← Chapters

လေတွင် မျောလွင့်နေသော သူမ

Vol. 19 Ch. 255

လေတွင် မျောလွင့်နေသော သူမ

Vol. 19 Ch. 255

မန်ဟိုက စကားပြောပြီးသည်နှင့် သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ဆေးဒယ်အိုးတစ်လုံးနှင့်အတူ  ဆေးပင်များနှင့် မြေမီးတောက် သလင်းကျောက်တချို့ ပျံထွက်လာသ၏။ မန်ဟိုသည် အားလုံး၏ရှေ့မှောက်၌ ဆေး စဖော်တော့သည်။

သူ၏ အမြန်နှုန်းမှာ မယုံနိုင်စရာ ကောင်းလှသည်။ သူသည် ချန်ကျားရှီကို ကယ်ဖို့ အစွမ်းကုန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း  ကြည့်ရှုနေသူတိုင်းအတွက် သိသာ၏။ သူက အောင်မြင်မှု သေချာစေရန် အလိုငှာ ချန်ကျားရှီ၏နဖူးမှ သွေးတစ်စက်ပင် ထုတ်ယူလိုက်သည်။

သွေးစက်သည် အဆိပ်ဖြေရာတွင် ဆေးလုံးကို အာနိသင်ပိုရှိအောင် လုပ်သည့် နည်းလမ်းတစ်ခုအဖြစ် ဆေးပေါင်းဖိုထဲ ဝင်ရောက်သွားသည်။

သုဿန်တစပြင်ပမာ တိတ်ဆိတ်နေပြီး မျက်လုံးအားလုံးက မန်ဟို ဆေးဖော်နေသည်ကို အာရုံစိုက်နေကြသည်။ ဤသည်မှာ ဆေးဝါးတာအိုလောကထဲ ခြေချခဲ့သည့်အခိုက်အတန့်မှစ၍ သူ ဆေးဖော်ခဲ့ဖူးသမျှထဲ အမြန်ဆုံးဖြစ်သည်။ မွေးပျံ့သောရနံ့တစ်ခု ရင်ပြင်တွင် ပြည့်နှက်လာရန် တခဏသာ ကြာလိုက်သည်။

မန်ဟိုက လက်ဝှေ့ယမ်းလိုက်ရာ ပန်းရောင်ဆေးလုံးတစ်လုံး ပျံထွက်လာသည်။ ၄င်းက လျှပ်စီးတန်းသဖွယ် ချန်ကျားရှီ ပါးစပ်ထဲ ပြေးဝင်သွားသည်။ ယခုလောလောဆယ်တွင် သူ့မှာ အသက်မျှင်မျှင်လေးသာ ရှိတော့၏။

မျက်လုံးပေါင်းတစ်သိန်းက ချန်ကျားရှီကို မမှိတ်မသုန် ကြည့်နေကြသည်။ သူ ဆေးလုံးကို မြိုချလိုက်သည်နှင့်တစ်ပြိုင်နက် သူ့တစ်ကိုယ်လုံး တုန်တက်သွားလေသည်။

ထို့နောက် ပို၍ပင် အံ့သြကောင်းသည်က သူ့ဆံပင်မှာ အနက်ရောင်မှ အဖြူရောင်သို့ လျင်မြန်စွာ ပြောင်းနေ၏။ သူ၏ဖြတ်လတ်မှုတို့ ပျောက်ဆုံးကုန်သည့်အလား အရေပြားများ ခြောက်ကပ်လာသည်။ အသက်ရှူချိန်တခဏအတွင်း သူ့သည် နှစ်တစ်ရာနီးပါး အိုမင်းသွားပုံရသည်။

