← Chapters

မိုးထစ်ချုန်းသံကဲ့သို့ ကြိမ်းမောင်းသံ

Vol. 19 Ch. 264

မိုးထစ်ချုန်းသံကဲ့သို့ ကြိမ်းမောင်းသံ

Vol. 19 Ch. 264

ရှေးတာအို ရေပူစမ်းကြောင့် ချင်းလော်ဂိုဏ်း၏ ကျိုးကျဲ အမြုတေဖြစ်တည်မှုအဆင့် ရောက်ရှိပြီးနောက်ပိုင်း တောင်ပိုင်းဒေသ၏ ချီအခြေတည်အဆင့်ကျင့်ကြံသုအကြား အချိန်ကြာမြင့်စွာ ရုတ်ရုတ်သဲသဲ ဖြစ်နေခဲ့သည်။

၄င်းက ထိပ်သီးဂိုဏ်းကြီးများ နှင့် မျိုးနွယ်စုများ အထိ ပျံ့နှံ့သွားသည့်အတွက် ချီအခြေတည်အဆင့်ဂိုဏ်းသားအားလုံး တောင်ပိုင်းဒေသ၏ အနောက်ဘက်နယ်မြေထံ အပြေးအလွှား ထွက်သွားကြ၏။

ယခင်က လူရိပ်လူယောင်ဟူ၍ မမြင်ရသော အနောက်ဘက်နယ်မြေမှာ ယခုအခါ ရွေးချယ်ခံများ ဆုံစည်းရာဖြစ်လာတော့သည်။ မှန်ပါသည်၊ ပဋိပက္ခများလည်း ချက်ချင်းဖြစ်ပွားတော့သည်။ လအနည်းငယ်ကြာသော် တိုက်ပွဲများကား မရေတွက်နိုင်တော့ပေ။ ထိုကဲ့သို့တိုက်ပွဲများ၌ ထိပ်ဆုံးရောက်လာသည့် မည်သူမဆို ချက်ချင်း ထင်ရှားကျော်ကြားလာမည် ဖြစ်သည်။

အဆိုပါဖြစ်ရပ်များမှာ တောင်ပိုင်းဒေသတွင် ကြုံတောင့်ကြုံခဲ၏။ ဤကဲ့သို့ ရွေးချယ်ခံများ အားလုံး တစ်နေရာထဲတွင် စုစည်းပြီး ထိပ်ဆုံးရောက်ရန် ယှဉ်ပြိုင်နေကြသည်မှာ မကြာခဏ ဖြစ်လေ့မရှိပေ။

သို့သော် ယခုတော့ ရှေးတာအိုရေပူစမ်းကောင်းမှုကြောင့် ထိုအတိုင်း ဖြစ်ပျက်နေလေပြီ။

ရေပူစမ်းသည် တစ်လမှ တစ်ခါသာ ပန်းထွက်တတ်၏။ ထိုမျှသာမက ၄င်းကို ကျကျနန လေ့လာနိုင်သည့် နေရာမှာ အကန့်အသတ်ရှိသည်။ သို့ဖြစ်၍ မှော်တိုက်ပွဲဖြစ်ပွားနေသည်ကား မထူးဆန်းပေ။

ရှေးတာအိုရေပူစမ်း ပေါ်ပေါက်လာပြီး ဒုတိယလတွင် ချင်းလော်ဂိုဏ်း၏ သီးသန့်ဂိုဏ်းသား ရှုချင်က လီမျိုးနွယ်စု တာအိုကလေး လီတောက်ရီကို အနိုင်ယူလိုက်ရာ တောင်ပိုင်းဒေသတစ်ခုလုံး တုန်လှုပ်သွားတော့သည်။

တိုက်ပွဲမတိုင်ခင်က ရှူချင်နာမည်ကို သိသူမရှိပေ။ သို့သော် တိုက်ပွဲပြီးနောက် ၄င်းကား ဟိုးလေးတကျော်ကျော် ဖြစ်နေတော့သည်။

လေးလမြောက်တွင် ပြီးခဲ့သည့်နှစ်များတစ်လျှောက်လုံး သေသွားပြီဟု သတင်းထွက်နေသော ဝမ်မျိုးနွယ်စု၏ တာအိုကလေး ဝမ်လီဟိုင်သည် ယီးကျန့်ဂိုဏ်း၏ သားတော်ခုနစ်ယောက်ထဲက ဟန်ရှန့်တောက်နှင့်အတူ ရှေးတာအိုရေပူစမ်း၏ ဉာဏ်အလင်းကို ရရှိသွားသည်။ သူတို့နှစ်ယောက်မှာ အဆင့်မတက်သော်လည်း ကျင့်ကြံခြင်းအခြေခံများကတော့ တဟုန်ထိုး တိုးတက်သွားလေသည်။ ကောလဟာလများအရ သူတို့နှစ်ယောက်လုံးသည် မှော်ကျင့်စဉ်တစ်ခုနှင့် စပ်လျဉ်းသော ဉာဏ်အလင်းရရှိသွားသည်ဟူ၍။

