ကောင်းကင်နှင့်မြေကြီး၏ နက်နဲမှု
Vol. 20 Ch. 268
ဤမိုးပြာရောင်မျက်နှာဖုံးနှင့်ကျင့်ကြံသူမှာ သိပ်မကြာသေးသည့် ထိုနေ့က မန်ဟို့ကို သတ်ရန် ကြိုးစားခဲ့သော အမြုတေဖြစ်တည်မှုအဆင့်ပညာရှင် ပင်။
"ငါ့အတွက် ဒီမှာတိုက်စရာ လူမရှိတော့ဘူး" မန်ဟိုက တွေးသည်။ "ဒီလူက.... သေချာပေါက် ငါ့ပြိုင်ဘက်ပဲ" သူ့မျက်ဝန်းများရှိ တောက်ပနေမှုသည် မကြာမီ မှေးမှိန်လာ၏။ သူက စွမ်းဆောင်နိုင်ရည် ထိပ်ဆုံးသို့ ရောက်ရှိနေစေရန် အသက်ပြင်းပြင်းရှူသွင်းပြီး မျက်လုံးများပိတ်၍ တရားထိုင်ကာ ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်နေလိုက်သည်။
ယခုတွင် သူသည် တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်၍ အတိုင်းထက်အလွန် တည်ငြိမ်နေ၏။
နိုင်နိုင်ရှုံးရှုံး၊ သူ တိုက်ခိုက်မည်။ သူ့အတွက် ဤတိုက်ပွဲက ဉာဏ်အလင်းရဖို့ နောက်ဆုံးအဆင့် ဖြစ်ပေလိမ့်မည်။
သူ မျက်လုံးများ ပိတ်လိုက်သည့်တခဏ၌ အနက်ရောင်နယ်မြေမှ လူသည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံး၏ အာရုံကို ဆွဲဆောင်ရင်း ရောက်ရှိလာသည်။
အမြုတေဖြစ်တည်မှုအဆင့် ရောက်ရှိသွားခဲ့သော ကျိုးကျဲနှင့် အခြားသူများ ဤနေရာတွင် မရှိပေ။ သို့သော် ဝမ်လီဟိုင်၊ ဟန်ရှန့်တောက်နှင့်အတူ တခြားဂိုဏ်းများ၏ တာအိုကလေးနှင့် ရွေးချယ်ခံများအားလုံး ရှိနေကြသေးသည်။
တာအိုရေပူစမ်းအနားရှိ ကျင့်ကြံသူတစ်သိန်းအကြားတွင် ရွှေရောင်မျက်နှာဖုံးနှင့် နှစ်ယောက်ကို မှတ်မိသည့်လူ တော်တော်များလေသည်။
"အဲ့ဒီ ရွှေရောင်မျက်နှာဖုံးနဲ့နှစ်ယောက်က..... မနှစ်က အနက်ရောင်နယ်မြေတွေမှာ နာမည်ကြီးလာတဲ့ တာအိုကလေးတွေ မလား
"အနက်ရောင်နယ်မြေ တာအိုကလေး လောင်ချုံးနဲဲ့ ရှီဖေး"
ဆွေးနွေးငြင်းခုံသံများ ပျံ့နှံ့လာပြီး မကြာမီ မျက်လုံးများအားလုံး အနက်ရောင်နယ်မြေ တာအိုကလေးနှစ်ယောက်အပေါ် ကျရောက်လာသည်။ ပြီးခဲ့သည့်နှစ်က သူတို့နှင့်ပတ်သက်သော ဇာတ်လမ်းများ တောင်ပိုင်းဒေသတစ်ခွင်သို့ ပျံ့နှံ့လာရာ သူတို့မှာ တော်တော်လေး လူသိများလာ၏။ သူတို့သည် အမြုတေဖြစ်တည်မှု တစ်ပိုင်းအဆင့်ဖြစ်ပြီး ကောလဟာလများအရ သူတို့၏ကျင့်ကြံခြင်းအခြေခံကို အချိန်မရွေး မြှင့်တင်နိုင်သည်ဟူ၍။
"သူတို့နောက်က မိုးပြာရောင်မျက်နှာဖုံးနဲ့ သုံးယောက်က အနက်ရောင်နယ်မြေ လိပ်ပြာသုံးကောင်ပဲ။ သူတို့သုံးယောက်လုံးက အမြုတေဖြစ်တည်မှုအဆင့်မှာ။ ပိုပြီး အံသြစရာကောင်းတာက သူတို့ရဲ့အမြုတေချီ...... ပြောတာတော့ ဆေးဝါးပညာရှင်တွေအများကြီး သူတို့ဖမ်းတာ ခံရတယ်ဆိုပဲ"
" အမြုတေချီရှိတဲ့ အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူတွေက သွားရန်စစရာမဟုတ်ဘူး....."
