ဤဘဝကို ပြန်ကြည့်သောအခါ
Vol. 106 Ch. 1482
၁၄ နှစ်ကြာသည့်အခါ ယန်အာ ရှေးဟောင်းပြစ်ဒဏ်ကို ရင်ဆိုင်သည်။
ထိုနေ့သည် ဖန်မုအတွက်လည်း အရေးအပါဆုံးနေ့ဖြစ်၏။ သူသည် ဓမ္မစောင့်ရှောက်သူအဖြစ် မန္တန်ဝင်္ကပါများ ခင်း၍ နဝမဂိုဏ်းရှိ မိုးနှင့်မြေစွမ်းအားများကို ထိန်းညှိနေလေသည်။ ရက်အနည်းငယ်ကြာ၍ ရှေးဟောင်းပြစ်ဒဏ် အပြီးသတ်သွားသည့်အချိန်မှ သူ့မှာ စိတ်ဒုန်းဒုန်းချနိုင်လိုက်သည်။
ဖန်မုသည် ယန်အာ ရှေးဟောင်းပြစ်ဒဏ်ကို ကျော်ြဖတ်ကာ ဝိညာဉ်မီးအိမ်များအား ထိန်းပြီးနောက် အသက်ရှူလေ့ကျင့်ခန်းများ လုပ်ဖို့ မျက်လုံးပိတ်လျက် တရားထိုင်နေသည်ကို ပီတိများဖြင့် ကြည့်နေ၏။ တစ်ချိန်လုံး သူ့အကြည့်က နွေးထွေးကြင်နာနေသည်။ သေမျိုးများအတွက် ယန်အာအား လူငယ်အဖြစ် မသတ်မှတ်နိုင်တော့သော်လည်း ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူများအတွက်မူ သူမက ကလေးမလေးနှင့်တူသည်။ အချိန်၏တိုက်စားမှုက သူမမျက်နှာလေးထက်တွင် မည်သည့်အရေးအကြောင်းများမှ မကျန်စေခဲ့သလို၊ သူမသည် လှသထက်သာ လှလာနေ၏။ တစ်ချိန်တည်းမှာပင် ရင့်ကျက်လာသည်။ ဂိုဏ်း၏အဖွဲ့ဝင်များအတွက် သူမသည် အများနှင့်လိုက်လျောညီထွေနေတတ်သူ၊ သူမအနားနေရသည်ကို လူတိုင်းနှစ်သက်ကြသော ရွေးချယ်ခံတစ်ဦးဖြစ်၏။
သို့သော် ယန်အာသည် ဖန်မုအရှေ့တွင်တော့ မိန်းကလေးတစ်ယောက်လို ချွဲတတ်သည်၊ ငူစူတတ်သည်၊ စိတ်ကောက်ပြတတ်သည်။
သူမကိုယ်ပေါ်ရှိ ချူယွီယန်၏အရှိန်အဝါလည်း အားကောင်းသထက် အားကောင်းလာနေသည်ကို ဖန်မု ပြောနိုင်သည်။ တစ်ခါတရံ နှစ်ယောက်ကို သူ ခွဲပင်မခွဲတတ်တော့ပေ။
အထူးသဖြင့် ရှေးဟောင်းပြစ်ဒဏ်ကို ကျော်ဖြတ်ပြီးနောက် သူမအသက်ရှူလေ့ကျင့်ခန်းများ လုပ်နေသည်ကို ကြည့်နေရသည့်အချိန်၌ပင်။ အမှတ်တရပေါင်းများစွာက သူ၏စိတ်ဝယ် ဖြတ်ပြေးသွားသည်။
