← Chapters

ဇာမဏီသခင်မ

Vol. 19 Ch. 258

ဇာမဏီသခင်မ

Vol. 19 Ch. 258

"ကောင်းကင်ပုလဲသစ်ရွက်သုံးရွက်၊ ဖုန်လေအမြစ် ရိုးတံကိုးခု။ နှစ်ခြောက်ဆယ်သက်တမ်း စိတ်ဝိညာဥ်ပင်ရည်.... " မန်ဟိုသည် မတူကွဲပြားသော ဆေးပင်အမျိုးအစားတစ်ရာနီးပါးကို ဖြေးဖြေးချင်း ရွတ်နေ၏။ သူ့ဘေးရှိ ကျိုးဒယ်ခွန်မှာ ၄င်းတို့ကို သိုလှောင်အိတ်ထဲမှ ချက်ချင်း ထုတ်၍ ကမ်းပေးသည်။

မြေမီးတောက်သလင်းကျောက်မှာ တဟုန်းဟုန်းတောက်လောင်နေပြီး ပျံဝဲနေသော ဆေးပေါင်းဖိုမှာ ချက်ချင်း အနီရောင်သမ်းသွားသည်။ အားကောင်းသော ဆေးနံတစ်ခု သန့်စင်ခြင်းတစ်ရာဆေးပေါင်းဖိုမှ မျောလွင့်လာ၏။ မန်ဟိုက သင့်တင့်သော ဓာတ်ပြုမှုများအတိုင်း ၄င်းထဲသို့ ဆေးပင်များ ထည့်လိုက်သည်။ သူသည် တစ်စုံတခုမှ အလေအလွင့်မဖြစ်စေရန် ဂရုတစိုက် ထည့်နေ၏။

သူ့မှာ ဆေးဖော်ခြင်းဖြစ်စဥ်ကို အစွမ်းကုန် ထိန်းချုပ်နေသဖြင့် သုံးရက်အတွင်း ပြီးဆုံးသွားလေသည်။

သုံးရက်ကြာသော် နီရဲနေသောဆေးလုံးတစ်လုံး ထွက်ပေါ်လာသည်။ မန်ဟိုက တုံ့ဆိုင်းမနေဘဲ ၄င်းကို လူငယ်၏ပါးစပ်ထဲ ထည့်လိုက်၏။

ဆေးလုံးပါးစပ်ထဲ ဝင်သွားသည်နှင့်တစ်ပြိုက်နက် လူငယ်၏ ခန္ဓာကိုယ်မှာ အကြောဆွဲလာသည်။ သူက မအော်သော်ည်း တစ်ကိုယ်လုံးတုန်ရီနေစဥ် ခံစားချက်မဲ့သောအကြည့်က သူ၏မျက်လုံးများကို ဖုံးလွှမ်းနေသည်။ ရုန်းကန်နေခြင်းကား ပိုမိုပြင်းထန်လာ၏။ အမွှေးတိုင်တစ်တိုင်ထွန်းစာ ကြာပြီးနောက်ဆုံး သူ့တစ်ကိုယ်လုံး တုန်တက်သွားပြီး ရုတ်တရက် ငြိမ်ကျသွားလေသည်။

သူ့မှာ ခေါင်းငိုက်စိုက်ကျသွားပြီး လှုပ်ရှားခြင်းမရှိတော့။ အသက်ဆယ်ရှိုက်ကြာသော် ထိတ်လန့်ဖွယ်ချီတစ်ခု သူ့ကိုယ်မှ ပျံ့နှံ့လာသည်။ နောက်ဆုံးတွင် သူက ခေါင်းမော့လိုက်သည်။ သူ့မျက်လုံးအတွင်း၌ ခံစားချက်မဲ့သော အရိပ်အယောင်မရှိတော့ဘဲ ညှို့မှိုင်းနေမှုက အစားထိုးဝင်ရောက်လာသည်။

