အချိန်၏မူလအစ
Vol. 18 Ch. 248
လာနေသော အရိပ်များက အံ့မခန်းလိလိအမြန်နှုန်းဖြင့် ပျံသန်းနေကြသော်လည်း ကျိုးကျဲက ပို၍ပင် မြန်သည်။ သူသည် အလင်းတန်းတစ်တန်းအသွင်ဖြင့် လေကိုခွင်း၍ တဟုန်ထိုးသွားနေပြီး သူ၏အော်သံများမှာ ပဲ့တင်ထပ်လျက်ရှိသည်။
သူက မန်ဟို့ထံမှ သိပ်မဝေးရာ မကြာမီ ပို၍ပင် နီးကပ်လာသည်။ ကျိုးကျဲ၏ ရူးသွပ်မှု နှင့် တွေဝေရှုပ်ထွေးနေမှုကို မန်ဟို ရှင်းရှင်းလင်းလင်း မြင်ရလေသည်။ သူ၏မျက်လုံးများမှာ သွေးချင်းနီနေပြီး နာကျင်မှုဖြင့် ပြည့်နှက်နေသည်။
သူ့မှာ အမှန်တကယ် သေချင်နေသည့်အလား ထင်ရသည်။
"ငါ့ကိုသတ်" သူက စူးစူးဝါးဝါးအော်သည်။ ဤအချိန်တွင် ချင်းလော်ဂိုဏ်းမှ တခြားလူများ ရောက်လာကြသည်။ စုစုပေါင်း အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူ ငါးယောက်ဖြစ်သည်။ သူတို့၏လက်များသည် ဂါယာမန္တယားဆိုင်ရာ မုဒြာလက်ကွက်များ တဖျပ်ဖျပ်လှုပ်ရှားသွားပြီး ရုတ်တရက် ကျိုးကျဲပတ်ပတ်လည်ရှိ မြေကြီး အောက်သို့ ကျွံကျသွားသည်။ ဝုန်းခနဲ ပေါက်ကွဲသံကြီး မြည်ဟည်းသွားပြီး ကျိုးကျဲမှာ ရုတ်တရက် ဖိနှိပ်ခံလိုက်ရပုံပေါ်သည်။ သူ၏မျက်နှာရှုံ့မဲ့သွားပြီး သူ့မျက်လုံးများထဲရှိ မချိတင်ကဲဝေဒနာကား ပြင်းအားအထွတ်အထိပ်သို့ ရောက်ရှိသွား၏။
ပြင်းထန်သောပေါက်ကွဲမှုကြီး ကျိုးကျဲ၏ ခန္ဓာကိုယ်မှ ပွင့်ထွက်လာကာ အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူငါးဦးအား မျက်နှာများ ဖြူဆုပ်ပြီး ပါးမှသွေးများစီးကျလျက် နောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွားစေသည်။
မန်ဟိုမှာ ဤအခြင်းအရာအားလုံးကို ကြည့်ရင်း ချာချာလည်နေပြီး အစစ်အမှန်ဟု ယုံရခက်နေလေသည်။ ကျိုးကျဲသည် အမြုတေဖြစ်တည်မှုအဆင့် ရောက်ခါနီး ချီအခြေတည်အဆင့်၏ မဟာစက်ဝန်းတွင်ဖြစ်သည်။ သို့သော် ယခု သူ၏တိုက်ကွက်က အမြုတေဖြစ်တည်မှု စဦးပိုင်းအဆင့်ကျင့်ကြံသူငါးဦးကို သွေးအန်စေခဲ့သည်။ မန်ဟိုမှာ ထိုမြင်ကွင်းကြောင့် ပါးစပ်အဟောင်းသားဖြစ်သွား၏။
ရုတ်တရက် ကျိုးကျဲ၏ ကျင့်ကြံခြင်းအခြေခံက စတင်တက်လာသည်။ ကြောက်မက်ဖွယ်စွမ်းအားကြီး ပေါက်ကွဲထွက်လာပြီး သူ၏ဟိန်းဟောက်သံများမှာ မိုးထိအောင် ပဲ့တင်ထပ်နေသည်။
