ငါ့ကို သတ်
Vol. 18 Ch. 247
မနက်စောစော ဝေလီဝေလင်းအချိန်တွင် အရှေ့အရပ်မှ နေမင်းသူရိန်သည် ခေါင်းပြူထွက်လာပြီး နေရောင်ခြည်တို့ အနက်ရောင်ကြိုဆိုခြင်းတောင်ထိပ်အပေါ် ဖြာကျလာသည်။ တောင်တစ်တောင်လုံး စိမ်းလန်းစိုပြည်နေသော်လည်း ငှက်တေးသီသံများ၊ ပန်းရနံ့များ ကင်းမဲ့နေသည်။ မန်ဟိုမှာ ဒုတိယအထပ် လသာဆောင်၏အပြင်မှ ဝန်းရံထားသော တောင်တန်းကြီး၏ စိမ်းစိုနေသောအပင်များကို ကြည့်ပြီး စိတ်နှလုံးရွှင်လန်းသွား၏။
မြစိမ်းရောင်အပင်များဖြင့် ဖုံးလွှမ်းလျက်ရှိသည့် လှိုင်းပမာ မို့မောက်သွယ်တန်းနေသော တောင်စဥ်တန်းများသည် နေရောင်ခြည်အောက်တွင် ရွှန်းလဲ့တောက်ပနေ၏။ အလင်းရောင်က မန်ဟို၏ အနက်ရောင်ဝတ်ရုံအပေါ် ကျရောက်လာရာ ၄င်း၏ခရမ်းရောင်အရှိန်အဝါကို ပို၍အားကောင်းသွားစေသည်။ ၄င်းကို ကြည့်လိုက်မိသည့် မည်သူမဆို အနက်ရောင်လား၊ ခရမ်းရောင်လား ဝေခွဲရခက်ပေမည်။
တောင်ပေါ်မှ တိုက်ခတ်လိုက်သော လေပြေညင်းက သူ၏ဆံပင်ရှည်ရှည်များကို တလွင့်လွင့်ဖြစ်သွားသည့်အတွက် မန်ဟိုကိုယ်တိုင်ပင် လေနှင့်အတူ မျောလွင့်သွားချင်မိလေသည်။ သူသည် အဝေးသို့ စိုက်ကြည့်နေစဥ် သူ၏မျက်လုံးအတွင်း၌ ခရမ်းရောင်အလင်း တောက်ပနေသည်။
ဤသည်မှာ သူ၏ တာအိုမဏ္ဍိုင်ခြောက်ခုကိုလည်း ခရမ်းရောင်ဖြစ်စေခဲ့သည့် အရှေ့အရပ်မှ ခရမ်းရောင်ချီ၏ သရုပ်သကန်ဖြစ်သည်။
အချိန်အတော်လေးကြာသွားပြီးနောက် မန်ဟိုက အသက်ပြင်းပြင်းရှူပြီးနောက် စံအိမ်မှ ထွက်ခွာလာသည်။ သူသည် အနက်ရောင်ကြိုဆိုခြင်းတောင်များ တစ်လျှောက် ဖောက်ထားသည့် လမ်းအတိုင်း ဆင်းလာစဥ် ချင်းလော်ဂိုဏ်းသားများနှင့် ပက်ပင်းတိုး၏။ သူတို့သည် ချင်းလော်ဂိုဏ်းဝင်များဖြစ်သည့်အလျှောက် မာနအနည်းငယ်ရှိသော်လည်း ယဥ်ကျေးပျူငှာစွာဖြင့် ချက်ချင်း လက်ယှက် အရိုအသေပေးကြသည်။ ဧည့်သည်များအား မည်သို့ဆက်ဆံရမည်ဆိုသော သတင်း ဂိုဏ်းတစ်ခုလုံး ပျံံ့နှံ့နေခဲ့ပြီးဖြစ်ကြောင်း သိသာ၏။
မန်ဟိုက ပြုံးပြရင်း ပြန်လည် အရိုအသေပေးပြီးနောက် သူ့လမ်းသူ ဆက်လျှောက်သွားသည်။
