လွင်တီးခေါင်တစ်လျှောက် မိုးထစ်ချုန်းသွားသည့်အလား
Vol. 19 Ch. 254
"ဒီဆေးလုံးက......."
မန်ဟို၏မျက်နှာမှာ ယခင်အတိုင်းသာ။ သူ ဘာတွေးနေလဲ ပြောရခက်သည်။ သူ၏ အသံသည် နက်ရှိုင်းလှသော ပင်လယ်ကြမ်းပြင်မှ ပဲ့တင်ထပ်လာသကဲ့သို့ဖြစ်ရာ ကြည့်ရှုနေသူများအားလုံး၏ အာရုံကို ချက်ချင်းဆွဲဆောင်လိုက်သည်။
ကျိုးဒယ်ခွန်အပါအဝင် လူတိုင်း မန်ဟိုရှုံးသွားပြီဟု ယူဆထားပုံရသည်။ သူ့မှာ အနိုင်ရရန် မျှော်လင့်ချက်နည်းနည်းလေးပင် ရှိပုံမရပေ။ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်တစ်ယောက်ပင် ရှေးဟောင်းဆေးလုံးတစ်လုံး၏ ဖော်စပ်နည်းကို ဖော်ထုတ်နိုင်မည် မဟုတ်ပေ။
"ဒီဆေးလုံးက ဘာဖြစ်လဲ" ချန်ကျားရှီက ကြားဖြတ်ပြောသည်။ "ဖန်မု၊ ဘာလို့စကားများနေသေးတာတုန်း။ ရှုံးတာက ရှုံးတာပဲ။ ဘာမှအားထုတ်နေစရာမလိုဘူး" သူက အေးစက်စက်ရယ်လိုက်သည်။
မန်ဟိုက ချန်ကျားရှီကို တည်ငြိမ်စွာ ကြည့်သည်။
သူစကားပြောသောအခါ သူ၏စကားလုံးများသည် မြန်လည်းမြန်သလို၊ ရပ်တန့်ခြင်းလည်းမရှိ။ "ဒီဆေးလုံးရဲ့ အပြင်လွှာဟာ မြေကြီးထဲမှာ နှစ်တစ်ထောင်အနည်းဆုံး မြှုပ်နှံခံထားရတာကို သက်သေပြနေတယ်။ သူ့ရဲ့သေခြင်းချီက သိပ်သည်းပြီး ကျောက်စိမ်းသေတ္တာကိုတောင် သက်ရောက်မှုရှိတယ်။ ဒါပေမယ့် ဆေးလုံးကတော့ လုံးဝ အထိအခိုက်မရှိဘူး
"ထူးဆန်းတာက ဒီဆေးလုံးရဲ့ အလယ်လွှာက ကွဲပြားနေတာပဲ။ သူ့မှာ အချိန် နှစ် ၇၀၀ ပဲ ပါရှိတယ်။ ဒါ့အပြင် အပင်နဲ့အသီးအရွက်တချို့က ရှေးဟောင်းအရည်မကျိုခြင်းနည်းလမ်းနဲ့ သန့်စင်ခံခဲ့ရပုံပေါ်ပေမယ့် တကယ်တော့ သူတို့အပေါ်မှာ အရည်ကျိုမီး လက္ခဏာတွေ တွေ့ရတယ်" မန်ဟို စကားပြောနေစဥ် ချန်ကျားရှီ၏အပြုံးမှာ ပို၍ပြန့်ကားလာသည်။
"ဆေးလုံးရဲ့အတွင်းလွှာက" မန်ဟိုက ဆက်ပြောသည်။ "တော်တော်လေး ထူးဆန်းတယ်။ အဲ့မှာ အပင်နဲ့အသီးအရွက်မျိုးကွဲ ၁၇မျိုးရှိပြီးတော့ တစ်ခုမှ သက်တမ်းအားဖြင့် နှစ် ၂၀၀ မကျော်ဘူး။ ဒါ့ကြောင့် ကျုပ် စစ်ဆေးတာ ပုံမှန်ထက်ကြာနေတာပဲ။ လူတစ်ယောက်ရဲ့သက်တမ်းကို နှစ်တစ်ထောင်ဆွဲဆန့်ပေးနိုင်တဲ့ ဒီကမ္ဘာဦးကောင်းကင်အားဖြည့်ဆေးလုံးဆိုတဲ့ဟာက ဘာ့ကြောင့် အပြင်၊ အလယ်နဲ့ ဗဟိုမှာ ဒီလောက်ကွဲပြားနေတာလဲ ကျုပ် မသေချာဘူး" သူ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ပရိသတ်များ ပွက်လောရိုက်သွားသည်။
