ချင်းလော်ဂိုဏ်း ခရီးစဥ်
Vol. 18 Ch. 245
မန်ဟို တကယ်မသွားချင်ပါသော်လည်း အမိန့်ကျောက်စိမ်းပြားအား ထုတ်ပြန်ထားပြီး ဖြစ်သည့်အပြင် သူ့တွင် ငြင်းဆန်ရန် အကြောင်းပြချက်ကောင်းကောင်းလည်း မရှိပေ။ ထို့အပြင်....သူ့မှာ ဂိုဏ်းအပေါ် ဆေးလုံးအမြောက်အမြား အကြွေးတင်နေသေးသည်။ သူ၏အကြွေးအားလုံးက တရားဝင်မှတ်တမ်းတင်ခံထားရသဖြင့် ချက်ချင်း ပြန်ဆပ်ရန် မလိုသော်လည်း အနှေးနှင့်အမြန် ပြန်ဆပ်ရပေတော့မည်။
မဆပ်လျှင် သူ့အတွက် ဆေးပင်ရယူခွင့် ကန့်သတ်ခံရလေမည်။ သို့ဖြစ်၍ ဂိုဏ်းအပြင်ခရီးစဥ်က တစ်ချက်ခုတ်နှစ်ချက်ပြတ်၊ အတွေ့အကြုံလည်းရ၊ ဂိုဏ်းအပေါ်တင်နေသည့် အကြွေးအနည်းငယ်လည်း လျှော့ချနိုင်မည် ဖြစ်သည်။
"ဖန်မုအတွက် ချင်းလော်ဂိုဏ်းခရီးစဥ်က....မဟာအခွင့်အရေးကြီးပဲ" ခိုင်မာပြတ်သားသောစိတ်ဆန္ဒက မန်ဟို၏မျက်လုံးများထဲ၌ လင်းလက်သွားသည်။ ချင်းလော်ဂိုဏ်းသို့ သွားရန် ဆုံးဖြတ်ချက်ချပြီးသည်နှင့် အစ်မရှု၏ပုံရိပ်လေးက သူ့ခေါင်းထဲ ပေါ်လာသည်။
ဟန်ပေ့၊ ကျိုးကျဲအပြင် ချင််းလော်ဂိုဏ်းနှင့်ပတ်သက်ခဲ့သည့် ထိုနှစ်က အဖြစ်အပျက်များအားလုံးကိုလည်း သူ ပြန်တွေးမိသည်။
"ဒီတစ်ခေါက်တော့ ဇီယွင်ဂိုဏ်းရဲ့ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်အဖြစ်နဲ့ တောင်ပိုင်းဒေသမှာ ခရီးထွက်ရမှာပါလား" မန်ဟိုက ခပ်တိုးတိုးရယ်ရင်း သူ၏အင်္ကျီလက်စကို ခါပြီး သူနှင့်အတူ ယူသွားမည့် ပစ္စည်းများအား စုဆောင်းလိုက်သည်။ ထို့နောက် သူသည် ကျောက်စိမ်းပြားကို လက်တွင်ကိုင်၍ ကျင့်ကြံခြင်းဂူမှ ထွက်လာခဲ့၏။
ခုနစ်ရက်ကြာသော်
"မဟာအကြီးအကဲကျိုး၊ မဟာအကြီးအကဲဖန်း ဒါက ချင်းလော်ဂိုဏ်းမှာ စိုက်ပျိုးထားတဲ့ ချင်းလော်သစ်သီးဖြစ်ပါတယ်။ သူ့အရသာက ဝိုင်လို နှစ်သက်ဖွယ်ကောင်းပြီး များသောအားဖြင့် အကြီးအကဲတွေကိုပဲ ဆက်သလေ့ရှိတာ"
ဇီယွင်ဂိုဏ်း၏ အပြင်ဘက်တစ်နေရာတွင် ဧရာမ အနက်ရောင် လေသင်္ဘောကြီးတစ်စင်းသည် အမြင့်ဆုံးအရှိန်ဖြင့် လေကိုခွင်း၍ ပျံသန်းလာနေသည်။ ၄င်းကို ချီအခြေတည်အဆင့်အတွင်း၌ တမူထူးခြားသောကျင့်ကြံခြင်းအခြေခံများရှိသည့် ချင်းလော်ဂိုဏ်းသားရာပေါင်းများစွာမှ ခုတ်မောင်းနေခြင်းဖြစ်သည်။
