← Chapters

နင်းခြေခြင်း

Vol. 18 Ch. 252

နင်းခြေခြင်း

Vol. 18 Ch. 252

"မင်းနဲ့ငါ၊ အပင်နဲ့အသီးအရွက်အသိ ပြိုင်မယ်" ချန်ကျားရှီက မန်ဟို့ကို စိန်းစိန်းဝါးဝါးကြည့်ရင်း ပြောသည်။ သူ့အမြင်အရ ဖန်မုသည် မသမာနည်းဖြင့် ဆေးပေါင်းဖိုဘုရင်ဖြစ်လာခဲ့သည့်အပြင် သူ အပင်နှင့်အသီးအရွက်များဖြင့် အလုပ်လုပ်ရင်း ကုန်ဆုံးခဲ့သည့်နှစ်များကို ထည့်တွက်လျှင် သူ့နှင့် ယှဉ်ရန် အလွန်ငယ်သေး၏။

သူသည် သူ၏စွမ်းရည်အပေါ် ယုံကြည်ချက်အပြည့်အဝရှိသည်။ ဂိုဏ်းအတွင်း၌ သူ့ထက်သာသူများရှိသော်လည်း ဤအပြောသရမ်းသော မလောက်လေးစား ဖန်မုကို အနိုင်ယူနိုင်ကြောင်း သူ လုံးဝသေချာသည်။

သူက စကားပြောလိုက်ချိန်မှာပင် လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏သိုလှောင်အိတ်ထဲမှ ခြောက်ကပ်နေသော အနက်ရောင်သစ်ကိုင်းနှစ်ကိုင်း ပျံထွက်လာသည်။

"နွေယဉ်စွန်းပင်ခြောက်" ကျိုးဒယ်ခွန်က သစ်ကိုင်းခြောက်နှစ်ခုကို ကြည့်ရင်း တွေးလိုက်သည်။

"ဒီရတနာကို ရှေးအချိန်ထဲက လက်ဆင့်ကမ်းလာခဲ့တာ။ နွေယဉ်စွန်းပင်ခြောက်လို့ခေါ်တယ်" ချန်ကျားရှီက အကိုင်းတစ်ကိုင်းကို ဆွဲပြီး လက်ထဲတွင် ကိုင်ထားလိုက်သည်။

"မဟာအကြီးအကဲဖန်မု။ ခင်ဗျား ဒီပစ္စည်းကို မသိလောက်ဘူးဆိုတော့ ကျုပ် ရှင်းပြပါရစေ။ ဒီသစ်ပင်ကို မျက်မှောက်ခတ်မှာ မြင်ခဲတယ်။ သဘာဝအလျောက်လဲ ပေါ်မလာတတ်ဘူး။ ဒါကို ဖန်တီးဖို့ အသုံးပြုတဲ့ ရှေးနည်းလမ်းလဲ ပျောက်ကွယ်သွားတာကြပြီ။ သူ့မှာ အသုံးပြုပုံအများကြီးရှိပေမယ့် သူ့ရဲ့အံ့ဖွယ်အကောင်းဆုံးအသုံးပြုပုံထဲက တစ်ခုကြောင့် အပင်အားလုံးရဲ့ ဘိုးဘေးလို့ခေါ်ကြတယ်။ ဒီရှေးဟောင်းသစ်ပင်အထဲ ပါဝင်နေတာကတော့ အပင်နဲ့အသီးအရွက်အမျိုးအစားအများစုရဲ့ အနှစ်သာရပဲ

"ဒီလိုနဲ့ ကျုပ် လို ဆေးဝါးပညာရှင်တစ်ယောက်က စိတ်ဝိညာဥ်အာရုံကို အပင်နဲ့အသီးအရွက်အသိအားလုံးနဲ့ ဖြည့်၊ ဒီနွေယဥ်စွန်းပင်ခြောက်ထဲ စိမ့်ဝင်စေပြီးတော့ အညှောက်ထွက်အောင် ပြုလုပ်နိုင်တယ်။ အသိများလေလေ၊ အညှောက်များများ ထွက်လေလေပဲ။ ဒါက ကျုပ်တို့နှစ်ယောက်ထဲက ဘယ်သူ့မှာ အကျယ်ပြန့်ဆုံး အပင်နဲ့အသီးအရွက်အသိရှိလဲ ရှင်းရှင်းလင်းလင်း သက်သေပြလိမ့်မယ်" ချန်ကျားရှီတွင် ဤနွေယဥ်စွန်းပင်ခြောက်ကိုင်းနှစ်ကိုင်းသာ ရှိသည်။ သူသည် ၄င်းတို့ကို မထင်မှတ်ဘဲ ကံကောင်း၍ ရရှိခဲ့သဖြင့် အဖိုးတန်ရတနာများအဖြစ် သဘောထားလေသည်။