"အဲ့တာ ဘာအဓိပ္ပါယ်လဲ ။ ဆေးလုံးက အတုများလား"
"ဘယ်လိုလုပ် အတုဖြစ်နိုင်မှာလဲ။ စောစောက သုခတေးသံနဲ့ ကခုန်နေတဲ့ကလေးကို မမြင်ဘူးလား။ အဲ့တာတွေက အတုမဖြစ်နိုင်ဘူး"
"ဖန်မု မဟုတ်ကဟုတ်က လျှောက်ပြောနေတာလို့တော့ မပြောနဲ့နော်"
ကျင့်ကြံသူများ ဆွေးနွေးငြင်းခုံနေကြစဥ် ချန်ကျားရှီက ဝါးလုံးကွဲမတတ် အော်ရယ်တော့သည်။ သူ၏ စိတ်ပျက်ဖွယ် အေးစက်စက်ရယ်သံမှာ အရပ်မျက်နှာအနှံ့ ပဲ့တင်ထပ်နေသည်။
သူက အင်္ကျီလက်စကိုခါပြီး နောက်တစ်ဖန် လှောင်သံဖြင့် ပြောသည်။ "ဖန်မု၊ ရှုံးတာကိုသာ လက်ခံရင် ငါ ၊ချန်ကျားရှီ မင်းရဲ့ အရှေ့ဆေးဝါးအဖွဲ့ ဆေးပေါင်းဖိုဘုရင်အဆင့်အတန်းကို လေးစားနိုင်သေးတယ်။ ဒါပေမယ့် မင်းက ယုတ်ညံ့တဲ့အကြံအစည်နဲ့ အနိုင်ရဖို့ကြိုးစားတယ်။ မင်းက ဒီဆေးလုံးကို အတုလို့ပြောပြီး နာမည်ဖျက်တယ်။ မင်းနဲ့ပြိုင်ရတာက ငါ့အတွက် မျက်နှာပျက်စရာပဲ။ အချိန်ကုန်တာပဲ အဖတ်တင်တယ်
"အရှေ့ဆေးဝါးအဖွဲ့က မင်းလို ဆေးဝါးပညာရှင်တစ်ယောက်ကို ပျိုးထောင်ပေးတာ ငါဖြင့် မယုံနိုင်ဘူး။ တကယ့်ရှက်စရာကောင်းလိုက်တာ။ မင်း မသမာနည်းနဲ့ ဆေးပေါင်းဖိုဘုရင်ဖြစ်လာတာ အံသြစရာမရှိဘူးပဲ။ အခု ငါ ချန်ကျားရှီ အခြေအနေတစ်ရပ်လုံးကို စေ့စေ့စပ်စပ် နားလည်လိုက်ပြီ"
လီရီမင်း၏ မျက်နှာပေးမှာလည်း လှောင်ပြောင်မှုများဖြင့် ပြည့်နေသည်။ ကျိုးဒယ်ခွန်မှာ မျက်နှာကြီးနီရဲနေ၏။ ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်အနေဖြင့် အရှုံးကို လက်ခံသင့်ပြီး ဆေးဝါးတာအိုအတွက် လေးစားမှုကို ဘယ်တော့မှ မမေ့သင့်ပေ။
သူ့မှာ သက်ပြင်းခိုးချပြီး ပြေရာပြေကြောင်းပြောရန် ပြင်လိုက်စဥ် မန်ဟို့၏ တည်ငြိမ်သောအသံက နောက်တစ်ဖန် ထွက်လာပြန်သည်။
"ဒီဆေးလုံးက အတုလို့ ကျုပ်ဘယ်တုန်းကများ ပြောခဲ့မိသလဲ" သူက ပြောင်းလဲခြင်းမရှိသော မျက်နှာထားဖြင့် မေးသည်။ သူသည် ဘေးပတ်ဝန်းကျင်ရှိ အကြည့်များနှင့် ချန်ကျားရှီ၏ အားရကျေနပ်နေမှုကို သတိမထားမိဟန်တူတည်။
