ရန်ကျောက်ကဲရောက်လာတာက ခြိမ်းခြောက်မှုတစ်ခုပါ
Vol. 44 Ch. 612
အခန်း (၆၁၂) ရန်ကျောက်ကဲရောက်လာတာက ခြိမ်းခြောက်မှုတစ်ခုပါ
လိပ်နှင့်မြွေကြား ပိတ်မိနေသည့် ရန်ကျောက်ကဲစိတ်ထဲ အတွေးတစ်ခု ဝင်ရောက်လာသည်။
“တကယ်ပဲ ရွှမ်ဝူလိပ်နက်ပဲ...”
ကြောက်မက်ဖွယ်ရာ လက်သီးသိုင်းဝိညာဉ်များက ဘယ်မှတစ်ခု ၊ ညာမှတစ်ခု ဝင်ရောက်လာပြီး ရန်ကျောက်ကဲထံသို့ စုစည်းရောက်ရှိလာသည်။
တစ်ခုက မာကျောပြီး တစ်ခုက သိမ်မွေ့သည်။ တစ်ခုက လေးလံပြီး တစ်ခုက ပေါ့ပါးသည်။
ရန်ကျောက်ကဲ မျက်လုံးတစ်ချက်လှန်လိုက်မိသည်။
ထို့နောက် သူက လက်နှစ်ဖက်နောက်ပစ်ရင်း လေထဲတွင် မလှုပ်မယှက်မတ်တတ်ရပ်လျှက် ကြည်လင်သည့်ချီစွမ်းအားစီးကြောင်းများက သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် တိမ်တိုက်များအလား ထွက်ပေါ်လာသည်။
ဘေးနှစ်ဘက်မှထွက်ပေါ်လာသော လက်သီးသိုင်းဝိညာဉ်များက တိမ်တိုက်ချီစီးကြောင်းများဆီသို့ အရှိန်အဟုန်ဖြင့် ကျဆင်းရိုက်ခတ်လာပြီး ရှေ့ဆက်သွားနိုင်ခြင်းမရှိဘဲ တွန်းလှန်ခံလိုက်ရသည်။
ဘယ်ဘက်ခြမ်းတွင် ကျွန်းငယ်လေးတစ်ကျွန်းပမာ ကြီးမားသော ဧရာမလိပ်နက်ကြီးသည် အလွန်မာကျောသောစွမ်းအားကို ဆောင်ယူလျှက် ပင်လယ်ပြင်ကိုရိုက်ခတ်ကာ ပင်လယ်အောက်ခြေအထိ ထိုးခွင်းဝင်ရောက်သွားသည်။
ညာဘက်ခြမ်းရှိ ကောင်းကင်ထက်တွင် ရစ်ခွေနေသော ပေထောင်ပေါင်းများစွာ ရှည်လျားသည့် ဧရာမမြွေကြီးသည် ၎င်း၏ခန္ဓာကိုယ်ကို လုံးဝမထိန်းနိုင်တော့ဘဲ ပြင်းထန်သောတုံ့ပြန်မှုတစ်ခုကို ခံစားလိုက်ရသည့်အလား ပရမ်းပတာအခြေအနေသို့ရောက်ရှိသွားသည်။
တုန်လှုပ်ချောက်ချားသော အော်ဟစ်သံများ ပဲ့တင်ထပ်ထွက်ပေါ်လာပြီး နတ်မြွေကြီးနှင့် ရွှမ်ဝူလိပ်နက်တို့၏ပုံသဏ္ဌန်များ မှိန်ဖျော့ပျောက်ကွယ်သွားကာ သက်လတ်ပိုင်းလူရွယ်နှင့် အမျိုးသမီးတစ်ယောက် ပုံရိပ်ပေါ်လာသည်။
သူတို့ဘေးနားမှ သိုင်းသမားများက သူတို့အကြီးအကဲများကို ချက်ချင်းကာကွယ်ပေးရန် ဟန်ပြင်လိုက်ကြသော်လည်း လမ်းတစ်ဝက်တွင် ရပ်တန့်သွားသည်။