ယခု သူ့မှာ ကျဥ်းထဲကြပ်ထဲရောက်နေရာ နောင်တစ်ချိန် သူ၏ဂုဏ်သတင်းကျော်ကြားအောင် ကြိုးစားရန် ၄င်းတို့ကို ထုတ်လိုက်ခြင်းဖြစ်၏။

မန်ဟိို၏အမူအရာမှာ ယခင်အတိုင်းသာဖြစ်သော်လည်း တကယ်တမ်း သူ့မှာ ရင်ထဲ၌ စိတ်လှုပ်ရှားမှုများဖြင့် ခုန်ပေါက်နေလေသည်။ သူသည် နွေယဥ်စွန်းပင်ခြောက်အကြောင်း ရှေးဟောင်းမှတ်တမ်းများတွင် ဖတ်ခဲ့ဖူးသည်။ ၄င်း၏ အံဖွယ်အသုံးဝင်ပုံများကား ရှင်းပြရခက်၏။ ၄င်း၏ အကြီးမားဆုံး လုပ်ဆောင်ချက်များထဲက တစ်ခုမှာ ဆေးဖော်စပ်ရာ၌ အောင်မြင်နှုန်းတိုးတက်စေနိုင်စွမ်းပင်။

ရိုးတံလေးတစ်တံကို ဆေးလုံးတစ်သုတ်ထဲ ထည့်လိုက်ခြင်းအားဖြင့် အောင်မြင်နှုန်းသည် တစ်ရာရာခိုင်နှုန်းအထိပင် ထိုးတက်သွားနိုင်သည်။

မန်ဟိုက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ   နွေယဥ်စွန်းပင်ခြောက်ကို ယူကြည့်လိုက်သည်။ သူ့မှာ ကံနည်းနည်းဆိုးကြောင်း ခံစားလိုက်ရ၏။ ဤနွေယဥ်စွန်းပင်ခြောက်မှာ အတော်လေးသေးသည်။ အလွန်ဆုံးရှိမှ လက်တစ်ချောင်းစာသာ ထူသည်။

"မဟာအကြီးအကဲဖန်၊ စရအောင်" ချန်ကျားရှီက အလျင်စလိုပြောသည်။ သူ့မှာ ဖန်မုကို နင်းခြေပစ်ဖို့ မစောင့်နိုင်တော့ပုံရသည်။

ချင်းလော်ဂိုဏ်းကျင့်ကြံသူများအားလုံး စိတ်ဝင်တစားစောင့်ကြည့်နေကြသည်။ ဤဆေးဝါးပညာပို့ချမှုမှ ရရှိသော အကျိုးအမြတ်များမှာ ဖော်ပြရန်ပင် မဖြစ်နိုင်ပေ။ ဟန်ပေ့က မန်ဟို့ကို ကြည့်ရင်း လူအုပ်ထဲတွင် ထိုင်နေသည်။

ကျိုးဒယ်ခွန်မှာ အတန်ငယ်စိတ်ပူနေမိသည်။ မန်ဟို ဆေးဝါးကျွမ်းကျင်အရည်အချင်းစစ်စာမေးပွဲကို အောင်မြင်ခဲ့သည့် အံ့ဖွယ်ထူးကဲဇာတ်လမ်းအကြောင်း သူ ကြားခဲ့ဖူးလေသည်။ သို့သော် သူ့မှာ စိုးရိမ်နေသေးသည်။ ချန်ကျားရှီသည် သူ့ပုံစံကိုကြည့်ရင်း ယုံကြည်ချက် ပိုမိုပြင်းထန်လာသည်။

သူက မန်ဟို့ကို မစောင့်တော့ဘဲ သူ့လက်ဝါးပေါ်ရှိ သစ်ကိုင်းခြောက်ထဲသို့ စိတ်ဝိညာဥ်အာရုံ ထည့်သွင်းလိုက်သည်။