ဝမ်လီဟိုင်က အနက်ရောင်နယ်မြေမှ အဖွဲ့ကို ကြည့်ရင်း မျက်မှောင်ကြုတ်သွားသည်။ သိပ်မလှမ်းမကမ်းရှိ ယီးကျန့်ဂိုဏ်း၏ ဟန်ရှန့်တောက်မှာ သိပ်ကျေနပ်ပုံမရပေ။ အထူးသဖြင့် အနက်ရောင်နယ်မြေ တာအိုကလေးများကို ကြည့်လိုက်စဥ်တွင် ဖြစ်သည်။
စုန့်ယွင်ရှုက မျက်နှာထား တင်းမာခက်ထန်လျက် လူအုပ်ထဲတွင် တိတ်ဆိတ်စွာ ရပ်နေသည်။
အနက်ရောင်နယ်မြေမှ ရွှေရောင်မျက်နှာဖုံးနှင့် တာအိုကလေးနှစ်ယောက်က လူအုပ်ကြီးကို ငုံ့ကြည်သည်။ သူတို့ထဲက တစ်ယောက်က စကားပြောသည်။ သူ့အသံမှာ စစချင်း နူးညံ့ပျော့ပျောင်းသော်လည်း မိုးခြိမ်းသံကြီးသဖွယ် လျင်မြန်စွာ မြင့်တက်လာသည်။ "ကျုပ်၊ အနက်ရောင်နယ်မြေက လောင်ချုံး တောင်ပိုင်းဒေသရဲ့ သူရဲကောင်းတာအိုကလေး တစ်ယောက်စီနဲ့ တိုက်ခိုက်ဖို့ စိန်ခေါ်တယ်"
ချက်ချင်းပင် မျက်နှာဖုံးအဖြူနှင့် အနက်ရောင်ဝတ်ကျင့်ကြံသူများ နောက်ဆုတ်သွားကြသည်။
မိုးပြာရောင်မျက်နှာဖုံးနှင့် ကျင့်ကြံသူသုံးယောက်၏မျက်နှာကား နည်းနည်းလေးပင် ပြောင်းလဲခြင်းမရှိ။ သူတို့သည် ဖြစ်ပျက်နေသည်တို့အား အဖက်မလုပ်ဘဲ လေလယ်တွင် တင်ပျဥ်ခွေထိုင်နေကြသည်။
အခြား ရွှေရောင်မျက်နှာဖုံးနှင့် အနက်ရောင်နယ်မြေတာအိုကလေး ရှီဖေးသည်လည်း လောင်ချုံးထက် ပိုပျော့ပျောင်းသော လေသံနှင့် စကားပြောလိုက်သော်လည်း ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ နားထဲဝင်ရောက်သောအခါ ရေခဲအေးစက်သွားလေသည်။ "ကျုပ်၊ အနက်ရောင်နယ်မြေက ရှီဖေးလည်း တောင်ပိုင်းဒေသရဲ့ သူရဲကောင်းတာအိုကလေးတွေကို စိန်ခေါ်တယ်"
တာအိုရေပူစမ်း အနားရှိ ကျင့်ကြံသူတစ်သိန်းမှ မည်သည့်အသံမှ ထွက်မလာပေ။ သူတို့က ခေါင်းထဲတွင် အတွေးပေါင်းစုံ ဖြတ်ပြေးနေလျက် လောင်ချုံးနှင့် ရှီဖေးကို မော့သာကြည့်နေကြသည်။
လောင်ချုံးက အေးစက်စက်နှာမှုတ်လိုက်သည်။ " ဒီလောက်များတဲ့ တောင်ပိုင်းဒေသကျင့်ကြံသူတွေကြားမှာ ကျုပ်တို့နဲ့ တိုက်ခိုက်ရဲတဲ့သူ တစ်ယောက်မှမရှိဘူးလား" သူ၏စကားလုံးများသည် ဖော်ပြမတတ်လောက်အောင် အထက်စီးဆန်သည့် အရှိန်အဝါဖြင့် ပြည့်နှက်နေရာ သူ၏စိန်ခေါ်မှုအား ပို၍ပင် ခက်ထန်သွားစေ၏။
