← Chapters

အနက်ရောင်နယ်မြေကျင့်ကြံသူများ

Vol. 19 Ch. 267

အနက်ရောင်နယ်မြေကျင့်ကြံသူများ

Vol. 19 Ch. 267

တခဏကြာသော် မျက်နှာပြင်မှာ အပြီးတိုင် ပျောက်ကွယ်သွားသဖြင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ တစတစ ထွက်ခွာသွားကြသည်။ မန်ဟိုက ဘာမှမရှိတော့သည့် လေထဲသို့ စိုက်ကြည့်ပြီး အတွေးနက်နေလျက် တင်ပျဥ်ခွေထိုင် ကျန်ရစ်ခဲ့သည်။

တာအိုရေပူစမ်း၏ စိတ်အာရုံမြင်ကွင်း ပေါ်ပေါက်ပြီး နှစ်ရက်မြောက်နေ့ ညနေတွင် မန်ဟိုက မျက်လုံးများပိတ်လိုက်သည်။ ညဥ့်ချိန်ရောက်သော် သူ၏ခန္ဓာကိုယ် ရိပ်ခနဲ ပျောက်ကွယ်သွား၏။

ဝမ်မျိုးနွယ်စု တာအိုကလေးနှင့် လက်ရွေးစင်များ၊ အမှန်တွင် ဝမ်မျိုးနွယ်သွေးစီးဆင်းနေသော မည်သူမဆို တာအိုရေပူစမ်းမှ သိပ်မလှမ်းမကမ်းရှိ တောင်တစ်လုံးပေါ်တွင် စုဝေးနေကြသည်။

ဤညမှာ ဆိတ်ငြိမ်အေးချမ်းလျက်ရှိသည်။

မန်ဟို တောင်၏အပြင်ဘက်၌ ပေါ်လာသည့်အချိန်တွင် လကား တော်တော်မြင့်မြင့် ရောက်နေလေပြီ။ သူက တောင်ထိပ်တွင် တဖျပ်ဖျပ်လွင့်နေသော ဝမ်မျိုးနွယ်အောင်လံတော်ကို မော့ကြည့်ပြီးနောက် တဟုန်ထိုး ပျံတက်သွား၏။

"ရာရာစစ ဘယ်သူက ဝမ်မျိုးနွယ်စုပိုင်နက်ထဲကို ကျူးကျော်လာရဲတာလဲ"

"ဒီနေရာမှာ ဝမ်မျိုးနွယ်အောင်လံတော် စိုက်ထားပါတယ်၊ လူကြီးမင်း ကျေးဇူးပြုပြီး ရပ်လိုက်ပါ"

အသံများထွက်ပေါ်လာပြီး ပုံရိပ်ရှစ်ခုက မန်ဟိုထံ ပျံထွက်သွားသည်။ သူတို့အရှေ့တွင် တဝီဝီမြည်နေသော ဓားချီ ထွက်ပေါ်လာပြီး မန်ဟို့ထံ တန်းတန်းမတ်မတ် ပြေးဝင်သွား၏။

မန်ဟိုက တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့် ညာအင်္ကျီလက်ကို ခါလိုက်သည်။ သူ၏တာအိုမဏ္ဍိုင်ရှစ်ခုမှ စွမ်းအားများ ပေါက်ကွဲထွက်သွား၏။ အင်္ကျီလက်ခါလိုက်ရုံလေးသာ ထင်ရသော်လည်း တကယ်တမ်း သူ၏ကျင့်ကြံခြင်းအခြေခံမှ ချေမှုန်းခြင်းဖိအားဖြစ်နေလေသည်။ ၄င်းက လေပြင်းမုန်တိုင်းကြီးအသွင်ပြောင်းပြီး အဘက်ဘက်သို့ ပျံ့နှံ့သွား၏။

ပေါက်ကွဲကြီး မြည်ဟည်းသွားပြီး ဓားအရှိန်အဝါရှစ်ခု တစစီပြိုကွဲသွားသည်။ ကျင့်ကြံသူရှစ်ယောက်မှာ အံံအားသင့်သွားပြီး ပါးစပ်မှ သွေးများပန်းထွက်လျက် နောက်လွင့်သွားလေသည်။

