← Chapters

နောက်ဆုံးအခြေအနေ

Vol. 19 Ch. 256

နောက်ဆုံးအခြေအနေ

Vol. 19 Ch. 256

ရှုချင်၏မျက်လုံးများထဲရှိ ခံစားချက်မဲ့နေသော အရိပ်အယောင်မှာ ဝိညာဥ်ဆုံးရှုံးခဲ့ရသည့်အလား၊ စိတ်ဝိညာဥ်ကိုယ်တိုင် ဒဏ်ရာရခဲ့သည့်အလား ဖြစ်နေစေသည်။

သူမ၏ဖျော့တော့သော အသားရေမှာ နှစ်တစ်ထောင်တိုင် ရေခဲခေါင်းတလားထဲ၌ မြှုပ်နှံခံခဲ့ရသည့် အလောင်းပမာ သွေးတစ်စက်ပင် ရှိပုံမပေါ်ပေ။ သူမရပ်နေသော ကျောက်တိုင်ကို ဖြတ်တိုက်နေသော လေသည်ပင် သူမ၏ တွေဝေနေသောအသွင်ကို လွင့်စင်စေခြင်းငှာ မစွမ်းနိုင်ပေ။

သူမအဝတ်အစားများမှာ အရင့်အရင်ကတည်းက ရှိနေခဲ့ဟန်တူသည့် ခြောက်ကပ်နေသော အနက်ရောင်သွေးကွက်များ စွန်းထင်းနေသည်။ ဘယ်တော့မှ လျှော်ဖွတ်ခြင်းမခံရ၍ ၄င်းတို့မှာ ခြောက်သွေ့ပြီး အဝတ်တွင် ကပ်တွယ်နေသည်။

သူမ နဖူးပေါ်တွင် ဆုံးဖြတ်မရသော အချိန်ကာလတစ်ခုအထိ ရှိနေခဲ့ကြောင်း သိသာသော ဟက်တက်ကွဲဒဏ်ရာကြီးတစ်ခု နေရာယူထားသည်။ ၄င်းမှာ....  ပျောက်ကင်းခြင်းမရှိသော ဓားဒဏ်ရာတစ်ခုနှင့်တူသည်။

လေက သူမဝတ်ရုံကို ပင့်မလိုက်သဖြင့် သူမ၏ညာလက်ကောက်ဝတ်လေး မြင်သာလာသည်။ ၄င်းအပေါ်တွင် ဒုတိယမြောက် ဓားဒဏ်ရာရှိသည်။

ရှုချင် ပိုပိန်သွား၏။

သူမမှာ ပိန်ပြီး ခါတိုင်းထက်ပင် အေးစက်နေသည်။ သူမသည် ယခုလေးတင် အေးစိမ့်သော နှင်းမုန်တိုင်းအလယ်မှ ထွက်လာခဲ့သည့်အလားပင်။ သူမဝတ်ရုံက အပြာ၊ သူမ၏ရှည်လျားသော ဆံနွယ်လေးများက ခြုံထည်သဖွယ် သူမကို ရစ်ပတ်နေသည်။ သူမအသားရေလေးမှာ အလွန်နူးညံ့လှသဖြင့် လေပြေလေးတစ်ချက်ပင် ၄င်းကို ထိုးဖောက်နိုင်ပုံပေါ်သည်။ မန်ဟိုမှာ မျက်တောင် မခတ်ဘဲ သူမအလှကို မော့ကြည့်နေမိသည်။

သူ့မှာ မျက်တောင်ခတ်လိုက်လျှင် အလင်းကွယ်ပျောက်ပြီး သူ့အရှေ့က လှပသောပုံရိပ်လေးကို မမြင်ရတော့မှာ စိုးသည်။

