နေနဲ့လရဲ့ ပြောင်းလဲမှုတွေကို မွေးဖွားပေးသော
Vol. 18 Ch. 250
မန်ဟို မျက်မှောင်ကြုတ်သွားသည်။ သူနှင့်ကျိုးဒယ်ခွန်သည် ကမ္ဘာဆေးဝါးအဖွဲ့ကို သိပ်သဘောမကျသော်လည်း စောစောက သူတို့ပို့ချနေသည့်အတောအတွင်း သူတို့နှစ်ယောက်မှာ ဆွေးနွေးနေရုံသာ ရှိခဲ့သည်။ ကျူးကျော်ရန်စသည့်အရာ တစ်ခုမှ မလုပ်ခဲ့ကြပေ။
ယခု ချန်ကျားရှီ၏ စကားလုံးများမှာ ဓားဖြင့် ထိုးချလိုက်သကဲ့သို့ တဲ့တိုးဖြစ်လွန်းသည်။
ကမ္ဘာဆေးဝါးအဖွဲ့သည် ကျိုးဒယ်ခွန်တစ်ယောက်တည်းသာမဟုတ်၊ အရှေ့ဆေးဝါးတစ်ဖွဲ့လုံးကို လူပုံအလယ်၌ စော်ကားတိုက်ခိုက်ရန် ရွေးချယ်လိုက်လေပြီ။ သူတို့က ကျိုးဒယ်ခွန်နှင့် မန်ဟို့ကို နာမည်ဖျက်ခြင်းဖြင့် ဂုဏ်သတင်းကျော်ကြားချင်နေကြောင်း သိသာသည်။
မန်ဟို နှင့် ကျိုးဒယ်ခွန် ယနေ့ ရှုံးနိမ့်ခဲ့လျှင် ထိုသတင်းသည် တောင်ပိုင်းဒေသတစ်ခွင် မည်ကဲ့သို့ လျင်မြန်စွာ ပြန့်သွားမည်ကို အလွယ်တကူ စိတ်ကူးကြည့်နိုင်သည်။ အရှေ့ဆေးဝါးအဖွဲ့ သိက္ခာကျပြီး မန်ဟိုနှင့် ကျိုးဒယ်ခွန်မှာတော့ ပြက်ရယ်ပြုစရာ ဖြစ်လာလိမ့်မည်။
ဆေးဝါးပညာရှင်တစ်ယောက်အတွက် ဂုဏ်သိက္ခါသည် အရေးအကြီးဆုံးဖြစ်သည်။
ယင်းက ကျိုးဒယ်ခွန် စဥ်းစားနေသည့်အတိုင်းပင်။ သူသည် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် စင်မြင့်အပေါ်မှ မာန်တက်နေသော ချန်ကျားရှီကို ငုံကြည့်လိုက်သည်။
ချန်ကျားရှီက သူ့ကို စူးစူးစိုက်စိုက် ပြန်ကြည့်သည်။ သူ့မှာ ယနေ့ကို တော်တော်ကြာကြာ စောင့်စားနေခဲ့ရ၏။ သူ၏ ဆေးဝါးတာအိုအသိအပေါ် အခြေခံပါက သူ့ကို ကမ္ဘာဆေးဝါးအဖွဲ့၌ ရွေးချယ်ခံတစ်ယောက်အနေဖြင့် သတ်မှတ်နိုင်သည်။ ထိုမျှသာမက စကားစစ်ထိုးခြင်းအရာ၌ သူ့ကို အနိုင်ယူနိုင်သည့်သူ ဟူ၍ ဂိုဏ်းအတွင်း မရှိသလောက်ပင်။
လွန်ခဲ့သောရက်များက သူသည် ချင်းလော်ဂိုဏ်းက ကမ္ဘာဆေးဝါးအဖွဲ့အပြင် အရှေ့ဆေးဝါးအဖွဲ့ကိုပါ ဖိတ်ခေါ်ထားကြောင်း သိခဲ့တုန်းက ၄င်းမှာ ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ရပ်ဟု ချက်ချင်းသဘောပေါက်လိုက်သည်။
