သူက မျက်နှာမဲ့မိုးပြာသူရဲကောင်း
Vol. 20 Ch. 269
"တိတ်စမ်း" မန်ဟိုက လာနေသော အလင်းတန်းနှင့် ဒယ်အိုကြီးကို လုံးဝ အဖက်မလုပ်ဘဲ အေးစက်စွာ ပြောသည်။ သူသည် သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ချက်ချင်း ရိုးရိုးသာမန် သစ်သားဓားတစ်လက် ပေါ်လာ၏။
သူက ဓားကို ဆုပ်ကိုင်ရင်း အလင်းတန်းနှင့် ဒယ်အိုကြီးထံ လွှဲချလိုက်သည်။
ဓားချက်က လှိုင်းဂယက်များနှင့် တောက်ပသော အဖြူရောင်အလင်းကို ထုတ်လွှတ်ရင်း လေထုကို နှစ်ပိုင်းပိုင်းလိုက်ပုံရသည်။ ထိုသာမန်ဓားချက်လေးတွင် အချိန်လေမုန်တိုင်းကြီးများ လှိုင်းဂယက်များကြားမှ ရိုက်ခတ်နေသည့်အလား ကြီးမြတ်သောတာအိုတချို့ ပါရှိပုံပေါ်သည်။
လာနေသော အလင်းတန်းထဲတွင် ပုဆိန်ပျံတစ်လက် ရှိသည်။ အချိန်နှစ်ခြောက်ဆယ်စက်ဝန်းဖြင့် ပြည့်နှက်နေသော မိုးသက်မုန်တိုင်းများက ပုဆိန်ပျံကို ဝင်ဆောင့်သည်။ ချက်ချင်းပင် ၄င်းမှာ နှစ်ချို့လာသည့်အလား မျက်နှာပြင်ပေါ်၌ အနက်ရောင်အပြောက်များ ပေါ်လာလေသည်။ ပုဆိန်၏ စိတ်ဝိညာဥ်စွမ်းအားမှာ စတင်ယိုယွင်းလာတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၄င်းသည် လွင့်ပါးပျောက်ကွယ်တော့မတတ် အလွန်အမင်း ပျက်စီးယိုယွင်းလာ၏။ ချက်ချင်းပင် ၄င်းမှာ မြေကြီးပေါ်ပြုတ်ကျတော့သည်။
လေက တိုက်နေဆဲပင်။ ၄င်းက တသိမ့်သိမ့်တုန်ပြီး ပုံပျက်ရှုံ့တွလာသော ပုံရိပ်ယောင်ဒယ်အိုးကြီးဆီ ပြေးဝင်သွား၏။ အချိန်နှစ်ခြောက်ဆယ်စက်ဝန်းတိတိ ကျော်ဖြတ်သွားပုံရသည်။ ဤကဲ့သို့ ပုံရိပ်ယောင်တစ်ခုပင် ထိုအချိန်ဖြတ်သန်းမှုကို မတောင့်ခံနိုင်ပေ။ စောစောက ထိုးဖောက်မရပုံပေါ်သည့် ဒယ်အိုးကြီးမှာ ရုတ်တရက် လွင့်စင်ပျောက်ကွယ်သွားတော့သည်။
လေက အနက်ရောင်နယ်မြေကျင့်ကြံသူလောင်ချုံးကို ညင်သာစွာ ဖြတ်တိုက်သွားသည်။ သူ့အရေပြားရှိ ဖြတ်လတ်မှုမှာ လေနှင့်အတူ ပါသွားပုံပင်။ အရေးအကြောင်းများ သူ့လက်နှစ်ဖက်တွင် ပေါ်လာပြီး မျက်နှာဖုံးအောက်က သူ၏မျက်နှာမှာ ကြီးရင့်လာ၏။ အသက်စွမ်းအား နှစ်ခြောက်ဆယ်စက်ဝန်းတိတိကား ရုတ်တရက် သူ့ထံမှ စုပ်ယူခံလိုက်ရလေပြီ။ အတွင်းတွင် ဖော်ပြမတတ်လောက်အောင် အားနည်းသည့်ခံစားချက်ကြီး ပေါက်ဖွားလာ၏။ ယခင်က မရှိခဲ့သော ကြောက်လန့်သွားသည့် အမူအရာက သူ့မျက်နှာအား ဖုံးလွှမ်းသွားသည်။ သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး သူက သွေးတစ်လုပ်အန်လိုက်သည်။ သူ့မှာ မျက်ဝန်းထဲ၌ အံ့သြမယုံကြည်နိုင်မှုများ ပြည့်နှက်နေလျက် နောက်သို့ ယိမ်းယိုင်သွားလေသည်။