သူသည် သူမ၏ခံစားချက်မဲ့သောအကြည့်နှင့်အတူ ဓားဒဏ်ရာများကို မြင်ရ၏။ ပျက်စီးနေသော သွေးကြောများကိုလည်း သူမြင်ရသည်။ ထိုအခိုက်အတန့်တွင် တိုက်ခတ်နေသောလေ၏အလယ်၊ တောင်ထိပ်ပေါ်၌ ရပ်နေသော ရှုချင်ကလွဲ၍ တစ်ကမ္ဘာလုံး ပျောက်ကွယ်သွားပုံရသည်။

မန်ဟို့မှာ ရုတ်တရက် နှလုံးသားထဲ၌ စူးအောင့်သွားသည့် ဝေဒနာကို ခံစားလိုက်သည်။

သူသည် ဟန်ပေ့၏ လျှို့ဝှက်ချက်ကို လျစ်လျူရှုနိုင်သည်။ ကျိုးကျဲ၏ ထူးထူးဆန်းဆန်းအပြုအမူကို ဥပေက္ခါပြုနိုင်သည်။ မိစ္ဆာချုပ်နှောင်ကျောက်စိမ်းက သူ့ကို နှစ်ခါပြောခဲ့သော်လည်း ဟန်ပေ့ဖြစ်စေ၊ ကျိုးကျဲဖြစ်စေ၊ သူ့နှင့်မဆိုင်ဟု မန်ဟို ခံစားခဲ့ရသည်။ သူတို့၏ သေရေးရှင်ရေး၊ ထူးဆန်းသောအခြေအနေများက သူ မပတ်သက်ချင်သောအရာများ ဖြစ်သည်။

အခြေအနေအမျိုးမျိုး၏ အရင်းခံမှာ ချင်းလော်ဂိုဏ်းဖြစ်သည် မဟုတ်ပါလော။

မန်ဟိုသည် စာပေသမားတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့၍ ပင်ကိုယ်အားဖြင့် ဉာဏ်ကောင်းသည့်အပြင် အမြင်ကျယ်သည်။ မိစ္ဆာချုပ်နှောင်ကျောက်စိမ်း ဆိုလိုသည့် အဓိပ္ပါယ်ကို အဘယ်ကြောင့် သူ နားမလည်ဘဲ နေမည်နည်း။ အထူးသဖြင့် ထိုနှစ်က ကျိုးကျဲ တိုက်ပွဲအဆုံးတွင် အသုံးပြုခဲ့သည့် နတ်ဘုရားစွမ်းရည်နှင့် ပေါ်လာခဲ့သည့် လေလွင့်ဝိညာဥ်များကို စဥ်းစားကြည့်လျှင် သိသာသည်။ ဟန်ပေ့နှင့် ကျိုးကျဲ ဘာဖြစ်ခဲ့သည်လဲ.... သူမသိဘဲ နေမည်လော။ ချင်းလော်ဂိုဏ်း၏ ကြောက်မက်ဖွယ်စွမ်းအားကို အဘယ်ကြောင့် သူနားမလည်ဘဲ နေမည်နည်း။

သူ တကယ် နားလည်သည်။ အမှန်တကယ်ဆိုရလျှင် ချင်းလော်ဂိုဏ်း၏အင်အားမှာ မြေပြင်ထက်တွင် လမ်းလျှောက်နေသူများထက် ပို၍ကြီးမားကြောင်း သူသိသည်။

"လေလွင့်ဝိညာဥ်တွေ ခန္ဓာကိုယ်ကို ဝင်စီးထားတယ်" သူက တွေးလိုက်သည်။ " လေလွင့်ဝိညာဥ်တွေက ဟိုနှစ်တုန်းက ကျိုးကျဲရဲ့ နတ်ဘုရားစွမ်းရည်နဲ့အတူ ပေါ်လာတဲ့ဟာတွေပဲ။ သေဆုံးခဲ့တာ ကြာပြီတဲ့ကျင့်ကြံသူတွေ။ ကြည့်ရတာ ချင်းလော်ဂိုဏ်းရဲ့ တောင်တစ်သိန်းလုံးရဲ့ အောက်မှာ မရေမတွက်နိုင်တဲ့ လေလွင့်ဝိညာဥ်တွေ ရှိနေပုံရတယ်.......

