← Chapters

ပြန်လည်သင့်မြတ်ခြင်း

Vol. 18 Ch. 249

ပြန်လည်သင့်မြတ်ခြင်း

Vol. 18 Ch. 249

"အင်း ချင်းလော်ဂိုဏ်းကို ထွက်လာရတာတော့ အလကား မဖြစ်ဘူးပဲ" မန်ဟိုက နွေဦးနှင့်ဆောင်းဦးသစ်ပင်ကို သိမ်းပြီး ပြုံးလိုက်သည်။ သို့သော် သူ၏မျက်လုံးထဲတွင် သံသယအနည်းငယ် ရိပ်ခနဲဖြတ်ပြေးသွားသည်။

"ဟန်ပေ့နဲ့ အရှေ့ဆေးဝါးအဖွဲ့ကြားမှာ နက်ရှိုင်းတဲ့ပတ်သက်မှုတစ်ခု ရှိပုံရတယ်။ ဘာလျှို့ဝှက်ချက်တွေများ ရှိနေမလဲမသိဘူး......" သူသည် ထိုအကြောင်း အတန်ငယ် ထပ်တွေးကြည့်ပြီးနောက် ခေါင်းထဲက ထုတ်လိုက်သည်။ အပြင်ဘက်တွင် မိုးသောက်နေ၏ လင်းရောင်ခြည်သို့ နောက်တစ်ဖန် ပြည့်နှက်နေလေပြီ။

"ကျိုးကျဲတစ်ယောက် ဘယ်လိုကြောင့်များ ရူးသွားတာလဲ။ ပထမတစ်ခေါက် သူနဲ့ တွေ့ခဲ့တုန်းကလဲ တစ်ခုခုမူမမှန်ဘူး... ခန္ဓာကိုယ်ကို ဝင်စီးထားတဲ့ လေလွင့်ဝိညာဥ်တွေက တမလွန်ဘဝကနေ ပြန်လာတယ်တဲ့လား....." မန်ဟို အတွေးထဲ တခဏနစ်မြောနေပြီးနောက် ခေါင်းထောင်၍ အပြင်သို့ ကြည့်လိုက်သည်။

အချိန်အနည်းငယ်ကြာသော် ရိုသေလေးစားခြင်းတို့ ပြည့်နှက်နေသော အသံတစ်သံ အပြင်ဘက်မှ ကြားလိုက်ရ၏။ "မဟာအကြီးအကဲဖန်၊ ကမ္ဘာဆေးဝါးအဖွဲ့ရဲ့ မဟာအကြီးအကဲချိန် ဒီနေ့ ဆေးဝါးပညာအတန်းပို့ချမှာပါ။ လူကြီးမင်း တက်ရောက်မှာပါလား"

မန်ဟို ခဏ စဥ်းစားလိုက်သည်။ ကမ္ဘာဆေးဝါးအဖွဲ့မှ ဆေးဝါးပညာရှင်များ ဆေးဝါးတာအိုကို မည်သို့ သိမြင်နားလည်ကြောင်း သူ သိချင်မိလေသည်။ ထို့ကြောင့် ထရပ်ပြီး ချင်းလော်ဂိုဏ်းသားထံ လျှောက်သွားလိုက်သည်။ သူတို့နှစ်ယောက်သား အနက်ရောင်ကြိုဆိုခြင်းတောင်ထိပ်မှ အတူတူဆင်းလာခဲ့ကြသည်။

ဆေးဝါးပညာအတန်းပို့ချသည့်နေရာမှာ ချင်းလော်ဂိုဏ်း၏ (၅၇) လုံးမြောက် တောင် ဖြစ်သည်။ ဤတောင်တွင် တောင်ထိပ်မရှိပေ။ ၄င်း၏ထိပ်သည် ပရိသတ် တစ်သိန်းဆန့် ထိုင်ခုံများ ဝန်းရံထားသော ဧရာမပြည်သူ့ရင်ပြင်ကြီးတစ်ခု ဖန်တီးရန် ဖြတ်တောက်ခံထားရလေသည်။