သူက ဟက်ခနဲ ရယ်ပြီး ပြောသည်။ "အညှောင့်တစ်ခုထွက်ရင် အပင်နဲ့အသီးအရွက်အမျိုးအစား တစ်သိန်း သိကြောင်း ဖော်ပြတယ်။ အညှောင့်နှစ်ခုက မျိုးကွဲနှစ်သိန်းကို ကိုယ်စားပြုတယ််။ မဟာအကြီးအကဲဖန်၊ ခင်ဗျား လေးလေးနက်နက်အာရုံစိုက်ဖို့ အကြုံပြုချင်တယ်" သစ်ကိုင်းခြောက်မှ တောက်ပသောအလင်းရောင် ဖြာထွက်လာပြီး ရင်ပြင်တစ်ခုလုံးပြည့်နှက်သွားရာ စောင့်ကြည့်နေသူများ၏ အာရုံကို ဆွဲဆောင်လိုက်သည်။

မန်ဟို၏အမူအရာမှာ ယခင်အတိုင်းသာ။ သူ၏စိတ်ဝိညာဥ်အာရုံ ထွက်လာပြီး သစ်ကိုင်းခြောက်ထဲသို့ တန်းတန်းမတ်မတ်ပျံသန်းသွား၏။

အမွှေးတိုင်တစ်တိုင်ထွန်းစာ အချိန် တဖြေးဖြေး ကုန်လွန်လာသည်။ ရုတ်တရက် နွေယဥ်စွန်းချိန်အတောအတွင်း မြင်ရတတ်သော အစိမ်းရောင်အညှောင့်တစ်ခု ချန်ကျားရှီလက်ထဲရှိ သစ်ကိုင်းခြောက်ပေါ်၌ ထွက်လာသည်။

"အပင်တစ်သိန်း....... မဟာအကြီးအကဲချန်က ဆေးပင်တစ်သိန်းအသိကို ပြသပြီးသွားပြီ"

"မဟာအကြီးအကဲဖန် ဘယ်လောက်.....ဟမ်" ချင်းလော်ဂိုဏ်းသားများ ဆက်လက်ဆွေးနွေးနေကြစဥ်မှာပင် မန်ဟို့လက်ထဲရှိ သစ်ကိုင်းပေါ်၌ အညှောင့်နှစ်ခု ထွက်လာသည်။

အညှောင့်နှစ်ခုထွက်လာစဥ် မန်ဟို၏အမူအရာမှာ တည်ငြိမ်လျက်သာ။ သို့သော် စောင့်ကြည့်နေသူများနှင့်အတူ ချန်ကျားရှီမှာတော့ မျက်လုံးပြူးသွားလေသည်။ သူ့မှာ အမွှေးတိုင်တစ်တိုင်ထွန်းစာအတွင်း သစ်ကိုင်းခြောက်မှ အညှောင့်နှစ်ခု ထွက်အောင်လုပ်နိုင်သည့်လူအား တစ်ခါမှ မမြင်ခဲ့ဖူးပေ။

"ကိစ္စမရှိဘူး" သူက သူ့ကိုယ်သူ ပြန်နှစ်သိမ့်လိုက်သည်။ "ငါ့အပင်နဲ့အသီးအရွက်အသိကို စဥ်းစားရင် ဒီလူယုတ်မာကို နောက်ဆုံးကျ သေချာပေါက်နိုင်လိမ့်မယ်" သရော်လှောင်ပြောင်သောအသွင်က သူ့မျက်နှာကို  ဖုံးလွှမ်းသွားသည်။ သို့သော် ဤအခိုက်အတန့်မှာပင်.....

အညှောင့်သုံးခု၊ လေးခု၊ ငါးခု....စုစုပေါင်းကိုးခုထွက်လာသည်။ အသက်ဆယ်ရှိုက်စာအတွင်း ဖြစ်ပျက်သွားခြင်းပင်။

ထိုမြင်ကွင်းက တအံ့တသြရေရွတ်သံများ လေထဲ၌ ပြည့်နှက်သွားစေသည်။ ချင်းလော်ဂိုဏ်းကျင့်ကြံသူများ ငုတ်တုတ်မေ့သွားကြသည်။

"ဒါ ဘယ်လိုလုပ်..... "

"အညှောင့်ကိုးခု။ ဒါက ဆေးပင်ကိုးသိန်း။ မျိုးကွဲကိုးသိန်းကို ကိုယ်စားပြုတယ်။ မဟာအကြီးအကဲဖန်က ငယ်ငယ်လေးနဲ့ ဘယ်လိုလုပ် ဒီလောက်ကြောက်မက်ဖွယ် အပင်အသိကို ပိုင်ဆိုင်ထားတာလဲ....."