သူသည် မကြာခင် အနက်ရောင်ကြိုဆိုခြင်းတောင်များမှ ထွက်လာပြီး တောင်တစ်ရာ၏အလယ်သို့ ရောက်နေကြောင်း သိလိုက်ရသည်။ ဤသည်မှာ သီးသန့်ဂိုဏ်းသားများအတွက် ကန့်သတ်ထားသော နေရာတစ်နေရာဖြစ်လေသည်။
မန်ဟိုသည် ချင်းလော်ဂိုဏ်းသားများ၊ အဆောက်အအုံများနှင့် အပေါ်ထက်ရှိ ဧရာမအမွှေးတိုင်ကြီးကို လှည့်ပတ်ကြည့်ရင်း သက်ပြင်းခိုးချလိုက်သည်။ ဇီယွင်ဂိုဏ်းကို မဝင်ရောက်ခင်တုန်းက သူ့မှာ တစ်နေ့၌ ချင်းလော်ဂိုဏ်းထဲတွင် ဤသို့ အေးအေးလူလူ လမ်းလျှောက်နိုင်လိမ့်မည်ဟု တစ်ခါမှ စိတ်မကူးနိုင်ခဲ့ပေ။
"အသားဂျယ်လီ အစောကြီး အရေခွံလဲခဲ့တာ တော်သေးတယ်။ အခုသာဖြစ်လို့ကတော့ ငါတော့ ဘူးပေါ်သလို ပေါ်မှာ" သူသည် အဆောက်အအုံများကြား၌ လျှောက်သွားနေပြီး နောက်ဆုံး ပြည်သူ့ရင်ပြင်တစ်ခု၏ အစပ်နား၌ တုံ့ခနဲ ရပ်လိုက်သည်။ ထိုနေရာတွင် ဟန်ပေ့အပါအဝင် ချင်းလော်ဂိုဏ်းသားဒါဇင်အနည်းငယ် တင်ပျဥ်ခွေထိုင်နေကြ၏။
အဘိုးကြီးတစ်ယောက်မှာ ချင်းလော်ဂိုဏ်းမှော်ပညာရပ်များနှင့် ပတ်သက်၍ အမျိုးမျိိုးသော ကျမ်းစားများအကြောင်း ရှင်းပြရင်း ဟောပြောနေသည့်အခိုက်အတန့်ဖြစ်သည်။ မန်ဟို ယခင်က ဤလူ့ကို မြင်ဖူးသည်။ သူသည် မနေ့က ခေါင်းဆောင်ကြီးဇီလော်နှင့်အတူ သူ့ကို ကြိုဆိုခဲ့သော အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူများထဲက တစ်ယောက်ဖြစ်၏။
အဘိုးကြီး၏အသံက အေးစက်စွာ ဟိန်းထွက်နေသည်။ "ချင်းလော်ဂိုဏ်းရဲ့ မှော်ပညာကို အနက်ရောင်မရဏကမ္ဘာ ရဲ့ စိတ်ဆန္ဒနဲ့ မိုးကောင်းကင်ဇကာရဲ့ အဆုံးအမအဖြစ် ပိုင်းခြားနိုင်တယ်။ မရဏကမ္ဘာဟာ ကမ္ဘာကိုးခုရဲ့ စိတ်ဝိညာဥ်တွေကို ကိုယ်စားပြုပြီး ဇကာက ကောင်းကင်ကိုးခုရဲ့ စိတ်ဆန္ဒကို ကိုယ်စားပြုတယ်။ ဒါကြောင့် ချင်းလော်ဂိုဏ်းမှာ မရဏမှော်ပညာက သတ်ဖို့ဖြစ်ပြီး မိုးကောင်းကင်ရဲ့ စိတ်ဆန္ဒက အံ့ဖွယ်ကောင်းတယ်။ မင်းတို့ ကျင့်ကြံအားထုတ်တဲ့အချိန်မှာ ဒီမြင့်မြတ်တဲ့ အဆုံးအမတွေကို စိတ်ထဲမှာ မှတ်သားရတယ် ။ အနာဂတ်မှာ မင်းတို့ရဲ့ လမ်းကြောင်းဟာ ကောင်းကင်တွေဆီ ဦးတည်လိမ့်မယ်" ဤအခိုက်အတန့်တွင် သူ မန်ဟို့ကို မြင်လိုက်သည်။
