မျက်နှာမဲ့မိုးပြာသူရဲကောင်း
Vol. 19 Ch. 266
ခုနစ်ရက်ကြာသော် လေပြင်းမုန်တိုင်းများ တောင်ပိုင်းဒေသတစ်ကြော ရိုက်ခတ်လေသည်။ အနောက်ဘက်နယ်မြေရှိ တောင်ပိုင်းဒေသကျင့်ကြံသူ တစ်ဦးတစ်ယောက်ချင်းစီ၏ စိတ်နှလုံးများ လုံးလုံးလျားလျား တုန်လှုပ်ကုန်ကြသည်။
ဤအရာအားလုံးကား နာမည်တစ်ခုကြောင့်ပင်။
မျက်နှာမဲ့မိုးပြာသူရဲကောင်း။
ကောလဟလများအရ သူသည် မိုးပြာရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ပြီး သူ၏မျက်နှာမှာ ဝေဝါးနေသည်ဟူ၍။
ကောလဟာလများအရ သူသည် ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်သာ ဖြစ်သော်လည်း သူ၏အတိုက်အခိုက်စွမ်းရည်က တစ်ခါမှမကြုံဖူးလောက်အောင် အံဖွယ်ကောင်းသည်ဟူ၍။
ကောလဟာလများအရ သူက တိုက်ခိုက်သည့်အခါတိုင်း တစ်ခုသာ ပြောတတ်သည်။
"တိုက်"
ကောလဟလများသည် လွန်ခဲ့သည့်ခုနစ်ရက်က သူ၏ပထမဆုံးတိုက်ပွဲပြီးနောက် ချက်ချင်း ပျံ့နှံ့လာခဲ့လေသည်။ သူက ကျင်းဟန်ဂိုဏ်းမှ ချီအခြေတည်ခြင်း မဟာစက်ဝန်းအဆင့် ရွေးချယ်ခံတစ်ယောက်အား တိုက်ခိုက်ခဲ့သည်။ သူတို့မှာ ပျံသန်းနေရင်း တစ်ယောက်နှင့်တစ်ယောက် ပက်ပင်းတိုးခဲ့ကြပြီး အကြောင်းပြချက်မရှိဘဲ 'တိုက်'ဆိုသော စကားလုံးထွက်သည်နှင့် ကောင်းကင်၌ ပေါက်ကွဲသံကြီး မြည်ဟည်းသွားသည်။
ကျင်းဟန်ဂိုဏ်း ရွေးချယ်ခံမှာ တခဏအတွင်း ရှုံးနိမ့်သွား၏။ ထိုလူမှာ မျက်စိတစ်မှိတ်အတွင်း နင်းခြေခံရရန် စောင့်ဆိုင်းနေသည့် မြက်ခြောက် သို့မဟုတ် သစ်သားအဆွေးပမာ ဖြစ်သွားသည်။
တိုက်ပွဲကို လူတော်တော်များများ မြင်လိုက်ကြသည်။ ၄င်းမှာ လက်ဖျားခါလောက်အောင် တုန်လှုပ်ဖွယ်ကောင်းသော်လည်း သူတို့ သတင်းပင် မဖြန့်နိုင်မီ မျက်နှာမဲ့မိုးပြာသူရဲကောင်း၏ ဒုတိယတိုက်ပွဲကို ရှုစားကြရလေသည်။
သူ၏ပြိုင်ဘက်က သွေးမိစ္ဆာဂိုဏ်း၏ ရွေးချယ်ခံတစ်ယောက်ဖြစ်သည်။ ထပ်မံ၍ အဆိုပါကျင့်ကြံသူမှာ တခဏအတွင်း အနိုင်ယူခံလိုက်ရသည်။
