← Chapters

ကမ္ဘာလောက၏ အထွတ်အထိပ်

Vol. 106 Ch. 1481

ကမ္ဘာလောက၏ အထွတ်အထိပ်

Vol. 106 Ch. 1481

ဖန်မု၏ကိုယ်အစစ် မန်ဟိုသည် အစွမ်းထက်ဆုံးပါရာဂွန်တစ်ဦး ဖြစ်နှင့်ပြီးလေပြီ။ ဖန်မုသာ ပါရာဂွန်လမ်းစဉ်ကို လျှောက်လှမ်းလိုလျှင် အနှစ်သာရ ၉ ခုအဆင့်သို့ သေချာပေါက် ရောက်မည်ဖြစ်ကြောင်း မန်ဟို သေချာသည်။ အချိန်တချို့ ကြာကောင်းကြာလိမ့်မည်၊ မရောက်ဘဲတော့ မနေ။

သို့သော် ယင်းက မန်ဟိုဖြစ်စေချင်သည့်အရာမဟုတ်။ အနှစ်သာရ ၉ ခုအဆင့်ပါရာဂွန်ကိုယ်ပွားတစ်ဦးကို ပိုင်ဆိုင်ထားခြင်းသည် သူ့အား တန်ခိုးရှင်အဆင့်တက်နိုင်အောင် ကူညီပေးမည်မဟုတ်၍ သူ၏မူလအစီအစဉ်မှာ ဘယ်တော့မှ ပြောင်းလဲမည်မဟုတ်ပေ။

မန်ဟိုသည် ကိုယ်အစစ်ဖြင့် အဆင့်တက်မည်။ ပြီးလျှင် နဝမဂိုဏ်း၏အင်အား၊ သင်္ချိုင်းတစ္ဆေတပ်ကြီးဖြင့် ... အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် နတ်ဆိုးလောကအား ပြန်ကလဲ့စားချေမည်။ အထူးသဖြင့် ... ကောင်းကင်ဘုံ ၃၃ ဘုံကိုပင်။

ကလဲ့စားချေဖို့ .... သူ့အိမ်၊ တောင်ပင်လယ်လိပ်ပြာဆီ သူ ပြန်မည်။ သူ့မိသားစုနှင့် မိတ်ဆွေများဆီ ပြန်မည်။ တောင်ပင်လယ်များဆီ ပြန်မည်။

ယင်းက သူ၏ဦးတည်ချက်၊ သူ၏အစွဲ၊ သူ့စိတ်ထဲမှ ဘယ်တော့မှ ဖျောက်ဖျက်မရမည့်အရာပင်။

တောင်ပင်လယ်လောကကို သူ ပြန်တည်ဆောက်မည်။ အသားဂျယ်လီကို အသက်ပြန်သွင်းမည်။ ကြေးမုံကို ပြန်ခေါ်မည်။

၎င်းက အာကာပြင်ကျယ်စကြဝဠာကို ဖီဆန်မှုဖြစ်နေလျှင်တောင်မှ သူ ထိုသို့လုပ်ဦးမည်သာ။

မန်ဟိုတဖြစ်လဲ ဖန်မုသည် ပထမဂိုဏ်းရှိ ဒသမကောင်းကင်ဘုံထက်တွင် ရပ်လျက် ပြုံးပြီး အသက်ဝဝရှူလိုက်၏။

အောက်တွင် ပထမဂိုဏ်း၏ မရေမတွက်နိုင်သော ဂိုဏ်းသားများသည် ခံစားချက်များ ရှုပ်ထွေးစွာဖြင့် မော့ကြည့်နေကြ၏။ သူတို့မှာ ဖန်မုကို ခါးသီးခံပြင်းစွာ ကြည့်ရင်း မျက်နှာတွင် သွေးမရှိတော့ပေ။

ပထမဂိုဏ်း၏ ရွေးချယ်ခံများမှာလည်း ငေးကြောင်နေလျက်။ သူတို့သည် စွန်ရဲများဖြစ်ခဲ့သော်လည်း ဤအခိုက်အတန့်တွင် သူတို့မွေးဖွားလာခဲ့သည့် မျိုးဆက်တွင် တောင်တစ်လုံးခံနေပြီဖြစ်ကြောင်း ဝန်ခံလိုက်ကြရလေပြီ။