(စကားချပ်။ ။ 'ချင်း'သည် အနက်ရောင်ဖြစ်ပြီး 'လော်'က ဇကာကို ဆိုလိုသည်)
သူက မန်ဟို မည်သူဖြစ်ကြောင်း ကောင်းကောင်းသိသဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် စကားတစ်ခွန်းမှမပြောဘဲ သူ၏စာသင်သားများထံ လှမ်းကြည့်သည်။ နောက်ဆုံးတွင် သူ့အကြည့်သည် ဟန်ပေ့အပေါ် ကျရောက်လာ၏။ သူက သူမကို အဓိပ္ပါယ်ပါပါ ကြည့်နေသဖြင့် သူမမှာ သက်ပြင်းခိုးချပြီး ထပ်ရပ်ကာ မန်ဟို့ထံ လျှောက်သွားလေသည်။
အဘိုးကြီးက ပြောင်းလဲခြင်းမရှိသော မျက်နှာထားဖြင့် ဂိုဏ်း၏ကျမ်းစာများအကြောင်း ဆက်လက်ဆွေးနွေးနေသည်။ သူသည် ထိုကဲ့သို့ ဂိုဏ်းအရေးကိစ္စ ဆွေးနွေးမှုများအား အပြင်လူတစ်ယောက်ကိုမှ နားထောင်ခွင့်မပေးတတ်သော်လည်း မန််ဟို့ရာထူးအဆင့်အတန်းအရ သူ့ကို မောင်းထုတ်ရန် မသင့်တော်ပေ။ သို့ဖြစ်၍ ဟန်ပေ့အား သူ့ကို ပထုတ်သွားစေခြင်းဖြစ်သည်။
ဟန်ပေ့မှာ တကယ်တမ်း ထိုတာဝန်ကို လက်မခံချင်သော်လည်း သူမအတွက် ငြင်းဆန်ခွင့်မရှိပေ။ သူမက ခံစားချက်များအား နည်းနည်းလေးပင် မဖော်ပြဘဲ မန်ဟို့ဘေးရောက်လာသည်။ လှပသော အပြုံးလေးတစ်ခု သူမမျက်နှာပေါ်တွင် ပွင့်လန်းလာ၏။
"မဟာအကြီးအကဲဖန်၊ ရှင်က စောစောနိုးတတ်တာပဲ။ ကျွန်မကို အဖော်ပြုပေးပါလား။ ကျွန်မ ရှင့်ကို ဂိုဏ်းနားက ရှုခင်းတွေ လိုက်ပြပေးမယ်လေ" သူမသည် ပန်းပွင့်လေးတစ်ပွင့်သဖွယ် လှပပြီး သူမအသံလေးမှာ ပျော့ပျောင်းကာ ညှို့ဓာတ်ပြင်းလေသည်။
သူ့အနေဖြင့် ဂိုဏ်းဒေသနာကျမ်းများအား ထိုင်နားထောင်ရန် သိပ်မသင့်တော်ကြောင်း မန်ဟိုကောင်းကောင်းသိသည်။ ထို့ကြောင့် သူသည် ဟန်ပေ့ကို နှစ်လိုဖွယ်ကောင်းစွာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ပြောသည်။ "ဒီလို ရင်သပ်ရှုမောဖွယ် ပန်းလေးတစ်ပွင့်နဲ့အတူ ရှိခွင့်ရမှာကို ကျုပ် ဝမ်းမြောက်မိပါတယ်"
သူတို့နှစ်ယောက် လမ်းလျှောက်ထွက်လာကြသည်။
