← Chapters

အမြုတေဖြစ်တည်မှု အဆင့်နှင့် ပထမဆုံး တိုက်ပွဲ

Vol. 19 Ch. 262

အမြုတေဖြစ်တည်မှု အဆင့်နှင့် ပထမဆုံး တိုက်ပွဲ

Vol. 19 Ch. 262

အံသြတုန်လှုပ်ဖွယ် ထစ်ချုန်းသံကြီး အရပ်မျက်နှာတစ်ခွင် မြည်ဟည်းသွားသည်။ တစ်ချိန်တည်းမှာပင် အေးခဲချီတစ်ခုက မန်ဟို့ထံ ပြေးဝင်လာ၏။

မန်ဟို ဒုတိယအကြိမ် ဆေးပေါင်းဖိုဝတ်ရုံကို အသုံးပြုပြီးနောက် အသက်အရှိုက်သုံးဆယ်ကြာခဲ့လေပြီ။

သူ သိပ်ဝေးဝေးလံလံ မပျံသန်းနိုင်ခင် မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူက ထပ်ကြပ်မကွာ လိုက်နေသည်။ ဤအခိုက်အတန့်တွင် ထိုလူသည် အတန်ငယ် ကွာဝေးသေး၏။ သို့သော် ဝါဖျော့ဖျော့အလင်းရောင်က သူ့ခေါင်းထိပ်မှ ဆက်လက်ဖြာထွက်နေဆဲ ဖြစ်သည်။ ၄င်းအထဲတွင် ဓားတစ်လက်၏ပုံရိပ်အား ခပ်ရေးရေးမြင်လာရသည်။

၄င်းသည် ပုံရိပ်ယောင်ဟု ထင်ရသော်လည်း ဤအကွာအဝေးမှ လှမ်းကြည့်သည်ပင် မန်ဟို့ကို ရင်တုန်သွားစေ၏။ ပြင်းထန်သော အန္တရာယ်အငွေ့အသက်က သူ့စိတ်နှလုံးထဲ၌ ပြည့်နှက်လာသည်။

"ဒီလူက အမြုတေချီကို ကျင့်ကြံထားတာပဲ" မန်ဟို တွေးလိုက်မိသည်။ သူသည် ကျင့်ကြံခြင်းလောကသို့ အသစ်ရောက်ရှိလာသူမဟုတ်တော့ပေ။ သူအနေဖြင့် အကြောင်းကိစ္စမျိုးစုံ တွေ့မြင်ကြုံတွေ့ခဲ့ရပြီး အမြုတေဖြစ်တည်မှုအဆင့်၏ ကြောက်မက်ဖွယ်ကောင်းမှု၊ အထူးသဖြင့် အံ့ဖွယ်အမြုတေချီကို လွန်ခဲ့သောအချိန်များထဲက ရင်ဆိုင်ခဲ့ဖူးလေသည်။

ကျိုးပြည်မှာတုန်းက သူဆုံတွေ့ခဲ့ရသည့် အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူများအနက်မှ အဘွားအိုကလွဲ၍ မည်သူမှ အမြုတေချီကို အသုံးမပြုနိုင်ခဲ့ပေ။ ဤအရာအားလုံးမှာ မန်ဟျု အရှေ့ဆေးဝါးအဖွဲ့၏ ရှေးဟောင်းမှတ်တမ်းများအား ဖတ်ရှုပြီး ကောက်နုတ်ထားသော အချက်အလက်များဖြစ်၏။

"အမြုတေချီမှာ အမြဲပြောင်းလဲနေတဲ့ ပုံစံတွေရှိတယ်။ ဒါပေမဲ့ သူ့ရဲ့ဗဟိုချက်ကတော့ မပြောင်းလဲဘူး။ ဒီလူ့ အမြုတေချီရဲ့အနှစ်သာရ ဘာများပါလိမ့်...." သူ့နှလုံးသားမှာ တုန်ရီနေသော်လည်း ရုတ်တရက် အကြံတစ်ခုက ဖျတ်ခနဲပေါ်လာသည်။