"အဲ့တာ ကိုး...."

ရုတ်တရက် ဆယ်ခုမြောက်အညှောင့်တစ်ခု သစ်ကိုင်းခြောက်မှ ထွက်လာသည်။ အခြားတစ်ဖက်တွင် ချန်ကျားရှီမှာ အညှောင့်သုံးခုသာ ထုတ်နိုင်သေးသည်။

"မဖြစ်နိုင်ဘူး" ချန်ကျားရှီမှာ မျက်လုံးများရဲတွတ်နေလျက် တွေးလိုက်မိသည်။ သူ့မှာ သူ့မျက်စိသူ မယုံနိုင်ဖြစ်နေသည်။ သူ၏ ဆံပင်များ ဖွာလန်ကြဲနေပြီး သူက မာန်သွင်းဟိန်းဟောက်ရင်း အညှောင့် များများထွက်လါအောင် အစွမ်းကုန် ကြိုးစားလိုက်သည်။ အမှန်တွင် သူသည် စောစောက သူ မည်သည့်အသိအဆင့်ကို ရရှိထားကြောင်း ရှင်းရှင်းလင်းလင်း မဖော်ပြခဲ့ပေ။ တကယ်တော့ သူ့မှာ အပင်နှင့်အသီးအရွက်မျိုးကွဲကိုးသိန်းသာ သိသဖြင့်  ဒုတိယအဆင့်၏ အထွတ်အထိပ်တွင် ဖြစ်သည်။

သို့ဖြစ်၍ သူ့အနေဖြင့် အညှောင့်ကိုးခုသာ ထွက်အောင် လုပ်နိုင်သည်။

ဤအခိုက်အတန့်၊ မန်ဟို့ထဲရှိ အကိုင်းမှ အညှောင့်ဆယ်ခုထွက်လာပြီးနောက်မှာပင် ရုတ်တရက်....အဖူးတစ်ဖူး ပေါ်လာသည်။ ၄င်းက လူးလွန့်ထိုးထွက်လာရာ ချက်ချင်းပင် ချန်ကျားရှီနှင့် လီရီမင်းအပါအဝင် လူတိုင်း၏ အာရုံကို ဆွဲဆောင်လိုက်သည်။

ဖောက်ခနဲ အသံထွက်လာပြီး အဖူးလေးသည်.....  သေးငယ်သော အဖြူရောင်ပန်းကလေးတစ်ပွင့်အဖြစ် ပွင့်လန်းလာသည်။

လီရီမင်း၏ မျက်နှာသွေးဆုတ်သွားသည်။ "ရှေးဟောင်း နွေယဥ်စွန်းပင်ခြောက်ပန်းပွင့်ခြင်း.....ဒါက.....ဒါက.... " သူ့အမူအရာအရ သူ့မှာ အဆုံးစွန်ထိ အံ့အားသင့်နေဟန်တူသည်။ နွေယဥ်စွန်းပင်ခြောက်ပန်းပွင့်ခြင်း၏ အတိုင်းအတာကို သူ ကောင်းကောင်းသိလေသည်။

ကျိုးဒယ်ခွန်က စိတ်လှုပ်ရှားနေသော လေသံဖြင့်ပြောသည်။ "ဆေးပင်တစ်သိန်း၊ မျိုးကွဲတစ်သန်း၊ ကိုင်းဆက်ပင်မျိုးကွဲဆယ်သန်း..... ရှေးဟောင်းသစ်ပင်ရဲ့ ပန်းပွင့်ခြင်းက ကိုင်းဆက်ပင်မျိုးကွဲသန်းပေါင်းများစွာကို ကိုယ်စားပြုတယ်။ ပန်းပွင့်ဆယ်ပွင့်ပွင့်ရင် ကိုင်းဆက်ပင်မျိုးကွဲ သန်းတစ်ရာလုံးကို ကိုယ်စားပြုတယ်" သူ့မှာ မန်ဟို၏ အပင်နှင့်အသီးအရွက်အသိမှာ ဤမျှအံ့မခန်းလိလိအဆင့်ထိ ရောက်နေလိမ့်မည်ဟု တစ်ခါမှ စိတ်မကူးခဲ့ဖူးပေ။