ထိုစဥ်က သူသည် ဤအခွင့်အရေးကို အသုံးချ၍ သူ့ဂုဏ်သူ မြှင့်တင်ဖို့ မည်သည့်အတိုင်းအတာမဆို သွားရန် ဆုံးဖြတ်ခဲ့သည်...... ဆေးဝါးပညာရှင်တစ်ယောက်အနေဖြင့် အရှေ့ဆေးဝါးအဖွဲ့၏ ဆေးပေါင်းဖိုဘုရင်တစ်ယောက်ကို အရှက်ခွဲခြင်းထက် ပိုကောင်းမွန်သော ထင်ပေါ်ကျော်ဇောရန် နည်းလမ်းမရှိပေ။
အတွေးလေးတစ်ခုကပင် သူ့ကို အတိုင်းထက်အလွန် စိတ်လှုပ်ရှားလာစေသည်။ သူသည် စိုက်ကြည့်နေစဥ် ကျိုးဒယ်ခွန်ကို ကျင့်ကြံသူတစ်ယောက်မဟုတ်ဘဲ အနင်းခံကျောက်တုံးတစ်တုံးအဖြစ်သာ မြင်၏။
"ငါ အရှေ့ဆေးဝါးအဖွဲ့က ဒီအဘိုးကြီးနဲ့ ဟိုသောက်ကလေးကို အနိုင်ယူပြီးရင်" သူက တွေးသည်။ "ချန်ကျားရှီဆိုတဲ့ နာမည်က ဂိုဏ်းအတွင်းကော အပြင်မှာပါ ထင်ရှားကျော်ကြားလာတော့မှာ"
ချန်ကျားရှီဘေးတွင် ရပ်နေသူက အတွေးတူသော လီရီမင်းဖြစ်သည်။
ကျိုးဒယ်ခွန်က သူတို့ထံမှ အကြည့်လွှဲပြီး ဆက်လက်ပို့ချသည်။ "အပင်နဲ့အသီးအရွက် အဆင့်သုံးဆင့်ရှိတယ်။ ပထမတစ်ဆင့်မှာ ဆေးပင််တစ်သိန်းပါဝင်တယ်။ ဒုတိယတစ်ဆင့်မှာ......" သူ ဆက်မပြောနိုင်ခင် ချန်ကျားရှီက အော်ကြီးဟစ်ကျယ် ရယ်သည်။ ၄င်းက နားမခံသာလောက်အောင် ပဲ့တင်ထပ်နေ၏။
သူက စားပွဲအပေါ် လက်ရိုက်ချပြီး မတ်တပ်ရပ်လိုက်သည်။ "အရှေ့ဆေးဝါးအဖွဲ့ရဲ့ ဆေးပေါင်းဖိုဘုရင်၊ မဟာအကြီးအကဲ ကျိုးဒယ်ခွန် ဒီမယ် တခြားတာအိုရောင်ရင်းတွေမှာ ခင်ဗျားရဲ့ ပို့ချချက်တွေကို သံသယဝင်ခွင့်၊ မေးခွန်းမေးခွင့် မရှိဘူးလို့ ပိတ်ပင်နေတာလား။ ခင်ဗျား ကြောက်နေတာလား၊ အလကားသက်သက် လေရှည်နေတာလား။ ဒါမှမဟုတ်.... ချင်းလော်ဂိုဏ်းက တာအိုရောင်ရင်းတွေကို လိမ်ညာဖို့ ကြိုးစားနေတာများလား" သူ၏စကားလုံးများက ထေ့လုံးငေါ့လုံးတို့ဖြင့် ပြည့်နှက်နေပြီး သူ့မျက်နှာပေါ်ရှိ သရော်ပြုံးက လျစ်လျူရှုရန် မဖြစ်နိုင်ပေ။ အားရကျေနပ်မှုတို့ သူ၏နှလုံးသားထဲ၌ ပြည့်ကြပ်နေပြီး သူ့စိတ်ထဲတွင် သူကား နိုင်နေပြီဖြစ်သည်။
ကျိုးဒယ်ခွန်က ချန်ကျားရှီကို ဒေါသတကြီး လှည့်ကြည့်သည်။ ယခု သူ့မှာ သူ့ကိုမဟုတ်ဘဲ အရှေ့ဆေးဝါးအဖွဲ့ကို ပေါ်တင်ညွှန်းဆိုသော စကားလုံးများအား ဘယ်နည်းနှင့်မှ မကြားချင်ယောင် မဆောင်နိုင်တော့ပေ။ တိုက်ခိုက်မှုက လုံးဝအဓိပ္ပါယ်မရှိလျှင်တောင်မှ သူ့တွင် ၄င်းကို ပွင့်ပွင့်လင်းလင်း ရင်ဆိုင်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။