ငါးလမြောက်တွင် စုန့်မျိုးနွယ်စု၏ တာအိုကလေး၊ စုန့်ယွင်ရှုသည် ယီးကျန့်ဂိုဏ်း၏ သားတော်ခုနစ်ယောက်ထဲက နောက်တစ်ယောက် ချန်ဖန်းနှင့် တိုက်ခိုက်သည်။ အဆုံးသတ်၌ နှစ်ယောက်လုံး သရေကျသော်လည်း ထိုတိုက်ပွဲကြောင့် ချန်ဖန်း၏ဂုဏ်သတင်း လျင်မြန်စွာကြီးထွားလာ၏။

ထိုလအတွင်းပင် သွေးမိစ္ဆာမျိုးနွယ်စု၏ တာအိုကလေး လီရှိချီက ယီးကျန့်ဂိုဏ်း၏ အမျိုးသမီးသူရဲကောင်း ရှန်လင်းကို တိုက်ခိုက်သည်။ တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသော ပေါက်ကွဲမှုများမှာ ပတ်ဝန်းကျင်တွင် ပြည့်နှက်နေပြီး နိုင်လည်းမနိုင်၊ ရှုံးလည်းမရှုံးဘဲ နှစ်ဖက်လုံး တာအိုရေပူစမ်း၏ ဉာဏ်အလင်းကို ရရှိသွားကြသည်။

ခြောက်လမြောက်တွင် ကျင်းဟန်ဂိုဏ်း၏ တာအိုကလေးနှင့် သွေးမိစ္ဆာဂိုဏ်း၏ ရွေးချယ်ခံ ဝမ်ယိုချိုင်အကြား ပဋိပက္ခဖြစ်သည်။ တိုက်ပွဲမှာ အထိအခိုက်များပြီး တာအိုကလေး၏လက်မောင်း ပြတ်သွားလေသည်။ ဤသတင်းက တောင်ပိုင်းဒေသ တစ်လျှောက်လုံး အံသြခြင်းလှိုင်းလုံးကြီးများ ရိုက်ခတ်သွားစေသည်။

တစ်လတည်းမှာပင် ဝမ်မျိုးနွယ်စု၏ ရွေးချယ်ခံ ၊ ဝမ်လီဟိုင်၏ ညီ ဝမ်တန်ဖေးလည်း ဉာဏ်အလင်းရသွားသည်။ သူသည် ကျင့်ကြံခြင်းအခြေခံ အဆင့်တက်ပြီး ချီအခြေတည်အဆင့်၏ မဟာရပ်ဝန်းကို ရောက်ရှိသွား၏။ ဤဖြစ်ရပ်ကလည်း အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေသည်။

ပန်းထွက်နေသော ရေပူစမ်းအတွင်းရှိ သရုပ်ပြကွက်များကို လေ့လာပြီး ဉာဏ်အလင်း၏ စွမ်းအားကို ရရှိခြင်းဖြင့် လူတစ်ယောက်သည် ဘာမှမရှိသည်မှ တစ်စုံတခုရရှိနိုင်ပြီး ဆေးလုံးများအသုံးမပြုဘဲ ကျင့်ကြံခြင်းအခြေခံအား တိုးတက်စေနိုင်သည်။ ၄င်းက တောင်ပိုင်းဒေသ၌ ချီအခြေတည်အဆင့်ရှိသည့် မည်သူမဆိုအတွက် မယုံနိုင်ဖွယ် အခွင့်ကောင်းကြီးတစ်ရပ် ဖြစ်သည်။