အဖွဲ့နှစ်ခုစလုံးမှ ခေါင်းဆောင်များက ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်ကြ၏။
ဘယ်ဘက်မှာတော့ ရှည်လျားသည့် ဆံပင်ဖြူများပိုင်ဆိုင်ပြီး ခါးအနည်းငယ်ကိုင်းသော အဘိုးအိုတစ်ယောက်ရှိနေသည်။ သို့သော် ထိုသူ မတ်တတ်ရပ်နေသောဟန်ပန်က ခမ်းနားလွန်းပြီး အခြားသူများထက် ပိုမိုအရပ်မြင့်မားသည်ဟု ထင်ရ၏။
ညာဘက်တွင်တော့ သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးက မျက်နှာတစ်ခုလုံးသုန်သုန်မှုံမှုံဖြင့်ရှိနေသည်။ သူမမျက်ဝန်းများထဲတွင် အေးစက်သောအလင်းရောင်များ တောက်ပနေသည်။
ရန်ကျောက်ကဲ၏အသွင်အပြင်နှင့် သူ့ဘေးနားမှ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို တွေ့ရသည့်အခါ သူတို့မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ် ကြောက်ရွံ့မှုများ ထွက်ပေါ်လာသည်။
ခါးကိုင်းကိုင်းအဘိုးအိုက ချက်ချင်းပင် လက်နှစ်ဖက်ဆုပ် ဂါရဝပြုရင်း...
“ခြေရာမဲ့တိမ်တိုက် ‘ရန်ယွင်ကျုန်း’ ရောက်လာမယ်လို့ ထင်မထားခဲ့မိဘူး ၊ ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းက အဘိုးကြီး ‘လုဖုန်း’ ... ‘ရန်’ သခင်လေးကို နှုတ်ဆက်ပါတယ်”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ဘာတွေဖြစ်နေကြတာလဲ... ‘လု’ ဂိုဏ်းချုပ်”
ထိုအဘိုးကြီးက လမ်းမှန်ဂိုဏ် (၇)ဂိုဏ်းတွင် တစ်ဂိုဏ်းအပါအဝင်ဖြစ်သော ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းချုပ် ‘လုဖုန်း’ ဖြစ်သည်။ သူ့ကို နှစ်တစ်ထောင်ဘိုးဘိုးဟု ခေါ်တွင်ပြီး သမုဒ္ဒရာကမ္ဘာရှိ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်များတွင် အဆင့် (၆) ရှိသည်။
ရေသလင်းနန်းတော် ၊ ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းနှင့် ချန်လီတောင်တို့က ဆက်ဆံရေးကောင်းမွန်ကြသည်ဖြစ်ရာ အရင်က ရန်ကျောက်ကဲ ချန်လီတောင်တွင် အချိန်အတန်ကြာ နေထိုင်ခဲ့စဉ်က လုဖုန်းနှင့် ဆုံခဲ့ဖူးသည်။
ရန်ကျောက်ကဲက သက်လတ်ပိုင်းအမျိုးသမီးကို လှည့်ကြည့်လိုက်ပြီး...
