အသတ်အဖြတ်နှလုံးသားကား ရှိနေဆဲ
Vol. 19 Ch. 261
ထွက်ပြေးခြင်းက သူ၏ပထမဆုံးအတွေးနှင့် အဝေးကြီး ဖြစ်သည်။
ထွက်မပြေးခင် ရန်သူကို တန်ရာတန်ကြေးပြန်ပေးဆပ်ရန် လုပ်ရဦးမည်။
ယင်းက မန်ဟို့စရိုက် ဖြစ်သည်။ အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူများ မလှုပ်မကမ်းတွင် တိုက်ပွဲဖြစ်နေသည့်တိုင် သူ့ဆုံးဖြတ်ချက်က..... သတ်ရန်ဖြစ်နေဆဲပင်။
အနက်ရောင်ဝတ်လူများ ချဥ်းကပ်လာစဥ် မန်ဟို၏မျက်လုံးများ၌ အေးစက်မှုတို့ ဖြတ်ပြေးသွားသည်။ သူက လက်နှစ်ဖက်ကို မြှောက်ပြီး ရှေ့သို့ဝှေ့ယမ်းလိုက်သည်။ သူ ထိုသို့လုပ်လိုက်သည်တွင် မည်သည့်မှော်မှ ပေါ်လာခြင်းမရှိ။ ထိုအစား လေအေးတစ်ချက် တိုက်ခတ်သွား၏။
လေသည် ဖယ်ရှားခြင်းအားတစ်ရပ် ဖြစ်တည်စေကာ အနက်ရောင်ဝတ်လူများကို ဖြတ်တိုက်သွားသည်။ ချက်ချင်းပင် မန်ဟို ယခုတင် သစ်သားဓားနှစ်လက်ဖြင့် ခုတ်ပိုင်းခဲ့သော လူနှစ်ယောက်၏အလောင်းများ စတင်ပြန့်ကားလာ၏။
၄င်းက အတိုင်းထက်အလွန် လျင်မြန်စွာ ဖြစ်ပျက်သွားလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၄င်းတို့သည် ပေါက်ကွဲသည်အထိ ကားထွက်သွား၏။
ဘန်း
ပေါက်ကွဲသံကြား၌ သွေးအတုံးအတစ်များသည် တမုတ်ဟုတ်ချင်း အနက်ရောင်ပြောင်းရင်း အရပ်မျက်နှာတစ်ခွင် တဖွားဖွားလွင့်စင်ထွက်ကုန်၏။ ညှီဟောက်ဟောက်အနံ့အသက်တစ်ခု လေတွင် ပြည့်နှက်သွားသည်။
သွေးအတုံးအတစ်များ ပျံထွက်လာချိန် သွေးပျက်လုမတတ် အော်သံများ ကြားလိုက်ရသည်။ ထို အလောင်းများနှင့်အနီးဆုံး အနက်ရောင်ဝတ်လူ ခုနစ်ယောက်၊ ရှစ်ယောက်မှာ အနက်ရောင်သွေးများစင်သွားကြလေသည်။
သွေးတွင် အဆိပ်ပါဝင်၏။
အဆိပ်တာအိုကို အထူးပြုလေ့လာနေသော ဆေးပေါင်းဖိုဘုရင်တစ်ယောက်အနေဖြင့် သူသည် ကိုယ်တိုင်ဖန်တီးထားသည့် အဆိပ်ဖြင့် သစ်သားဓားနှစ်လက်ကို အချိန်အတော်ကြာကတည်းက သုတ်လိမ်းထားခဲ့ပြီးဖြစ်သည်။ အမှန်တွင် ဇီယွင်ဂိုဏ်းမှာတွင် ရှိနေစဥ်ထဲကပင် ဤသို့ပြုလုပ်ထားခြင်းဖြစ်၏။
