ရှေးတာအိုရေပူစမ်း
Vol. 19 Ch. 263
မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူ၏အမူအရာ တင်းမာခက်ထန်သွားသည်။ သူ၏မျက်ဝန်းများမှ အေးစက်မှုတို့ ထုတ်လွှတ်နေပြီး ထိုအေးစက်မှုအတွင်းထဲ၌ အမျက်ဒေါသပါရှိနေသည်။ သူသည် အမြုတေဖြစ်တည်မှုအဆင့် ရောက်ရှိပြီး အမြုတေချီ ကျင့်ကြံခဲ့သည့် အခိုက်အတန့်မှစ၍ အမြုတေချီကင်းမဲ့သော ကျင့်ကြံသူတိုင်းကို အလွယ်တကူ သုတ်သင်ချေမှုန်းနိုင်ခဲ့သည်။
သို့သော် ယနေ့တွင် ချီအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်က သူ၏အမြုတေချီကို ပြိုကွဲစေခဲ့သည့်အပြင် သူ့ကို ထိခိုက်ဒဏ်ရာစေပြီး အလျင်အမြန် ဖိနှိပ်ခဲ့သည်။ ဤအရာအားလုံးကြောင့် သူ၏ဒေါသကား တဟုန်းဟုန်းတောက်နေတော့သည်။
ပို၍ပင် စိတ်တိုစရာကောင်းသည်မှာ သူ ပုရွက်ဆိတ်လေးသဖွယ်သာ သတ်မှတ်ထားသော လူတစ်ယောက်က သူ၏မျက်စိရှေ့မှောက်မှာတင် မျက်နှာဖုံးအဖြူနှင့်လူအားလုံးကို တစ်ယောက်မကျန် သတ်ဖြတ်သွားခြင်းပင်။ ယင်းကဲ့သို့ ရန်စခြင်းက သူ့ရင်ထဲ၌ အသတ်အဖြတ်စိတ်ဆန္ဒ ပေါက်ဖွားလာစေသည်။ သို့သော်..... ထိုသို့သော အသတ်အဖြတ်စိတ်ဆန္ဒအောက်တွင်ပင် သူကား လွတ်မြောက်သွားသေး၏။
ထိုလူ့မျက်လုံးထဲရှိ အေးစက်မှုမှာ ပို၍ပင် အားကောင်းလာသည်။ သူ၏ တာအိုရောင်ရင်းများသာ ဤအကြောင်းသိပါက သေချာပေါက် သူ့ကို လှောင်ပြောင်ကြလိမ့်မည်။ သူ့လက်ထဲမှ လွတ်မြောက်သွားသည့် ကျင့်ကြံသူမှာ မှော်အတတ်လိုက်စားသူမဟုတ်ဘဲ ဆေးဝါးပညာရှင်တစ်ယောက် မဟုတ်ပါလာ။
သူ့မှာ ၄င်းအား လက်မခံနိုင်သလို ဘာဖြစ်သွားခဲ့သည်လဲ နားမလည်နိုင်သေးပေ။ တကယ်တမ်း မှော်အစွမ်းများကြောင့် ထင်ရှားကျော်ကြားသည့်၊ သူသိသိသမျှ ကျင့်ကြံသူအားလုံးအနက် ဤဆေးဝါးပညာရှင်နှင့် ယှဥ်နိုင်သောသူဟူ၍ စဥ်းစားမရပေ။
တိကျမှု၊ အတိုက်အခိုက်စွမ်းရည် နှင့် ဉာဏ်နီဉာဏ်နက်များမှုအရဆိုလျှင် စောစောက ထွက်ပြေးသွားသော ဆေးဝါးပညာရှင်မှာ အကြင်နာကင်းမဲ့သည့် အနက်ရောင်နယ်မြေကျင့်ကြံသူတစ်ယောက်နှင့် အမှန်တကယ်တူသည်ဟု သူမတွေးမိဘဲ မနေပေ။