“အရင်က မင်းကိုတစ်ခါမှ မတွေ့ဖူးဘူး ၊ ဒါပေမဲ့ ကြည့်ရတာ... မြွေစိမ်းကျွန်းသခင်မ ဖြစ်ရမယ်”
ရန်ကျောက်ကဲနှင့်ရင်ဆိုင်ရသည့်အခါ အမျိုးသမီး၏မျက်ဝန်းများထဲမှ အေးစိမ့်သောအလင်းတန်းများ ပျောက်ကွယ်သွားပြီး ခဏမျှ တိတ်ဆိတ်နေပြီးမှ စကားဆိုသည်။
“ဒီ အဘွားကြီးက ကွမ်းကျင်းချုန်ပါ ၊ ခြေရာမဲ့နဂါးဘုရင်နဲ့ ဒီနေ့ ဆုံတွေ့ရတာ အရမ်း ဝမ်းသာမိပါတယ်”
သူမက မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းတွင်တစ်ဂိုဏ်းအပါအဝင်ဖြစ်သော မြွေစိမ်းကျွန်း၏ အုပ်ချုပ်သူသခင်မ ဖြစ်သည်။ သူမကို ‘မြေစိမ်းဒေဝီ’ ကွမ်းကျင်းချုန်ဟု လူသိများပြီး သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်များတွင် အဆင့် (၅) ရှိလေရာ နှစ်တစ်ထောင်ဘိုးဘိုး ‘လုဖုန်း’ ထက် အဆင့်တစ်ဆင့် ပိုမိုမြင့်မားသည်။
ကွမ်းကျင်းချုန်မှာ သက်လတ်ပိုင်းအမျိုးသမီးအသွင်ရှိသော်လည်း အတော်လေး အသက်ကြီးရင့်နေပြီ ဖြစ်၏။ သူမက လုဖုန်းနှင့် မျိုးဆက်အတူတူပင်ဖြစ်ပြီး သမုဒ္ဒရာကမ္ဘာတွင် သက်တမ်းအလွန်ရှည်ကြာပြီဖြစ်သော မိစ္ဆာကြီးတစ်ယောက် ဖြစ်သည်။
သမုဒ္ဒရာကမ္ဘာတွင် ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းနှင့် မြွေစမ်းကျွန်းတို့က ညှိနှိုင်းမရသောရန်သူများဖြစ်ကြသလို ဘယ်သောအခါမှ အတူတကွ ယှဉ်တွဲ၍ မရကြပေ။ သူတို့နှစ်ဂိုဏ်းကြားမှ ရန်ငြိုးရန်စက ချန်လီတောင်နှင့် သွေးနီနဂါးဂိုဏ်း ၊ ချန်လီတောင်နှင့် ရှားလော်ဂိုဏ်းတို့ထက်ပင် သာလွန်သည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာမှ နေသူတော်စင်ဂိုဏ်းနှင့် ကျောက်စိမ်းပင်လယ်မြို့တော် ၊ အထက်ဘုံကမ္ဘာမှ ကွမ်းမင်ဂိုဏ်းနှင့် ယိုးမင်ဂိုဏ်းတို့နှင့် ပမာပြုနိုင်သည်။
ရန်ကျောက်ကဲ အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ပြန်သွားပြီးနောက် သမုဒ္ဒရာကမ္ဘာ၏အခြေအနေတည်ငြိမ်သွားသည်နှင့် ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းနှင့် မြွေစိမ်းကျွန်းတို့၏ အငြင်းပွားမှုက ပေါက်ကွဲထွက်လာသည်။
ယခုပင် သူတို့နှစ်ဖွဲ့ တိုက်ခိုက်နေသည်မှာ ထင်ရှားသည်။
ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့် တွန်းလှန်ခံလိုက်ရသောကြောင့် သူတို့၏ ပင်ကိုယ်အသွင်များ ပြန်လည်ထွက်ပေါ်လာကြခြင်းပင်။
ယခုတော့ သူတို့နှစ်ယောက်လုံး နာခံမှုအပြည့်ဖြင့် တိုက်ပွဲဆက်မတိုက်ရဲကြတော့ပေ။
