါးစား မတတ် စိုက်ကြည့်ရင်း အော်သည်။ သူ့မှာ သူ၏စကားလုံးများ ရက်စက်သည်ဟု အမြဲတွေးခဲ့သော်လည်း ယနေ့တွင် ဖန်မုစကားလုံးများက ရက်စက်သည်ထက်ပိုကြောင်း သူတွေ့လိုက်ရလေပြီ။ ၄င်းတို့က အလွန်ရင့်သီး၏။ သူက စိတ်ရှင်းရန် အသက်ပြင်းပြင်းရှူသွင်းပြီးနောက် ပြန်ချေပသည်။ "မင်း ဆေးဝါးတာအိုရဲ့စည်းမျဥ်းတွေကို စော်ကားတာလား။ စည်းမျဥ်းတွေဆိုတာ ဆေးဝါးပညာရှင်တွေကြားထဲမှာ နှစ်ပေါင်းတစ်သောင်းကြာတဲ့အထိ လက်ဆင့်ကမ်းလာခဲ့တာကွ။ မင်း စည်းမျဥ်းတွေကို မလေးစားရင် မင်း ဆေးလုံးတွေ မဟုတ်ဘဲ၊ ရွံစရာတွေ ဖော်စပ်နေတာပဲ"
"ရွံစရာတွေ" မန်ဟိုက အေးစက်စက်အပြုံးတစ်ခုဖြင့် ပြောသည်။ သူက ညာလက်ကို န့်ထုတ်လိုက်၏။ "ဆေးဝါးအတတ်သင်တို့၊ ဆေးလုံးတစ်လုံးလောက် တစ်ယောက်ယောက်လက်ထဲ ရှိလား။ ကျုပ်ကို ပေးစမ်းပါ"
သူ၏စကားလုံးများ ထွက်လာသည်နှင့်တစ်ပြိုင်နက် အနီးနားရှိ အသွက်ဆုံးဆေးဝါးအတတ်သင်တစ်ယောက်က ဆေးလုံးတစ်လုံး အလျင်အမြန်ထုတ်ပြီး မန်ဟို့ကို ကမ်းပေးသည်။ တခြားလူအားလုံး စောင့်ကြည့်နေကြသည်။
မန်ဟိုက ဆေးလုံးကို ယူ၍ တခဏကြည့်ပြီးနောက် ကျိုးကို ပြန်ကြည့်သည်။
"ဒါက ဆေးစွမ်းအား နှစ်ဆယ်ရာခိုင်နှုန်းရှိတဲ့ ချီဖွဲ့စည်းမှုဆေးလုံးပဲ။ လောလောဆယ်တော့ ဒီဆေးလုံးအတွက် ဖော်စပ်နည်းး ၉၇ နည်း ရှိတယ်။ အခု စည်းမျဥ်းတွေက ဘာလဲဆိုတာ ခင်ဗျားနားလည်အောင် ကျုပ် လုပ်ပေးရတာပေါ့။ ဒီဆေးလုံးအတွက် ပထမနည်းလမ်းက သွေးပြဒါးရွက်သုံးရွက်၊ အမှုန့်ပြာအမြစ်၊ လင်းယုန်အရွက်သွေးကြော လိုအပ်တယ်...... ဒုတိယနည်းလမ်းက ....... တတိယနည်းလမ်း... " မန်ဟိုက မတူညီသောဖော်စပ်နည်း ၉၇ နည်းလုံးအား မရပ်နားဘဲ ဖြေးဖြေးချင်း ရွတ်ပြနေသည်။ မန်ဟိုပြောသမျှ အချက်အလက်များအား မှတ်တမ်းတင်နေသော ဆေးဝါးကျွမ်းကျင်ပညာရှင်တချို့အပါအဝင် ရှိရှိသမျှ အားလုံးမှာ အရှေ့ဆေးဝါးအဖွဲ့၏ ဂိုဏ်းသားများဖြစ်သည်။ သူ ဖော်စပ်နည်း ၉၇ နည်းလုံး ရွတ်ပြနေစဥ် တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။
သူ ရွတ်ပြခဲ့သည့် ဖော်စပ်နည်းအားလုံးက မှန်၏။ နည်းတစ်နည်းစီတိုင်းအား ချီဖွဲ့စည်းမှုဆေးလုံးတစ်လုံး ဖော်စပ်ရန် အသုံးပြုနိုင်သည်။