ဇီယွင်ဂိုဏ်းသားများကို စောင့်ကြပ်ရန် ချင်းလော်ဂိုဏ်းမှ စေလွှတ်လိုက်သည့် ဆေးပညာစောင့်ရှောက်သူ ဖြစ်သည့် အမြုတေဖြစ်တည်မှုအဆင့် ဂိုဏ်းသားတစ်ယောက်လည်း ပါရှိသည်။ သူက လေသင်္ဘော၏ အလည်ဗဟိုတွင် သူ့စိတ်ထဲရှိ အတွေးများကို ဖုံးကွယ်ရင်း ရယ်မောကာ သူတို့နှင့်အတူ ထိုင်နေသည်။ သူ့အရှေ့တွင် အနက်နှင့်ခရမ်းရောင် ဝတ်ရုံဖြင့် ဆံဖြူအဘိုးအိုတစ်ယောက်ရှိသည်။ သူသည် တာအိုနှင့် စင်ကြယ်သော အတွေးအခေါ်ကို ထုတ်လွှတ်နေပုံရသည်။ အဘိုးအိုဘေးတွင် ချောမောပြီး အသားဖြူဖြူ လူငယ်တစ်ယောက်ထိုင်နေသည်။
အဘိုးအို၏ ဟန်ပန်မှာ ရိုးရှင်းပြီး မထူးခြားသည့်အသွင်မျိုးဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံသည် ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်တွင် ဖြစ်၏။ ဤသည်မှာ ယခင်လက ချိုင့်ဝှမ်းထဲတွင် မန်ဟိုနှင့် စကားစစ်ထိုးခဲ့သည့် ဆေးပေါင်းဖိုဘုရင်ကျိုးမှလွဲ၍ တခြားမဟုတ်ပေ။
သူ့ဘေးရှိ လူငယ်ထံမှ ဆေးအနံ့အနည်းငယ် ထွက်နေသည်။ သူသည် ကျင့်ကြံသူအစား စာပေသမားတစ်ယောက်နှင့် ပိုတူသည်။ ဟုတ်ပါသည်၊ ဤသည်မှာ မန်ဟိုပင်။
အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူအပြင် ချင်းလော်ဂိုဏ်းသည် အသက်သုံးဆယ်စွန်းစွန်းလူငယ်တစ်ယောက်ကိုလည်း စေလွှတ်ခဲ့သည်။ သူက နက်ပြာရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး နက်နဲသိမ့်မွေ့မှုနှင့် အသိအမြင်တို့ ပြည့်ဝနေပုံရသည်။ သူသည် ဘာမှဝင်မပြောဘဲ ဘေးတွင်ထိုင်နေရာ အတော်လေး စကားနည်းပုံရ၏။ လွန်ခဲ့သည့် ရက်အနည်းငယ်က ထိုလူ့ကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့တုန်းက မန်ဟို အံ့သြတုန်လှုပ်ခဲ့မိသည်။
သူကား ကျိုးကျဲဖြစ်သည်။
ချင်းလော်ဂိုဏ်း၏ တာအိုကလေး။
သူသည် လွန်ခဲ့သည့် နှစ်များက ချီအခြေတည်ခြင်း၏ အထွတ်အထိပ် တိုက်ပွဲတွင် မန်ဟို ရင်ဆိုင်ခဲ့ရသည့် လူပင်။ ထိုတိုက်ပွဲတွင် ကျိုးကျဲ ရှုံးခဲ့၏။ သူ၏ ပွင့်လင်းပြီး ဖြောင့်မတ်သော အပြုအမူများက မန်ဟို့၏လေးစားမှု ရရှိခဲ့၍ အသက်ချမ်းသာရာရခဲ့သည်။