ရုတ်တရက် အေးစက်စက်နှာမှုတ်သံ ထွက်ပေါ်လာသည်။ အလင်းတန်းတစ်တန်း တဟုန်ထိုးတက်လာ၏။ ယင်းက ထိပ်သီးဂိုဏ်းကြီးငါးဂိုဏ်း နှင့် မျိုးနွယ်စုသုံးစုမှ မဟုတ်။ ချီအခြေတည်ခြင်း မဟာရပ်ဝန်းအဆင့် ကျင့်ကြံခြင်းအခြေခံ တခြားဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူက လောင်ချုံးဆီ တန်းတန်းမတ်မတ်ပြေးဝင်သွား၏။
မျက်နှာဖုံးအောက်တွင် အနက်ရောင်နယ်မြေတာအိုကလေးက ပြုံးလိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် တိုက်ကွက်ကို ရင်ဆိုင်ရန် လှစ်ခနဲ ရှေ့ထွက်သွား၏။ ထိုလူချဥ်းကပ်လာစဥ် သူက လက်နှစ်ဖက်လုံး ဆန့်ထုတ်လိုက်သည်။ မြောက်မြားစွာသော သရဲပုံရိပ်များ ဖြစ်တည်လာပြီး ရုတ်တရက် ပုံရိပ်ယောင်ဒယ်အိုးကြီးတစ်လုံး ပေါ်လာကာ ရှေ့သို့တဟုန်ထိုး ထွက်သွားသည်။
ဝုန်းခနဲ ပေါက်ကွဲသံအကျယ်ကြီး မြည်ဟည်းသွားသည်။ တောင်ပိုင်းဒေသကျင့်ကြံသူမှာ သွေးများအန်ရင်း မျက်နှာဖြူဆုပ်လျက် နောက်သို့ ယိမ်းယိုင်သွားလေသည်။ လောင်ချုံးက အင်္ကျီလက်စခါပြီး ရှေ့ဆက်တိုးလာသည်။ အသက်ရှိုက်စာအနည်းငယ်ကြာသည်အထိ ပေါက်ကွဲသံများ ဆက်လက်မြည်ဟည်းနေ၏။ နော်ဆုံး၌ သွေးပျက်ချောက်ချားဖွယ် အသံနက်ကြီး ကြားလိုက်ရသည်။ တောင်ပိုင်းဒေသကျင့်ကြံသူ၏လည်ပင်းမှ သွေးများ ရေပန်းသဖွယ် ပန်းထွက်လာလေသည်။ ၄င်း မြေကြီးပေါ် ပြုတ်ကျလာစဥ် အသားတေ့တေ့လေးသာ ၄င်းနှင့် တွယ်ဆက်နေတော့သည်။
လောင်ချုံးက သွေးရွှဲနေသည့်ညာလက်ကို ဖြေးညင်းစွာမြောက်ပြီး သူ၏ရွှေရောင်မျက်နှာဖုံးအပေါ်ရှိ သွေးတချို့ကို သုတ်လိုက်သည်။ ထိုမြင်ကွင်းအား ကြောက်မက်ဖွယ်အတိပင်။
"တာအိုရောင်ရင်း ဝမ်လီဟိုင်။ ဝမ်မျိုးနွယ်စုရဲ့ တာအိုကလေးအနေနဲ့ ခင်ဗျား ကျုပ်နဲ့ တိုက်ရဲလား" လောင်ချုံးက အော်သည်။ ဝမ်မျိုးနွယ်ဝင်များနှင့် ဝမ်လီဟိုင်ကို ကြည့်နေစဥ် မျက်နှာဖုံးအောက်က သူ၏မျက်လုံးများသည် လင်းလက်တောက်ပလျက်ရှိသည်။
ဝမ်လီဟိုင်က ခေါင်းမော့ပြီး မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် လောင်ချုံးထံ လျှောက်လာသည်။
သူ လှုပ်ရှားသည်နှင့်တစ်ပြိုင်နက် ယီးကျန့်ဂိုဏ်းမှ ဟန်ရှန့်တောက်လည်း ထရပ်ပြီးနောက် အနက်ရောင်နယ်မြေတာအိုကလေး ရှီဖေးဆီ ပျံတက်သွားသည်။
