မန်ဟို၏ ဆေးဝါးတာအို
Vol. 18 Ch. 251
ဧရာမရင်ပြင်ကြီးထဲရှိ ချင်းလော်ဂိုဏ်းတစ်ယောက်ချင်းစီတိုင်း စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ ဧရာမလျှပ်စီးတန်းကြီးများ သူတို့၏ စိတ်နှလုံးများသို့ ပစ်ချပြီး ဆက်လက် ပဲ့တင်ထပ်နေသည့် အလားပင်။
"ကောင်းကင်ပန်းပဲဖိုက နေနဲ့လရဲ့ ပြောင်းလဲမှုတွေကို မွေးဖွားပေးတဲ့အရာဖြစ်တယ်"
စကားလုံးများ ပဲ့တင်ထပ်နေရာ လူတိုင်းအား အသက်ရှူမြန်လာစေသည်။ လှပသောအမျိုးသမီးက မန်ဟို့ကို ဝိုင်းစက်ပြူးကျယ်နေသော မျက်လုံးများဖြင့် ကြည့်သည်။ သူမဘေးတွင် ခေါင်းဆောင်ကြီးဇီလော်မှာ အလွန်စိတ်နှလုံးတုန်လှုပ်သွားသည့်အတွက် မျက်လုံးများ ပိတ်လိုက်ရသည်။
အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်လာသည်။
"မင်း....." ချန်ကျားရှီ၏ မျက်နှာထား ချက်ချင်း ပြောင်းသွားသည်။ သူ့မှာ ဖန်မု ဤမျှ ပက်ပက်စက်စင် ပြောနိုင်လိမ့်မည်ဟု မည်သို့တွေးနိုင်ခဲ့မည်နည်း။ သူ့မှာ နှလုံးသားတည့်တည့်သို့ ဓားတစ်လက် စိုက်ဝင်သွားသည့်အလား ခံစားလိုက်ရသည်။
ကျိုးဒယ်ခွန်က အသက်ပြင်းပြင်းရှူပြီး တဆတ်ဆတ်တုန်လျက် ရပ်နေသည်။ သို့သော် သူ စိတ်မလှုပ်ရှားပေ။ အမှန်တကယ်ဆိုရလျှင် သူသည် စောစောက ချန်ကျားရှီမှန်သည်ဟု ထင်ခဲ့မိ၏။ သို့သော် မန်ဟို့စကား နားထောင်ရင်း သူပြောခဲ့သည်က အမှန်ဖြစ်ကြောင်း သိလိုက်သည်။
ချန်ကျားရှီက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး သူ့စိတ်သူ ထိန်းလိုက်သည်။ " မဟာအကြီးအကဲဖန်၊ ခင်ဗျားဗျာ ကျုပ်ကို လန့်အောင်လုပ်တယ်" သူက မန်ဟို့ကို စိုက်ကြည့်ရင်း ပြောသည်။ "ဒါပေမယ့် ခင်ဗျား နေနဲ့လအကြောင်းပြောပြော၊ ကောင်းကင်နဲ့မြေကြီးပန်းပဲဖိုအကြောင်း ပြောပြော အရေးမကြီးဘူး။ အားလုံးက ဆေးဝါးပညာရပ်ရဲ့လမ်းစဥ်ပေါ်မှာ တည်ရှိတယ်။ အပင်နဲ့အသီးအရွက်အမျိုးအစားအားလုံးကို ဆေးလုံးအဖြစ် ဖော်စပ်နိုင်တယ်။ စိတ်နဲ့ဝိညာဥ်တွေအားလုံး ဆေးလုံးရဲ့စိတ်ဝိညာဥ်ကို ဖန်တီးနိုင်တယ်။ ကျုပ် စောစောက မဟာအကြီးအကဲကျိုးရဲ့အဆိုမှာ ဘာကို လက်မခံတာလဲဆိုရင် ကိုယ်ဆိုတာ မပြောင်းလဲပေမယ့် ဆေးဖော်စပ်နည်းတွေမှာ မရေမတွက်နိုင်တဲ့ပြောင်းလဲမှုတွေ ပါဝင်နေတယ်ဆိုတာပဲ။ ခင်ဗျားပြောသွားတဲ့ နေနဲ့လပြောင်းလဲမှုတွေအကြောင်း ကျုပ်မပြောခဲ့ပါဘူး
"ကျုပ်အမြင်အရ ဆေးဝါးပညာရှင်တွေဟာ ကိုယ်ပြောင်းလဲမှုကို လက်ခံရမယ်။ ပြောင်းလဲမှုတွေကို လက်ခံမှသာလျှင် မရေမတွက်နိုင်တဲ့ အပြောင်းအလဲတွေကို ဖန်တီးနိုင်တယ်။ ဒီနည်းအတိုင်းမှ အဆုံးမဲ့ဆေးဖော်နည်းတွေအကြောင်းပြောနိုင်တယ်၊ ရှေးအချိန်ထဲက တည်ရှိခဲ့တဲ့ အဆုံးမဲ့ ဆေးလုံးမျိုးစုံ ဖော်စပ်နိုင်တယ်"
"လူကြီးမင်းက လူတစ်ယောက်ဟာ မရေမတွက်နိုင်တဲ့ မျိုးကွဲတွေကို ဖန်တီးနိုင်တယ်လို့ ပြောခဲ့တယ်" မန်ဟိုက အေးစက်စွာပြောသည်။ သူသည် နောက်တစ်ဖန် ဖြေးဖြေးမှန်မှန် တည်တည်ငြိမ်ငြိမ်ပြော၏။ သူ ဟောပြောစင်ထက်၌ မတ်တပ်ရပ်နေစဥ် လေညင်းတစ်ချက်က သူ၏ဆံပင်ရှည်ရှည်များကို ပင့်မတင်ရင်း မျက်နှာကို တိုက်ခတ်ကျီစယ်သွားရာ သူ၏မျက်လုံးများထဲရှိ ကြယ်စင်များသဖွယ် တောက်ပနေသော အလင်းရောင်ကို ပိတ်ဖုံးကာဆီးသွားသည်။ "မရေမတွက်နိုင်တဲ့ အပြောင်းအလဲတွေတဲ့လား။ လေနဲ့တိမ်၊ မိုးကြိုးနဲ့လျှပ်စီး၊ ဒါတွေအားလုံးက ကောင်းကင်ပြောင်းလဲမှုတွေ။ ငလျင်လှုပ်ခြင်း၊ တောင်တွေမြင့်တက်ခြင်း၊ မြစ်စီးဆင်းခြင်း၊ ဒါတွေအားလုံးက မြေပြင်ပြောင်းလဲမှုတွေ။ ခင်ဗျားက အဲ့ဒီ ကောင်းကင်နဲ့မြေကြီးပြောင်းလဲမှုတွေအတွက် တာဝန်ရှိလား။ မိုးရွာတာက မဟာအကြီးအကဲချန်ရဲ့ဆန္ဒကြောင့်လား။ မဟာအကြီးအကဲချန်၊ ခင်ဗျားက စိတ်ဆန္ဒက တောင်တွေ မြင့်တာနိမ့်တာကို ဖြစ်ပွားစေတာလား
"အဲ့တာက ကျုပ်ရဲ့ဒုတိယမေးခွန်းဖြစ်ရမှာ။ ဒါပေမယ့် ခင်ဗျား ဖြေဖို့ကြိုးစားစရာ မလိုတော့ဘူး။ ဘာကြောင့်လဲသိလား ခင်ဗျားမှ မဖြေနိုင်တာ။ တကယ်တမ်း ခင်ဗျားက မဟာအကြီးအကဲမဟုတ်ဘူး။ နောက်တစ်ချိန် မဟာအကြီးအကဲဖြစ်လာရင်တောင်မှ အဲ့ဒီပြောင်းလဲမှုတွေကို လက်ခံဖို့ မထိုက်တန်ဘူး။ ကောင်းကင်နဲ့မြေပြင်ပြောင်းလဲမှုတွေက ခင်ဗျားနှလုံးသားထဲမှာ အမှန်တကယ် ရှိနိုင်လား။ ဘယ်လောက်ရယ်စရာကောင်းလိုက်လဲ။