မန်ဟို သူ့ကို မတွေ့ရသည်မှာ ငါးနှစ်ကြာခဲ့ပြီဖြစ်ပြီး ယခုတွင် သူ့နှင့်ပတ်သက်၍ တစ်ခုခုက ခြားနားနေပုံပေါ်သည်။ မည်သည့်အရာ ဖြစ်သည်လဲ မန်ဟို အတိအကျမပြောနိုင်သည့်တိုင် ၄င်းကို သူ့ကို အတော်လေး ထူးဆန်းသော ခံစားချက်တစ်ခု ကိန်းအောင်းနေစေခဲ့သည်။
သူ့ရင်ထဲတွင် ထိုသို့သောအတွေးများ ရစ်ပတ်ရှုပ်ထွေးနေသော်လည်း သူ့မျက်နှာပေါ်တွင်တော့ မပြသပေ။ အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူထံမှ စကားလုံးများကြားပြီးနောက် မန်ဟို မည်သို့တုံ့ပြန်ရမည်လဲ စဥ်းစားနေစဥ် အဘိုးကြီးကျိုးက ချင်းလော်သစ်သီးတစ်လုံး လှမ်းယူလိုက်သည်။
"ဘယ်လောက် ထူးခြားတဲ့သစ်သီးလဲ" သူက အေးတိအေးစက်ပြောသည်။ " ဆေးဖက်ဝင်ပစ္စည်းအဖြစ် အသုံးပြုဖို့ အကောင်းဆုံးဖြစ်နိုင်တယ်။ ကျုပ်တော့ ဒါကို အလကား မစားပစ်ဘူး" သူက မန်ဟို့ကို ကြည့်သည်။
မန်ဟိုက ဘာမှမပြောပေ။ သူက ခပ်ပြုံးပြုံးနှင့် ချင်းလော်သစ်သီးကို လက်ခံပြီးနောက် သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။ သူ့မှာ စိတ်ထဲတွင် ကြိတ်၍သက်ပြင်းချလိုက်မိ၏။ ဇီယွင်ဂိုဏ်းက သူ့ကို အဘိုးကြီးကျိုးနှင့်မှ အတူ လွှတ်လိမ့်မည် သူ မည်သို့တွေးနိုင်ခဲ့မည်နည်း။ ကျိုးဒယ်ခွန်သည် ဆေးဝါးတာအိုနှင့်ပတ်သက်သော သင်ခန်းစာများကို ပို့ချရန် တာဝန်ရှိပြီး သူကတော့ ဆေးဖော်စပ်ရမည်ဖြစ်သည်။
သူတို့ လေသင်္ဘောအပေါ် ရှိနေခဲ့သည့် တစ်ချိန်လုံး ကျိုးက သူ့ကို မုန်းတီးရွံရှာသောအကြည့်များဖြင့်သာ ကြည့်နေသည်။ ဟုတ်ပါသည်၊ ချင်းလော်ဂိုဏ်းမှလူများလည်း ဤသည်ကို သတိထားမိကြ၏။
အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူမှာ ပြုံးဖြီးနေသော်လည်း စိတ်ထဲတွင် မတင်မကျဖြစ်နေသည်။ "ဒီဆေးပေါင်းဖိုဘုရင် ကျိုးဒယ်ခွန်က နာမည်ကြီးပြီးတော့ အရည်အချင်းရှိတယ်။ သူက ထိပ်တန်းဆေးပေါင်းဖိုဘုရင်တွေထဲက တစ်ယောက်ဖြစ်တဲ့အပြင် ချင်းလော်ဂိုဏ်းကို မကြာခဏ အလည်လာရောက်လေ့ရှိတာက သူ ငါတို့ကို ဘယ်လောက်လေးစားလဲ သက်သေပြနေတယ်။ ဒါပေမယ့် ဒီ ဖန်မုကတော့...... ငါလျှောက်မေးကြည့်ပုံအရ လွန်ခဲ့တဲ့နှစ်ဝက်ကမှ ဆေးပေါင်းဖိုအဆင့်တက်ခဲ့တာဆိုပဲ။ သူက တကယ်တမ်း ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်သာသာပဲရှိတယ်" အမှန်ပင်၊ ထိုလူသည် သူ ဖန်မုကို အထင်သေးနေကြောင်း ဖော်ပြမည့် အရိပ်အယောင်တစ်ခုကိုမှ သူ့မျက်နှာပေါ်တွင် မပေါ်လွင်စေပေ။ သို့သော် သူက အဘိုးကြီးကျိုးကို ပို၍လေးလေးစားစားဆက်ဆံသည်။
