← Chapters

မင်းကိုသင်ပြပေးမယ်

Vol. 44 Ch. 614

မင်းကိုသင်ပြပေးမယ်

Vol. 44 Ch. 614

အခန်း (၆၁၄) မင်းကိုသင်ပြပေးမယ်

ရန်ကျောက်ကဲက သူ စောစောက လုပ်ခဲ့သောအလုပ်နှင့်ပတ်သက်ပြီး ထူးထူးခြားခြား ခံစားချက်မရှိဟန် ပေါ့ပေါ့ပါးပါးပင် လမ်းလျှောက်ထွက်ခွဦသွားသည်။

သို့သော် လုဖုန်းကတော့ အလွန်တရာ တုန်လှုပ်လျှက် မူးမေ့လဲမတတ် ဖြစ်သွားရ၏။

“’ရန်’ သခင်လေး... ခင်ဗျားကလည်း ရွှမ်ဝူမျိုးဆက်ပဲလား”

လုဖုန်းက ခံစားချက်အပြည့်ဖြင့် မေးလိုက်သည်။

သူ ခံစားချက် မပြင်းထန်ဘဲ အဘယ်မှာ နေနိုင်ပါမည်နည်း။

ရန်ကျောက်ကဲ၏ ရိုးရှင်းသောလက်သီးချက်ထဲတွင် အဆုံးမရှိသော နက်နဲမှုများ ပါဝင်နေသည် မဟုတ်လား။ ထိုရိုးရှင်းသော လက်သီးချက်ထဲတွင် ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းနှင့် မြွေစိမ်းကျွန်းမှ ထိပ်တန်းအဆင့် သိုင်းပညာအနှစ်သာရများ ပေါင်းစပ်ထားသည်ဟု ထင်မှတ်ရသည်။

စောစောက ရန်ကျောက်ကဲ ထုတ်ဖော်ပြသလိုက်သည့် လက်သီးချက်ကို တစ်ချက်မျှကြည့်ရုံဖြင့် လုဖုန်းစိတ်ထဲမှ သံသယမြူမှုံများကင်းစင်သွားကာ သိုင်းသူတော်စင်အဆင့်တက်ရောက်ရန် ပိုမိုနီးကပ်လာသည်ဟု ခံစားရသည်။ မည်သည့်နေရာမှထွက်ပေါ်လာမှန်းမသိသော မိုးခြိမ်းသံက လုဖုန်းအား ထိတ်လန့်တုန်လှုပ်သွားစေသည်။

ရန်ကျောက်ကဲကို စိတ်အားထက်သန်စွာ စူးစိုက်ကြည့်ရင်း အဘိုးအို၏ ခါးကိုင်းကိုင်းသည်ပင် ဖြောင့်စင်းတည့်မတ်သွားရသည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲ မျက်နှာအမူအရာပြောင်းလဲသွားခြင်း မရှိသည့်တိုင် စိတ်ထဲကတော့ ပြုံးလိုက်၏။

ကျန်းဝူဧကရာဇ်ဟုလူသိများသော ရွှမ်ဝူကောင်းကင်ဧကရာဇ်ကို ကျန်းဝူမိစ္ဆာနှိမ်နင်းဧကရာဇ် ၊ မိစ္ဆာနှိမ်နင်းကောင်းကင်အရှင်ဟုလည်း လူသိများကြသည်။ ထိုနတ်ဘုရားက မဟာကပ်ဘေးမတိုင်ခင်က ဒဏ္ဍာရီဆန်သည့် ဖြစ်တည်မှုတစ်ခု ဖြစ်ပြီး ထိပ်တန်းအဆင့် တန်ခိုးရှင်တစ်ယောက်လည်း ဖြစ်သည်။