တစ်ချိန်တည်းမှာပင် သူက တခြားနေရာ ပြောင်းရွှေ့ရန် ဆေးပေါင်းဖိုဘုရင်အစွမ်းကို မဆိုင်းမတွ အသုံးပြုလိုက်သည်။ သူ၏ ခန္ဓာကိုယ်ပျောက်ကွယ်လာလျှင်ချင်း ဓားပုံရိပ်သည် ကောင်းကင်နှင့်မြေကြီးကို ကိုင်လှုပ်နိုင်သော စွမ်းအားကြီးဖြင့် ထွက်ပေါ်လာသည်။ ဓားချီက ပတ်ဝန်းကျင်တစ်ခုလုံးကို ပိတ်လှောင်ရင်း ထိုးတက်သွားသည်။ သို့သော် မန်ဟို့၏ ဝိုးတိုးဝါးတား ခန္ဓာကိုယ်က ၄င်းကို သီသီလေးဖြတ်ကျော်နိုင်သွားသေး၏။

"ဘယ်လောက် သွက်ပြီး ဉာဏ်များတဲ့ ဆေးဝါးပညာရှင်လဲ" မိုးပြာရောင်ဝတ်ရုံနှင့်လူက ပြောသည်။ "ဒါပေမဲ့ မင်း အဲ့ဒီဝတ်ရုံကို သုံးကြိမ်ပဲ သုံးလို့ရတဲ့အပြင် ကီလိုမီတာငါးဆယ်ထက်ပိုပြီး ရွှေ့ပြောင်းမပေးနိုင်ဘူး။ မင်း နောက်တစ်ကြိမ် ဘယ်လိုထွက်ပြေးမလဲဆိုတာ.....ကြည့်ကြသေးတာပေါ့" ထို ကျင့်ကြံသူက မျက်စိမှိတ်လိုက်ပြီး ဝါဖျော့ဖျော့ အမြုတေချီ ပျံ့ထွက်လာသည်။ ပုံရိပ်ယောင်ဓား လက်ခနဲဖြစ်သွားပြီး စတင်လည်ပတ်လာ၏။ အသက်သုံးရှိုက်ကြာသော် ၄င်းသည် တဝီးဝီးမြည်လာပြီး ဓားထိပ်က မြောက်အရပ်ကို ညွှန်ပြလေသည်။

မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူ၏ မျက်လုံးများ ဖြတ်ခနဲ ပွင့်လာပြီး သူ၏ခန္ဓာကိုယ်သည် မြောက်ဘက်သို့ တဟုန်ထိုးထွက်သွား၏။

ကီလိုမီတာ လေးဆယ်အကွာတွင် မန်ဟို ပြန်ပေါ်လာသည်။ သူပေါ်လာလျှင်ချင်း သူ့နှုတ်ခမ်းထောင့်မှ သွေးများ စတင်စီးကျလာသည်။ သူ့ရင်ဘတ်ပေါ်ရှိ ဓားဒဏ်ရာမှလည်း သွေးထွက်နေ၏။ သူသာ မဆိုစလောက်လေး နောက်ကျပြီးမှ နေရာရွှေ့ပြောင်းလျှင် စောစောက ဓားကား သူ့ကို ထက်ပိုင်းပိုင်းခဲ့ပြီးလောက်သည်။

သူ့မှာ ပါးစပ်မှ သွေးကို အချိန်ကုန်ခံ သုတ်မနေပေ။ သူ၏ခန္ဓာကိုယ်သည် လျှပ်စီးတန်းသဖွယ် တဟုန်ထိုးထွက်သွား၏။

