← Chapters

တိုက်ခိုက်မှုမရှိခဲ့သည့် ငါးနှစ်

Vol. 19 Ch. 260

တိုက်ခိုက်မှုမရှိခဲ့သည့် ငါးနှစ်

Vol. 19 Ch. 260

မန်ဟိုသည် လရောင်ထဲ တဖြေးဖြေး ဝင်ရောက် ပျောက်ကွယ်လာစဥ် နောက်ပြန်လှည့်ကြည့်ရာ တောင်ထိပ်တွင် ရပ်နေသော ရှုချင်ကို လှမ်းမြင်လိုက်၏။ သူမနှင့်အတူ ကုန်ဆုံးခဲ့သော အမှတ်တရများက သူ့စိတ်အာရုံကို စိုးမိုးနေသည်။

မှီခိုရာဂိုဏ်းမှာတုန်းက သူ သူမကို ပထမဆုံးအကြိမ် ဆေးလုံးတစ်လုံး ပေးခဲ့သည့်အချိန်။ မှီခိုရာဂိုဏ်း၏ ကျင့်ကြံခြင်းဂူအပြင်မှာ သူမကို ရုပ်ပျိုဆေးလုံး လက်ဆောင်ပေးခဲ့သည့် အချိန်။ လရောင်အောက်က သူမ၏အသံလေး။ ချင်းလော်ဂိုဏ်း မြင့်မြတ်သောနယ်မြေအတွင်း သူတို့နှစ်ယောက် အတူရှိခဲ့သည့် အခိုက်အတန့်။ ထို့နောက် ယခု။

အကြောင်းတစ်ခုကြောင့် အမှတ်တရ၊ အဖြစ်အပျက်များစွာ ရှိနေပုံရသည်။

၄င်းက အချစ်လား မန်ဟိုမသိပေ။ ယခု သူ့င်ထဲရှိ ခံစားချက်များမှာ သူ ဘယ်တုန်းကမှ မကြုံတွေ့ခဲ့ဖူးသည့်အရာများ ဖြစ်၏။ သို့သော် သူ သေချာသိသည်က ရှုချင်ကို တွေ့လိုက်တိုင်း သူ့မှတ်ဉာဏ်များအထဲ အနက်ရှိုင်းဆုံးအထိ မြှုပ်နှံခံထားရပုံရသော ပျော်ရွှင်မှုအား ပြည့်သျှံလာသည်ကို ခံစားရခြင်းပင်။

ယင်းက ကောင်းမွန်သောခံစားချက်တစ်ခု ဖြစ်၏။

အရှိတိုင်းပြောရလျှင် သူ့မှာ ဇီယွင်ဂိုဏ်း၌ နေခဲ့သည့် ငါးနှစ်တာအတွင်း များသောအားဖြင့် ပိတုန်းရောင်ဆံနွယ်လေးများ လေတွင် မျောလွင့်နေလျက် လရောင်အောက်တွင် ရပ်နေသော အေးတိအေးစက် ရှုချင်ကိုသာ မကြာခဏ တွေးနေမိခဲ့သည်။

"တကယ်လို့ မှီခိုရာဂိုဏ်းသာ ရှိနေသေးရင်၊ ချင်းလော်ဂိုဏ်းသာ အစ်မရှုကို ခေါ်မသွားခဲ့ရင်...... ဘယ်လိုဖြစ်လိမ့်မလဲ" မန်ဟိုက နောက်တစ်ဖန် ရှေ့သို့မျှော်ကြည့်လိုက်သည်။ သူ ရှေ့ဆက်သွားနေစဥ် လရောင်တို့က သူ့ကျောပြင်ပေါ် ဖြာကျလျက်ရှိသည်။ ထိုကဲ့သို့ မေးခွန်းများမှာ အဖြေမရှိပေ။

သူကား ဝေးသထက် ဝေးဝေးရောက်လာ၏......