သူ ချန်ထားခဲ့သော သိုင်းပညာအမွေအနှစ်ကို “ရွှမ်ဝူလက်သီးသိုင်းကျမ်း” ဟု ခေါ်ဆိုသည်။

ခံစစ်နှင့်တိုက်စစ် ၊ ယင်နှင့်ဘန် ၊ မာကျောခြင်းနှင့် သိမ်မွေ့ခြင်းများ ပေါင်းစည်းထားသည့် အနန္တတန်ခိုးစွမ်းအားများပါဝင်ပြီး အလွန်လေးနက်သော သိုင်းကျမ်းတစ်ခု ဖြစ်၏။

“ရွှမ်ဝူလက်သီးသိုင်းကျမ်း” သည် ရွှမ်ဝူဧကရာဇ်သင်ယူခဲ့သော ပညာရပ်အားလုံး လွှမ်းခြုံထးခြင်း မရှိသော်လည်း ရွှမ်ဝူမျိုးဆက် ၊ ရွှမ်ဝူအဆက်အနွယ် သိုင်းပညာတစ်ရပ်ဖြစ်ပြီး အလွန်တရာ နက်ရှိုင်းကျယ်ပြန့်သည်။

မဟာကပ်ဘေးကြီးမတိုင်ခင်က ကောင်းကင်ဘုံစာကြည့်တိုက်ထဲတွင် ထိုကျမ်းစာကို သိမ်းဆည်းထားသည်။ ထို့ကြောင့် စာကြည့်တိုက်မှူးဖြစ်ခဲ့သော ရန်ကျောက်ကဲက ထိုသိုင်းကျမ်းကို အသေအချာ နားလည်သည်။

လက်ရှိဘဝတွင် အချိန်အများစုကို ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာနှင့် စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ ကဲ့သို့ ပိုမိုစွမ်းအားမြင့်မားသောပညာရပ်များကို ကျင့်ကြံနေခဲ့ပြီး ဝါဒတောင်၏ကိုယ်ပိုင်သိုင်းပညာဖြစ်သော နက်ရှိုင်းချီစွမ်းအားကျင့်စဉ်တွင်လည်း အာရုံစိုက်ထားခဲ့သည်။

ထို့ပြင် ရွှမ်ဝူလက်သီးသိုင်းကျမ်းကလည်း နားလည်မှုအကန့်အသတ်ရှိလေရာ အရင်က တစ်ခါမှ လေ့ကျင့်ခဲ့ဖူးခြင်း မရှိပေ။

ဝိညာဉ်မိစ္ဆာလက်သီးသိုင်းပညာ (၆)ခုထဲက ကောင်းကင်မြွေဘုရင်လက်သီးသိုင်းနှင့် ပင်လယ်ငြိမ်သက်လက်သီးသိုင်းတို့က ရွှမ်ဝူမျိုးဆက်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ သို့သော် အယူအဆသာတူညီပြီး လက်သီးသိုင်းဝိညာဉ် တူညီခြင်း မရှိပေ။

ရန်ကျောက်ကဲ ကျင့်ကြံထားသော “ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ” သည် အခြားသော သိုင်းပညာများကို နားလည်နိုင်စရေန် များစွာအထောက်အကူပြုသော ထိပ်တန်းသိုင်းပညာတစ်ရပ် ဖြစ်၏။

ထို့ကြောင့် သူ၏ကျင့်ကြံခြင်းအဆင့် မြင့်တက်လာသည်နှင့်အမျှ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ၏ အကျိုးကျေးဇူးဖြင့် ရွှမ်ဝူလက်သီးသိုင်းကျမ်းကိုပါ နားလည်သိရှိခဲ့သည်။

ဤသည်က မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် မတူညီပေ။ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက မူလသိုင်းအခြေခံ ခိုင်ခန့်နေပြီဖြစ်သော သိုင်းသူတော်စင်တစ်ယောက်ကို ကိုယ်ပွားအဖြစ် သန့်စင်ထားလေရာ အခြားသိုင်းပညာများစွာ ထပ်မံထည့်သွင်း၍ မရနိုင်ပေ။