ကျိုးဒယ်ခွန်၏ တုံ့ပြန်ပုံကို ကြည့်ရင်း ချန်ကျားရှီ ယုံကြည်ချက်ရှိလာသည်။ ချင်းလော်ဂိုဏ်းသို့ မလာခင်က သူ၏ စုံစမ်းမှုများအရ ကျိုးဒယ်ခွန်လာမည်ဖြစ်ကြောင်း ကြိုတင်သိခဲ့သည်။ ထိုလူမှာ အတော်လေးနာမည်ကြီးသော်လည်း ချန်ကျားရှီ နှံ့နှံ့စပ်စပ်စုံစမ်းကြည့်သော် ဆေးဝါးတာအိုအသိအရ သူ့ကို အနိုင်ယူနိုင်သည်ဟု ယုံကြည်ခဲ့သည်။
ရင်ပြင်ရှိ ချင်းလော်ဂိုဏ်းသားများမှာ တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသော်လည်း စိတ်လှုပ်ရှားလာပုံရသည်။ တက်ရောက်ကြသူ အတော်များများမှာ သီးသန့်ဂိုဏ်းသားများ ဖြစ်ကြ၏။ ဟန့်ပေသည်လည်း အရှေ့ဆေးဝါးအဖွဲ့နှင့် ကမ္ဘာဆေးဝါးအဖွဲ့အကြားရှိ အငြင်းပွားမှု ပြင်းထန်လာသည်ကို ပြုံးပြုံးကလေးကြည့်ရင်း ထိုင်နေသည်။
အနုသုခုမရုပ်ခန္ဓာအဆင့်ခေါင်းဆောင်ကြီး သုံးယောက်က မျက်လုံးများမှိတ်လျက် တရားထိုင်နေပုံရသည်။ သူတို့က ဝင်ရောက်မစွက်ဖက်ကြပေ။ ကြည့်ရသရွေ့ ဤသို့ဖြစ်နေသည်ကို ဝမ်းမြောက်သည်ထက် ပိုနေဟန်တူသည်။
"မဟာအကြီးအကဲကျိုး၊ ကျုပ်ကို မိုက်ကြည့်ကြည့်နေလို့ အသုံးမဝင်ဘူး" ချန်ကျားရှီက အေးတိအေးစက်ပြောသည်။ "ခင်ဗျား အခြေခံအမှန်တရားဆိုတာ ဘာလဲ ကျုပ်ကို မရှင်းပြရသေးဘူး" သူအသံမှာ ပုံမှန်လေသံပေါက်သော်လည်း သူ၏မျက်လုံးများက လှောင်ပြောင်နေရာ ကျိုးဒယ်ခွန်ကို ပို၍ပင် စိတ်တိုသွားစေသည်။
"အမှန်တရားကို စည်းမျဥ်းတွေက ကိုယ်စားပြုတယ်" သူက တစ်လုံးချင်း ပြန်ဖြေသည်။ "တခြား အစီအစဥ်တွေ ဘယ်လိုပဲ မရေမတွက်နိုင်အောင် ရှိပါစေ၊ စည်းမျဥ်းတွေဟာ မင်းရဲ့နှလုံးသားထဲမှာ အမြဲတည်ရှိနေမယ်။ မပြောင်းလဲတဲ့ စည်းမျဥ်းတွေကို အသုံးပြုခြင်းက ဆေးပင်တစ်သိန်းကို ဓာတ်ကူပေးနိုင်တယ်။ ဒါ့အပြင် ဆေးဝါးတာအိုရဲ့ အမှန်တရားက ဆေးဖော်နည်းတွေ ပေါ်ပေါက်လာစေတယ်။ လူတစ်ယောက်ဟာ ဉာဏ်အမြင်ရှိရင် ဆေးဝါးလမ်းစဥ်် ဘယ်လောက် ကျယ်ပြောရှည်လျားလဲ သိမြင်နိုင်တယ်။ စဥ်ဆက်မပြတ် စူးစမ်းလေ့လာခြင်းက စစ်မှန်တဲ့ပန်းတိုင်ပဲ"