"မင်း..... " သူ၏ခန္ဓာကိုယ်မှာ တုန်ရီနေပြီး သူ့မျက်နှာတွင် သွေးမရှိတော့ပေ။ သူ၏အရေပြားသည် ဆက်လက်ရွတ်တွခြောက်ကပ်လာနေပြီး သူ့တစ်ကိုယ်လုံး ပိန်လှီလာသည်။ ရုတ်တရက် မျက်နှာဖုံး ကွာကျသွားရာ သူ၏ တစ်ခါက မည်းနက်ခဲ့ဖူးသော ဆံပင်မှာ ယခုတွင် ဆွတ်ဆွတ်ဖြူနေကြောင်း ဖော်ပြလိုက်သည်။ သူ့မျက်နှာသည် အဘိုးကြီးတစ်ယောက်ကဲ့သို့ ဖြစ်ပြီး ယခင်က ရဲစွမ်းသတ္တိအနည်းငယ် ကျန်ရှိနေသေးသော်လည်း ထိတ်လန့်ကြောက်ရွံ့မှုက အများစု စိုးမိုးထားသည်။ အရာအားလုံး အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်သွားသည်။
မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူများက လေးနက်သွားသော မျက်ဝန်းများဖြင့် ရုတ်တရက် ထရပ်လိုက်သည်။ မြေပြင်တွင် တောင်ပိုင်းဒေသမှ ကျင့်ကြံသူတစ်သိန်းမှာ မှင်သက်နေ၏။ ထို့နောက် စကားသံများ ဆူညံပွက်လောရိုက်လာတော့သည်။
တာအိုကလေး ရှီဖေးမှာ မန်ဟို့ကို ကြောက်လန့်နေသော မျက်ဝန်းများဖြင့် ကြည့်ရင်း အလိုလိုနောက်ဆုတ်မိသွားသည်။
ဝမ်လီဟိုင်နှင့် ဟန်ရှန့်တောက်မှာ တအံ့တသြ စိုက်ကြည့်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်ကြသည်။ သူတို့မှာ ရင်တဒိန်းဒိန်းခုန်နေ၏။
ဤကဲ့သို့ နတ်ဘုရားစွမ်းရည်မှာ မိုးကောင်းကင်အောက်ရှိ မည်သူမဆို တုန်လှုပ်သွားစေရန် လုံလောက်သည်။ မန်ဟိုက တစ်ချိန်လုံး ဓားတစ်ချက်သာ ဝှေ့ယမ်းခဲ့သည်မဟုတ်လော။
ပုဆိန် ပျက်စီးကိန်းဆိုက်သွားပြီး ပုံရိပ်ယောင်ဒယ်အိုးကြီး လွင့်စင်ပျောက်ကွယ်ကာ လောင်ချုံးမှာ နှစ်ခြောက်ဆယ် သက်တမ်း ဆုံးရှုံးခဲ့ရသည်။ ဤအားလုံးက ဆွေးနွေးငြင်းခုံမှုလှိုင်းလုံးကြီးများ မြင့်တက်လာစေသည်။
"အဲ့.....အဲ့တာ ဘာမှော်ပညာရပ်လဲ"
"အဲ့ဓားပဲ။ အဲ့ဓားက နတ်ဘုရားစွမ်းရည် ဖြစ်ရမယ်"
"သူ အမြုတေဖြစ်တည်မှုအဆင့်ကို စိန်ခေါ်ရဲတာ အံ့သြစရာမရှိဘူး။ သူက ဘယ်သူလဲ......။ မိုးပြာရောင်ဝတ်ရုံဝတ်ထားတယ်ဆိုတော့ မဟုတ်မှ....."
