← Chapters

ကမ္ဘာ့ဆေးဝါးအဖွဲ့

Vol. 18 Ch. 246

ကမ္ဘာ့ဆေးဝါးအဖွဲ့

Vol. 18 Ch. 246

"တာအိုရောင်ရင်းဟန်" မန်ဟိုက ဟန်ပေ့ကို အထက်အောက်ကြည့်ရင်း ရုတ်တရက် ပြောသည်။ "ခင်ဗျား ကြည့်ရတာ တော်တော်လေး ရင်းနှီးနေသလိုပဲ။ ကျုပ်တို့က အရင်က တွေ့ဖူးလား" ဤကဲ့သို့ ရဲတင်းသောစကားလုံးများမှာ မန်ဟို့အစီအစဥ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ချင်းလော်ဂိုဏ်း သီးသန့်ဂိုဏ်းသားများအားလုံး သူတို့နှစ်ယောက်ကို ကြည့်လိုက်ကြသည်။ အမြုတေဖြစ်တည်မှုအဆင့် ပညာရှင်များပင်လျှင် စိတ်ဝင်စားသော မျက်လုံးများဖြင့် လှမ်းကြည့်ကြ၏။

ခေါင်းဆောင်ကြီးဇီလော်လည်း စိတ်ဝင်စားသွား၏။

အဘိုးကြီးကျိုးကတော့ ပါးစပ်အဟောင်းသားဖြစ်သွားသည်။

ဟန်ပေ့၏မျက်လုံးများက မန်ဟို့အပေါ် ကျရောက်လာသည်။ "မဟာအကြီးအကဲဖန်၊ ကျေးဇူးပြုပြီး စိတ်မရှိပါနဲ့ ။ ကျွန်မ တကယ် မမှတ်မိပါဘူး..... " သူမပုံစံမှာ အတွေးနက်နေဟန်တူပြီး တစ်စုံတခုက သူမ၏ မျက်ဝန်းများထဲတွင် တရိပ်ရိပ်လှုပ်ရှားနေဟန်တူသည်။ သူမ တစ်ခုခုဖုံးကွယ်ထားကြောင်း မန်ဟို အတည်ပြုနိုင် သွားလေပြီ။

သူသာ သူမ၏ ကောက်ကျစ်မှုကို ချင်းလော်ဂိုဏ်း၏ မြင့်မြတ်သောနယ်မြေတွင် ကိုယ်တိုင်ကိုယ်ကျ မတွေ့ကြုံခဲ့ရပါက ၄င်းကို ဘယ်တော့မှ သတိပြုမိမည်မဟုတ်ပေ။

"ကျုပ် မှားသွားတာတာပဲ" သူက ခပ်ဟဟရယ်ရင်း ပြောသည်။ " ကျုပ် ခင်ဗျားနဲ့ အရင်က တွေ့ခဲ့ဖူးပါစေလို့ ဆုတောင်းနေမိတာ ဖြစ်လောက်တယ်" ဤသည်ကို ကြားသော် ချင်းလော်ဂိုဏ်း သီးသန့်ဂိုဏ်းသားများအားလုံး ပြုံးလိုက်ကြသည်။

အမြုတေဖြစ်တည်မှုအဆင့်ပညာရှင်များလည်း ပြုံးပြီး ခေါင်းခါကြ၏။ သူတို့မှာ အသက်အရွယ်ကြောင့် မိန်းမလှလေးများအား ပိုးပန်းခြင်းကို အချိန်အတော်ကြာကတည်းက စွန့်လွှတ်ခဲ့ပြီးဖြစ်သည်။

အဘိုးကြီးကျိုး မျက်မှောင်ကြုတ်သွား၏။ သူ့အမြင်အရ ဖန်မုသည် ငယ်ရွယ်စေကာမူ ထိုကဲ့သို့အပြူအမူမှာ ဂိုဏ်းအတွက် ရှက်စဖွယ်ကောင်းလေသည်။