"တစ္ဆေဓား၊ ဒီလူ့ရဲ့ ကိုယ်ပိုင်အမြုတေက ဓားဖြစ်မယ်ထင်တယ်....." ခက်ထန်သောအရိပ်အယောင်တစ်ခု မန်ဟို့မျက်နှာပေါ်၌ ပေါ်လာသည်။ အမြုတေချီ ကျင့်ကြံထားခြင်းမရှိသော အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူတစ်ယောက်ဆိုလျှင် မန်ဟို့ကို ဤသို့ ကျဥ်းထဲကြပ်ထဲရောက်စေနိုင်မည်မဟုတ်။ သို့သော် အမြုတေချီမှာ အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူများ၏ အစွမ်းထက်ဆုံးလက်နက်ဖြစ်သည်။ ဤမိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူ အမြုတေဖြစ်တည်မှု စဦးပိုင်းအဆင့်တွင် အမြုတေချီကို ကျင့်ကြံထားခြင်းက သူ့တွင် လက်ဖျားခါလောက်အောင် မြင့်မားသောပင်ကိုယ်စွမ်းရည် ရှိသည်ဟု ဖော်ပြနေကြောင်း မန်ဟိုသိသည်။

ဆေးပေါင်းဖိုဘုရင်ဖြစ်ပြီးနောက် မန်ဟိုသည် အမြုတေဖြစ်တည်မှုအဆင့်နှင့် ပတ်သက်၍ ရှေးမှတ်တမ်းများထဲတွင် အတော်များများ ရှာဖွေလေ့လာခဲ့ဖူး၏။ ထို့ကြောင့် သူသည် အမြုတေချီကဲ့သို့သော အရာများနှင့် အတော်လေးရင်းနှီးလေသည်။ ပြောရလျှင် အမြုတေဖြစ်တည်မှု နှောင်းပိုင်းအဆင့် သိို့မဟုတ် ရံဖန်ရံခါ အလယ်အလတ်အဆင့်တွင် အမြုတေချီကို ကျင့်ကြံကြခြင်းဖြစ်သည်။ ရွေးချယ်ခံ လူနည်းစုသာ အမြုတေချီကို စဦးပိုင်းအဆင့်တွင် ကျင့်ကြံကြလေသည်။

ထိုသို့သော ကျင့်ကြံသူများမှာ အလွန်ရှားပါး၏။ အားလုံးအထဲ အရှားပါးဆုံးမှာ စဦးပိုင်းအဆင့်ထံ ဝင်ရောက်သည့်အခိုက်အတန့်ထဲက အလိုအလျောက် အမြုတေချီ ပိုင်ဆိုင်ထားသူများပင်။

အမြုတေချီ၏ အမျိုးမျိုးပြောင်းလဲနေသော ပုံသဏ္ဍာန်များအနက် ပြောင်းလဲခြင်းမရှိသော ပုံစံတစ်ခုရှိသည်။ ဤသည်မှာ ကျင့်ကြံသူအားလုံးနှင့် ကွဲပြားပြီး တစ်ဦးတစ်ယောက်တည်းနှင့်သာ သက်ဆိုင်သည့် ကိုယ်ပိုင်ပုံစံဖြစ်သည်။

မန်ဟိုမှာ မျက်မှောင်ကုတ်လျက် ရှေ့ဆက်သွားနေသည်။ သူက ဆေးလုံးတစ်လုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်၏။ ၄င်းအရည်ပျော်သွားစဥ် နွေးထွေးမှုက သူ၏ကိုယ်အတွင်း ပြည့်နှက်သွားကာ အမြန်နှုန်းတိုးလာသည်။

"အရှိုက်သုံးဆယ်ကျန်သေးတယ်......" သူ့လက်ထဲရှိ ကံကောင်းခြင်းအဆောင်မှာ သူ အနက်ရောင်ဝတ်လူများအား စတင်တိုက်ခိုက်သည့်အခိုက်အတန့်မှစ၍ အသက်ဝင်လာနေ၏။ ယခုတွင် သူ ၄င်းအား အသက်မသွင်းနိုင်ခင် အသက်အရှိုက်သုံးဆယ် ကျန်သေးလေသည်။

ထိုသို့ အသက်သွင်းပြီးပါက မန်ဟို ပျောက်ကွယ်သွားပြီး မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူအနေနှင့် သူ့ကို ခြေရာခံနိုင်တော့မည် မဟုတ်ပေ။