ယခင်က သူ့မှာ သက်လတ်ပိုင်းအရွယ် ဖြစ်ခဲ့သော်လည်း ယခုတော့ သင်္ချိုင်းကုန်း ခြေတစ်ဖက် လှမ်းနေသည့် အဘိုးကြီးတစ်ယောက်အလားပင်။ အရေးအကြောင်းများက သူ့မျက်နှာကို ဖုံးနေပြီး သူထံမှ ရှေးဆန်မှု ထုတ်လွှတ်နေသည်။ အစက သူ၏ကျင့်ကြံခြင်းအခြေခံမှာ ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်တွင် ရှိခဲ့သော်လည်း ယခုတော့ အိုမင်းမစွမ်းမှုကြောင့် ပျောက်ကွယ်နေပုံရသည်။

ဖြစ်ရပ် အစအဆုံး အသက်ဆယ်ရှိုက်စာသာ ကြာသည်။ ချန်ကျားရှီမှာ လုံးဝ ပြောင်းလဲသွားလေပြီ။ သူသည် ကျင့်ကြံခြင်းအခြေခံမရှိသော ချည့်နဲ့နဲ့ အဘိုးကြီးတစ်ယောက်ထက် မပိုတော့ပေ။ သို့သော် စောစောက သူ့ထံမှ ထွက်နေခဲ့သော သေခြင်းချီနေရာတွင် အသက်စွမ်းအားက အစားထိုးဝင်ရောက်လာသည်။

ဤသို့ဖြစ်ပျက်သောအခါ သူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။ သူက သွေးခဲကြီးတစ်ခဲနှင့်အတူ ဆေးလုံးအကြွင်းအကျန်ကို အန်လိုက်သည်။ ၄င်းမှာ ယခင်အရွယ်အစား၏တစ်ဝက်၊ လက်သည်းခွံပမာဏခန့် ရှိလေသည်။

၄င်းသည် မန်ဟိုဖော်စပ်ခဲ့သော ဆေးလုံးမဟုတ်၊ လူတိုင်း ကမ္ဘာဦးကောင်းကင်အားဖြည့်ဆေးလုံးဟုခေါ်ခဲ့သော ဆေးလုံးဖြစ်သည်။

သူ ဆေးလုံးကို ထွေးလိုက်လျှင်ချင်း မန်ဟိုက အင်္ကျီလက်စခါကာ ၄င်းကို ဆေးပုလင်းထဲ ထည့်သိမ်းလိုက်သည်။ သို့သော် သူ သိုလှောင်အိတ်ထဲ မထည့်နိုင်ခင် ခေါင်းဆောင်ကြီးဇီလော်၏ မျက်လုံးများ ဝင်းခနဲလက်သွားသည်။ သူက ညာလက်ကို ဝှေ့ယမ်း၍ မန်ဟို့လက်ထဲမှ ဆေးပုလင်းကို သူ့ထံ ပျံလာစေလိုက်သည်။

မန်ဟိုက ဤအပြုအမူကို လျစ်လျူရှုပြီး တွေဝေရှုပ်ထွေးနေသော မျက်လုံးများဖြင့် တုန်ရီနေသော ချန်ကျားရှီကို အာရုံစိုက်လိုက်သည်။

"အဆိပ် ခင်ဗျားကို မသတ်နိုင်ခင် ကျုပ် အရည်ပျော်နေတာ ရပ်အေါင် လုပ်နိုင်ခဲ့တယ်။ အဆိပ်က အပြီးတိုင်ဖယ်ရှားဖို့ ခက်တယ်။ ဒါပေမယ့် ကျုပ်ရဲ့ လက်ရှိ ဆေးဝါးတာအိုအသိကြောင့် ဒီလောက်အချိန်တိုလေးအတွင်း သင့်တော်တဲ့ဆေးပင်တွေကို မရှာနိုင်ခဲ့ဘူး။ ဒါကြောင့် တတ်နိုင်သမျှ အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းကို အသုံးပြုခဲ့တယ်။ ဒီလိုနဲ့ အဆိပ်ထုတ်နိုင်သွားတယ်။ ခင်ဗျားရဲ့ ကျင့်ကြံခြင်းအခြေခံအတွက်ကတော့ အားပြန်ဖြည့်ပေးတဲ့ကျင့်စဥ်တွေကို အားထုတ်ရင် တဖြေးဖြေး ပုံမှန်ပြန်ဖြစ်လာလိမ့်မယ်"

