← Chapters

တန်ခိုးရှင်လမ်းပေါ်တွင်

Vol. 106 Ch. 1483

တန်ခိုးရှင်လမ်းပေါ်တွင်

Vol. 106 Ch. 1483

အာကာပြင်ကျယ်ကျောင်းတော် ဖန်ဆင်းခံခဲ့ရကတည်းက ယနေ့ထက်ထိတိုင်အောင် တန်ခိုးရှင်လမ်းသည် အလွန်အရေးပါခဲ့၏။ ၎င်းက တစ်ဂိုဏ်းလုံး၏ အင်အားကို မွေးဖွားပေးခဲ့သော နတ်မီးလျှံစမ်းသပ်ပွဲတစ်ပွဲဟုပင် သတ်မှတ်နိုင်လေသည်။

အမှန်တွင် တန်ခိုးရှင်လမ်းမှာ ဂိုဏ်းသားများ ဝင်ရောက်ယှဉ်ပြိုင်ရသော နတ်မီးလျှံစမ်းသပ်ပွဲလည်း မဟုတ်သေးပေ။ အာကာပြင်ကျယ်ကျောင်းတော်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော်ငြား တန်ခိုးရှင်လမ်းပေါ်၌ ဖြစ်ပျက်သောအရာအားလုံးက ပါရာဂွန်များ၏ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်နေသည်။

အရာအားလုံးသည် ကာယကံရှင်၊ အခွင့်အရေးနှင့် ကံကောင်းမှုအပေါ် မူတည်၏။

ရှေးခေတ်မှ ယနေ့ထက်ထိတိုင်အောင် အာကာပြင်ကျယ်ကျောင်းတော်၏ မရေမတွက်နိုင်သော ဂိုဏ်းသားများသည် တန်ခိုးရှင်လမ်းကို လျှောက်ခဲ့ဖူးသည့်တိုင် တစ်‌ယောက်မှ အဆုံးအထိ မရောက်ခဲ့ကြပေ။ လူတိုင်း လမ်းတစ်နေရာမှသာ ပြန်လာခဲ့ကြရသည်။

ပြန်မလာခဲ့သူများကတော့ လမ်းတွင် သေဆုံးသွားကြ၏။

တကယ်တော့ တန်ခိုးရှင်လမ်းမှာ လမ်းဟူ၍လည်း မဆိုနိုင်ရာ။

၎င်းသည် အလွန်ထူးခြားသောနေရာတစ်နေရာ ဖြစ်၏။ ထူးခြားလွန်း၍ ထိုနေရာသို့ ရောက်ခဲ့ဖူးပြီး အတွင်း၌ အတွေ့အကြုံများကို ဖြတ်သန်းခဲ့ဖူးသော လူများပင် အခြားသူများအား မရှင်းပြတတ်ချေ။ မှော်ဥပဒေတစ်ခုခုက အတွင်း၌ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မရှင်းပြနိုင်အောင် တားမြစ်ထားပုံရသည်။

အက်ကွဲကြောင်းထဲ ဝင်ရောက်၍ တန်ခိုးရှင်လမ်းကို နင်းပြီးနောက် ဖန်မု ပထမဆုံးမြင်လိုက်သည့်အရာမှာ မီးအိမ်တစ်လုံး ဖြစ်သည်။

.... ကြေးမီးအိမ်တစ်လုံး။

ကြေးမီးအိမ်သည် သူ၏ကိုယ်အစစ် မန်ဟို့ကိုယ်ထဲရှိ ကြေးမီးအိမ်နှင့် တစ်ပုံစံတည်း ထင်ရ၏။

သို့သော် ဤကြေးမီးအိမ်က အာကာပြင်ကျယ်စကြဝဠာထက်ပင် ဧရာမကြီးမားနေသည်။ ဤနေရာရှိ ကြယ်တာရာကောင်းကင်သည် ၎င်းကို ကြည့်လိုက်ရုံလေးနှင့် လူတစ်ယောက်၏စိတ်ကို မူးချာလည်သွားစေနိုင်၏။