ထိုတောင်သည် .... သူတို့ ဘယ်တော့မှ ကျော်မတက်နိုင်လောက်အောင် မြင့်မားလွန်း၏။

တိတ်ဆိတ်မှုက မင်းမူနေသည်။ ပထမဂိုဏ်း၌ပင် လက်ရှိမျိုးဆက်၏ သန့်ရှင်းသောသမီးတော်တစ်ဦး ရှိသည်။ သူမကား ဟန်ပေ့မှတစ်ပါး အခြားမဟုတ်။ ဟန်ပေ့လည်း ဒသမကောင်းကင်ဘုံထက်ရှိ ဖန်မုနှင့်ယန်အာ့ကို မော့ကြည့်ရင်း စိတ်မသက်မသာဖြစ်နေသည်။

မန်ဟိုသည် နှစ်ပေါင်းများစွာတစ်လျှောက်လုံး သူမအား ရန်မရှာခဲ့သော်လည်း ဟန်ပေ့မှာ သူ့ကို ကြောက်နေသေးသည်။ သူ ချူယွီယန်ကို ဂရုစိုက်လေလေ၊ သူမ အန္တရာယ်ကင်းလေလေ ဖြစ်သည့်တိုင် အန္တရာယ်ကင်းလေလေ၊ ထိုအန္တရာယ်ကင်းနေသည့်ခံစားချက်က သူမအား ခြောက်လှန့်လေလေ ဖြစ်ပြန်သည်။

ထိုခံစားချက်က ပြင်းထန်သထက် ပြင်းထန်လာပုံသာပေါ်ပြီး အာကာပြင်ကျယ်ကျောင်းတော်အတွင်းရှိ သူမ၏စစ်ဆင်ရေးအပေါ် လွှမ်းမိုးလာ၏။

မန်ဟို ဘာကြောင့် ဤကိုယ်ပွားကို ဖန်တီးခဲ့သလဲ စုံစမ်းဖို့ သူမ ကြိမ်ဖန်များစွာ စဉ်းစားခဲ့ဖူးသည်။ သို့သော် ဖန်မုအား ကပ်မသွားဝံ့၍ အဝေးမှသာ သို့လောသို့လော တွေးနေနိုင်ခဲ့လေသည်။ ဘောင်မကျော်ရဲသည့်အတွက် ခန့်မှန်းချက်များသာ ကျန်ခဲ့သည်။

နှစ်ပေါင်းများစွာတစ်လျှောက်လုံး သီအိုရီအမြောက်အမြား သူမ တွေးခဲ့မိသော်လည်း တစ်ခုကိုမှ အတည်မပြုနိုင်ခဲ့ပေ။ တစ်ခါတရံ သူမ၏သီအိုရီအားလုံး မှားနေသလိုပင် ခံစားရသည်။

ဖန်မုနှင့် ယန်အာကို တခဏကြည့််ပြီးနောက် သူမသည် သက်ပြင်းချ၍ အကြည့်လွှဲလိုက်၏။

ဒသမကောင်းကင်ဘုံထက်တွင် လေတဟူးဟူး တိုက်နေသည်။ ယန်အာ၏အကြည့်သည် သူ့ဆရာအပေါ် ကျ‌ရောက်သွားပြီး သူမ၏မျက်ဝန်းလေးများက တောက်ပစွာ ရွှန်းလဲ့လာတော့သည်။ သူမဆရာက သူမတစ်ဘဝလုံးတွင် အရေးအပါဆုံးလူဖြစ်လာခဲ့သယောင်ပင်။

“ဆရာ” သူမက ကျယ်ကျယ်ခေါ်သည်။

“အေး” ဖန်မုက ပြုံးရင်း ပြန်ဖြေသည်။

“ဆရာ့”