ခေါင်းဆောင်ကြီးဇီလော်က ရယ်လိုက်သည်။ "မဟာအကြီးအကဲဖန်မု၊ နောက်ကျ ခင်ဗျားတို့ လူငယ်တွေ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးအောင်လုပ်ဖို့ အချိန်တွေအများကြီးရှိပါလိမ့်မယ်။ အခုတော့ ကျုပ်တို့ ဂိုဏ်းထဲ ဝင်ပါဦးလား"

မန်ဟိုမှာ မျက်နှာနီမြန်းလျက် လက်ယှက်ပြီး ခေါင်းဆောင်ကြီးဇီလော်ကို ဦးညွှတ်လိုက်သည်။ " စီနီယာတွေအရှေ့မှာ ရှက်ရွံမိပါတယ်" သူကပြောသည်။

ဟန်ပေ့က သူမပါးစပ်လေးကို လက်ဖြင့်အုပ်ပြီးနောက် မျက်တောင်ခတ်လိုက်သည်။

မန်ဟိုနှင့် အဘိုးကြီးကျိုးတို့ ချင်းလော်ဂိုဏ်း၏ အဖွဲသားများ ခြံရံလျက် ဂိုဏ်းထဲ ဝင်ရောက်လိုက်ကြသည်။ ဤအခိုက်အတန့်မှာပင် ရုတ်တရက် ခေါင်းဆောင်ကြီးဇီလော်၏မျက်နှာထား ရိပ်ခနဲဖြစ်သွား၏။ သူက အဝေးသို့ လှည့်ကြည့်လိုက်၏။ အခြားသူအားလုံးလည်း ရပ်ပြီး သူကြည့်ရာသို့ လိုက်ကြည့်လိုက်ကြသည်။

ခေါင်းဆောင်ကြီးဇီလော်က ခပ်တိုးတိုးရယ်သည်။ "ကျင်းဟန်ဂိုဏ်းရဲ့ ကမ္ဘာဆေးဝါးအဖွဲ့က မဟာအကြီးအကဲ လီ နဲ့ ချန် နေ့တစ်ဝက်စောပြီးရောက်လာပုံပဲ" သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ချက်ချင်းပင် ချင်းလော်ဂိုဏ်းအတွင်း၌ ခေါင်းလောင်းမြည်သံ ခြောက်ချက် ထွက်ပေါ်လာသည်။

မန်ဟိုက အဝေးသို့ လှမ်းကြည့်လိုက်ပြီး မကြာခင် အမြင့်ဆုံးအရှိန်ဖြင့် ချဥ်းကပ်လာနေသော ဧရာမ လေသင်္ဘောကြီး တစ်စင်းကို မြင်လိုက်သည်။ ၄င်း အနားရောက်လာစဥ် အဖွဲ့တစ်ဖွဲ့က ကုန်းပတ်ပေါ်မှ ပျံတက်၍ သူတို့ဆီ ဆင်းလာသည်။ သူတို့ထဲက နှစ်ယောက်မှာ အင်္ကျီလက်များတွင် ဆေးပေါင်းဖိုသဏ္ဍာန် အလှဆင်ပုံဖော်ထားသည့် ကြက်သွေးရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထား၏။ သူတို့သည် အစွမ်းထက်ပြီး တမူထူးခြားပုံပေါ်သည့်အပြင် ဆေးရနံ့လည်း ထုတ်လွှတ်နေသည်။

"ဟမ့်" မန်ဟို့ဘေးတွင် ရပ်နေသော ကျိုးဒယ်ခွန်က နှာခေါင်းရှုပ်သည်။ "ချင်းလော်ဂိုဏ်းက မဟာအကြီးအကဲ ထာဝရတောင်ရဲ့ ကမ္ဘာ့ဆေးဝါးအဖွဲ့ကိုလဲ ဖိတ်ထားလိမ့်မယ်လို့ တွေးတောင် မတွေးခဲ့ဖူးဘူး"