အတိတ်ဘဝတုန်းက ချူယွီယန်သည် အင်မော်တယ်နယ်ပယ်သို့ မတက်လှမ်းနိုင်ခဲ့ပေ။ သို့သော် ဤဘဝတွင်တော့ ဖန်မု၏အကူအညီဖြင့် အမြင့်ဆုံးသို့ ရောက်ရှိနေလေပြီ။
ထိုမျှသာမက သူမ၏နာမည်က ချူယွီယန်ဖြစ်စေ၊ ယန်အာဖြစ်စေ၊ သူမသည် ဖန်မုတဖြစ်လဲ မန်ဟို၏နှလုံးသားထဲ၌ နေရာတစ်နေရာအား အမြဲထာဝရသိမ်းပိုက်ထားခဲ့ပြီဖြစ်၏။
“ငါ့အတွက် သူ့ကို လွှတ်ပေးလိုက်ရတော့မယ့် အချိန်ကျပြီ...” သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ရက်အနည်းငယ်ကြာသော် ယန်အာသည် မျက်လုံးဖွင့်၍ ဖန်မုကို လှမ်းကြည့်၏။ သူ၏မျက်ဝန်းများအရ ဖြစ်လာတော့မည့်အရာကို သူမ နားလည်သွားသည်။ ယန်အာမှာ သူနှင့်ခွဲခွာရမည့်အတွေးကို ခေါင်းထဲမှထုတ်ထားခဲ့သော်လည်း နောက်ဆုံးကျ သူရွေးချယ်မည့်ဆုံးဖြတ်ချက်ကို သူမ နားလည်ခဲ့သည်မှာ နှစ်ပေါင်းများစွာရှိခဲ့လေပြီ။ ယနေ့တွင် သူ့မျက်ဝန်းနက်ထဲရှိ တစ်စုံတစ်ခုက အရာအားလုံးကို ရှင်းပြနေ၏။
“ဆရာ...” သူမအသံက တုန်ရီစွာ ထွက်သွားသည်။
“မင်း အခု ရှေးဟောင်းနယ်ပယ် ရောက်ပြီ” ဖန်မုက နူးညံ့ပျော့ပျောင်းစွာ ပြောသည်။ “ဝိညာဉ်မီးအိမ်တွေကို ဘယ်လိုငြှိမ်းရမလဲ နားလည်တယ်မလား
“နားမလည်တဲ့နေရာတွင် ရှိရင် အခုအချိန်က ဆရာ့ကို မင်းမေးရမယ့် အချိန်ပဲ
“ရှေးဟောင်းနယ်ပယ်မရောက်ခင်မှာတော့ ကျင့်ကြံသူတွေဟာ တခြားသူတွေဆီကနေ အကူအညီလက်ခံနိုင်တယ်။ အဲဒီလိုအကူအညီတွေက အမှန်လည်း အဆင်ပြေလွယ်ကူစေနိုင်တယ်။ ဒါပေမဲ့ ရှေးဟောင်းနယ်ပယ်ကစပြီး မင်း မင်းကိုယ်မင်းပဲ အားကိုးရလိမ့်မယ်
“ဆရာ မင်းကို ပြောခဲ့တာကို ဘယ်တော့မှ မမေ့နဲ့။ ငါတို့ကျင်ကြံသူတွေက ခန္ဓာကိုယ်ကို ကျင့်ကြံရတာမဟုတ်ဘူး။ နှလုံးသားကို ကျင့်ကြရတာ”
ယန်အာ၏မျက်ဝန်းအိမ်၌ ဝဲတက်နေသော မျက်ရည်စလေးများသည် ပါးပြင်တစ်လျှောက် လိမ့်ဆင်းကျလာ၏။ သူမမှာ တုန်ရီနေတော့သည်။ “ဆရာ....”