“ဟေ အေးလို့” ဖန်မုက သူမကို လှည့်သည်။

“ဆရာ့” သူမက ထပ်ခေါ်သည်။

ဖန်မုသည် မျက်နှာတည်တည်ဖြင့် သူမ‌ခေါင်းလေးအား လှမ်းထုလိုက်၏။ သူမမှာ ခေါင်းကို ပွတ်ရင်း ဆူပုပ်သွားသည်။ ယခုအခိုက်အတန့်တွင် ယန်အာ အလွန်ပီတိဖြစ်နေမှန်း သိသည့်အတွက် ဖန်မုက သူမကို ပြုံးရုံသာ ပြုံးပြလိုက်လေသည်။

ထို့နောက် သူသည် မိုးနှင့်မြေကို ပြန်လှည့်ကြည့်ပြီး မျက်လုံးများ၌ မျှော်လင့်ချက်တို့ တောက်ပလာ၏။

“အာကာပြင်ကျယ်မော်ကွန်းတိုက်က ငါ့အတွက် ကံကြမ္မာကောင်းတွေ ထပ်မပေးနိုင်တော့ဘူး။ ငါ နောက်ဆုံးမီးအိမ်ဆယ်လုံးကို ငြှိမ်းချင်ရင် .... တန်ခိုးရှင်လမ်းကို လျှောက်ဖို့ပဲ ကျန်တော့တယ်”

အာကာပြင်ကျယ်ကျောင်း‌တော်တွင် အကျော်ကြားဆုံး နတ်မီးလျှံစမ်းသပ်ပွဲနှစ်ခုမှာ အာကာပြင်ကျယ်မော်ကွန်းတိုက်နှင့် တန်ခိုးရှင်လမ်း ဖြစ်သည်။ တာအိုနယ်ပယ်ကျင့်ကြံသူများသာ တန်ခိုးရှင်လမ်းကို လျှောက်ကြ‌၏။ မှန်သည် ၊ ထိုလမ်းကို လျှောက်ရုံမျှနှင့် တန်ခိုးရှင်အဆင့်တက်မည်ဟု အာမ,မခံသော်လည်း မျှော်လင့်ချက်တော့ ရှိသေးလေသည်။

ထိုလမ်းသည် တန်ခိုးရှင်အဆင့်တက်နိုင်အောင် တွန်းအားပေးမည့် သမားရိုးကျနည်းလမ်းဖြစ်သော်လည်း ယနေ့မျက်မှောက်ထိ ဂိုဏ်းချုပ် သို့မဟုတ် သူနှင့်အဆင့်တူများပင်လျှင် လမ်းအဆုံးသို့ မလျှောက်နိုင်ခဲ့ပေ။

၎င်းက အလွန်ခက်ခဲသောလမ်းတစ်လမ်းဖြစ်သလို၊ အဆုံးမရှိသည့်အလားပင်။ သို့သော် အာကာပြင်ကျယ်ကျောင်းတော်၏ တာအိုနယ်ပယ်ပညာရှင်များသည် လူတစ်‌ယောက်၏ ကျင့်ကြံအဆင့်ကို ခုန်ပျံကျော်လွှားတိုးတက်စေမည့် အတွင်းရှိ များမြောင်သောကံကြမ္မာကောင်းတို့ကြောင့် ၎င်းကို မျက်စိကျကြ၏။

ဖန်မုက အသက်ဝဝရှူလိုက်သည်။ ဤကိုယ်ပွားသည် .... တန်ခိုးရှင်လမ်းပေါ်၌ နဝမမန္တန်၏ ပထမချုပ်စည်းကို အပြည့်အဝဖော်ဆောင်နိုင်လိမ့်မည်ဟု သူ ခံစားနေရသည်။

နဝမမန္တန်တစ်ခုလုံး ဖော်ဆောင်နိုင်ဖို့နှင့် စပ်လျဉ်း၍ ခန့်မှန်းချက်များလည်း သူ့တွင် ရှိ၍ ထိုခန့်မှန်းချက်များကိုလည်း တန်ခိုးရှင်လမ်းအပေါ်၌ အတည်ပြုနိုင်လိမ့်မည်။