ရန်ကျောက်ကဲကတော့ ထိုသို့မဟုတ်ပေ။ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသော်လည်း ရွှမ်ဝူလက်သီးသိုင်းကို ထပ်မံလေ့ကျင့်ရန် သူ့အတွက် အခက်အခဲ မရှိပေ။

ထို့ကြောင့် စောစောက လက်သီးချက် ထုတ်ဖော်ပြသလိုက်သည့်အခါ အတွေ့အကြုံမြင့်မားသော လုဖုန်းက သူ့ကို ရွှမ်ဝူမျိုးဆက်ဟု နားလည်မှုလွဲသွားခြင်းပင်။

လုဖုန်းမျက်ဝန်းထဲမှ စိတ်အားထက်သန်မှုများကို တွေ့ရသည့်အခါ ရန်ကျောက်ကဲက ပြုံးကာခေါင်းခါယမ်းသည်။

“’လု’ ဂိုဏ်းချုပ် နားလည်မျုလွဲသွားပြီ ၊ ဒီ ‘ရန်’ မျိုးနွယ်က ရွှမ်ဝူမျိုးဆက် မဟုတ်ပါဘူး ၊ အရင်တုန်းက ရင်းနှီးခဲ့တဲ့ အကြီးအကဲတစ်ယောက်ဆီက လမ်းညွှန်မှုလေးနည်းနည်းပါးပါး ရရှိခဲ့ဖူးတာပါ”

လုဖုန်း ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး အနည်းငယ် တည်ငြိမ်သွားသည်။

“အဲဒီအကြီးအကဲ ဘယ်နေရာမှာရှိသလဲ ကျွန်တော် သိလို့ရမလား ၊ အထင်မလွဲပါနဲ့ ‘ရန်’ သခင်လေး ၊ ရွှမ်ဝူမျိုးဆက်တစ်ယောက်အနေနဲ့ ဒီအဘိုးကြီးက အဲဒီအကြီးအကဲဆီ သွားရောက်လည်ပတ်ချင်လို့ပါ”

သူ့ စိတ်ထဲ လှုပ်ရှားတုန်ခါလျှက်ရှိသည်။ ရန်ကျောက်ကဲက သမုဒ္ဒရာကမ္ဘာမှမဟုတ်လျှင် ထိုအကြီးအကဲသည်လည်း ဤကမ္ဘာမှ မဟုတ်နိုင်ပေ။

ရန်ကျောက်ကဲက...

“သိပ်တော့မလွယ်ဘူး ၊ အဲဒီဦးလေးက သူ့ကို အနှောက်အယှက်ပေးတာ မကြိုက်ဘူး”

လုဖုန်း စိတ်မကောင်းစွာဖြင့် သက်ပြင်းချလိုက်သည်။ သူက ရန်ကျောက်ကဲကို အသနားခံသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

စောစောက ရန်ကျောက်ကဲပြသလိုက်သည့် လက်သီးချက်က နက်နဲလွန်းပြီး ခွဲခြမ်းစိတ်ဖြာရန် ခက်ခဲလွန်းလှသည်။

သူ နှစ်ပေါင်းများစွာ တမ်းတခဲ့ရသောအရာက မျက်စိရှေ့တွင်ရောက်နေသော်လည်း အမှန်တကယ် ဖမ်းယူဆုပ်ကိုင်နိုင်ခြင်းမရှိ ဖြစ်ရသည်။

ထို့ကြောင့် လုဖုန်းမှာ ကြောင်ကုတ်ခံရသည့်ပမာ မသက်မသာ ခံစားနေရသည်။

ရန်ကျောက်ကဲက...

“ဒီ ‘ရန်’ မျိုးနွယ်သိထားတာက ရွှမ်ဝူအဆက်အနွယ်ရဲ့ အခြေခံအဆင့်ပဲ ရှိပါသေးတယ် ၊ အဲဒီ ဦးလေးရဲ့ သဘောတူညီချက်မရဘဲ ပေါ့ပေါ့ဆဆ မမျှဝေရဲပါဘူး ၊ ဒါကို ‘လု’ ဂိုဏ်းချုပ် နားလည်မယ် ထင်ပါတယ်”

လုဖုန်း မချိပြုံးတစ်ချက်ပြုံးရင်း...