“ဆရာ မင်းအတွက် ကျောက်စိမ်းပြားကိုးပြား ပြင်ထားတယ်။ တစ်ပြားစီမှာ ဆရာ့နတ်ဘုရားအာရုံစွမ်းအားအနည်းငယ်စီ ပါဝင်တယ်... မင်း အန္တရာယ်တစ်ခုခုတွေ့ရင် ကာကွယ်ပေးလိမ့်မယ်” ဤအချိန်တွင် မန်ဟို၏ကိုယ်ပွား ဖန်မုသည် တာအိုနယ်ပယ်နှင့် အလွန်နီးကပ်နေခဲ့ပြီဖြစ်၍ မန်ဟို၏စွမ်းအားတချို့ကိုပင် ဆင့်ခေါ်နိုင်လေသည်။
သို့ဖြစ်၍ ကျောက်စိမ်းပြားကိုးပြားတွင် ကိုယ်အစစ်၏ နတ်ဘုရားအာရုံစွမ်းအားတချို့ ပါဝင်ပြီး ယန်အာ အာကာပြင်ကျယ်ဂြိုဟ်၏ မည်သည့်နေရာသို့သွားသွား ဘေးကင်းလုံခြုံအောင် စောင့်ရှောက်ပေးနိုင်လိမ့်မည်။
“ဆရာ့တစ်ဘဝလုံး သင်ယူလေ့လာခဲ့ရတဲ့ မှော်သိုင်းကွက်တွေ၊ နတ်ဘုရားစွမ်းရည်တွေအားလုံး ပါဝင်တဲ့ တာအိုကျမ်းအတွဲခုနစ်တွဲလည်း ပြင်ထားတယ်
“မင်းအတွက် ဆရာကိုယ်တိုင် သီးသန့်ဖော်စပ်ပေးထားတဲ့ ဆေးလုံးတစ်သိန်းလည်း ရှိတယ်။ အဲဒါတွေက မင်းရဲ့ ကျင့်စဉ်လမ်းကို လွယ်ကူချောမွေ့စေလိမ့်မယ် ယန်အာ
“မှော်ပစ္စည်းတွေနဲ့ ပတ်သက်ပြီးလို့ကတော့ ဆရာ တစ်ခါမှ မစုဆောင်းခဲ့ဖူးပေမယ့် ရခဲ့သမျှအရာတွေအားလုံး မင်းအတွက် ထားခဲ့ပေးမယ်
“အင်မော်တယ်ကျောက်စိမ်းတွေနဲ့ ဝိညာဉ်ကျောက်တုံးတွေလည်း ရှိသေးတယ်။ အရင်တုန်းကတော့ ဆရာ ပစ္စည်းဥစ္စာတွေကို တော်တော်မက်မောခဲ့ဖူးပေမယ့် အခုပြန်တွေးကြည့်တော့ သက်ပြင်းပဲချမိတော့တယ်။ အကုန်လုံး မင်းနဲ့ပဲ ထားခဲ့လိုက်မယ်”
“ဆရာ ကျွန်မ အဲဒါတွေတစ်ခုကိုမှ မလိုချင်ပါဘူး ။ ကျွန်မလိုချင်တာက ....” ယန်အာ့အသံသည် တိုးဝင်သွား၏။ သူမမှာ ကြောက်နေလေသည်။ သူမဆရာ၏ဆုံးဖြတ်ချက်ကို နားလည်ခဲ့သည်မှာ ဆယ်နှစ်ရှိခဲ့ပြီဖြစ်သော်လည်း ယခုထက်ထိ သူမ အဆင်သင့်မဖြစ်သေးပေ။
“ဆရာတည်ဆောက်ခဲ့တဲ့ ဂုဏ်သတင်းကြောင့်” ဖန်မုက ဆက်ပြောသည်။ “နဝမဂိုဏ်းထဲမှာ ဘယ်သူမှ မင်းကို အနိုင်ကျင့်ရဲမှာမဟုတ်ဘူး။ ဒီကလူတိုင်း မင်းကို ဂရုစိုက်ကြလိမ့်မယ်။ မင်းကို စောင့်ရှောက်ပေးဖို့ ပါရာဂွန်ကြီးဆီလည်း ဆရာ အလည်သွားပြီပြီ
“ဆရာကိုယ်တိုင်တော့ ဒီမှာမရှိပေးနိုင်တော့ပေမယ့် မင်း အန္တရာယ်ကင်းအောင် ပြင်ဆင်မှုတွေအများကြီး လုပ်ထားပြီးပါပြီ။ ဥပမာ သွေးခွေးကြီးပေါ့။ သူ မင်းကို ဆက်အဖော်ပြုပေးလိမ့်မယ်”
စိုးရိမ်ကြောင့်ကြမှုတို့က ယန်အာ့နှလုံးသားကို ထိုးကျင့်နေသည်။ “ဟင့်အင်း မလိုချင်ဘူး။ အဲဒါတွေ မလိုချင်ဘူး။ ဆရာ ၊ ကျွန်မ....”