ဆေးပေါင်းဖိုဘုရင်အများစု၏ အပင်နှင့်အသီးအရွက်အသိမှာ ဆယ်သန်းအတွင်းတစ်နေရာတွင် ရပ်ကြသည်။ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်များသာ ကိုင်းဆက်ပင်မျိုးကွဲသန်းတစ်ရာအဆင့်ထိ ရောက်ရှိနိုင်လေသည်။

"မင်း.....မင်း......" ချန်ကျားရှီမှာ မန်ဟို့ကို အံ့သြလွန်း၍ ပါးစပ်အဟောင်းသားနှင့် ချာချာလည်နေသည်။ သူ၏အမြင်အာရုံတို့ စတင်ဝေဝါးလာသည်။ သူ၏ အဆိုးတကာ့အဆိုးဆုံးအိပ်မက်ထဲတွင်ပင် ဖန်မု၏ အပင်နှင့်အသီးအရွက်အသိက ဤအံ့မခန်းလိလိအဆင့်ထိ ရောက်နိုင်သည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။ ကြိုသိခဲ့လျှင် သူ့ကို ပြိုင်ရန် ဘယ်တော့မှ ကြိုးစားမည်မဟုတ်။

သူ့အသံမှာ တုန်ယင်အက်ကွဲနေပြီး သူ့တစ်ကိုယ်လုံး တုန်နေသည်။ သူ တစ်ခုခုပြောတော့မည့်အချိန် ရုတ်တရက် နောက်ပန်းတစ်ပွင့်ထွက်လာသည်။ ထို့နောက် သုံးပွင့်၊ လေးပွင့်....

တစ်ပွင့်ပြီးတစ်ပွင့် ချန်ကျားရှီ၏စိတ်ဝိညာဥ်ကို ချောက်ချားစေသည်။ ရင်ပြင်ရှိ ကျင့်ကြံသူများအားလုံး သွေးရူးသွေးတန်းဖြစ်ကုန်သည်။ သူတို့က မန််ဟို့ကို အံ့သြလွန်း၍ မယုံနိုင်စွာ စိုက်ကြည့်နေကြသည်။

ပန်းပွင့်ခြောက်ပွင့်။ ခုနစ်ပွင့်။ ရှစ်ပွင့်။ ကိုးပွင့်.....

ပန်းတစ်ပွင့်ပွင့်တိုင်း ကြည့်ရှုနေသူများ၏ နှလုံးသားအား အံသြခြင်းလှိုင်းတံပိုးများ ရိုက်ခတ်သွားသည်။ ခေါင်းဆောင်ကြီးဇီလော်နှင့် သူ့ဘေးရှိ ခေါင်းဆောင်ကြီးနှစ်ယောက်ပင်လျှင် မန်ဟို့ကို ကြည့်ရှုနေစဥ် သူတို့၏မျက်လုံးများ မီးဝင်းဝင်းတောက်နေပြီး အသက်ရှူသံများမြန်ဆန်နေကြသည်။

နောက်ဆုံး၌...... ဆယ်ပွင့်မြောက်ပန်း ထွက်လာသည်။

ဆယ်ပွင့်မြောက်ထွက်လာသောအခါ ချာကျားရှီ၏အမြင်အာရုံ မှောင်မိုက်သွားတော့သည်။ သူ့မှာ သတိလစ်တော့မတတ်ပင်။ နောင်တကြီးစွာဖြင့် မချိတင်ကဲ အော်ဟစ်သံများက သူ့ရင်ထဲ၌ ပဲ့တင်ထပ်နေသည်။ ဤအလှည့်အပြောင်းဖြစ်ရပ်များအား ဘယ်တော့မှ စိတ်မကူးနိုင်ခဲ့ပေ။ အဘယ်သို့ ဤမျှ လူမဆန်သူတစ်ယောက်နှင့်.....ချင်းလော်ဂိုဏ်း၌ တွေ့ဖို့ အကြောင်းဖန်ရသနည်း။ သူသာ ဖန်မုက မဟာအကြီးအကဲဆေးလုံးဒယ်အိုးဖြစ်သည်ကို သိလျှင်တော့ ချက်ချင်း မူးမေ့လဲသွားမည်ဖြစ်သည်။