တန်ခိုးရှင်လမ်းဆိုသည်မှာ ... ဤကြေးမီးအိမ်ပင်။

မီးအိမ်၏ ကျွမ်းမြေ့တောက်လောင်နေသော မီးတောက်တွင် ... အပြင်မီး၊ အတွင်းမီးနှင့် မီးနှလုံးသားဟူ၍ အပိုင်းသုံးပိုင်းရှိသည်... ၎င်းတို့အပိုင်းသုံးပိုင်းက မတူညီသော ဒိုင်မန်းရှင်းသုံးခုကို ဖန်တီးထားပြီး ၎င်းတို့ဖြန့်ကျက်နေသော အလင်းရောင်က အတွင်းရှိ အရာအားလုံးကို ထိန်လင်းနေစေသည်။

ဤကမ္ဘာသည် ကြေးမီးအိမ်နည်းတူ အတိုင်းထက်အလွန် ကြီးမား၏။ မီးတောက်ထဲရှိ ဒိုင်မန်းရှင်းများအပြင် ကြေးမီးအိမ်၏ကိုယ်ထည်တွင်လည်း ကိုယ်ပိုင်ဒိုင်မန်းရှင်းတစ်ခု ပါရှိနေသည်။

ကြောက်ခမန်းလိလိမီးအိမ်ကို မြင်မြင်ချင်း ဖန်မု၏ပထမဆုံးအတွေးမှာ .... ဤကြေးမီးအိမ်က သူ၏ကိုယ်အစစ်ထဲ၌ ရှိသော ကြေးမီးအိမ်ဖြစ်သည် ဟူ၍ပင်။

ထို့နောက် ဖန်မုသည် နတ်ဆိုးလောက၏ ကမ္ဘာလိပ်ပြာများကိုသော်လည်းကောင်း၊ တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းဆိုသည့် တောင်ပင်လယ်လောက၏ အဖိုးထိုက်ရတနာများကိုသော်လည်း မတွေးမိဘဲ မနေပေ။

ထိုအရာအားလုံးသည် သက်ရှိသတ္တဝါနေထိုင်ရာ ကမ္ဘာများကို သယ်ဆောင်နိုင်၏။ သူ ယခုကြည့်နေသော ကြေးမီးအိမ်သည်လည်း ... ထိုကဲ့သို့အဖိုးထိုက်ရတနာအမျိုးအစား ဖြစ်ပေသည်။

“ဒါဆို တန်ခိုးရှင်လမ်းကို ... အပိုင်းနှစ်ပိုင်း ခွဲထားတာပဲ။ တစ်ပိုင်းက မီးအိမ်ရဲ့ ကိုယ်ထည်ထဲမှာ။ တစ်ပိုင်းက မီးတောက်ထဲမှာ....”

“မီးတောက်ကိုလည်း အပိုင်းသုံးပိုင်း ထပ်ခွဲထားတယ်။ အပြင်မီး၊ အတွင်းမီးနဲ့ မီးနှလုံးသား..... “ဖန်မု၏မျက်လုံးများသည် စိတ်ပိုင်းဖြတ်ထားမှုတို့ဖြင့် တောက်ပနေ၏။ ထို့နောက် သူက ကြေးမီးအိမ်ထံ တဟုန်ထိုးထွက်သွားသော အလင်းတန်းတစ်တန်း အသွင်ပြောင်းသွားလေပြီ။

သူ အနားရောက်လေလေ၊ ကြေးမီးအိမ်မှာ ကြီးလာလေလေပင်။ အချိန်တွေ ကုန်လွန်သွားသည်။ ရှိရှိသမျှ စွမ်းအားအလုံးစုံဖြင့် ခုနစ်လကြာ ပျံသန်းပြီးနောက်တွင်ပင် ကြေးမီးအိမ်အနား မရောက်သေးဘဲ နေလိမ့်မည်ဟု ဖန်မုပင်လျှင် မခန့်မှန်းနိုင်ခဲ့‌ပေ။