အနက်ရောင်ဝတ်လူများမှာ ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေကြသည်။ သူတို့မတုံ့ပြန်နိုင်ခင် မြေကြီးသည် ဖွားခနဲ ပေါက်ကွဲပြီး ဧရာမ ခရမ်းပုပ်ရောင် နွယ်ပင်ကြီးများ ထိုးထွက်လာသည်။ လက်တံဆယ်ချောင်းကျော်က အနက်ရောင်ဝတ်လူအုပ်ထံ တဟုန်ထိုး ဦးတည်သွားသည်။
ဤအရာအားလုံးက တခဏအတွင်း ဖြစ်ပျက်သွားလေသည်။ ကြောက်မက်ဖွယ် အသံနက်ကြီးများ ပဲ့တင်ထပ်နေပြီး အရာအားလုံးကား ဝရုန်းသုန်းကားဖြစ်ကုန်သည်။ မန်ဟို့မျက်ဝန်းထဲရှိ သတ်ဖြတ်လိုစိတ်များ ဆူပွက်လာပြီး သူက ရိပ်ခနဲ ရှေ့ပြေးထွက်သွားသည်။
သူက လက်မဖြင့် လက်ခလယ်ကို ခြစ်လိုက်သည်။ သွေးများ စီးကျလာပြီး တောင်ပိုင်းဒေသတွင် မမြင်ရသည်မှာ အလွန့် အလွန် ကြာခဲ့ပြီဖြစ်သော သွေးလက်ချောင်း ပေါ်လာသည်။ မန်ဟို၏ ပြီးပြည့်စုံသော တာအိုမဏ္ဍိုင်ခြောက်ခုသည် ခရမ်းရောင်အရှိန်အဝါဖြင့် တောက်ပလာပြီး စတင်လည်ပတ်လာ၏။ သူ၏ခုနစ်ခုမြောက် တာအိုမဏ္ဍိုင်မှာ ယခုတွင် ရှစ်ဆယ်ရာခိုင်နှုန်းခန့် ပုံစံပေါ်နေပြီဖြစ်သည်။
ချီအခြေတည်အဆင့်၏ မလွှမ်းမိုးနိုင်သော စွမ်းအားသည် မန်ဟို့ထံမှ စီးထွက်လာသည်။ ကြီးမားသော ချေဖျက်အားကြီးတစ်ခု အဘက်ဘက်သို့ သက်ရောက်သွားသည်။ ဤအနက်ရောင်ဝတ်လူများမှာ ချီအခြေတည်အဆင့်စက်ဝန်းပြီးမြောက်ပြီးသူများ ဖြစ်၏။ သို့သော် သူတို့၏တာအိုမဏ္ဍိုင်များ ရုတ်ခြည်း တုန်ခါလာသည်။ သူတို့၏မျက်နှာများအားလုံး အံသြတုန်လှုပ်ခြင်းများဖြင့် ပြည့်နှက်သွားသည်။ မန်ဟို့၏ ရက်စက်မှုက သူတို့စိတ်ကူးနိုင်သမျှထက် ကျော်လွန်နေလေသည်။
သူတို့မှာ ထောင်ချောက်ထဲ တိုးဝင်လာခဲ့သည့် ပျော့တိပျော့ဖတ် စာပေသမားလေးသဖွယ် ဤလူစိမ်းက တကယ်တမ်း သေမင်းတမန်ဖြစ်နေလိမ့်မည်ဟု အဘယ်သို့ တွေးနိုင်ခဲ့မည်နည်း။
မန်ဟိုမှာ ငါးနှစ်တိုင် မတိုက်ခိုက်ခဲ့ရသဖြင့် ယခုတွင် အသေတိုက်ကွက်များသာ အသုံးပြုနေလေသည်။ သူ့ညာဘက် လက်ခလယ်က လျှပ်စီးသဖွယ် ဖျတ်ခနဲ လှုပ်ရှားပြီး အနက်ရောင်ဝတ်လူတစ်ယောက်၏မျက်နှာဖုံးကို ရိုက်ချလိုက်သည်။ ၄င်းက မျက်နှာဖုံးကို ထိုးဖောက်ရင်း ထိုသူ့၏ နဖူးကို စိုက်ဝင်သွားသည်။ ပြီးပြည့်စုံသော တာအိုမဏ္ဍိုင်စွမ်းအားသည် အရာရာအားလုံးကို လွှမ်းခြုံထားသော ကြောက်မက်ဖွယ်အားကြီးအသွင်ပြောင်းရင်း ပေါက်ကွဲထွက်လာသည်။ ၄င်းက ထိုလူ၏ တာအိုမဏ္ဍိုင်နှင့် အမြုတေပင်လယ်ကို ချက်ချင်း ဖျက်စီးပြီး စိတ်ဆန္ဒကို ချေဖျက်ကာ ဇီဝန်ခြွေပစ်လိုက်သည်။