"ကျေးဇူးအများကြီးတင်ပါတယ် မဟာအကြီးအကဲ" လူငယ်က ဖြေးဖြေးချင်းပြောသည်။ သူ၏စကားလုံးများမှာ ကျေးဇူးတင်စကားဖြစ်သော်လည်း သူတောင်းစားကို စွန့်ကြဲနေသကဲ့သို့ မယုံနိုင်လောက်အောင် မောက်မာလေသည်။ သူက မန်ဟို့ကို လျစ်လျူရှုပြီး ထရပ်ကာ ချာခနဲ လှည့်၍ အပြင်သို့ လမ်းလျှောက်ထွက်သွားသည်။

ကျိုးဒယ်ခွန်က ဘဝင်မကျသဖြင့် မျက်မှောင်ကြုတ်သွားသည်။

မန်ဟို၏မျက်နှာထားမှာ ယခင်အတိုင်းသာ ဖြစ်သော်လည်း စိတ်ထဲတွင်တော့ အေးစက်စက်ရယ်နေလေသည်။ လူငယ်၏ ခန္ဓာကိုယ်နှင့် အတွင်းရှိ လေလွင့်ဝိညာဥ်အကြား ဟန်ချက်ပြန်ညီသွားပြီ ထင်သော်လည်း မန်ဟိိုက သူ၏သွေးစက်ကြောင့် စွမ်းအားအလုံးစုံ ရသွားလေပြီ။ သူအလိုရှိလျှင် ထိုလေလွင့်ဝိညာဥ်ကို တိုက်ရိုက် ဖျက်စီးပစ်နိုင်သည်။

မိစ္ဆာချုပ်နှောင်သူတစ်ယောက်၏ သွေးစက်တစ်စက်က လေလွင့်ဝိညာဥ်တစ်ကောင်ကို အပြီးတိုင် သုတ်သင်ဖယ်ရှားနိုင်၏။

အနက်ရောင်ကြိုဆိုခြင်းတောင်ခြေတွင်

ခေါင်းဆောင်ကြီးဇီလော်၊ လှပသောအမျိုးသမီးနှင့် မျက်နှာနီနီအဘိုးကြီးတို့သုံးယောက် လူငယ်ကို စောင့်နေကြသည်။

"သက်သာလာတဲ့အတွက် ဂုဏ်ယူပါတယ် ခေါင်းဆောင်လေး"

မှန်ပါသည်။ သူတို့အနေဖြင့် ဤအဖြစ်အပျက်အား ဘယ်သူ့ကိုမှ မြင်ခွင့်မပြုနိုင်ပေ။ သူတို့သည် ရောက်ရှိနေသည့် ပတ်ဝန်းကျင်ကို အချိန်အတော်ကြာကတည်းက အဝင်အထွက် ကန့်သတ်ထားပြီးဖြစ်သည်။

လူငယ်က အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများကို ကြည့်သည်။ "အဲ့ဒီ ကောင်းကင်ကနေ ပြုတ်ကျလာတဲ့ အလောင်းက တကယ့် ပြဿနာပဲ။ သူ့ကြောင့် ငါတို့သခင်ကြီး နောက်တစ််ကြိမ် အိပ်မောကျသွားပြန်ပြီ။ ငါတို့ လူ့ကမ္ဘာပြန်ရောက်လာပေမယ့် ငါတို့သခင်ကြီးပေးထားတဲ့ တာဝန် မပြီးမြောက်သေးဘူး.... ထားပါ။ မင်းတို့သုံးယောက် အဲ့လူကို ကောင်းကောင်းအသုံးချထားတာပဲ။ သူ ငါ့ကို သက်သာအောင် ကုသပေးနိုင်ခဲ့တယ်ဆိုတော့ အခွင့်အရေးရှိသေးတယ်