သူက တဟားဟား အော်ရယ်လိုက်သည်။ " သဘောကျရင် မဟာအကြီးအကဲကျိုးရေ" သူက ကြင်နာဖော်ရွေသော အသံဖြင့် ပြောသည်။ "ကျုပ် ခင်ဗျားတို့ နှစ်ယောက်လုံးကို ချင်းလော်သစ်သီးတွေ လက်ဆောင် ထပ်ပေးဖို့ ဂိုဏ်းချုပ်ကို တောင်းဆိုပေးမယ်"
ဘေးတွင် ကျိုးကျဲသည် နှုတ်ဆိတ်စွာ ထိုင်နေ၏။ သူက တစ်ချိန်လုံး စကားတစ်ခွန်းဝင်မပြောပေ။ ထိုနည်းတူ မန်ဟိုလည်း စကားပြောရန် စိတ်မပါပေ။ ထိုမျှသာမက အဘိုးကြီးကျိုးကား အရေးတယူလုပ်ခံရခြင်းကို ကျေနပ်နေဟန်တူသည်။
လေးယောက်ထိုင်နေသည့်အနက် နှစ်ယောက်သာ အာပေါင်ရင်းသန်သန် စကားပြောနေကြသည်။ အဘိုးကြီးကျိုးမှာ သူ့ကိုယ်သူ အလွန်ဂုဏ်ယူနေပုံရသည်။ "ဒီတစ်ခေါက် " သူက တစ်ယောက်တည်းပြောသည်။ "ဒီကောင်စုတ်လေးကို ငါ တကယ် ဘယ်လောက်အထင်ကြီးစရာကောင်းလဲ ပြရမယ်"
အချိန်တို့ ကုန်လွန်သွားသည်။ လေသင်္ဘောသည် လျင်မြန်စွာ ခရီးနှင်နေပြီး နေရာရွှေ့ပြောင်းခြင်းမုခ်ဝ အမြောက်အမြားကိုပင် အသုံးပြုလေသည်။ ရက်အနည်းငယ်ကြာသော် ချင်းလော်ဂိုဏ်း၏ တောင်တစ်သိန်း အဝေးတွင် ပေါ်လာသည်။
မန်ဟိုသည် သူ၏အချိန်အများစုကို တံခါးပိတ်ကျင့်ကြံရင်း အသုံးချခဲ့သည်။ ဘယ်သူမှ သူ့ကို မနှောင့်ယှက်ဝံ့ကြပေ။ ချင်းလော်ဂိုဏ်းသားများအားလုံး သူ့ကို လေးစားမှုများပြည့်နှက်နေသော အကြည့်များဖြင့် ကြည့်ကြသည်။
ကျိုးမှာမူ သူ၏အပြုအမူများက မန်ဟိုနှင့်ဆန့်ကျင်ဘက်ပင်။ သူသည် သူ၏ နက်နဲပြီး လက်ဖျားခါဖွယ် ဆေးဝါးပညာအသိများကို ပြောင်ပြောင်တင်းတင်း ကြွားလုံးထုတ်ရင်း အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူနှင့် အရည်မရ အဖတ်မရ လေကြီးလေကျယ် လျှောက်ပြောနေလေသည်။
မန်ဟိုက စိတ်လည်းမခုသလို အဘိုးကြီးကျိုး သူ့ကို မုန်းတီးနေသည်ကိုလည်း ဂရုမစိုက်ပေ။ ထိုလူမှာ မုန်းတီးနေသည့်တိုင် ယခင်ကကဲ့သို့ မန်ဟို့ကို ပြက်ရယ်မပြုဝံ့တော့ပေ။ တကယ်တမ်း မန်ဟိုနှင့် သူ၏စကားစစ်ထိုးပွဲက သူ့နှလုံးသားထဲ၌ အကြောက်တရားများ ဖြစ်တည်စေခဲ့လေသည်။