မန်ဟိုက သူတို့ကို အသက်ချမ်းသာပေး၏။ သို့သော် ထိုကဲ့သို့ အပြတ်အသတ်ရှုံးနိမ့်မှုများမှာ လူတစ်ယောက်၏ ယုံကြည်မှုအား ရိုက်ချိုးပစ်လိုက်သော ဧရာမရေလှိုင်းကြိီးများးသဖွယ်ဖြစ်ပြီး ပြိုင်ဘက်အားလုံးကို စိတ်ပျက်လက်မှိုင်ကျသွားစေသည်။
နောက်ရက်များတွင် လီမျိုးနွယ်စု၊ ချင်းလော်ဂိုဏ်း၊ စုန့်မျိုးနွယ်စု၊ ယီးကျန့်ဂိုဏ်း၊ ဝမ်မျိုးနွယ်စု ..... ထိပ်သီးဂိုဏ်းကြီးများနှင့် မဟာမျိုးနွယ်စုများအားလုံး သူတို့၏ရွေးချယ်ခံဂိုဏ်းသားများအပေါ်သို့ တူညီသောကံကြမ္မာကျရောက်လာကြောင်း တွေ့လိုက်ကြသည်။ မိုးပြာရောင်ဝတ်ရုံနှင့်လူကိုတွေ့သည့် မည်သူမဆို ဘယ်တော့မှ တိုက်ကွက်နှစ်ကွက်ထုတ်ရန် အခွင့်အရေးပင်မရပေ။ သူတို့အားလုံး ချက်ချင်း ရှုံးနိမ့်သွားသည်သာ။
လူတိုင်း အဆိုပါမျက်နှာမဲ့မိုးပြာသူရဲကောင်းအကြောင်း ထင်ကြေးမျိုးစုံပေးနေကြသဖြင့် တောင်ပိုင်းဒေသ၏ အနောက်ဘက်နယ်မြေမှာ အုတ်အုတ်ကျက်ကျက် ဖြစ်နေတော့သည်။ ထင်မြင်ချက်များကား အမျိုးမျိုးထွက်ပေါ်လျက်ရှိသည်။
ရှစ်ရက်မြောက်နေ့တွင် တာအိုရေပူစမ်းမှ ကီလိုမီတာ ၁၅၀၀ခန့်အကွာ၌ ယီးကျန့်ဂိုဏ်းသားများက မိုးပြာရောင်ဝတ်ရုံနှင့်လူတစ်ယောက်ကို ဝိုင်းထားကြ၏။ အရှေ့တွင်် မျက်နှာနီနီနှင့် သက်လတ်ပိုင်းလူတစ်ယောက်ရှိသည်။ သူသည် သူ့အရှေ့ရှိ မိုးပြာရောင်ဝတ်ရုံနှင့်လူကို စိုက်ကြည့်ပြီး မျက်လုံး ဝင်းလက်တောက်ပနေ၏။
"မင်းက ဘယ်သူလဲ"
မိုးပြာရောင်ဝတ်ရုံနှင့်လူမှာ မန်ဟိုကလွဲ၍ တခြားမဟုတ်ပေ။
သူ့မှာ ပြီးခဲ့သည့်ခုနစ်ရက်လုံး နဝမတာအိုမဏ္ဍိုင်နှင့်ပတ်သက်၍ ဉာဏ်အလင်းရရန် ကြိုးစားရင်း အဆက်မပြတ် တိုက်ခိုက်နေခဲ့လေသည်။ အမှန်ပင် သူသည် တာအိုရေပူစမ်းအပြင် အမြုတေဖြစ်တည်မှုအဆင့် ရောက်ရှိသွားသူများအကြောင်း ကြားထားပြီးဖြစ်သည်။
သို့သော် သူက တာအိုရေပူစမ်းဆီ ချက်ချင်း မသွားဘဲ တောင်ပိုင်းဒေသ၏ သူရဲကောင်းများကို ဆက်လက်စိန်ခေါ်နေသည်။ ပြိုင်ဘက်များစွာ ရင်ဆိုင်ပြီး အောင်မြင်မှု တစ်ခုပြီးတစ်ခု ရရှိပြီးနောက် ယခု သူသည် ဂိုဏ်းများ၊မျိုးနွယ်စုများ၏ တာအိုကလေးများကို ပစ်မှတ်ထားနေ၏။