"တခြားခေါင်းဆောင်ကြီးတွေရဲ့ ဝိညာဥ်တွေ လာခိုင်းဖို့ စီစဥ်လိုက်။ ဇာမဏီသခင်မ ဝင်ပူးထားတဲ့သူကိုတော့.....  အင်း သူနဲ့ပတ်သက်ပြီး ဘာအမှားမှ လုပ်လို့မရဘူး။ တခြားသူတွေမှာ ဘာပြဿနာမှမဖြစ်ရင် သူ့ကိုလဲ ပို့လိုက်" စကားပြောပြီးနောက် လူငယ်၏ခန္ဓာကိုယ်သည် အနက်ရောင်အငွေ့အသွင်ပြောင်းရင်း ရိပ်ခနဲလှုပ်ရှားကာ မြေကြီးအတွင်း ဝင်ရောက်ပျောက်ကွယ်သွားသည်။

ခေါင်းဆောင်ကြီးဇီလော်နှင့် အခြားသူများက သူထွက်သွားသည်ကို လေးလေးစားစား  အရိုအသေပေးပြီး တစ်ယောက်ကို တစ်ယောက် ခါးသက်သက်ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့ အလျှိုလျှိုထွက်သွားကြပြီး အခြားဆယ့်နှစ်ယောက်ကို တစ်ကြိမ်လျှင်တစ်ယောက် မန်ဟို့ဆီပို့ရန် စီစဥ်လိုက်ကြသည်။

အချိန်သည် တရွေ့ရွေ့ကုန်ဆုံးသွား၏။ မန်ဟိုက ခေါင်းဆောင်လေးဟုခေါ်သူများကို တစ်ယောက်ပြီးတစ်ယောက် ကုသပေးသည်။ ယခုတွင် အနက်ရောင်ကြိုဆိုခြင်းတောင်ထိပ်မှာ ချင်းလော်ဂိုဏ်း၌ အလွန်အရေးပါသောနေရာတစ်ရာ ဖြစ်လာခဲ့လေပြီ။

မန်ဟို တစ်ခုခုတောင်းဆိုတိုင်း ချက်ချင်း ဖြည့်ဆည်းပေးတတ်သည်။ သူ့အနေဖြင့် မည်သည့်အတွက်ကြောင့် ဤအခွင့်အရေးကို အသုံးမချဘဲ နေမည်နည်း။ သူ ဆေးပင်နာမည်ပြောလိုက်သည်နှင့် သူ့ဆီ ချက်ချင်း ရောက်လာပေမည်။ ပြီးပြည့်စုံသော ရွှေအမြုတေအတွက် လိုအပ်သည့် အရာ အတော်များများကား သူ့သိုလှောင်အိတ်ထဲ၌ တဖြေးဖြေး ပြည့်လာလေပြီ။ ဤအခြင်းအရာကို မြင်သော် ကျိုးဒယ်ခွန်မှာ မနာလိုဖြစ်လာပြီး ဆေးပင်တချို့ စတင်တောင်းဆိုတော့သည်။

သူတို့သည် ဆေးဖော်စပ်ရင်း ဖြေးဖြေးချင်း အကျိုးအမြတ်များ စုမိဆောင်းမိလာသည်။

ဤနည်းဖြင့် မန်ဟိုသည် သွေးမျိုးဆက်သုံးဆက်ကိုလည်း စုဆောင်းနိုင်၏။ ၄င်းတို့က သူဖော်စပ်နေသော ဆေးလုံးများနှင့် မဆိုင်။ သွေးကိုယ်ပွားများ ဖန်တီးရန်အတွက် လိုအပ်သဖြင့် ထိုအခွင့်အရေးကို လက်လွှတ်အဆုံးရှုံးမခံနိုင်ပေ။

ဘိုဘေးတစ်ယောက်ထံမှ သွေးမရလျှင် မန်ဟို ထိုကိစ္စကို ဖိအားမပေးပေ။ ဆေးဖော်ရန် ကြာချိန်ကိုသာ ဆွဲဆန့်ထားမည်ဖြစ်သည်။