"ဒီလို ဆေးဝါးပညာရှင်မျိုး ဘယ်လိုလုပ်ရှိနိုင်တာလဲ" သူ့မှာ မန်ဟို ယခုလေးတင် ပျောက်ကွယ်သွားသည့် နေရာကို စိုက်ကြည့်နေမိသည်။ ယခုအချိန်တွင် သူ၏အမြုတေချီမှာ ပကတိအတိုင်းပြန်ဖြစ်သွားပြီ ဖြစ်သော်လည်း သူသည် စိတ်ဝိညာဥ်အာရုံမည်မျှ ဖြန့်ကျက်စေကာမူ နောက်ကလိုက်ရန် သဲလွန်စသေးသေးလေးပင် မတွေ့ရပေ။
သူ၏ပြိုင်ဘက်မှာ သူအာရုံခံမရသည့် အလွန့်အလွန်ဝေးကွာသော တစ်နေရာသို့ နေရာရွှေ့ပြောင်းခံလိုက်ရကြောင်း ထင်ရှားလေသည်။
အချိန်တချို့ကြာသော် မိုးပြာရောင်မျက်နှာဖုံး ကျင့်ကြံသူက အေးစက်စက်နှာမှုတ်လိုက်သည်။ "ဟမ့် သူ ငါ့ ရေနဂါးဆယ်ကောင်ရဲ့ အေးခဲအစွမ်းကြောင့် ထိခိုက်သွားမှာပဲ။ ငါ့ဆီက ထွက်ပြေးလို့ရရင်ရမယ် ၊ ဆေးပေါင်းဖိုဘုရင် ဖြစ်နေရင်တောင်မှ သေမင်းလက်ထဲကတော့ ပြေးလွတ်မှာမဟုတ်ဘူး။ နောက်ဆုံး မင်း သေမလား မသေမလား ကြည့်ကြသေးတာပေါ့
"သေချင်နေတဲ့ကောင်..... ချီအခြေတည်အဆင့်ကျင်ကြံသူတဲ့လား..... ငါ့ရေနဂါးဆယ်ကောင်ရဲ့အေးခဲအစွမ်းနဲ့ ထိပြီးရင် ဘယ်သူ့မှ ဆယ်ရက်ထက်ပိုပြီး အသက်မရှင်နိုင်ဘူး" သူသည် နောက်လိုက်သတ်ရန် အတွေးများကို စွန့်လွှတ်ရင်း လှည့်၍ ပျောက်ကွယ်သွားသည်။
ကြီးမြတ်သော တောင်ပိုင်းဒေသ၏ အနောက်ဘက်နယ်မြေတွင် မြူ ခပ်ပါးပါးလွှမ်းလျက်ရှိသော နေရာတစ်နေရာရှိသည်။ တောင်စဥ် အနည်းငယ် သွယ်တန်းနေပြီး ရေကန် တော်တော်များများ မြင်နိုင်သည်။ ၄င်းတို့အကြားတွင် တောင်ပိုင်းဒေသ၌ ကျော်ကြားသော အန္တရာယ်နယ်မြေသုံးခုထဲက ကမ္ဘာဦးတာအိုရေကန်များ တည်ရှိ၏။
တစ်ချက်ကြည့်လိုက်လျှင် အနောက်ဘက်နယ်မြေများသည် မှန်ချပ်များ မြေပြင်ပေါ် ချထားသည့် အလားပင်။ ဤမှန်များကား အမှန်ပင်၊ မရေမတွက်နိုင်သော ရေကန်များဖြစ်သည်။
ဤအခိုက်တွင် ရေကန်တစ်ကန်အလယ်၏ အပေါ်ထက်၌ ယခင်က မှန်နှင့်တူသော ရေပြင်သည် ရုတ်တရက် လှိုင်းဂယက်များ ထလာ၏။ တွင်းနက်ကြီးတစ်ခု ပေါ်လာပြီး မန်ဟို ဒယိမ်းဒယိုင် ထွက်လာသည်။
သူ့မှာ ပေါ်လာလျှင်ချင်း သွေးတစ်ပွက် အန်လိုက်ရသည်။ သွေးသည် မည်းနက်နေပြီး အေးခဲချီ ထုတ်လွှတ်နေ၏။ ၄င်းက ရေကန်ထဲကျကာ ပျောက်ကွယ်သွားသည်။ သို့သော် အချိန်အနည်းငယ်ကြာသော် ကန်ရေပြင်မှာ ခပ်ပါးပါး ရေခဲလွှာဖြင့် ဖုံးသွားလေသည်။
မန်ဟို့မျက်နှာမှာ ဖြူဆုပ်နေ၏။ သူက ခေါင်းထောင်၍ ဘေးဘီဝဲယာကို ကြည့်ပြီးနောက် အလင်းတန်းအသွင်ပြောင်းကာ အဝေးသို့ ထွက်သွားတော့သည်။