သို့သော် ရန်ကျောက်ကဲကိုတွေ့သည့်အခါ ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းမှ သိုင်းသမားများက အစပိုင်းတုန်လှုပ်သွားသော်လည်း တဖြည်းဖြည်း စိတ်ဓာတ်များတက်ကြွလာကြသည်။ မြွေစိမ်းကျွန်းမှလူများကတော့ မိဘများသေဆုံးသွားသည့်အလား အလွန်တရာ စိတ်ပျက်ကြေကွဲခြင်းကို ခံစားကြရ၏။
ရန်ကျောက်ကဲက သူတို့၏မျက်နှာအမူအရာများကို လျစ်လျူရှုလိုက်ပြီး ပတ်ဝန်ကျင်ကိုအကဲခတ်ရင်း ညင်သာစွာ မေးသည်။
“ငါတော့ မင်းတို့ကို နှောက်ယှက်မိတဲ့ပုံပဲ ၊ ဒါနဲ့ အခု သမုဒ္ဒရာကမ္ဘာ အခြေအနေဘယ်လိုရှိလဲ တစ်ယောက်ယောက်များ ရှင်းပြနိုင်မလား”
ရန်ကျောက်ကဲအနောက်ဘက်တွင် တဖြည်းဖြည်းပျောက်ကွယ်သွားသော ကမ္ဘာဖြတ်လမ်းကြောင်းကိုကြည့်ရင်း လုဖုန်း၏မျက်နှာအမူအရာ ပြောင်းလဲသွားခြင်း မရှိသည့်တိုင် စိတ်ထဲမှာတော့ ဒီရေလှိုင်းလုံးကြီးမြင့်တက်လာသည့်ပမာ လှုပ်ရှားသွားသည်။
“သူက တကယ်ပဲ ဒီ သမုဒ္ဒရာကမ္ဘာက မဟုတ်ဘူးပဲ”
ရန်ကျောက်ကဲ သမုဒ္ဒရာကမ္ဘာမှထွက်ခွာသွားပြီးနောက် အခြားကမ္ဘာများသို့ လှည့်လည်သွားလာနေသည်မှာ ဖြစ်နိုင်ခြေ ရှိသော်လည်း ပထမဆုံးအကြိမ် သမုဒ္ဒရာကမ္ဘာတွင် ရန်ကျောက်ကဲ ထွက်ပေါ်လာစဉ်က တစ်ကမ္ဘာလုံးကို အံ့အားသင့်စရာကောင်းအောင် စွမ်းဆောင်ပြနိုင်ခဲ့သည်။ သို့တိုင် သူ၏ ဇာစ်မြစ်ကို မည်သူမှ မသိခဲ့ကြပေ။
ထိုစဉ်အချိန်ကတည်းက ရန်ကျောက်ကဲမှာ ဤသမုဒ္ဒရာကမ္ဘာမှ မဖြစ်နိုင်ဟု လုဖုန်းတွေးထင်ခဲ့မိသည်။
ရင်ထဲတွင် ဒီရေလှိုင်းလုံးကြီးများပမာ ခံစားချက်များပြင်းထန်နေသော်လည်း လုဖုန်းက တစ်ချက်ပင် မတုံ့ဆိုင်းရဲဘဲ...
“လက်ရှိ သမုဒ္ဒရာကမ္ဘာအခြေအနေကတော့ လမ်းမှန်သိုင်းဂိုဏ်းတွေဘက်က အသာစီးရနေပါတယ် ၊ ကျွန်တော်တို့ လမ်းမှန်မျိုးဆက်တွေဟာ မိစ္ဆာတွေရဲ့ လှည့်စားမှုတွေနဲ့ ထိုးနှက်ချက်တွေကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခဲ့တယ် ၊ ဒါကြောင့် ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့အချိန်ကာလလို့ ဆိုလို့ရပါတယ်”
သူက ဆက်ပြောသည်။
“ဒီလို ဖြစ်တာကလည်း အရင်တုန်းက ‘ရန်’ သခင်လေး ကူညီပေးခဲ့တာတွေကြောင့်ပါ... ‘ရန်’ သခင်လေးကို ကျေးဇူးတင်ပါတယ်”
ထိုစကားကိုကြားတော့ ကွမ်းကျုန်းချုန်က ခပ်တိုးတိုးနှာမှုတ်သံတစ်ချက်ပြုလုပ်လိုက်သော်လည်း ထိုအချက်က အမှန်ပင်ဖြစ်သဖြင့် မငြင်းဆန်နိုင်ခဲ့ပေ။