နှစ်ရက်ကြာသော် အလင်းတန်းတစ်စုံသည်    တောင်ကတုံးများထံ ဦးတည်သည့် နေရာရွှေ့ပြောင်းရေးမုခ်ဝရှိသော လမ်းကြောင်းတစ်ခုပေါ်တွင် တဟုန်ထိုးသွားနေ၏။ ၄င်းတို့မှာ မန်ဟိုနှင့် ကျိုးဒယ်ခွန်က လွဲ၍ တခြားမဟုတ်ပေ။ သူတို့မှာ တာဝန်ပြီးဆုံးသွားသဖြင့် ယခု ဂိုဏ်းသို့ ပြန်ရာလမ်းတွင် ဖြစ်သည်။

ချင်းလော်ဂိုဏ်းမှ ထွက်လာပြီးနောက် ကျိုးဒယ်ခွန်က လည်ချောင်းရှင်းပြီး ပြောသည်။ " အီး။ မင်း ဂိုဏ်းအပြင် မကြာခဏထွက်ပြီး အဲ့ဒီကျင့်ကြံသူမျိုးနွယ်စုတွေနဲ့ မိတ်ဆွေဖွဲ့ထားသင့်တာ သိလား။ ဒီလိုဆိုဘယ်လိုလဲ။ ငါတို့ နေရာရွှေ့ပြောင်းရေးမုခ်ဝကို သွားနေတဲ့အချိန် လူတချို့နဲ့ တွေ့ဖို့ မင်းကို ခေါ်သွားပေးမယ်"

သူက ဝမ်းနည်းပက်လက်ဖြစ်နေသောဟန်ဖြင့် ဆက်ပြောသည်။ "ငါတို့က ဆေးပေါင်းဖိုဘုရင်တွေဆိုတော့ ဂိုဏ်းထဲမှာပဲ အမြဲအောင်းနေရတာ။ ဆေးဖော်စပ်ရတာ ဘယ်လောက်အကုန်အကျများလဲ မင်းငြင်းလို့မရဘူး။ ဂိုဏ်းကရတဲ့ ဝင်ငွေက အသက်ရှင်သန်ဖို့ မလုံလောက်ဘူးကွ။ဒီတော့..... ဖန်မု၊ မင်း ဂိုဏ်းအပြင်အလွှတ်ခံရတိုင်း အလျင်စလိုပြန်မလာနဲ့။ အပြင်နဲ့ ထိတွေ့ဆက်ဆံဖို့ အချိန်နည်းနည်းပါးပါးယူ။ သူတို့က သုံးနိုင်ဖြုန်းနိုင်တဲ့လူတွေဆိုတော့ ငါတို့လို ဆေးဝါးပညာရှင်တွေအတွက် အကောင်းဆုံး မိတ်ဆွေတွေပဲ"

မန်ဟိုက ခေါင်းညိတ်ထောက်ခံလိုက်သည်။ ချင်းလော်ဂိုဏ်းက အဖြစ်အပျက်များပြီးနောက် သူနှင့် ကျိုးဒယ်ခွန်အကြားရှိ တင်းမာမှုများ ပျောက်ကွယ်သွားခဲ့၏။ ယခု သူတို့မှာ တော်တော်လေး အတိုင်အဖောက်ညီနေပြီ ဖြစ်သည်။

ထို့ကြောင့် ကျိုးဒယ်ခွန်သည် မန်ဟို့ကို နယ်မြေတစ်ကြောရှိ ကျင့်ကြံသူမျိုးနွယ်စုများနှင့် အလယ်အလတ်ဂိုဏ်းများထံ ခေါ်သွားရင်း လဝက်နီးပါး ကုန်ဆုံးနေတော့သည်။ သူတို့ သွားသည့်နေရာတိုင်း၌ အလေးထား ဆက်ဆံခံကြရသည်။ ဤကျင့်ကြံသူမျိုးနွယ်စုများအကြား ကျိုးဒယ်ခွန် လေလုံးထွားနေသည်ကို မြင်ရခြင်းက မန်ဟို့ကို ပြုံးမိစေသည်။