ဤသည်မှာ ဆေးဝါးပညာရှင်အဖြစ် မန်ဟို ပထမဆုံးအကြိမ် လူရှေ့သူရှေ့ထွက်လာခြင်း ဖြစ်သည်။ သူ၏ ရာထူးအဆင့်အတန်းကြောင့် အခြားသူများ သူ့ကို လေးလေးစားစား ဆက်ဆံသည်ကို ကြည့်ရင်း သူ့အတွက် ဇီယွင်ဂိုဏ်းကို ဝင်ရောက်ခဲခြင်းက မှန်ကန်သောဆုံးဖြတ်ချက်ဟု ပို၍ပင် စိတ်ချလာသည်။
မှန်ပါသည်၊ သူသည် တကယ်တမ်း မန်ဟိုဖြစ်ကြောင်း ဤနေရာရှိ လူများ သိရှိသွားလျှင်တော့ သူတို့၏ အသတ်အဖြတ်စိတ်ဆန္ဒများ မိုးထိအောင် ပေါက်ကွဲထွက်သွားမည်ဖြစ်သည်။ သူ့မှာ လူအများ မန်ဟိုနှင့်ပတ်သက်၍ ပြောကြသော ဇာတ်လမ်းများကို ကြားတိုင်း သက်ပြင်း ခိုး ခိုး ချတတ်သည်။
"အခု ငါ တကယ်ပဲ တောင်ပိုင်းဒေသရဲ့ တစ်စိတ်တပိုင်းဖြစ်နေပြီ။ လွန်ခဲတဲ့ငါးနှစ်တုန်းက အပြင်လူတစ်ယောက်ပဲ ရှိသေးတာ" သူက သင်္ဘောဦးတွင် ရပ်ပြီး တစတစ နီးကပ်လာနေသော ချင်းလော်ဂိုဏ်းကို ငေးကြည့်ရင်း အတွေးထဲ နစ်မြောနေ၏။
တောင်တစ်သိန်းသည် မျက်စိတစ်ဆုံးသွယ်တန်းနေ၏။ ဧရာမအမွှေးအိုးကြီးထံမှ အနက်ရောင်အငွေ့များမှာ မိုးကောင်းကင်သို့ တလူတူတက်နေသည်။ ချင်းလော်ဂိုဏ်းကား လျှို့ဝှက်ဆန်းကြယ်သော မယုံကြည်နိုင်ဖွယ်စွမ်းအားတစ်ရပ်ဖြင့် ပြည့်နှက်နေပုံရ၏။
ချင်းလော်ဂိုဏ်းသားများ၏ မျက်နှာများမှာ ကောင်းကင်ယံအထိ လွင့်လူတက်နေသော အငွေ့များနှင့် အဆုံးမဲ့တောင်တန်းကြီးမှ ပေါက်ဖွားလာသည့်၊ သူတို့၏အရိုးထဲမှ အရင်းခံပုံရသော မာန်မာနတစ်ခုထင်ဟပ်နေသည်။
ကျိုးနှင့် အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူက စကားတပြောပြောနှင့် လမ်းလျှောက်လာသည်။ ကျိုးက မန်ဟို့ကို မြင်သော် နှာခေါင်းရှုံ့၏။ သူတို့သည် ဂိုဏ်းတူညီအစ်ကို များဖြစ်၍ တစ်ယောက််ပေါ် တစ်ယောက် သဘောထားမည်သို့ရှိစေကာမူ အပြင်တွင် မထုတ်ပြသင့်ပေ။ သို့ဖြစ်၍ သူသည် ဘာမှမပြောဘဲ နှာခေါင်းသာရှုံ့ပြီး မန်ဟိုနှင့်အတူ ချင်းလော်ဂိုဏ်းကို လှမ်းကြည့်လိုက်သည်။
မှန်ပါသည်၊ ဤသည်မှာ မန်ဟို ချင်းလော်ဂိုဏ်းသို့ ပထမဆုံးအကြိမ် လာရောက်ကူညီခြင်းမဟုတ်ပေ။ သို့သော် ယခုတစ်ခေါက် အခြေအနေမှာ တခြားစီဖြစ်သည်။ လေသင်္ဘော တောင်တစ်သိန်း အနား ကပ်လာသည်နှင့် ခေါင်းလောင်းသံများ ပျံ့လွင့်လာသည်။