ယခု ဖန်းယွင်ရှန်း ၊ အားဟူ ၊ ဖူအန်းစုနှင့် အခြားသူများလည်း ထွက်ပေါ်လာပြီး သူတို့အားလုံးက လုဖုန်းပြောပြသည့် သမုဒ္ဒရာကမ္ဘာအခြေအနေများကို နားထောင်နေကြသည်။
အဘိုးကြီး’လုဖုန်း’ စကားများအရ ရန်ကျောက်ကဲ ထွက်ခွာလာပြီးနောက်ပိုင်း သမုဒ္ဒရာကမ္ဘာ၏အခြေအနေ သိသိသာသာ ပြောင်းလဲသွားကြောင်း သိလိုက်ရသည်။ ပြီးတော့ ထိုအပြောင်းအလဲများက သူနှင့်ပတ်သက်ဆက်နွယ်နေသည်။
သမုဒ္ဒရာကမ္ဘာ၏ အချိန်စီးဆင်းမှုကို ရေတွက်ကြည့်လျှင် သူထွက်ခွာသွားသည်မှာ အချိန် (၈)နှစ်ခန့်ပင် ကြာမြင့်ခဲ့ပေပြီ။
လွန်ခဲ့သော (၈)နှစ်က ရန်ကျောက်ကဲသည် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘နဂါးကိုးကောင်လက်ချောင်း’ ကို ယူဆောင်သွားခဲ့ပြီး ကြံ့ဝိညာဉ်ကျွန်းမှ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင် (၂)ယောက်ကို သတ်ဖြတ်ကာ ကြီးကြီးမားမား ထိခိုက်စေခဲ့သည်။
လမ်းမှန်ဂိုဏ်း (၇)ဂိုဏ်းမှ သွေးနီနဂါးဂိုဏ်းကိုလည်း မိစ္ဆာဂိုဏ်းများပူးပေါင်းကာ သုတ်သင်ပစ်ခဲ့သည်။
ထိုအချိန် မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းမှ သိုင်းသူတော်စင်နှစ်ယောက်အနက် မိစ္ဆာသူတော်စင် ‘လင်ချန်းချန်’ က ရန်ကျာက်ကဲကြောင့် သေဆုံးခဲ့ပြီး အခြားသော ထိပ်သီးသိုင်းဂိုဏ်းတစ်ခုဖြစ်သည့် လေ့ဟွမ်ဂိုဏ်းသည်လည်း နဂါးသင်္ချိုင်းကြောင့် ပျက်ဆီးခြင်းသို့ရောက်ခဲ့ရသည်။
လေ့ဟွမ်ဂိုဏ်းချုပ် ‘သွေးနီမိုးကြိုးဘုရင်’ “ကန်းဟွေ” သည် ထိပ်တန်းသိုင်းသမားအနည်းငယ်နှင့် လွတ်မြောက်သွားသော်လည်း နဂါးသင်္ချိုင်းတွင် ရန်ကျောက်ကဲ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် လေ့ဟွမ်ဂိုဏ်းသည်လည်း လောကမှ ပျောက်ကွယ်သွားခဲ့သည်။
ထို့ပြင် သမုဒ္ဒရာကမ္ဘာ၏ လောကပထမ သိုင်းသူတော်စင် ၊ ကျန်လုန်ဂိုဏ်းချုပ် ကျောက်ကျုန်းသည်လည်း ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားလက်ချက်ဖြင့် နဂါးသင်္ချိုင်းတွင် ဒဏ်ရာအပြင်းအထန်ရသွားခဲ့ပြီး လက်တစ်ဖက် ဆုံးရှုံးခဲ့ရသည်။ သူ၏ စွမ်းအားအတော်လေးလျော့နည်းသွားပြီး ကြီးမားသောရိုက်ချက်ကို ခံစားခဲ့ရသည်။
လမ်းမှန်ဂိုဏ်းဘက်မှာတော့ ချန်လီတောင်ဂိုဏ်းချုပ် ကောင်းထျန်းကျုန်းက သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်တစ်ယောက်ဖြစ်သည်။ သူက ကန်းဟွေထက် တစ်ဆင့်နိမ့်ပြီး အဆင့် (၂) နေရာတွင် ရပ်တည်နေကာ သိုင်းသူတော်စင်အဆင့်တက်ရောက်နိုင်ရန် ခြေတစ်လှမ်းမျှသာ လိုတော့သည်။