မန်ဟို ရောက်လာသည့်အချိန်တွင် ချင်းလော်ဂိုဏ်းသားနှစ်သောင်းကျော် ရောက်ရှိနေပြီဖြစ်သည်။ သူတို့သည် စဦးချီဖွဲ့စည်းမှု၊ ချီအခြေတည်အဆင့်နှင့် အမြုတေဖြစ်တည်မှုအဆင့်တို့အစုံအလင်ပါဝင်ကာ ဟောပြောရာ စင်မြင့်၏ပတ်ပတ်လည်တွင် ထိုင်နေကြသည်။

ကမ္ဘာဆေးဝါးအဖွဲ့မှ ချန်ကျားရှီနှင့် လီရီမင်းက ဟောပြောစင်ထိပ်တွင် တင်ပျဥ်ခွေထိုင်နေ၏။

အံ့ဖွယ်ကောင်းစွာ ခပ်လှမ်းလှမ်းရှိ စားပွဲခုံသုံးခုံအနက် တစ်ခုံ၏အနောက်၌ ခေါင်းဆောင်ကြီးဇီလော် ထိုင်နေသည်။ သူ့ဘေးတွင် လှပသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက် ရှိ၏။ သူမမှာ ထိုနှစ်က မှီခိုရာဂိုဏ်းမှ အစ်မရှုကို ခေါ်ဆောင်သွားခဲ့သော အမျိုးသမီးပင်ဖြစ်ကြောင်း မန်ဟို မှတ်မိလိုက်သည်။

သုံးခုံမြောက်စားပွဲတွင် လျှပ်စီးသဖွယ် မျက်လုံးများ တဖျပ်ဖျပ်လက်နေသော မျက်နှာနီနီအဘိုးကြီးတစ်ယောက် ထိုင်နေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်မှာ နားလည်ရခက်သော်လည်း မန်ဟို့အမြင်အရ သူသည် ခေါင်းဆောင်ကြီးဇီလော်ထက် အနည်းငယ်ပို၍ အစွမ်းထက်ဟန်တူသည်။

အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူသုံးဦး ရောက်ရှိနေခြင်းက ဤဆေးဝါးပညာပို့ချမှုအား အထူးသဖြင့် ထိပ်တန်းအဆင့်ဖြစ်သွားစေလိမ့်မည်။ စားပွဲသုံးခုံအရှေ့ မလှမ်းမကမ်း တစ်နေရာတွင် လောလောဆယ် ချန်ကျားရှီနှင့် လီရီမင်းအား ခက်ခက်ထန်ထန်ကြည့်နေသော ကျိုးဒယ်ခွန် ထိုင်နေသည်။

မန်ဟိုက လျှောက်သွားပြီး ခပ်တည်တည်ဖြင့် သူ့ဘေး၌ ထိုင်ချလိုက်သည်။

ကျိုးဒယ်ခွန်က မန်ဟို့ကို ဘဝင်မကျဖြစ်နေမှုအား လျစ်လျူရှုထားဟန်ဖြင့် ပြောသည်။ "ဒီနှစ်ယောက်က သိပ်မောက်မာလွန်းတယ်။ မနေ့က သူတို့ ငါ့ဆီ လာနှုတ်ဆက်သလိုလိုနဲ့ ရောက်လာသေးတယ်။ တကယ်တော့ သူတို့စကားတွေက သိပ်အထက်စီးဆန်နေတာသိလား။ ကြည့်ရတာ ကမ္ဘာဆေးဝါးအဖွဲ့က အရှေ့ဆေးဝါးအဖွဲ့ထက်သာတယ်လို့ ယုံကြည်နေပုံပဲ" သူသည် ကမ္ဘာဆေးဝါးအဖွဲ့မှ ဆေးဝါးပညာရှင်နှစ်ယောက်ကို အမှန်တကယ် မုန်းတီးနေဟန်တူသည်။ ထို့အပြင် မန်ဟိုက ဂိုဏ်းတူညီအစ်ကိုဖြစ်သည်။ သူတို့နှစ်ယောက်ကြား၌ ကတောက်ကဆဖြစ်ခဲ့သော်လည်း ယခု အပြင်လောကတွင် ဖြစ်ရာ တစ်ယောက်နှင့်တစ်ယောက် ရင်းရင်းနှီးနှီးရှိရပေမည်။