စကားသံများ ကျွတ်ကျွတ်ညံနေစဥ် တာအိုကလေးလောင်ချုံးမှာ မျက်နှာဖြူဖပ်ဖြူလျော်နှင့် တဆတ်ဆတ်တုန်လျက် ရပ်နေသည်။ သူ၏မျက်နှာအမူအရာမှာ တွေဝေနေသည့်ဟန် ဖြစ်နေသည်။
မန်ဟိုက အင်္ကျီလက်စခါပြီး အေးစက်စက်အသံဖြင့် ပြောသည်။ "ငါ မင်းဆီက သက်တမ်း နှစ်ခြောက်ဆယ်စက်ဝန်း နုတ်ယူပြီးပြီး။ ကဲ အခု ကောင်းကင်နဲ့မြေကြီးရဲ့ နက်နဲမှုကို မင်း နားလည်ပြီလား" ထို့နောက် သူက လောင်ချုံးကို လျစ်လျူရှုပြီး ဝမ်လီဟိုင်နှင့် ဟန်ရှန့်တောက်ကို ကြည့်သည်။
ဝမ်လီဟိုင်က သူ့ကို ကြည့်ပြီး ရုတ်တရက် ပြောသည်။ "ကြည့်ရတာ ဒီနေ့ လူကြီးမင်း မျက်နှာအစစ်အမှန်ကို ပြထားပုံပဲ။ ခင်ဗျား ဟိုနေ့က ကျုပ်ကို အပြတ်အသတ်နိုင်ယူသွားတာ ကျုပ်နားလည်တယ်။ ဒါမဲ့ တစ်ချိန်ကျရင် ကျုပ်တို့ကြားမှာ နောက်တစ်ခေါက် ထပ်တိုက်ရဦးမှာပါ"
ယီးကျန့်ဂိုဏ်းမှ ဟန်ရှန့်တောက်က လက်ယှက်ပြီး အရိုအသေပေးသည်။ "မျက်နှာမဲ့မိုးပြာသူရဲကောင်း.... လူကြီးမင်း အရင်က ခင်ဗျားရဲ့ လမ်းညွှန်ပြသမှုတွေအတွက် ကျုပ် ကျေးဇူးတင်ပါတယ်"
သူတို့၏စကားများက ပတ်ပတ်လည်ရှိ ကျင့်ကြံသူများကို ချက်ချင်း ငြိမ်ကျသွားသေသည်။ သို့သော် တိတ်ဆိတ်မှုကား အသက်ရှိုက်စာ အနည်းငယ်သာ ခံလိုက်သည်။ ရုတ်တရက် မြေကြီးပင် တသိမ့်သိမ့်တုန်သွားစေလောက်အောင် ကျယ်လောင်သော အသံကြီးတစ်သံ ထွက်လာသည်။
"ဘာ... သူက မျက်နှာမဲ့မိုးပြာသူရဲကောင်းတဲ့လား"
"မျက်နှာမဲ့မိိုးပြာသူရဲကောင်း။ မကြာသေးမီကမှ ကောက်ကာငင်ကာ နာမည်ကြီးလာတဲ့သူ။ ရွေးချယ်ခံတွေ၊ တာအိုကလေးတွေကို အနိုင်ယူခဲ့တဲ့သူ။ အဲ့တာ သူပဲ"
"မျက်နှာမဲ့မိုးပြာသူရဲကောင်းက ဘယ်ဂိုဏ်းကလဲ သိချင်မိတယ်။ သူ ဘယ်လောက်အံသြစရာကောင်းလဲ စဥ်းစားကြည့်ရင် တာအိုကလေးတစ်ယောက်ပဲ ဖြစ်ရမယ်"
ဆူညံပွက်လောရိုက်နေစဥ် လူတိုင်းသည် မန်ဟိုကို တဟုန်းဟုန်းတောက်နေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ မျက်နှာမဲ့မိုးပြာသူရဲကောင်း၏ ဂုဏ်သတင်းမှာ အလွန့်အလွန် အံဖွယ်ကောင်းလွန်းသည်သာ ဖြစ်သည်။ ၄င်းမှာ တောင်ပိုင်းဒေသ၏ အနောက်ဘက်နယ်မြေအတွင်း၌ မပြောသူမရှိသော ပဟေဋ္ဌိတစ်ခုပင်။