သူ၏ စကားလုံးများကြောင့် ချန်ကျားရှီ တအံ့တသြငေးကြည့်လိုက်မိသည်။ ကျိုးဒယ်ခွန် ဤကဲ့သို့ တုံ့ပြန်နိုင်လိမ့်မည် သူ တစ်ခါမှစိတ်မကူးခဲ့ဖူးပေ။ အမှန်တွင် မန်ဟို့ကို မတွေ့ခင်က ကျိုးဒယ်ခွန် တတ်နိုင်ခဲ့မည်မဟုတ်ပေ။ သို့သော် စောစောက သူတို့၏ဆွေးနွေးမှုမှာ သူ၏ယခင် အသိအမြင်များအား အတည်ပြုပေးခဲ့သည်သာမက ဉာဏ်အလင်းလည်း ပွင့်စေခဲ့သည်။ ချန်ကျားရှီနှင့် လီရီမင်းတို့နှစ်ယောက်လုံး မျက်မှောင်ကြုတ်သွားသည်။ ပတ်ဝန်းကျင်ရှိကျင့်ကြံသူများလည်း ဉာဏ်အလင်းအသစ်ရရှိသွားဟန်တူသည်။
"မဟာအကြီးအကဲကျိုး၊ ခင်ဗျားရဲ့ ဖြေရှင်းချက်ကို ကျုပ် သဘောမတူနိုင်ဘူး" ချန်ကျားရှီက မျက်လုံးများ တဖျပ်ဖျပ်လက်နေရင်း ပြောသည်။ ဤအခိုက်အတန့်တွင် သူသည် ကျိုးဒယ်ခွန်ကို အထင်မသေးတော့ဘဲ အလေးအနက်ထားပြော၏။ "ကိုယ်က မပြောင်းလဲနိုင်ရင်" သူက ဖြေးဖြေးချင်းပြောသည်။ "ပြောင်းလဲမှုတွေ ဘယ်ကဟာလဲ။ ကိုယ်ဟာ မြစ်တစ်စင်းလိုပဲ။ မြစ်က စီးဆင်းမှုမရှိရင် ပျောက်ကွယ်သွားလိမ့်မယ်။ ရွေ့လျားနေတဲ့ရေက မြစ်ကို မရပ်မနားစီးဆင်းစေတယ်။ ထိုနည်းတူပဲ မပြောင်းလဲတဲ့ကိုယ်တစ်ခုက ဆက်လက်တည်ရှိမှုနေစေတယ်" သူ၏စကားလုံးများက ကျိုးဒယ်ခွန်၏မျက်နှာကို ရိပ်ခနဲဖြစ်သွားစေသည်။ သူ ပြန်လည်ချေပတော့မည့်အချိန် ချန်ကျားရှီက အင်္ကျီလက်စကို ခါပြီး ကြားဖြတ်ပြောသည်။ "သစ်ပင်တွေက လေတိုက်နေတဲ့အချိန် မလှုပ်ရှားဘဲ နေနေနိုင်လား။ မလှုပ်ရှားဘူးဆိုတဲ့သစ်ပင်က......ပန်းချီကားထဲမှာပဲ ရှိတယ်။ သစ်ပင်ရဲ့လှုပ်ရှားမှုက တိုက်ခတ်နေတဲ့လေရဲ့ သက်သေဖြစ်သလို သူ့ရဲ့တည်ရှိမှုလဲ ဖြစ်တယ်
"မဟာအကြီးအကဲကျိုး၊ ကိုယ်ဆိုတာဟာ မပြောင်းလဲနိုင်ဘူးလို့ ခင်ဗျားပြောခဲ့တယ်။ ဘယ်လောက် ရယ်စရာကောင်းလိုက်သလဲ။ ဒါကြောင့် ခင်ဗျား ခရမ်းရောင် ဆေးပေါင်းဖိုဘုရင် မဖြစ်သေးတာ။ ခင်ဗျားဆေးဝါးတာအိုအသိက ကိုယ့်အနံ့ကိုယ် ရစ်မူးနေတဲ့ ပန်းတစ်ပွင့်လိုပဲ။ ခင်ဗျားက အောင်မြင်မှုတွေ၊ ချီးကျူးစကားတွေကိုပဲ တောင့်တနေတာ။ ခင်ဗျား ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ဖြစ်လာမယ့် တစ်ခုတည်းသောနေရာက ပုံပြင်ထဲမှာပဲ"
အလွန်အမင်းရက်စက်သော စကားလုံးများက ကျိုးဒယ်ခွန်ကို တဆတ်ဆတ်တုန်သွားစေသည်။ သူက ချန်ကျားရှီကို လက်ညှိုးထိုးပြီး ပြောသည်။ "မင်း..... မင်း......"