ထိုမျှသာမက သူတို့ လက်ညှိုးညွှန်ရာ ရေဖြစ်၏။ ဆေးရောင်းချရန် အခွင့်အရေးရသည့်အတိုင်းလည်း ဝိညာဥ်ကျောက်တုံးများက သူတို့အိတ်ထဲ ဖောဖောသီသီဝင်လာတတ်၏။ ယင်းက မန်ဟို့မျက်လုံးများကို တဖျပ်ဖျပ်လက်နေစေတော့သည်။ လဝက်အတောအတွင်း သူသည် ဆေးလုံးတော်တော်များများ ရောင်းချနိုင်ခဲ့၏။

တကယ်တော့ သူ ရောင်းချခဲ့သည့် ဆေးလုံးအများစုမှာ ချန်ကျားရှီဆီမှ ရရှိခဲ့သည်များပင် ဖြစ်သည်။

လဝက်ကြာပြီးသည့်နောက်ဆုံး မန်ဟိိုနှင့် ကျိုးဒယ်ခွန်တို့ တောင်ကတုံးများထံ ဦးတည်သည့် နေရာရွှေ့ပြောင်းရေးမုခ်ဝ အနားရောက်လာတော့သည်။

တောင်ကတုံးများသည် ဂိုဏ်းနှင့်မျိုးနွယ်စုအသီးသီးအကြား၌ အဓိကဆုံမှတ်အဖြစ် သတ်မှတ်နိုင်သော တောင်ပိုင်းဒေသ၏ အလယ်ဗဟိုနှင့် အတော်လေးနီးသည့် နေရာတွင် တည်ရှိ၏။ ဤနေရာရွှေ့ပြောင်းရေးမုခ်ဝ၏ တည်နေရာကြောင့် ၄င်းသည် ကုန်သွယ်ရေးအချက်အချာဒေသတစ်ခုအဖြစ် ပြောင်းလဲလာခဲ့သည်။

တောင်ကတုံးများ၏ အရှေ့ဘက်ရှိ ချိုင့်ဝှမ်းဒေသတွင် များသောအားဖြင့် စည်ကားသိုက်မြိုက်သော နေရာတစ်ခုရှိသည်။ သို့သော် ယခုတော့ ၄င်းမှာ ထိတ်လန့် စက်ဆုပ်ဖွယ်အတိ ဖြစ်နေ၏။

သွေးညှီနံများ နံဟောင််နေပြီး မြေကြီးတွင် အလောင်းများ တောင်ပုံရာပုံ ပုံနေ၏။ မျက်နှာဖုံးတပ်ထားသည့် အနက်ရောင်ဝတ်ကျင့်ကြံသူများက အလောင်းများကြား၌ သိုလှောင်အိတ်များ မွှေနှောက် ရှာဖွေနေကြသည်။ ရံဖန်ရံခါ သူတို့သည် အသက်ငင်နေသော လူတစ်ယောက်ယောက်ကို တွေ့ပါက ချက်ချင်း ဓားဖြင့် ပိုင်းချလိုက်တတ်သည်။

အနက်ရောင်ဝတ်ကျင့်ကြံသူများ နောက်တွင် မီတာပေါင်းများစွာ မြင့်မားသော အနက်ရောင်သံလှောင်ချိုင့်ကြီးတစ်ခု ရှိ၏။ လှောင်ချိုင့်သည် လေတွင် မျောလွင့်နေပြီး လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်တစ်ခုကို ထုတ်လွှတ်နေရာ မှော်ပစ္စည်းတစ်ခုဖြစ်ကြောင်း သိသာထင်ရှားလေသည်။ လှောင်ချိုင့်ထဲတွင်ကား ကျင့်ကြံသူနှစ်ယောက်။