ရင်ပြင်မှ ခပ်လှမ်းလှမ်းသို့ ရောက်သောအခါ ဟန်ပေ့က ပြုံးပြီး ပြောသည်။ "မဟာအကြီးအကဲဖန်၊ ရှင်ကလေ တကယ် ယဥ်ကျေးပြီး ကဗျာဆန်တာပဲ။ ကျွန်မက ပန်းတစ်ပွင့်နဲ့ အနှိုင်းခံရဖို့ မထိုက်တန်ပါဘူး" သူမ၏မျက်ဝန်းလေးများက ရွှန်းလဲ့နေပြီး သူမ၏ လွင့်ပါးကျနေသော အပြာရောင်ပိုးခြည်ဝတ်ရုံက သူမကို ရစ်ပတ်နေရာ ပန်းလေးတစ်ပွင့်နှင့် အမှန်တကယ် တူစေလေသည်။
ဟန်ပေ့သည် ပင်ကိုယ်အားဖြင့် လှပသည့်အပြင် သူမအပြုံးလေးက တောက်ပနေသည်။ သူမမှာ ပန်းတစ်ပွင့်ဖြစ်ကောင်းဖြစ်နိုင်သော်လည်း မန်ဟို့အတွက်တော့ သူမက အဆိပ်ဆူးများပြည့်နေသော နှင်းဆီတစ်ပွင့် ဖြစ်သည်။ သူ့မှာ ချင်းလော်ဂိုဏ်း၏ မြင့်မြတ်သောနယ်မြေမှာတုန်းက 'ရှဲ့ အချစ်လေး' ဆိုသော စကားလုံးများအား သူမမည်သို့ ချိုချိုသာသာ ပြောခဲ့သည်ကို ဘယ်တော့မှ မေ့မရပေ။
မန်ဟိုက သူမ၏စကားလုံးများကြောင့် ရယ်လိုက်သော်လည်း ဘာမှပြန်မပြောပေ။ ထိုအစား သူက သူမကို ခေါင်းအစ ခြေအဆုံးသာ ကြည့်လိုက်သည်။
"မဟာအကြီးအကဲဖန်၊ ရှင် ကျွန်မကို အရင်က တွေ့ချင်နေခဲ့တဲ့ နေရာအကြောင်း စဥ်းစားနေသေးတယ်လို့တော့ မပြောနဲ့နော်" သူမက ပေါ့ပေါ့ပါးပါး ရယ်လိုက်သော်လည်း သူမ၏မျက်လုံးအတွင်း၌ စိုးရိမ်စိတ်အတိုင်းအတာတစ်ခုထိ ရှိကြောင်း မန်ဟိုမြင်ရသည်။ မန်ဟိုပြောနိုင်ကြောင်း သူမ မတွေးမိသော်လည်း သူ သူမကို မည်မျှကောင်းကောင်းသိကြောင်း စဥ်းစားလျှင် သူသည် ၄င်းကို အကြည့်တစ်ချက်တည်းနှင့် သတိထားမိ၏။
မန်ဟို၏ဦးနှောက် ချက်ချင်း အပြေးအလွှားအလုပ်လုပ်သွားသည်။ ဟန်ပေ့သည် အလွယ်တကူစိုးရိမ်တတ်သော မိန်းကလေးမျိုးမဟုတ်ကြောင်း သူ သိသည်။ သူသည် ယခင်က သူမကို တွေ့ခဲ့သည့်အချိန်အားလုံးကို ပြန်တွေးမိလိုက်သည်။
"ကျုပ်တော့ ခင်ဗျားအရှေ့မှာ ရှက်ရွံမိပါတယ် တာအိုရောင်ရင်းဟန်" သူက ပြောသည်။ "ဒီတိုင်း ကျုပ် ခင်ဗျားကို တကယ်စိတ်ဝင်စားလို့ပါ" သူက သူ၏မျက်လုံးများထဲ၌ စိတ်ဝင်စားနေသောအလင်းရောင် တောက်ပစေရင်း သူမကို ကြည့်လိုက်သည်။