သို့သော် အသက်ဆယ့်ရှစ်ရှိုက်ကြာပြီးနောက် ဝါဖျော့ဖျော့ အမြုတေချီ၏ အလင်းရောင်က ကောင်းကင်တစ်ပြင်လုံး ပြည့်နှက်သွားသည်။ ကျောစိမ့်အောင် အေးစက်သော ချီ နောက်တစ်ဖန် ထွက်ပေါ်လာ၏။ အဝေးတွင် မိုးပြာရောင်မျက်နှာဖုံး ကျင့်ကြံသူ၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ကို လေအလယ်၌ မြင်နိုင်လေသည်။ သူ မရပ်မနားချဥ်းကပ်လာနေစဥ် ပတ်ဝန်းကျင်ရှိ အရာများကား ဖရိုဖရဲ တုန်ခါနေပုံ၏။

မန်ဟိုက ထိုသူ ချဥ်းကပ်လာသည်ကို အာရုံရလိုက်သည်နှင့်တစ်ပြိုက်နက် သိုလှောင်အိတ်ကိုပုတ်ပြီး ကျောက်စိမ်းလည်ဆွဲကို ထုတ်ကာ လက်ချောင်းကြားညှပ်၍ ချိုးဖျက်လိုက်သည်။

"ငါ ရန် ၊ မင်း ထွက်မပြေးနိုင်ဘူးဆိုတာ ပြောပြီးပြီ" မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူက အေးစက်စွာ ပြောသည်။ "မင်းက မဖြစ်စလောက် ချီအခြေတည်အဆင့် ကျင့်ကြံသူလေးသာသာပဲ။ ဒီလောက် ပြေးနိုင်တာတော့ မင်းဂုဏ်ယူသင့်တယ်" အမြုတေချီထဲရှိ ဓားပုံရိပ်က နားကွဲလုမတတ် စူးနေသော အသံတစ်သံ ထုတ်လွှတ်လိုက်သည်။ ၄င်းက ရေခဲတမျှ အေးစက်မှုကို ဖြန့်ကျက်ရင်း မန်ဟို့ကို တန်းတန်းမတ်မတ် ဦးတည်လာ၏။

၄င်း၏အမြန်နှုန်းမှာ မှင်သက်ဖွယ်ကောင်းပြီး မျက်စိတစ်မှိတ်အတွင်း..... သူ့အရှေ့တည့်တည့်ရောက်လာလေပြီ။

၄င်းက သူနဖူး တည့်တည့်သို့ ပြေးဝင်လာနေပြီး ထိုးဖောက်တော့ခါနီးဖြစ်သည်။ မန်ဟို့အတွက် ရှောင်ချိန်မရှိပေ။ သူတို့၏ ကျင့်ကြံခြင်းအခြေခံနှစ်ခု ကွာခြားမှုက ကြီးမားလွန်းသည်။ သေခြင်းကား ရောက်ရှိလာတော့မည်။

သို့သော် ဤအခိုက်အတန့်မှာပင် မန်ဟို့လက်ဝါးမှ အလင်းရောင်ဖြာထွက်လာသည်။ တရိပ်ရိပ်လှုပ်နေသော ရေသဖွယ် အလင်းရောင်က မန်ဟို၏ခန္ဓာကိုယ်ကို လွှမ်းခြုံလာ၏။ ၄င်းသည် စိမ်းပြာရောင်အကာအကွယ်တစ်ခုအသွင်ပြောင်းရင်း ပြန့်ကားလာကာ အမြုတေချီ တစ္ဆေဓားအား ဝင်တိုက်သွားသည်။

အကာအကွယ်ကို မြင်သောအခါ မိုးပြာရောင်မျက်နှာဖုံးအောက်က ကျင့်ကြံသူ၏မျက်လုံးများ ပြူးကျယ်သွား၏။ သူ၏သူငယ်အိမ်များ ကျုံ့သွားပြီး မယုံကြည်နိုင်သောအရိပ်အယောင်တစ်ခု မျက်လုံးထဲ၌ ပေါ်ပေါက်လာသည်။ သူက အမြုတေချီ တစ္ဆေဓားကို ပြန်ခေါ်ရန်ပြင်လိုက်သော်လည်း နောက်ကျသွားခဲ့လေပြီ။