" ၉၈ခုမြောက် ဖော်စပ်နည်းက အရှေ့ပိုင်းမြေမှုန်ပန်းဆီက ဝတ်ဆံသုံးဆံ၊ သစ်ကြံပိုးစေ့သုံးစေ့၊ လွမ်မီးငှက် အပင်ရဲ့ မီးတောက်သစ်ရွက်တစ်ရွက်လိုအပ်တယ်...... ၉၉ခုမြောက် ဖော်စပ်နည်းက သုံးနှစ်၊ ခုနစ်လ၊ ကိုးရက်သက်တမ်းရှိတဲ့ မင်သစ်ရွက် နဲ့ အရှေ့လမ်းစဥ်သစ်ရည် လိုအပ်တယ်..... ၁၀၃ခုမြောက် နည်းလမ်းက...... ၁၁၇ခုမြောက်နည်းလမ်း..... "
အရာအားလုံး အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်နေသည်။ အဘိုးကြီးကျိုးမှာ မန်ဟို့ကို ပါးစပ်အဟောင်းသားနှင့်သာ ကြည့်နေနိုင်သည်။ သူတစ်ယောက်သာမဟုတ်။ ဆေးဝါးအတတ်သင်များနှင့် ဆေးဝါးကျွမ်းကျင်ပညာရှင်များအားလုံး သူ့မှာ လူပင်မဟုတ်သည့်အလား ငေးကြည့်နေကြသည်။
သူရွတ်ပြခဲ့သည့် နောက်ဆုံး ဖော်စပ်နည်း ၂၀ ကို ဘယ်သူမှ မကြားခဲ့ဖူးပေ။ သူ့မျက်နှာပေါ်ရှိ အတွေးနက်နေသောအသွင်ကို အခြေခံ၍ မန်ဟိိို မှတ်ဉာဏ်ထဲမှ ရွတ်ပြနေခြင်းမဟုတ်ဘဲ ဆေးလုံးကို ကြည့်ပြီးနောက် သူ့ဘာသာသူ ၄င်းတို့ကို အလိုအလျောက် ဖန်တီးနေခြင်းဖြစ်ကြောင်း သိသာသည်။
ထိုကဲ့သို့ လုပ်ဆောင်ချက်များမှာ မန်ဟို၏ ယခင်စကားလုံးများထက် အဆများစွာ ပို၍ တိကျပြတ်သားသည်။ သူ ဆေးဖော်စပ်နည်း ၁၁၇ လုံး ရွတ်ပြပြီးနောက် ဘယ်သူမှ စကားတစ်ခွန်းမပြောသည့်အတောအတွင်း အသက်ဆယ်ရှိုက်စာ ကုန်လွန်သွားသည်။ ထို့နောက် လူတိုင်း ဝုန်းဒိုင်းကြဲ ကျွတ်ကျွတ်ညံလာတော့သည်။
" သူ ဆေးဖော်နည်းတွေကို ဖန်တီးနေတာ။ အဲ့တာ ဘာအဆင့်တုန်း။ သူ ဆေးပေါင်းဖိုဘုရင်ဖြစ်တာ အံ့သြစရာမရှိဘူး။ ဒါကတကယ် လက်ဖျားခါလောက်တယ်"
"ဆေးဖော်စပ်နည်းတစ်နည်းပဲ ဖန်တီးတာမဟုတ်ဘူး။ နှစ်ဆယ်တောင်နော်။ ကျုပ် သေသေချာချာနားထောင်နေတာ ၊ အဲ့တာတွေအားလုံးကို ချီဖွဲ့စည်းမှုဆေးလုံးဖော်စပ်ဖို့ အသုံးပြုနိုင်တယ်လို့ ကိုးဆယ်ရာခိုင်နှုန်း ယုံကြည်ချက်ရှိတယ်"
"အဲ့တာ ဖော်စပ်နည်းအမြင် ပဲ။ ဒဏ္ဍာရီအရဆိုရင် ဆေးဝါးတာအိုမှာ မယုံကြည်နိုင်ဖွယ် ကျွမ်းကျင်မှုတွေရှိတဲ့ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်တွေပဲ အဲ့လိုလုပ်နိုင်တယ်"
စင်မြင့်ပေါ်ရှိ အဘိုးကြီးကျိုး၏မျက်နှာကား ဖြူဆုပ်နေတော့သည်။ သူ၏အသက်ရှူသံတို့ မြန်ဆန်နေပြီး သူက အသက်မပါသော ပုံစံဖြင့် မန်ဟို့ကို အောင့်သက်သက်စိုက်ကြည်နေသည်။ သူ့ခေါင်းမှာ မိုးထစ်ချုန်းသံကဲ့သို့ ဂျိန်းခနဲ မြည်ဟည်းသွားသည်။