သို့သ်ော ယခုတော့ အချိန်မကျသေး။ ထိုလမ်းကို စလျှောက်သည်နှင့် ပြန်လာနိုင်ဖို့ အချိန်များစွာကြာမြင့်မည်ဖြစ်ကြောင်း သူ ခံစားရသည်။ ဘယ်တော့မှ ပြန်မလာနိုင်မည့် ဖြစ်နိုင်ခြေပင် ရှိ၏။

ထို့အပြင် အာကာပြင်ကျယ်ကျောင်းတော်တွင် ကိုင်တွယ်ရမည့် ကိစ္စအနည်းငယ် ရှိသေးသည်။

ဖန်မုသည် ယန်အာကို ကြည့်၍ အာကာပြင်ကျယ်မော်ကွန်းတိုက်၏ ကံကြမ္မာကောင်းကြောင့် သူမ၏ကျင့်ကြံခြင်းအခြေခံ ယိမ်းယိုင်မှုမရှိ ခိုင်မာသွားသည့်အပြင် ကြီးကြီးမားမားတိုးတက်ခဲ့ကြောင်း တွေ့လိုက်ရ၏။ ယန်အာက ယခုတွင် အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်သို့ ရောက်နေချေပြီ။ ယခုလေးတင်မှ ထိုအဆင့်သို့ တက်ခဲ့သော်လည်း ခေါင်းလောင်းသံများ၏ကောင်းချီးကြောင့် လာမည့်နှစ်များအတွင်း သူမ၏ကျင့်ကြံအဆင့်က လျင်မြန်စွာ မြင့်တက်သွားလိမ့်မည်။

သူမ၏ပင်ကိုယ်ပါရမီကို ကောင်းချီးက အားဖြည့်ပေးခဲ့ပြီး သူမ၏ချီစီးဆင်းမှုလမ်းကြောင်းများနှင့်အတူ ကျင့်ကြံခြင်းဆိုင်ရာအခက်အခဲများအားလုံး ရှင်းလင်းသွားခဲ့သည်။

အာကာပြင်ကျယ်ကျောင်းတော်တွင် ထိုကဲ့သို့ကံကြမ္မာကောင်းမျိုးကို ယန်အာတစ်ယောက်သာလျှင် ရရှိနိုင်သည်။

သူမ၏ကျင့်စဉ်လမ်းပေါ်၌ မဟာတာအိုတစ်ပါးဆီသို့ သွားရာလမ်း ပွင့်နေခဲ့ပြီဟုပင် ဆိုနိုင်၏။

“လာ” ဖန်မုက အပြုံးလေးဖြင့် ပြောသည်။ “နဝမဂိုဏ်းကို ပြန်ကြစို့” သူတို့သည် အားပေးကြွေးကြော်‌နေသော နဝမဂိုဏ်းသားများနှင့်အတူ နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ထဲ ပြန်ဝင်သွားကြ၏။ ပထမဂိုဏ်းသားများ ခံရခက်နေကြစဉ် သူတို့အားလုံး ပျောက်ကွယ်သွားကြလေပြီ။

သူတို့ နဝမဂိုဏ်းသို့ ပြန်ရောက်လာသည့်အခါ မန္တန်ဝင်္ကပါ၏ထစ်ချုန်းသံက ပထမဂိုဏ်းမှ အဋ္ဌမဂိုဏ်းအထိ တသိမ့်သိမ့် တုန်သွားစေသည်။ နဝမဂိုဏ်းသားများ၏ ကြွေးကြော်အော်ဟစ်သံများက အာကာပြင်ကျယ်ကျောင်းတ်ောတစ်ခုလုံးအား လှုပ်ခတ်နေစေ၏။ မည်သူမှစံချိန်မချိုးနိုင်မည့် ဒဏ္ဍာရီတစ်ပုဒ် မွေးဖွားလာခဲ့ပြီမဟုတ်ပါလော။

“သူတို့ပြန်လာကြပြီ။ အကုန်လုံး ပြန်လာပြီ”

“အစ်ကိုကြီးဖန်မု ပြန်ရောက်လာပြီဟေ့”

“အစ်ကိုကြီး အစ်ကိုကြီး....”