"ကျုပ် ဘာဖြစ်လဲ။ ခင်ဗျား ပြောစရာစကားမရှိတော့ဘူးလား။ မရွေ့လျားတဲ့မြစ်က ရေသေထက်မပိုဘူး။ လှုပ်ရှားမှုမရှိတဲ့ သစ်ပင်က ပန်းချီကားထဲမှာပဲ တည်ရှိနိုင်တယ်။ မဟာအကြီးအကဲကျိုး၊ ခင်ဗျားက မျောလွင့်နေတဲ့ တိမ်တိုက်တွေကို သေးသိမ်စေရင်း ရေသေကမ္ဘာထဲမှာ ရပ်တည်နေတာပဲ။ ဟုတ်တယ်မလား၊ ဒါမှမဟုတ် ..... ခင်ဗျား အောင်မြင်မှုတွေ၊ ချီးကျုးစကားတွေကို တောင့်တနေတာမဟုတ်လား။ ခင်ဗျားက အပြင်လောကရဲ့တောက်ပမှုတွေကို ပျော်မွေ့ပြီး ကောင်းကင်နဲ့မြေကြီးကို လျစ်လျူရှုရင်း ပန်းချီကားချပ်ထဲမှာ နေထိုင်နေတာ။ ကျုပ် ပြောမယ် ၊ ခင်ဗျားက ကိုယ့်အနံ့ကိုယ် ရစ်မူးနေတဲ့ ပန်းတစ်ပွင့်ပဲ။ ကျုပ်မှားသွားလား" ချန်ကျားရှီ၏အသံမှာ ကျယ်သထက် ကျယ်လာသည်။ သူ ပြင်းထန်စွာ ပုတ်ခတ်ပြောဆိုပြီးနောက်ဘကျိုးဒယ်ခွန်၏မျက်နှာ ဖြူဖျော့သွားပြီး သူ၏မျက်လုံးများမှာ မီးပွင့်တော့မည့်ပုံရသည်။ သူ၏ပြိုင်ဘက်က မလိမ့်တပတ်ပြောနေကြောင်း သူ့အတွက် သိသာသော်လည်း ထိုစကားများ အကျိုးအကြောင့်သင့်ပုံလည်းရသည်။ သူ့ခေါင်းထဲ၌ ပြန်လည်ချေပရန် စကားလုံးများ ပြည့်နှက်နေသော်လည်း သူ့ပါးစပ်မှ ထွက်မလာပေ။
"အဓိပ္ပါယ်မရှိဘူး" သူက ဒေါကြီးမောကြီးအော်လိုက်သည်။ ဤသည်ကို ကြားသော် မန်ဟိုသက်ပြင်းချလိုက်မိ၏။
"အဓိပ္ပါယ်မရှိဘူးတဲ့လား" ချန်ကျားရှီကပြောသည်။ "သိပ်ကောင်းတယ်။ အမှန်တရားက တကယ်ဘာလဲ ဆိုတာ ခင်ဗျားကို ကျုပ်ရှင်းပြပါရစေ။ ယင် (阴) နဲ့ ယန် (阳) ၊ လ (月) နဲ့ နေ (日) ကို စဥ်းစားကြည့်။ ကြီးမြတ်လှတဲ့ ဆေးဝါးတာအိုလောကမှာ အကန့်အသတ်မဲ့နေက အရာအားလုံးကို အရည်ပျော်လောင်ကျွမ်းစေတဲ့ ယန်။ ဒါက ဆေးပေါင်းဖိုပဲ။ တောက်ပတဲ့လဟာ