ခေါင်းလောင်းသံ ခြောက်ချက်က ချင်းလော်ဂိုဏ်းသားတစ်သိန်း၏ အာရုံကို ဆွဲဆောင်ရင်း တချွင်ချွင်မြည်နေ၏။ အမှန်တကယ်ဆိုလျှင် သူတို့တစ်ယောက်မှ ဘာဖြစ်နေသည်လဲ မသိကြပေ။ သို့သော် မကြာမီ ဟိုဟိုသည်သည် စုံးစမ်းကြပြီးနောက် သတင်းများ စတင်ပျံ့နှံ့လာသည်။
ချင်းလော်ဂိုဏ်းက ဇီယွင်ဂိုဏ်းမှ ဆေးပေါင်းဖိုဘုရင်နှစ်ယောက်ကို အလည်အပတ်လာရောက်ရန် ဖိတ်ခေါ်ခဲ့လေသည်။
မကြာခင် မန်ဟို ချင်းလော်ဂိုဏ်းမှ ပျံထွက်လာသော အလင်းတန်းဒါဇင်ကို လှမ်းမြင်လိုက်သည်။ သီးသန့်ဂိုဏ်းသားရာချီလည်း အနောက်မှ လိုက်ပါလာကြ၏။
သီးသန့်ဂိုဏ်းသားများအကြားတွင် ဟန်ပေ့ပါသည်။ သူမက မန်ဟို့ကို မြင်သောအခါ သူမမျက်နှာပေါ်တွင် ထူးဆန်းသောအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ မန်ဟိုသည် စောစောက အစ်မရှုအကြောင်း စုံစမ်းခဲ့ပြီး သူမ သီးသန့်ဂိုဏ်းသားတစ်ယောက် ဖြစ်နေပြီဟု သိရှိခဲ့ရလေသည်။ သို့သော် ယခု ချဥ်းကပ်လာသော အဖွဲ့တွင် သူမကို မတွေ့ရပေ။
အရှေ့မှ ဦးဆောင်လာသည့် အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူအဖွဲ့မှ ရယ်သံကြီးနှင့်အတူ ရှင်းလင်းပြီး အားကောင်းသောအသံတစ်သံ ဟိန်းထွက်လာသည်။ " ဂါဝရပြုပါတယ် မဟာအကြီးအကဲကျိုးနဲ့ မဟာအကြီးအကဲဖန်။ ချင်းလော်ဂိုဏ်းမှ ကြိုဆိုပါတယ်"
အနုသုခမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူမှာ မန်ဟို့အတွက် သူစိမ်းမဟုတ်ပေ။ သူကား.... ခေါင်းဆောင်ကြီးဇီလော်ပင်။
သူသည် ယခု စကားပြောလိုက်သောလူလည်း ဖြစ်၏။
ရန်သူများ တွေ့ဆုံသောအခါ မျက်လုံးများ နီရဲပြီး အသတ်အဖြတ်စိတ်ဆန္ဒများ ပေါက်ကွဲထွက်လာလိမ့်မည်။ ထိုအစား ခေါင်းဆောင်ကြီးဇီလော်၏မျက်နှာမှာ အပြုံးပန်း ဝေနေလေသည်။ သူက သူ၏အနုသုခုမရုပ်ခန္ဓာကျင့်ကြံခြင်းအခြေခံကြောင့် ထောင်လွှားမောက်မာမှုမရှိဘဲ ဆေးဝါးပညာရှင်နှစ်ဦးအပေါ် ရိုသေလေးစားနေ၏။
မန်ဟို၏အမူအရာမှာ တည်ကြည်လျက်ရှိသည်။ သူက မျက်နှာပေါ်တွင် လေးစားသောအသွင်ဖြင့် ရှေ့သို့ မြန်မြန်လျှောက်လိုက်သည်။ တစ်ချိန်တည်းဆိုသလို အဘိုးကြီးကျိုးလည်း ရှေ့တက်လာ၏။ သူတို့နှစ်ယောက်လုံး ခေါင်းဆောင်ကြီးဇီလော်ကို လက်ယှက်အရိုအသေပေးလိုက်ကြသည်။