အဆုံးအစမရှိအောင် ထက်ပုံရသော အမြုတေချီက စိမ်းပြာရောင်အကာအကွယ်ကို အသံကင်းမဲ့စွာ ဝင်တိုက်သွားသည်။ ချက်ချင်းပင် ၄င်းမှာ အားနည်းသွားပြီးနောက် အစိတ်စိတ်အမြွှာမြွာအက်ကွဲလာ၏။ မျက်စိတစ်မှိတ်အတွင်း ၄င်းကား အမှုန့်ဖြစ်သွားတော့သည်။

အမြုတေချီ တစ္ဆေဓား အမှုန့်ဖြစ်သွားကို မြင်ရခြင်းက မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူကို ဒေါသတကြီး နှာမှုတ်လိုက်စေသည်။ မျက်နှာဖုံးအောက်တွင် သူ့ပါးစပ်မှ သွေးများစီးကျလာ၏။ သူ့မျက်လုံးများကား ဒေါသမီးတောက်နေတော့သည်။ သူသည် အမြုတေချီ ကျင့်ကြံထားသော အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်၏။ သို့သော် မဖြစ်စလောက် ချီအခြေတည်အဆင့်ကျင့်ကြံသူလေးတစ်ယောက်နှင့် ကစားရန် ကြိုးစားခြင်းက သူ၏အမြုတေချီကို အစိတ်စိတ်အမွမွ ပြိုပျက်စေခဲ့ပြီး သူ့ကို အနာတရဖြစ်စေခဲ့သည်။

"အနုသုခုမရုပ်ခန္ဓာကျင့်ကြံခြင်းသွေး.......မင်း ဘယ်လောက်များများသုံးနိုင်မလဲ ကြည့်ရသေးတာပေါ့" မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူ၏ မျက်လုံးများထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒမှာ ပို၍အားကောင်းလာသည်။ သူက ညာလက်ဖြင့် ဂါယာမန္တယားဆိုင်ရာ မုဒြာလက်ကွက်ဖော်ရင်း မန်ဟိုထံ တဟုန်ထိုးဦးတည်သွား၏။ မှော်စွမ်းအားတို့ ပေါက်ကွဲထွက်လာပြီး နဂါးဆယ်ကောင်၊ ဖီးနစ်ငှက်ဆယ်ကောင် အသွင်ပြောင်းကာ မန်ဟို့ကို ထိုးဆင်းကြသည်။

တစ်ချိန်တည်းမှာပင် စိမ်းပြာရောင်အကာအကွယ်သည် မန်ဟို့လက်ဝါးထဲသို့ ပြန်လည်ကျုံ့ဝင်ကာ ကျောက်စိမ်းလည်ဆွဲအသွင် ပြန်ပြောင်းသွားသည်။ ဤလည်ဆွဲ မှာ ယီးကျန့်ဂိုဏ်းတွင် အောင်နိုင်ခဲ့သည့် အကျိုးအမြတ်များထဲကတစ်ခု ဖြစ်သည်။ ၄င်းက ချန်ဖန်း၏ဆရာ၊ ကျိုးရှန်ယွဲ့၏ ကျင့်ကြံခြင်းအခြေခံမှ သွေးပါဝင်သည့် အသက်ကယ်ရတနာဖြစ်ပြီး အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက်၏ တိုက်ကွက်ကို ခုခံနိုင်လေသည်။

၄င်းမှာ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ၏ တိုက်ကွက်ကို ခုခံနိုင်သော်လည်း တစ်ကြိမ်သာ အသုံးပြုနိုင်၏။ အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူတစ်ယောက်ကို ခုခံခြင်းက ၄င်း၏အလင်းရောင်ကို မှေးမှိန်သွားစေပြီး နောက်တစ်ကြိမ် သုံး၍ရသေးသော်လည် ယခုတော့မဟုတ်ပေ။