သူတို့မှာ မန်ဟို့ကို ရပ်တန့်အောင်ပင် မလုပ်နိုင်ချေ။ သူက သူတို့ကြားမှဖြတ်ရင်း တောင်ထိပ်သို့ ဆက်တက်သွားသည်။ ဤတစ်ကြိမ်တွင် အလင်းတန်းဆယ်တန်း ပျံထွက်လာသည်။ ၄င်းတို့အနောက်တွင် မန်ဟို့ဆီတည့်တည့် ဦးတည်လာနေသော လူတစ်ရာရှိ၏။

"ရာရာစစ ဝမ်မျိုးနွယ်စုပိုင်နက်ထဲကို ကျူးကျော်ရဲတယ်လား။ မင်း ဂိုဏ်းကလာလာလာ ဂရုမစိုက်ဘူး၊ မင်းကို ဒီနေ့ ဒီနေရာမှာ မြေမြှုပ်ပေးမယ်"

"ဘာလို့ ဒီလောက်လေကြောရှည်နေတာတုန်း။ အဲ့ကောင်ကို သတ်ပစ်လိုက်တော့"

လူအုပ်ကြီး ချဥ်းကပ်လာသဖြင့် မှော်အလင်းများ စတင်တောက်ပလာသည်။ အဝေးမှ လူများပင်လျှင် ညကောင်းကင်ယံတွင် လင်းထိန်နေသည့် အလင်းရောင်ကို မြင်နိုင်မည် ဖြစ်သည်။

မန်ဟို့၏အမူအရာမှာ တည်ငြိမ်လျက်သာ။ သူက ညာလက်ကိုမြှောက်ပြီး လက်ချောင်းကို လှီးလိုက်သည်။ သူက သူ၏တာအိုမဏ္ဍိုင်စွမ်းအားဖြင့် သွေးကို အားဖြည့်လိုက်သည်။ အရာအားလုံး အနီရောင်ပြောင်းသွားပြီး စတင်ထစ်ချုန်းလာသည်။ သွေးက ဧရာမသွေးနဂါးကြီးတစ်ကောင်အသွင် ကြီးထွားလာ၏။ ဟိန်းဟောက်သံကြီးက လာနေသော ဝမ်မျိုးနွယ်စု ကျင့်ကြံသူများအား အရှိန်အဟုန်ပြင်းစွာ တိုးဝှေ့ဝင်ဆောင့်သွားသည်။ သူတို့၏မျက်နှာများတွင် အံ့အားသင့်သွားသော အရိပ်အယောင်များ ပြည့်နှက်သွားပြီး သူတို့ပါးစပ်မှ သွေးများပန်းထွက်လာ၏။ သူတို့မှာ မထိန်းနိုင်တော့ဘဲ ကျွမ်းထိုးမှောက်ခုံလွင့်ထွက်သွားတော့သည်။

ယခုတွင် တောင်ထိပ်သို့ သွားရာလမ်းအား သွေးနဂါးကြီးက ရှင်းလင်းပေးလိုက်လေပြီ။ နားကွဲလုမတတ်ကျယ်လောင်သော ထစ်ချုန်းသံများအလယ်တွင် မန်ဟိုသည် ရှေ့တက်သွားပြီး အသက်ဆယ်ရှိုက်အတွင်း တောင်ထိပ်သို့ရောက်သွား၏။

သူ့အနောက်တွင် ဝမ်မျိုးနွယ်စု၏ရွေးချယ်ခံများ သွေးအန်ကျန်ခဲ့သည်။ တောင်ပေါ်တက်လမ်းတစ်လျှောက်လုံး မန်ဟို့ကို ဘယ်သူမှ မဟန့်တားနိုင်ခဲ့ပေ။

"မျက်နှာမဲ့မိုးပြာသူရဲကောင်း" လူအများက အံသြတကြီး အော်လိုက်ကြသည်။ ဝမ်မျိုးနွယ်ဝင်များအားလုံး တောင်ထိပ်ကို ပတ်ပတ်လည်ဝိုင်း၍ မန်ဟို့ကို စိုက်ကြည့်နေကြ၏။

မန်ဟို့အရှေ့တွင် တင်းမာသောမျက်နှာထားနှင့် အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ယောက် ရှိသည်။ သူသည် အသက်သုံးဆယ်ခန့် ရှိပုံရပြီး မျက်လုံးများ နက်နဲသိမ်မွေ့သော အလင်းရောင်ဖြင့် တောက်ပနေလျက် မန်ဟို့ကို ကြည့်နေသည်။ သူကား   ဝမ်မျိုးနွယ်စု၏တာအိုကလေး၊ ဝမ်လီဟိုင်မှလွဲ၍ တခြားမဟုတ်ပေ။