ပြောင်းလဲနေတဲ့ ယင်။ တစ်နည်းအားဖြင့် ဆေးဖော်နည်းဖြစ်တယ်။ အဲ့တာ အမှန်တရားပဲ။ မဟာအကြီးအကဲကျိုး၊ ခင်ဗျား ဆေးဝါးတာအိုရဲ့ အထွတ်အထိပ်မှာ ရပ်ချင်ရင် အကန့်အသတ်မဲ့နေကို ကိုယ်စားပြုတဲ့ ဆေးပေါင်းဖိုက ခင်ဗျားနှလုံးသားထဲမှာ တည်ရှိနိုင်တယ်လို့ အခိုင်အမာပြောရဲလား။ အဆုံးမဲ့ ဆေးဖော်နည်းကို ကိုယ်စားပြုတဲ့ လကို ခင်ဗျားနှလုံးသားထဲမှာ ဖန်တီးနိုင်တယ်လို့ ပြောလောက်တဲ့အထိ ခင်ဗျား အရှက်မဲ့သလား။ ခင်ဗျားက အောင်မြင်မှုနဲ့ချီးကျူးစကားတွေကို တောင့်တပြီး ကိုယ့်အနံကိုယ် ရစ်မူးနေတဲ့ ပန်းတစ်ပွင့်လို့ပြောတာ ခင်ဗျားကို တကယ် သက်ညှာပေးထားတာပဲ"
တိတ်ဆိတ်မှုကလွဲ၍ မည်သည့်တုံ့ပြန်မှုမှ မရှိပေ။ ချန်ကျားရှီ၏စကားလုံးများက ရင်ပြင်ထဲတွင် တုံ့ပြန်လူးလာ ပဲ့တင်ထပ်နေသည်။ ချင်းလော်ဂိုဏ်းသားများအားလုံး တအံ့တသြကြည့်လိုက်ကြသည်။
ခေါင်းဆောင်ကြီးဇီလော်နှင့် လှပသော အမျိုးသမီးက မျက်လုံးများ ဖွင့်၍ ချန်ကျားရှီကို လေးနက်သော အမူအရာများဖြင့် စိုက်ကြည့်နေကြသည်။
ကျိုးဒယ်ခွန် တစ်ကိုယ်လုံး တုန်ရီလာသည်။ သူ့မှာ စကားပြောချင်သော်လည်း သူ့စိတ်က ယောက်ယက်ခတ်နေလေသည်။ မျက်လုံးအားလုံးက သူ့ကို အာရုံစိုက်နေသည်။ ဤသို့ ပေါ်တင် သရော်ခံရခြင်းက သူ့ကို များစွာ စိတ်မကောင်းဖြစ်စေရာ သူ့မှာ ဆွံ့အနေတော့သည်။
သူ စကားပြောရန် ပါးစပ်ဟနေသည့်အချိန်မှာပင် မန်ဟို၏ အေးစက်သောအသံ ထွက်ပေါ်လာသည်။ "ကျုပ်၊ဖန်မုမှာ မေးခွန်းတချို့ရှိတယ်" သူက ထရပ်ပြီး ဟောပြင်စင်၏ထိပ်ထံ ပျံတင်ကာ ကျိုးဒယ်ခွန်ဘေး ရပ်လိုက်သည်။
ကျိုးဒယ်ခွန်က မန်ဟို့ကို သွေးသားရင်းချာကဲ့သို့ ကြည့်လိုက်သည်။ မန်ဟို၏ ပြတ်သားသော စကားပြောပုံကို သူ သိသည်။ သူ့မှာ အသက်ပြင်းပြင်းရှူရင်း ဘာမှမပြောတော့ဘဲ ဝမ်းသာအားရနှင့်နောက်ဆုတ်ကာ မန်ဟို့ကို အရှေ့ပို့လိုက်သည်။
မန်ဟို၏ အေးစက်စက်အကြည့်က အကုန်လုံးကို လွှမ်းခြုံသွားပြီးနောက်ဆုံး ချန်ကျားရှီအပေါ် ကျရောက်လာသည်။
"ကျေးဇူးပြုပြီး ပြောပါ" ချန်ကျားရှီကပြောသည်။ သူ၏အမူအရာမှာ မထူးခြားသော်လည်း စိတ်ထဲတွင် အသင့်ပြင်ထားလေသည်။ သူ့အနေဖြင့် ဤဖန်မုအကြောင်း သိပ်မသိသော်လည်း ချင်းလော်ဂိုဏ်းအပြင်မှာတုန်းက သူတို့ပထမဆုံးစကားပြောခဲ့ခြင်းကို စဥ်းစားလျှင် သူသည် အလွယ်တကူ သွားရှုပ်နိုင်သော လူစားမျိုး မဟုတ်ကြောင်း သူသိ၏။
