သမုဒ္ဒရာကမ္ဘာရဲ့အာဏာချိန်ခွင်လျှာကို ပြောင်းလဲနိုင်သူတစ်ယောက်
Vol. 44 Ch. 613
အခန်း (၆၁၃) သမုဒ္ဒရာကမ္ဘာရဲ့အာဏာချိန်ခွင်လျှာကို ပြောင်းလဲနိုင်သူတစ်ယောက်
“ကိစ္စရပ်တွေအတော်များများ ပြောင်းလဲသွားတာပဲ”
လုဖုန်းပြောပြသည့် သမုဒ္ဒရာကမ္ဘာအခြေအနေကို ရန်ကျောက်ကဲက စိတ်အားထက်သန်စွာနားထောင်ရင်း မှတ်ချက်ပြုသည်။
ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းနှင့် မြွေစိမ်းကျွန်းမှလူများအားလုံးက စိတ်ထဲက ရေရွတ်လိုက်ကြသည်။
“ဟုတ်တယ် အဖြစ်အပျက်တွေအများကြီး ပြောင်းလဲသွားခဲ့တယ် ၊ ဒါတွေအားလုံးက မင်းကြောင့်ပဲလေ...”
အချိန်များစွာ ဖြတ်သန်းခဲ့ပြီးဖြစ်သော်လည်း ရန်ကျောက်ကဲနှင့်ပတ်သက်သော ဒဏ္ဍာရီများစွာ သူတို့စိတ်ထဲတွင် ပြန်လည်သတိရလာသည်။
ထိုလူငယ် သမုဒ္ဒရာကမ္ဘာတွင် ထွက်ပေါ်လာစဉ်က အမတဝိညာဉ် သိုင်းဆရာသခင်တစ်ယောက်မျှသာဖြစ်သော်လည်း စွမ်းအားအမြင့်ဆုံး အမတဝိညာဉ်အဆင့် သိုင်းဆရာခင်များဖြစ်ကြသည့် ရေသလင်းနန်းတော်မှ ကျန်းဟောက်ချန်နှင့် ကျန်လုန်ဂိုဏ်းမှ လီချန်တို့ကို သိုင်းကွက်တစ်ကွက်တည်းဖြင့် အနိုင်ယူခဲ့သည်။
ထို့နောက်မှာတော့ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်အဖြစ်သို့ တက်ရောက်ခဲ့သည်။
သူက ကြံ့ဝိညာဉ်ကျွန်းသခင် ‘ဖန်ခန်း’ကို သတ်ဖြတ်ခဲ့သလို သွေးနီနဂါးဂိုဏ်းမှ နဂါးကိုးကောင်လက်သည်းဘုရင် ‘နျန်ချန်’ ကိုလည်း သတ်ဖြတ်ခဲ့ပြီး အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော နဂါးကိုးကောင်လက်ချောင်းကို ယူဆောင်သွားခဲ့သည်။
မိစ္ဆာသူတော်စင် လင်ချန်းချန်နှင့် လေ့ဟွမ်ဂိုဏ်းမှ ‘သွေးနီမိုးကြိုးဘုရင်’ “ကန်းဟွေ” ကိုလည်း သတ်ဖြတ်ခဲ့ပြီး ကျန်လုန်ဂိုဏ်းချုပ် ‘ပင်လယ်ခုနစ်စင်းအရှင်’ ‘ကျောက်ကျုန်း’ ကိုလည်း ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့သည်။
သမုဒ္ဒရာကမ္ဘာ၏ ထိပ်တန်းသိုင်းကျင့်ကြံသူ ထက်ဝက်နီးပါး ထိုလူငယ်လက်ချက်ဖြင့် အသတ်ခံခဲ့ရသည်။ ရာစုနှစ်များစွာ တည်မြဲရှည်လျားခဲ့သော သမုဒ္ဒရာကမ္ဘာ၏အခြေအနေသည် ရန်ကျောက်ကဲတစ်ယောက်တည်းကြောင့် မိုးမြေ ပြောင်းပြန်လန်သည့်အလား ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ရသည်။