" ငါ မှားနိုင်တာ ဖြစ်နိုင်မလား.....ငါ့ဆေးဝါးတာအိုက အားနည်းချက်ရှိနေတာလား.....မဖြစ်နိုင်တာ ငါ မမှားနိုင်ဘူး။ ငါမှားခဲ့ရင် ဆေးပေါင်းဖိုဘုရင် ဘယ်လိုလုပ်ဖြစ်လာနိုင်မှာလဲ။ ဒါပေမယ့်..... ဒါပေမယ့် ငါမမှားရင် ငါ့ဆေးဝါးတာအိုက နှစ်ခြောက်ဆယ်ရပ်ဝန်းတစ်ခုလုံး ဘာကြောင့်တိုးတက်မလာခဲ့တာလဲ...."
"ကျုပ် ဆေးဖော်စပ်နည်း ၂၀ ပဲ ဖော်ပြခဲ့သေးတာ။ ဆေးပေါင်းဖိုဘုရင်ကျိုးရဲ့ အတွေးအခေါ်အရဆိုရင် ကျုပ် ဖန်မုက စည်းမျဥ်းဖန်တီးသူပဲ" မန်ဟိုက အင်္ကျီလက်စကို ခါကာ သူ့လက်ထဲရှိ ဆေးလုံးအား ပိုင်ရှင်ဖြစ်သူ ဆေးဝါးအတတ်သင်ထံ ပျံသန်းသွားစေသည်။ ဆေးဝါးအတတ်သင်က ၄င်းကို စိတ်လှုပ်တရှား ဆုပ်ကိုင်လိုက်၏။ သူသည် ဤဆေးလုံးကို အမှတ်တရအဖြစ် တစ်ဘဝလုံး သိမ်းဆည်းသွားမည်ဟု ဆုံးဖြတ်ခဲ့ပြီးလေပြီ။
မန်ဟို၏ စကားလုံးများက အဘိုးကြီးကျိုး၏နားထဲသို့ မိုးခြိမ်းသံသဖွယ် ဝင်ဆောင့်သည်။ သူ၏မျက်နှာ သွေးဆုပ်သွားပြီး တစ်ကိုယ်လုံး တဆတ်ဆတ်တုန်လာသည်။ သူ၏မျက်လုံးများမှာ သွေးကြောများဖြင့် ပြည့်နှက်နေ၏။
"မင်း ကယောက်ချောက်ချား လျှောက်ပြောနေတာတွေ ရပ်လိုက်စမ်း။ မင်းပြောသမျှအားလုံးက အရှေ့ဆေးဝါးအဖွဲ့ရဲ့ ဆေးဝါးတာအိုနဲ့ ဆန့်ကျင်နေတယ်။ မင်းက ငါ့နှလုံးသားထဲမှာ သံသယမျိုးစေ့တွေ ကြဲဖို့ ကြိုးစားနေတာပဲ။ အဲ့လိုအပြုအမူတွေက သေဒဏ်ပေးခံရသင့်တယ်။ ငါရဲ့ ဒီဆေးလုံးဖော်စပ်နည်းတွေနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိတာက မင်း အဲ့တာတွေကို ဘယ်နေရာက ရခဲ့လဲ ငါ မသိတဲ့အကြောင်းကိုပဲ သက်သေပြနေတယ်။ မင်းက ကြွားလုံးထုတ်ဖို့ သက်သက် ကြိုးစားနေတာ"
မန်ဟို့စိတ်ထဲတွင် ဤအဘိုးကြီးမှာ ခေါင်းမာပြီး စိတ်ပျက်စရာကောင်းလှသည်။ သူက သွေးအေးအေးပြုံးရင်း ပြန်လည်ချေပလိုက်၏။ "အော် ဒါဆို ကျုပ်က ကြွားလုံးထုတ်ဖို့ သက်သက်ကြိုးစားနေတာပေါ့လေ။ ဆေးပေါင်းဖိုဘုရင်ကျိုး၊ ဒါလေး မေးပါရစေ။ ခင်ဗျားလက်ထဲမှာ ကိုင်ထားတဲ့ ဆေးပင်က ဘာလဲ"
"ဆေးပင်" အဘိုးကြီးကျိုးမှာ အလွန်ဒေါသထွက်သွားသဖြင့် တခဏကြာသည်အထိ ကြောင်တောင်တောင် စိုက်ကြည့်နေမိသည်။ သူက သိုလှောင်အိတ်ကို ပုတ်ပြီး စောစောက သင်ခန်းစာပို့ချနေခဲ့သော ဆေးပင်ကို ထုတ်လိုက်သည်။ "ဒါက ခုနစ်မြွှာသစ်ရွက်......."
