သမုဒ္ဒရာကမ္ဘာသို့ နောက်တစ်ကြိမ်
Vol. 44 Ch. 611
အခန်း (၆၁၁) သမုဒ္ဒရာကမ္ဘာသို့ နောက်တစ်ကြိမ်
“သခင်လေး... ကျွန်တော်လည်း သခင်လေးနဲ့အတူ အထက်ဘုံကမ္ဘာကို လိုက်ချင်တယ်”
အားဟူ၏ကြီးမားသောမျက်နှာကြီး ရန်ကျောက်ကဲအနားတိုးကပ်လာရင်း ဆိုသည်။
ရန်ကျောက်ကဲက မနေနိုင်ဘဲ ရယ်မောရင်း...
“ဒီတစ်ခေါက်ခရီးထွက်တာက လျှောက်လည်တာ မဟုတ်ဘူးနော် ၊ အတော်လေး ဒုက္ခရောက်နိုင်တယ် ၊ မင်း လိုက်ချင်တာ သေချာလို့လား”
အားဟူက ရယ်မောရင်း...
“သေချာတာပေါ့ ၊ သခင်လေးလို ရုပ်ရည်ချောမောပြီး တန်ခိုးစွမ်းအားမြင့်မားတဲ့သူနဲ့ အတူသွားရတာ ဘာစိုးရိမ်စရာရှိလဲ ၊ ပြီးတော့ ကျွန်တော်က သခင်လေးနောက် အမြဲလိုက်နေတာပဲကို”
ရန်ကျောက်ကဲ အရင်တစ်ခေါက် သမုဒ္ဒရာကမ္ဘာသို့သွားစဉ်က အရေးပေါ်အခြေအနေဖြစ်သွားခဲ့သည်။ အားဟူမှာလည်း ဖန်ကျွင်းကို ကြယ်တာရာသန့်စင်ချီဝတ်ရုံနှင့်အတူ စောင့်ရှောက်ပြီး ဝါဒတောင်သို့ ပြန်လည်ခေါ်ဆောင်သွားရသဖြင့် ရန်ကျောက်ကဲနောက်လိုက်ရန် မမီခဲ့ပေ။
ရန်ကျောက်ကဲထံမှ သမုဒ္ဒရာကမ္ဘာအကြောင်း အတွေ့အကြုံများ ကြားသိရပြီးနောက် အားဟူ အတော်လေးအံ့သြမှင်တက်ပြီး နှလုံးခုန်သံများပင် မြန်လာသည်။
ထို့ကြောင့် ယခုတစ်ခေါက်တော့ ဘာပဲဖြစ်ဖြစ် ရန်ကျောက်ကဲသွားလေရာသို့ သေချာပေါက် လိုက်ပါမည်ဟု ဆုံးဖြတ်ထားသည်။ လိုက်ချင်လွန်းသဖြင့် ရန်ကျောက်ကဲကို ခြေထောက်ဖက်၍ ငိုယိုတောင်းပန်လုမတတ်ပင်။
ရန်ကျောက်ကဲကပြုံးရင်း...
“မင်း အထက်ဘုံကမ္ဘာကိုမလိုက်ဘဲ သမုဒ္ဒရာကမ္ဘာမှာ နေခဲ့မယ်ဆိုရင် ထင်တိုင်းကျဲလို့တော့မရဘူးဆိုပေမယ့် ငါ့နာမည်အရှိန်အဝါနဲ့ အနန္တတန်ခိုးရှင်တစ်ယောက်လို ခေါင်းမော့ရင်ကော့နေလို့ရတယ်နော်... ၊ ဒီတော့ အထက်ဘုံကမ္ဘာကို လိုက်မယ့်အစား သမုဒ္ဒရာကမ္ဘာမှာနေခဲ့တာ ပိုမကောင်းဘူးလား”
အားဟူက ရယ်မောရင်း...
“ဒါပေမဲ့ အဲဒါက သခင်လေးဘေးနားနေရတာလောက် ကောင်းမယ်မထင်ပါဘူး”
ရန်ကျောက်ကဲက နှုတ်ခမ်းတစ်ချက်သပ်လိုက်ရင်း...