မန်ဟို ထိုင်လိုက်ရုံသာ ရှိသေးသည်၊ ကျိုးဒယ်အိုက အံတကြိတ်ကြိတ်နှင့် ဆက်ပြောပြန်သည်။ "ချင်းလော်ဂိုဏ်းက သူတို့ရဲ့ဆေးဝါးပညာရှင်တွေကို ကူညီလေ့ကျင့်ဖို့ တခြားဂိုဏ်းနှစ်ဂိုဏ်းက ဆေးဝါးပညာရှင်တွေကို ဖိတ်ခေါ်ခဲ့တာ။ ဒါမဲ့ ငါတို့ကို အရင်ပို့ချခိုင်းရမယ့်အစား ကမ္ဘာဆေးဝါးအဖွဲ့ကို အရင်ပြောခိုင်းတယ်။ ဒါ စော်ကားတာပဲ

"ငါတို့နှစ်ယောက် သတိထားဖို့လိုတယ်။ ကမ္ဘာဆေးဝါးအဖွဲ့မှာ သေချာပေါက် မကောင်းတဲ့ရည်ရွယ်ချက်တွေရှိတယ်။ သူတို့က ငါတို့ကို သက်သက်မဲ့ အရှက်ခွဲချင်နေတာ။ အဲ့လိုသာဖြစ်လို့ကတော့ ငါတို့ ဂိုဏ်းပြန်ရောက်ရင် မျက်နှာတော်တော်ပျက်ရမှာပဲ" ကျိုးဒယ်ခွန်က အံကြိတ်ပြီး ချန်နှင့်လီကို မမှိတ်မသုတ်စိုက်ကြည့်နေသည်။ "ငါက မင်းထက်တော့ နည်းနည်းတော်သေးတယ်" သူက ဆက်ပြောသည်။ "မင်း ဆေးဖော်တာမှာ ဂရုစိုက်ဖို့လိုတယ်။ အီး....ကောင်းပြီကွာ နားထောင်။ နောက်ရက်တွေ မင်းဆေးဖော်စပ်ရင်း ပြဿနာတစ်ခုခုရှိရင် ငါ့ကို ချက်ချင်းလာရှာ ဟုတ်ပြီလား။ ငါ မင်းဘာမေးမေး ဖြေနိုင်တယ်။ မင်း တတ်နိုင်သမျှ မြန်မြန် သွားနိုင်အောင် ငါ အစွမ်းကုန်ကူညီပေးမယ်"

မန်ဟို ပြုံးလိုက်သည်။ သူတို့နှစ်ယောက်ကြား၌ ကတောက်ကဆဖြစ်ခဲ့သော်လည်း ယခုတလော သူတို့နှစ်ယောက် အချိန်အတူကုန်ဆုံးရင်း ထိုလူ့ကြောင့် သိပ်စိတ်ဆိုးစရာအကြောင်းပြချက်မရှိကြောင်း သူ သဘောပေါက်လာသည်။ သူက ခပ်ပြုံးပြုံးဖြင့် ခေါင်းခါလိုက်သည်။ "ကျုပ် အမှားလုပ်မိမယ် မထင်ဘူး ။ စိတ်မပူပါနဲ့"