သူတို့၏မျက်နှာများမှာ ဖြူဆုပ်နေပြီး နှစ်ယောက်လုံး မေ့မြောနေကြသည်။ သူတို့မှာ သွေးအလိမ်းလိမ်းနှင့် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရထားသော်လည်း မသေသေးပေ။ ခပ်ဖျော့ဖျော့ ဆေးအနံ့က သူတို့ထံမှ ပျံ့လွင့်နေသည်။ သူတို့မှာ သိသိသာသာပင် ဆေးဝါးပညာရှင်များဖြစ်၏။ သူတို့ထဲက တစ်ယောက်သည် ဆေးပေါင်းဖိုပုံသဏ္ဍာန် ရေးဆွဲထားသည့် အစိမ်းရောင်ဝတ်ရုံရှည်ဝတ်ဆင်ထားသည့်အတွက် ကမ္ဘာဆေးဝါးအဖွဲ့၏ ဆေးဝါးပညာရှင်တစ်ယောက်ဖြစ်ကြောင်း ထင်ရှားစေသည်။

မနီးမဝေးတွင် ကျင့်ကြံသူသုံးယောက်သည် လေလယ်တွင် မှော်တိုက်ပွဲ ဆင်နွှဲနေကြ၏။ လှိုင်းဂယက်များက အဘက်ဘက်သို့ ပျံ့နှံ့ရိုက်ခတ်လျက်ရှိသည်။ ဤသည်မှာ အနုသုခုမရုပ်ခန္ဓာအဆင့်မှော်ပညာမဟုတ်ပေ။ သို့သော် ထို စွမ်းအားအဆင့်က သူတို့သည် ချီအခြေတည်ဆင့်မဟုတ်ဘဲ အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူဖြစ်ကြောင်း ပေါ်လွင်စေသည်။

အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူသုံးယောက်အနက် နှစ်ယောက်က အနက်ရောင်အဝတ်အစားများ ဝတ်ဆင်ထားပြီး မိုးပြာရောင်မျက်နှာဖုံးများနှင့် ဖြစ်သည်။ သူတို့၏တိုက်ကွက်များကား ကြောက်မက်ဖွယ်အတိပင်။ သူတို့မှာ အမြုတေဖြစ်တည်မှု စဦးပိုင်းအဆင့်တွင်သာ ရှိသော်လည်း သိသာစွာပင် သာမန်ထက်ထူးခြားနေ၏။

သူတို့ တိုက်ခိုက်နေကြသဖြင့် ချိုင့်ဝှမ်းတစ်ခုလုံး ပေါက်ကွဲသံများဖြင့် ပြည့်နှက်နေသည်။

"မင်းတို့ ဘယ်သူတွေလဲ" အဝိုင်းခံထားရသည့် အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူက ဟိန်းဟောက်လိုက်သည်။ "ငါက ကျင်းဟန်ဂိုဏ်းကကွ....." သူ့မှာ ပါးစပ်မှ သွေးများပန်းထွက်သွားပြီး နောက်လွင့်ထွက်သွား၏။

သူ့မေးခွန်းအတွက် တုံ့ပြန်မှုမရှိပေ။ မိုးပြာရောင်မျက်နှာဖုံးနှင့် ကျင့်ကြံသူနှစ်ယောက်အနက် တစ်ယောက်သည် ပုပုဝဝဖြစ်ပြီး နောက်တစ်ယောက်က ပိန်ပိန်သွယ်သွယ်ဖြစ်၏။ သူတို့က ပို၍ပင် ပြင်းထန်သော တိုက်ကွက်များဖြင့် ရှေ့တက်လာကြသည်။

ဤအခိုက်အတန့်မှာပင် ရုတ်တရက် ချိုင့်ဝှမ်းထဲရှိ နေရာရွှေ့ပြောင်းရေးမုခ်ဝ  သုံးခုထဲမှ တစ်ခု တောက်ပလာသည်။ အလင်းရောင် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် မျက်နှာဖုံးအဖြူများနှင့် အနက်ရောင်ဝတ်ကျင့်ကြံသူ ဒါဇင်များစွာ မုခ်ဝထံ တဟုန်ထိုးထွက်သွားကြသည်။