ရက်အနည်းငယ်ကြာသော် တောင်ပိုင်းဒေသ၏ အနောက်ပိုင်းရှိ ကျိုးတိုးကြဲတဲ တောင်တန်းများးထဲက တစ်ခုတွင် မန်ဟိုသည် လောလောလတ်လတ်ထွင်းထားသည့် ကျင့်ကြံခြင်းဂူအတွင်း၌ တင်ပျဥ်ခွေထိုင်နေ၏။ သူက ဆေးလုံးများ သောက်သုံး၍ ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ကာ ဒဏ်ရာများအား ကုသနေသည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာသည်။ မကြာမီ တစ်လကြာခဲ့လေပြီ။ ထိုကာလအတောအတွင်း မန်ဟိုမှာ ကျင့်ကြံခြင်းဂူအပြင်သို့ ခြေတစ်လှမ်းပင် မချပေ။ သူသည် ဒဏ်ရာကုသရာတွင်သာ အာရုံအပြည့်အဝ စူးစိုက်ထား၏။ သူ၏ကျင့်ကြံခြင်းဂူမှာ ချောင်ကျသောတစ်နေရာတွင် ဖြစ်သည်။ ဤအနောက်ဘက်နယ်မြေတွင် လူအနည်းစုသာ အခြေချနေထိုင်ပြီး မြူများလည်း ဆိုင်းနေသည့်အတွက် အလွန်တိတ်ဆိတ်အေးချမ်းလေသည်။
တစ်ရက်တွင် မန်ဟို့၏မျက်လုံးများ ပွင့်လာသည်။ သူ့မျက်နှာမှာ သွေးရောင်သမ်းနေပြီး သူ၏ခန္ဓာကိုယ်သည်လည်း ယခုတွင် အကောင်းနီးပါး ဖြစ်နေလေပြီ။
"မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူ" မန်ဟို့မျက်လုံးများ အေးစက်သောအရှိန်အဝါဖြင့် တောက်ပလာသည်။ ဤသည်မှာ သူ့အတွက် ငါးနှစ်အတွင်း ပထမဆုံးအကြိမ် ဒဏ်ရာရခြင်းဖြစ်ပြီး ဒဏ်ရာက အတော်လေး ပြင်းထန်လေသည်။
ထိုမျှသာမက သူသာ ဆေးလုံးအမျိုးအစားစုံစုံလင်လင်ရှိသော ဆေးဝါးပညာရှင်မဟုတ်လျှင် တစ်လပင် ခံမည်မဟုတ်ပေ။
သူ့မှာ အမြုတေချီ အသုံးပြုနိုင်သည့် အမြုတေဖြစ်တည်မှုအဆင့် ပညာရှင်တစ်ယောက်ကြောင့် ဒဏ်ရာရခဲ့သည်မဟုတ်ပါလော။
အမြုတေဖြစ်တည်မှုအဆင့်ပညာရှင်သာ မန်ဟိုမဟုတ်ဘဲ တခြားချီအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်နှင့် ဆုံတွေ့ခဲ့ပါက ထိုကျင့်ကြံသူမှာ ဘယ်တော့မှ ထွက်ပြေးနိုင်မည်မဟုတ်သည့်အပြင် သေချာပေါက် အသတ်ခံရလိမ့်မည်။
မန်ဟို အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက ခက်ထန်သောမျက်နှာထားဖြင့် ဆေးပေါင်းဖိုတစ်လုံးနှင့် ဆေးလုံးတချို့ထုတ်ကာ စတင်ဖော်စပ်တော့သည်။ သူ၏ဒဏ်ရာမှာ အပြည့်အဝမသက်သာသေးပေ။ ကိုယ်တွင်း၌ အေးခဲချီ ကျန်ရှိနေသေးလေသည်။