သူ ဆက်ပြောတော့မည့်အချိန် မန်ဟိုက တဟားဟားအော်ရယ်သည်။ "ခုနစ်မြွှာသစ်ရွက်က ဆန့်ကျင်ဘက် ယင်နဲ့ယန်ဓာတ်တွေပါဝင်တဲ့ အလင်းရောင်ပေါ်မှာ ရှင်သန်တယ်။ ဒါကြောင့် နေနဲ့လ အတူတူ ထွန်းလင်းတောက်ပတဲ့ ညနေခင်းအချိန်အတွင်းမှာပဲ ကြီးထွားးတယ်။ ဒါ့အပြင် မှောင်ရီပျိုးချိန်မှာ ခုနစ်ရောင်ခြယ်အလင်း ဖြာထွက်တယ်။ သူက ရောထွေးသစ်ရွက်ရယ်၊ အပြာရောင်မိုးသောက်သစ်ရွက်ရယ်နဲ့ တစ်ထေရာတည်းနီးပါးတူတယ်။ သူ့တို့ရဲ့ မတူကွဲပြားမှုတွေကို ပြောနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက ပင်စည်၊ အရွက်နဲ့ အကိုင်းအခက်တွေကို စစ်ဆေးကြည့်ဖို့ပဲ။ ကောင်းကင်အခြေအနေတွေကိုလဲ အဆုံးအဖြတ်ပေးတဲ့အရာတစ်ခု အဖြစ် အသုံးချနိုင်တယ်" မန်ဟို၏အကြည့်မှာ ရေခဲတမျှအေးစက်နေ၏။ "သိသိသာသာပဲ ခင်ဗျားလက်ထဲ ကိုင်ထားတဲ့ အပင်က ခုနစ်မြွှာသစ်ရွက်မဟုတ်ဘူး၊ အပြာရောင်မိုးသောက်သစ်ရွက်"
သူ၏စကားလုံးများက ချိုင့်ဝှမ်းတစ်လျှောက် ဟိန်းထွက်သွားသည်။ ဆေးဝါးအတတ်သင်အားလုံး ချက်ချင်း မျက်နှာကြီးခက်ထန်သွားသော အဘိုးကြီးကျိုးကို လှည့်ကြည့်လိုက်ကြသည်။ ဆေးပင်တစ်ပင်ကို အကဲဖြတ်မှားခြင်းက ဂိုဏ်းအတွင်း တော်တော်လေး မျက်နှာပျက်စရာ ဖြစ်ပေမည်။
ပို၍ အရေးကြီးသည်က ဆေးပေါင်းဖိုဘုရင်တစ်ယောက်ဖြစ်သည့် ကျိုးက ဆေးပင်တစ်ပင်အပေါ် အကဲဖြတ်မှားခဲ့လျှင် ၄င်းက သူ့၏ဂုဏ်သတင်းကို ပျက်စီးစေနိုင်သည်။
"နေဝင်တော့မှာပဲ" မန်ဟိုက တည်ကြည်ပြတ်သားသော လေသံဖြင့် ပြောသည်။ "မကြာခင် နေနဲ့လ အတူတူ ထွန်းလင်းတော့မယ်။ ခင်ဗျားကိုင်ထားတဲ့ ဆေးပင်က တကယ်ပဲ ခုနစ်မြွှာသစ်ရွက်ဆိုရင် ခုနစ်ရောင်ခြယ်တောက်ပပြီး ကျုပ်မှားကြောင်း သက်သေပြလိမ့်မယ်။ အဲ့လိုဆိုရင် ကျုပ် ဒီနေ့ ဒီနေရာက ဂိုဏ်းသားတွေအားလုံးအရှေ့မှာ ခင်ဗျားကို အနူးအညွတ်တောင်းပန်မယ်။ ဒါ့အပြင် နောင်ကျရင် ကျုပ် ခင်ဗျားနေရာကို ဘယ်တော့မှ ဝင်ရဲမှာမဟုတ်တော့ဘူး" သူက အင်္ကျီလက်စကို ခါလိုက်သည်။