နောက်ဆုံး တစ်နေ့တွင် မျက်နှာဖြူဖပ်ဖြူလျော်နှင့် ကျိုးကျဲ စံအိမ်ထဲ ဝင်ရောက်လာသည်။ ဤသည်မှာ ချင်းလော်ဂိုဏ်းသို့ ရောက်လာတုန်းက မတော်တဆမှုဖြစ်ကတည်းးက မန်ဟို သူ့ကို ပထမဆုံးတွေ့ရခြင်းပင်။ ကျိုးကျဲက တင်ပျဥ်ခွေထိုင်ချလိုက်သည်။ မန်ဟိုသည် တခဏ တိတ်ဆိတ်နေပြီးနောက် ဆေးစဖော်တော့သည်။

ကျိုးကျဲ ထွက်သွားပြီးနောက် ဟန်ပေ့ရောက်လာသည်။ သူမမျက်နှာပေါ်တွင် သတိထားနေသောအမူအရာတစ်ခုရှိသည်။ သူမ သူ့အရှေ့တွင် ထိုင်လိုက်သောအခါ မန်ဟိုက သူမကိုကြည့်ပြီး ခပ်တိုးတိုး ရယ်လိုက်သည်။

"မဟာအကြီးအကဲဖန်....." သူမက အပြုံးတစ်ခုဖြင့် ပြောသည်။ ရုတ်တရက် သူမ စိတ်လှုပ်ရှားလာလေသည်။ ဟန်မျိုးနွယ်စုခေါင်းဆောင်ကြီး၏အသံသည် ရုတ်တရက် သူမစိတ်ထဲတွင် မြည်ဟည်းလာ၏။

"ဒီလူ့ကို သတိထား။ သူက ရှုပ်ထွေးပြီး ငါ့တည်ရှိမှုကို အာရုံခံနိုင်လောက်တယ်" ဤသည်မှာ သူမအတွက် ဘိုးဘေးကြီးထံမှ ဤစကား ပထမဆုံးကြားဖူးခြင်းမဟုတ်ပေ။ သူမ ချင်းလော်ဂိုဏ်း၏အပြင်၌ ဖန်မုကို ပထမဆုံးတွေ့ခဲ့သည့်နေ့က စိတ်လှုပ်ရှားရသည့်အကြောင်းရင်းမှာ ဟန်မျိုးနွယ်စုခေါင်းဆောင်ကြီး၏အသံကြောင့်ဖြစ်သည်။

မန်ဟို၏မျက်နှာအမူအရာမှာ ယခင်အတိုင်းသာ။ သူက ပြုံးပြီး ဆေးစဖော်တော့သည်။ ဆေးလုံးထွက်လာသောအခါ မန်ဟိုက ဟန်ပေ့ကို လှမ်းကြည့်သည်။ သူမမျက်နှာထားမှာလည်း ပုံမှန်အတိုင်းပင်။ သို့သော် သူမမှာ ရင်တဒိန်းဒိန်းခုန်နေ၏။ သူမစိတ်ထဲတွင် ဟန်မျိုးနွယ်စုခေါင်းဆောင်ကြီး၏ တုန်ရီနေသောအသံ ကြားလိုက်ရသည်။

"အဲ့ဒီ့ဆေးလုံး..... မင်း အဲ့ဆေးလုံးသောက်ရမယ်။ ဒီလူ.....သူ....."

"မဟာအကြီးအကဲဖန်" သူမက တည်ငြိမ်စွာ ထရပ်ရင်း နူးညံ့ပျော့ပျောင်းစွာ ပြောသည်။ " ကျွန်မ ဒီဆေးလုံးကို ယူသွားပြီး နောက်မှသောက်မယ်"

မန်ဟိုက ကျိုးဒယ်ခွန်ဘက်လှည့်ပြီး လက်နှစ်ဖက်ယှက်ကာ ပြောသည်။ "အစ်ကိုကြီးကျိုး၊ ကျုပ် တာအိုရောင်ရင်းဟန်နဲ့ နှစ်ယောက်ထဲ ဆွေးနွေးစရာ ကိုယ်ရေးကိုယ်တာကိစ္စလေးရှိလို့"