မန်ဟိုသည် အထူးသဖြင့် သူ၏လက်ရှိအခြေအနေအတွက် အသုံးတည့်သော ဆေးလုံးတစ်လုံး ဖော်စပ်နေ၏။
လအနည်းငယ်ကုန်လွန်သွားသည်။ မန်ဟို အထူးဖော်စပ်ထားသော ဆေးလုံးကို သုံးစွဲပြီး သုံးရက်ကြာသော် ရုတ်တရက် မျက်လုံးပွင့်လာသည်။ ထို့နောက် သူက သူ့ကိုယ်တွင်းရှိ နောက်ဆုံးလက်ကျန် အေးခဲချီအား ထွေးထုတ်လိုက်သည်။ ၄င်းက ကျင့်ကြံခြင်းဂူတစ်ခုလုံး ပြန့်ကြဲသွားရာ ဆီးနှင်းများ ပေါ်လာပြီး ရေခဲအသွင် ပြောင်းသွား၏။
အချိန်အတန်ကြာပြီးနောက်တွင် ဂူမှာ ပုံမှန်ပြန်ဖြစ်သွားသည်။
ထိုမိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူ ဤမြင်ကွင်းကိုသာ တွေ့လျှင်တော့ သူ့မျက်စိသူ မယုံနိုင် ဖြစ်နေလိမ့်မည်။ သူ့မှာ မည်သည့် ချီအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်မှ ရေနဂါးဆယ်ကောင်၏ အေးခဲအစွမ်းကို ကျော်လွှားနိုင်မည်မဟုတ်ဟု တထစ်ချ ယုံကြည်ထားလေသည်။ သို့သော်..... မန်ဟိုကား အကောင်းပကတိပြန်ဖြစ်သွားလေပြီ။
သူက အသက်တစ်ချက်ရှူသွင်းလိုက်ပြီး သူ့မျက်ဝန်းထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒမှာ အားကောင်းလာ၏။ သူသည် တခဏ ထိုင်စဥ်းစားနေပြီးနောက် ခိုင်မာပြတ်သားမှုက သူ့မျက်ဝန်းထဲတွင် ဝင်ရောက်လာသည်။ သူသည် သိုလှောင်အိတ်ကို ပုတ်ကာ ဆေးပေါင်းဖိုကို နောက်တစ်ကြိမ်ထုတ်လိုက်ပြန်၏။
သူ့မှာ ၄င်းကို လက်ထဲတွင် ကိုင်ရင်း အတွေးထဲ နစ်မြောနေသည်။
"ငါ့ကို ရှေ့တွန်းပို့ပေးမယ့် ဆေးလုံးတစ်သုတ် ဖော်စပ်ဖို့လိုတယ်။ ချီအခြေတည်နေ့ထက် သာတဲ့ဆေးလုံး၊ ငါ့ကျင့်ကြံခြင်းအခြေခံကို တဟုန်ထိုးတက်စေပြီးတော့ တာအိုမဏ္ဍိုင်တစ်ခု ချောချောမွေ့မွေ့ ဖန်တီးပေးမယ့် ဆေးလုံးတစ်လုံးလိုတယ်" လေးလေးနက်နက်တွေးနေသည့် အသွင်က သူ၏မျက်လုံးများထဲ ထင်ဟပ်လာသည်။ သူ့စိတ်ထဲ၌ မရေမတွက်နိုင်သော ဆေးဖော်စပ်နည်းများ ပေါ်ပေါက်လာနေ၏။ နောက်ဆုံးတွင် သူသည် အဆင့်အားဖြည့်ဆေးလုံးဟု အသိများသော ဆေးလုံးအတွက် ဖော်စပ်နည်းကို ဆုံးဖြတ်လိုက်သည်။