ထိုစဥ် မိစ္ဆာချုပ်နှောင်ကျောက်စိမ်း၏အသံ မန်ဟို့စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။ ၄င်းမှာ သူ ဟန်ပေ့ကို ပထမဆုံးတွေ့ခဲ့သည့်အချိန်ကနှင့် အတန်ငယ်ကွဲပြားလေသည်။ "လေလွင့်ဝိညာဥ်တွေက ခန္ဓာကိုယ်ကို ဝင်စီးပြီး တမလွန်ဘဝကနေ ပြန်လာကြတယ်။ အရှိန်မြှင့်ခြင်းတစ်ရပ်ပဲ။ ရည်ရွယ်ချက်ရှိရှိ၊ မရှိရှိ၊ ဝိညာဥ်ဟာ ထိခိုက်နေပြီးပြီ"
ရုတ်တရက် ရူးကြောင်ကြောင် ဖြစ်နေသော ကျိုးကျဲ၏ဘေး၌ လူတစ်ယောက် ပေါ်လာသည်။ သူက လက်မြှောက်ပြီး ကျိုးကျဲ၏ ပခုံးအပေါ် ဖိချလိုက်သည်။ ကျိုးကျဲ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်သွားပြီး သူ၏စွမ်းအားတို့ လွင့်စင်ပျောက်ကွယ်လာသည်။ ရူးသွပ်မှုသည် သူ၏မျက်လုံးများမှ ထွက်သွားပြီး တွေဝေရှုပ်ထွေးနေမှူတို့ ပပျောက်လာသည်။ ကျန်ရှိခဲ့သည့် တစ်ခုတည်းသောအရာမှာ ထူးဆန်းသော နာကျင်မှုဖြစ်သည်။
သူ့တစ်ကိုယ်လုံး တုန်ရီသွား၏။ သူ့မျက်လုံးထဲရှိ နာကျင်မှုမှာ အလွန်အမင်းညှင်းဆဲနေဟန်တူသည်။ ဤသည်မှာ ထိုနှစ်များက မန်ဟို့လေးစားမှု ရရှိခဲ့သော တာအိုကလေးတစ်ယောက်ဖြစ်သည်။ သူ့မှာ ယခုတွင် ခေါင်းရှင်းသွားပုံပေါ်သော်လည်း စကားသုံးလုံးကို ရေရွတ်လိုက်သေးသည်။ "ငါ့ ကို သတ်...."
လူအများမှာ အမှန်စင်စစ် သေခြင်းကို မရှာဖွေနိုင်ကြပေ။ ရှင်သန်လိုစိတ်က အမြဲရှိနေသည်။ သေခြင်းအား အမှန်တကယ် ရှာဖွေကြသူများမှာ .... အသက်ရှင်လျက် ငရဲကျနေသူများသာ ဖြစ်သည်။
ကျိုးကျဲမှာ စကားပြောပြီးပြီးချင်း သတိလစ်သွားသည်။ သူ့ဘေးတွင်ပေါ်လာခဲ့သည့်ပုံရိပ်မှာ ခေါင်းဆောင်ကြီးဇီလော်ကလွဲ၍ တခြားမဟုတ်ပေ။ သူသည် တည်ကြည်ခံ့ညားသော ဟန်ပန်ဖြင့် သတိလစ်နေသော ကျိုးကျဲကို ဆွဲပြီး ထွက်သွားရန်ပြင်လိုက်သည်။ ရုတ်တရက် သူက မန်ဟို့ကို ခေါင်းလှည့်ကြည့်သည်။
"မဟာအကြီးအကဲဖန်မု၊ ကျုပ်တို့တော့ ခင်ဗျားပြက်ရယ်ပြုတာ ခံရမှာပဲ။ ဒီကလေး ကျိုးကျဲက ကျင့်ကြံနေတုန်း စိတ်ဖောက်ပြီး နည်းနည်းရူးသွားတာ" သူက သက်ပြင်းချပြီး ခေါင်းခါလိုက်သည်။ ထို့နောက် အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူများနှင့်အတူ ကျိုးကျဲကို သယ်သွားလေသည်။