"ဒီချင်းလော်ဂိုဏ်းက အမှောင်ဂိုဏ်းတစ်ဂိုဏ်းပဲ.....

"တမလွန်ဘဝကနေ ပြန်လာ၊ လူ့လောကကို ဝင်ရောက်၊ ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်တွေကို ဝင်စီးပြီး ကပ်ပါးဘဝနဲ့ နေထိုင်တယ်။ ကျိုးကျဲက ဝင်စီးခံထားရတဲ့ အခြေအနေမှာပဲ။ သူ့စိတ်သူ ထိန်းချုပ်နိုင်စွမ်းမရှိတာကြောင့် အဲ့နေ့က သေလို့မရခဲ့တာ။ သူ့ကို ဝင်စီးပြီးတဲ့နောက် မထင်မှတ်ထားတာ တစ်ခုခုဖြစ်ခဲ့တာ သိသာတယ်

"အဲ့ဒီမထင်မှတ်ထားတဲ့ အဖြစ်အပျက်ကြောင့် သူ့ကိုယ်ဝင်စီးထားတဲ့ လေလွင့်ဝိညာဥ် ဒဏ်ရာရသွားပြီး သူ့ဝိညာဥ်ကို ပြန်နိုးလာစေခဲ့တယ်။ အဲ့တာက သူ့ကို တွေဝေမှု၊ ရူးသွပ်မှုနဲ့ ရုန်းကန်မှုတွေ ဖြစ်ပွားစေခဲ့တာပဲ

"ဟန်ပေ့ကတော့ သိသိသာသာပဲ မူမမှန်တာမရှိဘူး။ ဒါပေမယ့် သူ့ကိုယ်က အောင်အောင်မြင်မြင် ဝင်စီးခံထားရတယ်လို့ အပြင်လူတွေကို ထင်စေချင်တာ။ ဘာကြောင့်လဲဆိုတော့ သူ့ကိုယ်ထဲမှ ဝိညာဥ်နှစ်ကိုယ်မဟုတ်ဘဲ သုံးကိုယ်ရှိနေလို့ပဲ။ တစ်ကိုယ်က သူ့ဟာ၊ တစ်ကိုယ်က ချင်းလော်ဂိုဏ်းက လေလွင့်ဝိညာဥ်တစ်ကောင်၊ တတိယတစ်ခုကတော့..... ချင်းလော်ဂိုဏ်းရဲ့ မြင့်မြတ်သောနယ်မြေက ရုပ်တုကနေ ထွက်လာပြီး သူ့ကိုယ်ထဲဝင်သွားတဲ့ ဟန်မျိုးနွယ်စုခေါင်းဆောင်ကြီးပဲ"

မန်ဟို ဤအရာများကို အဘယ်သို့ နားမလည်ဘဲ ရှိမည်နည်း။

သူသည် နားလည်သဖြင့် ထိုအခြေအနေထဲ ဆွဲသွင်းခြင်းမခံလိုပေ။ သို့သော် ရှုချင်ကို ရှာဖွေရင်း အချိန်ကြာလာသည်နှင့်အမျှ သူ စိုးရိမ်စပြုလာခဲ့သည်။ နောက်ဆုံး ယနေ့တော့ သူ သူမကို တွေ့ရလေပြီ......