မန်ဟို အလောင်းကို ကောက်ယူလိုက်စဥ် သူ၏မျက်နှာမှာ ပကတိအေးစက်လျက်သားပင်။ သူက နောက်ထပ် အနက်ရောင်ဝတ်လူတစ်ယောက်ထံ ရှေ့တစ်လှမ်းတိုးလိုက်သည်။ ထို့နောက် အလောင်းကို ဖျစ်လိုက်ရာ ၄င်းသည် ရုတ်ခြည်း ပေါက်ကွဲသွားပြီး အနက်ရောင်သွေးများ အရပ်မျက်နှာတစ်ခွင် ပန်းထွက်ကုန်သည်။ တစ်ဖက်လူ၏မျက်နှာပေါ်တွင် တုန်လှုပ်သွားသော အရိပ်အယောင်ပေါ်လာပြီး သူ့မှာ သွေးကို ရှောင်ရန် မြန်သင့်သလောက် မမြန်လိုက်ပေ။ ၄င်းက သူ့တစ်ကိုယ်လုံး ဖုံးအုပ်သွားပြီး အော်သံများ ဆူညံသွားသည်။ မန်ဟိုက နောက်အနက်ရောင်ဝတ်လူတစ်ယောက်ထံ ရွေ့လျားသွားသည်။
သူ့ခန္ဓာကိုယ်သည် မကောင်းဆိုးဝါးဝိညာဥ်တစ်ကောင်သဖွယ် လစ်ခနဲ ပြေးနေ၏။ မျက်နှာဖုံးအောက်က အနက်ရောင်ဝတ်လူတစ်ယောက်၏မျက်နှာ ရှုံ့တွသွားသည်။ သူက တုံ့ဆိုင်းမနေဘဲ လျှာကိုက်ပြီး သွေးမြူတိမ်တစ်ခု ထွေးထုတ်လိုက်ရာ ၄င်းသည် လျှို့ဝှက်ဆန်းကြယ်စွာ သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွား၏။ သူ့အနေဖြင့် မန်ဟို့ကို အချိန်ဆွဲရန် လိုသည်။ မှော်ပစ္စည်းများ ကိုင်စွဲ၍ ချဥ်းကပ်လာနေသော အနီးနားက တခြားအနက်ရောင်ဝတ်လူသုံးယောက် ရှိသေးလေသည်။
မန်ဟိုက အေးစက်စက်နှာမှုတ်လိုက်ရာ မိုးခြိမ်းသံပမာ ပဲ့တင်သွားသည်။ အသံသည် ကျန်ရှိသော အနက်ရောင်ဝတ်လူလေးယောက်၏ နှလုံးသားထဲအထိ ထိုးဖောက် ဝင်ရောက်သွား၏။ လောလောဆယ် ချဥ်းကပ်လာနေသော လူသုံးယောက်မှာ ရုတ်တရက် ရပ်လိုက်ကြသည်။ စောစောက သွေးမြူတိမ် အသုံးပြုလိုက်သည့် လူမှာတော့ မထိန်းနိုင်လောက်အောင် လည်ထွက်နေသည့်အလား ခံစားနေရလေသည်။
မန်ဟို့၏ ညာဒူးက လေပေါ် မြောက်တက်ပြီး သွေးမြူတိမ်ကို ခပ်ကြမ်းကြမ်း ဝင်ဆောင့်လိုက်သည်။ ၄င်းမှာ ချက်ချင်းဆိုသလို အစိတ်စိတ်အမြွှာမြွာ ကွဲကြေသွားလေသည်။ သူ့ဒူးသည် အနက်ရောင်ဝတ်လူ၏ ရင်ဘတ်အထိ ဆက်လက်တိုးဝင်သွား၏။ အရိုးအက်သံများ ထွက်လာစဥ်မှာပင် မန်ဟို့ ညာလက်က ထိုလူ၏လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။