ထို့နောက် နဂါးသင်္ချိုင်းအတွင်းဝင်ရောက်စဉ် ရန်ကျောက်ကဲ သမုဒ္ဒရာကမ္ဘာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
ချန်လီတောင်ကတော့ ရန်ကျောက်ကဲ ခရီးရှည်တစ်ခုထွက်ခွာသွားကြောင်း ပြင်ပကမ္ဘာသို့ ကြေညာခဲ့၏။
သို့သော် နှစ်ပေါင်းများစွာ ကုန်လွန်လာသည့်တိုင် ရန်ကျောက်ကဲ ထွက်ပေါ်လာခြင်းမရှိလေရာ ရန်ကျောက်ကဲ နဂါးသင်္ချိုင်းအတွင်း အသက်ဆုံးသွားခဲ့ပြီဟု အားလုံးက ယူဆခဲ့ကြသည်။ ချန်လီတောင်က ရန်ကျောက်ကဲ၏ အခွင့်အာဏာကို အသုံးချချင်သည့်အတွက် တမင်သက်သက် သတင်းမှားလွှင့်ခဲ့သည်ဟု တွေးထင်ကြ၏။
ယနေ့မှာတော့ အတိတ်တစ်ချိန်က သွေးပျက်စရာမိစ္ဆာလေး ပြန်လည်ထွက်ပေါ်လာခဲ့ပြီး လူတိုင်း အရင်ကအကြောင်းအရာများကို ပြန်လည်တွေးတောမိကြသည်။
ထို့ကြောင့် ရန်ကျောက်ကဲနှင့် တစ်ဖက်တည်းဟု သတ်မှတ်နိုင်သည့် ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းမှ သိုင်းသမားများသည်ပင် စိတ်ထဲ မသက်မသာ ခံစားရလေရာ မြွေစိမ်းကျွန်းမှလူများကတော့ ပြောနေစရာမလိုတော့ပေ။ စိတ်ထဲတွင် အလွန်တုန်လှုပ်လျှက် ရှိကြသည်။
ကွမ်းကျင်းချုန်တို့အုပ်စုမှာ အပြင်ပန်းမျက်နှာမပျက်ယွင်းအောင် ထိန်းထားနိုင်ကြသော်လည်း စိတ်ထဲကတော့ တကယ့် ရန်သူကြီးတစ်ယောက်နှင့်ရင်ဆိုင်ရပြီးဟု တွေးတောနေမိကြသည်။
ရန်ကျောက်ကဲက ခေါင်းတစ်ချက်ညိတ်ရင်း...
“အားလုံးပြောပြတဲ့အတွက် ကျေးဇူးပါ ‘လု’ ဂိုဏ်းချုပ် ၊ ငါ အခု ချန်လီတောင်ကိုသွားတော့မယ် ၊ မင်းတို့ကို မနှောက်ယှက်တော့ဘူး”
“......”
ရန်ကျောက်ကဲလေသံက အလွန်သိမ်မွေ့သော်လည်း ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းမှလူများ မှင်တက်သွားကြသည်။
သူတို့အားလုံး ငေးကြောင်လျှက် မတ်တတ်ရပ်နေမိကြချိန် လုဖုန်းက ထွက်ခွာသွားတော့မည့် ရန်ကျောက်ကဲအား ကမန်းကတန်း လှမ်းခေါ်လိုက်သည်။
“’ရန်’ သခင်လေး...”
ရန်ကျောက်ကဲက ဘာမှမသိသလိုအမူအရာဖြင့်...