ထို့ပြင် ထိုအခြေအနေကို လျစ်လျူရှုထား၍မရကြောင်း.... သူ နားလည်လိုက်သည်။ ရှုချင်၏ဝိညာဥ်ဝင်စီးခံရခြင်းမှာ နောက်ဆုံးအခြေအနေသို့ ရောက်ရှိနေရာ မန်ဟို လုံးဝလက်မခံနိုင်ပေ။

သူက အသက်ပြင်းပြင်းရှူပြီးနောက် တောင်ထိပ်ထံ တန်းတန်းမတ်မတ် ဦးတည်ရင်း လျှောက်သွားသည်။ သူ၏ခန္ဓာကိုယ်သည် ရောင်စုံအလင်းတန်းတစ်တန်းအသွင်ပြောင်းသွား၏။ တခဏအတွင်း သူက ရှုချင်ရပ်နေသည့် ကျောက်တိုင်အနောက် ရောက်သွားလေပြီ။

သူ့မှာ သူမ နောက်ကျောကို ငေးကြည့်ပြီး အနားကပ်တော့မည့်အချိန် သူမက လှည့်လာသည်။ သူမ၏အေးစက်သော မျက်နှာလေးမှာ ခံစားချက်မဲ့သောအသွင်မရှိတော့ပေ။ ထိုအစား ခက်ထန်သောအမူအရာတစ်ခုက အစားထိုးဝင်ရောက်လာသည်။

ထိုအခိုက်အတန့်တွင် မန်ဟို့နှလုံးသားအောက်ခြေမှ ကျရောက်တော့မည့်အန္တရာယ်အာရုံတစ်ခု မြင့်တက်လာသည်။ သူ ရှုချင်ကို ကြည့်လိုက်စဥ် ချီအခြေတည်အဆင့်ကျင့်ကြံခြင်းအခြေခံကို မမြင်ရတော့ပေ။ အရာအားလုံးက ဝေဝါးနေသည်။

မန်ဟို့မျက်နှာထားက ပြောင်းလဲမသွားပေ။ သူက သူမကိုကြည့်ပြီး တစ်ချိန်တည်းမှာပင် ညာလက်ဖြင့် ဂါယာမန္တယားဆိုင်ရာ မုဒြာလက်ကွက် တိတ်တဆိတ်ဖော်လိုက်သည်။ သူ့စိတ်အတွင်း၌ အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန် မျောလွင့်လာ၏။ သူ၏ လက်ကွက်ဖော်လိုက်ပုံကြောင့် မန္တန်က ပြောင်းလဲသွားခြင်းဖြစ်သည်။ ၄င်းသည် သူ့စိတ်အတွင်းသာ မျောလွင့်နေပြီး အပြင်သို့ နည်းနည်းလေးပင် ထွက်လာခြင်းမရှိပေ။

သို့သော် အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန် သူ့စိတ်ထဲ ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ့မျက်လုံးများသည် ထူးခြားသွားခြင်းမရှိသော်လည်း ကမ္ဘာကြီးကို လုံးဝကွဲပြားသော ပုံစံဖြင့် မြင်နေလေပြီ။

တောင်တန်းများ စိမ်းလန်းနေဆဲဖြစ်ပြီး အောက်ရှိမြေပြင်သည်လည်း ယခင်အတိုင်းသာ။ သို့သော် တောင်တစ်သိန်း၏ စိမ်းလန်းမှုမှာ ယခုတွင် အနက်ရောင်ချီတစ်ခုဖြင့် ဖုံးလွှမ်းနေသည်။ ဤအနက်ရောင်ချီမှာ တောင်အားလုံးမှ တလိပ်လိပ်တက်၍ လေထဲတွင် လှည့်ပတ်သွားလာနေသည်။ ဤအခိုက်အတန့်တွင် မန်ဟို့အတွက် ချင်းလော်ဂိုဏ်းမှာ အမှန်တကယ် အပဂိုဏ်းတစ်ဂိုဏ်းဖြစ်သွားသည့် အလားပင်။