“ယန်အာ” ဖန်မုက မာန်လိုက်သည်။
ယန်အာတစ်ကိုယ်လုံး တုန်ရီသွားသည်။ သူမဘဝတစ်လျှောက်လုံး သူမဆရာ သူမကို ဆူပူကြိမ်းမောင်းသည်၊ ချုပ်ခြယ်သည် ဟူ၍ မရှိခဲ့ဖူးပေ။ ဤသည်က ပထမဆုံးဖြစ်၏။ မျက်ရည်များက ပို၍ပင် စီးကျလာတော့သည်။
“မင်း အရွယ်ရောက်လာပြီလေကွယ်” ဖန်မုအသံသည် နူးညံ့ပျော့ပျောင်းသွား၏။ ထို့နောက် သူက သူမခေါင်းလေးကို လှမ်းထုလိုက်သည်။
ယန်အာမှာ ခေါင်းကလေးငုံ့ကာ ရှိုက်ကြီးတငင် ငိုနေလေသည်။
ဖန်မုမှာ ခေါင်းသာခါမိတော့သည်။ “လာ” သူက ပြောသည်။ “ဆရာ မင်းကို တစ်နေရာခေါ်သွားချင်တယ်” သူ လှည့်ထွက်သွားသဖြင့် ယန်အာလည်း ပါးပြင်မှမျက်ရည်များကို သုတ်ရင်း ထရပ်၍ နောက်မှလိုက်လာသည်။ ဆယ်သုံးနှစ်အတွင်း ပထမဆုံးအကြိမ် ဆရာတပည့်နှစ်ယောက် အပြင်ထွက်လာကြ၏။
သူတို့နှစ်ယောက်သား နဝမမြေထု၏ အစွန်အဖျားသို့ ခရီးနှင်လာခဲ့ကြရာ မြစ်တစ်စင်းကို တွေ့လိုက်ရသည်။ မြစ်နဘေးတွင် ရွာလေးတစ်ရွာ ရှိ၏။ သူတို့ရောက်သွားသည့်အချိန်က ညနေစောင်းဖြစ်၍ အိမ်ကလေးများ၏ မီးခိုးတိုင်းများမှာ မီးခိုးငွေ့များသည် ပျင်းရိပျင်းတွဲ လွင့်တက်နေလေသည်။ ဖန်မုသည် ဤဘဝ၏ကလေးအရွယ်တုန်းက နေထိုင်ခဲ့သော အိမ်ကလေးကို လှမ်းမြင်လိုက်၏။ အိမ်ပိုင်ရှင် ပြောင်းသွားခဲ့သည်မှာ ကြာခဲ့လေပြီ။ သူ့ကို ကောက်ရခဲ့သော စာပေသမား ဆုံးပါးသွားခဲ့သည်မှာလည်း နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။
သို့သော် သူ့ကို ဂရုစိုက်ခဲ့သော ဆရာအဘိုးကြီးကတော့ အသက်ရှင်နေသေးသည်။ သူသည် ထိုမုဆိုးမကိုပင် လက်ထပ်ခဲ့ပြီး ယခုတွင် သားမြေးတီတွတ်ပေါင်းများစွာဖြင့် နှစ်ယောက်သား အတော်လေးအိုနေချေပြီ။
ဖန်မုသည် အဘိုးအိုကို မြင်လျှင် ဤဘဝမှ နွေးထွေးသောအမှတ်တရများကို ပြန်တွေးမိလိုက်၍ သူ့မျက်နှာထက်တွင် အပြုံးတစ်စ ပေါ်လာ၏။
ယန်အာက သူ့ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသည်။ သူမသည် ဘာမှမပြောသော်လည်း သူမဆရာ၏ နှလုံးသားထဲရှိ နူးညံ့သောခံစားချက်များကို ခံစားနေရ၏။