“အင်း... အပြောကိုတော့ ကြိုက်သွားပြီ ၊ ဒါပေမဲ့ အထက်ဘုံကမ္ဘာရောက်တော့မှ တညည်းညည်းတညူညူ လာမလုပ်နဲ့နော်”
အားဟူက ခေါင်းတွင်တွင်ခါယမ်းရင်း...
“မလုပ်ပါဘူး မလုပ်ပါဘူး ၊ လုံးဝ မလုပ်ဘူး”
ရန်ကျောက်ကဲ ဖန်းယွင်ရှန်းကို လှမ်းကြည့်လိုက်သည်။ မိန်းကလေးက သူမလက်ထဲမှ အနက်ရောင်ဓားကို ငုံ့ကြည့်နေ၏။
ဓားရှည်ကိုဓားအိမ်အတွင်းမှထုတ်ပြီး သူမ၏လက်ချောင်းများက ဓားသွားထက်ညင်သာစွာ ပွတ်ဆွဲသွားကြသည်။ သို့သော် သတ္တုဓားတစ်လက်၏ သာမန်အေးမြမှုကို မခံစားရသလို ဓားသွားအတွင်းမှ အပူချိန်နှင့် အလင်းရောင်ကို ဆုတ်ခွာသွားစေသော ဓားဝိညာဉ်လည်ပတ်မှုကိုလည်း သိရှိခံစားရခြင်း မရှိပေ။
ရန်ကျောက်ကဲ ကြည့်နေသည်ကို သတိထားမိတော့ ဖန်းယွင်ရှန်းက ခေါင်းမော့ကြည့်လာသည်။
“ဟိုးအရင်ကတည်းက ဒီဓားက ထူးခြားတယ်ဆိုတာ ကျွန်မ သိသားပဲ ၊ ဒါပေမဲ့ ဒီဓားရဲ့မူလဇာစ်မြစ်က ဘာလဲဆိုတာ မခန့်မှန်းတတ်အောင်ပဲ”
သူကမ ခဏမျှစဉ်းစားရင်း...
“အရင်တုန်းက ဒီဓားကိုယူဖို့ ရွေးချယ်ခဲ့တာ ဒီဓားက ထူးခြားတယ်လို့ မခံစားရပေမယ့် ကျွန်မနဲ့ ဆက်စပ်မှုတစ်ခုခု ရှိနေသလို ခံစားရလို့ပဲ ၊ အခုတော့ ဒီဓားက တကယ်ထူးခြားနေပြီ”
ဖန်းယွင်ရှန်းက သူမလက်ထဲမှ အနက်ရောင်ဓားကို အသာလေး ပင့်မြှောက်လိုက်ပြီး လေထဲတွင်ဝှေ့ယမ်းလိုက်သော်လည်း မည်သည့်ဆူညံသံမှ ထွက်မလာခဲ့ပေ။
အဆင့်မြင့်တက်လာသည်နှင့်အမျှ ဤဓားက ပို၍ပို၍ တိတ်ဆိတ်ငြိမ်သက်လာသည်။ သို့ပေသိ ရန်သူများနှင့်ရင်ဆိုင်ရသောအခါမှာတော့ လောကတစ်ခုလုံးကို တုန်လှုပ်စေသည်ပင်။
ရန်ကျောက်ကဲက...
“နေသူတော်စင်ဂိုဏ်းမှာ ကျင့်ကြံခဲ့တဲ့ မင်းရဲ့ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်ကို ပြောင်းလဲလိုက်ပေမယ့် မင်းက မဟာနေမင်းသိုင်းပညာ (၇)ရပ်က ‘အနောက်နေဝန်းဓားသိုင်း’ ကိုတော့ လေ့ကျင့်နေဆဲပဲ မဟုတ်လား ၊ မင်း မူမမှန်တာ တစ်ခုခုများ ခံစားရသေးလား”
ဖန်းယွင်ရှန်းက ခဏမျှ စဉ်းစားရင်း...