"မင်း နှုတ်ကြမ်းတဲ့ ကလေကချကောင်" ချန်ကျားရှီက သနားညှာတာပေးရန် အတွေးများ ဖယ်ရှားရင်း အော်လိုက်သည်။ "မင်းက ငြင်းဖို့ကြိုးစားနေသေးတာလား။ စောစောက ဆေးလုံးက အတုဆိုပြီး မင်း ရှင်းရှင်းလင်းလင်းပြောခဲ့တယ်လေ မဟုတ်ဘူးလား။ အဲ့အတွက် မင်းမှာ ဖြေရှင်းချက်ရှိလား။ ဖန်မု မင်းမှာ မျက်နှာထားစရာတောင် ကျန်သေးလို့လား"
ယခု ချင်းလော်ဂိုဏ်းသားများအားလုံး မန်ဟို့ကို ကြည့်နေကြသည်။ သူတို့၏မျက်နှာများမှာ ထူးဆန်းသောအမူအရာများဖြင့် ပြည့်နှက်နေ၏။ ခေါင်းဆောင်ကြီးဇီလော်နှင့် အခြားနှစ်ယောက်က မျက်မှောင်ကြုတ်၍ တိတ်ဆိတ်စွာ ကြည့်နေကြသည်။
"ခင်ဗျား ပါးစပ်ပိတ်ထားစမ်း" မန်ဟိုက ငေါက်လိုက်သည်။ သူ၏မျက်လုံးများသည် ပိတ်ပိတ်ပိန်း မှောင်မည်းနေသော ညအမှောင်ထုတွင် လျှပ်စီးလက်သွားသကဲ့သို့ စူးရှတောက်ပသွား၏။ သူ၏စကားလုံးများက လွင်တီးခေါင်တစ်လျှောက် မိုးထစ်ချုန်းသွားသည့်အလား ပဲ့တင်ထပ်နေရာ ချန်ကျားရှီကို ချက်ချင်း စိတ်နှလုံးတုန်လှုပ်သွားစေသည်။ အသံက သူ့နားထဲတွင် မြည်ဟည်းနေသဖြင့် သူ့မှာ သတိပင်မထားမိဘဲ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်မိသည်။
မန်ဟိုက ရှေ့လျှောက်လာသည်။ သူက ယဥ်ကျေးမှုကင်းမဲ့သော စကားလုံးများအား ပြောလေသည်။ "အဓိပ္ပါယ်မရှိတဲ့စကားတွေ။ ခင်ဗျားက အမှားနဲ့အမှန်ကို ပြောင်းပြန်လုပ်နေတာပဲ။ ဆေးဝါးတာအိုနဲ့ပတ်သက်ရင် ခင်ဗျား ကျုပ်ကို လိုက်မမှီသလို ခင်ဗျားရဲ့ အပင်နဲ့အသီးအရွက်အသိကလဲ ကျုပ်အသိနဲ့ မယှဥ်နိုင်ဘူး။ ဖော်စပ်နည်းအမြင်အရဆိုရင် ပို့လိုတောင် နောက်ရောက်သေးတယ်။ ဒါတောင် ခင်ဗျားက ကျုပ်ရှေ့မှာ မောက်မာရဲတယ်ပေါ့လေ
"ကျုပ်၊ ဖန်မု စောစောက အချက်သုံးချက်ဖော်ပြခဲ့တယ်။ တစ်ခုမှာမှ 'အတု'ဆိုတဲ့ စကားလုံး မပါဝင်ခဲ့ဘူး။ အဲ့စကားလုံးက ခင်ဗျားဆီကလာတာ၊ ကိုယ့်ကိုယ်ကို မှန်လှပြီထင်နေတဲ့ငတုံးရဲ့။ ဒီပြိုင်ပွဲက ခင်ဗျားအကြံ။ ရှုံးပြီးရင်း ရှုံးနေတာနဲ့ သရုပ်မှန်ပေါ်လာတော့တာပဲ ။ ရယ်စရာကောင်းလိုက်တဲ့လူ။ ခင်ဗျားက ကျုပ်မှာ မျက်နှာထားစရာရှိလားလို့ မေးတယ်ပေါ့။ မေးပါရစေဦး။ အဲ့ဒီက ဘယ်သူကများ ခင်ဗျားကို မျက်နှာသာပေးမှာမလို့လဲ" မန်ဟို့အသံမှာ ကျယ်သထက်ကျယ်လာပြီး စကားတစ်ခွန်းစီတိုင်းက ချန်ကျားရှီ၏စိတ်ကို ဓားချွန်ချွန်နှင့် ထိုးနေသည့်အလားပင်။ သူ၏မျက်လုံးများကား ဒေါသမီးတဝင်းဝင်းတောက်လျက်ရှိသည်။ သို့သော် မန်ဟို သူ့အနားချဥ်းကပ်လာစဥ် သူ့ရင်ထဲ၌ ကြောက်ရွံ့စိတ်တို့ ပြည့်နှက်လာပြီး သူ့မှာနောက်ဆုတ်လိုက်ပြန်သည်။
"ခင်ဗျားက ကမ္ဘာဆေးဝါးအဖွဲ့ရဲ့ ကြက်သွေးရောင်ဝတ်ရုံအဆင့် ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်လေးပဲ။ ခင်ဗျား အထက်က လူတွေတောင် ကျုပ် ကို မသမာနည်းနဲ့ ဆေးပေါင်းဖိုဘုရင်ဖြစ်လာတယ်လို့ အဆက်အပြတ် စွပ်စွဲနေဖို့ အရည်အချင်းမပြည့်မှီဘူး။ ကျုပ်က မဟာအကြီးအကဲထာဝရတောင်ရဲ့ ချီးမြှင့်မှုကြောင့် ဆေးပေါင်းဖိုဘုရင်ဖြစ်လာခဲ့တာ။ သူက ကျုပ် ဖော်စပ်ခဲ့တဲ့ ဆေးလုံးကို အသိအမှတ်ပြုခဲ့တယ်။ ဒါကြောင့် ကျုပ်ကို စော်ကားတာ မဟာအကြီးအကဲထာဝရတောင်ကို စော်ကားတာ၊ ကမ္ဘာဆေးဝါးအဖွဲ့တစ်ဖွဲ့လုံးကို စော်ကားတာနဲ့အတူတူပဲ" မန်ဟိုက နောက်တစ်လှမ်းလှမ်းလိုက်သည်။ သူ၏စကားလုံးများသည် သူ့ပတ်ပတ်လည်တွင် ဟိန်းထွက်လျက်ရှိ၏။
"ကမ္ဘာဆေးဝါးအဖွဲ့သားတစ်ယောက်ရဲ့ ဒီလိုအပြုအမူတွေက ခင်ဗျားဂိုဏ်းခင်ဗျား သစ္စာဖောက်တာထက် မလျော့ဘူး"
မန်ဟို့စကားလုံးများက ချန်ကျားရှီကို ချာချာလည် မူးနောက်သွားစေသည်။ သူ၏မျက်လုံးများမှာ သွေးကြောများဖုံးသွား၏။ "မင်း......" သူ့တစ်ကိုယ်လုံး တုန်ရီလာပြီး သူက မန်ဟို့ကို စွပ်စွပ်စွဲစွဲ လက်ညှိုးလိုက်သည်။ သူသည် ပုံမှန်အားဖြင့် ဒက်ခနဲ ပြန်ပြောနိုင်သော်လည်း ယခု သူ့စိတ်မှာ ယောက်ယက်ခတ်နေရာ စကားပင်မပြောနိုင်တော့ပေ။