သူ၏ကျင့်ကြံခြင်းအခြေခံမှာ အမြုတေဖြစ်တည်မှု တစ်ပိုင်းအဆင့်တွင် ဖြစ်သည်။ သူ၏တည်ရှိမှုမှာ တောင်ပေါ်တွင် နောက်ထပ်တောင်ထိပ်တစ်ခု ရှိနေသည့်အလားပင်။

"လူကြီးမင်း၊ ကျုပ် ဒီနေ့ ဝမ်မျိုးနွယ်စု တာအိုကလေးနဲ့ တစ်ပွဲတစ်လမ်းနွှဲဖို့ ဒီကို ရောက်လာတာပဲ" မန်ဟိုက ပြောသည်။ သူ၏အေးစက်စက်အသံသည် သံမဏိကို ဖြတ်တောက်နိုင်သော လေသံဖြင့် ဟိန်းထွက်သွားသည်။

"ဒါဆိုလဲ တိုက်ခိုက်ကြတာပေါ့" ဝမ်လီဟိုင်၏ မျက်လုံးများ ဝင်းလက်သွားပြီး သူက လက်ကိုမြှောက်ရင်း ရှေ့တစ်လှမ်းတိုးလိုက်သည်။ သူ့အနောက်တွင် မရဏကမ္ဘာ နှင့် ကြယ်ပင်လယ် နှစ်မျိုးလုံး ပါရှိနေပုံရသော ပုံရိပ်တစ်ခု ပေါ်လာသည်။ လက်သုံးချောင်းတိုက်ကွက်က မန်ဟို့ဆီ ပြေးဝင်သွားသည်။

ပထမဆုံးလက်ချောင်းမှာ ရှင်ခြင်းကို သေခြင်းအသွင် ပြောင်းနိုင်စွမ်းရှိသည်။  ဒုတိယတစ်ချောင်းက မရဏကမ္ဘာမှ အရင်းခံပုံရသော အသတ်အဖြတ်စိတ်ဆန္ဒအား ဖော်ထုတ်ပြသနေသည်။ တတိယမြောက်တွင်တော့ အသံမဲ့အဆုံးသတ်ခြင်း ပါရှိရာ ကမ္ဘာကြီးကို ဗလာကျင်းသွားစေဟန်တူသည်။

ဤလက်သုံးချောင်းတိုက်ကွက်မှာ ဝမ်မျိုးနွယ်စု၏ မှော်သိုင်းဖြစ်သော အနီရောင်ငှက် လက်သုံးချောင်းဖြစ်သည်။

မျက်နှာမဲ့မိုးပြာသူရဲကောင်းမှာ လျှို့ဝှက်ဆန်းကြယ်ကြောင်း ဝမ်လီဟိုင် ကောင်းကောင်းသိသည်။ ထို့ကြောင့် သူသည် အထင်မသေးဝံ့ဘဲ သူ၏အစွမ်းထက်ဆုံး မှော်သိုင်းဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်။

ဂျုန်းခနဲ ထစ်ချုန်းသွားသဖြင့် အရာအားလုံး တသိမ့်သိမ့်တုန်သွား၏။ တစ်ချိန်တည်းမှာပင် မန်ဟို့၏ခန္ဓာကိုယ်က အလင်းတန်းအသွင်ပြောင်းရင်း လေထဲထိုးတက်သွားရာ လေပြင်းပြင်းတစ်ချက် ရိုက်ခတ်လာသည်။

တောင်ထိပ်ပေါ်ရှိ မျက်ဝန်းအလုံးစုံသည် ဝမ်လီဟိုင်အပေါ် အာရုံစူးစိုက်ထား၏။ သူက မန်ဟိုပျောက်ကွယ်သွားသည်ကို ပုံမှန်အတိုင်း ကြည့်နေသည်။ အတန်ကြာသော် သူ့မှာ သွေးတစ်လုပ်အန်လိုက်ရပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွားသည်။ သူ၏လက်ခလယ်မှာ တဆတ်ဆတ်တုန်နေပြီး ကွေးလို့ပင် မရအောင် ရောင်ကိုင်းနေ၏။