နဝမဂိုဏ်းတစ်ဂိုဏ်းလုံး စိတ်လှုပ်ရှားနေကြသည်။ စောစောက နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ထဲ လိုက်ဝင်ဖို့ နောက်ကျသွားခဲ့ကြသည့် ဂိုဏ်းသားများသည် ယခုတွင် သူတို့၏အစ်ကိုကြီးအတွက် ဝိုင်းဖွဲ့ကြွေးကြော်နေကြ၏။

ထိုနေ့တွင် နဝမဂိုဏ်း၌ အခမ်းအနားတစ်ခု ကြီးကြီးကျယ်ကျယ် ကျင်းပသည်။

ဖြစ်ပျက်ခဲ့သည့်သတင်းက တခြားဂိုဏ်းများတွင် ဟိုးလေးကျော်နေသည်။ နှစ်များစွာကြာသည်အထိ နဝမဂိုဏ်း၏ဂိုဏ်းသားများသည် မည်သည့်အရာနှင့်မှမယှဉ်နိုင်လောက်အောင် ဝမ်းသာပီတိဖြစ်နေကြလိမ့်မည်။

နဝမဂိုဏ်းထဲတွင် လာရောက်စခန်းချခဲ့ကြသည့် တခြားဂိုဏ်းများမှ ဂိုဏ်းသားများမှာတော့ ကပျာကယာ ထွက်သွားကြ၏။ တစ်‌ယောက်မှ မနေရဲတော့ပေ။ ဆယ်နှစ်တိုင် ရန်စစိန်ခေါ်မှုများကား အတိတ်၌သာ ကျန်ခဲ့လေပြီ။

ယန်အာ၏တောင်းဆိုမှုကြောင့်သာ ဖန်မု ထိုသို့လုပ်ခဲ့ကြောင်း လူအနည်းစုသာ သိရှိကြ၏။ ဂိုဏ်းသားအများစုက ... တခြားဂိုဏ်းများမှ ရွေးချယ်ခံများအား သူ့ကို စိန်ခေါ်ချင်လျှင် သူတို့၏ဂိုဏ်းမှသာ စိန်ခေါ်ရမည်၊ နဝမဂိုဏ်းသို့ လာရန် မလိုအပ်ဟု ပြောနေသည့်ပုံစံမျိုးဖြင့် လုပ်ခဲ့သည်ဟုသာ တွေးကြလေသည်။

ထို့အပြင် ထိုစိန်ခေါ်လိုသူများအတွက် လွယ်ကူစေရန် ဖန်မုသည် သူတို့၏အာကာပြင်ကျယ်မော်ကွန်းတိုက်များ၌ သူ့နာမည်ကိုသာ ထည့်သွင်းလိုက်တော့၏....

ဖန်မုကြောင့် နဝမဂိုဏ်းတစ်ဂိုဏ်းလုံး၏ စိတ်ဓာတ်အားမာန်များ မီးအရှိန်ကဲ့သို့ တဟုန်းဟုန်းတောက်လောင်လာကြသည်။

သူတို့၏ကာကွယ်သူလည်းဖြစ်သော သူတို့၏ခေါင်းဆောင်သည် တန်ခိုးအရှိန်အဝါကြီးမားသော နဝမပါရာဂွန်ဖြစ်၏။ သူတို့ကြားတွင်မူ အာကာပြင်ကျယ်ကျောင်းတော်ကို လုံးလုံးလျားလျား လွှမ်းမိုးနိုင်ခဲ့သည် ထိပ်ဆုံးရွေးချယ်ခံဖန်မု ရှိသည်။

ထိုအရာအားလုံးကြောင့် နဝမဂိုဏ်းသည် ကျန်ဂိုဏ်းများနှင့်မတူ ကွဲထွက်လာခဲ့၏။

အခမ်းအနားကား တစ်လကျော် ကြာမြင့်သည်။ နောက်ဆုံး အခြေအနေများ ငြိမ်ကျသွားသော်လည်း နဝမဂိုဏ်းသားများမှာ အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေကြသေးလေသည်။ သူတို့ခံစားနေရသည့် အောင်မြင်မှုနှင့် ဂုဏ်ကျော်စောမှုအား ဘယ်တော့မှ ဖျောက်ဖျက်နိုင်မည်မဟုတ်ပေ။