မန်ဟို၏စကားလုံးများက မိုးခြိမ်းသံကြီးသဖွယ် ဟိန်းထွက်လာသည်။ "ခင်ဗျားက ပိုကျော်ကြားဖို့အတွက် မဟာအကြီးအကဲထာဝရတောင်ကိုတောင် စော်ကားပြီး ကိုယ့်ဂိုဏ်းကိုယ် သစ္စာဖောက်တယ်။ ခင်ဗျားဘဝက ဝက်တွေ၊ ခွေးတွေထက်တောင် နိမ့်ကျသေးတယ်။ ဖန်မုရှေ့မှာ ရပ်ပြီး ရမ်းရမ်းကားကား ပြောခွင့်ရှိတယ်လို့ ခင်ဗျား ဘာကြောင့် ထင်တာလဲ။ ကျုပ် စာပို့ချနေတဲ့အချိန် ကျုပ်နဲ့ တစ်စင်တည်း အတူတူရပ်ရဲတဲ့ သတ္တိတွေ ခင်ဗျား ဘယ်ကရလာတာလဲ" မန်ဟိုက အင်္ကျီလက်စခါလိုက်သည်။ သူ၏စကားလုံးများက ချန်ကျားရှီး၏ နားထဲ ဝင်ရောက်ထိုးနှက်ပြီး သူ့တစ်ကိုယ်လုံး တုန်ရီကာ စိတ်အစဥ်တို့ မူးမိုက်သွားစေသည်။
"ဖန်မု" သူက စူးစူးဝါးဝါး အော်တော့သည်။
"ကဲ နောက်ဆုံး ခင်ဗျားရဲ့ဆေးလုံးအကြောင်း ဆွေးနွေးရအောင်။ သူ့အပြင်လွှာက နှစ်တစ်ထောင်၊ အလယ်လွှာက နှစ်ခုနစ်ရာ၊ အတွင်းလွှာက နှစ်သုံးရာလောက် သက်တမ်းရှိတယ်။ ဒါအတုမဟုတ်ဘူး။ ဒါပေမယ့် ခင်ဗျားသက်တမ်းကိုလဲ နှစ်တစ်ထောင်မပေါင်းထည့်ပေးဘူး။ ဘာကြောင့်လဲသိလား။ ဒီဆေးလုံးက အသေအချာကို အဆိပ်ဆေးလုံးဖြစ်နေတာကြောင့်ပဲ။ အပြင်လွှာက အကာသက်သက်ပဲ။ အလယ်လွှာက အဆိပ်ကို အလယ်မှ စုနေအောင် ဖုံးပေးထားတာ
"ဒီလိုဆေးလုံး ထုတ်ပြရအောင် ခင်ဗျားက ဘယ်လိုအသုံးမကျတဲ့ ဆေးဝါးပညာရှင်မျိုးလဲ။ ပြီးတော့ ထုတ်ပြရတဲ့ ရည်ရွက်ချက်လေးပြောစမ်းပါဦး။ ချင်းလော်ဂိုဏ်းရဲ့ဝါရင့်ဂိုဏ်းဝင်တစ်ယောက်ကို ပြန်ရောင်းဖို့ကြံစည်နေတာလား ဟမ်။ ဒီဆေးလုံးကို သောက်လိုက်တာနဲ့ ချီစီးဆင်းမှုလမ်းကြောင်းတွေ နောက်ပြန်သွားပြီး သွေးနဲ့ချီတွေ ပြောင်းပြန်စီးဆင်းလိမ့်မယ်။ အသက်သုံးရှိုက်စာအတွင်း ခင်ဗျား မျက်စိ၊ နှာခေါင်းနဲ့ ပါးစပ်ကနေ သွေးတွေစီးကျလာမယ်။ အသက်ဆယ်ရှိုက်စာအတွင်း ခင်ဗျားအဝတ်အစားတွေ သွေးတွေစိုရွှဲသွားလိမ့်မယ်။ ခင်ဗျား အသက်မရှင်ချင်တော့အထိ မချိမဆံ့ဝေဒနာ ခံစားနေရမယ်။ အမွှေးတစ်တိုင်ထွန်းစာကြာပြီးရင်တော့ ခင်ဗျား သွေးခဲပြီး သေပြီ" မန်ဟိုက လက်ကို ဝှေ့ယမ်း၍ ကျောက်စိမ်းသေတ္တာနှင့် အနီရောင်ဆေးလုံးကို တစ်ကိုယ်လုံးတုန်ရီလျက် ဆံပင်များရှုပ်ပွကာ ရပ်နေသော ချန်ကျားရှီထံ ပြန်ပို့လိုက်သည်။
