← Chapters

မင်း တဖြေးဖြေး ပျောက်ကွယ်သွားတာကို အစ်မ ကြည့်နေချင်တယ်

Vol. 19 Ch. 259

မင်း တဖြေးဖြေး ပျောက်ကွယ်သွားတာကို အစ်မ ကြည့်နေချင်တယ်

Vol. 19 Ch. 259

ဆေးလုံး ရှုချင်၏ ပါးစပ်ထဲ ဝင်ရောက်ပြီး အရည်ပျော်လာသည်နှင့်တစ်ပြိုင်နက် မန်ဟို့သွေးစက်မှ အနီရောင်အလင်း တောက်ပလာသည်။ တစ်ချိန်တည်းမှာပင် ရှုချင်ကိုယ်ထဲရှိ ဇာမဏီသခင်မ၏ဝိညာဥ်သည် စတင်တုန်ရီလာ၏။ သေရေးရှင်ရေးအန္တရာယ်အာရုံ ရလိုက်သော်လည်း သူမ ဘာမှမလုပ်နိုင်ခင် ကြောက်မက်ဖွယ်ချီတစ်ခုက သူမကို လွှမ်းခြုံသွားသဖြင့် အပြင်ရှိ ဘယ်သူ့ကိုမှ သတိမပေးနိုင်လိုက်ပေ။

ရုတ်တရက် အိပ်မောကျနေခဲ့သော ရှုချင်၏ဝိညာဥ်သည် အနီရောင်အလင်းနှင့် ပေါင်းစည်း၍ သူမကို အားအင်ဖြည့်ပေးရင်း ပြန်လည်သက်သာလာစေသည်။ ရှုချင်၏ ဝိညာဥ်က နေရာရလာပြီး ... ဇာမဏီသခင်မမှာ မိစ္ဆာချုပ်နှောင်သူတစ်ယောက် သွေး၏ ဖိနှိပ်ခြင်းကို ခံရကာ ရှုချင်ကို အားနည်းနေရာမှ နိုးထလာစေသည်။ ဤသို့ဖြင့် ဝိညာဥ်ဝါးမြိုခြင်းသည် ခန္ဓာကိုယ်အတွင်း၌ စတင်ဖြစ်ပေါ်လာ၏။

ဤဝိညာဥ်ဝါးမြိုခြင်းမှာ တစ်လျှောက်လုံး မန်ဟို့၏ ပန်းတိုင် ဖြစ်ခဲ့လေသည်။ သူသည် ဟန်ပေ့ လေလွင့်ဝိညာဥ်နှင့်ပေါင်းစည်းပြီး ကိုယ်ပိုင်ဖြစ်အောင် လုပ်ဆောင်ခဲ့သည့်အတိုင်း ရှုချင်ကို လုပ်နိုင်စေချင်သည်။ ထိုသို့ပေါင်းစည်းခြင်းအား ချင်းလော်ဂိုဏ်းနှင့် အခြားလေလွင့်ဝိညာဥ်များ သိရှိနိုင်မည် မဟုတ်ပေ။ ဘယ်သူက ခန္ဓာကိုယ်ကို အမှန်တကယ် ထိန်းချုပ်ထားသည်လဲ ဘယ်သူ့မှ မပြောနိုင်ပေ။

အန္တရာယ်များသော ပြန်လည်မွေးဖွားလာခြင်း။

ရှုချင် ဆေးလုံးအား ပါးစပ်ထဲ ထည့်လိုက်စဥ် မန်ဟိုသည် သူ၏စံအိမ်ထဲ၌ တင်ပျဥ်ခွေလျက် ထိုင်နေသည်။ ဆေးလုံး သူမပါးစပ်ထဲ ရောက်သွားသောအခါ သူ၏မျက်လုံးများ ပွင့်လာသည်။ ၄င်းတို့မှာ စူးရှတောက်ပသော အလင်းရောင်ဖြင့် ပြည့်နှက်နေ၏။ အဆိုပါ ဆေးလုံးထဲရှိ သွေးသည် သူ့ကိုယ်အတွင်းမှ လာသဖြင့် သိသိသာသာပင် ဖြစ်ပျက်နေသည်ကို သူ အာရုံခံနိုင်သည်။