ရဲ့လန်ဘုရင် လို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး မောက်မာချက်ပဲ။ ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျား သိပ်ဟုတ်လှပြီထင်နေတာ"
ယခု မန်ဟိုသည် ချန်ကျားရှီ ကျိုးဒယ်ခွန်ကို လှောင်ပြောင်ခဲ့သည့် လေသံအတိုင်း ချန်ကျားရှီကို ပြန်လှောင်နေလေ၏။ စကားလုံးများက မိုးချုန်းသံသဖွယ် မြည်ဟည်းနေရာ ချန်ကျားရှီကို မျက်စိမျက်နှာပျက်သွားစေသည်။
"ခင်ဗျား.... ခင်ဗျား တကယ် နှုတ်ကြမ်းလိုက်တာ။ အဲ့တာ ကျုပ် ဆိုလိုချင်တာမဟုတ်ဘူး။ ခင်ဗျားက ကျုပ်ပြောခဲ့တာကို ပုံကြီးချဲ့နေတာပဲ။ ကျုပ်က ဆေးဖော်စပ်ခြင်းဒဿနကိုပဲ ပြောနေတာ"
"ဒဿန။ ကျုပ် အသေးစိတ်ကြားချင်ပါတယ်"
" ကျုပ် ပြောင်းလဲခြင်းဒဿနက လွဲပြီး ဘာမှမပြောခဲ့ဘူး" သူက မဆိုင်းမတွပြန်ဖြေသည်။ " အယူအဆတွေထဲက အကောင်းဆုံးကိုယူပြီး ကိုယ်ပိုင်အယူအဆနဲ့ ပေါင်းစည်း။ အတွေးဒဿနတွေရဲ့ အကျစ်လျစ်ဆုံး အခန်းကဏ္ဍတွေကို မှတ်သား။ ကိုယ်မှာရှိတဲ့ အသုံးမဝင်တဲ့အပိုင်းတွေကို ဖယ်ရှား။ ဆေးလုံးသန့်စင်ခြင်းက ကိုယ်သန့်စင်ခြင်းနဲ့တူတယ်။ ပြီးပြည့်စုံအဆင့်ရောက်ရင် ထိပ်ဆုံးအဆင့်လမ်းစဥ်ကို လျှောက်လှမ်းနိုင်ပြီး ပြောင်းလဲမှုစွမ်းအားအပြည့် အသုံးချနိုင်တယ်" ပတ်ဝန်းကျင်ရှိ ချင်းလော်ဂိုဏ်းသားများမှာ သူ၏စကားလုံးများကို လက်ခံပုံရသည်။
သူက တည်ကြည်ပြတ်သားသောလေသံဖြင့် ဆက်ပြောသည်။ "ဒါဟာ ပန်းချီဆရာတစ်ယောက် တောင်တစ်လုံးရေးဆွဲနေသလိုပဲ။ ပထမ တောင်သန်းပေါင်းများစွာကို သူလေ့လာမယ်။ ပြီးရင်တော့ သူ့ကိုယ်ပိုင်တောင်ကို ဆွဲနိုင်ပြီ။ သူဆွဲတဲ့ တောင်မှာ သူလေ့လာခဲ့တဲ့ တောင်တွေအားလုံးရဲ့ အနှစ်သာရပါဝင်မယ်။ ဒါကြောင့် အပြောင်မြောက်ဆုံးလက်ရာတစ်ခု ထွက်ပေါ်လာတာပဲ။ အဲ့လိုပဲ၊ စမ်းချောင်းသေးသေးလေးတွေ အများကြီးပေါင်းစည်းပြီး အကန့်အသတ်မဲ့မြစ်ကြီးတစ်စင်းဖြစ်ပေါ်လာတယ်။ ဒါက ကျုပ်ပြောတဲ့ ဒဿနပဲ။ ကျောင်းတော်အများကြီးက အသိအမြင်တွေကို စုစည်း၊ ကိုယ်ထဲမှာ ပေါင်းစုံ။ ဒါက ကျုပ်လမ်းစဥ်၊ ကျုပ် ဆေးဝါးတာအိုကို ဘယ်လိုရရှိခဲ့တယ်ဆိုတာပဲ" သူက အင်္ကျီလက်စကို ခါပြီး တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် မန်ဟို့ကို စိုက်ကြည့်သည်။ " မဟာအကြီးအကဲဖန်ရဲ့ ဆေးဝါးပညာဒဿနကို ကျုပ် တကယ်ကြားချင်မိတယ်"
သူ၏စကားလုံးများက ချင်းလော်ဂိုဏ်းသားတစ်သိန်း၏ နှလုံးသားအတွင်းသို့ ရိုက်ခတ်သွားသည်။ ဟန်ပေ့မှာ စဥ်းစားတွေးတောရင်း ကြည့်နေသည်။ မန်ဟို့နောက်ရှိ ကျိုးဒယ်ခွန်က ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်နေသောအကြည့်ဖြင့် စိုက်ကြည့်နေ၏။
မန်ဟိုက တူညီသောမျက်နှာထားဖြင့် ချန်ကျားရှီကိုကြည့်သည်။ သူသည် အေးဆေးစွာ စပြောသည်။ "ပန်းချီဆရာက တောင်များစွာကို လေ့လာပြီး တစ်ပုံ ဆွဲတယ်။ သူ့ပန်းချီမှာ သူလေ့လာခဲ့တဲ့ တောင်အားလုံးရဲ့ အနှစ်သာရပါကောင်းပါနိုင်တယ်။ ဒါပေမယ့် သူရေးဆွဲတဲ့တောင်ဟာ..... အစစ်မဟုတ်ဘူး။ သူ့စိတ်ကူးကနေ ထွက်လာတာ။ အဲ့တာက တောင်လို့ သူယုံကြည်တယ်။ တကယ်တော့ သူဟာ တောင်တွေအများကြီးမြင်ခဲ့တာကြောင့် ပထမဆုံးတောင်ကိုတောင် မေ့နေပြီ။ ပထမဆုံးတောင်ထိပ်ကို ကြည့်တဲ့အချိန် ရခဲ့တဲ့ ခံစားချက်ကိုလဲ သူ သတိမရတော့ဘူး
"စမ်းချောင်းတွေ ပေါင်းစည်းပြီး အဆုံးမဲ့ မြစ်ကြီးတစ်စင်းဖြစ်လာတယ်။ ဒါပေမယ့် အဲ့မြစ်က... သူ တစ်ခါကဖြစ်ခဲ့ဖူးတဲ့ စမ်းချောင်း မဟုတ်တော့ဘူး။ ရေတွေအများကြီး အတူတကွပေါင်းစည်းနေတာကြောင့် ခွဲခြားလို့မရတော့တဲ့ အရောအနှာသာဖြစ်တယ်။ မြစ်တစ်စင်းဖြစ်ဖို့ အိမ်မက်မက်ခဲ့တဲ့ အဲ့ဒီ ပထမဆုံး စမ်းချောင်းလေးဟာ အခုသေသွားပြီ။ သူ တောင့်တတဲ့ ဖြစ်စဥ်ရဲ့ သတ်တာခံလိုက်တာပဲ
"သူ အားထုတ်နေတဲ့ ဖြစ်စဥ်က ပန်းချီဆရာကို ပထမဆုံးတောင်ကို မေ့သွားစေခဲ့တယ်။ အဲ့တာကြောင့်ပဲ သူ တောင်တစ်လုံးကို ရေးဆွဲချင်ခဲ့တာ။ မြစ်တစ်စင်းဖြစ်လာဖို့ ဖြစ်စဥ်က စမ်းချောင်းလေးကို သူ့ကိုယ်သူ ဆုံးရှုံးလိုက်ရစေတယ်။ သူ့ရဲ့စိတ်ဆန္ဒဟာ မြစ်တစ်စင်းဖြစ်လာတာနဲ့ မှေးမှိန်ပျောက်ကွယ်သွားတယ်" မန်ဟို့အသံသည် တစတစကျယ်လောင်လာ၏။
