တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခြင်း
Vol. 19 Ch. 265
အချိန်များစွာ ကုန်လွန်သွားပြီး မန်ဟို့၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော ကြောက်မက်ဖွယ်ချီသည် တဖြေးဖြေး မှေးမှိန်ပျောက်ကွယ်လာ၏။ နောက်ဆုံး သူ၏မျက်လုံးများ ပွင့်လာသည်။ သူ၏မျက်ဆံများမှာ ပုံမှန်အတိုင်းဖြစ်ပုံရသော်လည်း ၄င်းတို့၏ အနက်ဆုံးရှိုင်းဆုံးထဲ၌ တုန်လှုပ်ဖွယ်ကောင်းသော နက်နဲသိမ်မွေ့မှုရှိလေသည်။ ၄င်းတို့သည် နက်ရှိုင်းသောရေကန်များ သို့မဟုတ် အဆုံးမရှိသော ကြယ်တာရာကောင်းကင်နှင့် တူသည်။
မန်ဟိုက အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူ့ကိုယ်တွင်းရှိ တာအိုမဏ္ဍိုင်ရှစ်ခုသည် ခရမ်းရောင်အရှိန်အဝါဖြင့် တောက်ပနေ၏။ ၄င်းတို့က သူ၏ယခင်စွမ်းအားထက် အဆများစွာ သာလွန်သော စိတ်ဝိညာဥ်စွမ်းအားအား သူ့ကိုယ်တစ်လျှောက်လုံး ဖြန့်ကျက်ရင်း လည်ပတ်လျက်ရှိသည်။
"မလုံလောက်သေးဘူး" သူက တွေးသည်။ "ဒါပေမယ့် ဒါက အခုချိန်မှာ ငါအကောင်းဆုံးလုပ်နိုင်တာပဲ။ ငါ့မှာ နောက်ဆုံးတာအိုမဏ္ဍိုင်အတွက် အရေးကြီးတဲ့အခိုက်အတန့်ကို ကျော်ဖြတ်ဖို့ လုံလောက်မှု မရှိသေးဘူး" သူ့တွင် ဆေးလုံးလုံလုံလောက်လောက် မရှိ၍မဟုတ်။ နဝမတာအိုမဏ္ဍိုင်နှင့်ပတ်သက်၍ တစ်စုံတခုက ဆေးလုံးများနှင့် မသက်ဆိုင်ကြောင်း ထူးထူးဆန်းဆန်း ခံစားနေရသောကြောင့်ပင်။
သူ့မှာ ရပ်တန့်သွားပြီး တစ်နေရာတွင် ပြောင်းလဲသည့်နေရာသို့ ရောက်ရှိတော့မည့်အလား ခံစားနေရသည်။ ထိုပြောင်းလဲသည့်နေရာသို့ ရောက်သည်နှင့် သူ့အတွက် မည်သည့်ဆေးလုံးမှ လိုအပ်တော့မည် မဟုတ်ပေ။ ထိုအစား သူ၏ တာအိုမဏ္ဍိုင် ၈ခုကို နဝမမြောက်ဖန်တီးရန် အမှီပြုနိုင်မည်။ ထို့နောက် ချီအခြေတည်အဆင့်၏ မဟာရပ်ဝန်းကို ပြီးမြောက်သွားလိိမ့်မည်။
သူက အသက်ပြင်းပြင်းရှူသွင်းပြီး အချိန်အတန်ကြာသည်အထိ အလေးအနက်ထိုင်တွေးနေသည်။ နောက်ဆုံး၌ သူသည် ခေါင်းမော့ပြီး ကျင့်ကြံခြင်းဂူအပြင်သို့ လှမ်းကြည့်လိုက်သည်။ မိုးကား ရွာနေဆဲပင်။ တဖြောက်ဖြောက်ကျနေသည့် မိုးသံတို့က ပတ်ဝန်းကျင်တွင် ပြည့်နှက်နေသည်။ အရာအားလုံးမှာ မှုန်မွှားဝေဝါးနေ၏။