ဟန်ပေ့ ဤသည်ကို မြင်သောအခါ ချက်ချင်း ရင်လေးသွားသည်။ မန်ဟို ဂိုဏ်းထဲ ဝင်ရောက်ခဲ့သည့် အခိုက်အတန့်မှစ၍ သူမမှာ စိတ်တထင့်ထင့်ဖြစ်နေခဲ့သည်။ ယခုတွင် သူမ၏စိုးရိမ်စိတ်တို့ ပို၍ပြင်းထန်လာသည်။ သို့သော် သူမ၏ ဟန်ဆောင်နိုင်စွမ်းက နက်ရှိုင်းသဖြင့် သူမ၏ ခံစားချက်များကို ဖုံးကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားထားနိုင်၏။ သူမက မျက်ခုံးလေးနှစ်ဖက်အား ပြေပြစ်နေစပြီး သူမမျက်နှာကို အပြုံးတစ်ခုဖြင့် ဖုံးကွယ်ထားသည်။
သူမက လမ်းဆက်လျှောက်နေရင်း ပြန်ပြောသည်။ "မဟာအကြီးအကဲဖန်၊ ရှင့်ရဲ့စကားကြောင့် ကျွန်မက တကယ်ဝမ်းမြောက်မိပါတယ်။ ဒါပေမယ့် ကျွန်မ တကယ်နားမလည်ဘူး။ ဘာကြောင့် ရှင် ကျွန်မကို စိတ်ဝင်စားတာလဲ" သူမက မျက်တောင်ကလေး ခတ်ရင်း သူ့ကို ကြည့်သည်။
"ဟန်မျိုးရိုးက ထူးခြားတယ်" မန်ဟိုက အဝေးတွင် မြင့်တက်လာနေသော နေကို လှမ်းကြည့်ရင်း ဖြေးဖြေးချင်း ပြောသည်။
ဤသည်ကို ကြားသော် ဟန်ပေ့အမူအရာ ပြောင်းလဲမသွားပေ။ သူမက ပြုံးပြီး ပြန်ဖြေသည်။ "ဘယ်လိုထူးခြားတာလဲ"
"ဘာကြောင့်လဲဆို မဟာမျိုးနွယ်ကိုးခုထဲကတစ်ခုမလို့ပဲ" သူ၏ အမူအရာမှာ ပုံမှန်အတိုင်းဖြစ်သော်လည်း သူ၏စကားလုံးများက ဟန်ပေ့ကို မျက်မှောင်ကြုတ်ပြီး သက်ပြင်းချလိုက်မိစေသည်။ ဤအပြုအမူများမှာ သူမ၏စစ်မှန်သောတုံ့ပြန်မှုကို ဖုံးကွယ်ရန်သာဖြစ်ကြောင်း မန်ဟို သိလေသည်။
သူသည် ရင်တုန်သွားပြီး တစ်ခုခုမူမမှန်ကြောင်း ယခင်ထက်ပို၍ ခံစားလိုက်ရ၏။
"ဟုတ်တယ်" ဟန်ပေ့က သူ့ကို ကြည့်ရင်း ပြောသည်။ "ကျွန်မ ဘိုးဘေးတွေက မဟာမျိုးနွယ်ကိုးခုကပဲ"
သူတို့နှစ်ယောက် မြစိမ်းရောင်တောအုပ်အဝင်လမ်း၏အပြင်တွင် ရပ်လိုက်ကြသည်။ လေပြေတစ်ချက် တိုက်ခတ်သွားရာ သစ်ရွက်များ တရှဲရှဲမြည်သွား၏။ အဝေးမှ ရေစီးသံလေးကိုလည်း ကြားနိုင်သည်။ သဘာဝ၏အသံများ အတူတကွစုပေါင်းသွားအခါ တေးသွားတစ်ပုဒ် သီးကျူးနေသည့်အလားပင်။
အလှတရားတို့ ခြံရံနေလျက် မန်ဟိုက ဘာမှမပြောပေ။ သူက ဟန်ပေ့ကို ကြည့်လိုက်ပြီး သူမက သူ့ကို ပြန်ကြည့်သည်။
အချိန်အတော်ကြာပြီးနောက် သူက အစိမ်းရောင်တောအုပ်ထံ လှည့်ကြည့်ရင်း ရယ်သည်။ ထို့နောက် အရှေ့ဘက်သို့ စီးဆင်းနေသော တောင်ကျချောင်းတစ်ချောင်းထံ လျှောက်သွားပြီး ချောင်းထဲသို့ ငုံ့ကြည့်လိုက်သည်။ ငါးတစ်ကောင်က ခပ်ချောချောကျောက်တုံးများ အပေါ်၌ ဖျတ်ခနဲ ခုန်သွားသည်။ အတွေးနက်နေသော အရိပ်အယောင်တစ်ခု သူ၏မျက်လုံးများအထဲ ပေါ်ပေါက်လာသည်။