"ရှုံးသွားပြီ" သူက ရေရွတ်လိုက်သည်။ ဝမ်မျိုးနွယ်ဝင်များ ထိုစကားကြားသောအခါ အံသြတုန်လှုပ်သော အရိပ်အယောင်များ သူတို့၏မျက်နှာကို ဖုံးလွှမ်းသွားတော့သည်။

ထိုညတွင် ဝမ်လီဟိုင်တစ်ယောက်သာ အနိုင်ယူခံရခြင်းမဟုတ်။ စုန့်မျိုးနွယ်စု၏ တာအိုကလေး စုန့်ယွင်ရှုနှင့် ကျင်းဟန်ဂိုဏ်း၏တာအိုကလေးလည်း နှိမ်နင်းခံရလေသည်။

မန်ဟို စုန့်မျိုးနွယ်စု လေသင်္ဘောမှ ပျံထွက်သွားစဥ် စုန့်ယွင်ရှုသည် သွေးစက်များ မြေကြီးပေါ်သို့ စက်လက်စက်လက် ကျလျက် နံရံကိုမှီကျန်ခဲ့သည်။ ပျောက်ကွယ်သွားသော မန်ဟို့၏အရိပ်ကို ကြည့်ရင်း သူ့မျက်နှာမှာ သွေးဆုပ်ဖြူလျော်နေသည်။ နောက်ဆုံး၌ ခေါင်းမာသောအသွင်က သူ့မျက်နှာပေါ်၌ ပေါ်လာသည်။

ကျင်းဟန်ဂိုဏ်း နေရာယူထားသည့် ချိုင့်ဝှမ်းအပြင်တွင် တုန်လှုပ်ဖွယ် ထစ်ချုန်းသံကြီးက ဝေလီဝေလင်းအချိန်တွင် ပြည့်နှက်သွား၏။ ၄င်း တစ်ခါတည်း ပဲ့တင်ထပ်သွားပြီးနောက် ကျင်းဟန်ဂိုဏ်း တာအိုကလေးမှာ အနိုင်ယူခံလိုက်ရသည်။ သူက ချက်ချင်း တံခါးပိတ်ကျင့်ကြံရာသို့ ဝင်ရောက်သွားတော့သည်။ လူအနည်းစုသာ အံ့မခန်းလိလိတိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသည်။

နောက်တစ်နေ့မနက်တွင် မျက်နှာမဲ့မိုးပြာသူရဲကောင်း၏နာမည်ကား တောင်ပိုင်းဒေသ၏ အနောက်ဘက်နယ်မြေတစ်လွှား ဟိုးလေးတကျော်ကျော် ဖြစ်သွားတော့သည်။ သူက ဂိုဏ်းအသီးသီး၏ ရွေးချယ်ခံများကိုသာမက ယီးကျန့်ဂိုဏ်း တာအိုကလေး ဟန်ရှန့်တောက်၊ ဝမ်မျိုးနွယ်စု တာအိုကလေး ဝမ်လီဟိုင်၊ စုန့်မျိုးနွယ်စု တာအိုကလေး စုန့်ယွင်ရှုနှင့် ကျင်းဟန်ဂိုဏ်းတာအိုကလေးကိုပါ အနိုင်ယူခဲ့သည့်အကြောင်း မသိသူဟူ၍ မရှိပေ။

ရက်ပိုင်းလေးနှင့် မျက်နှာမဲ့မိုးပြာသူရဲကောင်းကား တောင်ပိုင်းဒေသ၏ အနောက်ဘက်နယ်မြေတွင် ထင်ရှားကျော်ကြားလာခဲ့လေပြီ။

အမှန်တွင် တချို့က သူ့ကို အမြုတေဖြစ်တည်မှုအဆင့်တက်သွားသည့် ကျိုးကျဲ၊ လီရှိချီ၊ လီတောက်ရီတို့နှင့် တန်းတူအဖြစ် သတ်မှတ်ထားလေသည်။

လူအများစုသည် လျှို့ဝှက်ဆန်းကြယ် မျက်နှာမဲ့မိုးပြာသူရဲကောင်းမှာ တာအိုကလေးများအပြင် လီရှိချီနှင့် အခြားသူများကိုပင် စိန်ခေါ်ကောင်း စိန်ခေါ်လိမ့်မည်ဟု ယုံကြည်ကြသည်။ သို့သော် အံသြဖွယ်ကောင်းစွာ သူသည် သုံးကြိမ်ဆက်တိုက် အနိုင်ရပြီးနောက် ရုတ်တရက် ပျောက်ကွယ်သွား၏။