မန်ဟိုက အေးစက်စက်နှာမှုတ်ပြီးနောက် တည်ကြည်ပြတ်သားသော လေသံဖြင့် ပြောသည်။ "ဒါက ဖန်မုရဲ့ တုံ့ပြန်ချက်ပဲ။ ခင်ဗျား အတုပြရင် ကျုပ်အလွယ်တကူ ဖော်ထုတ်နိုင်တယ်။ ဒါပေမယ့် ဒီလိုအဆိပ်ဆေးလုံးတစ်လုံးကို ထုတ်လိုက်တာက ခင်ဗျားဘယ်လောက် ယုတ်မာလဲ သက်သေပြလိုက်တာပဲ။ ခင်ဗျား သေထိုက်တယ်။ ကျုပ်အတွက် ခင်ဗျားနဲ့ပြိုင်စရာ အကြောင်းမရှိတော့ဘူး"
ချန်ကျားရှီမှာ စိတ်နှစ်ခြမ်းအခွဲခံလိုက်ရသည့်အလား ခံစားနေရသည်။ "ဒါအဆိပ်ဆေးလုံးမဟုတ်ဘူး" သူက အရူးလို စူးစူးဝါးဝါးအော်သည်။
"ဒါဆိုရင် ခင်ဗျား ဘာလို့ မသောက်ကြည့်သေးတုန်း" မန်ဟိုက မျက်လုံးများ လျှပ်စီးသဖွယ် တဖျပ်ဖျပ်လက်နေရင်း ဓားသွားတမျှ ပြတ်သားသောလေသံဖြင့် ပြောသည်။
"မင်း" ချန်ကျားရှီက ကယောင်ကတမ်းပြောသည်။ သူ့မှာ ဤဆေးလုံးကို ရဖို့ အခက်အခဲများ မရေမတွက်နိုင်အောင် ကျော်ဖြတ်ခဲ့ရပြီး အမှန်တွင် ချင်းလော်ဂိုဏ်းကို အဆမတန်မြင့်မားသော စျေးနှုန်းဖြင့် ပြန်လည်ရောင်းချရန် ကြံစည်ထားခဲ့လေသည်။ သို့သော် ယခု မန်ဟို၏စကားများက ခေါင်းဆောင်ကြီးဇီလော်နှင့် တခြားခေါင်းဆောင်ကြီးနှစ်ယောက်ကို သံသယများဖြင့် စိုက်ကြည့်နေစေသည်။ ပတ်ပတ်လည်ရှိ ချင်းလော်ဂိုဏ်းသားများလည်း တင်းမာခက်ထန်သောမျက်နှာထားများဖြင့် ကြည့်နေကြသည်။
လီရီမင်းမှာ သူ့အတွင်းကလီစာများ စုတ်ပြတ်တော့မည့်အလား ခံစားလိုက်ရသည်။ ကစားပွဲအလှည့်အပြောင်းကား အလွန်မြန်ဆန်လွန်း၏။ စောစောက ချန်ကျားရှီ သိသိသာသာ အသာစီးရခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်း အကုန်လုံးပြောင်းပြန်ဖြစ်သွားခဲ့လေပြီ။ လီရီမင်းမှာ ဘာမှမစဥ်းစားနိုင်တော့ပေ။
သူတစ်ယောက်သာမဟုတ်။ ကျိုးဒယ်ခွန်လည်း ငူငူကြီး ရပ်ကြည့်နေသည်။ သူ့မှာ ဆေးလုံးက အစစ်ဖြစ်ကြောင်း အလွန်သေချာခဲ့ပြီး ယခုကဲ့သို့အဖြစ်ပျက်များ ဖြစ်ပွားနိုင်သည်ဟု တစ်ခါမှ စိတ်မကူးခဲ့ဖူးပေ။ မန်ဟိုပြောသမျှအားလုံးမှာ အကျိုးအကြောင်းသင့်ပုံရလေသည်။
"မင်း.... မင်း" ချန်ကျားရှီ၏စိတ်မှာ မည်သည်တို့ ဖြစ်ပျက်နေသည်လဲ နားမလည်နိုင်လောက်အောင် ယောက်ယက်ခတ်နေသည်။ မန်ဟို့က သူ့ကို အစွန်ဆုံးအထိ တွန်းပို့လိုက်လေပြီ။ သူ ဆေးလုံးကိုမသောက်ပါက လူတိုင်းက သေချာပေါက် သူ့ကို သံသယဝင်တော့မည်ဖြစ်သည်။
"ဖန်မု" သူက ဟိန်းဟောက်သည်။