အာရုဏ်တက်သောအခါ သူတို့ ထွက်လာကြသည်။ ဖန်မုသည် အဘိုးအိုကို ကိုယ်တိုင်သွားမတွေ့ခဲ့ပေ။ သို့သော် အသက်ရှည်ဆေးလုံးများစွာနှင့်အတူ အဘိုးအိုနှင့် သူ၏သွေးဆက်များအား စောင့်ရှောက်ပေးမည့် ကျောက်စိမ်းပြားကို ထားခဲ့၏။
ဖန်မု ထွက်သွားပြီးမကြာခင်မှာပဲ အဘိုးအိုက သမ်းဝေရင်း အခန်းထဲမှ ထွက်လာသည်။ သူသည် ငုံ့ကြည့်၍ ဖန်မုထားခဲ့သော ပစ္စည်းများကို မြင်လျှင် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ အတန်ကြာစဉ်းစားပြီးနောက် သူက မိုးကောင်းကင်ကို မော့ကြည့်လိုက်ပြီး အတန်ကြာသော် ပြုံးလိုက်သည်။
“ဟိုဟိုလေး ပြန်လာတာလား....” လွန်ခဲ့သောနှစ်ပေါင်းများက ကောင်လေးကို သတိရလိုက်သဖြင့် သူက ရယ်လိုက်လေသည်။
ရက်အနည်းငယ်ကြာသော် ဖန်မုသည် အာကာပြင်ကျယ်မော်ကွန်းတိုက်၏ထိပ်ဆုံးတွင် မိုးကောင်းကင်အား လက်ယှက်အရိုအသေပေးနေ၏။
“ကျုပ်က အာကာပြင်ကျယ်ကျောင်းတော်ရဲ့ နဝမဂိုဏ်းက ဖန်မုဖြစ်ပါတယ်။ တန်ခိုးရှင်လမ်းကို လျှောက်ချင်လို့ပါ၊ ပါရာဂွန် ကျေးဇူးပြု၍ အပေါက်ဝကို ဖွင့်ပေးပါခင်ဗျာ”
သူ့အသံ ပဲ့တင်ထပ်နေစဉ် ပါရာဂွန်မှာ စစချင်း မှင်သက်သွားပြီးနောက် အံ့ဩတုန်လှုပ်လာတော့သည်။ မရေမတွက်နိုင်သော ဂိုဏ်းသားများသည် အာကာပြင်ကျယ်မော်ကွန်းတိုက်ရှိရာ တောင်ထိပ်သို့ ဆူဆူညံညံ ပျံသန်းလာကြ၏။ ထိုနေရာတွင် တောင်ထိပ်၍ ရပ်နေသော ဖန်မု၊ တောင်ခြေ၌ သူ့ကို မော့ကြည့်လျက် ရပ်နေသော ယန်အာကို သူတို့မြင်လိုက်ကြရသည်။
“သူ ... တန်ခိုးရှင်လမ်းကို လျှောက်တော့မှာပဲ...”
“အေးဟ။ တန်ခိုးရှင်လမ်းက သူ့လို ရွေးချယ်ခံတွေအတွက်ပဲ မဟုတ်လား” နဝမဂိုဏ်းရှိ ကျန်ရွေးချယ်ခံများမှာ ခံစားချက်များ ရှုပ်ထွေးစွာဖြင့် သက်ပြင်းချလိုက်ကြသည်။
ဖန်မု ယခုလိုလုပ်လိမ့်မည်ဟု အတော်များများ ခန့်မှန်းထားခဲ့ပြီးသားဖြစ်သည်။ တကယ်တမ်း ရှေးဟောင်းနယ်ပယ်ပညာရှင်များအား တန်ခိုးရှင်လမ်းတွင် မလျှောက်လှမ်းအောင် တားမြစ်ထားခြင်းမရှိပေ။ သို့သော် များသောအားဖြင့် ထူးချွန်သောအရည်အချင်းများဖြင့် ပြိုင်ဘက်ကင်းရွေးချယ်ခံများသာ ထိုသို့လုပ်တတ်ကြသည်။
ဖန်မုနှင့်ပတ်သက်၍မူ သူက ထိုကဲ့သို့ရွေးချယ်ခံမဟုတ်လျှင် အာကာပြင်ကျယ်ကျောင်းတော်တွင် မည်သူရှိတော့မည်နည်း။