"လူမဟုတ်ဘူး....." ကျိုးဒယ်ခွန် တစ်ကိုယ်လုံးတုန်ရီလျက် ကြောင်တောင်တောင်နှင့် တွေးလိုက်မိသည်။

ဤသည်မှာ လူနှစ်ယောက်ကြားက ပြိုင်ပွဲမဟုတ်ပေ။ ဖန်မုသည် ချန်ကျားရှီကို ရစရာမရှိအောင် နင်းခြေခဲ့လေပြီ။ သူ့အတွက် ပြန်တိုက်ခိုက်ရန်နည်းလမ်း မရှိတော့ပေ။ သူကား အပြီးတိုင် ရှုံးနိမ့်သွားပြီဖြစ်သည်။

ခေါင်းဆောင်ကြီးဇီလော်နှင့် အခြားနှစ်ယောက်မှာ အေးဆေးတည်ငြိမ်သော မန်ဟို့ကို အဖိုးထိုက်ရတနာတစ်ပါးအလား စူးစိုက်ကြည့်ရင်း အသက်ပြင်းပြင်းရှူနေကြသည်။ စကားသံများ ချင်းလော်ဂိုဏ်းကျင့်ကြံသူများအကြား ပွက်လောရိုက်လာသည်။

တက်ရောက်ကြသည့် ကျင့်ကြံသူအားလုံးတွင် ဆေးဝါးတာအိုအသိ အနည်းငယ် ရှိကြသည်။ သူတို့အနေဖြင့် မြင်နေရသည့်အတိုင်းအတာကို အဘယ်သို့ နားမလည်ဘဲ ရှိမည်နည်း.....

"မဟာအကြီးအကဲဖန်မု"

"နွေယဥ်စွန်းပင်ခြောက် ဆယ်ခါပွင့်တယ်။ ထိပ်ဆုံးအဆင့် ကိုင်းဆက်ပင်မျိုးကွဲ သန်းတစ်ရာ"

ဆူညံပွက်လောရိုက်နေသောစကားသံများအလယ်တွင် မန်ဟိုက ရုတ်တရက် ခေါင်းမော့လိုက်သည်။ သူက သစ်ကိုင်းခြောက်ကို ကြည့်ပင်မကြည့်ဘဲ သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။ သိသာထင်ရှားစွာပင် သူ့တွင် ၄င်းကို ပြန်ပေးရန် အစီအစဥ်မရှိပေ။

"ဒီတော့ ခင်ဗျား အပင်နဲ့အသီးအရွက်ပြိုင်ပွဲ ဆက်ပြိုင်ချင်သေးလား" သူက ပြောသည်။ သူ့အရှေ့ရှိ ချန်ကျားရှီ၏မျက်နှာမှာ လူသေကောင်လို ဖြူဆုပ်နေပြီး သူ့တစ်ကိုယ်လုံး တုန်ရီနေသည်။

သူက ခေါင်းပြန်လှည့်လိုက်သည်။ သူဆံပင်များ ရှုပ်ပွနေပြီး သူ့မျက်လုံးများမှာ ဆောက်တည်ရာမဲ့ သောကမီးဝိုင်းနေသည်။

"ပြိုင်မယ်" သူက မန်ဟို့ကို စိန်းစိန်းဝါးဝါးကြည့်ရင်း အော်သည်။ သူ၏မျက်လုံးများသည် မုန်းတီးမနာလိုမှုတို့ဖြင့် ပြည့်နှက်နေ၏။

သူ့ပြိုင်ဘက်က ငယ်ငယ်ရွယ်ရွယ်နှင့် ဤသို့ အပင်နှင့်အသီးအရွက်အသိ ပိုင်ဆိုင်ထားသည်ကို သူ မုန်းသည်။ သူ့ပြိုင်ဘက်က အရှေ့ဆေးပေါင်းဖိုဘုရင်တစ်ယောက်ဖြစ်သည်ကို မုန်းသည်။ သူ့ပြိုင်ဘက်က စကားအရာ၌လည်းကောင်း၊ ဆေးဝါးတာအိုအရာ၌လည်းကောင်း သူ့ကို ဆွံ့အစေခဲ့သည်ကို မုန်းသည်။ သူ့ပြိုင်ဘက်က သူ့ကို အနိုင်ယူခွင့်မပေးသည်ကို မုန်းသည်။ သူ့ကို နင်းခြေ၍ ထွန်းတောက် ကျော်ကြားခွင့်မပေးသည်ကို မုန်းသည်။