သူက လှည့်ပြီး လျှပ်စီးတိမ်တိုက်ကို ထွေးထုတ်လိုက်ရာ ဝုန်းခနဲပေါက်ကွဲသံ လေတွင်ပြည့်နှက်သွားပြီး ၄င်းသည် သူတို့အားလုံးကို လွှမ်းခြုံသွား၏။ အော်သံများ ထွက်ပေါ်လာပြီး အသက်ရှိုက်စာအနည်းငယ်ကြာသော် မန်ဟို အတွင်းမှထွက်လာသည်။ စောစောက ချဥ်းကပ်လာခဲ့သည့် လူသုံးယောက်မှာ ယခုတွင် အံသြကြီးစွာ မျက်လုံးများ ပြူးလျက် အသက်မဲ့သွားလေပြီ။ သေသည့်အခိုက်အတန့်အထိပင် သူတို့မှာ ဆေးဝါးပညာရှင်တစ်ယောက်၌.....ဤသို့ပြင်းထန်သော အသက်အဖြတ်စိတ်ဆန္ဒရှိနေလိမ့်မည်ဟု နားမလည်သွားကြပေ။
အစက ထိုနေရာတွင် အနက်ရောင်ဝတ်လူ ၂၇ ယောက်ရှိခဲ့သည်။ တခဏလေးနှင့် သူတို့၏အရေအတွက်သည် ၁၁ အထိ လျော့ကျသွားခဲ့လေပြီ။ သူတို့မှာ စိတ်နှလုံးများ လှုပ်ရှားနေပြီး အထိတ်တလန့် နောက်ဆုတ်သွားကြသည်။ သူတို့အရှေ့ရှိ ပုဂ္ဂိုလ်မှာ ကျင့်ကြံသူတစ်ယောက်ထဲ မဟုတ်ဘဲ စစ်တပ်တစ်တပ်လုံးနှင့် ညီမျှနေပုံရသည်။
မန်ဟို့ဆံပင်များက သူ့ခေါင်းတဝိုက်တွင် လွင့်လူနေသည်။ သူ ထိုနေရာတွင် ရပ်တန့်နေစဥ် နွယ်တစ်ဒါဇင်ကျော်က သူ့ပတ်ပတ်လည်ရှိ လေထုထဲတွင် ကြောက်မက်ဖွယ်ကောင်းစွာ လူးလွန့်နေ၏။ သူ့ထံမှ ဆေးနံ့အပြင် သွေးညှီနံများ ထွက်နေသည်။ သူ၏ အေးစက်သောမျက်နှာ၊ ခက်ထန်သောမျက်ဝန်း၊ ထိုအရာအားလုံးက အနက်ရောင်ဝတ်လူများ၏ နှလုံးကို တုန်ခါသွားစေသည်။
"မင်းက ဘယ်သူလဲ" အနက်ရောင်ဝတ်လူတစ်ယောက်က တုန်ရီနေသော အသံဖြင့်ပြောသည်။ ယင်းက မန်ဟို မေးရမည့်မေးခွန်းပင်။
မန်ဟိုက ပြန်မဖြေ။ မြောက်လေရူးက သွေးညှီနံ့များကို ဖယ်ရှားပစ်လိုသည့်အလား ခပ်ကြမ်းကြမ်းတိုက်ခတ်နေသဖြင့် သူ၏အဝတ်အစားများ တဖျပ်ဖျပ်လွင့်လျက်ရှိသည်။ လေတိုက်နေစဥ် မန်ဟိုက လက်မြှောက်လိုက်သည်။ သူ့လက်ဝါးထဲတွင် အနီရောင်အမှုန့်တချို့ ပေါ်လာ၏။