မန်ဟိုမှာ နှုတ်ဆိတ်လျက် ရပ်ကျန်ခဲ့သည်။ စောစောက အဖြစ်အပျက်အားလုံးက သူ့ကို တုန်လှုပ်စေခဲ့သည်။ လွန်ခဲ့သည့် ငါးနှစ်က တာအိုကလေးနှင့် ယခု ကျိုးကျဲမှာ တခြားစီပင်။ မည်သည့်အရာက ဤသို့ကံဆိုးမှုမျိုး ဖြစ်စေခဲ့သနည်း။
သူ့မှာ မိုးသည်းသောညက ကျိုးကျဲနှင့် တိုက်ပွဲအကြောင်း ပြန်တွေးနေမိသည်။
နေကား အတော်မြင့်နေပြီဖြစ်သည်။ မန်ဟို လှည့်ပြီး အနက်ရောင်ကြိုဆိုခြင်းတောင်ထိပ်နှင့် ထိုနေရာရှိ သူ့စံအိမ်ထံ ပြန်ဦးတည်လာခဲ့သည်။
သူသည် တင်ပျဥ်ခွေထိုင်ချပြီး စောစောက ကျိုးကျဲ၏ အဖြစ်အပျက် နှင့်အတူ မိစ္ဆာချုပ်နှောင်ကျောက်စိမ်းအကြောင်း ပြန်စဥ်းစား သုံးသပ်နေ၏။ ချင်းလော်ဂိုဏ်း၏ ထူးခြားဆန်းကြယ်သော လျှို့ဝှက်ချက်များက ပို၍ပင် များများလာပုံရသည်။ အချိန်အတော်ကြာသွားပြီးနောက်ဆုံး မန်ဟိုက ခေါင်းခါပြီး ထိုကိစ္စကို ဘေးချိတ်လိုက်သည်။ သူက သိုလှောင်အိတ်ကို ပုတ်ပြီး ဆေးပေါင်းဖိုတစ်လုံး ထုတ်လိုက်သည်။
သူသည် ဂိုဏ်းအပြင်တွင် ဖြစ်သော်လည်း သူ၏ ဆေးဖော်ခြင်းအလေ့အကျင့်ကို နေ့စဥ်မပြတ် ဆောင်ရွက်တတ်သည်။ သူက ဆေးပေါင်းဖိုကို အသာအယာပုတ်လိုက်ရာ ဟိန်းသံတစ်သံ ထွက်လာသည်။ ထို့နောက် သူသည် မြေမီးတောက်သလင်းကျောက်တချို့ ထုတ်ပြီး အဆိပ်ဆေးလုံးတစ်သုတ်ဖော်ရန် ပြင်လိုက်သည်။
သူသည် ဆေးပေါင်းဖိုဘုရင်တစ်ယောက်ဖြစ်လာပြီးနောက် အဆိပ်ဆေးလုံးများကို မကြာမကြာ ဖော်စပ်ဖြစ်လေသည်။ အမှုန့်များ သို့မဟုတ် အဆိပ်ဆေးလုံးများကို အပင်နှင့်အသီးအရွက်များ၏ အမျိုးမျိုးသော ဓာတ်ပြုမှုများးအပေါ် အခြေခံ၍
ဖန်တီးနိုင်၏။
၄င်းတို့မှာ သီးခြားပင်ကိုယ်လက္ခဏာတစ်ခုစီဖြင့် အမျိုးအစားများ မရေမတွက်နိုင်အောင် ရှိသည်။
မန်ဟိုသည် လိုအပ်ချက်များအပေါ် အခြေခံ၍ ဆေးပင်တစ်ပင်ထုတ်ပြီး ဓာတ်ကူလိုက်သည်။ ယခုလောလောဆယ်တွင် သူ့လက်ထဲ၌ အဆိပ်မရှိသည့် ရတနာသစ်ရွက်ပန်းပွင့်ကို ကိုင်ထားသည်။ မန်ဟိုက ၄င်းနွမ်းဖတ်လုနီးပါးဖြစ်သည့်တိုင်အောင် ဓာတ်ကူလိုက်သည်။
၄င်းကို ဤအခြေအနေအထိ ဓာတ်ကူပြီး တခြားဆေးပင်အပေါ် ကိုင်းဆက်ကူးခြင်းဖြင့် အဆိပ်ကို ရှာဖွေမတွေ့ရှိနိုင်အောင် ဖန်တီးနိုင်သည်။