"မင်း.... အီး..... ဖန်မု၊ ငါတို့မှာ မတူညီတာတွေရှိတယ်။ သေးသေးကြီးကြီး တကယ်အရေးမကြီးဘူး။ အခု ကမ္ဘာဆေးဝါးအဖွဲ့က ငါတို့ကို ရန်စဖို့ ကြိုးစားနေတယ်။ ငါတို့က ဒီကို အရှေ့ဆေးဝါးအဖွဲ့ကို ကိုယ်စားပြုဖို့ရောက်လာတာပဲ" သူက မန်ဟို့ကို လှည့်ကြည့်သည်။ ထို့နောက် သက်ပြင်းချရင်း သိုလှောင်အိတ်ကို ပုတ်ကာ ကျောက်စိမ်းပြားတစ်ပြားထုတ်၍ လှမ်းပေးလိုက်သည်။  "ငါ မနေ့ညက ဒါကို မင်းအတွက်ပြင်ဆင်ထားတာ။ ဒါက ငါ နှစ်ရာပေါင်းများစွာ ဆေးဝါးတာအိုကို ကျင့်ကြံခဲ့တဲ့အပေါ် အခြေခံပြီး စုဆောင်းထားတဲ့ အချက်အလက်တွေပဲ။ ငါ့အသိအမြင်၊ အတွေ့အကြုံတွေအားလုံး အဲ့မှာ အတူတူစုစည်းပေးထားတယ်။ သေသေချာချာကြည့်လိုက်၊ ငါတို့ အတည်ပြုပြီး အချက်အလက်တွေကို အတူတူ စမ်းသပ်နိုင်တယ်။ ဒါက မင်းရဲ့ ဆေးဝါးတာအိုအသိကို တိုးတက်စေလိမ့်မယ်ဆိုတာ သေချာတယ်"

မန်ဟို တခဏ တအံ့တသြ ငေးကြည့်နေမိသည်။ သူက ကျောက်စိမ်းပြားကို လက်ခံပြီး ၄င်းကို စိတ်ဝိညာဥ်အာရုံဖြင့် စစ်ဆေးကြည့်ရှုလိုက်၏။ သူသည် ၄င်းကို အချိန်အတော်ကြာ တိတ်ဆိတ်စွာ လေ့လာပြီးနောက်ဆုံး ကျိုးဒယ်ခွန်ကို ပြန်ကြည့်လိုက်သည်။ အတွင်းရှိ အချက်အလက်များကား အစစ်အမှန်ဖြစ်လေသည်။ ၄င်းတွင် ဇီယွင်ဂိုဏ်း၏ ဝါအရင့်ဆုံး ဆေးပေါင်းဖိုဘုရင်များထဲက တစ်ယောက်၏ အတွေ့အကြုံများအားလုံး ပါရှိသည်။ ထိုအချက်အလက်များမှာ မယုံနိုင်လောက်အောင် တန်ဖိုးကြီးလေသည်။

မန်ဟိုမှာ ကျောက်စိမ်းပြားကို လေ့လာပြီးနောက် အရင်က သူ မဆင်မခြင်လုပ်ခဲ့မိသည်ဟု သိလိုက်သည်။ မည်သည့်ဆေးပေါင်းဖိုမဆို လေးစားခံထိုက်ပြီး ပညာရယူနိုင်သည်။ ကျိုးဒယ်ခွန်၏ တွေးပုံတွေးနည်းမှာ ဘောင်ကျဥ်းသော်လည်း သူ၏ အသေးစိတ်ကျသော ဆေးဝါးပညာအသိကား အထွတ်အထိပ်ရောက်နေခဲ့လေပြီ။

ထိုသို့အသေးစိတ်ကျခြင်းက ဆေးဖော်စပ်ခြင်း၏ အောင်မြင်မှုနှုန်းကို သက်ရောက်မှုရှိသည်။ မန်ဟိုသည် ဆေးဝါးတာအို၌ ကျိုးဒယ်ခွန်ထက် ပါရမီရှိပြီး ပို၍ နက်နဲသောအသိအမြင် ရှိကောင်းရှိနိုင်သည်။ သို့သော် ဆေးဖော်စပ်ရာတွင် သူ၏အောင်မြင်မှုနှုန်းမှာ ဆယ်သုတ်တွင် သုံးလေးသုတ်ခန့်သာ ရှိလေသည်။

သို့သော် ကျောက်စိမ်းပြားမှ ကျိုးဒယ်ခွန်၏ အောင်မြင်မှုနှုန်းမှာ ဆယ်သုတ်လျှင် ရှစ်သုတ်ခန့်ရှိကြောင်း မန်ဟို မြင်ရ၏။