မိုးပြာရောင်မျက်နှာဖုံး ကျင့်ကြံသူ၏ပါးစပ်မှ သွေးများစီးကျလာသည်။ ဝူ့မှာ ဒဏ်ရာရသွားပြီး သူ့ခေါင်းထက်ရှိ အမြုတေချီမှာ မတည်ငြိမ်တော့ပေ။ သို့သော် သူသည် မန်ဟို့ထံ ဆက်လက် ဦးတည်လာနေသေးသည်။ နဂါးဆယ်ကောင်၊ ဖီးနစ်ငှက်ဆယ်ကောင်သည်လည်း ဟိန်းဟောက်ရင်း လေကိုခွင်း၍ ထိုးဆင်းလာနေ၏။ ရုတ်တရက် မန်ဟို့၏မျက်လုံးများ၌ ပြင်းထန်သော အသတ်အဖြတ်စိတ်ဆန္ဒ ပေါ်ပေါက်လာသည်။

သူက ထွက်မပြေးဘဲ လက်ကိုမြှောက်ပြီး မိုးပြာရောင်မျက်နှာဖုံး ကျင့်ကြံသူထံ ညွှန်လိုက်သည်။

"အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်" သူ့မျက်လုံးအိမ်ထဲ၌ သွေးကြောများ ထောင်လာသည်။ သူ လက်ညှိုးထိုးလိုက်စဥ် ကောင်းကင်နှင့်မြေကြီးသည် တသိမ့်သိမ့် တုန်ခါလာ၏။ မန်ဟို့၏ ခန္ဓာကိုယ်လည်း တုန်ရီလာပြီး အရာအားလုံး လှုပ်ရမ်းလာသည်။ နဂါးဆယ်ကောင်နှင့် ဖီးနစ်ငှက်ဆယ်ကောင်ပင်လျှင် လှုပ်ရှားသွား၏။ သရဲပုံရိပ်များ ဖွေးဖွေးလှုပ်လာပြီး မိုးပြာရောင်မျက်နှာဖုံး ကျင့်ကြံသူကို ခုန်အုပ်လိုက်ကြသည်။

မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူ၏ မျက်နှာထား ရိပ်ခနဲ ပြောင်းသွား၏။ နဂါးဆယ်ကောင်နှင့် ဖီးနစ်ငှက်ဆယ်ကောင်မှာ ချုပ်နှောင်ခံနေရသည့်အလား လူးလွန့်နေသည်။ ကမ္ဘာကြီးမှာ ဇော်ထိုးမိုးမျှော် ဖြစ်သွားပုံရပြီး ပတ်ဝန်းကျင်ရှိ အရာရာတိုင်း လှုပ်မရတော့ပေ။

ချုပ်နှောင်ခြင်းမှာ မိုးပြာရောင်မျက်နှာဖုံးနှင့် ကျင့်ကြံသူ သူ၏ကျင့်ကြံခြင်းအခြေခံဖြင့် ထိန်းချုပ်နိုင်စွမ်းမရှိသကဲ့သို့ပင်။

"ဒါ ဘာမှော်ပညာလဲ " သူက ရင်တဒိန်းဒိန်းခုန်နေလျက် ပြောသည်။

မန်ဟို့မျက်ဝန်းထဲတွင် သွေးကြောများပြည့်နေပြီး သူက သွေးတစ်ပွက်အန်လိုက်သည်။ အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူတစ်ယောက်အပေါ် ချုပ်နှောင်မန္တန်အသုံးပြုခြင်းက မယုံနိုင်လောက်အောင် ဝန်များလေသည်။ သူ့ခန္ဓာကိုယ်ရှိ သွေးပြန်ကြောများအားလုံး ပေါက်ထွက်တော့မတတ်ပင်။ မန်ဟို၏အသတ်အဖြတ်စိတ်ဆန္ဒကား တဟုန်းဟုန်းတောက်နေ၏။ သူက အင်္ကျီလက်စကို ခါလိုက်ရာ အနီရောင်အမှုန့်များ ပတ်ဝန်းကျင်တွင် ပျံ့သွားပြီး အနီရောင်မြူထုအသွင် ပြောင်းသွားသည်။ မြူများသည် တဖွေးဖွေးလှုပ်နေပြီး မန်ဟို ရှေ့လှမ်းလိုက်သည်တွင် ၄င်းက မိုးပြာရောင်မျက်နှာဖုံး ကျင့်ကြံသူထံ ပြေးဝင်သွား၏။