ဓာတ်ကူစွမ်းအား၊ ခရမ်းရောင်အလင်းက မန်ဟို၏လက်ဖဝါးမှ ဖြာထွက်လာသည်။ ရတနာသစ်ရွက်ပန်းပွင့်က ယိမ်းနွဲ့ပြီး ကြီးထွားလာသည်။ ဤအခိုက်အတန့်တွင် ရုတ်တရက် မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွား၏။ သူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်ကာ တောက်ပလာသည်။ သူသည် အသက်ပြင်းပြင်းရှူလာပြီး သူ၏စိတ်ထဲတွင် အတွေးများ လျှပ်စီးသဖွယ် ဖြတ်ပြေးသွားသည်။
၄င်းက ကျိုးကျဲ၊ ဟန်ပေ့နှင့် အရှေ့ဆေးဝါးအဖွဲ့ဖြင့် ပတ်သက်သော အတွေးတစ်ခုဖြစ်၏။
ထိုအတွေး ဖြတ်ပြေးသွားသည်နှင့်တစ်ပြိုင်နက် သူ့စိတ်ထဲ၌ ဧရာမလှိုင်းလုံးကြီးများ တဖွေးဖွေးလှုပ်လာသည့်အလားပင်။ သူ့၏အာရုံစူးစိုက်မှု ပျက်ပြားသွားပြီး သူ၏စိတ်ဝိညာဥ်စွမ်းအား မတည်မငြိမ်ဖြစ်လာသည်။ သူ့လက်ထဲရှိ အဖိုးထိုက် ရတနာသစ်ရွက်ပန်းပွင့်မှာ ရုတ်တရက် စတင်ပျက်စီးလာသည်။
ယခုအချိန်တွင် မန်ဟိုမှာ ရတနာသစ်ရွက်ပန်းပွင့်မည်မျှ တန်ဖိုးကြီးသည်လဲ ဂရုမစိုက်တော့ပေ။ သူ၏အသက်ရှူသံများ မြန်ဆန်လာပြီး သူ၏မျက်လုံးများ တလက်လက်တောက်ပလာသည်။ သူ့မှာ ဆေးဖော်စပ်နေသည်ကို မေ့ပြီး သူ့ခေါင်းထဲ၌ အပြည့်အဝနေရာယူလာသော အတွေးကို အာရုံစိုက်ရင်း ထရပ်လိုက်သည်။
မန်ဟိုက တစ်ယောက်တည်း ပွစိပွစိရေရွတ်နေ၏။ စကားတစ်ခွန်းစီတိုင်း သူ၏မျက်လုံးများ တောက်ပသထက် တောက်ပလာသည်။ "အရှေ့ဆေးဝါးအဖွဲ့...... ခရမ်းရောင်စိတ်ဆန္ဒမန္တန်...... ဓာတ်ကူစွမ်းအား.....အဲ့တာက ဆေးပင်တွေကို ရှင်သန်ကြီးထွားစေတယ်.... ဆေးဖော်စပ်ခြင်းကို အရှိန်မြှင့်ပေးတယ်.... မဟာမျိုးနွယ်ထဲက ဟန်မျိုးနွယ်စု.... ဟန်ပေ့.... အချိန်မွမ်းမံခြင်း..... အချိန်ရတနာကို သွန်းလုပ်တာ..... အချိန်ကို ပြောင်းလဲနိုင်တဲ့ တစ်ခုခု....... " ဤအခိုက်အတန့်တွင် သူ၏မျက်လုံးများကား နေမင်းကဲ့သို့ လင်းလက်တောက်ပနေပုံရသည်။ သူက ရုတ်တရက် ခေါင်းမော့ပြီး ပင့်သက်ရှိုက်လိုက်သည်။
"အရှေ့ဆေးဝါးအဖွဲ့ရဲ့ ခရမ်းရောင်စိတ်ဆန္ဒမန္တန်က ဟန်မျိုးနွယ်စုရဲ့ အချိန်မွမ်းမံခြင်းပညာရပ်ပဲ" မန်ဟိုက မြင့်မြတ်သော ရှေးဟောင်းနယ်မြေတွင် ဟန်ပေ့နှင့်အတူ ရရှိခဲ့သော အချိန်မွမ်းမံကျောက်စိမ်းစာရွက်ကို ထုတ်ရန် သိုလှောင်အိတ်ကို ပုတ်လိုက်သည်။