မန်ဟိုက ထာဝရတောင်၏ ကမ္ဘာ့ဆေးဝါးအဖွဲ့မှ သက်လတ်ပိုင်းအရွယ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှစ်ယောက်ကို ကြည့်လိုက်သည်။ သူတို့က ပြုံးရင်း လမ်းလျှောက်လာကြသည်။

မန်ဟိုက ကျိုးဒယ်ခွန်ဘက်လှည့်ပြီး မေး၏။ " တခြားဂိုဏ်းတွေက ဆေးဝါးပညာရှင်တွေကို ဖိတ်ခေါ်ရင် အခြား ဆေးဝါးတာအို မဟာအကြီးအကဲတွေရဲ့ တပည့်တွေ အမြဲပေါ်လာတတ်တာလား"

"တစ်ခါတလေပေါ့ အမြဲတမ်းတော့မဟုတ်ဘူး" ကျိုးဒယ်ခွန်က ပြန်ဖြေသည်။ သူ့မှာ မန်ဟို့ကို လျစ်လျူရှုထားချင်သော်လည်း သူတို့မှာ အပြင်ရောက်နေသော ဂိုဏ်းတူညီနောင်များဖြစ်သည်။ ယခု ထာဝရတောင်၏ အရှေ့ဆေးဝါးအဖွဲ့မှ လူနှစ်ယောက်ရောက်လာပြီဖြစ်ရာ ဆေးဝါးတာအိုနှင့် စပ်လျဥ်းသော သဘောထားကွဲလွဲမှုများအား ရှောင်ရှားရခက်ပေတော့မည်။

လာမည့် ချင်းလော်ဂိုဏ်းရှိ နေ့ရက်များအား မတည်မငြိမ် မဖြစ်စေလိုသဖြင့် ကျိုးဒယ်ခွန်က ထပ်ပြောသည်။ "ချင်းလော်ဂိုဏ်းကြည့်ရတာ သူတို့ရဲ့ဆေးဝါးတာအိုကို တကယ် တိုးတက်စေချင်ပုံပဲ။ ဒါကြောင့် ကမ္ဘာ့ဆေးဝါးအဖွဲ့ကိုလဲ ဖိတ်ထားတာဖြစ်မယ်" ကျိုးဒယ်ခွန် မှုန်ကုပ်သွားသည်။ သူ စကားပြောပြီးသည့်အချိန်တွင် ခေါင်းဆောင်ကြီးဇီလော်နှင့် အခြားသူများက ဂိုဏ်းအထဲသို့ ဦးဆောင်ခေါ်သွားရန် ကမ္ဘာဆေးဝါးအဖွဲ့ ဆေးဝါးကျွမ်းကျင်ပညာရှင်နှစ်ယောက်အား ယဥ်ကျေးပျူငှာစွာ ဝန်းရံနေကြပြီဖြစ်သည်။

သူတို့ အနားကပ်သွားသည့်အချိန်မှာပင် ကမ္ဘာဆေးဝါးအဖွဲ့မှ ကြက်သွေးရောင်ဝတ်ရုံနှင့် ဆေးဝါးပညာရှင်နှစ်ယောက်အနက် အစွမ်းထက်ပြီး ထူးခြားသော အရှိန်အဝါနှင့် ထောင်ထောင်မောင်းမောင်းတစ်ယောက်က စကားစပြောသည်။ "တာအိုရောင်ရင်းကျိုးလဲ ဒီရောက်နေတာလား။ သူ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ဖြစ်လာတော့မယ်လို့ ပြောခဲ့တဲ့ စကားကြီးစကားကျယ်တွေ ကျုပ်မှတ်မိသေးတယ်။ နှစ်ခြောက်ဆယ်တောင် ရှိပြီ၊ တာအိုရောင်ရင်းကျိုး အခုထိ ခင်ဗျားရဲ့ ရည်မှန်းချက် မပြည့်ဝသေးဘူးလား" သူ့အကြည့်က မိုးကြိုးလျှပ်စီးသဖွယ် ကျိုးဒယ်ခွန်နှင့် မန်ဟို့အပေါ် ကျရောက်လာသည်။