နောက်ထပ်ကြာကြာ တွေးပြီးနောက် သူ၏မျက်လုံးများသည် စိတ်ပိုင်းဖြတ်လိုက်မှုဖြင့် ပြည့်နှက်သွား၏။ သူသည် ချက်ချင်းပင် သိုလှောင်အိတ်ထဲမှ ဆေးပင်အမြောက်အမြား ထုတ်ပြီး အဆင့်အားဖြည့်ဆေးလုံးအား စတင်ဖော်စပ်တော့သည်။ သူက ဆေးဖော်စပ်ခြင်းတွင် အပြည့်အဝအာရုံစူးစိုက်ထား၏။ ခုနစ်ရက်ကြာသွားသည်။ သူ့မှာ ဆေးဝါးတာအိုအသွင်ပြောင်းဂါထာကို အသုံးပြုနေစဥ်မှာပင် ထပ်တလဲလဲ ကျရှုံးနေ၏။ နောက်ဆုံး ခုနစ်ရက်မြောက်နေ့ရောက်မှ ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်သွားတော့သည်။
၄င်းပေါ်လာသောအခါ ကျင့်ကြံခြင်းဂူတစ်ခုလုံး ဆေးအနံ့များ မွှေးကြိုင်သွားသည်။ မန်ဟိုသာ ဂူအပြင်သို့ အနံ့မထွက်အောင် အထူးပြင်ဆင်ချက်များ မပြုလုပ်ခဲ့ပါက မလိုလားသည့်အာရုံများအား ကောင်းကောင်းဆွဲဆောင်မိနိုင်သည်။
ဆေးလုံးကို ကိုင်ရင်း သူ၏မျက်လုံးများ တဖိတ်ဖိတ်လက်နေ၏။ သူက ကြေးမုံနှင့် ဝိညာဥ်ကျောက်တုံးများ ထုတ်ကာ စတင်ပွားတော့သည်။
အဆင့်တက်ဆေးလုံးများ ပေါ်လာပြီး မန်ဟိုက ဆေးပုလင်းတွေထဲ တစ်လုံးပြီးတစ်လုံး ထည့်နေလေသည်။ မကြာမီ ဆေးပုလင်းဆယ်လုံးအပြည့်အား သူ့အရှေ့တွင် သပ်သပ်ရပ်ရပ်စီလိုက်၏။ သူသည်် လျှပ်စီးတိမ်တိုက်ကို ထွေးထုတ်ပြီး သစ်သားဓားနှစ်လက်ကို သူ့အားလှည့်ပတ်နေစေသည်။ ထို့အပြင် ဆေးပေါင်းဖိုတံဆိပ်ကိုပါ အသက်သွင်းလိုက်သေး၏။ ဤပြင်ဆင်မှုများအားလုံး လုပ်ဆောင်ပြီးနောက် သူသည် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်း၍ အဆင့်တက်ဆေးလုံးတစ်လုံးကောက်ကာ ပါးစပ်ထဲ ထည့်လိုက်သည်။
သူ၏ သတ္တမတာအိုမဏ္ဍိုင်မှာ ၈၀ ရာခိုင်နှုန်း ပြီးမြောက်ပြီးဖြစ်၏။ ဆေးလုံးကို ပါးစပ်ထဲ ထည့်လိုက်သောအခါ ၄င်းသည် သူ့တစ်ကိုယ်လုံး ချက်ချင်းတုန်ခါသွားစေသော စိတ်ဝိညာဥ်စွမ်းအားအသွင်ပြောင်းသွားသည်။ သတ္တမတာအိုမဏ္ဍိုင်မှ ခရမ်းရောင်အလင်းဖြာထွက်လာပြီး ပို၍ပင် အစိုင်အခဲဖြစ်လာတော့သည်။
"ပြီးတဲ့အထိ သွားမယ်" သူက မျက်လုံးများ ပြတ်သားမှုဖြင့် တောက်ပနေလျက် တွေးသည်။ ထို့နောက် သူသည် မျက်စိမှိတ်ပြီး တရားစထိုင်တော့သည်။
အချိန်များ တဖြေးဖြေးကုန်ဆုံးလာသည်။ တစ်လကြာသော် မန်ဟို့၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ်တုန်လာပြီး ခြောက်ကပ်လာ၏။ သူက ဆေးလုံးတစ်ဆုပ်အား တည်ငြိမ်စွာ ထုတ်ပြီး ပါးစပ်ထဲ တစ်လုံးပြီးတစ်လုံး ထည့်တော့သည်။