အမှုန့်များက လေထဲမြောက်တက်သွားပြီး အဘက်ဘက်သို့ မျောလွင့်သွားသည်။ စောစောက အတိုင်းထက်အလွန် ပြင်းထန်သော အဆိပ်ကို ပြန်သတိရလိုက်သဖြင့် အနက်ရောင်ဝတ်လူများ၏မျက်နှာများ ကွက်ခနဲ ပျက်သွားသည်။
လူ ၁၁ ယောက်ကား တစ်ချိုးတည်း ထွက်ပြေးတော့သည်။ သို့သော် ထိုစဥ်မှာပင် မန်ဟိုက ဂါယာမန္တယားဆိုင်ရာမုဒြာလက်ကွက် ဖော်ပြီးနောက် လက်ညှိုးထိုးလိုက်သည်။ သေးငယ်သောမီးစက်လုံးများ အစုလိုက်အပြုံလိုက် ပေါ်လာသည်။ ၄င်းတို့သည် လေလယ်တွင် လွင့်မျောနေစဥ် အစိမ်းရောင် စတင်ပြောင်းလာ၏။
၄င်းတို့ လောင်ကျွမ်းသွားပြီး ရုတ်တရက် ဧရာမ အစိမ်းရောင်မီးပင်လယ်ကြီး ပေါ်လာသည်။ ၄င်းမှာ အံသြမှင်သက်ဖွယ်ကောင်းပြီး မျောလွင့်နေသည့် အမှုန်များနှင့် ပေါင်းစည်းရင်း လေနှင့်အတူ ကြီးသထက်ကြီးလာနေသဖြင့် ၄င်း၏အပူရှိန်ကား မဖော်ပြနိုင်သည့် အတိုင်းအတာသို့ပင် ရောက်သွားတော့သည်။
တဟုန်းဟုန်း တောက်လောင်နေသည့် မီတာသုံးသောင်း အကျယ် မီးပင်လယ်ကြီး ပြန့်ကားလာသဖြင့် ပတ်ပတ်လည်ရှိ တောင်နံရံမှာ အပူကို မခံနိုင်တော့ပုံရသည်။ ၄င်းမှာ စတင်အက်ကွဲပြီး အရည်ပျော်ကျလာ၏။
အနက်ရောင်ဝတ်လူ ၁၁ ယောက်က ကပျာကယာ နောက်ဆုတ်နေကြသော်လည်း သူတို့မှာ ကြောက်မက်ဖွယ် အစိမ်းရောင်မီးပင်လယ်ကြီးထံမှ လွတ်မြောက်ရန်အထိ မမြန်၍ ဝါးမြိုခံလိုက်ရတော့သည်။
ဤအခိုက်အတန့်တွင် ခပ်လှမ်းလှမ်းမှ ပေါက်ကွဲသံ ကြားလိုက်ရသည်။ မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူက ကျင်းဟန်ဂိုဏ်းကျင့်ကြံသူ၏ ခေါင်းကို တစ်ချက်တည်းနှင့် ဖြတ်ပစ်လိုက်၏။ ထို့နောက် သူက လှည့်၍ မီးတောက်ပင်လယ်အနောက်တွင် မြင်ရသည်ဆိုရုံသာ ရှိသော မန်ဟို့ကို ကြည့်လိုက်ရာတွင် တင်းမာခက်ထန်သော အရိပ်အယောင်တစ်ခု သူ့မျက်လုံးများထဲ၌ ပေါ်ပေါက်လာသည်။
မီးပင်လယ်ခြားထားသည့်ကြားမှ မန်ဟိုက မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူကို ပြန်ကြည့်သည်။ မီးတောက်မီးလျှံအတွင်း၌ သေခါနီး အနက်ရောင်ဝတ်လူများ အော်သံများ ပွက်ပွက်ညံနေစဥ် သူတို့ကား တစ်ယောက်ကို တစ်ယောက် မမှိန်မသုန်ကြည့်နေကြသည်။