ဤသည်မှာ သူ ကျောက်စိမ်းပြားကို ပထမဆုံးအကြိမ် ဖတ်ဖူးခြင်းမဟုတ်ပေ။ ၄င်းက အချိန်ကို မည်သို့ ပြုပြင် မွမ်းမံပြီး အချိန်ရတနာ မည်သို့ သွန်းလုပ်ပုံနှင့် ပတ်သက်သည့် အချက်အလက်များ မှတ်တမ်းတင်ထားလေသည်။ မန်ဟိုမှာ ထိုကဲ့သို့ ရတနာမျိုးကို အသည်းအသန် ပိုင်ဆိုင်ချင်၏။
သို့သော် ဤသည်မှာ ကျောက်စိမ်းစာရွက်သုံးရွက်အနက် တစ်ရွက်သာ ရှိသေးသည်။ ပထမတစ်ရွက်မှာ မြင့်မြတ်သောနယ်မြေရှိ ဒယ်အိုးထဲတွင် ကျန်ခဲ့ပြီး ကျန်တစ်ရွက်ကို အသားဂျယ်လီက မြိုချပစ်ခဲ့သည်။ မန်ဟို့တွင် အချိန်ရတနာ ပြုလုပ်နည်း ပါဝင်သည့် တတိယမြောက်အရွက် ရှိသည်။ သို့သော် လုံလောက်သော အချိန်စွမ်းအား စုဆောင်းရန် နှစ်ရာပေါင်းများစွာ လိုအပ်မည်။ ထို့ကြောင့် မန်ဟို လက်လျှော့ခဲ့ခြင်းဖြစ်သည်။
၄င်းက အလွန်ကြာမြင့်လွန်းမည် ဖြစ်သည်။ ရတနာအား ထိုနည်းဖြင့် ပြုလုပ်ရန် သူ့အတွက် မဖြစ်နိုင်ပေ။ .
အချိန်များ တရွေ့ရွေ့ကုန်လွန်သွားပြီး မကြာခင် ညအချိန် ကျရောက်လာ၏။ လရောင်သည် မြေပြင်ကို လွှမ်းခြုံလျက်ရှိသည်။ မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းပြီး စိတ်တည်ငြိမ်အောင် လုပ်လိုက်သည်။ သူ၏မျက်လုံးများမှာ အလွန်အမင်း စူးရှတောက်ပနေ၏။
"ငါ ဒါကို စောစောထဲက တွေးခဲ့မိသင့်တယ်.... အချိန်မွမ်းမံခြင်း၊ ခရမ်းရောင်စိတ်ဆန္ဒဓာတ်ကူခြင်း...... နှစ်ခုလုံးက နတ်ဘုရားစွမ်းရည်တစ်မျိုးထဲပဲ။ သူတို့က အခြေခံအားဖြင့် တူညီတဲ့ မှော်စွမ်းအားရင်းမြစ်ကနေ ဖြစ်ပေါ်လာတဲ့ မှော်ကျင့်စဥ်တွေ ဖြစ်တယ်။ ဒီတတိယစာရွက်မှာ အချိန်သိုလှောင်ကျင့်စဥ်ကို ဖော်ပြထားတယ်။ အချိန်တစ်နှစ်စွမ်းအားကို ဆယ်နှစ်စီတိုင်းအတွက် လှောင်ထားနိုင်တယ်။ နှစ်ခြောက်ရာက နှစ်ခြောက်ဆယ်အချိန်အတွင်း ရှိနေမယ်။ အဲ့လိုဆိုရင် နှစ်ခြောက်ဆယ်စက်ဝန်းဆယ်ခုရဲ့ စွမ်းအားကို အားပျော့တဲ့ အချိန်ရတနာတစ်ခု ဖန်တီးဖို့ အသုံးပြုနိုင်တယ်" မန်ဟိုက သိုလှောင်အိတ်ကိုပုတ်၍ နွေဦးနှင့်ဆောင်းဦးသစ်ပင်ကို ထုတ်လိုက်သည်။.