"ကျေးဇူးအများကြီးတင်ပါတယ် မဟာအကြီးအကဲကျိုး" မန်ဟိုက တည်ကြည်လေးနက်သော အမူအရာဖြင့် လက်ယှက်ပြီး ကျိုးဒယ်ခွန်ကို လေးလေးးစားစား ဦးညွတ်အရိုအသေပေးလိုက်သည်။ ကျောက်စိမ်းပြားက သူ့အတွက် နည်းနည်းနောနောအကူအညီမဟုတ်ပေ။

"မလိုဘူး ရတယ်" ကျိုးဒယ်ခွန်က ပြောသည်။ သို့သော် သူ၏ မျက်နှာထားက သူမည်မျှကျေနပ်နေကြောင်း မဖုံးဖိနိုင်ပေ။ သူ့စိတ်ထဲတွင်လည်း ဤသို့ တွေးနေ၏။ "ဒီကလေး အစဥ်အလာအတိုင်းမဟုတ်တဲ့နည်းနဲ့ ဆေးပေါင်းဖိုဘုရင်ဖြစ်လာခဲ့ပေမယ့် သိပ်ဆိုးပုံမပေါ်ဘူး။ ငါ ဂိုဏ်းပြန်ရောက်ရင် တခြားဆေးပေါင်းဖိုဘုရင်တွေနဲ့ ဆွေးနွေးပြီး သူ့ဂုဏ်သတင်းမြှင့်ပေးနိုင်မလား ကြည့်ရမယ်" သူက လည်ချောင်းရှင်းပြီးနောက် သူ့ကို ဆက်တိုက် ဦးနှောက်ခြောက်နေစေခဲ့သော တစ်စုံတခုကို ထုတ်ပြောလိုက်သည်။ "ငါ အခုရက်ပိုင်း အဲ့နေ့က မင်းချိုင့်ဝှမ်းထဲမှာ ပြောခဲ့တဲ့အကြောင်း  စဥ်းစားနေတာ။ အမှန်တော့ တချို့တဝက်က တကယ် အကျိုးအကြောင်းဆီလျော်တယ်....ငါ မင်းကို မေးချင်နေတဲ့တစ်ခုလဲ ရှိတယ်။ အဲ့နေ့က ငါ ခုနစ်မြွှာသစ်ရွက်ကို ကိုင်ထားတာ တကယ်သေချာတယ်။ ငါအမှားလုပ်ခဲ့တယ်လဲ မထင်ဘူး။ ဒါပေမယ့် သစ်ရွက်တွေက နေဝင်ချိန်မှာ အရောင်တောက်သင့်တာလဲ ငါသိတယ်။ ငါ......"

မန်ဟိုက ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။ သူက ချောင်းဟန့်ပြီး စကားလမ်းကြောင်းလွှဲလိုက်၏။

မန်ဟို ထိုအကြောင်း ပြောချင်ပုံမရလျှင် ကျိုးဒယ်ခွန်အနေဖြင့် ဖိအားပေးမည်မဟုတ်ပေ။ သို့သော် သူ၏ ဆေးဝါးတာအိုအသိအရ သူ့တွင် အယူတဆတချို့ ရှိနေပြီးဖြစ်သည်။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးမှာ ပြုပြင်ဆဲဖြစ်သည့်အတွက် ထပ်မံပြဿနာမဖြစ်လိုပေ။ သူတို့နှစ်ယောက်သား ဆေးဝါးတာအိုအကြောင်း ဆွေးနွေးပြီး နှစ်ယောက်လုံး အမြတ်ထွက်နေလေသည်။ အမှန်တွင် ဆေးဝါးပညာအတန်း စတင်ပို့ချသောအခါ သူတို့ အာရုံတစ်စက်မှ မရှိကြပေ။ ချန်နှင့်လီတို့၏ အသံများ ဟောပြောစင်မှ ပျံလွင့်လာစဥ် ထိုလူနှစ်ယောက်က မန်ဟိုနှင့် ကျိုးဒယ်ခွန်ကို စိန်းစိန်းဝါးဝါး ငုံကြည့်နေသဖြင့် အသံများကား မကြာခဏ မကျေနပ်သံများ စွက်ဖက်နေတတ်သည်။