သူတို့နှစ်ယောက် ထွက်လာခြင်းက တောင်ပိုင်းဒေသကျင့်ကြံသူများအကြားတွင် ဆူညံပွက်လောရိုက်သွားစေသည်။ မျက်လုံးအားလုံးသည် သူတို့အပေါ် မမှိတ်မသုန် အာရုံစိုက်ထားကြ၏။ ဤတိုက်ပွဲကား တာအိုကလေး လေးယောက်၏ တိုက်ပွဲဖြစ်သည်။ မမျှော်လင့်ထားသော တစ်စုံတရာ မဖြစ်ပွားသရွေ့ မည်သူအနိုင်ရရ သူတို့၏နာမည်များမှာ တစ်လောကလုံးကို တုန်လှုပ်စေမည်သာ။
အနက်ရောင်နယ်မြေ တာအိုကလေး လောင်ချုံးနှင့် ရှီဖေးတို့၏ မျက်လုံးသည် အာရုံစူးစိုက်မှုဖြင့် တောက်ပနေသည်။ သူတို့က ဟန်ရှန့်တောက်နှင့် ဝမ်လီဟိုင် ချဥ်းကပ်လာသည်ကို စောင့်ကြည့်နေကြ၏။ ကြည့်ရသရွေ့ လေးယောက်အနက် တစ်ယောက်မှ အရင် မလှုပ်ရှားလိုဟန်တူသည်။
လောင်ချုံးနှင့် ရှီဖေး စဥ်းစားကြည့်ရသလောက် ဤတိုက်ပွဲသည် တောင်ပိုင်းဒေသ အင်အား၏ အထွတ်အထိပ်ကို ကိုယ်စားပြုလေသည်။ အမြုတေဖြစ်တည်မှုအဆင့်အောက်က ဘယ်သူမှ ချီအခြေတည်ခြင်း မဟာစက်ဝန်းအဆင့်ထက် ပိုကြီးမားသော စွမ်းအားကို မထုတ်နိုင်လောက်ပေ။
သို့ဖြစ်၍ သူတို့၏မျက်လုံးများသည် အာရုံစူးစိုက်မှုဖြင့် ပြည့်နှက်နေပြီး သူတို့ရင်ထဲ၌ တိုက်ခိုက်လိုစိတ်များ တဟုန်းဟုန်းတောက်လောင်နေ၏။
လူအုပ်ကြီးမှာ တာအိုကလေးလေးယောက်ကိုကြည့်ပြီး စတင်တော့မည့် စိတ်လှုပ်ရှားဖွယ် တိုက်ပွဲများအား စောင့်စားနေကြသဖြင့် အရာအားလုံးကား အပ်ကျသံပင်မကြားအောင် တိတ်ဆိတ်နေသည်။
သို့သော် လူတိုင်း ဤလေးယောက်ကို မမှိတ်မသုန် ကြည့်နေကြစဥ် တင်ပျဥ်ခွေထိုင်နေသော ကျင့်ကြံသူများကြားမှ တစ်ယောက်က ဖြေးဖြေးချင်း ထရပ်သည်။
သူသည် မိုးပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လေပေါ် ပျံတက်လိုက်သည်။ ဤလူကား မန်ဟိုမှလွဲ၍ တခြားသူမဟုတ်ပေ။
သူထွက်ပေါ်လာခြင်းက တာအိုရေပူစမ်းကို ဝန်းရံနေသည့် ကျင့်ကြံသူတစ်သိန်း၏ မျက်နှာပေါ်တွင် အံသြတုန်လှုပ်သွားသော အရိပ်အယောင်များ ဖုံးလွှမ်းသွားစေသည်။ သူတို့သာမဟုတ်။ လေလယ်ရှိ တာအိုကလေး လေးယောက်လည်း အံ့အားသင့်သွား၏။