အနက်ရောင်ချီမျှင်များသည် ရှုချင်၏ကိုယ်မှ စီးမျောထွက်လာပြီး သူမပတ်ပတ်လည်တွင် လှည့်ပတ်နေသည်။ ၄င်း၏ဗဟိုချက်မှာ တလက်လက်တောက်ပနေသော အနက်ရောင်မြူစက်လုံးတစ်လုံး တည်ရှိသည့် သူမဝမ်းဗိုက်တွင် ဖြစ်ပုံရသည်။ အနက်ရောင်မြူအတွင်းတွင် ရှုချင်၏ဝိညာဥ်မှာ ချိတ်ပိတ်ခံခဲ့သကဲ့သို့ အိပ်ပျော်နေသည်ကို မန်ဟို မြင်ရ၏။

အနက်ရောင်ချီသည် အဆက်မပြတ် ထွက်လာပြီး ရှုချင်နောက်တွင် အမျိုးသမီးတစ်ယောက်၏ ဝိုးတိုးဝါးတားပုံရိပ်တစ်ခုအသွင် အတူတကွပေါင်းစည်းသွားသည်။

ထိုတစ္ဆေပုံရိပ်မှ အဆုံးမရှိလောက်အောင် ကြောက်မက်ဖွယ်ကောင်းသောအရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။ ၄င်းက ထူးဆန်းပြီး သိပ်သည်းသော သေခြင်းချီကို ထုတ်လွှတ်ကာ ရှုချင်နှင့်အတူ မန်ဟို့ကို ကြည့်နေသည်။

"မင်းက ဘယ်သူလဲ" ရှုချင်က အေးအေးလူလူမေးသည်။ မန်ဟို့အတွက် ဤအသံသည် ရှုချင်အသံမဟုတ်ဘဲ သူမအနောက်တွင် မျောလွင့်နေသော ထိတ်လန့်ဖွယ် လေလွင့်ဝိညာဥ်၏အသံ ဖြစ်သည်။

သူမစကားလုံးများ ထွက်လာစဥ် ပတ်ဝန်းကျင်ရှိ အနက်ရောင်ချီသည် ၄င်းတို့ထံ အပြေးသွားနေကြောင်း မန်ဟို ရုတ်တရက် အာရုံရလိုက်၏။ ၄င်းက လှည့်ပတ်ပြီး ပုံပျက်ဆင်းပျက်ပြုံးနေသော မျက်နှာအသွင်ပြောင်းကာ မန်ဟို့ကို စိုက်ကြည့်နေသည်။

မှန်ပါသည် ၊ မန်ဟို ၄င်းတို့ မျောလွင့်နေသည်ကို မြင်နိုင်ကြောင်း မသိကြပေ။

"ကျုပ်က ဇီယွင်ဂိုဏ်းက ဖန်မုပါ" မန်ဟိုက ပြုံးပြီး ပြန်ဖြေသည်။ "အစ်မက ချင်းလော်ဂိုဏ်းရဲ့ သီးသန့်ဂိုဏ်းသားတစ်ယောက်လား။ ကျုပ် ဒီရောက်နေတာ ရက်ပိုင်းလောက်ရှိပြီ အစ်မကို ဒါ ပထမဆုံးမြင်ဖူးတာပဲ" သူက လက်ယှက်၍ ဦးညွတ်အရိုအသေပေးလိုက်စဥ် အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို ပျောက်ကွယ်သွားစေသည်။ သူ့ပတ်ပတ်လည်ရှိ ကမ္ဘာကြီး ပုံမှန်ပြန်ဖြစ်သွား၏။

"ဒါဆို မင်းက မဟာအကြီးအကဲဖန်မုပေါ့" ရှုချင်က အေးစက်စွာပြောသည်။ "ဒါက တားမြစ်ထားတဲ့တောင်။ ကျေးဇူးပြုပြီး အခုချက်ချင်း ထွက်သွားပါ" သူမက ပြန်လှည့်သွားပြီး မန်ဟို့ကို လျစ်လျူရှုရင်း အဝေးသို့ ငေးကြည့်နေသည်။ ခံစားချက်မဲ့သောအသွင်က သူမမျက်နှာကို နောက်တစ်ကြိမ်စိုးမိုးသွားသည်။