လောင်ချုံးမှာ ပင့်သက်ရှိုက်သွားပြီး ချက်ချင်း နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။ တောင်ပိုင်းဒေသသို့ မလာခင်က သူသည် မျက်နှာမဲ့မိုးပြာသူရဲကောင်းအကြောင်းကြားခဲ့ဖူးပြီး ရှိန်လောက်စရာ ပြိုင်ဘက်အဖြစ် မြင်လာခဲ့သည်။ သူ့အရှေ့ရှိ လူမှာ ထိုမျက်နှာမဲ့မိုးပြာသူရဲကောင်း ဖြစ်နေလိမ့်မည်ဟု သူ အဘယ်သို့ တွေးနိုင်ခဲ့မည်နည်း။ သူ့မှာ မရှုမလှရှုံးနိမ့်သွားကြောင်း သဘောပေါက်လိုက်သဖြင့် ရင်ထဲတွင် ခါးသီးမှုများ ပြည့်နှက်နေတော့သည်။
ကျင့်ကြံသူတစ်သိန်း မျက်စိရှေ့မှောက်တွင် ရှုံးနိမ့်သွားသည်ကို ထည့်တွက်ပါက တောင်ပိုင်းဒေသတစ်ဝှမ်းလုံး သတင်းပျံ့နှံ့သွားမည်မှာ မလွဲဧကန်ပင်။ အနက်ရောင်နယ်မြေ တာအိုကလေး လောင်ချုံး ဓားအဝှေ့လေး တစ်ချက်ကြောင့် အချိန် နှစ်ခြောက်ဆယ်စက်ဝန်း ဆုံးရှုံးသွားရသည် ဟူ၍။
ရက်စက်ကြမ်းကြုတ်သောအလင်းရောင်တစ်ခု လောင်ချုံး၏မျက်ဝန်းများတွင် လင်းလက်သွားသည်။ သူက နောက်ဆုတ်ပြီး ရုတ်တရက် အော်သည်။ "မိုးပြာရောင်မျက်နှာဖုံးအကြီးအကဲတို့ ကျေးဇူးပြုပြီး ဒီလူ့ကို သတ်ပေးပါ" အခြားမိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူနှစ်ယောက်၏ မျက်လုံးများ အသတ်အဖြတ်စိတ်ဆန္ဒများဖြင့် ရုတ်ခြည်းတောက်ပလာသည်။
မန်ဟို့မျက်နှာအမူအရာမှာ နည်းနည်းလေးပင် ပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်လျက်သာ။ သူသည် တိုက်ခိုက်ရန် ဆုံးဖြတ်ချက်ချလိုက်သည့် အခိုက်အတန့်၌ ယခုကဲ့သို့ ဖြစ်ပျက်လိမ့်မည်ဟု မျှော်လင့်ထားပြီး ဖြစ်သည်။ လောင်ချုံး၏ အသံပဲ့တင်ထပ်နေစဥ်မှာပင် မန်ဟို့အသံ ကြားလိုက်ရသည်။
ဤတစ်ကြိမ်တွင် သူသည် ပတ်ပတ်လည်ရှိ ကျင့်ကြံသူတစ်သိန်းကို စကားပြောခြင်း ဖြစ်၏။
"တောင်ပိုင်းဒေသမှ တာအိုရောင်ရင်းတို့။ ကျုပ်က ဖန်မုဆိုတဲ့ ဇီယွင်ဂိုဏ်းရဲ့ အညတရဆေးပေါင်းဖိုဘုရင်လေးတစ်ယောက်ပါ။ မနှစ်တုန်းက အနက်ရောင််နယ်မြေကျင့်ကြံသူတွေ ကျုပ်နဲ့ ကျုပ်မိတ်ဆွေ ဆေးပေါင်းဖိုဘုရင် ကျိုးဒယ်ခွန်ကို ချုံချို တိုက်ခဲ့တယ်။ ကျုပ်ကတော့ ကံသီပြီး လွတ်မြောက်ခဲ့ပေမယ့် ကျိုးဒယ်ခွန် သေလားရှင်လား မသိခဲ့ဘူး။ ဒီတာအိုရေပူစမ်းရဲ့ဉာဏ်အလင်းကြောင့် ကျုပ်ရဲ့ကျင့်ကြံခြင်းအခြေခံဟာ နောက်တစ်ဆင့်ကို တက်သွားခဲ့ပါတယ်။ ကျုပ် ဒီနေ့ အဲ့ဒီနေ့ကရန်သူကို တိုက်ခိုက်ဖို့ လာခဲ့တာပါ။ တောင်ပိုင်းဒေသရဲ့ တာအိုရောင်ရင်းတို့၊ ဒီတိုက်ပွဲမှာ မျက်မြင်သက်သေအဖြစ်ရှိပေးဖို့ ခင်ဗျားတို့အားလုံးကို ကျုပ်တောင်းဆိုချင်ပါတယ်" သူ၏စကားလုံးများသည် အောက်ရှိ ကျင့်ကြံသူတစ်သိန်းအကြား အုတ်အော်သောင်းနင်း ဖြစ်သွားစေရင် မိုးခြိမ်းသံကြီးပမာ မြည်ဟိန်းနေ၏။