သူ၏တံခါးပိတ်ကျင့်ကြံခြင်းက တော်တော်လေးကြာမြင်ခဲ့သည်ဖြစ်ရာ သူ့မှာ တစ်နှစ်အတောအတွင်း ဖြစ်ပျက်သွားခဲ့သည့် ကိစ္စများအား လုံးဝမသိပေ။ ကျိုးဒယ်ခွန်တစ်ယောက် သေလားရှင်လားပင် သူမသိပေ။
ယခုလောလောဆယ်တော့ အပြင်မထွက်ရန် မန်ဟို ရွေးချယ်လိုက်သည်။ သူက မျက်လုံးများ ဝင်းလက်တောက်ပနေလျက် သိုလှောင်အိတ်ကို ငုံ့ကြည့်ပြီးနောက် နွေဦးနှင့်ဆောင်းဦးသစ်ပင်တစ်ပင် ထုတ်လိုက်သည်။
သူသည် နှစ်ဝက်ကျော်ကြာသည်အထိ တံခါးပိတ်ကျင့်ကြံနေခဲ့ပြီးဖြစ်၍ အချိန်မည်မျှကုန်ကုန် ဂရုမစိုက်ပေ။ သူ အပြင်ထွက်သည်နှင့် မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူကို ဇီဝိန်ချုပ်ရန် အဆင့်သင့်ဖြစ်နေချင်သည်။
မန်ဟို အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက ညာလက်ဖြင့် နွေဦးနှင့်ဆောင်းဦးသစ်ပင်ကို မြှောက်သည်။ မျက်စိကျိန်းစဖွယ် ခရမ်းရောင်အလင်းဖန်လုံးတစ်လုံး သူ့လက်ဝါးပေါ်တွင် ပေါ်လာ၏။ သူသည် ဓာတ်ကူခြင်းလုပ်ငန်း စတင်ရန် တာအိုမဏ္ဍိုင်ရှစ်ခု၏ စွမ်းအားကို အပြည့်အဝ အသုံးချတော့သည်။
ခရမ်းရောင်အလင်းသည် ပိုပို၍ စူးရှတောက်ပလာပြီး နွေဦးနှင့်ဆောင်းဦးသစ်ပင်က ၄င်းကို စုပ်ယူလေသည်။ မကြာမီ ၄င်း၏မျက်နှာပြင်ပေါ်၌ ဒုတိယအညှောက်တစ်ခု ထွက်လာသည်။ တစ်ချိန်တည်းမှာပင် မန်ဟို့၏ဘယ်လက်သည် ဂါယာမန္တယားဆိုင်ရာ မုဒြာလက်ကွက်ဖော်ပြီး အချိန်သိုလှောင်ခြင်းမှော်ပညာဖြင့် နွေဦးနှင့်ဆောင်းဦးသစ်ပင်ကို တံဆိပ်ခတ်လိုက်သည်။
"ချင်းလော်ဂိုဏ်းမှာ ငါလုပ်ဆောင်ခဲ့တဲ့ စမ်းသပ်ချက်အပါအဝင် အချိန်နှစ် နှစ်ဆယ်ကို အခု ဒီနွေဦးနဲ့ ဆောင်းဦးသစ်ပင်ထဲမှာ သိုလှောင်ပြီးပြီ" သူက ကမ္ဘာဦးကောင်းကင်အားဖြည့်ဆေးလုံး ရှိသည့် ကျောက်စိမ်းသေတ္တာကို ထုတ်သည်။ သူသည် ၄င်းကို နွေဦးနှင့်ဆောင်းဦးသစ်ပင်ဖြင့် နှိုင်းယှဥ်ရင်း စေ့စေ့စပ်စပ် လေ့လာနေသည်။