ယခုလောလောဆယ်တွင် ထင်ရှားကျော်ကြားသော မိုးပြာရောင်ဝတ်ရုံနှင့်လူကား တာအိုရေပူစမ်းအနားတွင် တင်ပျဥ်ခွေထိုင်ပြီး မျက်နှာပြင်နှင့် ၄င်းအပေါ်ရှိ ကုံရိပ်ကို စိုက်ကြည့်ရင်း အတွေးထဲနစ်မြောနေ၏။

မျက်နှာပြင်ပေါ်က ပုံရိပ်၏ ချီကို အာရုံခံပြီးနောက်တွင် သူသည် ညအချိန်၌ တိုက်ပွဲသုံးပွဲ သွားရောက်တိုက်ခိုက်ခဲ့သည်။ သို့သော် သူတို့နှင့် တိုက်ခိုက်ခြင်းက ဘာမှအကြောင်းမထူးပေ။ ဤ ပုံရိပ်ရှိ ချီနှင့်ပတ်သက်၍ ဉာဏ်အလင်းရလျှင်တော့ သူ၏နဝမတာအိုမဏ္ဍိုင်ကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း သူ ခံစားနေရသည်။

ချီက ဘာလဲ မန်ဟို မသိပေ။ သို့သော် ဤတစ်ကြိမ်တွင် ပုံရိပ်ပျောက်ကွယ်သွားပြီးနောက် သူ့ကိုယ်အတွင်း၌လည်း..... ဆင်တူသော ချီမျှင်တစ်မျှင် ရှိနေကြောင်း အာရုံခံနိုင်သွားသည်။

မျက်နှာပြင်နှင့် ပုံရိပ်ကို လေ့လာပြီးသော် သူသည် ချီမျှင်ကို လှည့်ပတ်နိုင်သွား၏။ ညနေစောင်းသော် သူက နောက်တစ်ဖန် ထရပ်လိုက်သည်။

နှစ်ရက်ကြာသည်အထိ မန်ဟို့မှာ သင့်တော်သောပြိုင်ဘက်ကို ရှာမတွေ့ပေ။ လီတောက်ရီ၊ ကျိုးကျဲနှင့် လီရှိချီတို့အားလုံး တောင်ပိုင်းဒေသ၏ အနောက်ဘက်နယ်မြေမှ ထွက်ခွာသွားကြပုံရသည်။ မန်ဟို သူတို့၏အရိပ်အယောင်ပင် မတွေ့ရပေ။

နောက်ဆုံး၌ သူသည် မျက်နှာပြင်ကို လေ့လာရန် တာအိုရေပူစမ်းသို့ နောက်တစ်ခေါက်ပြန်လာ၏။ ထို့နောက် မျက်လုံးမှိတ်ပြီး သူ၏ ရွေးချယ်ခံများနှင့် တာအိုကလေးများအပေါ် အောင်နိုင်မှုများကို ပြန်စဥ်းစားကြည့်လိုက်သည်။

ပြိုင်ဘက်အမျိုးမျိုး၏ ပုံရိပ်များက သူ့စိတ်ထဲတွင် တစတစ ရှင်းလင်းပြတ်သားလာပြီ သူ့အတွင်း၌ ဆင်တူသောချီရှိနေကြောင်း သဘောပေါက်လိုက်သည်။ ၄င်းက တချို့တွင် ပါးပြီး တချို့တွင် ထူသည်။ သို့သော် အားလုံးအထဲတွင် ရှိ၏။

ဒုတိယနေ့ အစောပိုင်းတွင် မန်ဟိုက မျက်လုံးများဖွင့်ပြီး တာအိုရေပူစမ်းအား ဝန်းရံနေသည့် လူသောင်းပေါင်းများစွာကို ဝေ့ကြည့်လိုက်သည်။ သူတို့ကို တခဏကြည့်ရှုပြီးနောက်တွင် သူတို့အားလုံးထဲ၌ ဤလျှို့ဝှက်ဆန်းကြယ်သောချီရှိနေကြောင်း ပြောနိုင်သွား၏။