စိတ်ထဲတွင် ချန်နှင့် လီသည် အရှေ့ဆေးဝါးအဖွဲ့၏ အရေးမထားမှုအပေါ် အေးစက်စက်ရယ်နေသည်။ သို့သော် သူတို့မှာ ပေါ်တင်ထုတ်ပြောနိုင်သည့် နေရာတွင်မဟုတ်ပေ။ မန်ဟိုနှင့် ကျိုးဒယ်ခွန်မှာတော့ ဆက်လက်ဆွေးနွေးရင်း အချိန်နှင့်အမျှ အကျိုးကျေးဇူးခံစားနေရလေသည်။

ကျိုးဒယ်ခွန်၏ မျက်လုံးများသည် လေးစားမှုဖြင့် တစတစ ပြည့်နှက်လာသည်။ ဆေးဝါးတာအိုနှင့်စပ်လျဥ်းသော အတွေးအမြင်ကွဲပြားမှုများကို တည်တည်ငြိမ်ငြိမ် ပြောဆိုနိုင်ခြင်းက သူ့ကို တဖြေးဖြေး ဉာဏ်အလင်းအသစ်ပွင့်လာစေသည်။

မန်ဟိုမှာမူ တချို့အသေးစိတ်အကြောင်းအရာများအပေါ် သူ၏သဘောပေါက်နားလည်မှုမှာ မလုံလောက်သည်ကို သိရှိလာသည်။ ကျိုးဒယ်ခွန်ထံမှ အကြံဉာဏ်များ ရပြီးနောက် တိုးတက်မှုအနည်းငယ်ရှိကြောင်း သူပြောနိုင်၏။

လူအိုတစ်ယောက်၊ လူငယ်တစ်ယောက်၊ ကိစ္စရေးရာများအား စိတ်အားထက်သန်စွာ ဆွေးနွေးနေသည်။ နောက်ဆုံး၌ ကျိုးဒယ်ခွန်သည် စားပွဲကို ရိုက်ချပြီးနောက် နှစ်ထောင်အားရ ချီးကျူးလိုက်သည်။ ထိုအပြူအမူက အတန်ငယ်ပိုလွန်းရာ မန်ဟို့ကို ရယ်လိုက်မိစေသည်။ ဤသည်မှာ သူ့အတွက်လည်း ဆူဆူညံညံလုပ်ရန် အခွင့်ကောင်းဟု ဆုံးဖြတ်ချက်ချလိုက်ပြီး စားပွဲကို လက်ဝါးဖြင့်ရိုက်ကာ ချီးကျူးလိုက်သည်။

ဤအခြင်းအရာက ချန်နှင့်လီကို အေးစက်စက်အကြည့်ချင်း ဖလှယ်လိုက်စေသည်။ ထို့နောက် သူတို့၏မျက်နှာပေါ်တွင် ယုတ်မာသောအပြုံးများ ဖြစ်ထွန်းလာ၏။ အမှန်တွင် သူတို့သည်  ချင်းလော်ဂိုဏ်းသို့ အလည်လာခြင်းကို အခွင့်အရေးအဖြစ် အသုံးချကာ အရှေ့ဆေးဝါးအဖွဲ့ကို ခြိမ်းခြောက်ပြီး အရှက်ခွဲဖို့ အချိန်အတော်ကြာကြာကတည်းက ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။

သူတို့က ဆေးဝါးပညာ ပို့ချခြင်းဖြင့် မဟုတ်ဘဲ ဆေးဖော်စပ်ခြင်းဖြင့် ထိုသို့ပြုလုပ်ရန် ကြံစည်ထားကြ၏။ ဤနည်းဖြင့် တောင်ပိုင်းဒေသတစ်ခွင်လုံး သတင်းပြန့်သွားပြီး သူတို့နှစ်ယောက် ချက်ချင်း ထင်ရှားကျော်ကြားကာ ပြောင်မြောက်သော ဂုဏ်သတင်းများ ရရှိမည်ဖြစ်သည်။