ခုနစ်ရက် ထပ်ကြာသွားသည်။ ထစ်ချုန်းသံတစ်သံ သူ့ကိုယ်ထဲ၌ မြည်ဟည်းသွားပြီး ခရမ်းရောင်အလင်းသည် ကျင့်ကြံခြင်းဂူတစ်ခုလုံး ဖြာထွက် လင်းထိန်သွားသည်။ သတ္တမတာအိုမဏ္ဍိုင်ကားး အပြည့်အဝ ဖြစ်ပေါ်ခဲ့လေပြီ။
ထိုသို့ ဖြစ်ပေါ်သွားသည်နှင့်တစ်ပြိုင်နက် မန်ဟို့ကျင့်ကြံခြင်းအခြေခံမှာ တဟုန်ထိုးမြင့်တက်သွား၏။ သူ၏စိတ်ဝိညာဥ်အာရုံသည် ပိုသန်မာလာပြီး သူ၏အတိုက်အခိုက်စွမ်းရည်မှာ ပို၍ရှိန်စရာကောင်းလာသည်။ သူသည် ပြိုင်ဘက်ကင်းလောက်အောင် အန္တရာယ်ရှိသည့် ဓားအိမ်မှ မထုတ်ရသေးသော ဓားတစ်လက်ပမာပင်။
အနာအဆာမဲ့အခြေဖြင့် လူတစ်ယောက်ပင်လျှင် သူထုတ်လွှတ်နိုင်သည့် ဖိအားကို နည်းနည်းလေးပင် ရုန်းကန်နိုင်မည် မဟုတ်။ ယခုတွင် သူသည် ချီအခြေတည်အဆင့်တစ်ခုလုံး၌ နံပါတ် ၁ ပုဂ္ဂိုလ်ဖြစ်ကြောင်း ယုံမှားဖွယ်မရှိတော့ပြီ။
သို့သော် မန်ဟိုကား မရောင့်ရဲသေးပေ။ ချီအခြေတည်အဆင့်တွင် ပြိုင်ဘက်ကင်းခြင်းက သူတောင့်တသည့် အရာမဟုတ်။ သူ မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူကို တိုက်ခိုက်ချင်သည်။ ထိုသို့ပြုလုပ်ရန် သူ၏လက်ရှိ ကျင့်ကြံခြင်းအခြေခံမှာ လုံလောက်မှုမရှိသေးပေ။
တောက်ပသော အလင်းရောင်တစ်ခု သူ၏မျက်ဝန်းများထဲ ပြည့်နှက်သွားပြီး သူက နောက်တစ်ဖန် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူသည် ဝိညာဥ်ကျောက်တုံးအမြောက်အမြား ထုတ်ပြီး ဆေးလုံးများ စပွားတော့သည်။ ဤဝိညာဥ်ကျောက်တုံးများတွင် အရှေ့ဆေးဝါးအဖွဲ့တွင် ဆေးလုံးများ ရောင်းချတုန်းက အကျိုးအမြတ်များ၊ ချင်းလော်ဂိုဏ်းမှ လက်ဆောင်ပေးလိုက်သည်များအပြင် ကျိုးဒယ်ခွန်နှင့် ခရီးထွက်တုန်းက ရရှိခဲ့သည်များ ပါဝင်သည်။ ၄င်းက အတော်လေးများသော ပမာဏဖြစ်သော်လည်း မန်ဟို ၄င်းကိုကြည့်လိုက်တိုင်း သူ့အတွက် မလုံလောက်သေးဟုသာ ထင်မိသည်။
သို့သော် သူအနေဖြင့် ယနေ့ ဝေးဝေးသွားချင်လျှင်တော့ ရင်နာနာနှင့် ဆေးလုံးများ ပွားရမည်သာ။ သူကျင့်ကြံတော့မည့်ပုံစံမှာ တောင်ပိုင်းဒေသရှိ ဘယ်သူမှ မမြင်ခဲ့ဖူးသော အရာဖြစ်သည်။
တာအိုကလေးများပင်လျှင် မန်ဟိုကဲ့သို့ ဆေးလုံးများ သုံးဖြုန်းနိုင်မည်မဟုတ်ပေ။
အချိန်များ ကုန်လွန်သွားသည်။ တစ်လ...နှစ်လ....သုံးလ....