သူက တန်ခိုးရှင်လမ်းကို လျှောက်ဖို့ အရည်အချင်းပြည့်မှီပေသည်။
ယန်အာသည် တောင်ထိပ်ရှိ ဆရာဖြစ်သူကို မော့ကြည့်ရင်း တိတ်ဆိတ်စွာ ရပ်နေ၏။ သူမမျက်လုံးများသည် စိတ်ပိုင်းဖြတ်ထားဟန်ဖြင့် လင်းလက်နေပြီး သူမမှာ စိတ်ခိုင်ခိုင်ထားရန် သူမကိုယ်သူမ သတိပေးရင်း အသက်ပြင်းပြင်းရှူလိုက်လေသည်။ သို့ထိတိုင် ပါးပြင်မှ လိမ့်ဆင်းလာသော မျက်ရည်များကိုတော့ မတားနိုင်။
ဖန်မု၏အသံ ပဲ့တင်ထပ်ဆဲရှိစဉ် အနှစ်သာရ ၇ ခုပါရာဂွန်၏အသံသည် နဝမဂိုဏ်းအတွင်းမှ တုံ့ပြန်၏။
“သေချာလား”
“သေချာပါတယ်” ဖန်မုက သံမဏိကိုပင် ဖြတ်တောက်နိုင်လောက်အောင် ပြတ်သားသောအသံဖြင့် ပြန်ဖြေသည်။
အချိန်အနည်းငယ်ကြာသော် တစ်ယောက်ယောက် မဟာမှော်အစွမ်းတစ်မျိုးကို ဖော်ဆောင်နေသကဲ့သို့ ထစ်ချုန်းသံများ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ မိုးကောင်းကင်အား ဖွင့်နေသည့်အလား ထင်ရလေသည်။ ထိုစဉ်မှာပဲ ခေါင်းအထက်၌ ဧရာမအက်ကွဲကြောင်းကြီးတစ်ကြောင်း ပေါ်လာသဖြင့် အရာအားလုံး တဝုန်းဝုန်း လှုပ်ခတ်သွားသည်။
အက်ကွဲကြောင်းသည် ခုနစ်စဉ်အရောင်အဝါဖြင့် မျက်စိကျိန်းမတတ် တောက်ပနေ၏။ ထို့နောက် အလင်းရောင်က အပေါ်မှ ဆင်းလာပြီး ဖန်မု၏အရှေ့တည့်တည့်တွင် ရပ်သွားသော လှေကားထစ်အသွင် ပြောင်းသွားသည်။ ဖန်မုသည် လှေကားထစ်ကို မော့ကြည့်လိုက်ရာ အက်ကွဲကြောင်းအတွင်း၌ တခြားကမ္ဘာတစ်ခုကို မြင်လိုက်ရ၏။
ဤအခိုက်အတန့်တွင် ရှေးဆန်သောအသံတစ်သံ ပဲ့တင်ထပ်လာသည်။ “အာကာပြင်ကျယ်ကျောင်းတော်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ တန်ခိုးရှင်လမ်းထဲ ဝင်ရောက်တဲ့ ဘယ်သူမဆို ဝိညာဉ်မီးအိမ်တစ်လုံး ထားခဲ့ရမယ်။ ဝိညာဉ်မီးအိမ် လင်းနေရင် ကျင့်ကြံသူ အသက်ရှင်နေမယ်။ ဝိညာဉ်မီးအိမ် ငြိမ်းသွားရင် ... ကျင့်ကြံသူ သေသွားခဲ့ပြီ”
ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သောဂိုဏ်းသားများသည် တိတ်ဆိတ်စွာ စောင့်ကြည့်နေကြ၏။
ဖန်မုက အင်္ကျီလက်စခါလိုက်ရာ သူ့နဖူးမှ ဝိညာဉ်မီးစီးကြောင်းတစ်ကြောင်း ထွက်လာသည်။ ထိုဝိညာဉ်မီးသည် လေတွင် ပျံဝဲနေရင်း ဝိညာဉ်မီးအိမ်တစ်လုံးအသွင် ပြောင်းသွား၏။