သူ၏မုန်းတီးမှုက အရိုးထဲစိမ့်ဝင်သွားရာ အတိုင်းထက်အလွန် ရုးမိုက်သွားစေသည်။

"ငါတို့ ဖော်စပ်နည်းအမြင် ပြိုင်ကြမယ်" ချန်ကျားရှီအသံမှာ အက်ကွဲနေသည်။ အောက်ရှိ လီရီမင်းမှာ သူ့ကို ပြန်ဆွဲခေါ်ရန် ကြံလိုက်သော်လည်း ချန်ကျားရှီ၏ မိုက်မဲသောတိရစ္ဆာန်အသွင်ကို မြင်သော် သက်ပြင်းသာ ခိုးချနိုင်လိုက်သည်။

"ကောင်းပြီ။ ပြိုင်ချင်သေးရင်လဲ ပြိုင်ပေါ့" မန်ဟိုက အေးစက်စက်ပြောသည်။ သူသည် ချန်ကျားရှီနှင့် သူ၏ စိတ်ပျက်ဖွယ်အခြေအနေကို လှမ်းကြည့်ပြီး ထပ်ပြောလိုက်သည်။ "ဒါပေမယ့် ဒီလိုပြိုင်ပွဲမျိုးက ပျင်းစရာကောင်းတယ်။ ခင်ဗျား ပြိုင်ချင်ရင် လောင်းကြေးထပ်ရအောင်။ တခြားတစ်ယောက် ဖော်ထုတ်နိုင်တဲ့ ဘယ်ဆေးလုံးမဆို ချက်ချင်း အသိမ်းခံရမယ်"

ကျိုးဒယ်ခွန်မှာ ၄င်း၏ရက်စက်မှုကြောင့် ပင့်သက်ရှိုက်မိသွားသည်။ ၄င်းက အမှန်တကယ် သေစေနိုင်သော ထိုးနှက်ချက်ပင်။

လီရီမင်း မျက်နှာကြီး ရှုံ့တွသွားသည်။ ယခုမှ ချန်ကျားရှီ အသိစိတ်ပြန်ကပ်သွားပုံရသည်။ သို့သော် သူ့မှာ ရင်ထဲရှိ အမုန်းများကို လက်မလွှတ်နိုင်သေးပေ။ သူက သူ့အသိစိတ်ကို လျစ်လျူရှုလိုက်သည်။

"ကောင်းပြီ။ ငါ မနိုင်သရွေ့ လက်မလျှော့ဘူး" သူ့အသံဟိန်းထွက်လာရာ ချင်းလော်ဂိုဏ်းသားအားလုံးကို ပင့်သက်ရှိုက်မိလိုက်စေသည်။ လီရီမင်းနှင့် ကျိုးဒယ်ခွန်တို့နှစ်ယောက်လုံး စိုးရိမ်စိတ်များဖြင့် တုန်ရီနေကြဟန်တူလေသည်။

'မနိုင်သရွေ့ လက်မလျှော့ဘူး' ဆိုသည်က ဆေးလုံးများဖော်စပ်နေသရွေ့ ပြိုင်ပွဲပြီးဆုံးတော့မည်မဟုတ်ကြောင်း ညွှန်ပြနေသည်။ အဆုံးသတ်ဖို့ တစ်ခုတည်းသောနည်းလမ်းမှာ တစ်ယောက် အရှုံးပေးရမည်၊  ထိုသည်ကလည်း မရှုမလှရှုံးနိမ့်ခြင်းဖြစ်မည်။

လီရီမင်းမှာ အလွန်အမင်း စိုးရိမ်နေပြီး ချန်ကျားရှီ သိုလှောင်အိတ်ကို ပုတ်၍ ဆေးလုံးတစ်လုံးကို မန်ဟို့ဆီ ပစ်ပေးလိုက်သည်ကို မျက်လုံးနီကြီးများဖြင့် စောင့်ကြည့်နေသည်။