ရုတ်တရက် သူသည် ဆေးလုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်၏။ ချက်ချင်းပင် သူ့မျက်လုံးများမှ သွေးများစီးကျလာပြီး သူ့နဖူးပေါ်တွင် သွေးကြောပြာကြီးများထောင်လာသည်။ သူ့မှာ ဝေဒနာဆိုးဆိုးရွားရွား ခံစားနေရပုံပင်။ ဤသို့ဖြစ်ပျက်သောအခါ ခေါင်းဆောင်ကြီးဇီလော်က တခဏချီတုံချတုံဖြစ်သွားသော်လည်း ကြားဝင်စွက်ဖက်ခြင်းမရှိပေ။
သူ့ဘေးတွင် ထိုင်နေသည့် မျက်နှာနီနီအဘိုးကြီးလည်း စိတ်ထဲတွင် တုန်လှုပ်နေသည့်တိုင် ဘာမှမလုပ်ပေ။
"ငါ သောက်ပြီးပြီ" သူက မန်ဟို့ကို စိန်းစိန်းဝါးဝါးကြည့်ရင်း အော်လိုက်သည်။ "မင်းမြင်လား ဖန်မု။ ငါ ကမ္ဘာဦးကောင်းကင်အားဖြည့်ဆေးလုံးသောက်လိုက်ပြီ"
"တစ် နှစ် သုံး....." မန်ဟိုက အေးအေးလူလူ ရေနေသည်။ သူ 'သုံး' ဟု ဆိုချိန်တွင် အသက်သုံးရှိုက်စာ ကုန်လွန်သွားခဲ့လေပြီ။ ချန်ကျားရှီ၏ မျက်နှာ ရုတ်တရက် ပြောင်းသွားသည်။ သူ့တစ်ကိုယ်လုံး စတင်တုန်ရီလာပြီး မျက်နှာကြီးရှုံ့တွနေသည်။ သူ သွေးရူးသွေးတန်းအော်ပြီးနောက် သူ့မျက်စိ၊ ပါးစပ်နှင့် နှာခေါင်းမှ သွေးတို့ စီးကျလာသည်။
ချက်ချင်းပင် ချင်းလော်ဂိုဏ်း၏ ၅၇လုံးမြောက် တောင်ပေါ်ရှိ ကျင့်ကြံသူများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။ အတော်များများ ထရပ်လိုက်ကြပြီး သူတို့မျက်လုံးများတွင် အံသြခြင်းတို့ ပြည့်နှက်နေသည်။
လီရီမင်း၏အမြင်အာရုံ မည်းမှောင်လာပြီး သူ့စိတ်မှာ ချာချာလည်နေသောအသံကြီးဖြင့် ပြည့်နေရာ သူ့ကို သတိလစ်တော့မတတ် ဖြစ်သွားစေ၏။
ကျိုးဒယ်ခွန် ပင့်သက်ရှိုက်သွားပြီး မျက်နှာတစ်လျှောက် သွေးတို့ စီးကျနေရင်း မချိတင်ကဲ အော်ဟစ်လျက် ရပ်နေသော ချန်ကျားရှီကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။
ခေါင်းဆောင်ကြီးဇီလော်၏ သူငယ်အိမ်များ ကျုံ့သွားပြီး ဒေါသရိပ်ဖုံးလာသည်။ သူ့ဘေးရှိ မျက်နှာနီနီအဘိုးကြီးလည်း မျက်မှောင်ကြုတ်သွားပြီး သူ၏မျက်လုံးများ၌ ဘဝင်မကျမှုတို့ ပြည့်နှက်လာသည်။
မန်ဟိုက အေးအေးလူလူ ရေတွက်ရင်း စင်မြင့်ပေါ်၌ ရပ်နေသည်။
"လေး ငါး ခြောက်....."