နေရာရွှေ့ပြောင်းရေးမုခ်ဝ၏ တောက်ပမှုမှာ အသက်ရှူချိန် အနည်းငယ်ကြာမြင့်ပြီးနောက် တစတစ ပျောက်ကွယ်လာသည်။ ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်။ မန်ဟို နှင့် ကျိုးဒယ်ခွန်။

ကျိုးဒယ်ခွန်မှာ ရယ်ရယ်မောမောနှင့် မန်ဟို့ကို တစ်ခုခုပြောနေ၏။

" ငါ တောင်ကတုံးတွေက ကျင့်ကြံသူမျိုးနွယ်စုတော်တော်များများနဲ့ ရင်းနှီးတယ်ကွ။ နောက်ခါကျရင် ငါ မင်းကို......"

မန်ဟိုက ပြုံးနေသော်လည်း တခဏအတွင်း မျက်နှာအမူအရာ ချက်ချင်းပြောင်းသွား၏။ နေရာရွှေ့ပြောင်းခြင်း ပြီးမြောက်ပြီး သူနှင့် ကျိုးဒယ်ခွန်တို့ အပြင်က မည်သည့်အရာကိုမှ မမြင်ရခင်မှာပင် သူ့ရင်ထဲ၌ အန္တရာယ်အာရုံတစ်ခု ပေါ်ပေါက်လာသည်။

သူ စကားမပြောနိုင်ခင် အန္တရာယ်အာရုံကား အမြင့်ဆုံးအထိ ထိုးတက်သွား၏။  မန်ဟို့မျက်နှာ ရုတ်ခြည်း ပြောင်းလဲသွားသည်။ သူက အင်္ကျီလက်စကို ခါလိုက်ရာ လေပြင်းတစ်ချက်သည် ကျိုးဒယ်ခွန်ထံ ဦးတည်တိုက်ခတ်ပြီး သူ့ကို ဘေးသို့တွန်းထုတ်လိုက်သည်။ အဟုန်တချို့ ငှားယူရင်း မန်ဟို့၏ ခန္ဓာကိုယ်မှာ တခြားထောင့်သို့ ဖတ်ခနဲ ရောက်သွား၏။

မန်ဟိုနှင့် ကျိုးဒယ်ခွန်တို့ နှစ်ယောက် ဆန့်ကျင်ဘက်လားရာသို့ ပျံထွက်သွားသည်။ သူတို့ နေရာရွှေ့ပြောင်းရေးမုခ်ဝမှ ထွက်သွားသည့်အခိုက်အတန့်မှာပင် ကျင့်ကြံသူဒါဇင်များစွာ၏ စုပေါင်းထားသော မှော်အင်အားကြီးက ၄င်းအပေါ် ကျရောက်လာသဖြင့် ဝုန်းခနဲ မြည်ဟည်းသွားသည်။

ပေါက်ကွဲသံကြီး ပဲ့တင်ထပ်နေချိန်မှာပင် မန်ဟိုက ဂါယာမန္တယားဆိုင်ရာ မုဒြာလက်ကွက်များ ဖော်ပြီး အရှေ့တွင် ဝှေ့ယမ်းရင်း နောက်သို့ ကိုးမီတာ ခုန်ထွက်လိုက်သည်။ တဖောက်ဖောက် မြည်သံများ ထွက်ပေါ်လာပြီး ကျင့်ကြံသူဒါဇင်များစွာထံမှ လာနေသော စွမ်းအားကြီး လွင့်စင်ပျောက်ကွယ်သွား၏။

ကျိုးဒယ်ခွန်၏ မျက်နှာအမူအရာ ရိပ်ခနဲဖြစ်သွားသည်။ နေရာရွှေ့ပြောင်းရေးမုခ်ဝမှ မန်ဟို၏တွန်းထုတ်ခံရပြီးနောက် သူ့ညာလက်သည် ဂါထာမန္တယားဆိုင်ရာ မုဒြာဟန် ဖျတ်ခနဲ လက်သွားပြီးနောက် မြေကြီးနှင့် ဝင်ဆောင့်သွားသည်။ ကြီးမားသော အလင်းတန်းကြီးတစ်တန်း သူ့၏ခန္ဓာကိုယ်မှ ထိုးထွက်သွားပြီး မှော်တိုက်ကွက်၏စွမ်းအားကို ဟန့်တားလိုက်သည်။ ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်တွင် ဖြစ်သည့်တိုင် သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွား၏။ တိုက်ခိုက်သူများအား ကြည့်လိုက်သည်နှင့် သူ၏မျက်လုံးများ၌ အံ့သြဒေါသများဖြင့် ပြည့်နှက်သွားသည်။