“ဘာကိစ္စများရှိသေးလို့လဲ ‘လု’ ဂိုဏ်းချုပ်”
လုဖုန်းမှာ ရန်ကျောက်ကဲကိုသာကြည့်နေပြီး လျှာကိုချုပ်နှောင်ခံထားရသည့်အလား ဘာပြောရမှန်းမသိ ဖြစ်နေသည်။
သူ ခါးကိုင်းနေရသည့်အကြောင်းရင်းမှ ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်း၏ ထူးခြားသောသိုင်းပညာကို လေ့ကျင့်ထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူ၏ခါးက လိပ်တစ်ကောင်၏နောက်ကျောကဲ့သို့ ကွေးညွှတ်နေခြင်း ဖြစ်၏။
ထို့ကြောင့် ဤသို့ ခါးကိုင်းနေခြင်းက အသက်ကြီးရင့်ခြင်းနှင့် အားနည်းခြင်းကို ပြသသည်မဟုတ်ဘဲ ပင်လယ်ရေနက်ထဲမှ ဝိညာဉ်လိပ်တစ်ကောင်၏ လေးလံသော တန်ခိုးစွမ်းအားကိုသာ ကိုယ်စားပြုသည်။
သို့ပေသိ ယခု ရန်ကျောက်ကဲကို ရင်ဆိုင်ရသည့်အခါ လုဖုန်းမှာ အမှန်တကယ်ပင် ခါးကိုမတ်မတ်မထားနိုင်ဘဲ ခါးညွှတ်အရိုအသေပေးနေရသည့်အလား ခံစားရသည်။
သူက အူကြောင်ကြောင်တစ်ချက်ပြုံးရင်း မျက်နှာချင်းဆိုင်မှ ကွမ်းကျင်းချုန်တို့အုပ်စုကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ထိုအုပ်စုမှာလည်း သူတို့အုပ်စုကဲ့သို့ပင် မှင်တက်လျှက်သာ။
သူက ...
“’ရန်’ သခင်လေး... မင်း သိတဲ့အတိုင်း...”
ရန်ကျောက်ကဲက တည်ငြိမ်စွာခေါင်းညိတ်ရင်း...
“အင်း... မင်းတို့တွေဆက်တိုက်လို့ရပါတယ် ၊ ငါ့ကို အရေးမစိုက်ပါနဲ့ ၊ ငါ ဒီနေရာကို ရုတ်တရက်ရောက်လာတာ မင်းတို့တိုက်ပွဲကို ကြားဝင်နှောက်ယှက်ဖို့ မဟုတ်ပါဘူး”
လုဖုန်းမှာ ချက်ချင်း ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားသည်။
သူ ခဏမျှ စဉ်းစားလိုက်ပြီးနောက် ယခင်တစ်ချိန် ရန်ကျောက်ကဲ သမုဒ္ဒရာကမ္ဘာသို့ရောက်လာပြီး သူ၏ ဂိုဏ်းတူညီအစ်ကိုရှိသော ချန်လီတောင်တွင် အချိန်ကြာမြင့်စွာနေထိုင်စဉ်ကတည်းက အနှီလူငယ်သည် လမ်းမှန်ဘက်လိုက်သည်လား ၊ မိစ္ဆာလမ်းဘက်လိုက်သည်လား ဝေခွဲရန် ခက်ခဲလွန်းခဲ့သည်။
လင်ချန်းချန် ၊ ကန်းဟွေ ၊ ဖုန်းကျင်းရှန်တို့ကဲ့သို့ ကြောက်မက်ဖွယ်ရာမိစ္ဆာမျးကို သတ်ဖြတ်ပစ်ခဲ့သလို လမ်းမှန်ဂိုဏ်းဘက်မှ နျန်ချန် ၊ ဖန်ခန်းနှင့် ရှန်စစ်ချန်တို့လိုလူမျိုးများကိုလည်း အကြင်နာတရားမဲ့စွာ သုတ်သင်ခဲ့သည်ပင်။ ယခုဆိုလျှင် သွေးနီနဂါးဂိုဏ်းမှ နဂါးကိုးကောင်လက်သည်းသည်လည်း ရန်ကျောက်ကဲလက်ထဲတွင် ရှိနေသည်။
ဤလူငယ်၏သဘာဝက သူ့ကိုရန်စသူမည်သူမဆို လက်တုံ့ပြန်သုတ်သင်ပစ်မည်ပဲ ဖြစ်၏။ လမ်းမှန်ဂိုဏ်းဖြစ်စေ ၊ မိစ္ဆာဂိုဏ်းဖြစ်စေ အရေးစိုက်မည် မဟုတ်ပေ။