"အသားဂျယ်လီ မြိုလိုက်တဲ့ ဒုတိယစာရွက် ဒါမှမဟုတ် မြင့်မြတ်သောနယ်မြေက ဒယ်အိုးထဲမှာ ရှိနေသေးတဲဲ့ ပထမစာရွက်မှာတောင် အရှေ့ဆေးဝါးအဖွဲ့ရဲ့ ခရမ်းရောင်စိတ်ဆန္ဒဓာတ်ကူခြင်းကျင့်စဥ်ရဲ့ မှတ်တမ်းရှိလောက်တယ်။ အချိန်ရတနာကို သွန်းလုပ်ဖို့ ခရမ်းရောင်စိတ်ဆန္ဒဓာတ်ကူခြင်းက သေချာပေါက် အရေးပါတယ်" သူသည် လင်းလက်တောက်ပနေသော မျက်လုံးများဖြင့် ကျောက်စိမ်းစာရွက်နှင့် နွေဦးနှင့်ဆောင်းဦးသစ်ပင်ကို ငုံ့ကြည့်လိုက်သည်။
"ဒါက သေချာပေါက် စမ်းကြည့်ရမယ့် တစ်ခုထဲသော နည်းလမ်းတစ်ခုပဲ" မန်ဟိုက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သူ့လက်ထဲ၌ ခရမ်းရောင်အလင်း ထွက်ပေါ်လာစေလိုက်သည်။ သူသည် ခရမ်းရောင်စိတ်ဆန္ဒမန္တန်၏ စွမ်းအားအပြည့်အဝ အသုံးချပြီး နွေဦးနှင့်ဆောင်းဦးသစ်ပင်ထဲသို့ ထည့်သွင်းနေသဖြင့် အာရုံစူးစိုက်ထားသော အရိပ်အယောင်တစ်ခုက သူ၏မျက်နှာကို ဖုံးလွှမ်းနေ၏။
အချိန်တို့ကုန်လွန်သွားသည်။ မကြာမီ နှစ်နာရီကြာခဲ့လေပြီ။ မန်ဟို မျက်မှောင်ကြုတ်နေ၏။ နွေဦးနှင့်ဆောင်းဦးသစ်ပင်မှာ ခရမ်းရောင်စိတ်ဆန္ဒမန္တန်၏ ဓာတ်ကူစွမ်းအားအလုံးစုံကို အသည်းအသန်စုပ်ယူနေသည့် တွင်းနက်ကြီးအလားပင်။ ကြည့်ရသရွေ့ နွေဦးနှင့်ဆောင်းဦးသစ်ပင်အပေါ် မည်သည့်သက်ရောက်မှုမှ ရှိပုံမပေါ်ပေ။
မန်ဟိုက တစ်ယောက်တည်း ရေရွတ်ပြီး ဟိုဟိုသည်သည် ကြည့်ရှုလိုက်သည်။ နောက်ဆုံး၌ သူသည် အေးစက်စက်နှာမှုတ်ပြီးနောက် သူ၏ဆေးပေါင်းဖိုဘုရင်တံဆိပ်ကို ထုတ်လိုက်သည်။ သူက ၄င်းကို ဖိလိုက်ရာ ခရမ်းရောင်အကာအကွယ်တစ်ခုသည် မန်ဟို့၏ နေအိမ်ကို ဝန်းရံရင်း ထွက်ပေါ်လာသည်။
ဤသည်မှာ ဆေးပေါင်ဖိုဘုရင်တံဆိပ်၏ လုပ်ဆောင်ချက်ဖြစ်သည်။ ၄င်းက စိတ်ဝိညာဥ်အာရုံကိုပင် တားဆီးပိတ်ဆို့နိုင်သော ဒိုင်းအကာအကွယ်ကို ဖန်တီးပေး၏။ ဤနည်းအားဖြင့် ဆေးပေါင်းဖိုဘုရင်များ ဆေးဖော်စပ်ချိန်၌ စောင့်ကြည့်ခြင်းမခံရနိုင်ပေ။