သူ့အရှေ့ရှိလူမှာ ယီးကျန့်ဂိုဏ်း၏ သားတော်ခုနစ်ယောက်အနက် အကြီးဆုံးသား၊ အမြုတေဖြစ်တည်မှုအဆင့်သို့ လမ်းတစ်ဝက်ရောက်နေပြီဖြစ်သော ချီအခြေတည်ခြင်း မဟာရပ်ဝန်းအဆင့်် ဟန်ရှန့်တောက်ပင်။
"တိုက်မှာလား၊ မတိုက်ဘူးလား" မန်ဟိုက အေးစက်စက်လေသံဖြင့် ပြောသည်။
ဟန်ရှန့်တောက်၏မျက်လုံးများ လင်းလက်သွားသည်။ သူက ကောင်းကင်ကိုမျက်နှာမူရင်း အားပါးတရရယ်ပြီးနောက် ညာလက်ကို မြှောက်လိုက်ရာ သူ၏ဧရာမဓားကြီးက ဝီးခနဲ ထွက်သွားသည်။ ၄င်း မန်ဟို့ထံ ဦးတည်လာစဥ် ဓားအရှိန်အဝါသည် မိုးကောင်းကင်ထိတိုင် ထိုးတက်သွား၏။ မန်ဟို့၏ နှုတ်ခမ်းထောင့်စွန်းက ကွေးတက်သွားပြီး သူကရှေ့တစ်လှမ်းတိုးလိုက်သည်။
ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားပြီး တစ်ချိန်တည်းမှာပင် ......
ဟန်ရှန့်တောက် ပါးစပ်မှသွေးများ ပန်းထွက်ကာ နောက်သို့ ဒလိမ့်ခေါက်ခွေး လွင့်ထွက်သွားသည်။ အလွန်အမင်းအံသြသွားခြင်းက သူ့မျက်နှာကို စိုးမိုးနေသည်။ သူ၏ဓားကြီးမှာ တစစီပဲ့ကြွေကျသွားခဲ့၏။ အတွင်းတွင် ဖုံးကွယ်ထားသည်က အမြုတေဖြစ်တည်မှုအဆင့် စွမ်းအား ထုတ်ဖော်နိုင်သော ဓားပျံတစ်လက် ဖြစ်သည်။ သို့သော် ၄င်းလည်း တုန်ခါနေပြီး အက်ရာများဖုံးလျက် ဟန်ရှန့်တောက်နှင့်အတူ နောက်ပြန်လွင့်သွားသည်။
တခဏ၊ တစ်ကွက်တည်းနှင့် အပြတ်အသတ်ရှုံးနိမ့်သွားလေပြီ။
ဓားခုတ်ရာအရှည်ကြီးက ဟန်ရှန့်တောက်၏ ညာပခုံးမှ ဘယ်ချိုင်းကြားအထိ တောက်လျှောက် ဆန့်တန်းသွားသည်။ အရိုးပင် မြင်ရပြီး သွေးများ တရဟောစီးကျလာသည်။ ယီးကျန့်ဂိုဏ်းသားတစ်ယောက် ကူထူပေးစဥ် ဟန်ရှန့်တောက်မှာ မျက်နှာဖြူဆုပ်နေတော့သည်။
သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး ဒယိမ်းဒယိုင် ရပ်လိုက်သည်။ "လူကြီးမင်းက တာအိုရေပူစမ်းမှာ ပါရှိတဲ့ ရှေးဟောင်းတိုက်ပွဲဝင်မှော်မန္တန်နဲ့ပတ်သက်ပြီး ဉာဏ်အလင်းရခဲ့တာကိုး။ ကျုပ်အရှုံးပေးပါတယ်"