“ဘယ်ပညာမဆို လွယ်လွယ်နဲ့ မရနိုင်ပါဘူး ၊ ဒီအဘိုးကြီး နားလည်ပါတယ်”

ရန်ကျောက်ကဲက သူ့ကိုကြည့်ကာ ပြုံးလိုက်ရင်း...

“ဒါနဲ့ ’လု’ ဂိုဏ်းချုပ်က ဒီ ‘ရန်’ မျိုးနွယ်နဲ့ သိုင်းပညာဖလှယ်ချင်သလား သိချင်ပါတယ်”

လုဖုန်း ခဏမျှမှင်တက်သွားပြီးမှ ချက်ချင်းပင် တုံ့ပြန်သည်။

“အမလေး... အဲဒီလိုဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ ၊ နည်းနည်းပါးပါး လမ်းပြပေးပါ ‘ရန်’ သခင်လေး”

နှစ်ယောက်သား လမ်းလျှောက်ရာမှ ရပ်တန့်လိုက်ကြသည်။ သူတို့ပတ်ဝန်းကျင်မှလူများကတော့ ရုတ်တရက် မည်သို့တုံ့ပြန်ရမှန်းမသိ ဖြစ်သွားသည်။

စောစောက ရန်ကျောက်ကဲ သရုပ်ပြခဲ့သော လက်သီးချက်က ခဏမျှသာ ကြာမြင့်ခဲ့သဖြင့် လူအများစုက ထိုလက်သီးချက်အတွင်းမှ နက်နဲသောသဘောတရားကို နားမလည်ခဲ့ကြပေ။

သို့သော် လုဖုန်း၏ တည်ကြည်လေးနက်သောမျက်နှာထားကိုမြင်သည့်အခါ ပြန်လမ်းမဲ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများ စိတ်ရှုတ်ထွေးသွားကြသည်။

“ကျေးဇူးပြုပြီး... ‘ရန်’ သခင်လေး သင်ပြပေးပါ”

ပြောပြီးသည်နှင့် လုဖုန်း၏ ခန္ဓာကိုယ်က အရင်ကထက် ကျုံ့ဝင်သွားပြီး အရပ်အနည်းငယ် နိမ့်သွားသလို ခံစားရသည်။ သို့သော် လှုပ်ရှားမှုနှင့်အတူ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ တန်ခိုးစွမ်းအားရောင်ဝါက ပိုမိုလေးလံလာသည်။

ရန်ကျောက်ကဲ ရှုထောင့်မှကြည့်လျှင် လုဖုန်းခန္ဓာကိုယ် အနည်းငယ်ကျုံ့ဝင်သွားသော်လည်း မိုးမြေနှင့်ဆက်စပ်နေသည့်အလား စွမ်းအားရောင်ဝါက ပိုမိုကြီးထွားလာသည်။

ကြီးမားသော ဧရာမလိပ်နက်ကြီးတစ်ကောင် လုဖုန်း ခန္ဓာကိုယ်ပတ်လည်တွင်ထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံးအား လွှမ်းခြုံသွားသည်။

ထိုလိပ်နက်ကြီးက မည်သည့်အရာနှင့်မှ နှိုင်းယှဉ်မရအောင် ကြီးမားလွန်းသည်။ ပင်လယ်ရေထဲတွင် ခြေ‌ထောက်လေးချောင်းထောက်ကာ ရပ်တည်ရင်း ထိုခြေထောက်များက သမုဒ္ဒရာကို တည်ငြိမ်စေမည့် သံချောင်းလေးခုပမာ ဖြစ်သည်။