ထိုလအတွင်း ဖန်မုမှာ လာရောက်ဂါဝရပြုကြသော ဧည့်သည့်များကို မတတ်သာဘဲ လက်ခံတွေ့ဆုံရသည်။ သို့သ်ော တစ်လကြာပြီးနောက်တွင်ပင် ဧည့်သည့်အရေအတွက်က လျော့နည်းမသွားဘဲ တိုးပင်တိုးလာရာ သူ့မှာ တောင်အား ပိတ်လိုက်ရ‌တော့သည်။

ထိုအချိန်မှစ၍ ဖန်မုသည် တောင်မှမခွာတော့သလို၊ ဧည့်သည်များကိုလည်း အလိမ္မာနည်းနှင့် ငြင်း၏။ သို့သော် တံခါးပိတ်ကျင့်ကြံမည့်အစား သူက ယန်အာ့ကို ကျင့်စဉ်များ အချိန်ပေးသင်ကြားသည်။

အချိန်များကုန်လွန်သွား၏။ မကြာမီ သုံးနှစ်ကြာခဲ့လေပြီ။

ထိုအတောအတွင်း ဖန်မုသည် သူ၏ကျင့်ကြံခြင်းအခြေခံကို ဂရုမစိုက်ဘဲ ယန်အာ့ကို အင်မော်တယ်အကြောများအား သန့်စင်နိုင်အောင် ကူညီပေး‌နေ၏။ သူသိသမျှ တာအိုဉာဏ်အလင်းများကိုလည်း မျှဝေဟောပြောပေးသည်။ သူသည် သူ့တွင် ရှိရှိသမျှအရာအားလုံးအား သူမကို လက်ဆင့်ကမ်းပေးရန် ကြိုးစားနေ၏။

ထိုကဲ့သို့ အားသွန်ခွန်စိုက် သင်ကြားပေးမှုများကြောင့် ယန်အာ၏ကျင့်ကြံခြင်းအခြေခံက ကြောက်ခမန်းလိလိအမြန်နှုန်းဖြင့် တိုးတက်လာကာ မျိုးဆက်တူတိုင်းထက် များစွာပို၍ခိုင်မာလာသည်။

အဆိုပါနှစ်များအတွင်း ယန်အာသည် တစ်ခုခုကို ခံစားလာရ၏။ နောက်ဆုံးတွင် သူမမှာ အရယ်အမောနည်းလာပြီး ဖန်မုကို ကြည့်သည့်အခါတိုင်း သူနှင့်မခွဲလိုသည့်အလား သူမမျက်ဝန်းများတွင် စိုးရိမ်ကြောင့်ကြမှုတို့ ပြည့်နှက်နေသည်။

နှစ်ပေါင်းများစွာ သူ့အပေါ် မှီခိုပြီးနောက် ယန်အာသည် သူ၏အကျင့်ကို ကောင်းစွာသိရှိလာခဲ့၏။ လွန်ခဲ့သည့်သုံးနှစ်အတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်တွေးကြည့်သောအခါ ....

“ဆရာ ထွက်သွားတော့မယ်” ထိုအတွေးက သူမကို ခြောက်လှန့်နေသည်။ သူမမည်မျှမေးမေး၊ ဖန်မုက ပြုံးရုံသာပြုံးပြီး ဘာမှမပြန်ဖြေပေ။ သို့သော် သူ့အကြည့်သည် ပို၍နွေးထွေးလာကာ အတိတ်အချိန်များကို ပြန်လွမ်းမောနေသယောင် ထင်ရ၏။

နောက်ဆယ်နှစ်ကြာသွားသည်....