"အသားဂျယ်လီရဲ့ သဏ္ဍာန်ပြောင်းစွမ်းအားက တကယ့်ကို ထိုးဖောက်ရခက်တယ်......" မန်ဟိုက သူ့မျက်နှာကို ခဏပွတ်ပြီးနောက် ကျောက်စိမ်းပုလင်းတစ်ပုလင်း ကိုက်ထားသော လက်ကို ဖြေးဖြေးချင်း မြှောက်လိုက်သည်။

ကျောက်စိမ်းပုလင်းထဲတွင် ဆေးလုံးတစ်လုံး။ ဤသည်မှာ ချင်းလော်ဂိုဏ်းသို့ မလာခင် ဇီယွင်ဂိုဏ်းမှာတုန်းက သူ ဖော်စပ်ခဲ့သည့် ဆေးလုံးဖြစ်သည်။ ဆေးပုလင်းကို ဖယောင်းဖြင့် ချိတ်ပိတ်ထားပြီး တစ်ခါမှ မဖွင့်ရသေးပေ။

အစက သူသည် ၄င်းကို ရှုချင်ဆီ ပေးရန် ရည်ရွယ်ခဲ့သော်လည်း ယခုထက်ထိ အခွင့်မသာခဲ့ပေ။

သူက ဆေးပုလင်းကို ကြည့်ပြီး မျက်စိမှိတ်လိုက်သည်။

နောက်တစ်နေ့ မနက်စောစောတွင် မန်ဟို စံအိမ်ထဲမှ လမ်းလျှောက်ထွက်လာသည်။ ချက်ချင်းပင် ခေါင်းဆောင်ကြီးဇီလော်မှ အနက်ရောင်ကြိုဆိုခြင်းတောင်ကို စောင့်ကြပ်ဖို့ တာဝန်ချပေးထားသော ဂိုဏ်းသားက လှည့်ပြီး သူ့ကို လက်ယှက်အရိုအသေပေးသည်။

"ဒီဆေးပုလင်းကို တာအိုရောင်ရင်း ရှုချင်ဆီ ပို့ပေးပါ။ ဟိုတစ်နေ့က သူ ကျုပ်ဆီ အလည်လာတုန်းက ဒါလေး ဖော်စပ်ပေးဖို့ တောင်းဆိုခဲ့လို့" သူက ပုလင်းကို တာဝန်ကျဂိုဏ်းသားထံ ကမ်းပေးလိုက်သည်။ ချင်းလော်ဂိုဏ်းအတွင်း၌ ရှုချင်၏အဆင့်အတန်းကြောင့် ဘယ်သူမှ ပုလင်းကို ဖွင့်ကြည့်မည် မဟုတ်ကြောင်း မန်ဟိုသိ၏။

ကြည့်ခဲ့လျှင်တောင်မှ နားလည်မည်မဟုတ်ပေ။

ရက်အနည်းငယ် ကြာမြင့်သွားသည်။ ခုနစ်ရက်မြောက်နေ့တွင် ကျိုးဒယ်ခွန်မှာ ပြန်ဖို့ တာဆူနေလေပြီ။ မန်ဟို အချိန်ထပ်ဆွဲမရတော့ပေ။ သူသည် တောင်ထိပ်မှ ထွက်ခွာ၍ စိတ်မရှည်ဖြစ်နေသော ကျိုးဒယ်ခွန်နှင့်အတူဆုံရန် အပေါ် ပျံတက်လိုက်သည်။

သူနှင့် ကျိုးဒယ်ခွန်အကြား၌ ပြဿနာဟူ၍ ဘာဆိုဘာမှမရှိတော့ပေ။ ဆေးဝါးပညာသင်ခန်းစာများလည်း ပို့ချပြီးသွားပြီး ဆေးဖော်စပ်ခြင်းလည်း ပြီးဆုံးခဲ့လေပြီ။ ချင်းလော်ဂိုဏ်းမှ ဖိတ်ခေါ်ကာလမှာ အချိန်အတော်ကြာကတည်းက ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။