"အချိန်က ရတနာတွေကို ပြုပြင်မွမ်းမံဖို့ အသုံးပြုနိုင်တဲ့ အဆိပ်လိုပဲ။ အသက်စွမ်းအားတွေကို ပျောက်ကွယ်သွားစေတယ်....." မန်ဟို့စိတ်ထဲတွင် ချန်ကျားရှီ ဖြစ်ပျက်သွားခဲ့သည့်ပုံရိပ်များ ပေါ်ပေါက်လာသည်။ အချိန်အနည်းငယ်ကြာသော် သူက အသက်ပြင်းပြင်းရှူသွင်းပြီး နွေဦးနှင့်ဆောင်းဦးသစ်ပင်ကို နောက်တစ်ဖန် ကိုင်ကာ အတွင်းရှိ အချိန်ကို အားဖြည့်ခြင်း စတင်တော့သည်။
ဆယ်ရက်ဆိုသော အတိုင်းအတာသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွား၏။ ယနေ့တွင် မန်ဟို့မျက်နှာအား အာရုံစူးစိုက်နေသော အသွင် ဖုံးလွှမ်းနေသည်။ ယခုအချိန်တွင် သူ့လက်ထဲရှိ နွေဦးနှင့် ဆောင်းဦးသစ်ပင်မှာ ခဲရောင်တစ်ဝက်သမ်းနေလေပြီ။ သို့သော် အတွင်းတွင် သိုလှောင်ထားသည်က အချိန်နှစ်ငါးဆယ်ခန့်သာ ရှိသေးသည်။ သူ့ရှေ့ဆက်သွားလေလေ၊ ဓာတ်ကူခြင်းဆောင်ရွက်ရန် သူ၏ကျင့်ကြံခြင်းအခြေခံ များများအသုံးပြုရလေလေ ဖြစ်ပြီး ပိုနှေးလေလေဖြစ်သည်။
ယခုတွင် သူသည် နှစ်ခြောက်ဆယ်စက်ဝန်း၏ နောက်ဆုံးဆယ်နှစ်ကို ထည့်သွင်းနေ၏။ ဤဓာတ်ကူခြင်း ပြီးမြောက်သောအခါ နွေဦးနှင့် ဆောင်းဦးသစ်ပင်သည် ယခင်နှင့် လုံးဝကွဲပြားခြားနားသွားလိမ့်မည်။
မှောင်ရီပျိုးလာသည့်တိုင် မိုးကား တဖွဲဖွဲရွာနေဆဲပင်။ မန်ဟိုသည် နွေဦးနှင့် ဆောင်းဦးသစ်ပင်အပေါ်တွင် အပြည့်အဝအာရုံစူးစိုက်ထား၏။ သူက မရပ်မနားဘဲ ဓာတ်ကူပေးနေလေသည်။ ထိုစဥ် ရုတ်တရက် သူ၏မျက်နှာထား လက်ခနဲ ဖြစ်သွား၏။ နွေဦးနှင့်ဆောင်းဦးသစ်ပင်မှာ စတင်ညှိုးနွမ်းလာလေသည်။
သစ်ပင်မှာ အချိန်နှစ်ငါးဆယ်ကို မထိန်းသိမ်းနိုင်သည့် ပုံရသည်။ နွေဦးနှင့်ဆောင်းဦးသစ်ပင်၌ မည်သည့် လျှို့ဝှက်ဆန်းကြယ်ဂုဏ်သတ္တိများ ရှိနေစေကာမူ ယခုတွင် ယိုယွင်းပျက်စီးနေလေပြီ။ မကြာမီ ၄င်းသည် ခဲပြာအဖြစ်ပြောင်းပြီး မန်ဟို့လက်ချောင်းများကြားမှ ကျဆင်းသွားတော့သည်။
သူ၏မျက်နှာမှာ အကြည့်ရဆိုးသွား၏။ သူသည် ပြာကိုကြည့်ပြီး သူ့ညာလက်ကို ပြန်ကြည့်လိုက်သည်။ သူ့လက်လည်း ရင့်ရော်သွားဟန်တူသည်။ အနှစ်ငါးဆယ်မဟုတ်သော်လည်း စောစောက ကျရှုံးမှုမှ တန်ပြန်သက်ရောက်မှုဖြစ်ကြောင်း သိသာ၏။
မန်ဟိုက သူ့လက်ကို လျစ်လျူရှုရင်း တွေးနေသည်။