မန်ဟို ရေတွက်နေစဥ် ချန်ကျားရှီသည် စူးစူးဝါးဝါးအော်ဟစ်ရင်း မြေကြီးပေါ်လဲကျသွားသည်။ သူ့ခန္ဓာကိုယ်မှာ ဆန့်ငင်ဆန့်ငင်ဖြစ်နေပြီး သွေးများ နေရာအနှံ့ပန်းထွက်လာသည်။ သူ၏ချီစီးဆင်းမှူလမ်းကြောင်းများ ပြောင်းပြန်ဖြစ်သွား၍ သူ့ကိုယ်အတွင်းမှ တဖောက်ဖောက်မြည်သံများ ကြားနိုင်လေသည်။ သူ့ပါးစပ်မှ ပန်းထွက်လာသော သွေးမှုန်မွှားများက သူ့၏အနီရောင်ဝတ်ရုံကို သွေးတို့ရွှဲရွှဲစိုနေစေတော့သည်။
မန်ဟိုပြောသွားသည့်အတိုင်း အကုန်လုံးတသွေမတိမ်းပင်။ မကြာမီ အသက်ဆယ်ရှိုက် ပြည့်ကာ ချန်ကျားရှီ သေတော့ပေမည်။ သို့သော် မန်ဟို ကိုးဟု ရွတ်လိုက်သည့်အခိုက်အတန့်၌ သူ့ခန္ဓာကိုယ်က ရိပ်ခနဲ ရှေ့ရောက်လာသည်။ သူ၏ညာလက်က ခက်ခက်ခဲခဲ အသက်ရှူနေရသော ချန်ကျားရှီ၏ ငယ်ထိပ်ကို ဖိချလိုက်သည်။
ချက်ချင်းဆိုသလို ချန်ကျားရှီ၏အော်သံ တိတ်သွားသည်။ သူ့ခန္ဓာကိုယ်မှာ တုန်ရီနေပြီး သူ့ချီသည် မှေးမှိန်ဖျော့တော့နေသော်လည်း သူ၏သေလမ်းခရီးစဥ်မှာ ခဏရပ်သွားပုံရသည်။ သိို့စေကာမူ သေမင်း သူ့ကို ရှာမတွေ့ခင် အချိန်အနည််းသာ လိုတော့လေသည်။
"မဟာအကြီးအကဲထာဝရတောင်ကို ထောက်ထားပြီး ဖန်မု ဒီနေ့ ခင်ဗျားအသက်ကို ကယ်မယ်" မန်ဟိုက အေးစက်စက် ပြောသည်။ သူ့မျက်နှာမှာ ယခင်တိုင်း တည်ငြိမ်လျက်သာ။ ထို့ကြောင့် အမှန်တွင် သူ့နှလုံးသားမှာ ဖော်ပြ၍မတတ်နိုင်သော စိတ်လှုပ်ရှားမှုလှိုင်းတံပိုးများဖြင့် တဒိတ်ဒိတ်ခုန်နေသည်ကိုတော့ ဘယ်သူမှမသိပေ။
***