"ဟန်ပေ့နဲ့ပတ်သက်ပြီး တစ်ခုခုက ပုံမှန်မဟုတ်ဘူး" သူက တွေးသည်။ "ဘာလို့ ငါ့နားမှာ အဲ့လောက်စိတ်လှုပ်ရှားနေတာလဲ။ ဖန်မုနဲ့ မဆိုင်ဘူး။ ငါက မန်ဟိုဆိုတာ သူ သိမှမသိတာ။ အဲ့လိုဆိုရင်... အရှေ့ဆေးဝါးအဖွဲ့နဲ့ ပတ်သက်ရမယ်"
ဟန်ပေ့က ယခင်အတိုင်း မပြောင်းလဲသောမျက်နှာအမူအရာဖြင့် သူ့ဘေး၌ ရပ်နေသည်။ အမွှေးတိုင်တစ်တိုင် ထွန်းစာ အချိန်ကြာမြင့်ပြီးနောက် သူမက ရုတ်တရက် သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ဝင်းလက်နေသော ကျောက်စိမ်းပြားတစ်ပြားပေါ်လာ၏။ သူမက ၄င်းကို တခဏကြည့်နေပြီးနောက် မန်ဟို့ကို ဒူးအနည်းငယ်ညွှတ်၍ ပေးသည်။
"ဒီနေရာက ချောင်ကျပြီး တိတ်ဆိတ်တယ်၊ မဟာအကြီးအကဲဖန်။ ရှင် နေချင်ရင် ဒီမှာ ခဏနေလို့ရတယ်။ စိတ်မကောင်းစွာနဲ့ ကျွန်မ သွားရောက်ရမယ့် ကိစ္စတွေရှိသေးတယ်။ ပြီးတော့ ရှင် စဥ်းစားနေတာကိုလဲ မနှောင့်ယှက်ချင်ဘူး။ ဒီကျောက်စိမ်းပြားမှာ ချင်းလော်ဂိုဏ်းရဲ့မြေပုံ ရှိပါတယ်။ ကျေးဇူးပြုပြီး ရှုခင်းတချို့ ကြည့်ရှုခံစားလို့ ဒါကို လွတ်လွတ်လပ်လပ်သာ အသုံးပြုပါ။ ကျွန်မ အခု သွားတော့မယ်" သူမက သူ့ကို ကျောက်စိမ်းပြားပေးပြီးနောက် လှည့်ပြန်ရန် ပြင်လိုက်သည်။
ထိုစဥ် မန်ဟိုက ပေါ့ပေါ့ပါးပါးပြောလိုက်၏။ "အရှေ့ဆေးဝါးအဖွဲ့က ခင်ဗျားရဲ့ မိတ်ဆွေတစ်ယောက်က ကျုပ်ကို ခင်ဗျားဆီ နှုတ်ဆက်စကားပါးခိုင်းလိုက်တယ်။ အဲ့ကိစ္စအတွက်က......." သူ၏စကားလုံးများမှာ အဓိပ္ပါယ်အပြည့်ပါနေပုံပေါ်သည့်တိုင် ရောရောရာရာမရှိသဖြင့် အဓိပ္ပါယ်နှစ်ခွထွက်နေလေသည်။ အမှန်တွင် ၄င်းတို့ထံမှ မည်သည့်အဓိပ္ပါယ်ကိုမဆို ကောက်ယူနိုင်သည်။
သို့သော် ဟန်ပေ့မှာ ၄င်းတို့ကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ရင်ခုန်သွားသည်။ သူမက မန်ဟို့ကို ကျောပေးထားသည့်အတွက် မျက်လုံးများ ကျဥ်းမြောင်းစေလိုက်သည်။ သို့သော် သူမ၏ကိုယ်ဟန်အနေအထားက သူမအတွေးများနှင့်စပ်လျဥ်း၍ မည်သည့်သဲလွန်စမှ ထုတ်မပြပေ။ သူမက တဖြေးဖြေးခေါင်းလှည့်လိုက်ရာ သူမမျက်နှာမှာ အံ့အားသင့်သောအရိပ်အယောင်ဖြင့် ဖုံးလွှမ်းနေသည်။