ဝမ်လီဟိုင်၏မျက်လုံးများ မန်ဟို့ဝတ်ရုံအပေါ် ကျရောက်လာသည်။ မိုးပြာရောင်က သူ၏မျက်လုံးများကို ကျဥ်းမြောင်းသွားစေပြီး လူတစ်ယောက်၏ပုံရိပ် သူ့ခေါင်းထဲ၌ ပေါ်လာသည်။
သိပ်မလှမ်းမကမ်းရှိ ဟန်ရှန့်တောက်သည်လည်း မန်ဟို့အဝတ်အစားများကို စိုက်ကြည့်ရင်း ထိုနည်းတူ တွေးနေသည်။
"စိတ်ဝင်စားစရာပဲ" လောင်ချုံးက ပြုံးရင်းပြောသည်။ "ဒီတာအိုရောင်ရင်း လှုပ်ရှားတာ နည်းနည်းနောက်ကျသွားတယ်။ ဒါပေမယ့် စိတ်ပိုင်းဖြတ်ထားပြီးတဲ့ပုံပဲ။ တာအိုရောင်ရင်းဝမ်၊ တာအိုရောင်ရင်းဟန်၊ ကျေးဇူးပြုပြီး ကျုပ်ကို သူ့ကို အရင်သတ်ခွင့်ပေးနိုင်မလား" သူက မန်ဟို့ကို ခေါင်းထဲသိပ်မထည့်ဟန်ဖြင့် ကြည့်သည်။ တောင်ပိုင်းဒေသတွင် ထင်ရှားကျော်ကြားသော ရွေးချယ်ခံများနှင့် တာအိုကလေးများ တစ်ယောက်မကျန် သိသော်လည်း မန်ဟိုက သူ့အတွက် နည်းနည်းလေးပင် ရင်းနှီးပုံမရပေ။ သို့နှင့် သူသည် အဖက်လုပ်ရန်ပင်မတန်ဟု ကောက်ချက်ချလိုက်၏။
ဤကဲ့သို့ ကျင့်ကြံသူတစ်ယောက်ကို လောင်ချုံး နှစ်ခါတွေးစရာမလိုဘဲ သတ်ပစ်နိုင်သည်။
ဝမ်နှင့်ဟန်ထံမှ အဖြေကိုပင်မစောင့်ဘဲ လောင်ချုံးသည် အင်္ကျီလက်စကို ခါပြီး မန်ဟို့ထံ လှည့်ထွက်သွား၏။
"လောင်ချုံး တိုက်ခိုက်ရင်" သူက တဟားဟားရယ်ပြီး ပြောသည်။ "ပွန်းရာရှရာလေးမဟုတ်ဘဲ သေစေနိုင်တဲ့ဒဏ်ရာတွေပဲ ချန်ရစ်တတ်တယ်။ မင်းရဲ့သတ္တိက ချီးကျူးဖို့ ထိုက်တန်တယ်ဆိုတော့ ငါ မင်းကိုယ်ကို အကောင်းတိုင်း ချန်ထားပေးမယ်" ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ ဤအဖြစ်အပျက်အားလုံးကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားကြသည်။
သူ့အတွက်တော့ မန်ဟို့ အပြုအမူများမှာ စိတ်လိုက်မာန်ပါလွန်းသည်။ ၄င်းက ဖြစ်ပွားတော့မည့် စိတ်လှုပ်ရှားရင်ဖိုဖွယ် တိုက်ပွဲကြီး ကြန့်ကြာအောင် လုပ်နေခြင်းသာဖြစ်သည်။
"အဲ့တာ ဘယ်သူလဲ။ သူ့ကိုယ်သူ တာအိုကလေးတွေရဲ့တိုက်ပွဲမှာ ဝင်ပါနိုင်မယ်များ ထင်နေတာလား"
"သူ့ကျင့်ကြံခြင်းအခြေခံက တော်တော်လေးအဆင့်မြင့်တယ်ထင်ပြီး နာမည်ရဖို့အတွက် ဝင်တိုက်ချင်နေတာလား"