သို့သော် သူသည် သူ၏ ဆေးဝါးတာအိုအပေါ် ယုံကြည်ချက်ရှိသည်။ ထို့အပြင် ဖန်မုက မသမာနည်းဖြင့် ဆေးပေါင်းဖိုဘုရင် အဆင့်တက်ခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ချန်ကျားရှိ ယုံကြည်ချက်အပြည့်အဝရှိသည်။ မထီတထီအပြုံးတစ်ခုက သူ့မျက်နှာကို ဖုံးလွှမ်းနေ၏။
ပတ်ပတ်လည်ရှိ ချင်းလော်ဂိုဏ်းသားများအားလုံး မန်ဟို့ကို လှည့်ကြည့်ကြသည်။ ဟန်ပေ့၏မျက်လုံးများက ၄င်းတို့ထဲပြည့်နှက်နေသော အလင်းရောင်တစ်ခုကို ဖုံးကွယ်ရင်း ကျဥ်းမြောင်းသွားသည်။ အားလုံး၏စိတ်ဝင်စားမှုက မန်ဟို့အပေါ် ပုံကျလာပြီး တင်ပျဥ်ခွေထိုင်နေသည့် လှသောအမျိုးသမီးသည်ပင် မန်ဟို့ကို သရော်သလို ကြည့်နေသည်။
ချင်းလော်ဂိုဏ်းသားအများစုမှာ ချန်ကျားရှီ၏ စကားများက အတော်လေး အကျိုးအကြောင်းညီညွတ်သည်ဟု ခံစားနေကြရလေသည်။
"ကျုပ်မှာ မေးခွန်းသုံးခုရှိတယ်" မန်ဟိုက အေးစက်သောလေသံဖြင့် ပြောသည်။ "ပထမမေးခွန်းက အမှန်တရားနဲ့သက်ဆိုင်တယ်။ ခင်ဗျားက နေ နဲ့ လ ကို ဖော်ပြခဲ့တယ်။ အကန့်အသတ်နေက ဆေးပေါင်းဖို၊ တောက်ပတဲ့လက ဆေးဖော်နည်းကို ဖန်တီးပေးတယ်ဆိုပဲ။ မေးပါရစေဦး၊ ဘယ်သူက ဆေးပေါင်းဖိုကိုက တီထွင်ပြီး ဘယ်သူက ဆေးဖော်နည်းကို ဖန်တီးခဲ့တာလဲ"
"မဟာအကြီးအကဲဖန်၊ ခင်ဗျားက ဆေးဝါးတာအိုကို နည်းနည်းလေးပဲ လေ့လာခဲ့ထားတာကိုး" ချန်ကျားရှီ တဟားဟားရယ်ပြီး ပြန်ဖြေသည်။ "ရှေးလူကြီးတွေက အကန့်အသတ်မဲ့နေကို မော့ကြည့်ပြီး ဆေးပေါင်းဖိုပြုလုပ်ဖို့ အကြံရခဲ့တာပဲ။ ဆေးဖော်နည်းကတော့ ရှေးလူကြီးတွေ လဆီကနေ ဉာဏ်အလင်းရပြီးတော့ မရေမတွက်နိုင်တဲ့ အပင်နဲ့အသီးအရွက်မျိုးကွဲတွေကို မှတ်တမ်းတင်တဲ့တာ။ ဒါ့ကြောင့် အကန့်အသတ်မဲ့နေဟာ ဆေးပေါင်းဖို၊ လမင်းဟာ ဖော်စပ်နည်းလို့ ကျုပ်ဆိုတယ်။ နေနဲ့လက သက်ရှိသက်မဲ့အရာအားလုံးကို ဖန်ဆင်းခဲ့တဲ့ ပန်းပဲဖိုတစ်ခုဖြစ်တယ်" စိတ်လှုပ်တရှား တီးတိုးးရေရွတ်သံများ လူအုပ်ကြားထဲမှ ထွက်ပေါ်လာသည်။