"ဆေးပေါင်းဖိုဘုရင်....သူက...သူက တကယ်တမ်း အရှေ့ဆေးဝါးအဖွဲ့ရဲ့ ဆေးပေါင်းဖိုဘုရင်တစ်ယောက်တဲ့လား"
"ဖန်မု၊ ကျုပ်သိပြီ။ ပြီးခဲ့တဲ့နှစ်တုန်းက အရှေ့ဆေးဝါးအဖွဲ့ မှာ ဖန်မုဆိုတဲ့ ဆေးပေါင်းဖိုဘုရင်တစ်ယောက် ပေါ်လာခဲ့တယ်"
"သူက ဖန်မု။ ဆေးပေါင်းဖိုဘုရင် ဟုတ်စ"
ကျင့်ကြံသူများသည် မန်ဟို့ကို မော့ကြည့်ပြီး ဆူညံပွက်လောရိုက်နေ၏။ အံသြခြင်းလှိုင်းတံပိုးကြီးများက သူတို့နှလုံးသားကို အရှိန်ပြင်းစွာ တိုးဝှေ့ဝင်ဆောင့်နေလေသည်။ မျက်နှာမဲ့မိုးပြာသူရဲကောင်း၏နာမည်က သူတို့ကို စိတ်နှလုံးတုန်လှုပ်စေခဲ့ပြီး ဖြစ်သော်လည်း ပို၍ပင် တုန်လှုပ်ဖွယ်ကောင်းသည်က 'ဆေးပေါင်းဖိုဘုရင်'ဆိုသော စကားလုံးပင်။
ကျင့်ကြံသူအားလုံး၏ တဖိတ်ဖိတ်လက်နေသောမျက်လုံးများက ယခုတွင် မန်ဟို့အပေါ် ကော်နှင့်ကပ်ထားသည့်အလားပင်။
"သူ စိန်ခေါ်ခဲ့တဲ့ သူရဲကောင်းတစ်ယောက်ကိုမှ မသတ်ခဲ့တာ အံသြစရာမရှိဘူးပဲ"
"မဟာအကြီးအကဲဖန်မုက ဉာဏ်အလင်းရဖို့အတွက် ဒါတွေ အကုန်လုံးလုပ်နေခဲ့တာကိုး။ သူက မလွှဲရှောင်သာ တိုက်ခိုက်ရပေမယ့် ဆေးဝါးပညာရှင်တစ်ယောက် ဖြစ်တာမလို့ ရန်သူမဖြစ်ချင်တာပဲ။ ဒါကြောင့် အသတ််အဖြတ်စိတ်ဆန္ဒကို ထိန်းချုပ်ခဲ့တာ။ ဒါက ကျုပ်တို့ တောင်ပိုင်းဒေသရဲ့ ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်၊ တောင်ပိုင်းဒေသရဲ့ စစ်မှန်တဲ့ ရွေးချယ်ခံကျင့်ကြံသူတစ်ယောက်"
ဆူညံပွက်လောရိုက်နေသည့်အလယ်တွင် တာအိုကလေး လောင်ချုံး၏မျက်နှာ ရုတ်တရက် ပြောင်းသွားသည်။ သူက အတွေးများ ချာချာလည်နေရင်း မန်ဟို့ကို ကြောင်တောင်တောင် ကြည့်နေသည်။ မန်ဟို့၏သရုပ်မှန်က လူအုပ်ကြီးအကြား၌ အုတ်အော်သောင်းနင်းဖြစ်နေစေသော်လည်း သူ၏ စိတ်နှလုံးကို ပြင်းပြင်းပြင်း ရိုက်ခတ်သွားသည်။
သူ့ဘေးက ရှီဖေးလည်း မောဟိုက်ပင်ပန်းစွာ အသက်ရှူနေပြီး မယုံနိုင်သောမျက်နှာထားဖြင့် မန်ဟို့ကို ကြည့်နေသည်။
မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူသုံးယောက်၏ မျက်နှာများအပေါ်၌ တင်းမာခက်ထန်သော အမူအရာများရှိလေသည်။ ခပ်ပိန်ပိန်လူမပါ၊ သူတို့ထဲက နှစ်ယောက်မှာ မျက်မှောင်ကြုတ်လျက်ရှိသည်။