ချင်းလော်ဂိုဏ်းအတွက် သူတို့ကို ကြိုဆိုရန် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက် လွှတ်ခြင်းမှာ အတိုင်းထက်အလွန် ချီးမြှောက်ခြင်းဖြစ်သည်။ ဇီယွင်ဂိုဏ်း၏ ကိုယ်စားလှယ်များအနေဖြင့် မန်ဟိုနှင့် အဘိုးကြီးကျိုးတို့နှစ်ယောက်လုံး သေချာပေါက် ကျင့်ဝတ် ဖောက်ဖျက်၍မရပေ။
"မဟာအကြီးအကဲကျိုး" ခေါင်းဆောင်ကြီးဇီလော်က ပြောသည်။ "ခင်ဗျားက အဆင့်မြင့် ဆေးပေါင်းဖိုဘုရင်တွေထဲက တစ်ယောက်ဆိုတော့ မကြာခင် သေချာပေါက် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ဖြစ်တော့မှာပဲ။ အခုလို ခင်ဗျား ရောက်လာတာက ကျုပ်တို့ရဲ့အညတရအိမ်လေးကို တောက်ပသွားစေတာပေါ့ဗျာ" သူက အဘိုးကြီးကျိုးကို ပြုံးပြရင်း အားပါးတရရယ်ပြီးနောက် သူ့အာရုံက မန်ဟို့ဆီ ရောက်လာသည်။ "မဟာအကြီးအကဲဖန်၊ ခင်ဗျားက ဇီယွင်ဂိုဏ်းရဲ့ဆေးပေါင်းဖိုဘုရင်တွေထဲမှာ အငယ်ဆုံးမဟုတ်လား။ ခင်ဗျားရဲ့ဂုဏ်သတင်းကတော့ တောင်ပိုင်းဒေသမှာ ဟိုးလေးတကျော်ကျော် ဆိုတော့ ခင်ဗျားနာမည်ကို ကျုပ်ကြားဖူးနေတာကြာပြီ။ အခု ဒီနေ့တွေ့ရပြီတော့မှ သာမန်လူတွေကြားထဲက သူရဲကောင်းတစ်ယောက်ဆိုတာ အတပ်ပြောနိုင်တယ်ဗျာ"
ခေါင်းဆောင်ကြီးဇီလော်က စကားကိုပါးပါးနပ်နပ်ပြောသွားလေသည်။ သူသည် စိတ်ထဲတွင် အဘိုးကြီးကျိုးကို ပို၍အရေးထားသော်လည်း မန်ဟို့အပေါ် အထင်သေးမှုတစ်စိုးတစိမှ မပြသပေ။ သူ့ကို ဝန်းရံထားကြသော အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူများက မန်ဟိုနှင့် အဘိုးကြီးကျိုးကို လက်ယှက်၍ ဦးညွှတ်အရိုအသပေးကြသည်။ သူတို့တစ်ယောက်မှ မောက်မာမှုအရိပ်အယောင် အနည်းငယ်ပင်မပြသဘဲ အတတ်နိုင်ဆုံး ယဥ်ကျေးမှုရှိနေသည်။
အာလာပသလ္လာပပြောပြီးနောက် အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူများက သီးသန့်ဂိုဏ်းသားများကို ခေါ်ပြီး မန်ဟိုနှင့်အဘိုးကြီးကျိုးဖြင့် မိတ်ဆက်ပေးသည်။ မန်ဟိုက ခပ်ရေးရေးပြုံးရင်း ဂိုဏ်းသားတစ်ယောက်ပြီးတစ်ယောက်အား ခေါင်းညိတ်ပြသည်။