အမှန်ပင် ထပ်နေရန် အကြောင်းမရှိတော့ပေ။ မန်ဟို့မှာ ကျိုးဒယ်ခွန်တိုက်တွန်းနေသည်ကို အလျှော့ပေးလိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။

ယခုလောလောဆယ်တွင် ချင်းလော်ဂိုဏ်းမှ အဖွဲ့တစ်ဖွဲ့သည် မန်ဟိုနှင့် ကျိိုးဒယ်ခွန်ကို ဂိုဏ်းအပြင်သို့ လိုက်ပါပို့ဆောင်ပေးနေကြသည်။ ခေါင်းဆောင်ကြီးဇီလော်လည်း အပါအဝင်ဖြစ်ပြီး အလွန်ဖော်ရွေစွာ အဖော်ပြုပေးနေသည်။

ဆေးပုလင်းနှင့်ပတ်သက်၍မူ မန်ဟို မှန်ခဲ့သည်။ ဘယ်သူမှ ၄င်းကို မဖွင့်ရဲပေ။ ၄င်းသည် ရှုချင်၏ တံခါးပိတ်ကျင့်ရာနယ်မြေထံ ပို့ဆောင်ခြင်းခံရပြီး ခက်ထန်သောမျက်ဝန်းတစ်စုံနှင့် မိန်းကလေးတစ်ယောက်က လက်ခံယူသည်။ သူမသည် ပုလင်းကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်ပြီး အတွင်းရှိ ဆေးလုံးနှင့်ပတ်သက်၍ ထူးခြားတာတစ်ခုမှ သတိမထားမိပေ။ သို့ထိတိုင် သူမမှာ ဆေးပုလင်းကို အမှန်တကယ် မဖွင့်ရဲပေ။ ဇာမဏီသခင်မ၏ စရိုက်ကို သူမ ကောင်းကောင်းသိသည်။ ဤမိန်းကလေးသည် တမလွန်ဘဝမှ ပြန်လာခြင်းဖြင့် စိတ်မကူးနိုင်သော အရာကို ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ သို့သော် ဇာမဏီသခင်ထံမှ အတွေးလေးတစ်ချက်က သူမကို ချက်ချင်း သုတ်သင်ပစ်နိုင်သည်။

မဖြစ်စလောက် ဆေးလုံးလေးတစ်လုံးအတွက်နှင့် ထိုမျှစွန့်စားရန် မတန်ပေ။ ထို့ကြောင့် မိန်းကလေးသည် ၄င်းကို အာရုံသိပ်မထားတော့ပေ။

နောက်ဆုံး၌ ရှချင်၏ ကျင့်ကြံခြင်းဂူတံခါး ပွင့်လာသည်။ နေရောင်ခြည်တို့ အထဲ ဖြာကျသွားစဥ် မိန်းကလေးသည် ခေါင်းမော့ပြီးနောက် ကျင့်ကြံခြင်းဂူထဲ လမ်းလျှောက်ဝင်သွား၏။ ရှုချင် တင်ပျဥ်ခွေထိုင်နေသည်ကို တွေ့သော် သူမက ဒူးထောက်ပြီး ဦးညွှတ်လိုက်သည်။

"ပြန်သက်သာလာတာ ဂုဏ်ယူဝမ်းမြောက်မိပါတယ် သခင်မ"

ရှုချင်က ဘာမှမပြောပေ။ မိန်းကလေးမှာ မခေါင်းမမော့ဝံ့သဖြင့် အံသြခြင်းနောက်မှ လိုက်ပါလာသော ရှုချင်၏ မျက်ဝန်းများထဲရှိ ငေးကြောင်ကြောင်အကြည့်ကို သတိမထားမိပေ။