"ဒါက ကျုပ်ရဲ့ တတိယမေးခွန်း။ အသိအမြင်တွေ အများကြီး စုဆောင်းရင်း ခင်ဗျားဟာ ခင်ဗျားကိုယ်ခင်ဗျား ဆုံးရှုံးလိုက်ရတယ်။ ခင်ဗျားက အကျိုးရှိတယ်ထင်ပေမယ့် တကယ်တော့ ခင်ဗျားမှာ ကိုယ်ပိုင်လမ်းကြောင်းမရှိဘူး။ ခင်ဗျားမှာ လိုက်နာဖို့ ကိုယ်ပိုင်မူမရှိရင်တော့ ဘာကြောင့် တောင်ပေါင်းများစွာ လေ့လာပြီး တောင်တစ်လုံးကို ရေးဆွဲချင်တာလဲ မေ့သွားပြီပဲ
"စောင့်ထိန်းရမယ့် ကိုယ်ပိုင်မူတွေ မရှိဘဲ ခင်ဗျားက မြစ်ဖြစ်လာတဲ့ စမ်းချောင်းပဲ။ ဒါပေမယ့် အဲ့လိုမြစ်မှာ ဝိညာဥ်မရှိဘူး။ အဲ့တာက သေခြင်းစင်စစ်ဖြစ်တယ်" မန်ဟိုက အင်္ကျီလက်စကို ခါလိုက်သည်။ သူ၏စကားလုံးများက ချန်ကျားရှီနားထဲ ဝင်ရောက်သွားကာ သူ့စိတ်ကို ချာချာလည်သွားစေသည်။
"ကျင့်ကြံသူတွေအနေနဲ့ ကျုပ်တို့ဟာ ကိုယ့်မူကိုယ် လိုက်နာစောင့်ထိန်းရမယ်။ ဆေးဝါးပညာရှင်တွေအနေနဲ့ ကျုပ်တို့ဟာ ကိုယ့်ဆေးဝါးတာအိုကိုယ် လိုက်နာစောင့်ထိန်းရမယ်။ အသိအမြင်တွေ၊ အယူအဆတွေဟာ ကျုပ်တို့ ယုံကြည်ချက်တွေကို အားဖြည့်ပေးနိုင်တယ်။ ထောက်ပံ့ပေးနိုင်တယ်။ ဒါပေမယ့် ကျုပ်တို့ ရှာဖွေလေ့လာရင်း ကျုပ်တို့ရဲ့ ကိုယ်ပိုင်မူကို ဆုံးရှုံးခွင့်ပေးလို့မရဘူး
" နှလုံးသားက မပျော့ညံ့ရင် ဘယ်အရာမှ သူ့ကို အစားမထိုးနိုင်ဘူး။ ဒီနှလုံးသားမျိုးက ပြောင်းလဲမှုတွေ ပါရှိနေပုံရပေမယ့် တကယ်တော့ တည်ငြိမ်တဲ့ အုတ်မြစ်တစ်ခုပဲ။ အစကနေ အဆုံးထိ ဘယ်တော့မှာ ပျောက်ကွယ်သွားမှာမဟုတ်ဘူး။ အမြဲတည်ရှိလိမ့်မယ်။ မပြောင်းလဲသောနှလုံးသား" မန်ဟို၏ အားပြင်းသောစကားလုံးများက ရင်ပြင်ကို လှုပ်ခါပစ်လိုက်သည်။ ချန်ကျားရှီ၏ မျက်နှာကြီး ရှုံ့မဲ့သွားပြီး သူ့မှာ တွေးပင်မတွေးမိဘဲ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။ သူ၏မျက်လုံးများမှာ တွေဝေမှုများ ပြည့်နှက်နေသည်။