တွေးကြည့်လျှင် သူတို့ ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းမှ တပည့်များနှင့် သိုင်းသမားများက ဤလူငယ်ကို ရန်မစမိသည်မှာ ကောင်းကင်ဘုံကို ကျေးဇူးတင်ရပေမည်။
လုဖုန်း မချိပြုံးတစ်ချက် ပြုံးလိုက်၏။
ရန်ကျောက်ကဲက သူ့ကိုကူညီပြီး မြွေစိမ်းကျွန်းကို တိုက်ခိုက်ပေးမည်ဆိုသော အတွေးမှာ နည်းနည်းတော့ မျှော်လင့်ချက်ကြီးရာကျသည်။
မြွေစိမ်းကျွန်းမှလူများကတော့ နှိုင်းယှဉ်မရလောက်အောင် ကံကောင်းလှသည်ဟု ခံစားနေရသည်။
ကွမ်းကျင်းချုန်၏မျက်နှာထက် စိတ်သက်သာရာရသွားသောအမူအရာထွက်ပေါ်လာပြီး သူက သက်ပြင်းတစ်ချက်ချရင်း ရန်ကျောက်ကဲကို လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်သည်။
“ဒီအဘွားကြီးရဲ့ လက်အောက်ငယ်သားတွေက အခုပဲ ‘ရန်’ သခင်လေးကို တိုက်ခိုက်မိမလို ဖြစ်သွားရတဲ့အတွက် နက်နက်ရှိုင်းရှိုင်း တောင်းပန်ပါတယ်”
သူမဘေးနားမှ မြွေစိမ်းကျွန်း သိုင်းသမားများကလည်း ချက်ချင်းပင် ရန်ကျောက်ကဲကို တောင်းပန်သည့်အနေဖြင့် ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။
ထို့နောက် သူတို့က ရန်ကျောက်ကဲနှင့် ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းမှလူများကို တစ်ချက်အကဲခတ်လိုက်ပြီး ဝင်္ကပါပင်လယ်ထဲသို့ ပြန်လည်ဆုတ်ခွာ ပျောက်ကွယ်သွားကြတော့၏။
ပြန်လမ်းမဲ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများမှာလည်း ဘာမှမတတ်နိုင်စွာ လက်ပိုက်ကြည့်နေရသည်ပင်။ တိုက်ပွဲအခြေအနေက သူတို့ဘက်မှ အရေးနိမ့်နေပြီး ရန်ကျောက်ကဲသာ ရောက်မလာလျှင် သူတို့ ရှုံးနိမ့်ရမည် ဖြစ်သည်။ ထို့ကြောင့် သူတို့အနေဖြင့် မြွေစိမ်းကျွန်းနောက်သို့ လိုက်ပါတိုက်ခိုက်ရဲခြင်း မရှိပေ။
မြွေစိမ်းကျွန်းမှာလည်း သူတို့အစီအစဉ် ပျက်ဆိးသွားသည့်တိုင် စိတ်ပျက်လက်ပျက်ဖြစ်ခြင်းထက် စိတ်နှလုံးပေါ့ပါးကာ ပျော်ရွှင်လျှက်ရှိသည်။
ဖန်းယွင်ရှန်း ၊ ဖူအန်းစု ၊ စစ်ခုန်ချင်း ၊ ယင်လုန်ထူနှင့် အခြားတပည့်များအားလုံးကတော့ မြင်ကွင်းကိုကြည့်ရင်း အချို့က နားမလည်နိုင်ဖြစ်နေကြကာ အချို့ကတော့ အတွေးနက်နေကြသည်။
ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းမှတပည့်များကတော့ စိတ်ပျက်လက်ပျက်ဖြစ်သွားကြသည့်တိုင် ရန်ကျောက်ကဲကို ငေးကြည့်ရင်း ဘာပြောရမှန်း မသိကြပေ။
လုဖုန်း သတိပြန်ဝင်လာပြီး မြွေစိမ်းကျွန်းအကြောင်း ထပ်မပြောတော့ရန် ဆုံးဖြတ်လိုက်၏။
စောစောက ရန်ကျောက်ကဲကို တိုက်ခိုက်မိမလို ဖြစ်သွားရခြင်းအတွက် သူ၏ဂိုဏ်းသားများကိုခေါ်ကာ တောင်းပန်ခိုင်းလိုက်သည်။
လုဖုန်းကပြုံးရင်း...