အဘိုးကြီးကျိုးနှင့် စကားစစ်ထိုးပွဲက သင်ခန်းစာ အဆုံးသတ်ရန် သတ်မှတ်ထားသည့် အချိန်ကို ကျော်သွားခဲ့သည်မှာ ကြာပြီဖြစ်သည်။ မှောင်ရီပျိုးစပြုလာပြီး လသည် ယခုပင် ထွက်ပေါ်လာနေသည်။
စကားစစ်ထိုးပွဲမှာ အချိန်ကြာမြင့်သော်လည်း ဆေးဝါးအတတ်သင်များနှင့် ဆေးဝါးကျွမ်းကျင်ပညာရှင်များမှာ သူတို့၏စိတ်အားထက်သန်မှုတို့အား အားတင်း၍မြိုသိပ်ထားရသည်။ သူတို့မှာ ရှေ့ဆက်ဖြစ်မည်နှင့်ပတ်သက်၍ များစွာ စိတ်ဝင်စားနေကြသည်။
"အဓိပ္ပါယ်မရှိဘူး" အဘိုးကြီးကျိုးက စူးစူးဝါးဝါးအော်သည်။ "ငါက အသက် ၁၃၀ ရှိပြီ။ မင်းအသက်က ဘယ်လောက်မလို့လဲ။ ငါက ဘယ်လိုလုပ်မှားနိုင်မှာလဲ.... ဟမ်" သူ စကားပြောမပြီးခင် မှောင်ရီပျိုးလာသဖြင့် ကောင်းကင်သည် တစတစ မှောင်မိုက်လာသည်။ နေနှင့်လ နှစ်မျိုးလုံး ကောင်းကင်တွင် ထွန်းလင်းတောက်ပနေ၏။
သို့သော် နေဝင်ရီတရော အလင်းရောင်တို့ သူ့လက်ထဲရှိ ဆေးပင်အပေါ် ကျရောက်သောအခါ အရောင်ခုနစ်ရောင်၏ အရိပ်အယောင်ပင် မမြင်ရပေ။ မန်ဟိုအတွက် နောက်ထပ်ပြောရန် မလိုအပ်တော့။ ချိုင့်ဝှမ်းထဲရှိ ဆေးဝါးအတတ်သင်များထံမှ စကားသံများ ပွက်လောရိုက်လာသည်။
"ခုနစ်မြွှာသစ်ရွက်မဟုတ်ဘူးဟ"
"ယုံတောင်မယုံနိုင်ဘူး..... ဆေးပေါင်းဖိုဘုရင်ကျိုးက တကယ်ပဲ ဆေးပင်မှားထုတ်ခဲ့တာလား"
"သူ မှန်ကန်တဲ့ဆေးပင်ကိုတောင် မထုတ်နိုင်ရင် ဘယ်သူက သူ ဆေးဝါးတာအိုအကြောင်းပြောတာ နားထောင်နိုင်မှာတုန်း"
လူအများပြောနေကြသည့် စကားသံများကို အဘိုးကြီးကျိုးကြားသောအခါ မျက်နှာကြီးဖြူဖျော့သွားသည်။ သူ့မှာ ရှက်လွန်းသဖြင့် တွင်းထဲ ပြေးပုန်းလိုက်ချင်သည်။ သို့သော် သူ မန်ဟို့ကို ဒေါသတကြီးစိုက်ကြည့်နေစဥ် သူ့ရင်ထဲ၌ ဒေါသမီးတို့တောက်လောင်နေဆဲ ဖြစ်သည်။ ကြည့်ရသရွေ့ သူ့တွင် ဆက်လက်တိုက်ခိုက်စရာ ကျန်သေးဟန်တူသည်။
"မင်း မိုက်မဲ့တဲ့ အကောင်စုတ်။ မင်းက မဟုတ်ကဟုတ်ကတွေ လျှောက်ပြောနေတာပဲ။ ငါက လွန်ခဲ့တဲ့နှစ်ခြောက်ဆယ်ထဲက ဆေးပေါင်းဖိုဘုရင်ဖြစ်လာတာကွ။ မင်း...."