တာအိုရေပူစမ်းကြောင့် ချီအခြေတည်အဆင့်မှ အမြုတေဖြစ်တည်မှုအဆင့်သို့ ရုတ်တရက် ဖောက်ထွက်နိုင်လေသည်။ ပို၍အံဖွယ်ကောင်းမည့် တစ်ခုတည်းသောအရာမှာ အမြုတေဖြစ်တည်မှုမှ အနုသုခုမရုပ်ခန္ဓာအဆင့်သို့ ဝင်ရောက်ခြင်းပင်။ ထိုကဲ့သို့အရာတစ်ခုမှ နောက်ဆက်တွဲ အခက်အခဲများကို စိတ်ကူးကြည့်နိုင်လေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် တောင်ပိုင်းဒေသ၏ အနောက်ဘက်နယ်မြေမှာ ဝရုန်းသုန်းကားဖြစ်နေတော့သည်။ တာအိုရေပူစမ်းသို့ မည်သည့်ဂိုဏ်းသားမှ မစေလွှတ်သည်ဟူ၍ ဇီယွင်ဂိုဏ်းသာရှိသည်။ ဤကိစ္စနှင့်ပတ်သက်၍ ထင်မြင်ချက်များစွာ ရှိပြီး အများစုက အနက်ရောင်နယ်မြေမတော်တဆမှုနှင့် တစ်စုံတရာပတ်သက်မည်ဟု ကောက်ချက်ချကြသည်။

တောင်ပိုင်းဒေသ၏ အနောက်ဘက်နယ်မြေသည် တမဟုတ်ချင်း အားလုံး၏ အာရုံစိုက်ရာဖြစ်လာတော့သည်။ တာအိုရေပူစမ်းမှ မနီးမဝေးတွင် မန်ဟို တင်ပျဥ်ခွေလျက် တရားထိုင်နေသည်။

သူ၏ခန္ဓာကိုယ်မှာ အလောင်းကြီးသဖွယ် ခြောက်ကပ်သွားပြန်သည်။ သို့သော် သူ့ကိုယ်တွင်းတွင် အကန့်အသတ်မဲ့ အသက်စွမ်းအား တည်ရှိ၏။ သူ၏နှလုံးခုန်သံမှာ ကျယ်သထက် ကျယ်လောင်လာသည်။

ယခုတွင် အဋ္ဌမတာအိုမဏ္ဍိုင်မှာ ၉၀ရာခိုင်နှုန်းကျော် ပြီးမြောက်နေလေပြီ။ အရေးကြီးသော အခိုက်အတန့် ရောက်ရှိလာခဲ့ပြီး သူသည် ဆေးလုံးများအား ၇၀ မှ ၈၀ ရာခိုင်နှုန်းခန့် သောက်သုံးခဲ့ပြီး ဖြစ်သည်။ ယခုလောလောဆယ်တွင် ဆေးပုလင်းအလွတ်တစ်ရာကျော်မှာ ကျင့်ကြံခြင်းဂူထဲ ပြန့်ကြဲလျက်ရှိသည်။

အချိန်သည် တရွေ့ရွေ့ကုန်ဆုံးသွား၏။ မကြာမီ လဝက်ကြာခဲ့လေပြီ။ ကျင့်ကြံခြင်းဂူအပြင်ဘက် ကောင်းကင်တွင် မိုးသားတိမ်စိုင်တို့ ပြည့်နှက်လာပြီး မိုးဖွဲဖွဲရွာကျလာသည်။ မိုးရေများက ကမ္ဘာကြီးကို မှုန်ဝါးဝါးဖြစ်နေစေ၏။ ရုတ်တရက် အလင်းတန်းနှစ်တန်း တဟုန်ထိုး ဝင်ရောက်လာသဖြင့် မိုးစက်များ ပြိုကွဲကုန်သည်။

ချဥ်းကပ်လာသည့် ကျင့်ကြံသူနှစ်ယောက်မှာ မှော်တိုက်ပွဲ ဆင်နွဲနေ၏။ တစ်ယောက်က ယီးကျန့်ဂိုဏ်းမှဖြစ်ပြီး ကျန်တစ်ယောက်က သွေးမိစ္ဆာဂိုဏ်းမှဖြစ်သည်။ မှော်အတတ်များကြောင့် တဝုန်းဝုန်းပေါက်ကွဲသံများက အဆက်မပြတ် ပဲ့တင်ထပ်နေသည်။ ဤကျင့်ကြံသူနှစ်ယောက်လုံးမှာ ထင်ရှားကျော်ကြားပြီး ဂိုဏ်း၏ရွေးချယ်ခံများ ဖြစ်ကြသည်။ ယခု အနောက်ဘက်နယ်မြေတွင် နှစ်ယောက်သား အသည်းအသန် တိုက်ခိုက်နေကြလေသည်။