လီရီမင်း ကတိုက်ကရိုက် ပြေးလာပြီး သူ့ကို ထူပေးစဥ် ချန်ကျားရှီက ဘာမှမပြောပေ။ သူက မန်ဟို့ကိုကြည့်ပြီး ခါးခါးသီးသီး ရယ်လိုက်သည်။

"ထဝရတောင် တစ်ခါပြောဖူးတယ်။ ဆေးဝါးပညာတိုက်ပွဲတွေက မှော်တိုက်ပွဲလိုပဲတဲ့။ အတွေးတစ်ချက်နဲ့တင် သေခြင်းရောက်လာနိုင်တယ်။ ဒီနေ့....  ဒီအမှန်တရားကို ကျုပ်ယုံသွားပြီ" ထို့နောက် သူက လက်ယှက်အရိုအသေပေးလိုက်သည်။ သူသည် တစ်ကိုယ်လုံး တုန်ရီနေပြီ သူ့ရင်ထဲမှ စိမ့်ထွက်လာသော နာကြည်း မုန်းတီးမှုကို ဖုံးကွယ်ရန် ခေါင်းငုံ့လိုက်သည်။

လီရီမင်းလည်း လက်ယှက်၍ ခေါင်းဆောင်ကြီးဇီလော်နှင့် အခြားသူများကို ဦးညွတ်အရိုအသေပေးလိုက်သည်။ သူတို့နှစ်ယောက် တောင်ပေါ်တွင် နေမရတော့ကြောင်း ထင်ရှားရာ သူသည် ချန်ကျားရှီကိို ထိန်းရင်း ကောင်းကင််သို့ ပျံတက်ကာ အဝေးသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။

သူတို့ထွက်သွားကြစဥ် ချင်းလော်ဂိုဏ်းသားတချို့လည်း လိုက်ပါပို့ဆောင်ပေးရန် ထရပ်လိုက်ကြသည်။ မန်ဟို့၏အတွေ့အကြုံများအရ ချန်ကျားရှီ၏ အမုန်းကို သတိထားမိဘဲ မနေပေ။ ထိုအမုန်းသာ မရှိခဲ့လျှင် မန်ဟိုသည် မည်မျှအသာစီးရနေစေကာမူ ထိုလူ့ကို ကျင့်ကြံခြင်းအခြေခံ ပို၍ မြန်မြန်ဆန်ဆန် ပုံမှန်ပြန်ဖြစ်အောင် ကူညီပေးခဲ့မည်ဖြစ်သည်။

သို့သော် ယခု သူ ထိုအတွေးများကို စွန့်လွှတ်လိုက်လေပြီ။ သူသည် ဖန်မုဖြစ်မလာခင်ကတည်းက ရန်သူကို သွေးအေးအေးဆက်ဆံရန် သင်ယူခဲ့ရ၏။

မန်ဟိုက လောလောဆယ် ချန်ကျားရှီအန်ထုတ်ခဲ့သော ဆေးလုံးကို စူးစမ်းနေသည့် ခေါင်းဆောင်ကြီးဇီလော်ဘက် လှည့်ကြည့်သည်။

"အကြီးအကဲဇီလော် ခင်ဗျား" သူက ယဥ်ကျေးစွာ ပြုံးရင်း ပြောသည်။ "ကျုပ် စောစောက ပြိုင်ပွဲမှာ အဲ့ဒီဆေးလုံးကို ရ

အနိုင်ရခဲ့ပါတယ်။ အကြီးအကဲ သဘောကျရင် တစ်ခုခုနဲ့ လဲလှယ်ချင်လား"