မန်ဟိုက ပြန်မဖြေဘဲ လှည့်ထွက်သွားသည်။ ဤရှစ်ရက်တာအတွင်း သူသည် လူတော်တော်များများနှင့် တိုက်ခိုက်ခဲ့၏။ တချို့က တာအိုရေပူစမ်းနှင့် ရှေးဟောင်းတိုက်ပွဲဝင်မှော်မန္တန်အကြောင်း ဖော်ပြကြလေသည်။
မန်ဟို ထွက်ခွာလာပြီးနောက် သူ့မျက်နှာပေါ်ရှိ ဝေဝါးနေမှု ပြောင်းလဲသွားသည်။ တခဏကြာသော် သူသည် ဖန်မုနှင့် ပြန်တူသွား၏။ သို့သော် မိုးပြာရောင်ဝတ်ရုံကိုတော့ ဝတ်ဆင်ထားဆဲဖြစ်သည်။ တစ်နာရီကြာသော် မန်ဟိုသည် ဧရာမရေကန်ကြီးတစ်ကန်ကို တွေ့လေသည်။
၄င်းက ကန်တစ်ကန်ဖြစ်သော်လည်း တာအိုရေပူစမ်းဟု ခေါ်ခြင်းက ပိုသင့်တော်လိမ့်မည်။
ရေကန်ကို ကျင်ကြံသူတစ်သောင်းကျော် ဝိုင်းအုံနေ၏။ သူတို့အားလုံးသည် တင်ပျဥ်ခွေလျက် တရားထိုင်နေကြသည်။
မန်ဟိုရောက်လာခြင်းအား မည်သူမှအာရုံမစိုက်ပေ။
သူသည် လူအများအား လှည့်ပတ်ကြည့်ပြီးနောက် လူပိုနည်းသော နေရာတစ်နေရာကို ရွေးချယ်ကာ တင်ပျဥ်ခွေထိုင်ပြီး တာအိုရေပူစမ်းကို တိတ်ဆိတ်စွာ လေ့လာတော့သည်။
အချိန်များကုန်လွန်သွား၏။ ဒုတိယနေ့တွင် နေရာအရပ်ရပ်မှ ကျင့်ကြံသူများ ထပ်မံရောက်ရှိလာနေကြောင်း မန်ဟို သတိထားမိလိုက်သည်။ မွန်းတည့်ချိန်တွင် လူသောင်းပေါင်းများစွာ ရောက်ရှိလာကြလေပြီ။
ညနေရောက်သော် တစ်နေရာလုံး ပြည့်ကြပ်သွား၏။ ကြည့်ရသရွေ့ ကျင့်ကြံသူတစ်သိန်းနီးပါး ရှိပုံရသည်။
ရုတ်တရက် ရေပန်းထွက်လာပြီး တောက်ပသော အလင်းတန်းများ တာအိုရေပူစမ်းအပေါ်၌ ပေါ်လာသည်။ အလင်းများသည် တစ်ခုနှင့်တစ်ခု လိမ်ယှက်ရင်း ကောင်းကင်တွင် မျက်နှာပြင်တစ်ခု ပေါ်ပေါက်လာစေ၏။ မျက်နှာပြင်အတွင်းတွင် လက်နှစ်ဖက်လုံး ဂါယာမန္တယားဆိုင်ရာလက်ကွက်များ လှုပ်ရှားနေလျက် တင်ပျဥ်ခွေထိုင်နေသော လူတစ်ယောက်၏ ဝိုးတိုးဝါးတာပုံရိပ်တစ်ခု ရှိသည်။
"ပေါ်လာပြီ"