မန်ဟိုက မပြောင်းလဲသောအမူအရာဖြင့် နောက်တစ်ဖန် အရိုအသေပေးပြီး အလင်းတန်းအသွင်ပြောင်းကာ တောင်မှထွက်ခွာလာသည်။ သူသည် လမ်းတစ်လျှောက်လုံး ရှုခင်းများ ကြည့်ရှုခံစားရင်း အေးအေးဆေးဆေး အချိန်ယူနေသည်။ သူ အနက်ရောင်ကြိုဆိုခြင်းတောင်ထိပ်သို့ ရောက်သော် လကား မြင့်မြင့်ရောက်နေလေပြီ။

သူသည် အဆောက်အဦးထဲ ဝင်ရောက်ပြီး ဆေးပေါင်းဖိုဘုရင်တံဆိပ်ဖြင့် ချက်ချင်း အကာအကွယ်ယူလိုက်သည်။ သူ့မျက်နှာ ရုတ်ခြည်း ခက်ထန်သွား၏။ သူ့မှာ အပြန်လမ်းတစ်လျှောက်လုံး အမှားမရှိအောင် ဂရုတစိုက် သတိထားခဲ့ရလေသည်။ သို့သော် လေလွင့်ဝိညာဥ်တချို့ သူ့နောက် လိုက်လာခဲ့သေးသည်။ ၄င်းတို့က တစ်ချိန်လုံး သူ့ကိုလှည့်ပတ်နေပြီး နောက်ဆုံး သူ အနက်ရောင်ကြိုဆိုခြင်းတောင်ကို ရောက်မှ ပျောက်ကွယ်သွား၏။

"ရှုချင်ကို ကယ်ဖို့ဆိုရင် ငါ သူ့အနားကပ်ရမယ်" သူက တွေးသည်။ "ဒါ့အပြင် ဘယ်သူမှ သိလို့လဲ မဖြစ်ဘူး။ ဒီချင်းလော်ဂိုဏ်းက သေချာပေါက် လေလွင့်ဝိညာဥ်တွေ နေရာတိုင်း ပျံသန်းသွားလာနေတဲ့ အပဂိုဏ်းတစ်ဂိုဏ်းပဲ....." သူသာ ယခု ပေါ်တင်လှုပ်ရှားပါက ရှုချင်ကိုမကယ်နိုင်သည့်အပြင် သူ့လျှို့ဝှက်ချက်ကိုလည်း ဖော်မိရက်သားဖြစ်မည်။

သူက မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် ထိုင်စဥ်းစားနေသည်။ အချိန်တချို့ကြာသော် သူက မျက်စိမှိတ်လိုက်သည်။

နောက်တစ်နေ့ မနက်စောစောတွင် သူ၏မျက်လုံးးများ ဖျတ်ခနဲ ပွင့်လာသည်။ သူသည် ကျောက်စိမ်းပြားတစ်ပြားကို မြှောက်၍ အကြောင်းအရာတချို့ ရေးသားပြီးနောက် အင်္ကျီလက်စကို ခါကာ အဆောက်အအုံအပြင်သို့ ပျံထွက်သွားစေသည်။

သူ၏အေးစက်သောအသံ ပဲ့တင်ထပ်လာ၏။ "ကျုပ် ဆေးဖော်စပ်တာနဲ့ပတ်သက်ပြီး ခေါင်းဆောင်ကြီးဇီလော်နဲ့ ဆွေးနွေးစရာကိစ္စတစ်ခုရှိတယ် "

ကျောက်စိမ်းပြား ပျံထွက်လာသည်နှင့်တစ်ပြိုင်နက် မည်သည့်နေရာကမသိ၊ ကျင့်ကြံသူတစ်ယောက် ပေါ်လာပြီး ၄င်းကိုဖမ်းလိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံကို မဆုံးဖြတ်နိုင်သော်လည်း အနက်ရောင်ဝတ်ရုံဝတ်ထား၏။ သူသည် ချက်ချင်းပင် အဝေးသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