ခေါင်းဆောင်ကြီး ဇီလော်က ကျယ်လောင်စွာ ရယ်လိုက်သည်။ သူက ခေါင်းတခါခါနှင့် အင်္ကျီလက်စကိုဝှေ့ရမ်းပြီး ဆေးပုလင်းကို မန်ဟို့ဆီ ပျံသန်းသွားစေသည်။ သူသည် စောစောက ၄င်းကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်ခဲ့၏။ သူ့အနေဖြင့် ဆေးဝါးတာအိုအကြောင်း များများစားစားမသိသည့်တိုင် နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်လာခဲ့သော အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ သူ့တွင် ရှေးဟောင်းဆေးလုံးကဲ့သို့ အရာများနှင့်ပတ်သက်၍ အဘယ်ကြောင့် ဗဟုသုတမရှိဘဲ နေမည်နည်း။ အမှန်တွင် သူသည် တစ်ချိန်က ရှေးဟောင်းဆေးလုံးများကို အထူးပြုလေ့လာခဲ့ဖူးလေသည်။

ယခု သူ့မှာ ၄င်းကို မည်မျှစစ်ဆေးကြည့်ရှုစေကာမူ သိသိသာသာထူးခြားသည့်အရာတစ်ခုမှ မမြင်ပေ။ သူ ၄င်းကို ကိုင်ကြည့်စဥ်တုန်းက အောက်သိုးသိုးအနံတစ်ခု ရခဲ့၏။ မျက်နှာနီနီအဘိုးကြီးနှင့် နတ်ဘုရားအာရုံသုံး၍ အသေးစိတ်ဆွေးနွေးပြီးနောက် ၄င်းမှာ သေချာပေါက် အဆိပ်ဆေးလုံးတစ်လုံးဖြစ်သည်ဟု သူတို့ ဆုံးဖြတ်ခဲ့ကြလေသည်။

သူ ဆေးလုံးကို မန်ဟို့ထံ မြန်မြန်ပြန်ပေးလိုက်သည့်အချက်က မန်ဟိုပြောခဲ့၊ လုပ်ခဲ့သမျှအားလုံးနှင့် အများကြီးသက်ဆိုင်သည်။ ယခင်က ခေါင်းဆောင်ကြီးဇီလော်နှင့် အပေါင်းပါများ အပါအဝင် ချင်းလော်ဂိုဏ်းရှိလူတိုင်း ဖန်မုကို အကြည့်တစ်ချက်ထက်ပို၍ အာရုံမစိုက်ခဲ့ပေ။ သို့သော် ယခုတွင် ဖန်မုသည် ကျိုးဒယ်ဒွန်ထက် အဆများစွာသာကြောင်း.... အားလုံးအတွက် ထင်ရှားသွားလေပြီ။

ဤသည်မှာ အထူးသဖြင့် သူ၏ရက်စက်သော နောက်ဆုံးတိုက်ကွက်ကြောင့်ဖြစ်သည်။ ယခုမှစ၍ ခေါင်းဆောင်ကြီးဇီလော်သည် ဤဖန်မုကို နီးနီးကပ်ကပ် အရေးပေးတော့ပေမည်။

မန်ဟိုက အပြုံးတစ်ခုဖြင့် ဆေးလုံးကို လက်ခံကာ သိုလှောင်အိတ်ထဲသို့ အရေးမပါသလို ပစ်ထည့်လိုက်သည်။

ယခုတွင် ဆေးဝါးပညာပို့ချမှု ပြီးဆုံးသွားလေပြီ။ ကျိုးဒယ်ခွန်က မန်ဟို့ကို သူနှင့်အတူ ချင်းလော်ဂိုဏ်းကျင်းပပေးသော စားသောက်ပွဲသို့ လိုက်ပါရန် ဖိတ်ခေါ်သော်လည်း သူက ယဥ်ယဥ်ကျေးကျေး ငြင်းလိုက်သည်။ သူ့မှာ ပင်ပန်းနွမ်းနယ်မှုတို့ ဖုံးလွှမ်းနေသော မျက်နှာဖြင့် အနက်ရောင်ကြိုဆိုခြင်းတောင်တန်းသို့ ပြန်လာခဲ့သည်။