"ခင်ဗျားက လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်ထဲက ဆေးပေါင်းဖိုဘုရင် ဖြစ်လာခဲ့တယ်။ အခုကစပြီး နှစ်ခြောက်ဆယ်ကြာရင်လဲ ခင်ဗျား ဆေးပေါင်းဖိုဘုရင်ဖြစ်နေဦးမှာပဲ။ ကျုပ်ကတော့ မိုက်မဲကောင်းမိုက်မဲလိမ့်မယ်။ ငယ်ကောင်းငယ်လိမ့်မယ်။ ဒါပေမယ့် ကျုပ်က ခင်ဗျားနည်းတူ ဆေးပေါင်းဖိုဘုရင်တစ်ယောက်ပဲ။ နှစ်ခြောက်ဆယ်အတွင်း ခင်ဗျား ကျုပ်ရှေ့မှာ ဝပ်တွားရှိခိုးရလိမ့်မယ်။ အဲ့ဒီအတွက် အကြောင်းရင်းက.... ခင်ဗျားရဲ့ဆေးဝါးတာအိုဟာ မှားနေတာကြောင့်ပဲ" မန်ဟို ထရပ်လိုက်သည်။ သူက ကျိုးကိုမကြည့်ဘဲ ချိုင့်ဝှမ်းထဲမှ လမ်းလျှောက်ထွက်သွား၏။
မန်ဟို၏စကားလုံးများက ထိုလူ၏နားထဲတွင် မိုးခြိမ်းသံသဖွယ် ပဲ့တင်ထပ်ကျန်ခဲ့သည်။ သူက မန်ဟို့ကို လက်ညှိုးထိုးရန် လက်မြှောက်လိုက်သော်လည့် သူ့တစ်ကိုယ်လုံးတုန်ရီလာပြီး သွေးတစ်ပွက်အန်လိုက်ရသည်။ "မှားနေတယ်....မှားနေတယ်တဲ့လား...." မန်ဟို၏စကားလုံးများက သူ့စိတ်ထဲ၌ ပဲ့တင်ထပ်နေရာ သူ့ကို ပြန်လည်ချေပရန်ပင် မေ့လျော့သွားစေသည်။
မန်ဟိုထွက်သွားစဥ် ဆေးဝါးအတတ်သင်တစ်သိန်း၏မျက်လုံးများ တောက်ပလင်းလက်လာသည်။ လာမည့်နေ့ရက်များတွင် မန်ဟို၏နာမည်သည် အရှေ့ဆေးဝါးအဖွဲ့တစ်လျှောက်လုံး ဆက်လက် အံသြတုန်လှုပ်စေလိမ့်မည်။ ထိုမျှသာမက သူ၏သင်ခန်းစာများမှာ သေချာပေါက် ထင်ရှားကျော်ကြားတော့မည် ဖြစ်သည်။
ကံဆိုးစွာပင် ကမ္ဘာကြီး၏နည်းလမ်းများကား နားလည်သဘောပေါက်ရန် ခက်ခဲသည်။ မကြာခင် မန်ဟို၏ ဇီယွင်ဂိုဏ်း၌ အေးချမ်းသာယာသောနေ့ရက်များ အဆုံးသတ်သို့ ရောက်ရှိတော့ပေမည်။
အဘိုးကြီးကျိုးနှင့် စကားစစ်ထိုးပြီး တစ်လကြာသော် မန်ဟို သူ၏ကျင့်ကြံခြင်းဂူတွင် ထိုင်နေ၏။ သူသည် ယခုလေးတင် ဆေးလုံးတစ်သုတ် ဖော်စပ်ခဲ့ပြီး၍ ဆေးလုံးများ ထပ်မံဖော်စပ်ရန်နှင့် ဝိညာဥ်ကျောက်တုံးအမြောက်အမြားရရှိရန် ဂိုဏ်း၏ ရင်းမြစ်များအား မည်သို့အခွင့်ကောင်းယူရမည်လဲ ကြံစည်နေလေသည်။ ထိုစဥ် အမိန့်ပေးကျောက်စိမ်းပြားတစ်ပြား ရောက်လာသည်။ အရှေ့ဆေးဝါးအဖွဲ့ ဆေးပေါင်းဖိုဘုရင်အားလုံး၏ အဆိုပြချက်အရ သူ့မှာ အတွေ့အကြုံရရန် ဂိုဏ်းအပြင်သို့ စေလွှတ်ခံရလေသည်။