မန်ဟို၏အကြည့်များက အေးစက်သွား၏။ သူ တစ်ယောက်ယောက်နှင့် မှော်တိုက်ပွဲ မတိုက်ခိုက်ခဲ့ရသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ဇီယွင်ဂိုဏ်းတွင် နေခဲ့သည့် ငါးနှစ်တာအတောအတွင်း သူအနေဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမှ တစ်ချက်လေးပင် တိုက်ခိုက်ခဲ့ခြင်းမရှိပေ။ သို့သော် သူ၏ မှော်တိုက်ပွဲစွမ်းရည်နှင့် သတ်ဖြတ်နိုင်စွမ်းတို့မှာ ဘယ်နည်းနှင့်မှ လျော့ကျမသွားခဲ့။ တကယ်တမ်းဆိုရလျှင် ငါးနှစ်တာအနားယူနေခဲ့ခြင်းက သူ့ကို ပို၍ပင်သန်မာလာစေခဲ့သည်။

ယင်းက ဆေးဝါးပညာရပ်အပြင် အဆိပ်တာအိုနှင့် တချို့တဝက် သက်ဆိုင်သည်။ လွန်ခဲ့သည့် ငါးနှစ်အတွင်း သူဖော်စပ်ခဲ့သည့် အဆိပ်ပမာဏက နည်းနည်းနောနောမဟုတ်ပေ။ သူက အသတ်အဖြတ်စိတ်ဆန္ဒ တဝင်းဝင်းတောက်နေသည့် မျက်လုံးများဖြင့် မျက်နှာဖုံးအဖြူနှင့် အနက်ရောင်ဝတ်ကျင့်ကြံသူများကို ကြည့်လိုက်သည်။

သူသည် သူတို့ကို မြင်လိုက်သည်နှင့် သူတို့ထံမှ ထုတ်လွှတ်နေသော ပြင်းထန်သည့် အသတ်အဖြတ်စိတ်ဆန္ဒကို အာရုံရလိုက်သည်။ မြေပြင်ပေါ် ပြန့်ကြဲနေသည့် အလောင်းများနှင့် လှောင့်ချိုင့်ထဲရှိ လူနှစ်ယောက်ကိုလည်း သတိထားမိသွားသည်။ မလှမ်းမကမ်းတွင် ဖြစ်ပွားနေသော မှော်တိုက်ပွဲကိုလည်း သူလှမ်းတွေ့လိုက်၏။

သူကား တုံ့ဆိုင်းခြင်း အလျဥ်းမရှိပေ။ သူ၏ညာလက်သည် သိုလှောင်အိတ်ကို ပုတ်လိုက်ပြီး သစ်သားဓားနှစ်လက်က ဓားအရှိန်အဝါများ တဟုန်းဟုန်းတောက်လျက် ပျံထွက်လာသည်။ ၄င်းတို့မှာ အချိန်ကြာမြင့်စွာ သိမ်းဆည်းခံထားခဲ့ရပြီး ယခုအပြင်ရောက်လာပြီဖြစ်ရာ အသတ်အဖြတ်စိတ်ဆန္ဒများ ပွက်ပွက်ဆူနေတော့သည်။ ဤအခြင်းအရာက အနက်ရောင်ဝတ်ကျင့်ကြံသူအများစုကို မန်ဟို့ထံ လှည့်ကြည့်လိုက်စေသည်။