အားကောင်းသော အသတ်အဖြတ်စိတ်ဆန္ဒသည် မန်ဟို့မျက်လုံးများ စီးထွက်နေပြီး သူ့အကြည့်က ခပ်ပိန်ပိန် မိုးပြာရောင်မျက်နှာဖုံး ကျင့်ကြံသူဆီ ရောက်သွားသည်။ "ကျုပ် ဒီနေ့ တိုက်ခိုက်မှာက ဒီလူနဲ့ပဲ။ တစ်ယောက်ယောက် ကြားဝင်နှောင့်ယှက်ရင် ၊ အနက်ရောင်နယ်မြေကျင့်ကြံသူတစ်ယောက်ယောက် ဝင်ပါရင်၊ သူတို့ကို တားပေးဖို့ တောင်ပိုင်းဒေသက တာအိုရောင်ရင်းအားလုံးကို တောင်းဆိုပါတယ်"
ဝမ်လီဟိုင်၏မျက်လုံးများ ဝင်းလက်သွားပြီး သူက ချက်ချင်းပြောသည်။ "တောင်ပိုင်းဒေသရဲ့ ဝမ်မျိုးနွယ်စု ဒီတိုက်ပွဲကို သက်သေခံပေးမယ်။ အနက်ရောင်နယ်မြေကျင့်ကြံသူတွေ ဝင်ပါရင် ဝမ်တစ်မျိုးနွယ်လုံးနဲ့ ရန်သူဖြစ်မယ်"
"တောင်ပိုင်းဒေသရဲ့ ယီးကျန့်ဂိုဏ်း ဒီတိုက်ပွဲကို သက်သေခံပေးမယ် ။ အနက်ရောင်ကျင့်ကြံသူနောက်တစ်ယောက် လှုပ်ရှားရင် ယီးကျန်းဂိုဏ်းရဲ့ ရန်သူဖြစ်မယ်"
"တောင်ပိုင်းဒေသရဲ့ ကျင်းဟန်ဂိုဏ်း ဒီတိုက်ပွဲကို သက်သေခံပေးမယ်။ အနက်ရောင်နယ်မြေကျင့်ကြံသူတစ်ယောက်ယောက် ဝင်ပါရဲရင် ကျင်းဟန်ဂိုဏ်းလည်း ဝင်ပါရလိမ့်မယ်"
"တောင်ပိုင်းဒေသရဲ့ သွေးမိစ္ဆာဂိုဏ်း ဒီတိုက်ပွဲကို သက်သေခံပေးမယ်"
"တောင်ပိုင်းဒေသရဲ့ ချင်းလော်ဂိုဏ်း ဒီတိုက်ပွဲကို သက်သေခံပေးမယ်"
"တောင်ပိုင်းဒေသရဲ့ စုန့်မျိုးနွယ်စု ဒီတိုက်ပွဲကို သက်သေခံပေးမယ်"
"တောင်ပိုင်းဒေသရဲ့......"
အသံများကား တစ်သံပြီးတစ်သံ မရပ်မနားထွက်ပေါ်လာသည်။ ကျင့်ကြံသူတစ်သိန်းမှာ တင်ပျဥ်ခွေထိုင်မနေတော့ပေ။ သူတို့အားလုံးသည် မတ်တပ်ရပ်ပြီး အနက်ရောင်နယ်မြေကျင့်ကြံသူများကို ဒေါသတကြီးစိုက်ကြည့်နေကြ၏။
မျိုးနွယ်စုအားလုံး၊ ဂိုဏ်းအားလုံး၏ အသံများ ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်သွားစေသော ထစ်ချုန်းသံကြီးအဖြစ် အတူတကွပေါင်းစည်းသွားသည်။ ၄င်းမှာ အဆုံးမရှိသော မိုးခြိမ်းသံကြီးပမာပင်။
ဤနေရာရှိ ကျင့်ကြံသူအားလုံးမှာ ချီအခြေတည်အဆင့်ဖြစ်ကြသည်။ သို့သော် သူတို့သည် တောင်ပိုင်းဒေသ၏ မရေမတွက်နိုင်သော မျိုးနွယ်စုများ၊ ဂိုဏ်းများကို ကိုယ်စားပြုသည်။ ထို့ပြင် သူတို့ဂိုဏ်းတစ်ဂိုဏ်းလုံး၏ သဘောထားကို လွှမ်းမိုးနိုင်ကြောင်း သိသာသည်။ ယခုတွင် သူတို့အားလုံး အသံတစ်သံတည်းထွက်ရာ အနက်ရောင်နယ်မြေကျင့်ကြံသူများကား ချောင်ပိတ်ခံလိုက်ရလေပြီ။