မန်ဟိုက ၄င်းကို ဖမ်း၍ ကြည့်လိုက်သည်။

"ကမ္ဘာတံလျှပ်ဆေးလုံးး။ ကောင်းကင်မိုးသောက်ပင်ရည်၊ သင်္ချိုင်းတစ်ရာမြေ၊ ငြိမ်းချမ်းမှုဖြန့်ကျက်သစ်ရွက်၊ ကိုးခြောက်ဆယ်မြက်....." မန်ဟိုက စကားပြောပြီးနောက် ဆေးလုံးကို သိုလှောင်အိတ်ထဲ ထည့်ကာ ချန်ကျားရှီကို ကြည့်သည်။

ချန်ကျားရှီ သူ့ကို စိန်းစိန်းဝါးဝါးစိုက်ကြည့်သည်။ မန်ဟိုမှားကြောင်း သူပြောချင်သော်လည်း သူတို့နှစ်ယောက်လုံးက ဆေးဝါးပညာရှင်များဖြစ်၏။ ထိုသို့ပြုလုပ်ခြင်းက ပေါ်တင်အနိုင်ယူခံရခြင်းထက်ပို၍ အရှက်ရစေမည်ဖြစ်သည့်အပြင် ဆက်ပြိုင်နိုင်မည်မဟုတ်ပေ။

သူက သိုလှောင်အိတ်ကို ပုတ်၍ နောက်ထပ်ဆေးလုံးတစ်လုံး ထုတ်ပြီး မန်ဟို့ဆီ ပစ်ပေးလိုက်သည်။

"အေးခဲမိုးကြိုးဆေးလုံး" မန်ဟိုက အေးတိအေးစက်ပြောသည်။ "ဒီဆေးလုံးမျိုးက များများစားစားမရှိဘူး။ ဆောင်းရာသီနှင်းကျချိန်မှာ နှုတ်ထားတဲ့ ရာသီကျက်သရေဆောင်မြက်ရဲ့ အမြစ် နဲ့အတူ ရွှေနဲ့သံပင်ရည်၊ မိုးကြိုးမီးမြက်လိုအပ်တယ်......" သူက ဆေးပင်ဒါဇင်များစွာကို ဆက်လက်ရွတ်ပြသည်။

"ဒီဆေးလုံးက... ... စိတ်ဝင်စားစရာပဲ။ ဘာနာမည်လဲတော့ ကျုပ်သေချာမသိဘူး၊ ဒါပေမယ့် လက်အားသန်စေနိုင်စွမ်းရှိတယ်။ဒါက သေချာပေါက် ခန္ဓာသန့်စင်ဆေးလုံးပဲ။ သူ့မှာ လွှမ်းမိုးတောင်ပန်းပွင့်၊ ချုပ်တည်းပင်ပျို....."

"ဒါ... ဒါက တကယ်တော့ သွေးကို အရည်ဖျော်ပြီး စွမ်းအားအဖြစ် ပြောင်းလဲပေးတဲ့ မှော်ဆေးလုံးပဲ။ ဒီဟာမှာ သုခကောင်းကင်ဆီ...."

"တာအိုရောင်ရင်းချန် ၊ ခင်ဗျားမှာ ပြိုင်စံရှားဆေးလုံးတွေအများကြီးရှိတာပဲ။ ကောင်းတယ်၊ ကောင်းတယ်။ ဒီဆေးလုံးရဲ့နာမည်ကို ကျုပ်မသိပေမယ့် အဆိပ်ဆေးလုံးဆိုတာ သေချာတယ်။ ပါဝင်ပစ္စည်းတွေက......"

အချိန်များ တဖြေးဖြေးကုန်လွန်သွားသည်။ ကျိုးဒယ်ခွန်မှာ ပါးစပ်အဟောင်းသား ငေးကြည့်နေမိသည်။ ချန်ကျားရှီမှာ မန်ဟို့ထက် သာအောင် ကြိုးစားရင်း အသေကောင်လို မျက်နှာကြီးဖြူဆုပ်လျက် မူးမေ့လဲမတတ်ဖြစ်နေသည်။ သို့သော် သူ့တွင် အမှန်တကယ် အခွင့်အရေးမရှိပေ။ သူ့မှာ ဆေးလုံးများ ရော့ အင့် ဟု ပေးနေရသည့်အလားပင်။

အမွေးတိုင်တစ်တိုင်ထွန်းစာသာကြာသေးသည်၊ သူ့မှာ မန်ဟို့ကို ဆေးလုံးတစ်ရာကျော် ပေးခဲ့ရပြီးလေပြီ.....

***

All Chapters