မန်ဟို့မှာ ကျင့်ကြံခြင်းဂူထဲတွင် နေရင်း အချိန်မည်မျှကြာပြီလဲ မသိတော့ပေ။ သူကျင့်ကြံနေစဥ် သူ၏အဋ္ဌမတာအိုမဏ္ဍိုင်မှာ တဖြေးဖြေး မြင်သာလာတော့သည်။
၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း၊ ၃၀ရာခိုင်နှုန်း..... နှစ်ဝက်ကြာပြီးနောက် သူ၏အဋ္ဌမတာအိုမဏ္ဍိုင်ကား ၈၀ ရာခိုင်နှုန်းပြီးမြောက်သွားလေပြီ။
ထိုစဥ် တောင်ပိုင်းဒေသ၏အပြင်ဘက်၌ ခရမ်းရောင်လေမုန်တိုင်းကြီး ဖြစ်တည်လာသည်။
ဤမုန်တိုင်းမှာ အနက်ရောင်နယ်မြေမှ လာဖြင်းဖြစ်သည်။
အနက်ရောင်နယ်မြေကျင့်ကြံသူများ တောင်ပိုင်းဒေသသို့ ကျုးကျော်တိုက်ခိုက်ကြလေသည်။
ဆေးဝါးပညာရှင် အယောက် ၇၀ ကျော် ထူးဆန်းစွာ ပျောက်ဆုံးကုန်ကြ၏။
ဤအဖြစ်အပျက်နှစ်ခုက တောင်ပိုင်းဒေသတွင် အကြီးအကျယ် အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်။ ပျောက်ဆုံးနေသော ဆေးဝါးပညာရှင်များ၌ တခြားသော ခြေသလုံးအိမ်တိုင် ဆေးဝါးပညာရှင်များလည်း ပါဝင်သော်လည်း အများအားဖြင့် အရှေ့ဆေးဝါးအဖွဲ့နှင့် ကမ္ဘာဆေးဝါးအဖွဲ့မှ ဖြစ်သည်။ ဤ ကြိုတင်မမြင်နိုင်သော ကံဆိုးမှုက ဇီယွင်ဂိုဏ်းနှင့် ကျင်းဟန်ဂိုဏ်း၏ အမျက်ဒေါသကို မိုးထိအောင် ထိုးတက်သွားစေသည်။
ဤနှစ်ဂိုဏ်းက ပထမဆုံးလှုပ်ရှားကြသူများဖြစ်သည်။ ဂိုဏ်းနှစ်ဂိုဏ်းလုံး၏ လျှို့ဝှက်ဆန်းကြယ်သော ခေါင်းဆောင်ကြီးများက အနက်ရောင်နယ်မြေများသို့ ချက်ချင်း ခရီးနှင်ကြ၏။ ကောလဟာလများအရ မဟာအကြီးအကဲ ဆေးလုံးမိစ္ဆာနှင့် ထာဝရတောင်တို့ကိုယ်တိုင် တိတ်တဆိတ် ခရီးထွက်သွားကြသည်ဟူသတတ်။
အနက်ရောင်နယ်မြေများသည် နှစ်ပေါင်းများစွာ တည်ရှိခဲ့ပြီး ရက်စက်ကြမ်းကြုတ်သောနေရာဖြစ်သော်လည်း တောင်ပိုင်းဒေသ တတ်နိုင်သည့်အရာ အနည်းအကျဥ်းသာ ရှိသည်။ အင်အားကြီးနယ်မြေ နှစ်ခုအကြားရှိ အသေးစိတ်အရေးကိစ္စများအား လူသိထင်ရှား မထုတ်ပြန်ပေ။ ကျင်းဟန်ဂိုဏ်းအနေဖြင့် သူတို့၏ဆေးဝါးပညာရှင်တစ်ယောက်ကိုမှ မကယ်နိုင်ခဲ့ပြီး ဇီယွင်ဂိုဏ်းက ကျိုးဒယ်ခွန်ဆိုသော ဆေးပေါင်းဖိုတစ်ယောက်မှအပ ကျန်အားလုံးကို ပြန်လည်ခေါ်ဆောင်လာနိုင်ခဲ့သည်ကိုသာ လူအများသိကြသည်။ ထိုမတော်တဆမှုပြီးနောက် မည်သည့်ဂိုဏ်းမှ အနက်ရောင်နယ်မြေများအကြောင်း မဟတော့ပေ။