"မဟာအကြီးအကဲဖန်၊ ရှင်ဘာကို ဆိုလိုချင်တာလဲ ကျွန်မမသိဘူး" သူမက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မေးသည်။ သူမ၏အမူအရာမှာ မန်ဟို ပြောနေသည့် မိတ်ဆွေဆိုသူကို အသည်းအသန် စဥ်းစားနေရသည့်အလား တွေဝေမှုများဖြင့် ပြည့်နှက်နေသည်။
သူမသာ ထိုကဲ့သို့အမူအရာမပြသခဲ့ပါက မန်ဟို စိတ်အထင်သာ ရှိခဲ့မည်။ သို့သော် ထိုတုံ့ပြန်ချက်က သူ၏ထင်မြင်ချက်များကို ခိုင်မာသွားစေသည်။
သေချာပေါက် ဟန်ပေ့နှင့်ပတ်သက်၍ တစ်ခုခု ဖြစ်နေလေသည်။
သူ သူမအပေါ် နားလည်မှူအပေါ် အခြေခံ၍ သူမသာ အလွန်အမင်းမစိုးရိမ်နေပါက ထိုခေါင်းစဥ်ကို အခွင့်အကောင်းယူကာ သူ့ထံမှ သတင်းထပ် နှိုက်မည်ဖြစ်သည်။ ထိုအစား သူမက အံ့အားသင့်သွားဟန် ချက်ချင်းပြသသည်။
သူက ရယ်လိုက်သည်။ "ကျုပ် သိပြီ။ ကျုပ် တကယ်ပဲ ခင်ဗျားကို တခြားတစ်ယောက်နဲ့ မှားနေတာကိုး" သူကား ထို့ထက်ပိုမပြောတော့ပေ။ လောလောဆယ်တွင် ဟန်ပေ့ မည်သည့်လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားသည်လဲ သူ မသေချာပေ။ ယင်းအတွက် အေးအေးဆေးဆေး ထပ်မံစဥ်းစားရမည်။ သို့သော် စကားအလွန်အကျွံပြောခြင်းက အမှားအယွင်း ဖြစ်စေနိုင်သည်ကိုလည်း သူ သိသည်။ ဟန်ပေ့အနေဖြင့် ကစားခံနေရကြောင်း ကောက်ချက်ချမိနိုင်ပြီး မလိုအပ်သော ပြဿနာများ ဖြစ်ပွားစေနိုင်သည်။
မန်ဟို၏စကားကိုကြားသော် ဟန်ပေ့က သူ့ကို ခပ်ရေးရေးပြုံးပြသည်။ သူမသည် ဘာမှမပြောဘဲ နောက်တစ်ခေါက် ဒူးညွှတ်အရိုအသေပေးပြီးနောက် လှည့်ထွက်သွား၏။ သိပ်ဝေးဝေးလံလံမရောက်ခင် သူမမျက်နှာမှာ ဖြူဆုပ်လာပြီး စိုးရိမ်သောကများဖြင့် ပြည့်နှက်သွားသည်။
"အရှေ့ဆေးဝါးအဖွဲ့...... " သူမက ခပ်တိုးတိုးရေရွတ်ရင်း အဝေးသို့ တဟုန်ထိုးထွက်သွား၏။
မန်ဟို သူမပျောက်ကွယ်သွားသည်ကို ကြည့်ပြီး သူ၏မျက်လုံးများမှာ အတွေးများဖြင့်တောက်ပနေသည်။