အချိန်အနည်းငယ်ကြာပြီးနောက် ရှုချင်က မတ်တပ်ထရပ်သည်။ သူမသည် စိမ်းပြာရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူမ၏ပုံပန်းသွင်ပြင်မှာ အေးစက်လှ၏။ သူမက ကျင့်ကြံခြင်းဂူမှ ထွက်ခွာရင်း အေးတိအေးစက် ပြောသည်။ "ထ"

မိန်းကလေးက အသက်ပြင်းပြင်းရှူသွင်းပြီး အလျင်အမြန် ထရပ်ကာ ရှုချင်နောက်မှ ဂရုတစိုက် လိုက်သွားသည်။

ရှုချင်သည် မိုးပြာရောင် ကောင်းကင်ကြီးနှင့် တောက်ပနေသော နေကို မော့ကြည့်သည်။ သူမမျက်ဝန်းထဲရှိ ထူးဆန်းသောအရိပ်ယောင်မှာ တစတစ ပျောက်ကွယ်လာပြီး အေးစက်မှုအသွင် ပြောင်းသွားသည်။ သို့သော် ဤအေးစက်မှုအတွင်း၌ သူမတစ်ယောက်သာ သိနိုင်သည့် ခံစားချက်များ ရောထွေးနေသည်။

"အနက်ရောင်မျိုးနွယ်စု ဝိညာဥ် ၁၂ ကောင် ခေါ်ပေးပါ" ရှုချင်က အေးစက်သော အသံဖြင့် ပြောသည်။

မိန်းကလေးက ချက်ချင်း ခေါင်းညိတ်ပြီး ထွက်ခွာတော့မည့်အချိန် ရုတ်တရက် တွန့်ဆုတ်သွားသည်။

"ဘာဖြစ်လို့လဲ" ရှုချင် မိန်းကလေးကို ကြည့်လိုက်စဥ် အေးစက်မှုသည် သူမ မျက်ဝန်းများ၌ တောက်ပသွား၏။

မိန်းကလေးမှာ တုန်ရီသွားပြီး ကပျာကယာ ပြောသည်။ " ကြီးမြတ်လှပါသော ဇာမဏီသခင်မရှင့်၊ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆေးဝါးပညာရှင် ဖန်မုက ဒီဆေးပုလင်းကို ဆက်သခဲ့ပါတယ်။ သခင်မ ဖော်စပ်ခိုင်းထားတဲ့ ဆေးလုံးလို့ ဆိုပါတယ်" အကြောင်းတစ်ခုခုကြောင့် ဇာမဏီသခင်မမှာ ယခင်ကထက်ပင်ပို၍ အေးစက်နေသည့်အလား သူမခံစားလိုက်ရသည်။

သူမသည် သိုလှောင်အိတ်ထဲမှ ဆေးပုလင်းကို ထုတ်ကာ ဆက်သလိုက်၏။

ဆေးလုံးကို လှမ်းကြည့်လိုက်စဥ် ရှုချင်၏အမူအရာမှာ တည်ငြိမ်လျက်သာ ရှိသည်။ သို့သော် အတွင်းတွင် သူမနှလုံးသား တုန်ရီသွားပြီး အသက်ရှူသံများ မြန်ဆန်လာသည်။ သူမသည် ဖမ်းဆုပ်သည့်ဟန် လုပ်ကာ ဆေးပုလင်းကို သူမလက်ထဲသို့ ပျံလာစေ၏။ သူမက ဖယောင်းကို ဖွင့်ပြီး ဆေးလုံးကို ပုလင်းအပြင် သွန်ချလိုက်သည်။

၄င်းက အလွန်တန်ဖိုးနည်းသော သာမန်ဆေးလုံးတစ်လုံး ဖြစ်သည်။ သို့သော် ၄င်းမှာ တန်ဖိုးသိပ်မရှိသည့်တိုင် သူမနှလုံးသားထဲ၌ ခံစားချက်မုန်တိုင်းများ ထန်လာစေသည်။