ကောင်းထျန်းကျုန်းက ရန်ကျောက်ကဲနှင့်အတူ နဂါးသင်္ချိုင်းအတွင်းဝင်ရောက်ခဲ့သူဖြစ်ရာ အခြားသောသိုင်းဂိုဏ်းများထက် အကျိုးအမြတ်များစွာ ပိုမိုရရှိခဲ့သည်။ နဂါးသင်္ချိုင်းမှပြန်လာပြီးနောက် အပြင်းအထန် ကျင့်ကြံခဲ့ရာ ကျင့်ကြံခြင်းတစ်ဆို့မှုကို ကျော်ဖြတ်ပြီး “သိုင်းသူတော်စင်” အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
ထို့ကြောင့် လက်ရှိတွင် ချန်လီတောင်က သမုဒ္ဒရာကမ္ဘာ၏ ထိပ်တန်းအဆင့် စွမ်းအားစုတစ်ခု ဖြစ်လာသည်။
ထိုသို့ဖြင့် လွန်ခဲ့သောနှစ်များအတွင် မိစ္ဆာဂိုဏ်းများ ကြောက်မက်ဖွယ်ရာ ဖိအားပေးခံရပြီး အားနည်းသွားကာ လမ်းမှန်ဂိုဏ်းများက အလွန်တိုးတက်ထွန်းကားလာသည်။
လေ့ဟွမ်ဂိုဏ်းအပြင် ရှားလော်ဂိုဏ်း၏ နံပါတ် (၁) ထိပ်တန်းသိုင်းသမားတစ်ယောက်ကိုလည်း ရန်ကျောက်ကဲက သုတ်သင်ပစ်ခဲ့သည်ဖြစ်ရာ မိစ္ဆာသိုင်းဂိုဏ်း (၆) ဂိုဏ်းသည် သမိုင်းထဲတွင် အပြည့်အဝ ကွယ်ပျောက်သွားလုနီးပါး ဖြစ်ခဲ့သည်။
လက်ရှိအချိန်မှာတော့ ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းက မြွေစိမ်းကျွန်းကို အဆက်မပြတ် လိုက်လံတိုက်ခိုက်လျှက် ရှိ၏။
ကွမ်းကျင်းချုန်က သိမ်မွေ့ဟန်ရှိသော်လည်း အတော်လေး စိတ်ဓာတ်ပြင်းထန်သူ ဖြစ်သည်။ မကြာခင်ကပင် ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းကြောင့် ဖိအားများစွာ ရင်ဆိုင်နေရပြီး ယခုလည်း လုဖုန်းတို့အုပ်စုက ဝင်္ကပါပင်လယ်တွင် သူတို့ကို အလစ်ချောင်းတိုက်ခိုက်သဖြင့် တန်ပြန်တိုက်ခိုက်နေခြင်းသာပင်။
နှစ်ဘက်ထိပ်တိုက်တွေ့ပြီးနောက် ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်း အရေးနိမ့်မလိုဖြစ်နေစဉ် ရန်ကျောက်ကဲ ပေါ်လာခြင်းဖြစ်သည်။ မည်သူမှ ထုတ်ဖော်မပြောကြသော်လည်း ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းဘက်မှ စိတ်ဓာတ်များတက်ကြွလာပြီး မြွေစိမ်းကျွန်းကတော့ စိတ်ပျက်လက်ပျက် ဖြစ်ကြရသည်။
ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းနှင့်မဟာမိတ်ဖြစ်သော ချန်လီတောင်တွင် ရန်ကျောက်ကဲက အချိန်ကြာမြင့်စွာ ဧည့်သည်တော်အဖြစ် နေထိုင်ခဲ့ဖူးသည်။
ထို့ကြောင့် ကွမ်းကျင်းချုန်မှာ အနက်ရောင်တိမ်တိုက်များနှင့် ဦးခေါင်းထက်သို့ ဖိနှိပ်ထားသလို ခံစားနေရပြီး မြွေစိမ်းကျွန်းမှသိုင်းသမားများမှာလည်း အလင်းရောင်လုံးဝမမြင်နိုင်သည့် အမှောင်ထု၏ဖိအားကို ခံစားနေကြရလေတော့သည်။