ဟန်ပေ့သည် သူ ချင်းလော်ဂိုဏ်းသို့ ဝင်ရောက်ခဲ့သည့် အခိုက်အတန့်မှစ၍ ထူးထူးဆန်းဆန်း ပြုမူနေခဲ့ခြင်းဖြစ်သည်။ သူမက သူမ၏စိုးရိမ်ပူပန်နေမှုကို ဘယ်သူ့မှ သတိမထားမိစေချင်သော်လည်း သူမ ရင်ထဲ၌ ကိန်းအောင်းနေသည့် လျှို့ဝှက်ချက်ထံသို့ ယခုလေးတင် တန်းတန်းမတ်မတ် ဦးတည်နိုင်ခဲ့ကြောင်း မန်ဟို ပြောနိုင်သည်။
သို့သော် အတွေးပေါင်းစုံနေသည့်တိုင် ဟန်ပေ့ အရှေ့ဆေးဝါးအဖွဲ့နှင့် မည်သည့်ပတ်သက်မှုရှိလောက်ကြောင်း သူ အဖြေမထုတ်နိုင်သေးပေ။ သူက သူမ သူ့ကိုပေးခဲ့သောကျောက်စိမ်းပြားကို ငုံ့ကြည့်လိုက်သည်။ စိတ်ဝိညာဥ်အာရုံဖြင့် ၄င်းကို စစ်ဆေးကြည့်သောအခါ ချင်းလော်ဂိုဏ်း၏ တောင်တန်းများနှင့် မြေပုံတစ်ခု သူ့စိတ်ထဲ၌ ပေါ်လာသည်။
တချို့နေရာများမှာ တားမြစ်ခံထားရကြောင်း ဖော်ပြနေသည့် မှော်သင်္ကေတများဖြင့် အမှတ်အသား လုပ်ခံထားရသည်။ တခဏကြာပြီးနောက် မန်ဟိုက ခေါင်းမော့ပြီး ပြန်လျှောက်ထွက်လာသည်။
သူသည် နေ့လည်ရောက်သည်အထိ ချင်းလော်ဂိုဏ်းတစ်လျှောက် တစ်ယောက်တည်း လမ်းလျှောက်နေသည်။ အဝေးတွင် အနက်ရောင်ကြိုဆိုခြင်းတောင်များကို လှမ်းမြင်ရပြီး သူ ပြန်တော့မည့်အချိန် ရုတ်တရက် သူ၏မျက်လုံးများ ကျဥ်းမြောင်းသွား၏။ သူက လှည့်ပြီး အဝေးတစ်နေရာသို့ကြည့်လိုက်သည်။
ထိုအခိုက်တွင် စူးစူးဝါးဝါးအော်သံတစ်သံသည် ချင်းလော်ဂိုဏ်းအတွင်းရှိ တိတ်ဆိတ်ငြိမ်သက်မှုကို ဖြိုခွဲလိုက်၏။ ခပ်လှမ်းလှမ်းရှိ တောင်တစ်လုံး၏ အောက်ခြေတွင် ဟိန်းဟောက်သံများ ကြားနိုင်သည်။ မြေကြီးသည် တသိမ့်သိမ့်တုန်ခါနေပြီး ကျင့်ကြံသူတစ်ယောက်က ဆံပင်များဖွာလန်ကြဲလျက် သွေးရူးသွေးတန်းပျံထွက်လာသည်။
"ငါ့ကို သတ်။ ငါ့ကို သတ်" သူက ပတ်ဝန်းကျင်ရှိမြေပြင်ကို တုန်ခါသွားစေသောအသံကြီးဖြင့် အော်ဟစ်လိုက်သည်။ သူ အရှေ့သို့ပျံသန်းလာစဥ် အလင်းတန်းအမြောက်အမြား လေပေါ် ပျံတက်လာပြီး သူ့ထံ တဟုန်ထိုးဦးတည်သွားကြသည်။
မန်ဟိုမှာ ဤကျင့်ကြံသူကို မှတ်မိလိုက်သဖြင့် မျက်လုံးများကျဥ်းမြောင်းလျက် စိုက်ကြည့်လိုက်သည်။ ၄င်းက ချင်းလော်ဂိုဏ်း တာအိုကလေး ကျိုးကျဲမှလွဲ၍ တခြားမဟုတ်ပေ။
***