"တာအိုရေပူစမ်းနှာပါတဲ့ ဉာဏ်အလင်းဆိုတာ ဘယ်လိုမျိုးပါလိမ့်။ ချီးပဲဟေး။ ငါဒီရောက်နေတာ နှစ်ဝက်လောက်ရှိနေတာတောင်မှ ငါ့ကျင့်ကြံခြင်းအခြေခံက နည်းနည်းလေးတောင် တိုးတက်မလာဘူး"
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအသံများ ကျွတ်ကျွတ်ညံလာသဖြင့် မန်ဟိုက မျက်နှာပြင်ကို လှမ်းကြည့်လိုက်သည်။ ဝိုးတိုးဝါးတား ပုံရိပ်နှင့်အတူ ထိုလူ့၏ လက်နှစ်ဖက်သည် တဖြေးဖြေး ထင်ရှားပြတ်သားလာ၏။ ထိုပုံရိပ်မှာ အသတ်အဖြတ်စိတ်ဆန္ဒ ထုတ်လွှတ်နေကြောင်း မန်ဟို ရုတ်တရက် သဘောပေါက်လိုက်သည်။
အသတ်အဖြတ်စိတ်ဆန္ဒမှာ အားနည်းသော်လည်း ထိုနေရာတွင် ရှိနေပြီး သူတစ်ယောက်တည်းသာ သတိထားမိသည်မဟုတ်ကြောင်း မန်ဟိုသေချာလေသည်။
သူသည် တစ်ယောက်တည်း ရေရွတ်ရင်း စိတ်နှလုံးတည်ငြိမ်စေပြီး သူ့ကိုယ်သူ ဆိတ်ငြိမ်သက်ခြင်းနယ်ပယ်သို့ ဝင်ရောက်ရန် တွန်းအားပေးလိုက်သည်။ သူသည် တစ်ညလုံး ထိုနယ်ပယ်တွင် ရှိနေ၏။ နောက်တစ်နေ့မနက်ရောက်သော် သူမျက်မှောင်ကြုတ်သွားသည်။ သူ့မှာ ဘာဆိုဘာမှ တိုးတက်မလာပေ။
သူ အလေးအနက် ထိုင်စဥ်းစားနေချိန်မှာပင် စိတ်အားထက်သန်နေသောအသံတစ်သံ သူ့ဆီ ရောက်လာသည်။ "ဟေး တာအိုရောင်ရင်း ဒါကိုကြည့်ပါဦး" ၄င်းမှာ တောက်ပနေသောမျက်လုံးများဖြင့် ခပ်ပိန်ပိန် သက်လတ်ပိုင်း လူတစ်ယောက်ဖြစ်သည်။ ထိုလူ့တစ်ကိုယ်လုံးမှ လိမ္မာပါးနပ်မှုအငွေ့အသက် ထုတ်လွှတ်နေပုံရသည်။
မန်ဟို စောစောထဲက သူ့ကို သတိထားမိလေသည်။ ထိုလူမှာ သိုလှောင်အိတ်ထဲမှ စာအုပ်များထုတ်ရင်း လူကြားထဲ လိုက်ရောင်းနေခဲ့လေသည်။ သို့သော် အနည်းစုသာ စိတ်ဝင်စားကြပြီး တော်တော်များများက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်နေကြ၏။
သို့သော် ထိုလူသည် အကင်းပါး၏။ သူ့ကို အလိုမရှိကြောင်း အာရုံရသည်နှင့် ပြုံးပြီး ထွက်သွားတတ်လေသည်။
သူက စိတ်အားထက်သန်နေသည့်ဟန်ဖြင့် မန်ဟို့ဘေးတွင် လာရပ်သည်။ ထို့နောက် မန်ဟို့ကို မျက်နှာချိုသွေးလျက် အရိုအသေပေးပြီး အလောသုံးဆယ်ပြောတော့သည်။