အရှေ့ဆေးဝါးအဖွဲ့အတွက် ထိုကဲ့သို့ပညာရပ်တစ်ခုကို ဖန်တီးတည်ဆောက်ရန် အရင်းအနှီးများစွာ ကုန်ကျလေသည်။ ယနေ့အထိ ဘယ်သူမှ ၄င်းကို မချိုးဖောက်ခဲ့ဖူးပေ။ ဆေးပေါင်းဖိုဘုရင်များသည် ၄င်းကို ဆေးဖော်စပ်တိုင်း အမြဲ အသုံးပြုလေ့မရှိချေ။ သို့သော် ၄င်းသည် ထိုးဖောက်၍မရသည့်အတောအတွင်း နာရီများစွာ ခံမည်ဖြစ်၏။
သို့သော် သိပ်ကြာလွန်းလျှင်တော့ စိတ်ဝိညာဥ်အာရုံ ထိုးဖောက်ဝင်ရောက်နိုင်သည်။
အကာအကွယ်နေရာချပြီးနောက် မန်ဟိုက သူ၏ကျင်ကြံခြင်းအခြေခံအား ကန့်သတ်ထားသည်ကို ဖယ်ရှားလိုက်သည်။ ချက်ချင်းပင် သူ၏ ပြီးပြည့်စုံသော တာအိုမဏ္ဍိုင်ခြောက်ခု၏ စွမ်းအားအပြည့်အဝထွက်ပေါ်လာသည်။
သူ့ပတ်လည်တွင် အကာအကွယ်က ခပ်ပျော့ပျော့အနွေးဓာတ်ဖြင့် တောက်ပနေရင်း အရာအားလုံးကို လွှမ်းခြုံပေးထားသည်။ တစ်ချိန်တည်းမှာပင် အသားဂျယ်လီ၏ အသွင်ပြောင်းစွမ်းအားများလည်း တစတစပျောက်ကွယ်လာသည်။ မန်ဟို၏ကျင့်ကြံခြင်းအခြေခံ စွမ်းအားကား ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲထွက်လာသည်။
သူသည် ဤသို့အချိန်အတော်ကြာ ထိန်းမထားနိုင်ကြောင်း သိ၏။ သူ့အနေဖြင့် လက်ရှိအခြေအနေတွင် မည်သည့်ပြဿနာကိုမှ မဖြစ်ပွားစေချင်ပေ။ ထို့ကြောင့် သူက ခရမ်းရောင်စိတ်ဆန္ဒမန္တန် စွမ်းအားအထွတ်အထိပ်ကို အသုံးပြုရင်း အားကုန်ထုတ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်း နွေဦးနှင့် ဆောင်းဦးသစ်ပင်သည် တဖြေးဖြေးအစိမ်းရောင်ပြောင်းလာသည်။ ရုတ်တရက် အညွန့်တစ်ခုထွက်လာ၏။
အညွန့်ထွက်လာသည်ကို ကြည့်ရင်း မန်ဟို၏မျက်လုံးများ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်သွားသည်။ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအား ချက်ချင်း ပျောက်ကွယ်သွား၏။ သူက ဘယ်လက်ကို မြှောက်ပြီး မုဒြာလက်ကွက်ဖော်လိုက်ရာ တစ္ဆေပုံရိပ်များ ထွက်ပေါ်လာသည်။ သူက ချက်ချင်းပင် နွေဦးနှင့်ဆောင်းဦးသစ်ပင်အပေါ်သို့ သိုလှောင် တံဆိပ်ဆယ်ခု ရိုက်ချလိုက်သည်။