"ဒီလိုရတနာတွေ ရှားတာ အံ့သြစရာမရှိဘူး။ အချိန်ရတနာပြုလုပ်ရတာက တော်တော့်ကို ရှုပ်ထွေးတာကိုး။ တစ်နေရာ မအောင်မြင်တာနဲ့ ရှေ့ကဟာအားလုံး အလကားဖြစ်ကုန်တယ်။ အကုန်ကျခံဖို့ ဖြစ်နိုင်ပေမယ့် နောက်ဆုံးကျမှ တစ်ချက်လေးမှားသွားကြည့်လိုက် အကုန်လုံး သဲထဲရေသွန်ပဲ။ ဒါ့အပြင် တစ်ခါမအောင်မြင်တိုင်း အချိန်တန်ပြန်သက်ရောက်တာကိုလည်း ခံရသေးတယ်....." စောစောက တန်ပြန်သက်ရောက်မှုက သူ၏အသက်စွမ်းအားတချို့ကို ပျောက်ကွယ်သွားစေခဲ့ကြောင်း မန်ဟို ရှင်းရှင်းလင်းလင်း အာရုံရလေသည်။
"ဒါပေမဲ့ ဒီရတနာကို အမှန်တကယ် ဖန်တီးနိုင်တဲ့လူ တစ်ယောက်ယောက် ရှိရင်.... အဲ့ဒီလူက ငါပဲဖြစ်ရမယ်" သူ၏မျက်လုံးများ တောက်ပလာ၏။ သူသည် တစ်ယောက်တည်းတီးတိုးရေရွတ်ကာ ညာလက်ဖြင့် သိုလှောင်အိတ်ကို ပုတ်ပြီး နွေဦးနှင့်ဆောင်းဦးသစ်ပင် နောက်တစ်ပင် ထုတ်လိုက်သည်။ သူကား ၄င်းကို စတင်ဓာတ်ကူပြန်သည်။
အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားသည်။ ထိုညတွင် နွေဦးနှင့်ဆောင်းဦးသစ်ပင်၌ အချိန်ဆယ်နှစ် ပါရှိလေသည်။ ဆယ်ရက်ကြာသော် မန်ဟိုသည် နွေဦးနှင့်ဆောင်းဦးသစ်ပင်အတွင်း အချိန်နှစ်ငါးဆယ် သိုလှောင်ထားသည့်နေရာသို့ နောက်တစ်ခေါက် ရောက်သွားသည်။
သူက အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းပြီး အားပြန်ဖြည့်ရန် ဆေးလုံးတစ်ချို့ သောက်လိုက်သည်။ နှစ်နာရီကြာသည့်အခါ သူ၏မျက်လုံးများ ပွင့်လာသည်။ သူသည် နောက်ဆုံးအချိန်ဆယ်နှစ်ကို ချက်ချင်း ဓာတ်ကူခြင်းမလုပ်။ သိုလှောင်အိတ်ထဲမှ ကြေးမုံကို ထုတ်ပြီး ဆေးလုံးတချို့အား ပွားသည်။ ထို့နောက် သူ၏ ကျန်ရှိသော ဝိညာဥ်ကျောက်တုံးများ သုံးကာ အချိန်နှစ်ငါးဆယ် သိုလှောင်ထားသည့် နွေဦးနှင့်ဆောင်းဦးသစ်ပင်ကို ပွားလိုက်သည်။
နှစ်ခြောက်ဆယ်အချိန်စက်ဝန်းမှာ အရေးပါသောအမှတ်တစ်ခု ဖြစ်ပုံရသည်။ ၄င်းကို မရောက်ခင် ပုံတူပွားခမှာ သိပ်မမြင့်ပေ။ သို့သော် နှစ်ခြောက်ဆယ်ရပ်ဝန်း ရောက်ရှိပြီးနောက် ပွားခမှာ အံဖွယ်လိလိတိုးလာလိမ့်မည်ဟု မန်ဟို ခံစားရလေသည်။