မန်ဟိုက ကြိတ်၍ မခိုးမခန့်ရယ်လိုက်သည်။ သူနှင့် ချန်ကျားရှီ၏ ပြိုင်ပွဲပြီးကတည်းက အနက်ရောက်ကြိုဆိုခြင်းတောင်များ၏ အပြင်၌ ချီတစ်ခုကို အာရုံရခဲ့လေသည်။ သိသာစွာပင် သူ့ကို စောင့်ကြည့်နေသူတစ်ယောက် ရှိ၏။

အချိန်အနည်းငယ်ကြာသော် ရယ်သံနှင့်အတူ ခေါင်းဆောင်ကြီးဇီလော် ကိုယ်တိုင် ဖန်မုနှင့် ဆွေးနွေးရန် ရောက်လာသည်။ သူသည် ပြုံးပြီး ရပ်ကာ မန်ဟို့ကို လက်ယှက်နှုတ်ဆက်သည်။

"မဟာအကြီးအကဲဖန်" သူက ခပ်ပြုံးပြုံးဖြင့် ပြောသည်။ "ကျေးဇူးပြုပြီး စိတ်မကွက်ပါနဲ့။ ခင်ဗျား ဘေးကင်းလုံခြုံတာ သေချာအောင် ဂိုဏ်းသားတစ်ယောက်ကို အပြင်မှာစောင့်ကြည့်ခိုင်းထားတာပါ။ ကျုပ်တို့ဂိုဏ်းက ရှုပ်ယှက်ခတ်နေတဲ့ နေရာတစ်နေရာမဟုတ်လား။ ကျုပ်တစ်ယောက်ထဲ အကုန်လုံး မထိန်းချုပ်နိုင်ဘူးလေ။ ဒီကျောက်စိမ်းပြားက အကြောင်းအရာအရဆိုရင် ခင်ဗျား ဝိညာဥ်သန့်စင်ဆေးလုံးဖောိစပ်ပေးမယ်ပြောတယ်။ ဆိုတော့......"

မန်ဟိုက သက်ပြင်းချပြီးနောက် ရှက်နေသောအသံဖြင့် ပြောသည်။ "အကြီးအကဲဇီလော်၊ တကယ်တော့ ကျုပ် ဝိညာဥ်သန့်စင်ဆေးလုံးအကြောင်း တစ်ခါမှမကြားဖူးဘူး။ နာမည်အရဆိုရင် ဝိညာဥ်တွေနဲ့ တစ်ခုခုပတ်သက်တာ သေချာတယ်။ အဲ့လိုဆေးလုံးမျိုးဖော်စပ်ရတာ အရမ်းခက်မှာ ကျုပ် ကြောက်မိတယ်ဗျာ။ မျိုးကွဲတွေ အများကြီးနဲ့ တော်တော်ပင်ပန်းရမှာ။ အဲ့တာကြောင့် ကျုပ် လက်ခံဖို့ ဝန်လေးနေတာပဲ"

ခေါင်းဆောင်ကြီးဇီလော်က ပြန်မဖြေ။ သူက မန်ဟိုဆက်ပြောမည်ကို ရပ်စောင့်နေသည်။  "တခြား သာမန်ဆေးလုံးဆိုရင် ရိုးရှင်းတယ်။ ဒါပေမယ့် ထူးထူးဆန်းဆန်းဆေးလုံးအသစ်တွေကတော့ ကျုပ် ဖော်စပ်ချင်ရင်တောင်မှ တကယ် အရမ်းပင်ပန်းမှာ  စိတ်ပူတယ်။ ဒါ့အပြင် ကျုပ်မှာ သင့်တော်တဲ့ဆေးပေါင်းဖို မရှိဘူး...." သူက ခပ်ယဲ့ယဲ့ပြုံးပြီး ပို၍ပင်ရှက်လာပုံရသည်။ "ပြီးတော့ ကျုပ်မှာ လိုအပ်တဲ့ ဆေးပင်တွေ လုံလုံလောက်လောက်ရှိမယ်လို့လဲ မထင်ဘူး။ အဲ့ဆေးပင်တွေကလဲ အရမ်းတန်ဖိုးကြီးမှာ........