မိုးပြာရောင်မျက်နှာဖုံး ကျင့်ကြံသူက မန်ဟို့အဝတ်အစားကို ကြည့်ရင်း ပြောသည်။ " ဘယ်လောက်ငယ်လိုက်တဲ့ အရှေ့ဆေးဝါးအဖွဲ့ ဆေးပေါင်းဖိုဘုရင်လဲ။ အဲ့ဒီလိုလူ တစ်ယောက်ပဲ ရှိတယ်...... မင်းက ဖန်မုမလား" သူ့အသံသည် ခပ်အက်အက်နှင့် သဲသဲကွဲကွဲမကြားရသည့်တိုင် အေးစက်မှုတို့ ပြည့်နှက်နေသည်။
" ဒီလို အသတ်အဖြတ်စိတ်ဆန္ဒနဲ့ ကျင့်ကြံသူတွေကို တောင်ပိုင်းဒေသရဲ့ နေရာတစ်နေရာမှာပဲ တွေ့နိုင်တယ်" မန်ဟိုက တည်ငြိမ်စွာ ပြန်ဖြေသည်။ "အနက်ရောင်နယ်မြေ" တကယ်တော့ အနက်ရောင်ဝတ်ကျင့်ကြံသူများကို သူ ပထမဆုံး မြင်လိုက်စဥ်က သူတို့နှင့်ပတ်သက်၍ တစ်ခုခုက ရင်းနှီးနေလေသည်။ ယင်းမှာ အနက်ရောင်နယ်မြေကျင့်ကြံသူများအတွက် မိုးကြိုးသစ်ရွက်၏ အသုံးဝင်ပုံကို ပြောပြခဲ့သည့် ချင်းလော်ဂိုဏ်း၏မြင့်မြတ်သောနယ်မြေက ထိုကျင့်ကြံသူထံမှ ရခဲ့သည့်ခံစားချက်နှင့်တူသည်။
မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူ ဘာတွေးနေသည်လဲ မန်ဟိုမသိပေ။ သူမြင်ရသည်မှာ ထိုလူ အေးအေးဆေးဆေးလမ်းလျှောက်လာနေသည်ကိုပင်။ အမှန်တွင် သူသည် အလွန်လျင်မြန်စွာ ရွေ့လျားနေပြီး မီးပင်လယ်ကို ဖြတ်လာနေပုံရ၏။
မိုးပြာရောင်မျက်နှာဖုံး ကျင့်ကြံသူ ရှေ့တက်လိုက်သည့်အခိုက်၌ မန်ဟို၏ ဆေးပေါင်းဖိုဘုရင်ဝတ်ရုံ တဖျပ်ဖျပ်လက်လာသည်။ ထိုလူ မန်ဟို့အရှေ့ကို ရောက်ရန် မီးပင်လယ်ကို ဖြတ်လာစဥ်မှာပင် မန်ဟို၏ခန္ဓာကိုယ်မှာ တစတစပျောက်ကွယ်လာလေသည်။
တစ်နေရာတွင် မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူက ဓားပျံများဆင့်ခေါ်ပြီး ရှေ့ပို့လွှတ်လိုက်ရာ ပျောက်ကွယ်နေသော မန်ဟို့၏ပုံရိပ်ကို အထိအခိုက်မရှိဘဲ ဖောက်ထွက်သွား၏။
"ဖန်မု ဇီယွင်ဂိုဏ်းအရှေ့ဆေးဝါးအဖွဲ့မှာ ကျော်ကြားလာတဲ့သူ၊ ချင်းလော်ဂိုဏ်းမှာ အရှေ့ဆေးဝါးအဖွဲ့နဲ့ ကမ္ဘာဆေးဝါးအဖွဲ့ကြားက ဆေးတာအိုစကားစစ်ထိုးပွဲကို အောင်နိုင်သူ" မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူ၏အသံမှာ အေးစက်နေ၏။ သူက နောက်လိုက်ရန် အလျင်လိုနေပုံမရပေ။ သူစကားပြောစဥ် သူ၏ညာလက်သည် ဖြေးဖြေးချင်း မြောက်တက်ပြီး မုဒြာလက်ကွက်ဖော်လိုက်သည်။