ဤဆေးလုံးမှာ..... ရုပ်ပျိုဆေးလုံးတစ်လုံးမှ လွဲ၍ တခြားမဟုတ်ပေ။

သူမမှာ ဆေးလုံးကို အံ့အားသင့်စွာ စိုက်ကြည့်နေမိသည်။

"သူ ဘယ်တောင်မှာ ရှိလဲ" ရှုချင်သည် သူမ၏ ခက်ထန်အေးစက်မှုကို ပြန်ရရှိရန် မျက်လုံးများပိတ်ရင်း မေးသည်။ ယခုအချိန်တွင် ဝိညာဥ်ပေါင်းစည်းခြင်း မပြီးမြောက်သေး၍ သူမစိတ်မှာ နှစ်ခွဖြစ်ပြီး တွေဝေမှုများဖြင့် ပြည့်နှက်နေသေးသည်။

"အနက်ရောင်ကြိုဆိုခြင်းတောင်ထိပ်....." မိန်းကလေးက ပြန်ဖြေသည်။ သူမ စကားပြောမပြီးခင်ပင် ရှုချင်က ရှေ့တစ်လှမ်း လှမ်းပြီး ပျောက်ကွယ်သွားသည်။

မန်ဟိုနှင့် ကျိုးဒယ်ခွန်သည် ချင်းလော်ဂိုဏ်း ပင်မဂိတ်ဝ၏ အပြင်တွင် ပြုံးရင်း ရပ်နေကြ၏။ ခေါင်းဆောင်ကြီးဇီလော်နှင့် အခြားသူများက လက်ယှက်၍ ဦးညွှတ်ကြသည်။ မန်ဟိုနှင့် ကျိုးဒယ်ခွန်က သူတို့ကို ဝေးဝေးလံလံ လိုက်ပါပို့ဆောင်ပေးမည့် ကမ်းလှမ်းချက်များအား ယဥ်ယဥ်ကျေးကျေး ငြင်းဆိုလိုက်သည်။ တစ်ဖက်နှင့်တစ်ဖက် နှုတ်ဆက်ပြီးနောက် သူတို့က ထွက်ခွာရန် ပြင်လိုက်သည်။

ဤအခိုက်အတန့်တွင် တောက်ပသော အလင်းတန်းတစ်တန်းသည် အံ့မခန်းလိလိအမြန်နှုန်းဖြင့် လေကိုခွင်း၍ လာနေသည်။ ၄င်းက ချင်းလော်ဂိုဏ်း၏ တောင်တစ်ရာမှ ထွက်ကာ လှိုင်းဂယက်များဖြင့် ပျံ့နှံ့နေစေသည့် အမြန်နှုန်းဖြင့် တရွှီးရွှီး အော်မြည်လာနေ၏။ ထစ်ချုန်းသံကြီးတစ်သံ လေတွင် ပြည့်နှက်သွားရာ ခေါင်းဆောင်ကြီး ဇီလော်၏ မျက်နှာကို ရှုံ့တွသွားစေသည်။ သူက လာနေသော ရောင်စုံအလင်းတန်းကို မော့ကြည့်လိုက်ပြီး သူ၏မျက်နှာမှာ ရိပ်ခနဲဖြစ်သွားပြန်သည်။

၄င်းတို့အားလုံးက မျက်စိတစ်မှိတ်အတွင်းမှာ ဖြစ်ပျက်သွားခြင်းပင်။ အသက်တစ်ရှိုက်စာအတွင်း ရှုချင်သည် အေးစက်သောဟန်ပန်နှင့် စိမ်းပြာရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်လျက် လေလယ်တွင် ပေါ်လာသည်။ သူမ၏ ခက်ထန်အေးစက်သော အကြည့်သည် လူအုပ်ကြီးအပေါ်၌ ဖြတ်ပြေးသွားပြီး မန်ဟို့အပေါ် ကျရောက်လာသည်။ အတွင်းတွင် သူမ ရင်တဒိန်းဒိန်းခုန်နေ၏။

သူမပတ်ပတ်လည်ရှိ ကမ္ဘာကြီးတစ်ခုလုံး ဝေဝါး ပျောက်ကွယ်သွားပုံရသည်.....တစ်နေရာက လွဲ၍။