အဆင့်တက်ပြီးနောက် ဆေးပေါင်းဖိုဘုရင်အားလုံးသည် အတွေ့အကြုံရရန် အချိန်အတိုင်းအတာတစ်ခုအထိ ဂိုဏ်းမှထွက်ခွာရန် လိုအပ်သည်။ ၄င်းက တင်းကြပ်မှုမရှိသော်လည်း စည်းမျဥ်းတစ်ခုဖြစ်သည်။ များသောအားဖြင့် ဆေးဝါးပညာရှင်များမှာ အပြင်သို့ ခရီးထွက်ရမည့်အစား လူသူဝေးရာအရပ်တွင် ဆေးဖော်စပ်ရသည်ကို နှစ်ခြိုက်လေသည်။
သို့သော် ချင်းလော်ဂိုဏ်းက လက်ဆောင်ပဏ္ဍာအမြောက်အမြားဖြင့် ဆေးပေါင်းဖိုဘုရင်နှစ်ယောက် စေလွှတ်ပေးရန် ကမ်းလှမ်းခဲ့လေသည်။ တစ်ယောက်က ဆေးဝါးတာအိုနှင့်ပတ်သက်၍ သင်ခန်းစာပို့ချရန်ဖြစ်ပြီး ကျန်တစ်ယောက်က အထူးဆေးလုံးများ ဖော်စပ်ပေးရန်ဖြစ်သည်။ ထိုကဲ့သို့ စီမံဆောင်ရွက်မှုမျိုးမှာ ထိပ်သီးဂိုဏ်းများနှင့် မျိုးနွယ်စုများအကြား မထူးခြားသော အရာပင်။
ဆေးပေါင်းဖိုဘုရင်မဟုတ်သော လီတောက်ပင်လျှင် ယခင်လက လီမျိုးနွယ်စုထံ အလည်ပတ်လာရောက်ရန် ဖိတ်ကြားခံခဲ့ရသည်။ ဟုတ်ပါသည်၊ ယင်းက သူတို့ ချီအခြေတည်နေ့ဆေးလုံးကို ဝယ်ခဲ့သောကြောင့်ပင်။
မန်ဟို့အတွက်မူ ပထမဆုံးအနေဖြင့် ချင်းလော်ဂိုဏ်းသို့ အဆိုပြုခံရသည့်အကြောင်းရင်းမှာ သူ၏ အစဥ်အလာအတိုင်းမဟုတ်သော ဆေးပေါင်းဖိုဘုရင်ဖြစ်လာခြင်းကြောင့်ပင်။
အမှန်ပင်၊ မန်ဟို တစ်ယောက်တည်းအရူးဖြစ်မည့်အချိန်ကို စောင့်စားနေကြသူ အတော်များလေသည်။ အပြင်ရှိ ထိပ်သီးဂိုဏ်းတစ်ဂိုဏ်းအတွက် ဖော်စပ်ရမည့် ဆေးလုံးများမှာ သာမန်မဟုတ်သည့်အပြင် ဆေးပေါင်းဖိုဘုရင်တစ်ယောက်၏ အရည်အချင်းအပြည့်အဝရှိရန် လိုအပ်သည်။
မန်ဟိုက ဆေးပေါင်းဖိုဘုရင်တစ်ယောက်ဖြစ်လာရာတွင် လိုအပ်ချက်တချို့ကို ကျန်ရှိခဲ့သဖြင့် သူ့အတွက် အမိန့်ကို ငြင်းဆန်ရန် နည်းလမ်းမရှိပေ။
"ချင်းလော်ဂိုဏ်း....." မန်ဟို၏မျက်ခုံးနှစ်ဖက် တွန့်ချိုးသွား၏။
***