ထိုခဏတွင် ဒီရေလှိုင်းထန်နေသောပင်လယ်ပြင်တစ်ခုလုံး ချက်ချင်း ငြိမ်သက်သွားသည်။မိုးမြေတစ်ခွင်လုံး အသံတစ်သံပင်မကြားရတော့လောက်အောင် တိတ်ဆိတ်သွားသည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲ နှုတ်ခမ်းများတွန့်ကွေးကာ ပြုံးလိုက်၏။

“’လု’ ဂိုဏ်းချုပ်ကို အရင်စတင်တိုက်ခိုက်ခိုင်းရင် ‘လု’ ဂိုဏ်းချုပ်ရဲ့ အရည်အချင်းအစစ် ထွက်ပေါ်လာမှာ မဟုတ်ဘူး ၊ ဆိုတော့... ဒီ ‘ရန်’ မျိုးနွယ်က အရင်ဆုံး တိုက်ခိုက်ပါ့မယ်”

လုဖုန်းက လေးနက်သည့်လေသံဖြင့်...

“သင်ပြပေးတာအတွက် ဒီအဘိုးကြီး... ‘ရန်’ သခင်လေးကို ကျေးဇူးတင်ပါတယ်”

“ကိစ္စမရှိပါဘူး”

ရန်ကျောက်ကဲက ဘေးသို့လျှောက်သွားလိုက်ပြီး လက်သီးနှစ်ဖက်ကိုပင့်မြှောက်ပြီး လုဖုန်းထံသို့ ထိုးနှက်ချလိုက်သည်။

ထိုခဏတွင် မိုးမြေတစ်ခုလုံး တုန်လှုပ်သွားပြီး ရန်ကျောက်ကဲ၏ လက်သီးချက်နှင့်အတူ မြေတစ်ကောင်နှင့် လိပ်နက်တစ်ကောင်ပုံရိပ် ထွက်ပေါ်လာသည်။

ယင်နှင့်ယန် အတူတကွ တည်ရှိပြီး မာကျောမှုနှင့် သိမ်မွေ့မှုက ဆက်စပ်နေသည်။ ခံစစ်နှင့်တိုက်စစ်က ပေါင်းစပ်နေပြီး လေးလံခြင်းနှင့်ပေါ့ပါးခြင်းက တစ်သားတည်းပေါင်းစည်းသွားသည်။ အချင်းချင်း ချိတ်ဆက်ဖေးမသွားခြင်းဖြင့် အနန္တစွမ်းအားများပမာ ပြင်းထန်သောစွမ်းအားများ ထွက်ပေါ်လာသည်။

ဝိညာဉ်လိပ်နှင့် ဝိညာဉ်မြွေ ပုံရိပ်က အတူတကွ ယှဉ်တွဲတည်ရှိနေပြီး ကြီးမားလှသော မိစ္ဆာနှိမ်နင်းကောင်းကင်အရှင်ပုံရိပ် ထွက်ပေါ်လာသည်။ အနက်ရောင်နှင့်ရွှေရောင်ဝတ်ရုံကိုခြုံလွှမ်းလျှက် ကျောက်စိမ်းခါးပတ်ကိုပတ်ထားပြီး လက်ထဲတွင် မိုးခြိမ်းသံများမြည်ဟည်းနေသောဓားတစ်လက်ကို ကိုင်ဆောင်ထားသည်။ ထိုကောင်းကင်အရှင်က လိပ်နက်နှင့် မြွေထက်တွင် မတ်တတ်ရပ်လျှက် သူ၏ဦးခေါင်းထက်တွင် ရောင်ဝါထွန်းလင်းနေ၏။

ထို မိစ္ဆာနှိမ်နင်းကောင်းကင်အရှင်ပုံရိပ်က အလွန်တရာ တန်ခိုးကြီးမားဟန်ရှိပြီး မိစ္ဆာများအားလုံးကို လွှမ်းမိုးနိုင်စွမ်းရှိကာ မကောင်းမှုမှန်သမျှကို ရပ်တန့်သွားစေသည်။

ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းသားများအားလုံးမှာ မျက်လုံးအပြူးသားနှင့် စကားမပြောနိုင် ဖြစ်နေကြသည်။