"တာအိုရောင်ရင်းလီကိုး" ကျိုးဒယ်ခွန်က နှာမှုတ်ရင်း ပြောသည်။ ထိုလူ၏စကားလုံးများက အနာပေါ်တုတ်ကျသကဲ့သို့ အရှိုက်တည့်တည့်ထိသွားသဖြင့် သူ့မှာ မထိတထိ မရှုတ်ချဘဲ မနေနိုင်တော့ပေ။ "မင်းကို ငါမတွေ့ရတာ နှစ်နဲ့ချီနေတာတောင် မင့်အာပုပ်နံ့က ပိုတောင်ဆိုးလာတာပဲ"

ဆေးဝါးပညာရှင်နှစ်ယောက်အနက် ဒုတိယတစ်ယောက်မှာ အတော်လေးပိန်ပြီး八  ပုံသဏ္ဍာန် နှုတ်ခမ်းခွေးရှိသည်။ သူက မန်ဟို့ကို ကြည့်ပြီး မပြုံးချင်ပြုံးချင် ပြုံးပြသည်။ "ဒါက ဘယ်လိုမသမာနည်းနဲ့ ဆေးပေါင်းဖိုဘုရင်ဖြစ်လာလဲ ဆိုတာ လူတွေပြောနေကြတဲ့ အရှေ့ဆေးဝါးအဖွဲ့ဆေးဝါးပညာရှင် မဟာအကြီးအကဲဖန်မုဖြစ်ရမယ်။ လူကြီးမင်း၊ ကျုပ်ဗျာ နာမည်ကြီးနေတဲ့ ညီလေးဖန်ကို အရမ်းတွေ့ချင်နေခဲ့တာ။ ခင်ဗျားနာမည်ကလေ ဆေးဝါးတာအိုကျင့်ကြံသူတွေ နားထဲမှာ မိုးခြိမ်းသံလို ပဲ့တင်ထပ်နေတာသိလား။ သူတို့ကပြောကြတယ်၊ ခင်ဗျားက ဆေးပေါင်းဖိုဘုရင်ဝတ်စုံဝတ်ထားတဲ့ ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်တဲ့"

ထာဝရတောင်၏ ကမ္ဘာဆေးဝါးအဖွဲ့မှ ဤဆေးဝါးပညာရှင်နှစ်ယောက်မှာ ရောက်ရောက်ချင်း မလိုမုန်းထားမှုများဖြင့် ပြည့်နှက်နေသော စကားများပြောကြလေသည်။ သူတို့၏ အရှေ့ဆေးဝါးအဖွဲ့အပေါ် မလိုလားသောသဘောထားက သိသာလှသည်။

ချင်းလော်ဂိုဏ်းမှ လူများကား ဟန်ပျက်ပုံပင်မရပေ။ အရှေ့ဆေးဝါးအဖွဲ့၏ ဆေးဝါးတာအိုသည် တောင်ပိုင်းဒေသတစ်ဝှမ်းလုံး၌ အသိအမှတ် အပြုခံရဆုံးဖြစ်ပြီး သူတို့၏ဂုဏ်သတင်းမှာ အကျော်ကြားဆုံးဖြစ်သည်။ ကမ္ဘာဆေးဝါးအဖွဲ့မှာမူ ကျင်းဟန်ဂိုဏ်း၏ မဟာအကြီးအကဲထာဝရတောင် ဖွဲ့စည်းထားခြင်းဖြစ်၏။ ထာဝရတောင်သည် မဟာအကြီးအကဲဆေးလုံးမိစ္ဆာအပေါ် လေးစားသမှု ရှိသော်လည်း သူ၏ဂိုဏ်းသားများနှင့် နောက်လိုက်များမှာ နေ့စဥ်နှင့်အမျှ မာန်တက်လာကြလေသည်။ သူတို့က အရှေ့ဆေးဝါးအဖွဲ့၏ ကျော်ဇော်မှုကို လက်ခံရန် ငြင်းဆန်ပြီး နှစ်ဖွဲ့ ထိပ်တိုင်တွေ့တိုင်း အခြေအနေ မည်သို့ဖြစ်စေကာမူ ကတောက်ကဆဖြစ်တတ်လေသည်။