ထို့ကြောင့် သူတို့ နှုတ်ထိန်းထားကြသည်။ သူတို့၏ပို့ချမှုမှာ နှစ်ရက်ကြာပြီး တစ်ယောက်တလေပင် ထွက်သွားခြင်းမရှိခဲ့ပေ။ သို့သော် ပို့ချနေသည့်သင်တန်းတစ်လျှောက် ပရိသတ်များမှာ တဖြေးဖြေး နှစ်ဖွဲ့ကွဲလာ၏။ မန်ဟိုနှင့် ကျိုးဒယ်ခွန်၏ ဆွေးနွေးပွဲကို နားထောင်ရန် ဝိုင်းအုံလာသူများ တစတစများပြားလာလေသည်။ သူတို့မှာ အများစုကို နားလည်သော်လည်း ပြောသမျှအကုန်လုံးတော့ မဟုတ်ပေ။

ဤသည်မှာ ကျိုးဒယ်ခွန်၏ အကြံအစည်ဖြစ်ရာ သူ့မှာ အတော်လေးကျေနပ်နေ၏။

ချန်ကျားရှီ၏ မျက်လုံးများ ကြောက်စရာကောင်းလာသည်။ နောက်ဆုံး၌ သူသည် အတန်းကို အဆုံးသတ်ပြီး ကျိုးဒယ်ခွန်နှင့် မန်ဟို့ကို စိန်းစိန်းဝါးဝါး လှည့်ကြည့်လိုက်သည်။ သူက တင်းမာခက်ထန်သော လေသံဖြင့် ပြောသည်။ "ခင်ဗျားတို့နှစ်ယေ က် နှစ်ရက်တောင် စကားတွေပြောနေတာပါလား။ ကဲ အခု အရှေ့ဆေးဝါးအဖွဲ့အတွက် ပို့ချချိန်ပဲ။ ခင်ဗျားတို့ရဲ့ ဆေးဝါးတာအိုအပေါ် သဘောပေါက်နားလည်မှုကို နားထောင်ဖို့ ကျုပ် သိပ်စိတ်ဝင်စားမိတယ်"

သူ့ဘေးတွင် လီရီမင်း၏ မျက်နှာကား မနှစ်မြို့မှုများဖြင့် ပြည့်နေသည်။ သူက မခိုးမခန့်ရယ်ပြီး ပြောသည်။ "ဟုတ်တယ်။ အရှေ့ဆေးဝါးအဖွဲ့က တောင်ပိုင်းဒေသမှာ ဆေးဝါးတာအိုရဲ့ထိပ်ဆုံးအဆင့်ကို သိမ်းပိုက်ထားတာလေ။ သိပ်ကြီးကျယ်တဲ့ခင်ဗျားတို့ဂိုဏ်းရဲ့ ဆေးဝါးတာအိုသဘောတရားတွေကို ကျုပ် အရမ်းသိချင်တယ်။ အဲ့တာနဲ့ပတ်သက်ပြီး ဘာတွေက အံ့သြစရာကောင်းနေတာလဲဟင်"

မန်ဟို မဆိုစလောက် မျက်မှောင်ကြုတ်သွားသည်။ ပထမက သူနှင့် ကျိုးဒယ်ခွန်သည် ဆေးဝါးတာအို၏ အရေးပါသော အသိအမြင်ဗဟုသုတများကို အမှန်တကယ် ဖလှယ်ခဲ့ကြသည်။ သို့သော် သူတို့နှစ်ယောက် ဟန်ဆောင်နေခဲ့သည့်အချိန်က ပိုများလေသည်။ သို့ဖြစ်၍ သူသည် ကမ္ဘာဆေးဝါးအဖွဲ့၏ ဆေးဝါးတာအိုသဘောတရားတချို့ကို နားထောင်နိုင်ခဲ့၏။ သူတို့တွင် ပြိုင်ဘက်ကင်း အမြင်ရှုထောင့်တချို့ အမှန်စင်စစ်ရှိပြီး အတော်များများက ကျိုးကြောင်းညီညွတ်လေသည်။