"ခင်ဗျားရဲ့နှလုံးသားက ပျော့ညံ့နေရင် ခင်ဗျား ခိုင်မာတဲ့ အရာတစ်ခုခု ဘယ်လိုလုပ်ဖန်တီးနိုင်မလဲ" မန်ဟိုက ဆက်ပြောသည်။ "မဟာအကြီးအကဲချန်၊ ခင်ဗျားမှာ ခိုင်မာတဲ့နှလုံးသားမရှိဘူး။ တခြားအယူအဆ ဒဿနတွေကို ပြောဖို့ ခင်ဗျားမှာ တကယ်ရော ယုံကြည်ချက်ရှိလား။ ခင်ဗျားရဲ့ ကိုယ်ပိုင်လမ်းစဥ်ဟာ အရှက်မရှိ လျှောက်ရောထားတာတောင် ကြွားဝါဖို့ သတ္တိရှိလား။ ဆေးဝါးတာအိုအကြောင်း ကျုပ်ကိို ပြောရဲလား"
ရင်ပြင်၌ တိတ်ဆိတ်မှု တခဏကြီးစိုးသွားပြီးနောက် စကားသံများပွက်ပွက်ညံလာသည်။ ချန်ကျားရှီမှာ နှလုံးခုန်နှုန်းမြန်နေပြီး သူ့ရင်ထဲတွင် တွေဝေမှုများ ပြည့်နှက်နေသည်။
မန်ဟို့အနောက်က ကျိုးဒယ်ခွန်မှာ ချာချာလည်မူးနောက်လျက် တုန်ရီနေသည်။ ရုတ်တရက် သူသည် ဤမျှအချိန်ကြာခဲ့သည့်တိုင် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် မဖြစ်နိုင်ခဲ့သော အကြောင်းရင်းကို သဘောပေါက်လိုက်၏။ "နှစ်တွေတစ်လျှောက်လုံး ငါ ငါ့ဘေးနားက ဆေးဝါးတာအိုတွေကို အာရုံစိုက်တာ များလွန်းခဲ့တာပဲ" သူက တွေးလိုက်သည်။ "ငါ ကြုံသလို ကောက်ရွေးပြီး.... ငါ အစက လျှောက်ချင်ခဲ့တဲ့ လမ်းကြောင်းကို မေ့သွားခဲ့တယ်..... နှလုံးသားက ပျော့ညံ့နေရရင် ခိုင်မာတဲ့အရာတစ်ခု ဘယ်လိုလုပ်ဖန်တီးနိုင်မလဲ"
ခေါင်းဆောင်ကြီးဇီလော်နှင့် လှပသောအမျိုးသမီးက တစ်ယောက်ကိုတစ်ယောက် အဓိပ္ပါယ်ပါပါကြည့်လိုက်ကြသည်။ သူတို့ဘေးရှိ မျက်နှာနီနီအဘိုးကြီးက တစ်ချက်ပင်မလှုပ်ဘဲ မျက်လုံးများ ပိတ်လျက် ထိုင်နေသည်။
ချင်းလော်ဂိုဏ်းသားများထံမှ စကားသံများ ဆူညံလာသည်။ မန်ဟို၏စကားလုံးများက သူ့ရင်ထဲတွင် ခံစားချက်လှိုင်းတံပိုးကြီးများ မြင့်တက်လာစေခဲ့လေသည်။
"မင်း... " ချန်ကျားရှီ၏မျက်နှာ ဖြူဆုပ်နေသည်။ သူ့ဘေးတွင် လီရီမင်းမှာ အသက်မနည်းရှူနေရ၏။
မန်ဟိုက အင်္ကျီလက်စကို ခါလိုက်သည်။ သူ့အသံသည် ကောင်းကင်ထိတိုင် ဟိန်းထွက်သွား၏။ "ကိုယ်ဟာ ဘယ်တော့မှ မပြောင်းလဲတာကြောင့် နှလုံးသားက နေနဲ့လနဲ့ အမြဲပြောင်းလဲမှုတွေ၊ ကောင်းကင်နဲ့မြေကြီးရဲ့ဝဲဂယက်တွေ၊ အချွန်အတက်အဖုအထစ်တွေ၊ ပင်ပန်းဆင်းရဲမှုဒဏ်တွေကို ကျော်ဖြတ်ရတဲ့ ကြမ်းတမ်းတဲ့ခရီးတွေကို တောင့်ခံနိုင်တယ်။