ဤဝိညာဉ်မီးအိမ်သည် သူ၏ရှေးဟောင်းဝိညာဉ်မီးအိမ်များနှင့် မတူညီပေ။ ၎င်းက သူ၏ကိုယ်ပိုင်ဝိညာဉ်မီးမှ ဖြစ်ပေါ်လာ၍ သူ၏သေခြင်းရှင်ခြင်းကို အပြင်လောကအား ဖော်ပြပေးလိမ့်မည်။ ထိုမီးတောက်၏အခြေအနေအရ တန်ခိုးရှင်လမ်းပေါ်တွင် သူ လျှောက်နေစဉ် အခြေအနေမည်သို့မည်ဖုံ ရှိလဲ လူများသိရလိမ့်မည်။
သူတို့ ထိုမီးတောက်ကို မည်သို့လုပ်လုပ် ဖန်မုအပေါ် သက်ရောက်မည်မဟုတ်ပေ။ ဖန်မုက လက်ဝှေ့ယမ်းကာ ဝိညာဉ်မီးအိမ်အား ယန်အာ့ဆီ ပျံသန်းသွားစေသည်။
“ဆရာ့ရဲ့ တံခါးပိတ်ကျင့်ကြံရာအဆောင်ထဲ ထားလိုက်နော် ယန်အာ” သူက ပြုံးရင်း ပြောသည်။ ထို့နောက် အသက်ပြင်းပြင်းရှူကာ လှေကားထစ်များအတိုင်း အက်ကွဲကြောင်းထံ တက်သွားလေပြီ။
သူ အမြင့်ရောက်သထက် ရောက်သွားစဉ် နဝမဂိုဏ်း၏ အနှစ်သာရ ၇ ခုပါရာဂွန်က သူ့အား ပြောသည်။ “ဖန်မု၊ ဘဝမှာ အတင်းအကြပ် ဖိအားပေးလို့မရတဲ့ အရာတွေ ရှိတယ်။ မင်း ရှေ့ဆက်မသွားနိုင်တော့တဲ့ နေရာရောက်ရင် ပြန်လှည့်လာခဲ့ပါ...”
ဖန်မု အက်ကွဲကြောင်းထဲ ဝင်၍ ရှေးအကျဆုံးတန်ခိုးရှင်လမ်းအပေါ် နင်းတော့မည့်အချိန်မှာပင် ယန်အာသည် ရုတ်တရက် ကျယ်လောင်စွာ လှမ်းခေါ်၏။
“ဆရာ ... ချူယွီယန်ရဲ့ဇာတ်လမ်းကြောင်း ကျွန်မကို ပြောပြခဲ့တာ မှတ်မိသေးလား။ ကျန်တဲ့ဇာတ်လမ်းကို ဆက်နားထောင်ချင်ရင် ကျွန်မကို ပြောပြမယ်လို့ ဆရာ ကတိပေးခဲ့တယ်နော်”
ဖန်မုက ရပ်၍ တောင်အောက်ရှိ ယန်အာ့ကို ငုံ့ကြည့်သည်။ “မှတ်မိပါတယ်” သူသည် နူးညံ့ပျော့ပျောင်းစွာ ဆို၏။ “အခု နားထောင်ချင်လို့လား”
ယန်အာမှာ မျက်ရည်များတသွင်သွင်စီးကျနေလျက် တုန်ရီနေသည်။ “ဟင့်အင်း အခုမဟုတ်သေးဘူး”
သူမက ပြန်ဖြေသည်။ “ဆရာ ပြန်လာမှ ဆက်ပြောပြလို့ရလား”
သူမဆရာနှင့် ခွဲရတော့မည့် အတွေးက အလွန်နာကျင်လှသဖြင့် ယန်အာ့နှလုံးသားလေးမှာ စိစိညက်ညက် ထုခြေခံနေရသကဲ့သို့ ခံစားနေရတော့သည်။
“ရတာပေါ့” ဖန်မုက ခေါင်းညိတ်ရင်း ပြန်ဖြေသည်။ ထို့နောက် လှည့်၍ အသက်ဝဝရှူကာ .. အက်ကွဲကြောင်းထဲ ဝင်ရောက်ပြီး ... တန်ခိုးရှင်လမ်းအပေါ် နင်းလိုက်လေပြီ။