ပေါက်ကွဲသံများ ပဲ့တင်ထပ်နေပြီး အသုံးပြုနေသော မှော်အတတ်များကား ကြောက်မက်ဖွယ်အတိပင်။ သူတို့သည် အရှိန်အဟုန်ပြင်းစွာ တိုက်ခိုက်ရင်း ပတ်ဝန်းကျင်ကို တသိမ့်သိမ့်တုန်နေစေသည်။ သူတို့ သတိမထားမိသည်က သူတို့မှာ မန်ဟို၏ သီးသန့်တောင်နှင့် နီးကပ်လာနေသည်ကိုပင်။ တစ်ချက်ကြည့်ရုံနှင့် မှော်အတတ်များမှ လှိုင်းဂယက်များက သူ၏တောင်ကို ရိုက်ခတ်နေကြောင်း သိသာသည်။

ဝုန်းခနဲ အသံကြီး မြည်ဟည်းသွားပြီး ကျင့်ကြံခြင်းဂူအတွင်းအတွင် အလောင်းသဖွယ် ခြောက်ကပ်နေသော ကိုယ်နှင့် မန်ဟိုက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ ၄င်းတို့သည် လျှပ်စီးသဖွယ် လင်းလက်သွား၏။

၄င်းတို့ ပွင့်လာသည်နှင့် သူ၏အကြည့်သည် စူးရှတောက်ပသော အလင်းရောင်ဖြင့် ဖြာထွက်လာ၏။ ၄င်းမှာ တောင်ပင် စတင်တုန်ခါလာသည့်တိုင်အောင် အလွန့်အလွန် အံသြမှင်သက်ဖွယ်ကောင်းလေသည်။ အပြင်ဘက်တွင် တဖွဲဖွဲရွာနေသော မိုးပေါက်များပင် တုန်ခါလာ၏။

စောစောက တိုက်ခိုက်နေသော ကျင့်ကြံသူနှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက်သာ ပူစရာရှိခဲ့သည်။ သို့သော် ယခုတွင် သူတို့ခေါင်းမွေးများ အလိုအလျောက် ထောင်ကုန်၏။ မဖော်ပြနိုင်သော အန္တရာယ်အာရုံကြီး ခံစားလိုက်ရ၍ သူတို့၏မျက်နှာအမူအရာများ ချက်ချင်းပြောင်းသွားသည်။ သူတို့၏ကျင့်ကြံခြင်းအခြေခံများ ရုတ်တရက် ဖိနှိပ်ခံလိုက်ရပြီး တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ကာ ဦးရေပြားတို့ ထုံကျင်လာသည်။ သေမင်းက သူတို့ကို အပေါ်မှငုံ့ကြည်နေသည့်အလား ခံစားလိုက်ရသဖြင့် ရင်တဒိန်းဒိန်းခုန်လာတော့သည်။

မန်ဟို၏ ရွတ်တွနေသော နှုတ်ခမ်းများ ရုတ်တရက် ပွင့်လာသည်။ သူ စကားစပြောသောအခါ အသံမှာ အတန်ငယ်အားပျော့သော်လည်း မိုးထိအောင် မြင့်တက်သွားပြီး ကျင့်ကြံခြင်းဂူ၏အပြင်ဘက်ကမ္ဘာတွင် ထစ်ချုန်းမြည်ဟည်းသွားသည်။ ကျင့်ကြံသူနှစ်ယောက်၏ နားစည်ကို ရိုက်ခတ်လိုက်သောအသံကား မိုးခြိမ်းသံထက်ပင် ကျယ်လောင်သေး၏။ ထိုအသံသည်သာ တစ်ကမ္ဘာလုံးတွင် ကျန်ရှိတော့သည့်အလား သူတို့ကို လွှမ်းခြုံဝါးမြိုသွားသည်။

"ထွက်သွားစမ်း"

ထွက်သွားစမ်း.....

....သွားစမ်း....

....သွားစမ်း....

..

အသံကြီးကား အထီးကျန်တောင်ကို ဗဟိုပြု၍ ပတ်ပတ်လည် ငါးကီလိုမီတာ တစ်လျှောက် တုံ့ပြန်လူးလာ ပဲ့တင်ထပ်နေ၏။ ဤနေရာကား တားမြစ်နယ်မြေတစ်ခု ဖြစ်ပုံရလေသည်။