မန်ဟိုက ယခုတင် ထေ့ငေါ့ပြောသွားသော  ချန်အမည်ရှိ လူကို ကြည့်လိုက်သည်။ "ခင်ဗျားက ဘယ်သူများလဲ" သူက မျက်မှောင်ကြုတ်၍ မေးသည်။

"လူကြီးမင်း၊ ကျုပ်က အရှေ့ဆေးဝါးအဖွဲ့ရဲ့ ကြက်သွေးရောင်ဝတ်ရုံအဆင့် ဆေးဝါးကျွမ်းကျင်ပညာရှင် ချန်ကျားရှီပါ" သူက နားရွက်တက်ချိန်တော့မတတ်ပြုံးပြီး မန်ဟို့ကို ကြည့်သည်။ သူ့ရင်ထဲတွင် မန်ဟို၏ ဆေးပေါင်းဖိုဘုရင်အဆင့်အတန်းအပေါ် မနာလိုမှုများဖြင့် ပြည့်နှက်နေ၏။ သူ့အမြင်၌ သူ၏ဆေးဝါးတာအိုအသိအရ အရှေ့ဆေးဝါးအဖွဲ့တွင် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်အဆင့်ကို မရကောင်းမရနိုင်သော်လည်း သေချာပေါက် အဆင့်အမြင့်ဆုံးဆေးပေါင်းဖိုဘုရင်များကြားထဲက တစ်ယောက်ဖြစ်လိမ့်မည်။

အမှန်တွင် ကမ္ဘာဆေးဝါးအဖွဲ့ရှိ လူတော်တော်များများ၌ တူညီသောအတွေးများရှိကြလေသည်။ ကမ္ဘာဆေးဝါးအဖွဲ့၏  ဆေးဝါးပညာရှင်များမှာ..... တောင်ပိုင်းဒေသတွင် ကျော်ကြားသော်လည်း အရှေ့ဆေးဝါးအဖွဲ့ကဲ့သို့ တန်းတူအသိအမှတ်ပြုခြင်း မခံရသည် မဟုတ်ပါလော။ သူတို့မှာ မဆိုစလောက်သာ နိမ့်ကျသည်ဖြစ်ရာ၊ မှန်ပါသည် ၄င်းက သူတို့၏ အထင်သေးမှုကို လောင်စာထည့်ပေးလိုက်လေသည်။

"ခင်ဗျား ဆိုလိုတာက ကျုပ် အကြောင်း ခင်ဗျား ကြားဖူးတယ်ပေါ့" မန်ဟိုက အံ့အားသင့်သွားသောလေသံဖြင့် ပြောသည်။ ဘေးလူများအတွက် သူ့အမူအရာက ပုံမှန်သာဖြစ်သော်လည်း မန်ဟို မည်မျှ ပိုးစိုးပက်စက်ပြောနိုင်သည်ကို ကောင်းကောင်းသိသော ကျိုးဒယ်ခွန်အဖို့တော့ ရင်ခုန်သွားရသည်။ မန်ဟို၏စကားလုံးများက အလျှော့ပေးခြင်းမဟုတ်ကြောင်း သူသိသည်။

ချန်ကျားရှီက မန်ဟို၏ မှင်သက်နေသော ပုံစံကို လှောင်ရယ်ရယ်လိုက်ပြီး သူ၏မျက်လုံးများ၌ အထင်သေးမှုတို့ ပြည့်နှက်သွားသည်။ " ဘယ် ဆေးဝါးတာအိုကျင့်ကြံသူက ဆေးဝါးပညာရှင်ဖန် ဆေးပေါင်းဖိုဘုရင်အဆင့် တက်သွားတာ မကြားဖူးဘဲ နေမလဲ။ တကယ်တော့ ကျုပ်မေးချင်နေတာ၊ ခင်ဗျား ဆေးပေါင်းဖိုဘုရင် ဝတ်ရုံဝတ်ရတာ ဘယ်လိုခံစားရလဲ"