အချိန်အနည်းငယ်ကြာသော် ဘန်းခနဲ အသံထွက်သွားသည်။ ဘယ်လက်မောင်းတစ်ဖက်လုံး အိုမင်းရင့်ရော်သွားသည်တွင် မန်ဟိုမျက်နှာပေါ်၌ ဒေါသထွက်သွားသောအရိပ်အယောင် ပေါ်ပေါက်လာပြီး နွေဦးနှင့်ဆောင်းဦးသစ်ပင်မှာ နောက်တစ်ဖန် ပြာဖြစ်သွားသည်။ သူ့တွင် ဝိညာဥ်ကျောက်တုံးများများစားစား မရှိတော့သော်လည်း ရင်နာနာနှင့် အားလုံးးနီးပါးအသုံးပြုကာ နောက်တစ်ပင်ပွားရပြန်သည်။
ယခုတစ်ခေါက် နွေဦးနှင့်ဆောင်းဦးသစ်ပင် ခဲရောင်မပြောင်းခင် ဓာတ်ကူခြင်းက နှစ်ရက်တိတိကြာသည်။ ၄င်းကို အချိန်သိုလှောင်မှော်ပညာဖြင့် ချိတ်ပိတ်ပြီးနောက် သစ်ပင်သည် ရှေးဆန်သောအချိန်အငွေ့အသက်ကို စတင်ထုတ်လွှတ်လာတော့သည်။
သူကား နောက်ဆုံးတွင် နွေဦးနှင့်ဆောင်းဦးသစ်ပင်ကို နှစ်ခြောက်ဆယ်စက်ဝန်းအပြည့် ထည့်သွင်းခြင်း အောင်မြင်ခဲ့လေပြီ။
မန်ဟိုမှာ နွေဦးနှင့်ဆောင်းဦးသစ်ပင်ကို ကြည့်ရင်း အသက်ရှူသံများ မြန်ဆန်နေတော့သည်။ နွေဦးနှင့်ဆောင်းဦးသစ်ပင်တွင် ကမ္ဘာဦးကောင်းကင်အားဖြည့်ဆေးလုံးနှင့်ဆင်သော အချိန်ခံစားချက်ပါရှိနေသည့်အတွက် သူ၏မျက်လုံးများ စတင်တောက်ပလာ၏။ ၄င်းမှာ အဆများစွာ အားနည်းသော်လည်း ရှိနေသည်ကတော့ သေချာသည်။
"စိတ်မကောင်းစွာနဲ့ ငါ့မှာ ဝိညာဥ်ကျောက်တုံးတွေ မရှိတော့ဘူး။ နောင်ကျရင် ဒီရတနာက သေချာပေါက် အများကြီးလိုအပ်လာမှာ။ ဒါမဲ့ နှစ်ခြောက်ဆယ်အချိန်စက်ဝန်းနဲ့ ရတနာက တော်တော်လေး အစွမ်းထက်တယ်။ အခုတော့ ကောင်းသင့်သလောက် ကောင်းနေပါပြီ" သူသည် တဖိတ်ဖိတ်လက်နေသော မျက်လုံးများဖြင့် နွေဦးနှင့်ဆောင်းဦးသစ်ပင်ကို တခဏ ကြည့်နေပြီးနောက် ဘယ်လက်ဖြင့် စတင်ရွေတော့သည်။
အချိန်အနည်းငယ်ကြာသော် မန်ဟိုကိုင်ထားသည်က သစ်သားဓားတစ်လက် ဖြစ်သွားလေပြီ။ ၄င်း၏သွင်ပြင်မှာ ကြမ်းသော်လည်း ဤအကြမ်းထည်သစ်သားဓားက မန်ဟို ကိုယ်တိုင်ဖန်တီးထားသော မှော်ရတနာတစ်ပါး ဖြစ်သည်။
သူသည် သစ်သားဓားကို တခဏကြည့်ပြီးနောက် သိုလှောင်အိတ်ထဲ ထည့်လိုက်၏။ ထို့နောက် ကျောက်စိမ်းပုလင်းတချို့ ထုတ်သည်။ ဤပုလင်းတစ်ပုလင်းစီတွင် သွေးများပါရှိ၏။ ယင်းတို့ကား ဝိညာဥ်သန့်စင်ဆေးလုံးများ ဖော်စပ်စဥ်က ချင်းလော်ဂိုဏ်းမှ စုဆောင်းရရှိခဲ့သော ဘိုးဘေးသွေးမျိုးဆက်သုံးဆက်ကလွဲ၍ တခြားမဟုတ်ပေ။