ကျင့်ကြံသူနှစ်ယောက်မှာ မူးနောက်သွားပြီး ချက်ချင်း သွေးအန်လိုက်ရသည်။ သူတို့သည် ချီအခြေတည်အဆင့် ဖြစ်သော်လည်း ယခုကြားလိုက်ရသည့် အသံကြီးအောက်တွင် လက်သီးတစ်ချက်တည်းနှင့် ပြိုလဲတော့မည့်ပုံပေါ်တော့သည်။ သူတို့မှာ မျက်နှာဖြူဆုပ်ပြီး ဦးရေပြားတို့ထုံကျင်လျက် အံ့သြတုန်လှုပ်နေသောအမူအရာများဖြင့် ရှိသမျှအားကုန်ထုတ်ကာ တစ်ချိုးတည်း ထွက်ပြေးတော့သည်။ ကီလိုမီတာ ၅၀ အဝေးမရောက်မချင်း လှည့်မကြည့်ရဲကြပေ။

မိုးစက်များက တဖြောက်ဖြောက်ရွာကျနေသည်။ လွန်ခဲ့သောအခိုက်အတန့်က သူတို့မှာ သူသေကိုယ်သေ တိုက်ခိုက်နေခဲ့ကြသည်။ သို့သော် ယခုတော့ တိုက်ခိုက်ရန် စိတ်မပါတော့ပေ။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ကပ်ဘေးကြီး တစ်ခုကို သီသီလေး လွတ်မြောက်ခဲ့ကြောင်း ခံစားလိုက်ရလေသည်။

"အဲ့တာ....ဘယ်သူကြီးလဲ"

"တောင်ပိုင်းဒေသရဲ့ သူရဲကောင်းတွေအကုန်လုံး အနောက်ဘက်နယ်မြေကို လာကြတယ်။ တာအိုကလေးတွေ ရွေးချယ်ခံတွေ အစုံပဲ။ ဒီလူဘယ်သူလဲ မသိပေမယ့် သူပေးလိုက်တဲ့ ခံစားချက်ကြီးက ကျုပ်ရဲ့ ယီးကျန့်ဂိုဏ်းက အစ်မရှန်လင်းရယ်၊ အစ်ကို ဟန်ရှန့်တောက်ထက်တောင် ကြောက်ဖို့ကောင်းသေးတယ်"

"အတူတူပဲဗျို့။ အစ်မလီကို ရင်ဆိုင်ရတာတောင် ဒီလောက်ကြောက်စရာကောင်းမယ် မထင်ဘူး။ သေမျိုးပြန်ဖြစ်သွားသလို ခံစားရတယ်...."

သူတို့မှာ နှစ်ယောက်လုံးမည်မျှ တုန်လှုပ်နေသည်ကိုကြည့်ပြီး ဆန့်ကျင်ဘက်လားရာသို့ လှည့်ထွက်သွားကြသည်။

သူတို့ ထွက်သွားပြီး သုံးရက်ကြာသော် မန်ဟိုသည် ကျင့်ကြံခြင်းဂူထဲတွင် ထိုင်နေ၏။ ရုတ်တရက် သူ၏ခန္ဓာကိုယ်မှ ခရမ်းရောင်အလင်းဖြာထွက်လာသည်။ ၄င်းသည် သေသေချာချာ ချိတ်ပိတ်ထားသော ကျင့်ကြံခြင်းဂူအပြင်သို့ ထွက်မသွားပေ။ သို့သော် အလင်းက ကျင့်ကြံခြင်းဂူတစ်ခုလုံးကို ခရမ်းရောင်ပြောင်းသွားစေသည်။

တောက်ပနေမှုသည် နာရီပေါင်းများစွာ ကြာမြင့်ပြီး တဖြေးဖြေး မှေးမှိန်ပျောက်ကွယ်လာသည်။ မန်ဟိုက တုပ်တုပ်မှမလှုပ်ပေ။ ထိုအတိုင်း နှစ်ဝက်နီးပါး ကြာခဲ့ပြီဖြစ်သည်။

သူသည် ခြောက်ကပ်ရွတ်တွပြီး အားနည်းသည့်ပုံမပေါ်တော့ပေ။ အပြည့်အဝ သက်သာလာခဲ့ပြီ ဖြစ်၏။ သူ၏မျက်လုံးများက ပိတ်နေသော်လည်း ပေါက်ကွဲနိုင်သော စွမ်းအားတစ်ရပ်က သူ့ကိုယ်ထဲ၌ အားကောင်းလာနေသည့် ပုံရသည်။

သူကား မလှုပ်သော်လည်း သူ့ကိုကြည့်ပါက သူသည် ကောင်းကင်နှင့်မြေကြီးကို ကိုင်လှုပ်နိုင်သည့် အသွင်ဖြင့် လှုပ်ရှားနေကြောင်း ခံစားရမည် ဖြစ်သည်။

***

All Chapters