ဤ သိုလှောင်မန္တန်ဆယ်ခုကား အချိန်သိုလှောင်မှော်ပညာရပ်က လွဲ၍တခြားမဟုတ်ပေ။
သိုလှောင်စွမ်းအားကြောင့် နွေဦးနှင့်ဆောင်းဦးဝိညာဥ်တုန်ခါလာပြီးနောက် တဖြေးဖြေး ပုံမှန်အခြေအနေပြန်ရောက်သွားသည်။ သို့သော် အပင်နှင့်ပတ်သက်၍ တစ်ခုခုက ယခင်နှင့်မတူတော့ကြောင်း မန်ဟို ပြတ်ပြတ်သားသားပြောနိုင်သည်။ ၄င်းမှာ ပို၍အလုံးတုတ်ပြီး လေးလံလာ၏။ အတွင်းထဲ၌ အချိန်ချီဟုထင်ရသော အတွေ့အထိတစ်ခုရှိသည်။
"အလုပ်ဖြစ်တယ်ဟ" သူက မျက်လုံးများ တောက်ပလင်းလက်နေလျက် သစ်ပင်ကိုသိမ်းပြီး ဆေးပေါင်းဖိုဘုရင်တံဆိပ်မှ ထုတ်လွှတ်နေသည့် ခရမ်းရောင်အကာအကွယ်ကို ပျောက်ကွယ်စေလိုက်သည်။
"ကံဆိုးစွာနဲ့ ငါ့ကျင့်ကြံခြင်းအခြေရဲ့ စွမ်းအားအပြည့်အဝ အသုံးပြုဖို့ မသင့်တော်ဘူး။ ငါ ချင်းလော်ဂိုဏ်းက ထွက်တာနဲ့တစ်ပြိုင်နက် နည်းနည်းပါးပါးစမ်းသပ်ပြီး နွေဦးနဲ့ဆောင်းဦးသစ်ပင်ထဲ အချိန်ဘယ်လောက် ထည့်နိုင်မလဲကြည့်ရမယ်" သူက တဒိတ်ဒိတ်ခုန်နေသော နှလုံးသား တည်ငြိမ်အောင် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။ သူသည် အချိန်ရတနာအကြောင်းကို နှစ်နှင့်ချီ စဥ်းစားခဲ့လေသည်။ သို့သော် ယခု သူ့၌ အချိန်ရတနာဖန်တီးခြင်းအား ဆက်လက်အထောက်အကူဖြစ်စေနိုင်သော နည်းလမ်းတစ်ခု ရှိလေပြီ။ သူ့အတွက် ထိုသို့ပြုလုပ်ရန် သိပ်ကြာမည်မဟုတ်သည့်အပြင် နှစ်ခြောက်ဆယ်အချိန်စက်ဝန်းအပြည့် ပါဝင်သည့် ရတနာတစ်ခုကိုလည်း ရရှိမည်ဖြစ်ကြောင်း ယုံကြည်ချက်ရှိသည်။
သူသည် ထိုရတနာ၌ မည်သည့်အစွမ်းရှိနိုင်ကြောင်း အတိအကျမသိသော်လည်း စမ်းကြည့်ရန် အလွန်စိတ်အားထက်သန်နေ၏။ ဟန်မျိုးနွယ်စု နတ်ဘုရားစွမ်းရည်မှ ဖန်တီးထားခြင်းဖြစ်စေ၊ အရှေ့ဆေးဝါးအဖွဲ့၏ ခရမ်းရောင်စိတ်ဆန္ဒမန္တန်မှ ဖန်တီးထားခြင်းဖြစ်စေ ထိုရတနာအား စိတ်ပျက်ရမည်မဟုတ်ကြောင်း သူသေချာသိသည်။
***