"တာအိုရောင်ရင်း တာအိုရေပူစမ်းကနေ ဉာဏ်အလင်းမရသေးလို့ စိုးရိမ်နေတာလား" သူ့အသံကား တက်ကြွလန်းဆန်းနေ၏။ "ခင်ဗျား ရတနာသိုက်ကြီးနဲ့ ပက်ပင်းတိုးပေမယ့် ဘာလုပ်ရမလဲမသိဘူး ဖြစ်နေလား"
မန်ဟိုက ထိုလူ့ကို စိတ်ပျက်လက်ပျက် ကြည့်လိုက်သည်။
"စိတ်မပူနဲ့" သူက မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် ဆက်ပြောသည်။ " ခင်ဗျား အရှင်မင်းမြတ်ရဲ့ အကန်အသတ်မဲ့ ရှေး တာအိုရေပူစမ်းဉာဏ်အလင်းစာအုပ် ကို ကြည့်ရတော့မှာပါ" သူက သိုလှောင်အိတ်ကိုပုတ်လိုက်ရာ ချက်ချင်းပင် အရောင်လွင့်နေသော လက်ကမ်းစာစောင်တစ်စောင် သူ့လက်ထဲ၌ ပေါ်လာသည်။
"ဒီ အရှင်မင်းမြတ်ရဲ့ အကန့်အသတ်မဲ့ ရှေးတာအိုရေပူစမ်း ဉာဏ်အလင်းစာအုပ်ထဲမှာ မရေမတွက်နိုင်တဲ့ တာအိုရောင်ရင်းတွေရဲ့ ဉာဏ်အလင်းကို သေချာမှတ်တမ်းတင်ထားတယ်။ တကယ်တမ်း ကျုပ် ချင်းလော်ဂိုဏ်းရဲ့ မိုးကောင်းကင်နတ်သမီး ရှုချင်၊ သွေးမိစ္ဆာဂိုဏ်းရဲ့ မိုးကောင်းကင်နတ်သမီး လီရှိချီအပြင် ဝမ်မျိုးနွယ်စုတာအိုကလေး ဝမ်လီဟိုင်ဆီတောင် သွားပြီး ဂါဝရပြုခဲ့သေးတယ်။ သူတို့ရဲ့ဉာဏ်အလင်းတွေအားလုံး ဒီထဲမှာပါတယ်။ ပြီးတော့ ဂိုဏ်းအသီးသီးက ရွေးချယ်ခံတစ်ရာကျော်ရဲ့ အသိတွေလည်း ပါတယ်။ သွေး၊ ချွေး၊မျက်ရည်တွေနဲ့ ဒီအရှင်မင်းမြတ်ရဲ့ အကန့်သတ်မဲ့ ဉာဏ်အလင်းစာအုပ်ကို ကျုပ် ရေးသားခဲ့ရတာပဲ" ထိုလူသည် စာအုပ်ကို လက်တစ်ဖက်ဖြင့် ကိုင်ပြီး ကျန်တစ်ဖက်ဖြင့် လက်ဟန်မျိုးစုံလုပ်ရင်း နောက်ကကျားလိုက်လာသည့်နှယ် ပြောနေ၏။ မန်ဟို့မှာ ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေမိသည်။
"တာအိုရောင်ရင်း ခင်ဗျားဘာတွေးနေလဲ ကျုပ်သိတယ်။ အရှင်မင်းမြတ်ရဲ့ အကန့်အသတ်မဲ့ ဉာဏ်အလင်းစာအုပ်လို စာအုပ်တစ်အုပ်ရဲ့တန်ဖိုးက မဆုံးဖြတ်နိုင်ဘူး။ အဖိုးမဖြတ်နိုင်ဖြစ်လိမ့်မယ်လို့ ဟုတ်တယ်မလား" သူက ဆုံးဖြတ်ချက်အတင်းချခိုင်းနေသည့်အလား သူ့ပေါင်ကို ရိုက်လိုက်သည်။