"ဆေးဝါးတာအိုဟာ အဆုံးမရှိဘူး။ နှလုံးသားထဲမှာ တည်ရှိတဲ့ ပြောင်းလဲမှုတွေက ဆေးဖော်နည်းဖြစ်တယ်။ မပြောင်းလဲတဲ့ကိုယ်က ဆေးပေါင်းဖိုပဲ
"ကျုပ်က ဆေးပေါင်းဖို၊ ကျုပ်နှလုံးသားက ဆေးဖော်နည်း။ ထာဝရရှင်သန်ခြင်းကို ရရှိဖို့ အတွင်းကိုသန့်စင်။ အကန့်သတ်မဲ့ ဆေးဝါးတာအိုကို ရရှိဖို့ အပြင်ကို သန့်စင်။ အဲ့နှစ်ခုကို အတူတူပေါင်းစည်း။ အဲ့တာက ဆေးဝါးပညာရဲ့အမှန်တရား။ ဆေးဝါးပညာက ကောင်းကင်။ ဆေးဝါးပညာက မြေကြီး။ ဆေးဝါးပညာက ကမ္ဘာကြီးပဲ
"ဒါက ကျုပ်ရဲ့ဆေးဝါးတာအိုဖြစ်တယ်" နောက်ဆုံး၌ ခေါင်းဆောင်ကြီးဇီလော်ဘေးရှိ မျက်နှာနီနီအဘိုးကြီး မျက်လုံးဖွင့်ပြီး မန်ဟို့ကို ကြည့်လိုက်သည်။
ဘယ်သူဘယ်ဝါဖြစ်စေ၊ ချင်းလော်ဂိုဏ်းကျင့်ကြံသူတစ်ဦးတစ်ယောက်ချင်းစီတိုင်း ယခု မန်ဟို့ကို ကြည့်နေကြသည်။ သူတို့ လင်းလက်တောက်ပနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြစဥ် တိတ်ဆိတ်မှုမှာ သေခြင်းတရား သူတို့အပေါ်လွှမ်းခြုံနေသကဲ့သို့ ဖြစ်သည်။
ကျိုးဒယ်ခွန်က မန်ဟို့ကို စိတ်လှုပ်တရှားကြည့်နေသည်။ ယခု သူ့နှလုံးသားထဲ၌ သံသယမြူမှုန်လေးပင် မရှိတော့ပေ။ စိတ်အားထက်သန်မှုနှင့် မာန်မာနက အစားထိုးဝင်ရောက်လာသည်။ ၄င်းတို့အားလုံးမှာ အရှေ့ဆေးဝါးအဖွဲ့၏ ဆေးဝါးပညာရှင် ဖန်မုကြောင့်ပင်။
သူ စိတ်ပိုင်းဖြတ်ပြီးသွားလေပြီ။ ဂိုဏ်းပြန်ရောက်ပါက အခြားဆေးပေါင်းဖိုဘုရင်များလက်ခံအောင် ဖန်မုကို ကူညီပေးမည်ဖြစ်သည်။
တကယ်တမ်းဆိုရလျှင် ဤစကားစစ်ထိုးပွဲပြီးနောက် တောင်ပိုင်းဒေသတစ်ခွင်လုံး ဖန်မုအကြောင်းပြောရန် သိပ်ကြာမည် မဟုတ်ပေ။
ချန်ကျားရှီ၏ မျက်နှာမှာ လိပ်ပြာလွင့်သွားသည့်အလား ဖြူဆုပ်နေသည်။ သူ့ဘေးရှိ လီရီမင်းမှာ ချွေးအေးများစိုရွှဲနေပြီး ပွစိပွစိရွတ်နေသည်။ ဘယ်သူမှမပြောနိုင်သည်က အမှန်တော့ သူ့မှာ မန်ဟို့စကားများကို ပြန်ရွတ်ပြီး အသည်းထဲစွဲအောင် မှတ်နေသည်ကိုပင်။