ဤအချိန်တွင် မီးအိမ်၏မီးတောက်ကိုပင် သူ မမြင်ရတော့။ တစ်လောကလုံး ကြေးကမ္ဘာကြီးသဖွယ်သာ ဖြစ်နေသည်။

ဆက်လက်ပျံသန်းနေစဉ် သူ၏အမူအရာသည် လွန်စွာလေးနက်နေ၏။ သုံးလကြာသည့်အခါ မီးအိမ်မှာ ကွဲပြားစပြုလာသည်။ အဆောက်အအုံများ ဖုံးလွှမ်းနေသော မြေပြင်များကို သူ မြင်လာရသည်။ တောင်တန်းများ၊ မြစ်ချောင်းပင်လယ်များကိုပင် မြင်လာရသည်။

နောက်ဆုံးတော့ သူ၏အမြင်အာရုံသည် ဘာကိုမှမမြင်ရတော့သည့်တိုင်အောင် ဝေဝါးသွား၏။ ပြန်လည်ကြည်လင်ပြတ်သားလာသောအခါ .... သူကား ကြေးမီးအိမ်ကမ္ဘာ၏အတွင်းသို့ ရောက်သွားလေပြီ။

ထစ်ချုန်းသံများ ပဲ့တင်ထပ်လာပြီး ကြောက်ခမန်းလိလိဖိအားတစ်ရပ်က သူ့ကို အောက်တွန်းချလိုက်၏။ မရေမတွက်နိုင်သောတောင်တန်းများက သူ့ကို ဖိနှိပ်ဖို့ ကြိုးစားနေသည့်အလား၊ ဧရာမလက်ကြီးက သူ့ခေါင်းအပေါ်မှ ဖိတွန်းနေသည့်အလား။ ဖိအားက သူ့အား လေထဲမှ မြေကြီးပေါ် ပြုတ်ကျသွားစေသည်။

တခဏကြာသော် ဖန်မုမှာ မြေကြီးနှင့် ဝင်တိုက်သွားတော့သည်။

အုန်းခနဲ ပဲ့တင်ထပ်သွား ပြီးနောက် သူသည် လည်ပင်းနှင့် မျက်နှာပေါ်တွင် သွေးကြောပြာကြီးများ ထောင်နေလျက် မှောက်ရက်လဲနေ၏။ ထို့နောက် သူ၏ဟိန်းဟောက်သံ ထွက်လာပြီး သူ၏ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ရီလာလေသည်။ အမွှေးတိုင်သုံးတိုင်ထွန်းစာကြာပြီးနောက်မှ သူ့မှာ မနည်းဒူးထောက်လိုက်နိုင်သည်။

ထိုအားထုတ်မှုလေးတင် သူ့အဝတ်အစားများအား ချွေးတို့ဖြင့် ရွှဲနစ်သွားစေ၏။ သူ့မှာ တစ်ကိုယ်လုံးတုန်ရီနေပြီး သူ၏အရိုးများမှာ ကျိုးတော့မည့်အလား ခံစားနေရသည်။ သူ့မျက်လုံးများကတော့ နီမြန်းလျက်သာ။

ဖိအား၏ပြင်းအားသည် ဖန်မု မျှော်တွေးကြည့်နိုင်သော မည်သည့်အရာမဆိုထက် ကျော်လွန်ပြီး သူမွေးလာကတည်းက ခံစားခဲ့ရဖူးသမျှထဲ ကြောက်စရာအကောင်းဆုံး အလေးချိန်ဖြစ်ပေသည်။ ဤဖိအား၏အောက်တွင် ကျင့်ကြံခြင်းအခြေခံတစ်ချက်လည်တိုင်း သူ၏ချီစီးဆင်းမှုလမ်းကြောင်းများ ကွဲထွက်သွားတော့မလို ဖြစ်နေသည်။