အမှားလေးတစ်ခုက တောင်ပိုင်းဒေသနှင့် အနက်ရောင်နယ်မြေများအကြား စစ်ပွဲကြီး ဖြစ်ပွားစေနိုင်သည်။
လောင်ချုံး၏မျက်နှာ ရှုံ့မဲ့သွားပြီး တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူ့ဘေးက ရှီဖေးမှာ အသက်ရှူသံများ မြန်ဆန်နေ၏။ သူတို့အဖွဲ့မှ အခြားအနက်ရောင်နယ်မြေကျင့်ကြံသူများမှာ အလွန်စိတ်လှုပ်ရှားနေပုံရပြီး သူတို့၏ကျင့်ကြံခြင်းအခြေခံများအား လှည့်ပတ်နေကြသည်။
မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူသုံးယောက်၏ မျက်နှာများ ချက်ချင်း ပျက်သွား၏။
မျက်နှာဖုံးအောက်တွင် ခပ်ပိန်ပိန် ကျင့်ကြံသူ၏မျက်နှာအမူအရာမှာ တင်းမာခက်ထန်နေသည်။ သူက ရှေ့တက်ပြီးပြောသည်။ "ဒါက ဒီကလေးနဲ့ ကျုပ် ရန် အကြားက ကိုယ်ရေးကိုယ်တာကိစ္စ။ အပြင်လူတွေ ဝင်ပါစရာမလိုဘူး။ အနက်ရောင်နယ်မြေနဲ့ ဘာမှမဆိုင်ဘူး။ ဖန်မု၊ ကောင်လေး မင်း သေချင်နေတဲ့ပုံပဲ။ ကောင်းပြီလေ ငါမင်းကိုကူညီပေးရတာပေါ့" သူ၏အသံသည် ပတ်ပတ်လည်ရှိ အနက်ရောင်နယ်မြေကျင့်ကြံသူများကို နောက်ဆုတ်သွားစေ၏။ တခဏအတွင်း လေတွင်ပျံဝဲနေသည်က သူနှင့်မန်ဟိုသာ ရှိတော့သည်။
ဤသည်ကား သူတို့၏စစ်မြေပြင် ဖြစ်လာလိမ့်မည်။
"မင်း ဘယ်လိုသေရမလဲ တော်တော်လေးစဥ်းစားထားရတယ် ထင်တယ်" မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူက အေးစက်စွာ ပြောသည်။ "ငါမင်းကို မကူညီရရင် စိတ်မကောင်းဖြစ်နေရတော့မှာပဲ" အသတ်အဖြတ်စိတ်ဆန္ဒက သူ့မျက်လုံးများမှ ဖြာထွက်လာသည်။ သူက လက်မြှောက်လိုက်ရာ ရုတ်တရက် ဝါဖျော့ဖျော့ချီတစ်ခု ပေါ်လာသည်။ ဤသည်ကား သူ၏အမြုတေချီမှတစ်ပါး အခြားမဟုတ်ပေ။
ဤချီတွင် ပုံသဏ္ဍာန်အမျိုးမျိုးပြောင်းလဲနိုင်စွမ်းရှိပြီး ယခုလောလောဆယ်တွင် ဓားတစ်လက်အသွင်ယူထား၏။
မန်ဟိုက စူးစူးစိုက်စိုက် စောင့်ကြည့်နေသည်။ ဤသည်မှာ သူ့အတွက် အတိမ်းအစောင်းမခံသော တိုက်ပွဲဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံသည် မမြင်ရသော ချီနှင့်အတူ အဆက်မပြ တ် လည်ပတ်လျက်ရှိသည်။ ၄င်းက ပို၍သန်မာလာရန်အတွက် မန်ဟို တိုက်ခိုက်မည်ကို တောင့်တနေပုံရသည်။ သူ တိုက်ခိုက်သောအခါ ၄င်းသည် သူ၏ကျင့်ကြံခြင်းအခြေခံကို အဆင့်တက်သွားစေမည့် တွန်းအားကြီးအသွင် ပြောင်းသွားလိမ့်မည်။
***