ကျိုးဒယ်ခွန်က ရယ်လိုက်သည်။ သူသည် အချိန်အတော်ကြာကတည်းက တစ်ခုခုမူမမှန်ကြောင်း အာရုံရခဲ့လေသည်။ သို့သော် အရင်ရက်များက ဆေးပင်အမြောက်အမြား စုဆောင်းနိုင်ခဲ့ပြီးဖြစ်၍ ဂရုစိုက်တော့ဘဲ ချက်ချင်းထွက်သွားလိုက်သည်။

ဟန်ပေ့မှာ ကျိုးဒယ်ခွန် ထွက်သွားသည်ကိုကြည့်ပြီး ရင်ခုန်လာသည်။ "မဟာအကြီးအကဲဖန်..... " သူမက ပန်းပွင့်လေးကဲ့သို့ အမူအရာကို မပျက်အောင်ထိန်းရင်း ပြောသည်။ သူမ စကားဆက်ပြောတော့မည့်အချိန် မန်ဟိုက ဖြတ်ပြောသည်။

"ခင်ဗျား ဒီဆေးမသောက်ချင်ရင် ရတယ်။ ဒါပေမယ့် အဲ့အတိုင်းဆိုရင် ခင်ဗျား ကျုပ်ကို နောင်တစ်ချိန်ချိန် အကြွေးပြန်ဆပ်ရမယ်" သူက သူမစိတ်ထဲထိ ထိုးဖောက်ဝင်ရောက်သွားပုံရသော အကြည့်စူးစူးဖြင့် ဟန်ပေ့ကို ကြည့်သည်။

ဟန်ပေ့က သူ့ကို ပြန်ကြည့်ပြီး အံတင်းတင်းကြိတ်သည်။ သူမမှာ ဉာဏ်နီဉာဏ်နက်များသော်လည်း ယခုတော့ ဘာမှမစဥ်းစားနိုင်ပေ။ ငေးကြောင်ကြောင်ဖြစ်နေသာ အရိပ်အယောင်တစ်ခုက သူမ၏မျက်လုံးထဲတွင် ပေါ်ပေါက်လာသည်။

"မဟာအကြီးအကဲဖန်" သူမကပြောသည်။ "ရှင်ဘာဆိုလိုလဲ ကျွန်မနားမလည်ဘူး။ ဒါပေမယ့် ဒီအကူအညီကိုတော့ လက်ခံနိုင်ပါတယ်"

"ကျုပ် ခင်ဗျားဆီက အကူအညီမလိုဘူး" မန်ဟိုက အေးစက်စက်ပြန်ဖြေသည်။ "ခင်ဗျားကိုယ်ထဲမှာရှိတဲ့ တတိယမြောက်ဝိညာဥ်ဆီကလိုတာ"

စကားလုံးများက မိုးထစ်ချုန်းသံသဖွယ် ဟန်ပေ့နားထဲ ဝင်ရောက်လာသည်။ သူမမျက်နှာထားကား ချက်ချင်းပင် လုံးဝပြောင်းလဲသွားသည်။

သူမ တစ်ခုခုပြောတော့မည်အချိန် ရုတ်တရက် အပြာရောင်ချီတစ်ခု သူမငယ်ထိပ်မှထွက်လာသည်။ ၄င်းက သူမ၏ခေါင်းထက်တွင် ယောက်ျားတစ်ယောက်အသွင် စုဆုံသွား၏။ သူသည် အချိန်တစ်ခုကြာသည်အထိ မန်ဟို့ကို ကြည့်နေပြီးနောက်ဆုံး ခေါင်းညိတ်လိုက်သည်။

"ဟန်မျိုးနွယ်စု ခင်ဗျားအပေါ် အကြွေးတင်သွားပါပြီ" သူက ရှေးဆန်သောလေသံဖြင့် ပြောသည်။