တိတ်ဆိတ်မှုကား ဖော်ပြ၍မရလောက်အောင် ရင်ပြင်ကိုလွှမ်းခြုံထားသည်။ လူတိုင်းလူတိုင်းမှာ မန်ဟို့စကားများကြောင့် အမြုတေအထိ တုန်လှုပ်နေကြလေသည်။
ခေါင်းဆောင်ကြီးဇီလော်နှင့် အခြားအနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများအားလုံး တစ်ခုတည်းတွေးနေကြသည်။ "ဒီကလေးမှာ.....အကန့်အသတ်မဲ့တဲ့ အနာဂတ်ရှိတယ်"
"အဓိပ္ပါယ်မရှိဘူ" ချန်ကျားရှီက စူးစူးဝါးဝါးအော်လိုက်ရာ တိတ်ဆိတ်မှုပြိုကွဲသွားသည်။ သူသည် ဟောပြောစင်ပေါ်သို့ ခုန်တက်ပြီး မန်ဟို့အရှေ့တည့်တည့်၌ ရပ်လိုက်သည်။ သူ၏မျက်လုံးများမှာ ရဲတွတ်နေပြီး ရှက်စိတ်ဖြင့် မွှန်ထူလျက် မန်ဟို့ကို ဝါးစားတော့မတတ် စိုက်ကြည့်နေသည်။ "မင်းက မိုက်ရိုင်းပြီး အရှက်မရှိတာအပြင် ဘာကောင်မှမဟုတ်ဘူး။ စကားနဲ့ ဆေးဖော်လို့ရရင် သေမျိုးတွေတောင် ဆေးဝါးပညာ သင်ယူနိုင်တယ်။ ငါ ဆေးဝါးတာအိုကို နှစ်ပေါင်းများစွာ ကျင့်ကြံနေခဲ့တာ။ အပင်နဲ့အသီးအရွက်အမျိုးအစား တစ်သိန်း အလွတ်မှတ်ပြီးပြီ။ ကိုင်းဆက်ကူးထားတဲ့ မျိုးကွဲ ရှစ်သိန်းကို ငါသိတယ်။ မင်းက မသမာနည်းနဲ့ ဆေးပေါင်းဖိုဘုရင်ဖြစ်လာတာ။ တကယ်တမ်း ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်ထက် မပိုဘူး။ ဒီတိုင်းဆိုရင် မင်း ငါနဲ့ယှဥ်ရဲလား" ချန်ကျားရှီတွင် တခြားရွေးစရာမရှိတော့ပေ။ သူ၏ရန်လိုမှုမှာ မန်ဟို၏ ရက်စက်သောစကားလုံးများ၏ ရစရာမရှိအောင် နင်းခြေခြင်း ခံခဲ့ရလေပြီ။
၄င်းမှာ သူ့ကို ပါးဖြတ်ရိုက်သည့်အလား၊ ဓားတစ်လက် သူ့ရင်ဘတ်သို့ စိုက်ဝင်နေသည့်အလား ခံစားရသည်။ဆေးဝါးပညာရှင်တစ်ယောက်အနေနဲ့ ၄င်းတို့အားလုံးက သူ့အပေါ် တိုက်ရိုက် တိုက်ခိုက်မှုဖြစ်သည်။
"ခင်ဗျား ဘယ်လိုပြိုင်ချင်လဲ" မန်ဟိုက မျက်လုံးများတွင် အေးစက်သောအငွေ့အသက်ပြည့်နှက်နေလျက် ခံစားချက်မဲ့သော လေသံဖြင့် ပြန်ဖြေသည်။ သူသည် အချိန်အတော်ကြာကတည်းက ချန်ကျားရှီကို လုံးလုံးလျားလျား နင်းခြေပစ်ရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။
***