မန်ဟို့ခေါင်းအထက်၌ မီးသီးတစ်လုံး ဖြတ်ခနဲ လင်းသွားသည့်အလားပင်။ သူက တဟားဟားရယ်ပြီး ပြောသည်။ "အာ ကျုပ်သိပြီ။ ကျုပ်က အရှေ့ဆေးဝါးအဖွဲ့ရဲ့ ဆေးပေါင်းဖိုဘုရင်ဖြစ်တာကြောင့် ခင်ဗျား ကျုပ်ကို သိတာပဲ။ ကျုပ် စကားတွေနဲ့ လုပ်ဆောင်ချက် တွေဟာ ဆေးဝါးတာအိုကျင့်ကြံသူတွေအားလုံးကြားထဲမှာ အသိများတာကိုး။ ဒါကြောင့် ကျုပ်နာမည်က ခင်ဗျားတို့နားထဲမှာ မိုးခြိမ်းသံလို ပဲ့တင်ထပ်နေတာ။ ဒါပေမယ့် ခင်ဗျားက ကျုပ် တစ်ခါမှ ကြားတောင်မကြားဖူးတဲ့ ကမ္ဘာဆေးဝါးအဖွဲ့ရဲ့ အညတရ ကြက်သွေးရောင်ဝတ်ရုံ ဂိုဏ်းသားလေးတစ်ယောက်လေ။ ခင်ဗျားကြည့်ရတာ ကျုပ်ကို သိချင်တာနဲ့ ဒီနေ့ ရောက်လာတာဖြစ်မယ်ထင်တယ်"

"မင်း" ချန်ကျားရှီက မျက်လုံးတို့ အေးစက်သော အလင်းရောင်တစ်ခု လင်းလက်သွားရင်း အော်လိုက်သည်။ သူ၏ခံယူချက်အရ ထိုစကားလုံးများမှာ တိုက်ရိုက် ထိပါးစော်ကားခြင်းဖြစ်သည်။ ၄င်းတို့က သူ၏ဂုဏ်သတင်းမှာ သူ့ပြိုင်ဘက် သူ့အကြောင်း တစ်ခါမှပင် မကြားဖူးသည်အထိ ဘောင်မဝင်ကြောင်း ကြေညာသွားသလို၊ မသမာနည်းဖြင့် ဆေးပေါင်းဖိုဘုရင်ဖြစ်လာသော တစ်စုံတယောက်၏ ဂုဏ်သတင်းက သူတို့၏နားထဲတွင် မိုးခြိမ်းသံသဖွယ် မြည်ဟည်းနေကြောင်း သွယ်ဝိုက်ညွှန်းဆိုသွားသည်။

မန်ဟို့စကားက ချန်ကျားရှီ၏ ဒေါသကို ဆွပေးလိုက်သည်သာမက သူ့ဘေးရှိ လီရီမင်းကိုလည်း မန်ဟို့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်စေသည်။ "ဘယ်လောက် မိုက်ရိုင်းလိုက်သလဲ" သူကပြောသည်။

အငြင်းပွားမှု ပြင်းထန်လာတော့မည်ကို မြင်သဖြင့် ခေါင်းဆောင်ကြီးဇီလော်က ချောင်းဟန့်ပြီး အမြုတေဖြစ်တည်မှုအဆင့် ပညာရှင်များနှင့်အတူ အဖွဲ့နှစ်ဖွဲ့ကြား ဝင်ရပ်လိုက်သည်။ သူတို့က ပြုံးရင်း တောင်တစ်သိန်းထံသို့ ဦးဆောင်ခေါ်သွားကြသည်။