"မင်းက ငါတို့စာရင်းပေါ်က ကိုးယောက်မြောက် ဆေးဝါးပညာရှင်ပဲ။ ပက်ပင်းတိုးတာ ဘယ်လောက်ကံကောင်းလိုက်သလဲ။ မင်းလွတ်မှာ မဟုတ်ဘူး" ထိုလူ၏မျက်လုံးများ လက်ခနဲဖြစ်သွားပြီး သူစကားပြောပြီးချိန်မှာပင် သူ့လက်ချောင်းများက မန္တန်လက်ကွက်ဖော်ပြီးလေပြီ။
"အာ ဒီဘက်ပဲ" မိုးပြာရောင်မျက်နှာဖုံးနှင့်လူ၏ ခန္ဓာကိုယ် ဖျတ်ခနဲလှုပ်ရှားပြီး လျှပ်စီးတန်းသဖွယ် တရှိန်ထိုး ထွက်သွား၏။ သူ၏အမြန်နှုန်းမှာ ချီအခြေတည်အဆင့်ထက် အလွန့်အလွန်ကျော်လွန်လှသည်။ ၄င်းတို့မှာ တစ်ဆင့်တည်းပင် မဟုတ်ပေ။ ပို၍ အံဖွယ်ကောင်းသည်က သူ၏အမြုတေချီ။ အမြုတေချီဆိုသည်မှာ အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူများသာ အသုံးပြုနိုင်သော အရာဖြစ်သည်။ ကျင့်ကြံသူတစ်ဦးတစ်ယောက်ချင်းစီ၏ အမျိုးမျိုးသော ပညာရပ်များနှင့် စွမ်းအားအဆင့်အရ သူတို့အသုံးပြုသော အမြုတေချီမှာ အရောင်ကွဲပြားလေသည်။
သို့သော် အားအနည်းဆုံး အမြုတေချီဆိုလျှင်တောင်မှ ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်၏ မဟာစက်ဝန်းကို ဖျက်စီးနိုင်သည်အထိ လုံလောက်သည်။ ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူအဖွဲ့တစ်ဖွဲ့ပင်လျှင် အမြုတေချီအသုံးပြုနေသည့် အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူတစ်ယောက်ကို လက်ဖြင့် ရွယ်နိုင်မည်မဟုတ်ပေ။
အမြုတေချီက အမြုတေဖြစ်တည်မှုမှော်ကို အထွတ်အထိပ်သို့ ရောက်ရှိအောင် လုပ်နိုင်သည်။ ထို့နောက်တွင် အဆိုပါကျင့်ကြံသူ အနုသုခုမရုပ်ခန္ဓာအဆင့်ရောက်ရှိသောအခါ သူတို့၏မှော်မှာ နတ်ဘုရားစွမ်းရည် တစ်ပိုင်းအဆင့်သို့ ရောက်ရှိသွားပေမည်။
ဤမိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူ၏ အမြုတေချီက ဝါဖျော့ဖျော့ အရောင်ဖြစ်ရာ သူ့တွင် လိမ္မော်ရောင်အမြုတေရှိကြောင်း ညွှန်ပြနေသည်။ အမြုတေချီ ထုတ်လွှတ်နေစဥ် ၄င်းအတွင်း၌ ဒဏ္ဍာရီလာသိမ်းငှက်တစ်ကောင်၏ ဝိုးတိုးဝါးတားပုံရိပ် တည်ရှိနေပုံရသည်။