သူက နေအိမ်ထဲတွင် အားပြန်ဖြည့်ရန် တင်ပျဥ်ခွေထိုင်ချလိုက်သည်။ အချိန်များတရွေ့ရွေ့ကုန်ဆုံးသွားပြီး မကြာခင် ကောင်းကင်၌ လရောင်လွှမ်းလာသည်။ မန်ဟိုက ရုတ်တရက် မျက်လုံးဖွင့်ပြီး ညာလက်ကို ဝှေ့ရမ်းလိုက်သည်။ မြေမီးတောက်သလင်းကျောက်တစ်တုံးနှင့်အတူ ဆေးပေါင်းဖိုတစ်လုံး ပေါ်လာ၏။ သူက ဆေးပေါင်းဖိုဘုရင်တံဆိပ်ကို ထုတ်၍ ၄င်း၏ အကာအကွယ်ဒိုင်းကိုလည်း ပေါ်ပေါက်လာစေသည်။

သူသည် ဒိုင်းအတွင်း၌ လုံခြုံစေပြီးနောက် သိုလှောင်အိတ်ကိုပုတ်ကာ ဆေးပုလင်းနှင့် အဆိပ်ဆေးလုံးကို ထုတ်သည်။ သူက အသက်ပြင်းပြင်းရှူသွင်းပြီးနောက်.....  ကျောက်စိမ်းသေတ္တာကို ထုတ်လိုက်သည်။ ၄င်းမှာ သူ၏သိုလှောင်အိတ်ထဲတွင် စောစောထဲက ရှိနေခဲ့ခြင်းဖြစ်သည်။

အမှန်တွင် ဆေးလုံးသည် အမှန်ပင် ရှေးဟောင်းဆေးလုံးသုံးထဲက ကမ္ဘာဦးကောင်းကင်အားဖြည့်ဆေးလုံးဖြစ်သည်။

၄င်းက မူလဆေးလုံး၏ တစ်ဝက်သာရှိသဖြင့် ဆေးလုံးအတွင်းရှိ အချိန်အနှစ်သာရ နှင့် ဆေးစွမ်းအားမှာ အလုံးစုံ မပျောက်ကွယ်သွားခဲ့ပေ။

ရှေးခေတ်ကာလများက ဆေးဖော်ရာ၌ မီးတောက်များ အသုံးမပြုဘဲ ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို အသုံးပြုကြ၏။ ကျောက်စိမ်းသေတ္တာသည် အမှန်တွင် ဖော်စပ်ခြင်းဖြစ်စဥ်၏ နောက်ဆုံးအဆင့်ပင်။ အတွင်းထဲ၌ ပိတ်လှောင်ထားခြင်းဖြင့် ဆေးလုံးသည် တစတစ ပြည့်စုံလာမည်ဖြစ်သည်။

ဤသည်မှာ တော်တော်များများ သိသောအကြောင်းအရာပင်။ ရှာဖွေတွေ့ရှိခဲ့သော ရှေးဟောင်းဆေးလုံးအားလုံးနီးပါးမှာ ဤအတိုင်းသာ။ ကျောက်စိမ်းပြားတွင် ပိတ်လှောင်ထားသည့်တိုင် အချိန်များစွာကုန်လွန်သွားခြင်းက ဤကဲ့သို့ ရှေးဟောင်းဆေးလုံးများကို တစတစ လုံးပါးပါးပြီး ချွတ်ယွင်းမှုရှိလာစေသည်။ သို့သော် များသောအားဖြင့် ဆေးစွမ်းအားအနည်းငယ်တော့ ပါရှိသေးသည်။