၄င်းက တာအိုရေပူစမ်းကို လေ့လာနေသူတိုင်း၏ အတွင်း၌ ပေါ်ပေါက်လာပုံရသည်။

မန်ဟိုက မျက်မှောင်ကြုတ်လျက် အချိန်တချို့ကြာသည်အထိ မလှုပ်မယှက် ထိုင်တွေးနေသည်။

ကျန်လဝက်တစ်လျှောက်လုံး မိုးပြာရောင်ဝတ်ရုံနှင့်လူ၏ ဂုဏ်သတင်းမှာ ဆက်လက်ကြီးထွားလာသည်။ လူတိုင်းက သူအကြောင်းအား ကြောက်ကြောက်လန့်လန့်ဖြင့် ပြောနေကြသည်။ သူကား ရူးသွားသည့်ပုံပင်။ သူသည် ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် တွေးသည့်အခါတိုင်း ထိုသူက မည်သူဂိုဏ်းက မည်သူဖြစ်စေ ချက်ချင်း တိုက်ခိုက်မည် ဖြစ်သည်။

သူသည် တစ်ချိန်လုံး ဘယ်တော့မှ လူမသတ်ခဲ့ပေ။ တစ်ချိန်တည်းမှာပင် ဘယ်သူ့မှ သူ့ကို နှစ်ခါပင် တိုက်ခိုက်နိုင်ခြင်းမရှိ။ လူတိုင်းလူတိုင်း အပြတ်အသတ်ရှုံးနိမ့်သွားရသည်သာ။

အနောက်ဘက်နယ်မြေသို့ ရောက်ရှိနေသော ယီးကျန့်ဂိုဏ်းရွေးချယ်ခံများအားလုံး ရှုံးနိမ့်သွားလေသည်။ ကျင်းဟန်ဂိုဏ်း၏ ရွေးချယ်ခံများလည်း ထိုနည်း၄င်း။ မည်သူမဆို မိုးပြာရောင်ဝတ်ရုံကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် သူတို့၏မျက်နှာများ၌ အကြောက်တရားများဖုံးလွှမ်းသွားသည်။ ဝမ်မျိုးနွယ်စုဖြစ်စေ၊ လီမျိုးနွယ်စု သို့မဟုတ် စုန်မျိုးနွယ်စုဖြစ်စေ ဤလဝက်အတွင်း လူတိုင်း မိုးပြာရောင်ဝတ်ရုံနှင့်လူ၏လက်ဖြင့် အနိုင်ယူခံကြရသည်သာ ဖြစ်သည်။

ယင်းက မိုးပြာရောင်မုန်တိုင်းတစ်လုံး တောင်ပိုင်းဒေသ၏အနောက်ဘက်နယ်မြေ တစ်ဝှမ်းလုံး သိမ်းကျုံးတိုက်ခတ်သွားသည့်အလားပင်။

လဝက်ကြာသော် တာအိုရေပူစမ်းသည် နောက်ဆုံးအခိုက်အတန့်သို့ ရောက်ရှိလာ၏။ ယခုတွင် မျက်နှာပြင် ပေါ်ပေါက်လာခဲ့ပြီး မပျောက်ကွယ်သေးပေ။ ရှေးမှတ်တမ်းများအရ ဤသို့ဖြစ်လျှင် ခုနစ်ရက်အတွင်း တာအိုရေပူစမ်း ခမ်းခြောက်သွားတော့မည်ဟု ဆိုလိုသည်။

တစတစ များပြားလာသော ကျင့်ကြံသူများက မျက်နှာပြင်ကို စိုက်ကြည့်ရင်း တာအိုရေပူစမ်းဘေးတွင် တင်ပျဥ်ခွေထိုင်နေကြသည်။ ယခုအချိန်မှာပင် တိုက်တိုက်ဆိုင်ဆိုင် မိုးပြာရောင်ဝတ်ရုံနှင့်လူ၏ စိန်ခေါ်မှုများ ပျောက်ကွယ်သွားသည်။

မန်ဟိုလည်း တာအိုရေပူစမ်းအနားတွင် နောင်တစ်ဖန် တင်ပျဥ်ခွေထိုင်ပြီး မျက်နှာပြင်ပေါ်က ပုံရိပ်ကို ကြည့်နေသည်။ သူ၏မျက်လုံးများမှာ စူးရှတောက်ပလျက်ရှိသည်။ လဝက်အတောအတွင်း သူ၏အောင်မြင်မှုတိုင်းက ချီမျှင်ကို ကြီးထွားလာစေခဲ့သည်။