"တာအိုရောင်ရင်း ဘားမှစိတ်မပူနဲ့။ ဒီအရှင်မင်းမြတ်ရဲ့ အကန့်အသတ်မဲ့ဉာဏ်အလင်းစာအုပ်တန်ဖိုးက ဝိညာဥ်ကျောက်တုံးတစ်ရာမဟုတ်ဘူး။ တစ်သောင်းလည်း မဟုတ်သလို တစ်ထောင်လည်း မဟုတ်ဘူး။ ရွေးချယ်ခံတစ်ရာကျော်အပြင် တာအိုကလေးတွေရဲ့ ဉာဏ်အလင်းပါရှိတဲ့၊ သွေးချွေးမျက်ရည်တွေ ပေးဆပ်ပြီးရေးသားထားတဲ့ ဒီ အရှင်မင်းမြတ်ရဲ့ အကန့်အသတ်မဲ့ဉာဏ်အလင်းစာအုပ်က ဝိညာဥ်ကျောက်တုံး ၉၉တုံးထဲနဲ့ ခင်ဗျားအပိုင်ဖြစ်နိုင်တယ်"
မန်ဟိုက လည်ချောင်းရှင်းပြီး တစ်ခုခုပြောရန်ပြင်လိုက်သည်။
"တာအိုရောင်ရင်း ဒီအခွင့်အရေးကို လက်မလွှတ်နဲ့နော်။ ဒါက နောက်ထပ် ဘယ်တော့မှရမှမဟုတ်တော့တဲ့ အခွင့်အရေး။ နားထောင် ကျုပ် ခင်ဗျားကို လျှို့ဝှက်ချက်တစ်ခုပြောပြမယ်" သူက အရိပ်အခြည်ကြည့်ပြီးနောက် အသံနှိမ့်လိုက်သည်။ "မျက်နှာမဲ့မိုးပြာသူရဲကောင်းအကြောင်း ကြားဖူးလား။ သူက ခြေဦးတည့်ရာလျှောက်သွားပြီး ရွေးချယ်ခံတွေကို မျက်စိတစ်မှိတ်ထဲနဲ့ အနိုင်ယူသွားတဲ့ အကြင်နာမဲ့ ရက်စက်သူတစ်ယောက်ပဲ။ ခင်ဗျားကြားလားတော့မသိဘူး၊ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က သူနဲ့ ယီးကျန်ဂိုဏ်းရဲ့ ဟန်ရှန့်တောက် တိုက်ခိုက်ခဲ့ကြတယ်။ ဟန်ရှန့်တောက် အပြတ်အသက်ကိုရှုံးသွားတယ်သိလား
"တာအိုရောင်ရင်း နားထောင်။ ပြီးခဲ့တဲ့လဝက်လောက်ကမှ မျက်နှာမဲ့မိုးပြာသူရဲကောင်း ကျုပ်ဆီက စာအုပ်တစ်အုပ်ဝယ်သွားသေးတယ်"
မန်ဟို မျက်မှောင်ကြုတ်ပြီး သက်လတ်ပိုင်းလူကို ကြည့်လိုက်သည်။
"ကဲ ကဲ ဝိညာဥ်ကျောက်တုံးဆယ်တုံးဆိုရင်ရော ဘယ်လိုလဲ။ ကျုပ် ဆယ်တုံးထဲနဲ့ မူပွားတစ်အုပ်ရောင်းပေးမယ်။ ခင်ဗျားက ကျုပ်ရဲ့ ပထမဆုံးစျေးဦးပေါက်ဖောက်သည်ဆိုတော့ မိတ်ဆွေတွေပဲမလား။ ကျုပ် သွေးမိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းသား ရှုလင်ရှန်းပါ"
မန်ဟိုမှာ တခဏ ချီတုံချတုံဖြစ်နေပြီးနောက် ပြောသည်။ "ကျုပ်မှာ ဝိညာဥ်ကျောက်တုံးသုံးတုံးပဲ ရှိတယ်" သူက ဝတ်ရုံထဲမှ နောက်ဆုံးသုံးတုံးကို ချက်ချင်း ထုတ်ပြလိုက်သည်။