ငြင်းခုံနေမှူ ချက်ချင်း ပျောက်ကွယ်သွား၏။ ယခု သူတို့သည် ချင်းလော်ဂိုဏ်းတွင်ဖြစ်၍ အရှေ့ဆေးဝါးအဖွဲ့နှင့် ကမ္ဘာဆေးဝါးအဖွဲ့နှစ်ဖွဲ့လုံး မျက်နှာထောက်ထားရပေမည်။ သူတို့မှာ ဤနေရာသို့ ဖိတ်ခေါ်ခံထားရသူများ မဟုတ်ပါလော။ ချင်းလော်ဂိုဏ်းအနေဖြင့် သူတို့၏ဧည့်သည်များ ဂိုဏ်းအတွင်း ဝင်ရောက်မည့် အခိုက်အတန့်ကို အနှောင့်အယှက်ဖြစ်စေသော ရန်ပွဲမျိုး လိုလားမည်မဟုတ်ပေ။

ကျိုးဒယ်ခွန်က မန်ဟို့ကို တိတ်တိတ်လေး ခိုးကြည့်သည်။ သူ့မှာ သူ့ကို သိပ်အမြင်မကြည်သော်လည်း ကြိတ်၍ ဝမ်းသာနေလေသည်။ စောစောက မန်ဟို၏စကားလုံးများက သူ့ကို အတော်လေး အားရကျေနပ်စေသည်။

သူတို့ ပျံသန်းလာပြီး နောက်ဆုံး တောင်တစ်ရာနှင့် အစိမ်းရောင်တောင်ထိပ်တစ်လုံး၏ အောက်တွင် နေရာယူထားသည့် ဧရာမဘုရားကျောင်းကြီးတစ်ကျောင်းထံ ရောက်လာကြသည်။ ဤနေရာတွင် ချင်းလော်ဂိုဏ်းသည် အရှေ့ဆေးဝါးအဖွဲ့နှင့် ကမ္ဘာဆေးဝါးအဖွဲ့ကို ကြိုဆိုသည့် စားသောက်ပွဲကြီးကျင်းပပေး၏။

ခေါင်းဆောင်ကြီးဇီလော်ကား ထပ်ပေါ်မလာတော့ပေ။ သူက အဖွဲ့နှစ်ဖွဲ့မှ ဆေးဝါးပညာရှင်များကို စောင့်ရှောက်၍ လိုက်ပါပို့ဆောင်ပေးခဲ့သည့် အချက်လေးကပင် ချင်းလော်ဂိုဏ်း ပြသသည့် လေးစားမှု၏သက်သေ ဖြစ်သည်။

စားသောက်ပွဲသို့ သီးသန့်ဂိုဏ်းသားအများစု တက်ရောက်ကြသည်။ မန်ဟို ကျိုးကျဲနှင့် ဟန်ပေ့ကို တွေ့သော်လည်း အစ်မရှု၏ အရိပ်အယောင်ကိုပင် မမြင်ရပေ။ သူ့မှာ မျက်နှာပေါ်တွင် မပြသသော်လည်း သူမကို အတန်ငယ်စိတ်ပူနေမိ၏။

ကျိုးဒယ်ခွန်မှာ လူအုပ်ကြီးဖြင့် တက်တက်ကြွကြွ လေပေါနေသည်။ ကမ္ဘာဆေးဝါးအဖွဲ့၏ ကြက်သွေးရောင်ဝတ်ရုံ ဆေးဝါးကျွမ်းကျင်ပညာရှင်များဖြစ်သည့် လီနှင့်ချန်မှာလည်း ဤကဲ့သို့အခမ်းအနားမျိုးတွင် အလွန်လိုက်လျောညီထွေရှိပုံရပြီး တခဏအတွင်း လူအများ အာရုံစိုက်ရာ ဖြစ်လာကြသည်။

အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူခြောက်ယောက်လည်း တက်ရောက်ပြီး ရှိသမျှလူတိုင်းနှင့် ဖော်ဖော်ရွေရွေ ဆက်ဆံနေကြသည်။ ချင်းလော်ဂိုဏ်းမှာ ဂိုဏ်းနှစ်ဂိုဏ်းမှ ဆေးဝါးပညာရှင်များကို ကြိုဆိုရန် အမှန်တကယ်ကို တတ်နိုင်စွမ်းသမျှ အားထုတ်ထားပုံရသည်။