သူသည် မျက်နှာပြင်ပေါ်က ပုံရိပ်အတိုင်း သူ့ကိုယ်ထဲရှိ ချီမျှင်၏ လည်ပတ်နှုန်းကို ပြုလုပ်နိုင်ပြီ ဖြစ်သည်။

ထို့နောက် အဆိုပါပုံရိပ်၏ ချီမျှင်မှာ မြန်သထက်မြန်မြန် လည်ပတ်နေရင်း ပေါက်ကွဲထွက်ခါနီး တိုက်ကွက်အဟုန်ကို တည်ဆောက်နေကြောင်း မန်ဟို သတိထားမိလိုက်သည်။

"ဒါက တိုက်ပွဲတွေ ရှုံးပွဲမရှိ ဆက်တိုက်အနိုင်ရပြီးတဲ့နောက်မှ ကျင့်ကြံနိုင်တဲ့ အတိုက်အခိုက်ချီမျှင်တစ်မျှင်ပဲ။ ဒါကို အတားအဆီးတွေကို ချိုးးဖျက်ဖို့နဲ့ ကျင့်ကြံခြင်းအခြေခံ မြှင့်တင်ဖို့ အသုံးပြုနိုင်တယ်။ ဒါက ရှေးဟောင်းတိုက်ပွဲဝင်မန္တန်ပဲ" သူသည် အသက်ပြင်းပြင်းရှူသွင်းပြီးနောက် သူ့ကိုယ်အတွင်းရှိ ချီမျှင်ကို စတင်လှည့်ပတ်တော့သည်။ သူ့မှာ နဝမတာအိုမဏ္ဍိုင်ဖန်တီးရန် ဆံခြည်တစ်မျှင်သာ ကွာဝေးတော့သော်လည်း ထိုနောက်ဆုံးအဆင့်အား မထိုးဖောက်နိုင်သေးပေ။

အချိန်များ ကုန်လွန်သွား၏။ ယခုတွင် တာအိုရေပူစမ်း ပန်းထွက်နေခြင်း၏ ငါးရက်မြောက်နေ့သို့ ရောက်ရှိလာလေပြီ။ ထိုစဥ် ရုတ်တရက် အလင်းတန်းများ လေထဲတွင် ပေါ်လာ၏။

အလင်းတန်းများမှာ တစ်ယောက်မကျန် မျက်နှာဖုံးများ တပ်ဆင်ထားသည် အနက်ရောင်ဝတ်လူများဖြင့် ပြည့်နှက်နေသည်။ အံသြဖွယ်ကောင်းစွာ ထိုသူတို့အနက် သုံးယောက်က မိုးပြာရောင်မျက်နှာဖုံးများ တပ်ဆင်ထားပြီး ခုနစ်ယောက်ရှစ်ယောက်က မျက်နှာဖုံးအဖြူများ ဝတ်ထားသည်။

ဦးဆောင်လာသူများမှာ ယောက်ျားနှစ်ယောက်၊ မိန်းမတစ်ယောက်ဖြစ်ပြီး ရွှေရောင်မျက်နှာဖုံးများ တပ်ဆင်ထားသည်။

လူတစ်ဒါဇင်ကျော်က တာအိုရေပူစမ်းရှိရာသို့ လေကိုခွင်း၍ လာနေရာ အောက်ဖက်ရှိ ကျင့်ကြံသူတစ်သိန်း၏အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်သည်။

ချက်ချင်းပင် တချို့က အနက်ရောင်ဝတ်ရုံနှင့် မျက်နှာဖုံးများကို မှတ်မိသွားကြ၏။ "အနက်ရောင်နယ်မြေကျင့်ကြံသူတွေ"

မန်ဟိုလည်း မော့ကြည့်လိုက်သည်။ သူ့အကြည့်သည် ဘေးတွင်ရပ်နေသော မိုးပြာရောင်မျက်နှာဖုံးနှင့် ပိန်ပိန်ပါးပါး ကျင့်ကြံသူတစ်ယောက်အပေါ် ကျရောက်သွား၏။

ထိုအခိုက်တွင် မန်ဟို၏မျက်လုံးများ တောက်ပလင်းလက်လာတော့သည်။

***

All Chapters