"ငါ ချင်းလော်ဂိုဏ်းရဲ့ မျိုးဆက်ဆယ့်သုံးဆက်အတွက် ဆေးလုံးတွေ ဖော်စပ်ပေးခဲ့တယ်။ အဲ့ထဲကမှ မျိုးဆက်သုံးဆက်ဆီက ဘိုးဘေးသွေးငါးစုံ စုဆောင်းနိုင်ခဲ့တယ်.....ဒီသွေးတွေကနေ အခြေခံသွေးကိုယ်ပွားငါးကိုယ် ဖန်တီးနိုင်လောက်တယ်" သူ့စိတ်ထဲတွင် သွေးအင်မိုတယ်အမွေအနှစ်တွင် ရေးသားထားသည့် သွေးကိုယ်ပွားဆိုင်ရာဖော်ပြချက်ကို မြင်လိုက်ရသည်။
"သွေးကိုယ်ပွားတွေက အရိပ်လိုပဲ။ ကိုယ်ကို အရိပ်နဲ့ ပေါင်းစည်းလိုက်ရင် သက်ရှိလူတစ်ယောက်ရဲ့ အမြင်ဓာတ်လို ဖြစ်လာတယ်။ သူ့ရဲ့ ရှင်ခြင်းသေခြင်းက ငါ့အတွေးနဲ့ ဆက်စပ်နေမယ်။ သွေးကိုယ်ပွားတစ်ကိုယ်မှာ ငါ့ကိုယ်အစစ်ရဲ့ ကျင့်ကြံခြင်းအခြေခံစွမ်းအား ၂၀ ကနေ ၃၀ ရာခိုင်နှုန်းအထိ ပါရှိတယ်။ ငါသာ သူ့ကို သွေးစိတ်ဝိညာဥ်အဖြစ် အဆင့်မြှင့်ပေးနိုင်ရင် ငါ့ကိုယ့်အစစ်ရဲ့ ကျင့်ကြံခြင်းအခြေခံစွမ်းအား ၁၀၀ ရာခိုင်နှုန်း အသုံးပြုနိုင်မယ်။ ဘိုးဘေးသွေးမျိုးဆက်ကိုးဆက်နဲ့ ဖန်တီးထားတဲ့ နောက်ဆုံးအသွင် သွေးနတ်ဘုရားကတော့ မိုးကောင်းကင်ကို ဖီဆန်တာပဲ" သွေးအင်မိုတယ်အမွေအနှစ်မှာ အမှန်တကယ် အန္တရာယ်များလေသည်။ ယခင်က သူ့မှာ သံသယများရှိခဲ့၏။ သို့သော် ကျင့်ကြံခြင်းလောက၌ ကျက်စားပြီး ဆေးဝါးတာအိုနှင့် အဆိပ်တာအိုကို လေ့လာပြီးနောက်တွင်တော့ ပို၍ကောင်းစွာ နားလည်နေလေပြီ။
"အဆိပ်လိုပဲ မှော်အမျိုးအစားတွေ ထောင်ချီရှိတယ်။ ကြီးမြတ်တဲ့ တာအိုဟာ အကန့်အသတ်မဲ့ပြီး လူတစ်ယောက်ရဲ့စိတ်ဆန္ဒ၊ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ လျှောက်လှမ်းရမယ့် လမ်းကြောင်းတွေနဲ့ ပြည့်နေတယ်" သူသည် ညာလက်ကို မြှောက်ပြီး သွေးအင်မိုတယ်အမွေအနှစ်ထဲတွင် ဖော်ပြထားသည့် နည်းလမ်းအတိုင်း သူ၏သွေးကိုယ်ပွားများကို စတင်ဖန်တီးတော့သည်။