မန်ဟိုက အေးစက်သော အသံဖြင့် မနှေးလွန်းမမြန်လွန်း ပြန်ပြောသည်။ "အကန့်အသတ်မဲ့နေက ကောင်းကင်ရဲ့ နက္ခတ်တာရာတစ်ခုပဲ။ သူ့ရဲ့ စူးရှတောက်ပတဲ့ အလင်းရောင်ကြောင့် တခြားတာရာတွေကို မမြင်ရဘူး။ ဒါကြောင့် ရှေးလူကြီးတွေ အပေါ်မော့ကြည့်တဲ့အခါ သူတို့ကြည့်တာက နေမဟုတ်ဘူး ကောင်းကင်။ ခင်ဗျားက မဟာအကြီးအကျဲကျိုးဟာ အောင်မြင်မှုနဲ့ချီးကျူးစကားတွေကို တောင့်တနေတာလို့ပြောတယ်။ ကောင်းပြီ၊ မဟာအကြီးအကဲချန်၊ ကျုပ်ပြောမယ် ခင်ဗျားက နေကိုပဲကြည့်ပြီး အဲဒီ့နေအနောက်က ကောင်းကင်ကိုမမြင်နိုင်တဲ့ ရေတွင်းထဲက ဖားတစ်ကောင်ပဲ
"လက ကောင်းကင်မှာ ခဏခဏ မြင်ရတဲ့ နောက်ထပ်နက္ခတ်တာရာတစ်ခုပဲ။ အမှောင်နဲ့အလင်း တည်ရှိမှုကြောင့် နေ့နဲ့ညက တစ်လှည့်စီ ရွေ့လျားနေတယ်လို့ လူတွေ ယုံကြည်ကြတယ်။ တကယ်တမ်း နက္ခတ်တာရာတွေအားလုံးထဲမှာ မရွေ့လျားတာက နက္ခတ်တာရာတွေကိုယ်တိုင်ပဲ
"ခင်ဗျားက မဟာအကြီးအကဲကျိုးကို ကိုယ့်အနံ့ကိုယ်ရစ်မူးနေတဲ့ အဖော်မဲ့ပန်းတစ်ပွင့်လို့ ရဲရဲတင်းတင်းပြောခဲ့တယ်။ မဟာအကြီးအကဲချန် ၊ ကျုပ်ပြောမယ် ခင်ဗျားက အမြင်ကျဥ်းလွန်းတယ်။ ခင်ဗျားလို မလောက်လေးမလောက်စား ဆေးဝါးပညာရှင်တစ်ယောက်က နေနဲ့လဟာ သက်ရှိအရာအားလုံးကို မွေးဖွားပေးတဲ့ ပန်းပဲဖိုတစ်ခုလို့ အခိုင်အမာပြောရဲတယ်လား။ ခင်ဗျားကိုယ် ခင်ဗျား ဘယ်လောက်အထင်ကြီးနေလဲ ဖော်ပြမှတော့ ကျုပ်၊ ဖန်မု ဒီနေ့ ခင်ဗျားကိုပြောမယ်။ နေနဲ့လက သက်ရှိအရာအားလုံးကို မွေးဖွားပေးခဲ့တဲ့ ပန်းပဲဖိုဆိုရင် ကောင်းကင်ပန်းပဲဖိုက နေနဲ့လနဲ့ပြောင်းလဲမှုတွေကို မွေးဖွားပေးခဲ့တဲ့အရာပဲ" နောက်ဆုံးစာကြောင်းသို့ရောက်ချိန်တွင် သူ၏အသံက မိုးခြိမ်းသံကြီးပမာ မြည်ဟည်းပြီး ချန်ကျားရှီ၏နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားရာ သူ့ကို ချက်ချင်းမျက်နှာပျက်သွားစေလေသည်။
***