“အင်း... အားနည်းချက်ကိုတော့ လုံးဝ မခံစားရဘူး ၊ ပိုပြီး ချောချောမွေ့မွေ့နဲ့ အသုံးပြုရလွယ်ကူတယ်လို့တောင် ခံစားရတယ်”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“တိုက်စားခြင်းတန်ခိုးစွမ်းအားက နေရောင်ခြည်ကို ဝါးမြိုနိုင်စွမ်းရှိပြီး အဲဒီနေရောင်ခြည်စွမ်းအားနဲ့ အားအင်ဖြည့်တင်းနိုင်စွမ်းရှိတယ် ၊ ဒီတော့ မင်းရဲ့ဓားနဲ့ အနောက်နေဝန်းဓားသိုင်းပေါင်းစပ်လိုက်တဲ့အခါ ဒီလိုအခြေအနေမျိုး ဖြစ်လာနိုင်တာ အမှန်ပါပဲ”
သူက ဆက်ပြောသည်။
“အခု ပြောဖို့ အချိန်စောသေးပေမယ့်... ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာကိုရောက်ရင် ငါတို့ အဖြေသိနိုင်မှာပါ”
ဖန်းယွင်ရှန်းက...
“ဟုတ်ပါပြီ...”
ထို့နောက် သူမက ဓားကို ဓားအိမ်အတွင်းသို့ ပြန်ထည့်လိုက်သည်။
ရန်ကျောက်ကဲက စစ်ခုန်ချင်းနှင့် ယင်လုန်ထူကို ကြည့်ရင်း...
“မင်းတို့နှစ်ယောက် ငါနဲ့အတူ သမုဒ္ဒရာကမ္ဘာကို လိုက်ခဲ့ရမယ်”
စစ်ခုန်ချင်းခေါင်းညိတ်လိုက်သည်။
ယင်လုန်ထူက နှုတ်ခမ်းကိုတင်းတင်းစေ့ရင်း...
“ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ၊ ဂိုဏ်းတူအစ်မ’ဖန်း’ ... ကျွန်တော်လည်း အထက်ဘုံကမ္ဘာကို လိုက်ခဲ့ချင်တယ်”
ရန်ကျောက်ကဲက ပြုံးရင်း...
“မင်းအတွက် နည်းနည်းစောနေသေးတယ် ၊ အရမ်းအလျင်မလိုနဲ့ဦး ၊ ငါ့အမြင်ပြောရရင် မင်းတို့အားလုံး တခြားသူတွေထက်စောပြီး အထက်ဘုံကမ္ဘာကို သွားခွင့်ရမှာပါ ၊ အဲဒီနေရာက အစွန်းရောက်ရှစ်ပါးကမ္ဘာနဲ့ သမုဒ္ဒရာကမ္ဘာထက် ဝိညာဉ်စွမ်းအားစီးဆင်းမှု ပိုပြီးကောင်းမွန်တယ် ၊ မင်းတို့အရည်အချင်းနဲ့ အဲဒီမှာသာကျင့်ကြံမယ်ဆိုရင် အများကြီး တိုးတက်မှုရှိလိမ့်မယ် ၊ ဒါပေမဲ့ မလောနဲ့ဦး”
ယင်လုန်ထူက စကားနားထောင်စွာ ခေါင်းညိတ်ရင်း...
“ကောင်းပါပြီ ဂိုဏ်းတူအစ်ကိုကြီး”
ရန်ကျောက်ကဲက သူတို့နှင့်အတူ အခန်းအပြင်ဘက်သို့ ထွက်လာသည်။
အပြင်ဘက်တွင် ရန်ကျောက်ကဲကို စောင့်ဆိုင်းနေသည့် ဝါဒတောင်မှတပည့်အချို့ ရှိနေသည်။ အားလုံးက ဝါဒတောင်မှ ပါရမီရှင် ပင်မတိုက်ရိုက်တပည့်များ ဖြစ်ကြ၏။
သူတို့ကိုကြည့်ရင်း ရန်ကျောက်ကဲက သိမ်မွေ့တည်ကြည်စွာဖြင့်...