" လေးစားပါတယ် မဟာအကြီးအကဲကျိုး၊ မဟာအကြီးအကဲဖန်" များသောအားဖြင့် သီးသန့်ဂိုဏ်းသားများသည် အပြင်ကျင့်ကြံသူများအရှေ့တွင် မောက်မာထောင်လွှားသောအမူအကျင့်များ ရှိတတ်သော်လည်း ယနေ့ သူတို့၏အမူအရာများမှာ လေးစားမှုများဖြင့် ပြည့်နှက်နေ၏။ ဆေးပေါင်းဖိုဘုရင်များ၏ ကျော်ကြားမှုမှာ မည်သူ့ကိုမဆို အံ့သြသွားစေရန် လုံလောက်သည်။
သူတို့နှစ်ယောက်မှာ မဟာအကြီးအကဲအစစ်အမှန်မဟုတ်သော်လည်း မဟာအကြီးအကဲ ဟူ၍ သူတို့ခေါ်ကြခြင်းမှာ လေးစားမှုအရသာဖြစ်၏။
အဘိုးကြီးကျိုးက ချင်းလော်ဂိုဏ်း၏ သီးသန့်ဂိုဏ်းသားများကို ပြုံးပြသည်။ သူ့အသက်အရွယ်အရ သူ့အတွက် ခေါင်းလေး ညိတ်ပြရုံနှင့် လုံလောက်သည်။ သို့သော် မန်ဟိုလည်း သူ့နည်းတူလုပ်နေကြောင်း သတိထားမိသောအခါ သူ့မှာ ရင်ထဲ၌ ခိုးလုခုလုဖြစ်လာသည်။
ဟန်ပေ့ နှုတ်ဆက်သောအခါ မန်ဟိုက သူမကို ကြည့်ရင်း ပြုံးပြသည်။ သူမကို မတွေ့ရသည်မှာ ငါးနှစ်ကြာခဲ့လေပြီ။ သူမကား ပိုလှလာ၏။ သူမကိုယ်လုံးလေးမှာ ကောက်ကြောင်းတို့ ပိုထင်ပေါ်လာပြီး သူမမျက်နှာလေးကား ညို့ငင်အားကောင်းလွန်းသည်။ သူမ ထိုနေရာတွင် ရပ်နေစဥ် သက်တံများပင် သူမအနားရောက်သွားပါက မှေးမှိန်သွားမည်ထင်ရသည်။ သူမမှာ ပြိုင်ဘက်ကင်းလောက်အောင် တင့်တယ်လွန်း၏။
"ဟန်ပေ့ မဟာအကြီးအကဲကျိုးနဲ့ မဟာအကြီးအကဲဖန်ကို ဂါဝရပြုပါတယ်" သူမက နူးညံ့ပျော့ပျောင်းသော လေသံလေးနှင့် ပြောသည်။ ထိုကဲ့သို့အသံလေးမှာ ပုရိသတို့ နှလုံးသားအား ရွစိရွစိဖြစ်အောင်လုပ်နိုင်စွမ်းလေသည်။
မန်ဟိုက ပြုံး၍ ခေါင်းညိတ်ပြပြီးနောက် တခြားတစ်ယောက်ကို ကြည့်တော့မည့်ဆဲဆဲမှာပင် ရုတ်တရက် အသံတစ်သံ သူ့ခေါင်းထဲ၌ မြည်ဟည်းလာသည်။ မိစ္ဆာချုပ်နှောင်ကျောက်စိမ်း သူ့ကို စကားမပြောခဲ့သည်မှာ အချိန်အတန်ကြာခဲ့ပြီဖြစ်သည်။
"လေလွင့်ဝိညာဥ်တွေက ခန္ဓာကိုယ်ကို ဝင်စီးပြီး တမလွန်ဘဝကနေ ပြန်လာချင်နေကြတယ်။ အရှိန်မြှင့်ခြင်းနည်းလမ်းတစ်ခု။မိုးကောင်းကင်အောက်က မိစ္ဆာတွေဟာ မီးရှို့ဖျက်စီးခံရသင့်တယ်။ သူတို့ကို ချုပ်နှောင်။ ခုနစ်လပိုင်း နေကို ဖုံးကွယ်။ သူတို့တွေကို ကူညီပြီးရင် မိစ္ဆာချုပ်နှောင်သူရဲ့သွေးဟာ သူ့ရဲ့ စိတ်ဆန္ဒနဲ့ ပေါင်းစပ်နိုင်ပြီ"
***