ဒီအကြည့်က..... လူကြားထဲက မင်းကို ရိပ်ခနဲ မြင်လိုက်ရတာကြောင့်။

ဒီအကြည့်က..... အစ်မ မင်းကို အမြဲ တွေ့ချင်နေတာကြောင့်။

ဒီအကြည့်က.... အစ်မ မင်းကို ဒီတစ်ချိန်လုံး ဂရုစိုက်နေခဲ့တာကို မင်း သိချင်စေတာကြောင့်။

မန်ဟိုက ရှုချင်ကို ကြည့်ပြီး ပြုံးလိုက်သည်။ သူမမှာ တိုင်းတာ၍မရအောင် အေးစက်သော်လည်း သူကတော့ အသားကျနေလေပြီ။ သူ့အပြုံးတွင် ပျော်ရွှင်မှု ပါရှိပြီး နွေးထွေးမှုက သူ၏မျက်ဝန်းများအတွင်း နေရာယူထားသည်။

သူတို့ အကြည့်ချင်း ဆုံသွားသည်။ မန်ဟို့အပြုံး နှင့် ရှုချင်၏ အေးစက်မှု။ သူတို့၏အကြည့်များ တစ်ယောက်၏နှလုံးသားအထဲထိ မည်သို့ရောက်သည်ကို သူတို့နှစ်ယောက်သာ သိသည်။ သူက သူမနားလည်ကြောင်း သိသည်။ သူမက သူမအရှေ့တွင် ရပ်နေသူမှာ မန်ဟိုမှလွဲ၍ တခြားလူမဟုတ်ကြောင်း သိသည်။

ချင်းလော်ဂိုဏ်း၏ မြင့်မြတ်သောနယ်မြေအပြင်မှာ သူတို့တစ်ယောက်ကို တစ်ယောက် ကြည့်ခဲ့သည့် အကြည့်အတိုင်း။ မှီခိုရာဂိုဏ်း၏ လရောင်အောက်က အပြုံးလေးအတိုင်း။ တာ့ချင်းတောင်မှာတုန်းက မန်ဟို သူမကို ခေါင်းလှည့်ကြည့်သည့် အချိန်အတိုင်းဖြစ်သည်။

ဤနေရာမှာ စကားပြောရန် သင့်တော်သောနေရာ မဟုတ်ကြောင်း သိသာသည်။ သို့သော် အမှန်တော့ စကားပင် ပြောစရာမလို။ သူတို့ ကွဲကွာနေသော ကာလ၏ ခံစားချက်များမှာ သူတို့မျက်ဝန်းများထဲ၌ ပါဝင်နေလေသည်။ အကြည့်လေးတစ်ချက်က သူတို့နှလုံးသားအတွင်း တည်ရှိသော ပျော်ရွှင်မှုကို ဖော်ပြရန် လိုအပ်သမျှအကုန်ပင်။

"ကျွန်မ ရှင့်ကို လိုက်ပို့ပေးမယ်" ရှုချင်က အေးစက်စွာ ပြောသည်။

"ကျေးဇူးအများကြီးတင်ပါတယ် တာအိုရောင်ရင်းရှု" မန်ဟိုက ပြုံးရင်း လက်ယှက်၍ ခေါင်းငုံ့ကာ ပြောသည်။

ကျိုးဒယ်ခွန်မှာ အံသြတကြီး ပြူးကြည့်၏။ ခေါင်းဆောင်ကြီးဇီလော်နှင့် အခြားသူများလည်း ပင့်သက်ရှိုက်သွားသည်။ ရှုချင်က အမှန်တကယ် မည်သူဖြစ်သည်ကို သူတို့သိပြီး သူမ၏ ဤနေရာတွင် တည်ရှိမှုက သူတို့ထက် များစွာသာလွန်ကြောင်းလည်း သိသည်။