“သမုဒ္ဒရာကမ္ဘာကိုရောက်သွားရင် အစွန်းရောက်ရှစ်ပါးကမ္ဘာမှာလောက် အန္တရယ်မကင်းနိုင်ဘူး ၊ ဒါပေမဲ့ သေလောက်တဲ့အန္တရယ်လည်းမရှိဘူး ၊ နောက်တစ်ချက်ကတော့ ဒီကိုပြန်လာဖို့ မလွယ်နိုင်ဘူး ၊ အဲဒီနေရာက အချိန်စီးဆင်းမှုက အစွန်းရောက်ရှစ်ပါးကမ္ဘာထက် အများကြီးမြန်ဆန်တယ် ၊ ဒါပေမဲ့ အချိန်စီးဆင်းမှုနှုန်းအရ အချိန်တစ်နှစ်ကို တစ်နှစ်လို့ပဲ မင်းတို့ ခံစားကြရလိမ့်မယ်”
“ဒါကြောင့် အစွန်းရောက်ရှစ်ပါးကမ္ဘာကိုပြန်လာတဲ့အချိန် အများကြီးအချိန်ကုန်သက်သာပြီး ကျင့်ကြံခြင်းအဆင့်တွေ မြင့်မားလာကြလိမ့်မယ် ၊ မင်းတို့နဲ့ အဆင့်တူတွေကြားမှာ အမြဲတမ်း ရှေ့တန်းက ရပ်တည်နိုင်ကြလိမ့်မယ် ၊ ဒါပေမဲ့ မကြိုးစားဘူးဆိုရင်တော့ ဘာမှထူးခြားမှာ မဟုတ်ဘူး ၊ မင်းတို့အသက်သာကြီးသွားပြီး ဘာမှပြောင်းလဲမလာဘူးဆိုရင်တော့ ကွာခြားချက်ရှိမှာ မဟုတ်ဘူး”
ရန်ကျောက်ကဲက သူတို့အားလုံးကို တစ်ချက်ဝေ့ကြည့်ရင်း...
“အခုဆိုရင် ကမ္ဘာများစွာအလွန်က အထက်ဘုံကမ္ဘာရဲ့တည်ရှိမှုကို လူတိုင်းသိနေကြပြီ ၊ ဒါကြောင့် ငါတို့ ဝါဒတောင် သိုင်းကျင့်ကြံသူမျိုးဆက်တွေဟာ ရည်မှန်းချက်ကြီးကြီးထားသင့်တယ် ၊ ငါတို့အမြင်တွေကို အစွန်းရောက်ရှစ်ပါးကမ္ဘာမှာပဲ ရပ်တန့်မထားသင့်ဘူး ၊ ဘာလို့လဲဆိုတော့ ငါတို့အားလုံးဟာ တစ်နေ့မှာ အထက်ဘုံကမ္ဘာကို သွားကြရမှာဖြစ်လို့ပဲ”
စစ်ခုန်ချင်းနှင့် ယင်လုန်ထူအပါအဝင် သူ့အရှေ့မှ လူများအားလုံးက စိတ်အားထက်သန်စွာဖြင့် တုန့်ပြန်လိုက်ကြသည်။
“ဂိုဏ်းတူအစ်ကိုကြီး’ရန်’ သင်ပြပေးတဲ့အတိုင်း လိုက်နာပါ့မယ်”
“ဆရာဦးလေး’ရန်’ သခင်ပြပေးတဲ့အတိုင်း လိုက်နာပါ့မယ်”
သိုင်းပညာဆက်ခံသူခန်းမ၏ ပထမအဆင့် ထိပ်တန်းအကြီးအကဲ အကြီးအကဲ’ချင်’ နှင့် ဖူအန်းစုတို့က ဘေးနားတွင်မတ်တတ်ရပ်လျှက် ရန်ကျောက်ကဲ မိန့်ခွန်းပြောသည်ကို ကြည့်နေသည်။ သူတို့က သူ့ကို နှောက်ယှက်ခြင်းမရှိဘဲ သူပြောသည့်စကားများကို ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။
ရန်ကျောက်ကဲစကား အဆုံးသတ်သွားတော့မှ ဖူအန်းစုက အကြီးအကဲ’ချင်’ ကို ခေါင်းတစ်ချက်ညိတ်ပြရင်း...