"ရာရာစစ" ကျိုးဒယ်ခွန်က မာန်မဲလိုက်သည်။ "ငါက အရှေ့ဆေးဝါးအဖွဲ့ရဲ့ ဆေးပေါင်းဖိုဘုရင်တစ်ယောက်ကွ။ မင်းတို့...." သူ့မှာ မှော်တိုက်ပွဲအား ကိုယ်တိုင်ကိုယ်ကျမတိုက်ခဲ့ရသည်မှာ ကြာခဲ့လေပြီ။ ဆေးပေါင်းဖိုဘုရင်တစ်ယောက်ဖြစ်လာစဥ်ကတည်းက သူသည် ရိုသေလေးစားမှုတို့ ပြည့်နှက်နေသောလမ်းကြောင်းကို လျှောက်လှမ်းခဲ့ရ၏။ သို့သော် ယခုတော့ နေရာရွှေ့ပြောင်းရေးမုခ်ဝမှ တစ်လှမ်းပင်မခွာရသေး၊ ချုံခိုတိုက်ခိုက်ခံခဲ့ရလေသည်။

ကျိုးဒယ်ခွန် စကားပြောမပြီးခင်မှာပင် အနက်ရောင်ဝတ်လူများ၏မျက်လုံးများက အဘိုးကြီးကို လှမ်းကြည့်ရင်း တဖျပ်ဖျပ်လက်လာသည်ကို မန်ဟိုမြင်လိုက်သည်။

"မကောင်းတော့ဘူး" မန်ဟို တွေးလိုက်၏။ တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သူ၏ခန္ဓာကိုယ်သည် ရိပ်ခနဲ ရှေ့သို့လှုပ်ရှားသွားသည်။

သူက မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားလိုက်ရာ ဘေးရှိ သစ်သားဓားနှစ်လက်သည် တရွှီးရွှီးအော်မြည်ရင်း ဒိုင်နိုဆောကြီးနှစ်ကောင်သဖွယ် အနက်ရောင်ဝတ်လူနှစ်ယောက်ထံ တန်းတန်းမတ်မတ် ပြေးဝင်သွား၏။ ထိုလူနှစ်ယောက် နောက်မဆုတ်နိုင်ခင် သစ်သားဓားနှစ်လက်က သူတို့ခေါင်းကို ထုတ်ချင်းဖောက်ထွက်သွား၏။

မန်ဟိုသည် ရှေ့တိုးနေရင်း မုဒြာလက်ကွက်တစ်ကွက်ဖော်ကာ လက်ဝါးကို ရှေ့သို့ ဝှေ့ယမ်းလိုက်သည်။ လက်ပုံရိပ်အမြောက်အမြား ထွက်ပေါ်လာ၏။ ၄င်းတို့က ဟိန်းဟောက်ပြီးနောက် အသေးစား တိုက်ကွက်များအသွင် ပြန်လည်ပြိုကွဲကာ အနက်ရောင်ဝတ်လူထံ ပြေးဝင်သွားသည်။ အနက်ရောင်ဝတ်လူက ချက်ချင်းနောက်ဆုတ်လိုက်၏။

"ကျိုး၊ ဆရာကြီး" မန်ဟိုက ကျိုးဒယ်ခွန်ကို စိတ်ချင်းဆက်သွယ်လိုက်သည်။ " ဝတ်ရုံရဲ့စွမ်းရည်ကို မမေ့နဲ့။ ဒီကထွက်သွားတော့" အနက်ရောင်ဝတ်ကျင့်ကြံသူများက ချက်ချင်းအဖွဲ့နှစ်ဖွဲ့ခွဲပြီး မန်ဟိုနှင့် ကျိုးဒယ်ခွန်ထံ ဦးတည်လာကြသည်။

အရာအားလုံးမှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်နေသည့်အတွက် ကျိုးဒယ်ခွန်မှာ ကယောင်ချောက်ချားဖြစ်နေ၏။ သို့သော် မန်ဟို သူ့ကိုသတိပေးလိုက်လျှင်ချင်း မြေကြီးအပေါ် ခြေဆောင့်ချလိုက်သည်။ သူ၏ ဆေးပေါင်းဖိုဘုရင်ဝတ်ရုံ ချက်ချင်းတောက်ပလာပြီး သူကား ရုတ်ခြည်း ပျောက်သွားတော့သည်။