သို့သော် သူ၏မျက်လုံးများသည် အာရုံအပြည့်အဝ စူးစိုက်နေပြီး ရူးမိုက်မှုအနည်းငယ်ဖြင့်ပင် တောက်ပနေ၏။ သူက အံတင်းတင်းကြိတ်လျက် အလွန့်အလွန်နှေးကွေးစွာ ထလိုက်သည်။ အမွှေးတိုင်နှစ်တိုင်ထွန်းစာကြာသောအခါ သူသည် အသံကုန်ဟစ်အော်လျက် မတ်တပ်ရပ်နေလေပြီ။

ထိုအခိုက်အတန့်တွင် သူ၏ဝိညာဉ်မီးအိမ်ခုနစ်လုံးအနက်မှ တစ်လုံး ငြှိမ်းခံလိုက်ရသည်။

ထိုဝိညာဉ်မီးအိမ်ငြိမ်းသွားခြင်းက အသက်စွမ်းအားအသစ်ကို သူ့ကိုယ်တစ်လျှောက် စီးဆင်းသွားစေရင်း သူ့အား အားဖြည့်ပေးလိုက်၍ သူ့မှာ မတ်မတ်ရပ်နိုင်သွားတော့သည်။

ဖန်မု၏မျက်လုံးများသည် ပိုမိုနီရဲလာ‌သော်လည်း စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေ၏။

“ဆိုတော့ ဒါက တန်ခိုးရှင်လမ်းပေါ့လေ ဟမ်... ငြှိမ်းဖို့ ခက်ခဲနေခဲ့တဲ့ ဝိညာဉ်မီးအိမ်တွေထဲက တစ်လုံးကို ဝင်ဝင်ချင်း ငြှိမ်းနိုင်မယ်လို့ ထင်တောင်မထားဘူး” သူက ဘေးဘီဝဲယာကို ကြည့်လိုက်ရာ လူသူခြောက်ကပ်နေသော စွန့်ပစ်မြေဖြင့် ဝန်းရံခံထားရကြောင်း တွေ့လိုက်ရသည်။ သူမှလွဲ၍ မည်သည့်သက်ရှိသတ္တဝါကိုမှ မမြင်ရ။

သို့သော် ဤနေရာတွင် သူတစ်ယောက်တည်းမဟုတ်နိုင်မှန်း ဖန်မု သိသည်။ အတိတ်တုန်းက ဤနေရာသို့ ဝင်ရောက်လာခဲ့ပြီး နှစ်ပေါင်းများစွာကြာပြီးနောက်တွင်ပင် ပြန်မထွက်သေးသော အာကာပြင်ကျယ်ကျောင်းတော်မှ တခြားကျင့်ကြံသူများလည်း ရှိလေသည်။

ဖန်မုသည် အသက်ပြင်းပြင်းရှူလျက် ရှေ့တစ်လှမ်းလှမ်းကာ စလျှောက်သွား၏။ သူ့မှာ သေမျိုးဖြစ်သွားသကဲ့သို့ ခံစားနေရလေသည်။ လျှောက်ရမည့် လမ်းသည် ရှည်လျားသော်လည်း လျှောက်ရင်းလျှောက်ရင်း ကြေးမီးအိမ်နှင့် နီးလာသည်ကို ဖန်မု နားလည်လာခဲ့သည်။

သူ၏လက်ရှိအခြေအနေအရ ကြေးမီးအိမ်၏အလျားတစ်လျှောက်လုံးတွင် လျှောက်လှမ်းပြီးနောက် တန်ခိုးရှင်လမ်း၏ ဒုတိယအပိုင်းသို့ ရောက်ရန်မှာ မဖြစ်နိုင်သယောင်ပင်။

သို့ထိတိုင် ဖန်မုကား လက်မလျှော့။ မောဟိုက်ပင်ပန်းစွာ အသက်ရှူရင်း အံတင်းတင်းကြိတ်လျက် စွန့်ပစ်မြေတစ်လျှောက် တစ်ယောက်တည်း ဆက်လျှောက်နေသည်.....