မန်ဟိုက လက်နှစ်ဖက်ယှက်ပြီး အရိုအသေပေးလိုက်၏။ ပုံရိပ်ပျောက်ကွယ်သွားပြီး ဟန်ပေ့က အံသြကြောက်ရွံ့သောမျက်နှာအမူအရာဖြင့် မန်ဟို့ကို စိုက်ကြည့်သည်။ အချိန်အတန်ကြာပြီးနောက် သူမသည် ချာခနဲ လှည့်ပြီး တတ်နိုင်သမျှ မြန်မြန်ထွက်သွား၏။ စံအိမ်မှ မထွက်ခင် သူမသည် စိတ်တည်ငြိမ်အောင်လုပ်ပြီးနောက် မျက်ဝန်းများထဲ၌ အေးစက်သောအကြည့်တစ်ခု တောက်ပစေလိုက်သည်။ အပြင်လူများအမြင်တွင်တော့ သူမမှာ ပုံမှန်အတိုင်းသာ။ မကြာမီ သူမသည် အဝေးသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။

တစ်လကြာ ဆေးဖော်စပ်ပြီးနောက်ဆုံး ချင်းလော်ဂိုဏ်းက နောက်ဆုံးတစ်ယောက်ကို မန်ဟို့ထံ လွှတ်လိုက်သည်။ ၄င်းက.....ရှုချင်ပင်။

မန်ဟို့၏အတွေ့အကြုံအားလုံးအပေါ် အခြေခံ၍ သူမကို နောက်ဆုံးမှ လွှတ်လိုက်ခြင်းက သိသာလေသည်။ သူမကိုယ်ထဲရှိ လေလွင့်ဝိညာဥ်မှာ ချင်းလော်ဂိုဏ်းအတွင်း  မလေးမစား လုပ်မရသည့် ဝါအရင့်ဆုံးပုဂ္ဂိုလ်ဖြစ်ပေမည်။

မန်ဟို ခန့်မှန်းထားသည့်အတိုင်း သူမ ရောက်ရောက်ချင်း အနက်ရောင်ကြိုဆိုခြင်းတောင်ထိပ်တစ်ဝိုက် ပြောင်းလဲမှုများ ချက်ချင်းဖြစ်ပေါ်လာသည်။ တောင်ကို ဖုံးကွယ်ထားသော အကာအကွယ်မှာ ပို၍အားကောင်းလာပြီး လေထဲတွင် လေလွင့်ဝိညာဥ်များ မရေမတွက်နိုင်အောင် လှည့်ပတ်နေသည်။ ၄င်းတို့အားလုံးက အနက်ရောင်ကြိုဆိုခြင်းတောင်ထိပ်ကို ငုံ့ကြည့်နေပုံပေါ်သည်။

ဤအရာအားလုံးကိုကြည့်ရင်း မန်ဟို အတန်ငယ်စိတ်လေးသွားသည်။ သို့သော် ခံစားချက်က သူမျက်နှာပေါ်တွင် မထင်ဟပ်ပေ။ သူသည် ရှုချင် စံအိမ်ထဲသို့ တစ်လှမ်းချင်းလျှောက်လာပြီး သူ့အရှေ့၌ ထိုင်ချလိုက်သည်ကို ကြည့်နေမိသည်။ သူမမှာ တည်ငြိမ်နေပုံရပြီး သူမမျက်ဝန်းလေးများရှိ ခံစားချက်မဲ့မှုမှာ လျော့နည်းသွားလေပြီ။

မန်ဟိုက သူမကိုတစ်လှည့်၊ သူမနဖူးပေါ်ရှိ ဒဏ်ရာကိုတစ်လှည့် ကြည့်ပြီးနောက် သူ၏ဆေးပေါင်းဖိုဘုရင်တံဆိပ်ကို အသက်သွင်းလိုက်သည်။ သူ၏မျက်နှာမှာ ပုံမှန်ဖြစ်သော်လည်း သူသည် ဆေးဖော်စပ်နေစဥ် သာမန်သွေးစက်အစား သူ၏ကျင့်ကြံခြင်းအခြေခံမှ သွေးစက်တစ်စက်ထည့်လိုက်သည်။