ရှုချင်က မန်ဟို့တစ်ယောက်တည်းကိုသာ ကြည့်ရင်း  သူတို့ကို လျစ်လျူရှုထားသည်။

သူတို့သုံးယောက် ထွက်ခွာသွား၏။

ချင်းလော်ဂိုဏ်း၏အပြင်တွင် မန်ဟိုနှင့် ရှုချင်သည် တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း တောင်မြင့်မြင့်တစ်လုံးထိပ်တွင် ရပ်နေကြသည်။ ကျိုးဒယ်ခွန်က အလိုက်သိစွာ ခပ်ဝေးဝေးတွင် စောင့်နေသည်။

"ကျေးဇူးပါပဲ.... " ရှုချင်က တိုးတိုးလေး ပြောသည်။

မန်ဟိုက ခေါင်းခါပြီး ချင်းလော်ဂိုဏ်းရှိရာသို့ ပြန်လှည့်ကြည့်သည်။ ရှုချင်သည် ညာလက်ကို ဝှေ့ယမ်းလိုက်ပြီး ကြောက်မက်ဖွယ်အေးစက်မှုက သူမမျက်ဝန်းထဲ၌ နောက်တစ်ဖန် ပေါ်ပေါက်လာသည်။ သူမက လှည့်လိုက်ပြီး သူမအသံမှာ လေဟာနယ်ထဲ ပဲ့တင်ထပ်သွားသည််။

"ဒီနေရာရဲ့ မီတာ သုံးသောင်းပတ်ဝန်းကျင်အတွင်းရှိတဲ့ ဘယ်ဝိညာဥ်မဆို ချက်ချင်း သုတ်သင်ခံရမယ်" သူမ စကားပြောလိုက်စဥ် ကြောက်မက်ဖွယ် ချီတစ်ခုသည် အသံကို အဖော်ပြု၍ ပဲ့တင်ထပ်သွားစေသည်။ ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော လေလွင့်ဝိညာဥ်များ ထွက်ပြေးသွားကြသည်ကို မန်ဟို အာရုံရလိုက်သည်။ ခဏကြာသော် မည်သည့်လေလွင့်ဝိညာဥ်အရိပ်အယောင်ကိုမှ မတွေ့ရတော့ပေ။

အချိန်များ ကုန်လွန်သွားပြီး သူတို့နှစ်ယောက်သည် လေတဖြူးဖြူး တိုက်ခတ်နေသော တောင်ပေါ်တွင် ရပ်နေကြသည်။ သူတို့နှစ်ယောက်မှာ ပြုံးလိုက်၊ နားထောင်လိုက်နှင့် ရိုးရှင်းသောစကားများကိုသာ ပြောကြသည်။ အချိန်များ ကုန်လွန်လာသော်လည်း တစ်ယောက်မှ ခွဲခွာလိုသည့်ပုံမရပေ။

အတိတ်က သူတို့နှစ်ယောက်သည် ဂိုဏ်းတူမောင်နှမများ ဖြစ်ခဲ့ကြသည်။ နောက်ပိုင်း ချင်းလော်ဂိုဏ်း မြင့်မြတ်သော နယ်မြေတွင် သူတို့ပြန်ဆုံတွေ့သည်။ ယခုလည်း အပြင်လောကတွင် သူတို့ ဆုံတွေ့နေလေသည်။ ဤအရာအားလုံးသည် မန်ဟို့နှလုံးသားထဲ၌ နက်နက်ရှိုင်းရှိုင်း ရောယှက်နေပြီး ရှုချင့်နှလုံးသားထဲတွင်လည်း ထိုနည်းတူပင်။

သူမမျက်နှာထားမှာ အေးစက်နေသော်လည်း ရင်ထဲတွင် ပျော်ရွှင်မှုများ ပြည့်နေသည်။ သူမ၏ အေးစက်ပုံရသော သူငယ်အိမ်လေးထဲတွင် နွေးထွေးသောအလင်းစလေးတစ်စကို မြင်နိုင်၏။ ပုံပန်းသွင်ပြင် မည်သို့ပြောင်းလဲသွားခဲ့စေကာမူ၊ သူမအရှေ့က လူသည် သူမ၏ ဂိုဏ်းတူမောင်လေး မန်ဟိုဖြစ်နေသေးသည်။