ထိုနှစ်တွင် အာကာပြင်ကျယ်ကျောင်းတော်အတွင်း၌ အရေးကြီးသောအဖြစ်အပျက်များ ဖြစ်ပွားခဲ့သည်။

အာကာပြင်ကျယ်ကျောင်းတော်တွင် မကြားခဲ့ဖူးသော ဒဏ္ဍာရီတစ်ပုဒ်ကို ရေးထိုးနိုင်ခဲ့သော ၊ အာကာပြင်ကျယ်မော်ကွန်းတိုက်အားလုံး၌ ဒသမကောင်းကင်ဘုံကို ဆင့်ခေါ်နိုင်ခဲ့သော ဖန်မုသည် ရှေးဟောင်းနယ်ပယ်ကျင့်ကြံခြင်းအခြေခံဖြင့် တန်ခိုးရှင်လမ်းပေါ် နင်းခဲ့လေ၏။

သူထွက်သွားခြင်း အာကာပြင်ကျယ်ကျောင်းတော်၏ တခြားဂိုဏ်းများမှ ရွေးချယ်ခံများကို စိတ်သက်သာရာရသွားစေသည်။ ဖန်မုနှင့် တစ်ခေတ်တည်းတွင် နေထိုင်ရခြင်းက မိုးကောင်းကင်ကြီးကို ထမ်းထားရသကဲ့သို့ သူတို့အား ဖိအားများစေသည်။

ယခုတော့ အနည်းဆုံးယာယီ စိတ်အေးအေးထားနိုင်လေပြီ။ ဖန်မု တန်ခိုးရှင်လမ်းပေါ်တွင် မှတ်တမ်းအသစ်တစ်ခု စိုက်ထူနိုင်ဦးမည်လား၊ သို့မဟုတ် ဘယ်တော့မှ သတင်းပြန်မကြားရတော့သည့်တိုင်အောင် ပျောက်ကွယ်သွားမည်လား မည်သူမှအတပ်မပြောနိုင်ပေ။ အချိန်က စကားပြောသွားလိမ့်မည်။

ထိုနှစ်အတွင်း သင်္ချိုင်းထဲ ဝင်ရောက်သွားခဲ့သော ဂိုဏ်းချုပ်တို့ ပြန်ရောက်လာသည်။ သူတို့သင်္ချိုင်းထဲ နေခဲ့သည်မှာ ဆယ်စုနှစ်နှင့် ချီခဲ့သည့်တိုင် နဝမမြေထုသို့ မရောက်ခဲ့ကြပေ။ သတ္တမမြောက်သို့ ရောက်ခဲ့သော်လည်း အဋ္ဌမမြေထုဆီ သွားရာလမ်းကို မဖွင့်နိုင်ခဲ့ပေ။

သူတို့ပြန်ရောက်လာသောအခါ တချို့တဝက်တော့ ပြန်ပါလာခြင်းမရှိ။ ပြန်ရောက်လာသည့် လူအားလုံးလည်း အခြေအနေမဟန်သလို၊ ပိုင်ဝူချိန်ကတော့ သေလုမြောပါး ဖြစ်ခဲ့သည်။

သို့သော် အသက်ရှင်ကျန်ခဲ့သူအားလုံး ကျင့်ကြံခြင်းအခြေခံများအား များစွာမြှင့်တင်နိုင်ခဲ့၏။ သူတို့ကိုယ်ပေါ်၌ တန်ခိုးရှင်အရှိန်အဝါငွေ့ငွေ့မျှကို ခံစားနိုင်ရာ အာကာပြင်ကျယ်ကျောင်းတစ်ကျောင်းလုံး ပွက်လောရိုက်ကုန်တော့သည်။

ထိုနှစ်အတွင်းမှာပင် ခေါင်းဆောင်ကြီးချီဖုန်းသည် ကိုးခုမြောက်အနှစ်သာရကို ရရှိကာ အဋ္ဌမပါရာဂွန် ဖြစ်လာခဲ့၏။