“ဝင်္ကပါပင်လယ်ကနေ ချန်လီတောင်ရှိတဲ့ တည်ရာမဲ့ပင်လယ်ကို သွားမယ်ဆိုရင် ကျွန်တော်တို့ ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းတည်ရှိတဲ့ လိပ်ပျံပင်လယ်ကို ဖြတ်ရမျာပဲ မဟုတ်လား ‘ရန်’ သခင်လေး ၊ ခင်ဗျား စိတ်မရှိဘူးဆိုရင် အတူတူ သွားကြမယ်လေ”
ရန်ကျောက်ကဲကလည်း သိမ်မွေ့စွာပြုံးရင်း...
“အင်း... အဆင်ပြေပါတယ်”
လုဖုန်း အလွန်ပျော်သွားပြီး ရန်ကျောက်ကဲနှင့်အတူ ခရီးထွက်လာခဲ့ကြသည်။
ရန်ကျောက်ကဲက လမ်းလျှောက်လာရင်း...
“’လု’ ဂိုဏ်းချုပ်တို့ဂိုဏ်းနဲ့ မြွေစိမ်းကျွန်း တိုက်ခိုက်တာကို အခုပဲ လေ့လာကြည့်မိတာ... ဒီသိုင်းပညာနှစ်ခုက တစ်ခုက ခံစစ် ၊ တစ်ခုက တိုက်စစ် ၊ တစ်ခုက ယင် ၊ တစ်ခုက ယန် ၊ တစ်ခုက မာကျောပြီး တစ်ခုက သိမ်မွေ့တယ် ၊ ကြည့်ရတာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေသလိုပဲ ၊ ဇာစ်မြစ်တစ်ခုတည်းက ဆင်းသက်လာတာ ဖြစ်ရမယ်”
သူက ဆက်ပြောသည်။
“ငါ အထင်မမှားဘူးဆိုရင် အဲဒီသိုင်းပညာနှစ်ခုလုံးက ရွှမ်ဝူမျိုးဆက်က ဆင်းသက်လာတာဖြစ်ရမယ်... ဟုတ်တယ်မလား”
လုဖုန်းက ခေါင်းညိတ်ရင်း...
“အမှန်ပါပဲ... ၊ ကျွန်တော်တို့ဂိုဏ်းတည်ထောင်သူနဲ့ မြွေစိမ်းကျွန်းတည်ထောင်သူက အရင်တုန်းက သဘောတူညီမှု လုပ်ခဲ့ကြတယ် ၊ သူတို့နှစ်ယောက်လုံး မဟာကပ်ဘေးမတိုင်ခင်က ရွှမ်ဝူအမွေအနှစ်ကို ရရှိခဲ့ကြတယ် ၊ ဒါပေမဲ့ နောက်ပိုင်း ပဋိပက္ခဖြစ်ကြပြီး အဲဒီသိုင်းအမွေအနှစ် တစ်ဝက်စီကွဲသွားတယ်”
သူက ဆက်ပြောသည်။
“ကျွန်တော်တို့ဂိုဏ်းက ရွှမ်ဝူလိပ်နက်အပိုင်းကို ရရှိခဲ့ပြီး မြွေစိမ်းကျွန်းကတော့ ရွှမ်ဝူမြွေအပိုင်းကို ရရှိသွားခဲ့တယ်”
ဤအဖြစ်အပျက်က သမုဒ္ဒရာကမ္ဘာတွင် လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။
လုဖုန်းက သက်ပြင်းချရင်း...