ထိုသွေးတွင် သူ၏ နဝမမိစ္ဆာချုပ်နှောင်သူဖြစ်ကြောင်း အထောက်အထားနှင့် စိတ်ဆန္ဒအပါအဝင် သူ့အသက်စွမ်းအား၏ အနှစ်သာရ ပါရှိသည်။

၄င်းက ဆေးလုံးထဲ ဝင်ရောက်ပြီး အမျိုးမျိုးသောဓာတ်ပြုမှုများဖြင့် ပေါင်းစည်းသွားသည်။ ထိုမျှသာမက မန်ဟိုသည် မည်သည့်သဲလွန်စမှ မကျန်ခဲ့အောင် အသားဂျယ်လီ၏စွမ်းအားတချို့ကိုလည်း အသုံးပြုလိုက်၏။ ဖော်စပ်ခြင်းပြီးဆုံးသောအခါ သူက ဆေးလုံးကို ရှုချင်ထံ ပေးလိုက်သည်။ သူမက လက်သွယ်သွယ်လေးဖြင့် ယူလိုက်သော်လည်း မသောက်ပေ။

"ဒီတော့ ဒါက အကုန်လုံး သက်သာလာအောင် ကူညီပေးခဲ့တဲ့ ဆေးလုံးပေါ့" သူမက မန်ဟို့ကိုကြည့်ရင်း အေးစက်သောလေသံဖြင့် ပြောသည်။ ထို့နောက် သူ၏တုံ့ပြန်ချက်ကိုပင် မစောင့်ဘဲ ထရပ်ပြီး လမ်းလျှောက်ထွက်သွားသည်။

မန်ဟို့မှာ သူမထွက်သွားသည်ကို ကြည့်ပြီးနောက် တိတ်ဆိတ်စွာ စဥ်းစားရင်း ထိုင်နေသည်။ သူမ သူ့အရှေ့တွင် ဆေးလုံးကိုမသောက်သော်လည်း မကြာခင်သောက်မည်ဖြစ်ကြောင်း သူသေချာသည်။

အဘယ်ကြောင့်ဆိုသော် သူမမှာ ကိုယ့်ကိုယ်ကိုယ်ကုသနေဆဲ ဖြစ်ပုံရသော်လည်း တကယ်တော့ ယင်းက အပေါ်ယံသာဖြစ်သည်။ သူမကိုယ်ထဲရှိ လေလွင့်ဝိညာဥ်၏ ပြဿနာများမှာ သူမြင်ခဲ့ဖူးသည့် အခြားသူများ၏ ပြဿနာများထက် အနည်းဆုံးနှစ်ဆ၊သုံးဆ ရှိလေသည်။ အမှန်တွင် သူမအခြေအနေမှာ သူတွေ့ခဲ့သမျှထဲ စိုးရိမ်ဖွယ်အကောင်းဆုံးဖြစ်၏။ ပထမအကြိမ်တွေ့ခဲ့စဥ်ထက် ပို၍ ဆိုးရွားနေသော သူမနဖူးပေါ်ရှိ ဒဏ်ရာက သက်သေပင်။

နောက်တစ်နေ့ညနေ ၊ ချင်းလော်ဂိုဏ်း၏ သတ္တမတောင်တွင် ရှုချင်သည် ကျင့်ကြံခြင်းဂူထဲ၌ တင်ပျဥ်ခွေထိုင်နေသည်။ သူမမျက်နှာသည် ဖြူဆုပ်နေပြီး သူမမျက်လုံးလေးထဲ၌ ရုန်းကန်နေမှုနှင့် ငေးကြောင်ကြောင်ဖြစ်နေခြင်း နှစ်မျိုးလုံးဖြင့် ပြည့်နှက်နေသည်။ သူမ၏ခန္ဓာကိုယ် တုန်ယင်လာသည်။