အနက်ရောင်နယ်မြေကမူ အလံချပြီး ငြိမ်သက်သွား၏။ သို့နှင့် တောင်ပိုင်းဒေသတွင် အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားပုံရသည်။ ဆေးဝါးပညာရှင်များ ထပ်မံမပျောက်ဆုံးတော့ဘဲ အနက်ရောင်နယ်မြေများ၌ ဖြစ်နေသည်နှင့် ပတ်သက်၍မူ ဘယ်သူမသိကြပေ။
အနက်ရောင်နယ်မြေများ၏ ကျူးကျော်တိုက်ခိုက်မှု ငြိမ်သက်သွားပြီး နှစ်ဝက်ကြာသော် တောင်ပိုင်းဒေသ၏ မြောက်ဘက်ရှိ ကမ္ဘာဦးတာအိုရေကန်များနှင့် မလှမ်းမကမ်း၌ တာအိုရေပူစမ်းတစ်ခု ပေါ်လာသည်။
ရေပူစမ်းမှ အပေါ်သို့ပန်းထွက်နေသည့် ရေပန်းထဲတွင် ပုံရိပ်ယောင်တစ်ခု မြင်ရ၏။ ၄င်းသည် ရှေးခေတ်ကာလက ချီအခြေတည်အဆင့်ကျင်ကြံသူတစ်ယောက် အမြုတေဖြစ်တည်မှုအဆင့်သို့ ဝင်ရောက်နေသော ပုံရိပ်ဖြစ်သည်။
ရေပူစမ်း ပေါ်ပေါက်လာမှုက တောင်ပိုင်းဒေသ၏ ထိပ်သီးဂိုဏ်းများနှင့် မျိုးနွယ်စုများအကြား ဂယက်ရိုက်သွားစေသည်။ ဂိုဏ်းအသီးသီးမှ ဝါရင့်ဆရာကြီးများ ရေပူစမ်းကို လာရောက်စူးစမ်းပြီးနောက် ထွက်ခွာသွားကြ၏။ ထို့နောက် ချီအခြေတည်အဆင့် ရွေးချယ်ခံဂိုဏ်းသားများနှင့်အတူ တာအိုကလေးများ ရေပူစမ်းကို ဆက်လက်လေ့လာရန် စေလွှတ်ခံရလေသည်။
ယီးကျန့်ဂိုဏ်း၏ အနုသုခုမရုပ်ခန္ဓာအဆင့် ခေါင်းဆောင်ကြီးတစ်ယောက်က စာတစ်စောင် ထုတ်ပြန်လိုက်သည်။
"ဒီရေပူစမ်းမှာ ဉာဏ်အလင်းပါရှိတယ်။ ဒီဉာဏ်အလင်းကို ရရင် မင်းတို့ အမြုတေဖြစ်တည်မှုအဆင့်ကို ရောက်ကောင်းရောက်သွားလိမ့်မယ်။ ဒါက ငါတို့အတွက် မဟုတ်ဘဲ မင်းတို့ ချီအခြေတည်အဆင့်ကျင့်ကြံသူတွေ အတွက် သင့်တော်တယ်"
ဤစကားလုံးများကြောင့် တောင်ပိုင်းဒေသတစ်လွှားရှိ ချီအခြေတည်အဆင့်ကျင့်ကြံသူများအားလုံး ပျာပျာသလဲလဲ ဖြစ်သွားကြ၏။ သူတို့သည် နေရာအရပ်ရပ်မှ တောင်ပိုင်းဒေသ၏ အနောက်ဘက်နယ်မြေသို့ အစုလိုက်အပြုံလိုက် ပျံသန်းလာကြလေသည်။ တစ်လကြာသော် ချင်းလော်ဂိုဏ်းမှ တာအိုကလေး ၊ ကျိုးကျဲ တာအိုရေပူစမ်းဘေးတွင် အဆင့်တက်ပြီး အမြုတေဖြစ်တည်မှုအဆင့်သို့ ဝင်ရောက်သွား၏။ သူက အစိမ်းရောင်အမြုတေကို ဖန်တီးလိုက်ရာ လူတိုင်းအား အံသြတုန်လှုပ်သွားစေလေသည်။
***