“ဆရာဦးလေး’ချင်’ ... ကျွန်မတို့ သွားတော့မယ်နော်”
သမုဒ္ဒရာကမ္ဘာသို့ သွားရောက်မည်ဆိုသော်လည်း ရန်ကျောက်ကဲကိုယ်တိုင် ထိုနေရာတွင် အချိန်ကြမြင့်စွာ နေထိုင်မည် မဟုတ်ဘဲ အထက်ဘုံကမ္ဘာသို့ ခရီးဆက်မည် ဖြစ်သည်။
ဝါဒတောင်က သမုဒ္ဒရာကမ္ဘာတွင် နယ်မြေချဲ့ထွင်ရန် ရည်ရွယ်ချက် မရှိသေးသော်လည်း တပည့်အငယ်များချည်းစေလွှတ်လိုက်လျှင် အခြေအနေမတည်မငြိမ် ဖြစ်နိုင်သည်။ ထို့ကြောင့် အရင်ကလည်း သမုဒ္ဒရာကမ္ဘာသို့ ရောက်ခဲ့ဖူးပြီး ထိုနေရာမှ အခြေအနေများနှင့် ရင်းနှီးပြီးသားဖြစ်သော ဖူအန်စုကို ခရီးစဉ်ခေါင်းဆောင်အဖြစ် ခန့်ထားခဲ့သည်။
အကြီးအကဲ’ချင်’က ...
“အစစအရာရာ ဂရုစိုက်ကြပါ”
ရန်ကျောက်ကဲနှင့် ဖူအန်းစုတို့က ခေါင်းညိတ်ရင်း...
“စိတ်ချပါ...”
ထို့နောက် ရန်ကျောက်ကဲအနောက်ဘက်တွင် တိတ်ဆိတ်စွာမတ်တတ်ရပ်နေသော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လက်ဖဝါးတစ်ဖက်ကို ဆန့်တန်းလိုက်ရာ အလင်းတန်းများထွက်ပေါ်လာပြီး အတွင်းထဲတွင် တောင်တစ်လုံးကိုပင်ထည့်သွင်းနိုင်လောက်အောင် ကျယ်ပြန့်သော နေရာလွတ်တစ်ခု ပေါ်လာသည်။
ထိုအလင်းတန်းက ရန်ကျောက်ကဲတို့အားလုံးကို သိမ်းယူသွားပြီးနောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အကြီးအကဲ’ချင်’ ကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုပြီး ကောင်းကင်ထက်သို့ ခြေတစ်လှမ်းလှမ်းကာ ပျံသန်းထွက်ခွာသွားလေသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အရှေ့အရပ်သို့ ဦးတည်ထွက်ခွာလာပြီး အရှေ့ပင်လယ်အပြင်ပိုင်းဒေသသို့ ရောက်ရှိလာ၏။
နဂါးသင်္ချိုင်းပြိုကျပျက်ဆီးသွားပြီဖြစ်လေရာ ယခင်လမ်းကြောင်းအဟောင်းဖြစ်သော အေးစက်သောချောက်နက်ကြီးကို ဖြတ်သန်းသွားလာရန် မဖြစ်နိုင်တော့ပေ။ သို့တိုင် ရန်ကျောက်ကဲက ခရီးစဉ် စတင်ထွက်ခွာရန်နေရာကို အရှေ့ပင်လယ်အပြင်ပိုင်းသို့သာ ရွေးချယ်ခဲ့သည်။
အရင်အချိန် သမုဒ္ဒရာကမ္ဘာသို့ သွားရောက်ခဲ့သောလမ်းကြောင်းက တည်ငြိမ်သော ကမ္ဘာဖြတ်လမ်းကြောင်းမဟုတ်ဘဲ ယာယီလမ်းကြောင်းတစ်ခုမျှသာ ဖြစ်သည်။ ထို့ကြောင် တစ်ဖက်ကမ္ဘာ၏ အချိန်နှင့် ဗလာနယ်အာကာသ စီးဆင်းမှုများကို မှန်းဆမရနိုင်သဖြင့် အရင်က လမ်းကြောင်းဖွင့်လှစ်ခဲ့ဖူးသော အရှေ့ပင်လဘ်အပြင်ပိုင်းသို့ လာရောက်ခဲ့ခြင်း ဖြစ်၏။