ဤနည်းလမ်းမှာ လူတစ်ယောက်၏ ကိုယ်ပိုင်သွေးကို စိတ်ဝိညာဥ်အဖြစ် အသုံးပြုပြီး ဘိုးဘေးသွေးမျိုးဆက်သုံးဆက်ကို ၄င်းအား အားဖြည့်စေခြင်းပင်။ ထို့အပြင် ယဇ်ပစ္စည်းတစ်ခုလည်း လိုအပ်သည်။ သွေးအင်မိုတယ်အမွေအနှစ်အရ ဤယဇ်ပစ္စည်းမှာ အရေးအကြီးဆုံးဖြစ်၏။ မှန်ပါသည် ၊ ကောင်းကင်နှင့်မြေကြီးတွင် အရာဝတ္ထုပစ္စည်းများ မရေမတွက်နိုင်အောင် ရှိသည်။ အပင်၊ ကျောကျောက်ခဲ၊ မြေကြီး အစရှိသဖြင့် မည်သည့်အရာကိုမဆို အသုံးပြုနိုင်သည်။ တကယ်တမ်း ရှေးက သွေးအင်မိုတယ်ပင်လျှင် ယဇ်ပစ္စည်းအဖြစ် သူ့ရန်သူများ၏အရေခွံကို အသုံးပြုခဲ့သည်။
ယဇ်ပစ္စည်းမပျက်စီးသရွေ့ သွေးကိုယ်ပွားအား ဖျက်စီး၍မရပေ။ နှစ်ခု တစ်သားတည်းဖြစ်လေလေ ၊ သွေးကိုယ်ပွား၏ကျင့်ကြံခြင်းအခြေခံမှ စွမ်းအားများများ ပေါ်လွင်လေလေ ဖြစ်သည်။
တခဏတွေးပြီးနောက် မန်ဟိုသည် အသားဂျယ်လီ၏အရေခွံကို ယဇ်ပစ္စည်းအဖြစ် အသုံးပြုရန် ဆုံးဖြတ်လိုက်၏။
အသားဂျယ်လီအရေခွံလဲတုန်းက ၄င်း၏အကြွင်းအကျန် အရေခွံအမြောက်အမြား မန်ဟို စုဆောင်းရရှိခဲ့သည်။ မန်ဟိုသည် လက်သည်းခွံအရွယ် အရေခွံအစငါးစ ထုတ်ပြီးနောက် သွေးကိုယ်ပွားများအား သန့်စင်ရန် စတင်အသုံးပြုတော့သည်။
အချိန်များ တရွေ့ရွေ့ကုန်လွန်သွား၏။ မကြာမီ သုံးလကြာခဲ့လေပြီ.....
တောင်ပိုင်းဒေသ၏ အနောက်ဘက်နယ်မြေရှိ တာအိုရေပူစမ်းမှာ နောက်ဆုံး တစ်လတစ်ခါ ပန်းထွက်သည့်နှုန်းမှ သုံးရက်တစ်ခါသို့ တိုးသွားသည်။မကြာမီ နှစ်ခါတစ်ခါ၊ ထို့နောက် နေ့တိုင်း။ အဆုံးသတ်တွင် ၄င်းသည် ရပ်တန့်မည်ဟန်မရှိဘဲ တစ်နေ့လျှင် အကြိမ်များစွာ ပန်းထွက်နေတော့သည်။
တောင်ပိုင်းဒေသရှိ ဂိုဏ်းများ၏ ရှေးမှတ်တမ်းများအရ အဆက်မပြတ်ပန်းထွက်မှုများ ခုနစ်ကြာမြင့်ပြီးနောက် ရေပူစမ်းပျောက်ကွယ်သွားမည် ဖြစ်သည်။
အချိန်ကား မရှိတော့ပေ။ ထိပ်သီးဂိုဏ်းများနှင့် မျိုးနွယ်စုများမှ ရွေးချယ်ခံများအားလုံး အရေးကြီးသောအခိုက်အတန့်တွင် ကံကောင်းမှု ရရှိရန် ယှဥ်ပြိုင်ရင်း ဉာဏ်အလင်းရရှိရန် တစ်ချိန်လုံး ကြိုးစားအာရုံစိုက်ထားကြလေသည်။
တစ်နေ့တွင် သွေးမိစ္ဆာဂိုဏ်း တာအိုကလေး လီရှိချီ ဉာဏ်အလင်းရပြီး အဆင့်တက်ကာ အမြုတေဖြစ်တည်မှုအဆင့် ရောက်သွားသည်။ ရေပူစမ်းမှ ထွက်လာသော စိတ်ဝိညာဥ်စွမ်းအင်အား သူမတစ်ယောက်သာ စုပ်ယူနိုင်သည်။ တခြားဘယ်သူမှ နည်းနည်းလေးပင် မခိုးယူဝံ့ပေ။