"ရတယ်" သက်လတ်ပိုင်းလူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ပြန်ဖြေသည်။ သူက မန်ဟိုစိတ်ပြောင်းသွားမည်စိုး၍ အရှင်မင်းမြတ်၏ အကန့်အသတ်မဲ့ဉာဏ်အလင်းစာအုပ်ကို မန်ဟို့လက်ထဲ ကပျာကယာထည့်လိုက်သည်။
မန်ဟိုမှာ ခပ်ယဲ့ယဲ့ပြုံးရင်း စာအုပ်ကို ကြည့်လိုက်သည်။ ထိုစဥ် လေအဝှေ့က စာရွက်များကို လန်သွားစေ၏။ မန်ဟို၏မျက်လုံးများ ရုတ်တရက် ကျဥ်းမြောင်းသွားပြီး သူက ဝိညာဥ်ကျောက်တုံးသုံးတုံးကို ရှုလင်ရှန်းဆီ ပေးလိုက်သည်။
ရှုလင်ရှန်းမှာ ဤရက်ပိုင်း စျေးရောင်းမကောင်းကြောင်း ညည်းညူရင်း ခပ်သုတ်သုတ် ထွက်သွားသည်။ စာအုပ်ထဲက ပုံများကို သူကိုယ်တိုင် အမှန်တကယ် ရေးဆွဲထားခြင်း ဖြစ်၏။ သူသည် ရှေးတာအိုရေပူစမ်းပတ်ဝန်းကျင်၌ နေပြီး မျက်နှာပြင်ပေါ်လာတိုင်း ထိုပုံကို ရေးဆွဲလေ့ရှိသည်။ အချိန်တချို့ကြာသော် သူ့မှာ ၄င်းကိုရောင်းချရန် အကြံရလာခဲ့လေသည်။
မန်ဟိုက ရှုလင်ရှန်းကို လျစ်လျူရှုပြီး စာရွက်များအား လှန်ကြည့်သည်။ ပုံတစ်ပုံစီတိုင်း တစ်ထပ်တည်းနီးပါးပင်။ သို့သော် သိပ်မကြာခင် မန်ဟို့၏မျက်လုံးများ၌ ထူးဆန်းသောအလင်းတစ်ခု စတင်တောက်ပလာသည်။ သူက ခေါင်းမော့ပြီး တာအိုရေပူစမ်း၏အလယ်တွင် ဝဲနေသော မျက်နှာပြင်ပေါ်က ပုံရိပ်ကို ကြည့်လိုက်သည်။
"ဒီစာအုပ်ထဲက ပုံတွေအားလုံး တူတဲ့ပုံပေါ်ပေမဲ့ တကယ်တော့ တစ်ခုချင်းစီမှာ ကွဲပြားတာတစ်ခုရှိတယ်..." မန်ဟိုက မျက်နှာပြင် လွင့်စင်ပျောက်ကွယ်မသွားမချင်း ၄င်းကို လေ့လာနေသည်။ ၄င်း အလုံးစုံပျောက်ကွယ်တော့မည့် တခဏ၌ မန်ဟ်ို့တစ်ကိုယ်လုံးတုန်ရီသွားသည်။ မည်သည့်အရာက မတူညီသည်လဲ သူမြင်လိုက်လေပြီ။ မျက်နှာပြင်ပေါ်က ပုံရိပ်ထဲတွင်ကား.....ချီမျှင်တစ်မျှင်။ .
ချီမျှင်မှာ အဆက်မပြတ် လှုပ်ရှားနေ၏။ သို့ဖြစ်၍ ပုံတစ်ပုံချင်းစီမှာ မဆိုစလောက်လေး မတူပေ။ သို့သော် ကွဲပြားမှုများက အလွန််အသေးစိတ်လှသဖြင့် ရှုလင်ရှန်းပင် သတိမထားမိခဲ့ပေ။
***