အာကာပြင်ကျယ်ကျောင်းတော်၏အပြင်၊ အဆုံးမဲ့ကြယ်တာရာကောင်းကင်တစ်နေရာတွင် မန်ဟိုသည် စတုတ္ထမှန်ကွဲစ၏ ဧရိယာတွင် အမြန်ဆုံးပျံသန်းနေ၏။ သူ့မျက်နှာမှာ ဖြူဖျော့နေပြီး သွေးများက သူ၏နှုတ်ခမ်းထောင့်မှ စီးကျနေသည်။ ကြောက်စရာခြအုပ်လိုက်ကြီးက လမ်းရှိသမျှ အရာအားလုံးကို အငမ်းမရစားရင်း သူ့နောက်လိုက်နေသည်။

လောလောဆယ်တွင် မန်ဟို့၌ လက်မောင်းနှင့် ရင်ဘတ်အား ကာကွယ်ရင်း မယုံနိုင်ဖွယ်အတိုက်အခိုက်စွမ်းရည်ပေးနေသည့် မဟူရာချပ်ဝတ်ရှိသည်။ ယခုမူ အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့်ကျင့်ကြံသူများကို သတ်ဖို့က သူ့အတွက် ခက်ခဲသောအလုပ်မဟုတ်တော့ပေ။ သို့သော် ဤခြများက သူ့ကို ကြက်သီးထစေ၍ သူ့မှာ ပြေးနေခြင်းဖြစ်သည်။

အဓိကအကြောင်းရင်းက ခြများကား မရေမတွက်နိုင်အောင် များပြားလှခြင်းပင်။ ထိုမျှသာမက တစ်ကောင်ချင်းစီသည် အရိုင်းဆန်ဆန်အရှိန်အဝါများကို ထုတ်လွှတ်နေ၏။ အားအနည်းဆုံးက အင်မော်တယ်နယ်ပယ်ဖြစ်ကာ ... အသန်မာဆုံးကတော့ ... အနှစ်သာရ ၉ ခုအဆင့်ပင်။

ကံကောင်းထောက်မစွာနှင့် မန်ဟိုသည် ဤဧရိယာသို့ မလာခင် ကောင်းစွာပြင်ဆင်ထားခဲ့၏။ တခဏတဟုန်ထိုးပျံသန်းနေပြီးနောက် သူ မန္တန်ဝင်္ကပါတစ်ခု ခင်းထားခဲ့သောနေရာသို့ ရောက်လာသည်။ နေရာရွှေ့ပြောင်းအလင်း ဖျတ်ခနဲ လက်သွားပြီး မန်ဟို ပျောက်ကွယ်သွားလေပြီ။ တအောင့်ကြာသော် ခြအုပ်ကြီးက နေရာရွှေ့ပြောင်းမုခ်ဝကို အုံသွားကြသည်။

နေရာရွှေ့ပြောင်းမုခ်ဝ၏အလင်းရောင်ကပင် ခြများအတွက် အစာဖြစ်ဟန်တူ၏။ တဂျွတ်ဂျွတ်ကိုက်ဝါးသံများ ထွက်လာပြီး မျက်စိတစ်မှိတ်အတွင်း မန္တန်ဝင်္ကပါမှာ အစအနမကျန် အစားလိုက်ခံလိုက်ရလေပြီ။

သို့သော် မန်ဟို့ကို မစားလိုက်နိုင်၍ ခြများမှာ ဒေါသတကြီး အော်ဟစ်နေကြသည်။ ထိုအသံကို ကြားရသည့် မည်သူမဆို အမှန်အကန် တုန်လှုပ်မိလိမ့်မည်။

သို့သော် တခဏကြာသည့်အခါ ၎င်းတို့သည် ခံပြင်းပြင်းဖြင့် လက်လျှော့ပြီးနောက် မြေကြီးကို ထိုးဖောက်တိုက်စားလျက် သူတို့အိမ်ဆီ ပြန်သွားကြ၏။

အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်တစ်နေရာတွင် အလင်းရောင်တစ်ရောင် လင်းခနဲ လက်သွားပြီး မန်ဟိုမှာ ဒယိမ်းဒယိုင်ထွက်လာသည်။ သူသည် သွေးတစ်ပွက်အန်ပြီးနောက် မျက်လုံးများပိတ်၍ ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်၏။

သူ့ကိုယ်အတွင်းမှ မိုးခြိမ်းသံကဲ့သို့ တဂျုန်းဂျုန်းမြည်သံများ ထွက်လာပြီး အဖုကြီးများ သူ၏အရေပြားပေါ်တွင် ကြွတက်လာသည်။ ၎င်းတို့က လူးလွန့်လာပြီးနောက် ခြသေးသေးလေးမှ ထိုးဖောက်ထွက်လာ၏။ တစ်ကောင်စီတိုင်းက စူးစူးဝါးဝါးအော်ဟစ်ကာ ပေါက်ကွဲကုန်ကြလေသည်။

ခြပေါင်းရာချီကို နှင်ထုတ်ဖျက်စီးပြီးနောက် မန်ဟို့တစ်ကိုယ်လုံး သွေးတို့ရွှဲနေလေပြီ။ သို့သော် သူ၏မျက်လုံးများသည် ပြန်ပွင့်လာသောအခါ လင်းလက်တောက်ပနေပြီး သူ၏ခန္ဓာကိုယ်သည်လည်း လျင်မြန်စွာ သက်သာလာ၏။

“အဲဒီခြသိုက်ကြီးက နှစ်ပေါင်းဘယ်လောက်တောင် တည်ရှိခဲ့တာလဲ မသိဘူး။ မယုံနိုင်စရာကောင်းလိုက်တာ....” သူ့ကို ဖုံးလွှမ်းထားသော ချပ်ဝတ်သည် မှန်ကွဲစလေးစအဖြစ် ပြန်ပြောင်းသွား၏။

လေးခုမြောက် မှန်ကွဲစကို ခြသိုက်ထဲ၌ သူ ရှာတွေ့ခဲ့ပြီး ခြဘုရင်မ၏ ခန္ဓာကိုယ်ထဲမှ သူကိုယ်တိုင် ထုတ်ယူခဲ့ခြင်းဖြစ်ပေသည်။

“လေးစဆိုတော့ တစ်ဝက်တော့ ရပြီ... အခု ငါးခုမြောက်ကို သွားယူရမယ်

“ငါ့ကိုယ်ပွားက တန်ခိုးရှင်လမ်းပေါ်မှာ... အဲဒီလမ်းက အင်မတန် ခက်ခဲလိမ့်မယ်လို့ ဘယ်သူ ထင်ထားမလဲ။ ငါ့ခန့်မှန်းချက်တွေသာ မှန်ရင် နဝမမန္တန်ကို ဖော်ဆောင်ဖို့က ဘဝတစ်ဘဝတည်းနဲ့ ဖြစ်မှာမဟုတ်ဘူး

“ဒီမှန်ကွဲစတွေကို ငါ လိုက်စုရဦးမယ်။ ဒီနှစ်ခုလေးဖို့ကို ငါ့အတွက် နှစ်ပေါင်းဆယ်စုနှစ်နဲ့ချီ ကြာခဲ့တယ်ဆိုတော့ နောက်ဆုံးလေးခုကို ရဖို့ဆို ... ရာနဲ့ချီကြာမလားပဲ” မန်ဟိုသည် ပတ်ဝန်းကျင်ကို မောဟိုက်ပင်ပန်းစွာ ကြည့်ပြီးနောက် အသက်ရှူလေ့ကျင့်ခန်းများ လုပ်ရန် တင်ပျဉ်ခွေထိုင်လိုက်၏။ ထို့နောက် ထရပ်၍ ပဉ္စမမှန်ကွဲစရှိရာဘက်သို့ တဟုန်ထိုး ပျံထွက်သွားတော့သည်။

All Chapters