သူမပြီးနောက် ရှုချင်၏ အနိုင်ယူခြင်းခံရသော်လည်း အသတ်မခံခဲ့ရသော လီမျိုးနွယ်တာအိုကလေး လီတောက်ရီ အဆင့်တက်သည်။ သူ၏နာမည်သည် တောင်ပိုင်းဒေသ၌ အမြုတေဖြစ်တည်မှုအဆင့်တက်သွားသော တတိယမြောက်ကျင့်ကြံသူအဖြစ် ချက်ချင်း ပျံ့နှံ့သွား၏။ နောက်တစ်ဖန် တာအိုရေပူစမ်းမှ ထွက်လာသော စိတ်ဝိညာဥ်စွမ်းအင်ကို ဉာဏ်အလင်း ရရှိသွားသည် သူတစ်ယောက်သာ စုပ်ယူနိုင်လေသည်။
တောင်ပိုင်းဒေသတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။
၄င်းက မန်ဟို တစ်နှစ်နီးပါး ကြာပြီးနောက်ဆုံး တံခါးပိတ်ကျင့်ကြံရာ၌ ထွက်လာသော အချိန်အပိုင်းအခြားဖြစ်သည်။ သူ အပြင်သို့ ထွက်လာစဥ် သူ၏ဆံပင်များ အတော်လေးရှည်နေပြီး သူ့ညာလက်မှာ ရွတ်တွခြောက်ကပ်နေ၏။ သူသည် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ဝတ်ရုံ မဟုတ်ဘဲ မိုးပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။
သူထွက်လာသည့်အချိန်က မိုးရွာနေသောမနက်ခင်းအချိန် ဖြစ်သည်။ သူကား အဝေးသို့ တဟုန်ထိုးထွက်သွားသည့် အလင်းတန်းအသွင်ပြောင်းသွားတော့သည်။
သူ၏မျက်နှာမှာ တည်ကြည်နေပြီး သူ၏မျက်လုံးများက ကြယ်စင်များသဖွယ် နယ်နဲသိမ်မွေ့ဟန်ရှိသည်။
သူ၏ကျင့်ကြံခြင်းအခြေခံသည် ချီအခြေတည်အဆင့်တွင် ဖြစ်နေသေးသော်လည်း သူ၏အတိုက်အခိုက်စွမ်းရည်ကတော့ ချီအခြေတည်အဆင့်ကျင့်ကြံသူများနှင့် တစ်ဆင့်တည်း မဟုတ်တော့ပေ။ မည်မျှပို၍ အစွမ်းထက်လာသည်ကိုမူ ......
မန်ဟို ကိုယ်တိုင် စမ်းသပ်ကြည့်ချင်သည်။
ထို့ကြောင့် သူ တိုက်ခိုက်လေမည်။
တိုက်ပွဲမှ ကောင်းကင်နှင့်မြေကြီး၏ ဉာဏ်အလင်းကို သူရရှိလိမ့်မည်။ တိုက်ပွဲမှ နဝမတာအိုမဏ္ဍိုင်နှင့် ပတ်သက်သော ဉာဏ်အလင်းရရှိမည်။ တိုက်ပွဲမှတစ်ဆင့်.... သူသည် ကမ္ဘာကြီးအား တုန်လှုပ်စေလိမ့်မည်။
သူကား သူ၏ကျင့်ကြံခြင်းအခြေခံ အဆင့်တက်ခြင်းကို ဦးတည်သည့် အပြောင်းအလဲဖြစ်မည့်နေရာကို ရှာဖွေပေတော့မည်။
***