ဖန်မုက မန်ဟိုဖြစ်ကြောင်း သဘောပေါက်ခဲ့စဥ်က သူမရင်ခုန်သံတို့ ဗြောင်းဆန်သွားခဲ့သည်။ သူမ သူ့ကို ပြောချင်သည့် စကားတွေ အများကြီးရှိသော်လည်း သူ သူမကိုကြည့်လိုက်သည်နှင့် သူမမှာ ဘာစကားမှ မပြောနိုင်တော့ပေ။

သူ တောင်ပိုင်းဒေသမှ ထွက်မသွားဘဲ ဇီယွင်ဂိုဏ်း၏ ဆေးပေါင်းဖိုဘုရင်ဖြစ်လာသည့်အချက်....ဤသည်နှင့်တင် လုံလောက်သည်။ သူမမှာ ရုပ်ပျိုဆေးလုံးကို မြင်လျှင်ချင်း အရာအားလုံးကို နားလည်လိုက်၏။ မည်သည့်အချိန်က ဖြစ်ပျက်သွားခဲ့သည်လဲ သူမ သေချာမသိသည့်တိုင် မန်ဟို့ပုံရိပ်မှာ သူမရင်ထဲ၌ အတိုင်းအတာတစ်ခုအထိ နက်နက်ရှိိုင်းရှိုင်း စွဲထင်ကျန်ရစ်နေခဲ့လေပြီ။ ယခုတွင် သူသည် သူမကို ဘယ်တော့မှ ထားရစ်ခဲ့မည် မဟုတ်သည့် သူမနှလုံးသား၏တစ်စိတ်တပိုင်းပင်။

အမှတ်တရများ ဆေးကြောဖျောက်ဖျက်ရန် ကြိုးစားသည့် နှစ်ပေါင်း မည်မျှကုန်ဆုံးခဲ့စေကာမူ သူမ ပြန်တွေးလိုက်သည်နှင့် ထိုခပ်ရေးရေးအပြုံးလေးကို ပြန်မြင်ရသည်။ အချိန်က ၄င်းကို မဖျောက်ဖျက်နိုင်သဖြင့် သူမ ပြန်တွေးကြည့်စရာ မလိုသည့်အတိုင်းအတာအထိပင် နက်ရှိုင်းသထက် နက်ရှိုင်းလာသည်။ တစ်နေ့ သူတို့နှစ်ယောက်..... ပြန်ဆုံပြီး ဆီးနှင်းလေပြင်းထဲ၌ အတူတူ လမ်းလျှောက်နိုင်လိမ့်မည်ဟု သူမသိသဖြင့် သူမ အရှေ့သာဆက်လျှောက်နေခဲ့သည်။

မကြာမီ လရောင်သည် မိုးမခပင်၏ သစ်ကိုင်းများကို ကြင်နာစွာ ထွေးပိုက်ပြီး ကောင်းကင်မှာ အနည်းငယ် ခရမ်းရောင်သမ်းလာသည်။ လေညင်းတစ်ချက်က ရှုချင်၏ အနက်ရောင်ဆံနွယ်များကို ပင့်မ၍ သူမမျက်နှာကို ဖုံးကွယ်သွားစေသည်။ ထိုမြင်ကွင်းက မန်ဟိုကို နွေးထွေးသွားစေပြီး ခပ်ရေးရေးပြုံးလိုက်မိစေသည်။

အပြုံးသည် သူ၏မျက်နှာပေါ်တွင် ဖြစ်ထွန်းသော်လည်း သူ့နှလုံးသားထဲမှ လာလေသည်။

၄င်းက ခပ်ရေးရေးသာဖြစ်သော်လည်း သူမအတွက်တော့ မရှိဘဲ အသက်မရှင်နိုင်သည့် ရေကဲ့သို့ ဖြစ်သည်။

"သွားတော့" သူမက နူးညံ့ညင်သာစွာ ပြောသည်။ "မင်း တဖြေးဖြေး ပျောက်ကွယ်သွားတာကို အစ်မ ကြည့်နေချင်တယ်"

***

All Chapters