ဤကမ္ဘာဦးကောင်းကင်အားဖြည့်ဆေးလုံး မည်မျှကြာမြင့်စွာ တည်ရှိခဲ့ကြောင်း မသိရသော်လည်း ၄င်းသည် အကြောင်းတစ်ခုခုကြောင့်  မခြောက်သွေ့သွားဘဲ ဆေးစွမ်းအားအပြည့် ရှိနေသေးလေသည်။ ထိုမျှသာမက ဆေးလုံးတွင် အချိန်စွမ်းအား ပါရှိသည်။

မန်ဟိုသာ အချိန်မွန်းမံပညာရပ် တတ်မြောက်ပြီး ခရမ်းရောင်စိတ်ဆန္ဒမန္တန်နှင့်စပ်လျဥ်း၍ ဉာဏ်အလင်းပွင့်ကာ နွေဦးနှင့်ဆောင်းဦးသစ်ပင်ကို မမွမ်းမံခဲ့လျှင်တော့ ဤဆေးလုံး၏ တမူထူးခြားမှုကို ရှာတွေ့ရန် အလွန်ခက်ခဲခဲ့ပေမည်။ သုံးခုလုံး အရေးပါသည်။ တစ်ခု လွဲသွားသည်နှင့် သူ ဘာဆိုဘာမှ သိရမည်မဟုတ်ပေ။

အချိန်သည် မြင်သာပြီး ဒြပ်ရှိသည့်တိုင် တစ်ချိန်တည်းမှာပင် မမြင်နိုင်ပြီး ဒြပ်မဲ့နေသည်။ ရှေးဟောင်းဆေးလုံးများက ခြောက်သွေ့ပြီး ၄င်းတို့၏ရှေးကျမှုကို ဖော်ပြလိမ့်မည်။ ဤသည်မှာ ၄င်းတို့ အချိန်ကို ဖြတ်သန်းလာရသည့် ရလဒ်ဖြစ်သည်။ သို့သော် ဤဆေးလုံးက ထူးခြားသည်။ ၄င်းက အချိန်ကို စုပ်ယူက ဆေးလုံးကို ပုံရိပ်ယောင်စွမ်းအားဖြင့် ဖြည့်ပေးသည်။ ဤဆေးလုံးက တကယ်တမ်း.... အချိန်ရတနာတစ်ပါးပင်။

ထို့ကြောင့် သောက်သုံးသောအခါ ဆေးလုံးသည် ချီနှင့် သွေးစီးဆင်းမှုလမ်းကြောင်းများကို ပြောင်းပြန်လှန်ပြီး ခန္ဓာကိုယ်ကို ချက်ချင်း ခြောက်ကပ်ကာ အိုမင်းသွားစေသည်။ သို့သော် ဆေးလုံး အပြည့်အဝအရည်ပျော်ပြီးနောက်တွင်တော့ ကမ္ဘာဦးကောင်းကင်အားဖြည့်ဆေးလုံး၏ စစ်မှန်သောစွမ်းအား ထွက်ပေါ်လာမည်။

ချန်ကျားရှီမှာ ထိုသို့ ဖြစ်ပျက်ခဲ့ခြင်းပင်။

မန်ဟို ဖော်စပ်ခဲ့သည့် ဆေးလုံးမှာ အမှန်ကို ဖုံးကွယ်ရန် လှည့်ကွက်တစ်ခုသာ ဖြစ်သည်။ ၄င်းက ချန်ကျားရှီ၏ကိုယ်ထဲရှိ ကမ္ဘာဦးကောင်းကင်အားဖြည့်ဆေးလုံး၏အထောက်အထားကို ဖုံးပေးလေသည်။

မန်ဟို၏ရည်ရွယ်ချက်အစစ်အမှန်မှာ အရင်ဆုံး ခေါင်းဆောင်ကြီးဇီလော်နှင့် အခြားသူများ တစ်ခုခုမရိပ်မိအောင် ကာကွယ်၍ သူ့အတွက် ဆေးလုံးရဖို့ ကြံစည်ရန်ဖြစ်သည်။

မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး ဆေးပေါင်းဖိုအတွင်းမှ သွေးစက်တစ်စက်ထုတ်ကာ ကျောက်စိမ်းပုလင်းထဲ ထည့်လိုက်သည်။ ထို့နောက် သူသည် ကမ္ဘာဦးကောင်းကင်အားဖြည့်ဆေးလုံးကို မီးဖိုပေါ်တင်ကာ ၄င်း၏အညစ်အကြေးများ ဖယ်ရှား၍ မူလကျောက်စိမ်းသေတ္တာထဲ အသာအယာပြန်ထည့်လိုက်သည်။

"ငါ့အတွက် ဒီဆေးလုံးရဲ့ တန်ဖိုးအစစ်အမှန်က ဆေးစွမ်းအားမဟုတ်ဘဲ သူ့အထဲမှာ ဖုံးကွယ်ထားတဲ့ အချိန်စွမ်းအားပဲ။ ငါ့ရဲ့ အချိန်ရတနာဖန်တီးမယ့် အချိန်ရောက်ရင် ဒီကနေ အများကြီး လေ့လာနိုင်မယ်။ ဒါက ငါ့အောင်မြင်နှုန်းကို အများကြီးတိုးးစေနိုင်မှာ" မန်ဟိုမှာ မျှော်လင့်ချက်များဖြင့် တရွရွဖြစ်နေသည်။ သူ့မှာ သူ၏ကိုယ်ပိုင်အချိန်ရတနာ ပြုလုပ်ပြီးနောက် သုံးစွဲနိုင်မည့်စွမ်းအားကို စိတ်ကူးသာယဥ်ကြည့်နိုင်တော့သည်။

"ချန်ကျားရှီတစ်ယောက်..... ဒီဆေးလုံးကို ဘယ်နေရာကရခဲ့လဲ ဘယ်တော့မှ မပြောမှာ တော်တော်ဆိုးတယ်။ ဒါပေမယ့်....  မကြာခင် ငါသိတော့မှာပါ" သူက သွေးစက်ထည့်ထားသည့် ကျောက်စိမ်းပုလင်းကို မြှောက်လိုက်သည်။ ဤသွေးက.... ချန်ကျားရှီဆီမှ ဖြစ်သည်။

"ငါ သွေးကိုယ်ပွားတစ်ကိုယ် ဖန်တီးနိုင်တာနဲ့ အဲ့ကိုယ်ပွားရဲ့စွမ်းအားသုံးပြီး သွေးရဲ့ပိုင်ရှင် ဘယ်သူဖြစ်ဖြစ် သူ့မှတ်ဉာဏ်တွေကို မြင်နိုင်ပြီ" မန်ဟိုမှာ စိတ်လှုပ်ရှားနေသည်။ ချန်ကျားရှီမှာမူမူ သူကိုယ်တိုင် မန်ဟို့ကို ဆေးဝါးပညာအရာ၌ တိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ ပြုပြင်မရလောက်အောင် ဖျက်စီးခံခဲ့ရသည့်အပြင် သူတို့မှာ ချင်းလော်ဂိုဏ်းတွင် ဖြစ်၍ အောင်မြင်မှုက ပွင့်လင်းမြင်သာသည်။ သို့ဖြစ်၍ မကောင်းသော တိုက်ခိုက်မှုများတော့ မရှိပေ။

လျှပ်တပြက်အတွင်း ရက်အနည်းငယ်ကုန်ဆုံးသွားသည်။ ကမ္ဘာဆေးဝါးအဖွဲ့က ချင်းလော်ဂိုဏ်း ဆေးဝါးသင်တန်းကို မန်ဟိုနှင့် ကျိုးဒယ်ခွန်လက်ထဲသို့ အပြည့်အဝထည့်ခဲ့ရင်း ပြန်သွားကြလေပြီ။