စကားသံများ ထွက်ပေါ်လာစဥ် လောင်ချုံးက မန်ဟို့ထံ ထိုးဆင်းလာလေပြီ။ မန်ဟိုက လေလယ်တွင် ပျံဝဲနေရင်း မိုးထစ်ချုန်းသံကဲ့သို့ အသံကြီးဖြင့် ရုတ်တရက် အော်လိုက်သည်။ "မင်းက ငါ့အတွက် ပြိုင်ဘက်မဟုတ်ဘူး" သူက လောင်ချုံးကို ပြောသည်။ "ငါတိုက်ခိုက်ချင်တဲ့လူက.... " သူက ရုတ်တရက် လက်ညှိုးထိုးလိုက်၏။ "မင်းပဲ"
ဒုတိယမြောက် 'မင်း' ဆိုသောစကားလုံးက ခပ်လှမ်းလှမ်းတွင် တင်ပျဥ်ခွေထိုင်နေသော မိုးပြာရောင်မျက်နှာဖုံးနှင့် ခပ်ပိန်ပိန်ကျင့်ကြံသူကလွဲ၍ တခြားမဟုတ်ပေ။
စကားလုံးများ ထွက်လာသည်နှင့် မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။ သူက တဖျပ်ဖျပ်လက်နေသော မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်သည်။ ချက်ချင်းပင် မန်ဟို့ကို မှတ်မိသွားသဖြင့် သူ၏သူငယ်အိမ်များ ကျဥ်းမြောင်းသွားလေသည်။
မန်ဟို့၏စကားလုံးများက တောင်ပိုင်းဒေသကျင့်ကြံသူတစ်သိန်းအကြား ဆူညံပွက်လောရိုက်သွားစေတော့သည်။ တော်တော်များများမှာ ဆတ်ခနဲထရပ်လိုက်ကြ၏။ အံသြမယုံကြည်နိုင်သော အသွင်များက သူတို့၏မျက်နှာပေါ်တွင် ရေးထိုးထားလေသည်။
"ဒီလူရူးနေပြီလား အနက်ရောင်နယ်မြေက မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူ တစ်ယောက်ကို တိုက်ချင်တယ်တဲ့လား"
"သူတို့က အမြုတေဖြစ်တည်မှုအဆင့်ဖြစ်တဲ့အပြင် အမြုတေချီကိုလည်း ကျင့်ကြံထားတယ်။ အဲ့ဒီကျင့်ကြံသူက ဘယ်သူတုန်း။ စာပေသမားလိုလိုနဲ့။ တကယ်ပဲ အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူတစ်ယောက်ကို စိန်ခေါ်ရဲတယ်လား"
"ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်က အမြုတေဖြစ်တည်မှုအဆင့်ကို တိုက်ခိုက်မယ်။ ဟာသပဲ။ ဒါမျိုး မြင်ရဖို့ မလွယ်ဘူးဟေး။ ဒီလူ့ကြည့်ပါဦး အရမ်းကို နာမည်ကြီးချင်တော့လည်း အသေခံဖို့တောင်အဆင်သင့် ဖြစ်နေတယ်"
စကားသံများ ပွက်ပွက်ညံနေစဥ် ဝမ်လီဟိုင်၏မျက်လုံးများ ကျဥ်းမြောင်းနေ၏။ စောစောက သူသည် မန်ဟို့၏သရုပ်မှန်ကို ဝိုးတိုးဝါးတားဖြစ်နေခဲ့သည်။ သို့သော် ယခုတော့ သံသယမရှိတော့ပေ။ သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။ ဤပုဂ္ဂိုလ်မှာ မျက်နှာမဲ့မိုးပြာသူရဲကောင်းမှတစ်ပါး တခြားမဟုတ်ကြောင်း သူသိလိုက်ပြီ ဖြစ်သည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော မိုးပြာရောင်ဝတ်ရုံနှင့်လူသာလျှင် ချီအခြေတည်အဆင့်ကို အထင်သေးပြီး ရှေးခေတ်အခါကတည်းက ကျင့်ကြံခြင်းလောကတွင် မြင်ရခဲသော တစ်စုံတရာကို လုပ်ဆောင်ပြရန် အရည်အချင်းရှိသည်။ သူက ချီအခြေတည်အဆင့်တွင် ရှိနေစဥ် အမြုတေဖြစ်တည်မှုအဆင့်ကို စိန်ခေါ်ရင်း အရာအားလုံးကို ပြောင်းပြန်လှန်နေ၏။
ဟန်ရှန့်တောက်လည်း အသက်ပြင်းပြင်းရှုသွင်းလိုက်သည်။ သူ့ခေါင်းထဲ၌ ဝမ်လီဟိုင်နှင့် တစ်ထပ်တည်းကျသော အတွေးများ ဖြတ်ပြေးနေသည်။
လောင်ချုံးက ဝါးလုံးကွဲမတတ် အော်ရယ်သည်။ "တောင်ပိုင်းဒေသရဲ့ ကျင့်ကြံသူတွေက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းလိုက်တာ။ မင်းကြည့်ရတာ ကောင်းကင်နဲ့မြေကြီးတို့ရဲ့ နက်နဲမှုနဲ့ မရင်းနှီးသေးပုံပေါ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးနေပုံပဲ။ မင်းက မဟာစက်ဝန်းမှာတောင်မဟုတ်တဲ့ မလောက်လေးစား ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူလေးတစ်ယောက်ဖြစ်တာတောင် အနက်ရောင်နယ်မြေ မိုးပြာရောင်မျက်နှာဖုံး ကျင့်ကြံသူတစ်ယောက်ကို စိန်ခေါ်ရဲတယ်" လှောင်ပြောင်သရော်နေသောအမူအရာက မျက်နှာဖုံးအောက်က သူ့မျက်နှာကို ဖုံးလွှမ်းနေသည်။ သူက စကားပင်မဆုံးခင် ညာဘက်မြှောက်ပြီး မန်ဟို့ထံ ဝှေ့ရမ်းလိုက်သည်။
"ငါ မင့်အလောင်းကို အကောင်းအတိုင်း ချန်ထားပေးပါ့မယ်" လောင်ချုံးက အေးစက်စက်ရယ်ရင်း ပြောသည်။ "မင်းမသေခင် ကောင်းကင်နဲ့မြေကြီးရဲ့ နက်နဲမှုကို နားလည်အောင် ငါကူညီပေးပါ့မယ်" အမှန်တွင် သူ့ရင်ထဲ၌ အပေါ်ယံအမူအရာကဲ့သို့ အထင်သေးခြင်းမရှိပေ။ တကယ်တမ်း အလွန် အလေးအနက်ထားနေ၏။ ဤလူမှာ အမြုတေဖြစ်တည်မှုအဆင့်ကို အမှန်တကယ် စိန်ခေါ်နေကြောင်း သူမယုံပေ။ သူ့အမြင်အရ ထိုလူသည် အကူအညီတစ်ခုခုကို အားကိုးရန်မျှော်လင့်နေသည့်ပုံပေါက်သည်။ သူက အင်္ကျီလက်ကို ဝှေ့ရမ်းလိုက်ရာ တောက်ပသောအလင်းတန်းတစ်တန်း မန်ဟို့ဆီ ပြေးဝင်သွားသည်။ သူ့အနောက်တွင် ဧရာမ ပုံရိပ်ယောင်ဒယ်အိုးကြီးတစ်လုံးပေါ်လာပြီးနောက် မန်ဟို့ထံ ဦးတည်သွားလေသည်။
***