မိစ္ဆာနှိမ်နင်းကောင်းကင်အရှင်ပုံရိပ်က လုဖုန်း၏ ဝိညာဉ်လိပ်ကိုယ်ခွဲကို တိုက်ရိုက်ပင် ထိုးနှက်တိုက်ခိုက်လိုက်၏။

ဝိညာဉ်လိပ်ကိုယ်ပွဲမှာ ပျက်ဆီးပြိုကွဲသွားခြင်းမရှိသော်လည်း ပင်လယ်နက်ထဲသို့ နစ်မြုပ်လုမတတ် ဖြစ်သွားသည်။ စောစောက ထိုက်စန်းတောင်အလား တည်ငြိမ်လွန်းလှသော လိပ်နက်ကြီးသည် ယခုတော့ အ‌တော်လေး အခြေအနေ ဆိုးရွားသွားသည်။

လုဖုန်း စိတ်ထဲမှ အော်ဟစ်လိုက်သည်။

“ရွှမ်ဝူမျိုးဆက် ... တကယ်ပဲ ရွှမ်ဝူအဆက်အနွယ်ပဲ...”

ထို့နောက် ရန်ကျောက်ကဲက သူ၏လက်သီးချက်ကို ရုတ်သိမ်းလိုက်ပြီး ကောင်းကင်ဧကရာဇ်ရုပ်ပုံလွှာသည်လည်း လွင့်ပြယ်သွားသည်။ လုဖုန်းစိတ်ထဲ ဗလာကျင်းသွားပြီး လမ်းပျောက်သလို ခံစားလိုက်ရသည့်အပြင် သူ့စိတ်ထဲတွင်လည်း ပြင်းထန်စွာ တောက်လောင်လာသည်။

ရန်ကျောက်ကဲက ပြုံးရင်း...

“’လု’ ဂိုဏ်းချုပ်... ဒီသိုင်းကွက်ကနေ တစ်ခုခုရရှိမယ်လို့ မျှော်လင့်ပါတယ်”

တစ်ခုခု ရရှိတယ်တဲ့လား...။

ရတော့ရပါရဲ့ ၊ ဒါပေမဲ့ နည်းလွန်းတယ် ၊ အရမ်းကို နည်းလွန်းတယ်။

လုဖုန်းမှာသွေးအန်လုမတတ်ဖြစ်သွားပြီး စိတ်ထဲမှ မချိတင်ကဲ ရယ်မောမိသည်။

“ရတော့ရပါရဲ့ ၊ ရတာကနည်းလွန်းလို့ သိုင်းပညာမဖလှယ်ခဲ့ရင်တောင် အကောင်းသား”

ယခု သူ ပိုပြီး စိတ်မသက်မသာ ခံစားနေရသည်။

ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းမှ အခြားသောသိုင်းသမားများက သူ့ထက်ပင်ပိုပြီး စိတ်လှုပ်ရှားနေကြသလို စိတ်မသက်မသာလည်း ခံစားနေကြရသည်။

လုဖုန်းက ပင့်သက်တစ်ချက်ရှိုက်ရင်း...

“ဒီအဘိုးကြီး ချန်လီတောင်ကိုမရောက်တာတောင် အတော်ကြာနေပြီ ၊ ဒီတော့ ‘ရန်’ သခင်လေး စိတ်မရှိဘူးဆိုရင် ချန်လီတောင်ကို အတူတူသွားကြရအောင်လေ”

အစကတော့ သူက ရန်ကျောက်ကဲနှင့်အတူ လိပ်ပျံပင်လယ်အထိသာ လိုက်ပါလာရန်ဆုံးဖြတ်ထားသော်လည်း ယခုတော့ ရန်ကျောက်ကဲနှင့်အတူ ချန်လီတောင်အထိ လိုက်ပါရန် လိုအပ်ပြီဖြစ်ကြောင်း ခံစားမိလေသည်။

All Chapters