သူမမှာ ဤအတိုင်း ခုနစ်နာရီတိုင် ဆက်ဖြစ်နေပြီးနောက်ဆုံး သိုလှောင်အိတ်ထဲမှ လက်မြှောက်လိုက်သည်။ အထဲတွင် မန်ဟို ဖော်စပ်ထားသည့် ဆေးလုံးရှိ၏။ လက်မြှောက်ပြီး သူမပါးစပ်ထဲ ထည့်သည့် ဖြစ်စဥ်က အသက်ဆယ်ရှိုက်နီးပါး ကြာသည်။

မန်ဟိုသာ ဤနေရာတွင် ရှိပါက သူမခန္ဓာကိုယ်တစ်ဝိုက် မျော့လွင့်နေသော လေလွင့်ဝိညာဥ်များစွာကို မြင်ပေလိမ့်မည်။ ၄င်းတို့က ဟိုဟိုသည်သည် ပျံသန်းရင်း ရှုချင်ကို စိတ်လှုပ်ရှားစိုက်ကြည့်နေကြသည်။

အမှန်တွင် ကျိုးကျဲနှင့် ဟန်ပေ့အပါအဝင် မန်ဟိုယ်ကယ်ခဲ့သည့် ချင်းလော်ဂိုဏ်းသားများအားလုံး ကျင့်ကြံခြင်းဂူ၏အရှေ့တွင် လေးလေးနက်နက် ဦးညွတ်ရင်း ဒူးထောက်နေကြသည်။ သူတို့မှာ ဝင်ရောက်ရန် ဆင့်ခေါ်ခံရမည်ကို စောင့်ဆိုင်းနေကြသည့်အလားပင်။

ရှုချင်က ဆေးလုံးကို ကိုင်ထားဆဲပင်။ အချိန်အတန်ကြာပြီးနောက် သူမမျက်လုံးထဲရှိ ထိတ်လန့်ဖွယ် အေးစက်မှုက ငေးကြောင်ကြောင်ဖြစ်မှုနှင့် ရုန်းကန်နေမှုကို လွှမ်းမိုးသွားသည်။ သူမကိုယ်ထဲရှိ လေလွင့်ဝိညာဥ်က သက်ပြင်းချလိုက်သည်။ ဝိညာဥ်ထိခိုက်သွားခြင်းကြောင့် ဤခန္ဓာကိုယ်တွင် ဟန်ချက်မညီနိုင်ကြောင်း သူမသိ၏။ သူမမှာ တစတစမှေးမှိန် ပျောက်ကွယ်နေသလို၊ ဤခန္ဓာကိုယ်၏ဝိညာဥ်လည်း ပျောက်ကွယ်လာနေသည်။ ခန္ဓာကိုယ်၏ အသက်စွမ်းအား ပျက်စီးနေသည့်အတွက် သူမနဖူးက ဒဏ်ရာမှာ ဆိုးရွားလာသည်။ သူမအချိန်ဆွဲနေပါက ဤခန္ဓာကိုယ် ယိုယွင်းလာတော့မည်ကို သူမသိသည်။

အစက ဤကမ္ဘာတွင် ဖန်တီးထားသည့် ဆေးလုံးများ သုံးစွဲခြင်းက ပြန်လည်သက်သာစေနိုင်သည်ကို သူမဘယ်တော့မှမယုံခဲ့ပေ။ သို့သော် တခြားလေလွင့်ဝိညာဥ်အားလုံး အကောင်းပကတိဖြစ်လာခြင်းက သူမကို ဇဝေဇဝါဖြစ်သွားစေသည်။ သူမသည် ဆေးလုံးကို တခဏ လေ့လာကြည့်ပြီးနောက် ၄င်း၏လျှို့ဝှက်ဆန်းကြယ်မှုကို မဖော်ထုတ်နိုင်ပေ။ ထို့ကြောင့် ၄င်းကို သောက်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိဟု သူမဆုံးဖြတ်လိုက်သည်။ သူမက ဆေးလုံးကို ပါးစပ်ထဲထည့်လိုက်၏။

***

All Chapters