ကျိုးဒယ်ခွန်က ထရပ်ပြီး အေးစက်စက်နှာမှုတ်ကာ ဟောပြောစင်မြင့်ထံ တက်သွားသည်။ သူလည်း ကမ္ဘာဆေးဝါးအဖွဲ့၏ပို့ချချက်မှ ထူးခြားသော အခန်းကဏ္ဍတချို့ကို သတိထားမိခဲ့သည်။ ဤခရီးစဥ်အတောအတွင်း ချင်းလော်ဂိုဏ်းအတွက် တာဝန်ပေးအပ်ထားသော ကထိက တစ်ယောက်အနေဖြင့် သူသည် နောက်တွန့်မည်မဟုတ်ပေ။ မန်ဟိုနှင့် စကားပြောခြင်ကြောင့် သူ၏အသိအမြင်များ ထက်မြက်သွားသည့်အလား သူခံစားနေရသည်။ ယခုတွင် သူသည် အမှားအယွင်းမဖြစအောင် ဘာမဆို လုပ်မည်ဖြစ်သည်။

"ဆေးဝါးတာအို ရဲ့ ကြီးမြတ်တဲ့လမ်းစဥ်မှာ အပင်နဲ့အသီးအရွက်မျိုးကွဲတွေအပေါ် အထူးအာရုံစိုက်ရမယ်။ နှလုံးသားထဲအထိ မှတ်သားထားရမယ်။ အဲ့အရာတွေက အန္တိမအမှန်တရားကို ဖြစ်ပေါ်စေတယ်။ ဒါကြောင့် ဆေးဝါးတာအိုက အဆုံးမရှိဘူး။ တာအိုရောင်ရင်းတို့၊ ဒီနေ့ ကျုပ် ကျိုးဒယ်ခွန် အပင်နဲ့အသီးအရွက်မျိုးကွဲတွေရဲ့ တတိယအဆင့် နယ်ပယ်အကြောင်း အကျယ်တဝင့်ရှင်းပြပေးမှာပါ" ကျိုးဒယ်ခွန်သည် သူ့ကိုယ်သူ စဥ်းစားချိန်ပေးရန် တတ်နိုင်သမျှ အချိန်ဆွဲချင်နေကြောင်း သိသာသည်။

သို့သော် သူ ဆက်မပြောနိုင်ခင် ချန်ကျားရှီထံမှ အေးစက်စက်ရယ်သံ ထွက်လာသည်။

"အဲ့လိုစကားမျိုး ကျုပ် ပထမဆုံးအကြိမ် ကြားဖူးတာပဲ" သူကပြောသည်။ "မဟာအကြီးအကဲကျိုး၊ ခင်ဗျားက ဆေးဝါးတာအိုဟာ အပင်နဲ့အသီးအရွက်တွေကို နှလုံးသားးထဲထိ မှတ်သားတာလို့ဆိုတယ်။ အဲ့တာက အခြေခံအမှန်တရားကို ဦးတည်တယ်ဆိုပဲ။ ဒါဆို ကျုပ် ခင်ဗျားကို မေးချင်တယ်။ ခင်ဗျားဆိုလိုတဲ့ အဲ့ဒီ အခြေခံအမှန်တရားဆိုတာ ဘာလဲ" သူက လက်ဝါးဖြင့် စားပွဲအပေါ်သို့ ရိုက်ချလိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှ အားဖြည့်ပေးထားသော အသံ ပဲ့တင်ထပ်သွားပြီး အထက်စီးဆန်သောအရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ သူက ကျိုးဒယ်ခွန်ကို စိုက်ကြည့်လိုက်သည်။

ဝန်းရံနေကြသော ကျင့်ကြံသူများ၏မျက်နှာပေါ်တွင် ထူးဆန်းသောအရိပ်အယောင်များ ပေါ်ပေါက်လာသည်။ အရာအားလုံး တိတ်ဆိတ်သွား၏။ ခေါင်းဆောင်ကြီးဇီလော်နှင့် အခြားအနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူနှစ်ယောက်ကား ကြားဝင်စွက်ဖက်ခြင်းမရှိပေ။ အရှေ့ဆေးဝါးအဖွဲ့နှင့် ကမ္ဘာဆေးဝါးအဖွဲ့၏ ကွဲပြားသောအယူအဆများကား ထင်ရှားပေါ်လွင်လာခဲ့လေပြီ။

***

All Chapters