တစ်ချိန်တည်းမှာပင် မန်ဟိုသည် အသက်ကယ်ကျောက်စိမ်းလည်ဆွဲကို ဝတ်ရုံထဲ ထည့်လိုက်သည်။ သူ၏ဘယ်လက်က မြောက်တက်သွားပြီး လက်ချောင်း တစ်ချောင်း၊ နှစ်ချောင်း၊ သုံးချောင်း....စုစုပေါင်းငါးချောင်းကို လှီးလိုက်သည်။ သူ၏လက်ငါးချောင်းလုံးမှ သွေးများစီးကျလာကာ......သွေးလက်ဝါး ပုံစံပေါ်လာသည်။

သွေးလက်ဝါး ပေါ်လာသောအခါ သူ့ပတ်လည်ရှိ အနီရောင်မြူထုမှာ သွေးမြူထုအဖြစ် ပြောင်းတော့မည့်အသွင်ဖြင့် ပို၍ပင် ပြင်းထန်စွာ ဆူပွက်လာသည်။ မြူထုသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို စတင်တိုက်စားလာသည်။ ၄င်းမှာ အလွန် အဆိပ်ရှိပုံရပြီး မန်ဟို့ တိုက်ကွက်စွမ်းအားကို ၃၀ ရာခိုင်နှုန်းတိုးသွားစေ၏။

ဖြစ်ကြောင်းကုန်စင်ရှင်းပြရန် အချိိန်အတော်ကြာလိုက်သော်လည်း တကယ်တမ်း တခဏအတွင်း ဖြစ်ပျက်သွားခြင်းပင်။ မန်ဟို၏ မြောက်မြားစွာသော တိုက်ကွက်များ မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူအပေါ် ကျဆင်းလာစဥ် ထိုလူ့မှာ မျက်လုံးအစုံပြူးကျယ်သွားတော့သည်။ ရုတ်တရက် သူ့မှာ လှုပ်နိုင်သွား၏။ သူကား အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်ပါလော။ အဋ္ဌမမန္တန်သည် သာလွန်ထူးကဲသော်လည်း ထိုလူကို အသက်နှစ်ရှိုက်ထက်ပို၍ မချုပ်နှောင်ထားနိုင်ပေ။

"အရေးမပါတဲ့အစွမ်းနဲ့များ၊ သေစမ်း" မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူက ဟိန်းဟောက်သည်။ သူ၏ညာလက်သည် မုဒြာလက်ဟန် လှုပ်ရှားသွားပြီးနောက် မန်ဟိုထံ တွန်းထုတ်လိုက်သည်။ ချက်ချင်းပင် ဟိန်းဟောက်သံကြီး လေထုထဲ ပြည့်နှက်သွားပြီး ခေါင်းဆယ်လုံးနှင့် ပုံရိပ်ယောင်နဂါးတစ်ကောင် ထွက်ပေါ်လာသည်။ ၄င်းက ဒေါသတကြီးမာန်ဖီရင်း မန်ဟို၏တိုက်ကွက်ကို ရင်ဆိုင်ရန် ဦးတည်လာ၏။ ဝုန်းခနဲ မြည်သည်းသွားသည်။