အမြုတေချီသည် ကျင့်ကြံသူ၏စိတ်ဆန္ဒအလျောက် ပုံသဏ္ဍာန်အမျိုးမျိုးပြောင်းနိုင်၏။ ဥပမာ ဤကျင့်ကြံသူ စိတ်ထဲတွင် ပေါ်လာသည့် ဒဏ္ဍာရီလာသိမ်းငှက်က အမြုတေချီထံသို့ ကြောက်မက်ဖွယ် အမြန်နှုန်း ပေါင်းထည့်ပေးလိုက်လေသည်။
ဤ သဘော သဘာဝက အမြုတေဖြစ်တည်မှုမှော်ကို အမြင့်မားဆုံးစွမ်းအားအထိ အသုံးပြုခွင့် ပေးလေသည်။
ထို့ကြောင့် မန်ဟို အမြန်ဆုံးအရှိန်ဖြင့် ထွက်ပြေးပြီး အသက်ဆယ်ရှိုက်ခန့်သာရှိသေးသည်၊ သူ့အနောက်မှ ချဥ်းကပ်လာနေသော မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးမားသည့်ချီကို ရုတ်တရက် အာရုံရလိုက်ခြင်းဖြစ်၏။
ဤသည်မှာ သူ အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူများကို ပထမဆုံးရင်ဆိုင်ဖူးခြင်း မဟုတ်ပေ။ သူ့အနေဖြင့် သူတို့ကို သိပ်လေးစားနေခြင်းမရှိ။ ကျိုးပြည်မှာတုန်းကပင် သူသည် အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူများကို သေတွင်းပို့ခဲ့ပြီးဖြစ်သည်။
အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူ သူ့အနားရောက်ခါနီးဆဲဆဲ ဆေးပေါင်းဖိုဘုရင်ဝတ်ရုံကား နောက်တစ်ဖန် လင်းလက်သွားပြီး သူသည် မီတာလေးဆယ်အဝေးသို့ ချက်ချင်း နေရာရွှေ့ပြောင်းခံလိုက်ရသည်။
သူက တွန့်ဆုတ်မနေဘဲ စပြေး၏။ သူ့လက်ထဲတွင် ငါးနှစ်အတွင်း မသုံးခဲ့သော ကံကောင်းခြင်းအဆောင်ရှိသည်။ ၄င်းက တဖျပ်ဖျပ်လက်နေသော်လည်း သူ ၄င်းကို အသက်မသွင်းနိုင်ခင် အချိန်တချို့ကြာဦးဖြစ်ကြောင်း ပြောနိုင်သည်။
"ငါ့ ခုနစ်ခုမြောက် တာအိုမဏ္ဍိုင်က ပြီးခါနီးပြီ။ ဒါပေမဲ့ အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့တော့ ပြိုင်လို့မရသေးဘူး။ ဒါပေမဲ့ ငါ့မှာ ဝိညာဥ်ကျောက်တုံးလုံလုံလောက်လောက်၊ ဆေးပင်လုံလုံလောက်လောက်၊ ဆေးလုံးလုံလုံလောက်လောက် ရှိတယ်.... ငါ ချီအခြေတည်ခြင်း မဟာစက်ဝန်းအဆင့် မရောက်မချင်း မရပ်မနားတွန်းပို့ရမယ်" ခိုင်မာပြတ်သားမှုသည် သူ၏မျက်လုံးများထဲ၌ ပေါ်ပေါက်လာ၏။ မကြာမီ သူသည် ငါးနှစ်တိုင်တိုင် ဆေးဝါးတာအိုလေ့လာခဲ့ခြင်းမှ စုဆောင်းခဲ့သော အသိအမြင်အလုံးစုံကို အသုံးချနိုင်တော့ပေမည်။
***