ယန်အာ၏ကျင့်ကြံခြင်းအခြေခံက တိုးတက်သထက် တိုးတက်လာသည်။ သို့သော် သူမနှလုံးသားသည် ပို၍ကြောင့်ကြပူပန်လာ၏။ တစ်ရက်တွင် သူမဆရာ၏ကျောက်စိမ်းပြားတစ်ပြားကို တွေ့လိုက်ရသည်။ ၎င်း၌ ဂိုဏ်း၏တန်ခိုးရှင်လမ်းအကြောင်း ပါဝင်နေရာ ယန်အာမှာ ရင်တဒိန်းဒိန်းခုန်လာတော့သည်။

တန်ခိုးရှင်လမ်းသည် တာအိုနယ်ပယ်ကျင့်ကြံသူများသာ လျှောက်လှမ်းနိုင်သောလမ်း ဖြစ်ကြောင်း သူမ သိ၏။ ၎င်းက အံ့ဖွယ်ကံကြမ္မာကောင်းဖြစ်သည့်တိုင် လျှောက်ဝံ့သူ နည်းပါးလေသည်။

လမ်းသည် အန္တရာယ်လည်း များသည်မဟုတ်ပါလော။ ၎င်းက အာကာပြင်ကျယ်မော်ကွန်းတိုက်ကဲ့သို့ ဂိုဏ်းအထဲ၌ ရှိခြင်းမဟုတ်၊ အာကာပြင်ကျယ်စကြဝဠာ၏ကြယ်တာရာကောင်းကင်ထဲက အက်ကွဲကြောင်းတစ်ကြောင်းအတွင်းတွင် ရှိခြင်းဖြစ်သည်။

အထဲဝင်ရောက်သွားလျှင် လူတစ်ယောက်သည် အပြင်လောကနှင့် အဆက်အသွယ်လုံးဝပြတ်တောက်သွားကာ နှစ်ပေါင်းရာချီကြာပြီးနောက်ပင် ပြန်ရောက်လာမည်မဟုတ်ပေ။ ၎င်းကား ဘဝတစ်လျှောက်လုံးတွင် ကျင့်ကြံသူတစ်ယောက် နှစ်ကြိမ်သာ နင်းမည့် လမ်းတစ်လမ်းလည်းဖြစ်၏။

ယခင်အတိုင်းဆိုလျှင် ယန်အာသည် သူမဆရာကို ထိုကိစ္စနှင့်ပတ်သက်၍ ဖိအားပေးကာ ထိုမျှအန္တရာယ်များသောနေရာတစ်နေရာအား မသွားအောင် ဟန့်တားဖို့ နည်းတစ်နည်းရှာမတွေ့သရွေ့ လက်လျှော့ခဲ့မည်မဟုတ်ပေ။ သို့သော် သူမသည် အရွယ်ရောက်လာခဲ့ပြီဖြစ်၍ ဆုံးဖြတ်ချက်ချမည့်သူက သူမဆရာသာဖြစ်ကြောင်း နားလည်လေသည်။  သူမဆရာ၏နှလုံးသားထဲတွင် သူမပင် စဉ်းပင်မစဉ်းစားတတ်သော အစွဲတစ်ခုရှိနေမှန်းကိုလည်း သူမ သိသည်။

ထို့ကြောင့် ဘာမှမပြောပေ။

ဆယ်သုံးနှစ်အတွင်း ဖန်မုသည် ဝိညာဉ်မီးအိမ်အနည်းငယ် ထပ်မံငြှိမ်းနိုင်ခဲ့၏။ ယခု သူ့တွင် ခုနစ်လုံးသာ ကျန်‌တော့လေသည်။

နောက်တစ်နှစ်ကြာသည့်အခါ ယန်အာသည် အင်မော်တယ်နယ်ပယ်၏အထွတ်အထိပ်သို့ ရောက်ရှိခဲ့၏။ သူမ၏တိုးတက်နှုန်းက ပုံမှန်ထက်မြန်လေရာ နဝမဂိုဏ်းသားများစွာအား တုန်လှုပ်အံ့ဩမိစေတော့သည်။ သို့သော် သူမဆရာ မည်သူမှန်း သဘောပေါက်လိုက်သောအခါ အဓိပ္ပါယ်မရှိသည့်အရာမဟုတ်ကြောင်း တွေးမိကြ၏။

အာကာပြင်ကျယ်မော်ကွန်းတိုက်ရှစ်တိုက်၏ ကံကြမ္မာကောင်းက မယုံနိုင်စရာကောင်းသည်ထက် ပိုသည်မဟုတ်ပါလော။

All Chapters