ညအချိန်ရောက်သောအခါ စားသောက်ပွဲပြီးဆုံးသွား၏။ လူအများ တစတစထွက်ခွာသွားကြပြီး မန်ဟို့ကို အနက်ရောင်ကြိုဆိုခြင်းတောင်များဟုခေါ်သော တောင်တစ်ရာရှိ နေရာတစ်နေရာထံ လိုက်ပါပို့ဆောင်ပေးကြသည်။ ၄င်းမှာ တောင်ထိပ်တစ်ခုတွင် တည်ရှိသော  ဇိမ်ခံ စံအိမ်တစ်လုံးဖြစ်ပြီး ဘေးအန္တရာယ်ကင်းရှင်းအောင် တားမြစ်မန္တန်မျိိုးစုံဖြင့် ခြံရံထားလေသည်။

မန်ဟိုသည် ဇီယွင်ဂိုဏ်း၏ကိုယ်စားလှယ်တစ်ယောက်အနေဖြင့် လာရောက်ကြောင်း ထည့်တွက်လျှင် ချင်းလော်ဂိုဏ်းအနေဖြင့် သူ့ကို အန္တရာယ်တစ်စုံတရာဖြစ်ခွင့် မပေးနိုင်ပေ။ မှန်ပါသည်၊ ၄င်းက ထိပ်သီးဂိုဏ်းကြီးနှစ်ဂိုဏ်းကြားရှိ ချစ်ကြည်ရေးကိစ္စတစ်ရပ်ဖြစ်သည်။

ညဥ့်နက်ချိန်တွင် မန်ဟိုသည် အသက်ပြင်းပြင်းရှူရင်း တင်ပျဥ်ခွေထိုင်နေ၏။ သူသည် အချိန်အတိုင်းအတာတစ်ခုအထိ တရားထိုင်ပြီးနောက် စားသောက်ပွဲအတွင်း၌ သောက်သုံးခဲ့သော သေရည်ကို လွင့်ပျယ်စေလိုက်သဖြင့် သူ၏ခန္ဓာကိုယ်မှ အဖြူရောင်ချီတစ်ခု စတင်ထွက်လာသည်။ ထိုသေရည်ကို မသောက်ခင်က သူ၏အပင်နှင့်အသီးအရွက်အသိကို သုံးရင်း သေရည်ကို စစ်ဆေးကြည့်ခဲ့သဖြင့် ဘေးကင်းကြောင်း သိလေသည်။

အချိန်တချို့ကြာပြီးနောက် မန်ဟို့၏မျက်လုံးများ ပွင့်လာသည်။ ၄င်းတို့မှာ စူးရှတောက်ပနေ၏။

"ဟန်ပေ့က အံသြစရာကောင်းလောက်အောင် ထက်မြက်တယ်။ စောစောက ငါ သူ့ကို နာမည်တပ်မခေါ်ခဲ့သင့်ဘူး။ သူ ဘာကို ဖုံးကွယ်ထားတာလဲ" သူသည် ထိုကိစ္စနှင့်ပတ်သက်၍ အချိန်အနည်းငယ်ထပ်စဥ်းစားကြည့်သော်လည်း ဘာမှပေါ်မလာပေ။ "ငါ ဒီနေ့ အစ်မရှုကို မတွေ့ဘူး ၊ သူ ဘယ်လိုများ နေပါလိမ့်.....ပြီးတော့ ကျိုးကျဲ။ သူနဲ့ပတ်သက်ပြီး တစ်ခုခုက ထူးဆန်းနေတယ်။ အရင်နဲ့ မတူတော့သလိုပဲ...." အတန်ငယ် ထပ်စဥ်းစားပြီးနောက် သူ၏မျက်လုံးများ စတင်တောက်ပလာသည်။ "မိစ္ဆာချုပ်နှောင်ကျောက်စိမ်း ဘာကိုဆိုလိုချင်တာလဲ......" သူက မျက်လုံးများကို ပိတ်ပြီး တရားဆက်ထိုင်လေသည်။

***

All Chapters