ဤသည်က အခြားကမ္ဘာသို့သွားရောက်ရန်အတွက် ပိုမိုယုံကြည်မှုရှိနိုင်လေသည်။ တစ်ချိန်က လမ်းကြောင်းဖွင့်ခဲ့ဘူးသောနေရာက အခြားနေရာများနှင့်မတူဘဲ သမုဒ္ဒရာကမ္ဘာသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိရန် ပိုမိုလွယ်ကူမည်ပင်။
အရှေ့ပင်လယ် အပြင်ပိုင်းဒေသသို့ရောက်ရှိသည်နှင့် ရန်ကျောက်ကဲက စန့်ချုန်ကြေးမုံမှန်ကိုထုတ်ယူလိုက်ပြီး သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့် ပေါင်းစပ်လိုက်သည်။
ကြေးမုံမှန်မျက်နှာပြင်ထက်တွင် အလင်းသင်္ကေတများထွက်ပေါ်လာပြီး အတူတကွပေါင်းစည်းက ဝိညာဉ်သင်္ကေတအစီအရင်တစ်ခု ဖြစ်တည်လာသည်။ ထို ဝိညာဉ်အစီအရင်၏ ဦးဆောင်မှုဖြင့် ကြေးမုံမှန်က တောက်ပလာပြီး ပုံရိပ်ယောင်လမ်းကြောင်းတစ်ခု ရန်ကျောက်ကဲရှေ့တွင် ထွက်ပေါ်လာ၏။
ထိုလမ်းကြောင်းထဲတွင် ဗလာနယ်တံခါးဖွင့်လှစ်ထားသကဲ့သို့ အဆက်မပြတ်ပြောင်းလဲကွေ့ကောက်ပြီး လှုပ်ရှားနေသော လမ်းတစ်ခု တွေ့မြင်နိုင်သည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လူတိုင်းကို သိမ်းယူလိုက်ပြီး ရှေ့သို့ခြေတစ်လှမ်းတိုးကာ ယာယီကမ္ဘာဖြတ်လမ်းကြောင်းအတွင်းသို့ ရန်ကျောက်ကဲနှင့်အတူ ဝင်ရောက်သွားသည်။
ဗလာနယ်အာကာသ အလွှာပေါင်းများစွာကို ဖြတ်ကျော်ပြီးနောက် ရန်ကျောက်ကဲရှေ့တွင် အလွန်တရာကျယ်ပြောသော ကျောက်စိမ်းရောင်ပင်လယ်ကြီးတစ်စင်း ထွက်ပေါလာသည်။
လေထုကိုလွှမ်းခြုံထားသောမြူခိုးများကိုကြည့်ရင်း သမုဒ္ဒရာကမ္ဘာ၏ ဝင်္ကပါပင်လယ်ဒေသသို့ ရောက်ရှိလာကြောင်း သိလိုက်သည်။
သို့သော် သူ ခြေချမိသည်နှင့် သူ့ဘေးတစ်ဖက်တစ်ချက်မှ စွမ်းအားအတက်အကျများ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။
ဘယ်ဘက်ခြမ်းတွင် ထိုက်စန်းတောင်ကဲ့သို့ တည်ငြိမ်လေးလံပြီး ပင်လယ်ရေမျက်နှာပြင်ထက် ပျံဝဲနေသော ဝိညာဉ်လိပ်ကြီးတစ်ကောင်။
ညာဘက်တွင်တော့ ကောင်းကင်ထက်တွင် ရစ်ခွေလျှက် နေမင်းကိုပင် ဖုံးကွယ်ထားသော နတ်မြွေကြီးတစ်ကောင် ရှိနေသည်။
ထို ကြောက်မက်ဖွယ်ရာ သတ္တဝါနှစ်ကောင်ထံမှ ပြင်းထန်သောလက်သီးသိုင်းဝိညာဉ်နှစ်ခုက ဘေးနှစ်ဘက်မှ အဆက်မပြတ် ရန်ကျောက်ကဲထံ ဝင်ရောက်လာကြလေသည်။