“ရွှမ်ဝူအမွေအနှစ်နဲ့အတူ ကျွန်တော်တို့ဂိုဏ်းက လမ်းမှန်ဂိုဏ်းအဖြစ် ဖြောင့်မတ်စွာ ရပ်တည်ခဲ့တယ် ၊ မိစ္ဆာဂိုဏ်းတွေကို ဖိနှိပ်ပြီး မကောင်းမှုကို နှိမ်နင်းခဲ့တယ် ၊ ဒီတော့ ရွှမ်ဝူသိုင်းပညာအမွေအနှစ် မိစ္ဆာတွေလက်ထဲကျရောက်သွားတာကို မကြည့်မနေနိုင်ဘူး ၊ သူတို့က အဲဒီသိုင်းပညာကို ယုတ်မာတဲ့လုပ်ရပ်တွေအတွက် အသုံးပြုတယ်လေ”
“နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် အမွေအနှစ်ရဲ့ ကျန်တဲ့တစ်ဝက်ဟာ မြွေစိမ်းကျွန်းမှာ အသိအမှတ်မပြုနိုင်လောက်အောင် ပုံပျက်ပန်းပျက် ဖြစ်နေခဲ့ပြီ ၊ မျိုးဆက်တိုင်းက ဘိုးဘေးတွေဟာ ဒီအကြောင်းတွေးမိတိုင်း နာကျင်ခံစားကြရသလို ဒီအဘိုးကြီးလည်း ထပ်တူခံစားရပါတယ်”
“မူရင်း အမွေအနှစ်တစ်ခုလုံး ပြန်လည်စုစည်းနိုင်မယ်လို့ အမြဲတမ်းမျှော်လင့်ထားပါတယ် ၊ ဒါမှ မဟာကပ်ဘေးကြီးမတိုင်ခင်က ဘိုးဘေးတွေကို လေးစားရာရောက်မှာပေါ့”
ဤနှစ်များအတွင်း ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းနှင့် မြွေစိမ်းကျွန်းတို့ မကြာခဏ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး တပည့်ငယ်များလည်း ဖမ်းဆီးခြင်းခံခဲ့ရသည်။ သို့သော် သိုင်းပညာအမွေအနှစ်များကိုတော့ ပြန်လည်သိမ်းယူနိုင်ခြင်း မရှိခဲ့ပေ။
လုဖုန်း သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်ဖြစ်နေသည်မှာ နှစ်ပေါင်းများစွာကြာပြီ ဖြစ်သည်။
ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းနှင့် မြွေစိမ်းကျွန်းမှ ရရှိထားသော ရွှမ်ဝူမျိုးဆက် သိုင်းပညာက အနည်းငယ်မျှသာဖြစ်သော်လည်း ထိုသိုင်းပညာနှစ်ခုကို ပြန်လည်ပေါင်းစည်းနိုင်လျှင် သိုင်းသူတော်စင်အဆင့်သို့ ချက်ချင်းတက်ရောက်နိုင်မည်ဟု လုဖုန်းက ယုံကြည်ထားသည်။
လုဖုန်းစကားများကိုကြားတော့ ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်၏။
သူ့မျက်နှာအမူအရာက ပြောင်းလဲခြင်းမရှိဘဲ လက်သီးချက်တစ်ချက်ထုတ်ဖော်ကာ သူ့အရှေ့မှ လေထုထဲသို့ ထိုးစိုက်ချလိုက်သည်။
လက်သီးချက်ထိုးနှက်ပြီးသည်နှင့် ရန်ကျောက်ကဲက ချက်ချင်းပြန်လည်ရုတ်သိမ်းလိုက်သည်။
သို့သော် လုဖုန်းမှာတော့ ပင်လယ်ထဲ ဇောက်ထိုးပြုတ်ကျသူပမာ ခေါင်းတစ်ခုလုံး ချာချာလည် မူးဝေသွားရလေသည်။
“’ရန်’... ‘ရန်’ သခင်လေး...”
အဘိုးအိုမှာ ရန်ကျောက်ကဲ၏လက်များကို စူးစိုက်ကြည့်နေပြီး စကားပင် သေသေချာချာ မပြောနိုင်တော့ပေ။
ရန်ကျောက်ကဲကတော့ ဘာမှမဟုတ်သလို အမူအရာဖြင့် လက်နှစ်ဖက်နောက်ပစ်လျှက် ရှေ့ဆက်လျှောက်သွားလေတော့၏။