ခေါင်းဆောင်ကြီးဇီလော်က မန်ဟို့ကို ချင်းလော်ဂိုဏ်းအတွက် ဝိညာဥ်သန့်စင်ဆေးလုံးတချို့ ဖော်စပ်ရန် ကိုယ်တိုင်ကိုယ်ကျ တောင်းဆိုခဲ့သည်။ ထိုကဲ့သို့ ဆေးလုံးများမှာ ဝိညာဥ်များအတွက် အားဖြစ်လေသည်။ မန်ဟိုက အလိမ္မာနည်းဖြင့် ငြင်းဆိုရန် ဆုံးဖြတ်လိုက်၏။ သူ့အနေဖြင့် ချင်းလော်ဂိုဏ်းနှင့် ထိုမျှရင်းရင်းနှီးနှီး အလုပ်မလုပ်ပေးချင်ပေ။ ကျိုးဒယ်ခွန်မှာမူ လက်ရှိအခြေအနေနှင့်ပတ်သက်၍ စိတ်လှုပ်ရှားနေပုံရသည်။ သူက အရာရာတိုင်းကို အားရကျေနပ်လျက် ချင်းလော်ဂိုဏ်းအနှံ့ အတန်းပို့ချနေခဲ့လေသည်။

မန်ဟိုက ဂိုဏ်းအတွင်းရှိ အထင်ကရနေရာများကို အလည်သွားလိုက်၊ သီးသန့်ဂိုဏ်းသားတချို့ကို နှုတ်ဆက်လိုက်နှင့် အချိန်ကုန်ဆုံးသည်။ သူက ရှုချင်အကြောင်း သိရရန် စကားနှိုက်ကြည့်တတ်သည်။ သို့သော် ငါးရက်ကြာပြီးသည့်တိုင် သူမ၏အရိပ်ကိုပင် သူမမြင်ရသေးပေ။

ယခု သူ့မှာ စိတ်ပူစပြုလာနေလေပြီ။ ချင်းလော်ဂိုဏ်းသည် ထူးဆန်းသောနေရာတစ်ရာဖြစ်သည်။ ကျိုးကျဲ၏မတော်တဆမှုက သူ့စိတ်ထဲရှိ ဤအချက်ကို ခိုင်မာစေခဲ့သည်။

ယနေ့ညနေတွင် မန်ဟိုတစ်ယောက် တောင်တစ်ရာ၏အစပ်တစ်နေရာတွင် လမ်းလျှောက်နေသည်။ သူက ခေါင်းမော့လိုက်ရာ အဝေးရှိတောင်တစ်လုံးထိပ်တွင် ရပ်နေသော အမျိုးသမီးတစ်ယောက်ကို မြင်လိုက်သည်။ လေအဝှေ့က သူမဝတ်ရုံနှင့် ရှည်လျားသော အနက်ရောင်ဆံနွယ်လေးများကို တလွင့်လွင့်ဖြစ်သွားစေသည်။ မန်ဟို သူမမျက်နှာကိုမြင်လိုက်သည့် အခိုက်အတန့်၌ သူ့စိတ်နှလုံး တုန်ယင်သွားသည်။

ဤအမျိုးသမီးက လှသော်လည်း အေးစက်ပြီး ညှို့မှိုင်းနေသည်......

သူ သူမကို နေရာအနှံ့ ရှာနေခဲ့သော်လည်း ရုတ်တရက် ဤနေရာတွင် သူမက လေထဲတွင် မျောလွင့်နေလေသည်။

သူမအမူအရာမှာ ခံစားချက်မဲ့နေ၏။ သူမသည် အဝေးသို့ မျောလွင့်သွားချင်သည့်အလား ကျောက်တိုင်ပေါ်တွင် ရပ်နေသည်။

သူမကား... ရှုချင်။

***

All Chapters