သူသည် သုံးကြိမ်သာ အသုံးပြုနိုင်သော ဆေးပေါင်းဖိုဘုရင်ဝတ်ရုံ၏ နေရာရွှေ့ပြောင်းခြင်းလုပ်ဆောင်ချက်ကို ယခုတင် အသက်သွင်းလိုက်ခြင်းဖြစ်၏။ ကျိုးဒယ်ခွန် ပျောက်သွားသည်ကိုတွေ့သော် အေးစက်စက်နှာမှုတ်သံတစ်သံ ထွက်လာသည်။ အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူနှစ်ယောက်ထဲက ပုပုဝဝတစ်ယောက်က အလင်းတန်းအသွင်ပြောင်းပြီး ကျိုးဒယ်ခွန်နောက် ထပ်ကြပ်မကွာ လိုက်သွား၏။

သူအဝေးသို့ ဝင်ရောက်ပျောက်ကွယ်သွားစဥ် သူ၏အသံ ဟိန်းထွက်လာသည်။ "အရှေ့ဆေးဝါးအဖွဲ့က ကျင့်ကြံသူနှစ်ယောက် ငါတို့တံခါးဝဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြီ။ ညီလေးရန် ငါအခုလေးတင် ထွက်ပြေးသွားတဲ့တစ်ယောက်ကို သွားဖမ်းလိုက်မယ်"

စကားတစ်ခွန်းပင်မဆိုဘဲ ကျန်ခဲ့သည့် ပိန်ပိန်သွယ်သွယ် ကျင့်ကြံသူက ယခုတွင် ဆိုးဆိုးရွားရွား ဒဏ်ရာနေပြီဖြစ်သော ကျင်းဟန်ဂိုဏ်းမှလူနှင့် တိုက်ပွဲအား ပြန်စတော့သည်။ အခြေအနေကို ကြည့်ရပုံအရ သူ့မှာ အချိန်မရွေး အသတ်ခံရနိုင်လေသည်။

မြေပြင်ပေါ်တွင် အနက်ရောင်ဝတ်လူဒါဇင်များစွာ၏အာရုံက ကျိုးဒယ်ခွန်ထံမှ မန်ဟို့ဆီ ပြောင်းလာသည်။

မန်ဟိုက ထွက်မပြေးပေ။ သူ၏မျက်လုံးများသည် အသတ်အဖြတ်စိတ်ဆန္ဒ တဖျပ်ဖျပ်လက်နေပြီး သူ၏နှုတ်ခမ်းထောင့်စွန်းနှစ်ဖက်က ခပ်ယဲ့ယဲ့အပြုံးတစ်ခုအား ဖော်ဆောင်လိုက်သည်။ သူ့အတွက် ဤသို့မတိုက်ခိုက်ရသည်မှာ တော်တော်ကြာခဲ့ပြီဖြစ်သည်။ သူ့အရှေ့က လူများမှာ မဖြစ်စလောက် ချီအခြေတည်အဆင့်ကျင့်ကြံသူများသာ။ မန်ဟို့မျက်ဝန်းထဲတွင်တော့ သူတို့မှာ သေနှင့်ပြီးလေပြီ။

"ငါ ငါးနှစ်အတွင်း တစ်ယောက်မှ မသတ်ရသေးဘူး။ ကြည့်ရတာ မင်းတို့ကောင်တွေ ငါ့ရဲ့ ရှောင်နိုင်စွမ်း အတိုင်းအတာကို ချိုးတော့မယ့်ပုံပဲ" ဤသည်မှာ ငါးနှစ်အတွင်း မန်ဟို၏ကျင့်ကြံခြင်းအခြေခံ အစွမ်းကုန်ပေါ်ထွက်မည့် ပထမဆုံးအကြိမ် ဖြစ်သည်။

***

All Chapters