အနီရောင်မြူထု ပြိုကွဲသွား၏။ သွေးလက်ဝါး လွင့်စင်ပျောက်ကွယ်သွားသည်။ မန်ဟို့မှာ ပါးစပ်မှ သွေးများပန်းထွက်ရင်း ကြိုးဖြတ်ခံလိုက်ရသော စွန်ငယ်ပမာ လွင့်ထွက်သွားသည်။ မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူက သူ့နောက် လိုက်ရန် ပြင်လိုက်သည်။ သို့သော် မန်ဟိုက ဆိုးဆိုးရွားရွား ဒဏ်ရာရပြီး နောက်သို့လွင့်ထွက်သွားသည့် ခိုက်တန့်မှာပင် ရုတ်တရက် သိုလှောင်အိတ်ကို ပုတ်လိုက်သဖြင့် ထိုလူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားတော့သည်။ မန်ဟိုက အင်္ကျီလက်စကိုခါပြီး အမှုန်များအား ထပ်မံပို့လွှတ်လိုက်သည်။ ၄င်းမှာ ခပ်ပါးပါးသာဖြစ်သော်လည်း မိုးပြာရောင်မျက်နှာဖုံး ကျင့်ကြံသူကို တခဏ ရပ်တန့်သွားစေရန် လုံလောက်၏။

စောစောက သူသည် သွေးမြူများ သူ့အဆုတ်ထဲမဝင်အောင် ဟန့်တားနိုင်ခဲ့၏။ သို့သော် ထိုမြူ၏ ကြောက်မက်ဖွယ်စွမ်းအားကို သူအာရုံရလိုက်သေးသည်။ အဘယ်ကြောင့်ဆိုသော် မဆိုစလောက် ထိခိုက်သွားသည့် သူ၏ညာလက်သန်းပေါ်က ရှရာသေးသေးလေးကြောင့်ပင်။ ထိုမဖြစ်စလောက်လေးက သူ့ခန္ဓာကိုယ်တစ်လျှောက်လုံး ပြင်းပြင်းထန်ထန် နာကျင်သွားစေသည်။

မန်ဟို ပါးစပ်မှ သွေးများပန်းထွက်ပြီး နောက်သို့လွင့်ထွက်သွားစဥ်မှာပင် သူ၏သူငယ်အိမ်နှစ်ဖက်က ခရမ်းရောင်အလင်းတောက်ပလာသည်။ သူ၏အရေပြားနှင့် ချီစီးဆင်းမှုလမ်းကြောင်းများလည်း ခရမ်းရောင်သမ်းလာပြီး သူ့တစ်ကိုယ်လုံး လင်းထိန်နေစေသည်။

ဤသည်မှာ ခရမ်းမျက်ဆံပြောင်းလဲခြင်းပင်။

ခရမ်းမျက်ဆံပြောင်းလဲခြင်းအတွင်း၌ မန်ဟို့၏ခန္ဓာကိုယ်သည် လျင်မြန်စွာ ပြန်လည်သက်သာလာနေ၏။ သူက အဆိပ်မြူများခြံရံလျက် မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူနှင့် သူ့ခေါင်းထိပ်မှ ထုတ်လွှတ်နေသော အမြုတေချီကို စိုက်ကြည့်လိုက်သည်။ ထိုလူမှာ မြန်မြန်ဆန်ဆန် တည်ငြိမ်လာနေ၏။ အလွန်ဆုံး အသက်ဆယ်ရှိုက်အတွင်း သူသည် အမြုတေချီကို ထုတ်လွှတ်နိုင်တော့မည် ဖြစ်သည်။

မန်ဟို သည့်ထက်ပို၍ တုံ့ဆိုင်းမနေတော့ပေ။ သူသည် ကံကောင်းခြင်းအဆောင်အပေါ် ချက်ချင်း ဖိချပြီး နေရာရွှေ့ပြောင်းခြင်းအစွမ်းကို အသက်သွင်းလိုက်၏။

ချက်ချင်းပင် တွင်းနက်ကြီးတစ်ခုပေါ်လာပြီး မန်ဟို့ကို ဝါးမြိုသွားသည်။ ဤအဖြစ်အပျက်က မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူကို လုံးဝကြောင်အမ်းသွားစေသည်။ သူ၏မျက်နှာ ရိပ်ခနဲဖြစ်သွားပြီး သူက တဟုန်ထိုးပြေးလိုက်တော့သည်။

သို့သော် နောက်ကျလွန်းသွားလေပြီ။

***

All Chapters