"ဟုတ်တာပေါ့၊ ကျုပ် တကယ် ကူညီရမှာ ဝမ်းမြောက်မိပါတယ်၊ ပင်ပန်းလဲ ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် ပိုစိုးရိမ်မိတာက အချိန်ကုန်မှာကိုပဲ..... ပြီးတော့ ကျုပ်က ဆေးဖော်စပ်ရင် ဘယ်သူ့ကိုမှ အနှောင့်အယှက်မပေးချင်တာမလို့ ကျုပ်ကိုယ်တိုင် တစ်ရာရာခိုင်နှုန်းအားစိုက်ရမှာ...."

ခေါင်းဆောင်ကြီးဇီလော်က ခဏ မျက်မှောင်ကြုတ်သွားပြီး ရုတ်တရက် ထရယ်သည်။ "နားလည်ပြီ မဟာအကြီးအကဲဖန်။ ခင်ဗျား လိုသမျှ ဆေးပင်အားလုံးကို ကျုပ်ထောက်ပံ့ပေးနိုင်တယ်။ အဆုံးသတ်မှာ ဆေးလုံးတွေ မဖော်ပေးနိုင်ရင်တောင်မှ ကိစ္စမရှိဘူး။ ဒါ့အပြင် ခင်ဗျားအလုပ်လုပ်ပေးတာကို ကျေးဇူးတင်တဲ့အနေနဲ့ ဝိညာဥ်ကျောက်တုံးတချို့ ချီးမြှင့်ပိုင်ခွင့် ကျုပ်မှာရှိတယ်။ ဆေးပေါင်းဖိုအတွက်ကတော့....တိုက်တိုက်ဆိုင်ဆိုင် ချင်းလော်ဂိုဏ်းရဲ့ ဘဏ္ဍာတိုက်မှာ သန့်စင်ခြင်းတစ်သောင်းဆေးပေါင်းဖို ရှိနေတယ်။ ဒီရတနာဆေးပေါင်းဖိုကို ခင်ဗျားဆီ လက်ဆောင်ပေးနိုင်ပါတယ် မဟာအကြီးအကဲ။ ဒါ့အပြင် ခင်ဗျား ဆေးဖော်နေတဲ့အတောအတွင်း ဘယ်သူမှမနှောင့်ယှက်စေရဘူး။ ကျုပ်တို့ အနက်ရောင်ကြိုဆိုခြင်းတောင်ထိပ်ကို အဝင်အထွက်ပိတ်ထားသလိုပေါ့"

မန်ဟို၏မျက်လုံးများ ဖျတ်ခနဲလက်သွားသော်လည်း သူ့မျက်နှာမှာ ရှက်နေသေးသည့်အလား နီမြန်းနေသည်။ "ဆရာကြီး၊ ကျုပ် ချင်းလော်ဂိုဏ်းကို ကျုပ်ဂိုဏ်းရဲ့ ကိုယ်စားလှယ်အဖြစ် ရောက်လာတာပါ။ ရတနာပစ္စည်းတွေကို ဘယ်လိုလုပ် ယူနိုင်ပါ့မလဲဗျာ...."

သူ့မျက်နှာပေးကို မြင်သည်နှင့် ခေါင်းဆောင်ကြီးဇီလော်က ပြုံး၍ လက်မြှောက်ကာ မန်ဟို့ကို ရပ်တန့်လိုက်စေလိုက်သည်။

***

All Chapters