အမြုတေဖြစ်တည်မှုအဆင့်နှင့် တိုက်ခိုက်ခြင်း
Vol. 20 Ch. 270
ရန်မျိုးရိုးရှိ မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူက မန်ဟို့ကို အေးစက်စွာ ကြည့်သည်။ မန်ဟိုက သူ့ကို စစတွေ့ကတည်းက အတော်လေးအထင်ကြီးမိစေခဲ့သည်။ သူ့မှာ မသေသည့်အပြင် ကျင့်ကြံခြင်းအခြေခံအဆင့်ပင် တက်သွားသေးရာ အတိုင်းထက်အလွန် တုန်လှုပ်ဖွယ်ကောင်းလေသည်။ ၄င်းက သူ့ရင်ထဲတွင် ကသိကအောက်နိုင်သော အန္တရာယ်အာရုံတစ်ခု ပေါက်ဖွားလာစေသည်။
အမှန်တကယ်တွေးကြည့်လျှင် အတော်လေးအရှက်ရစဖွယ်ပင်။ သူ့မှာ ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်သည့်တိုင် မန်ဟို့ကြောင့် အန္တရာယ်ကို ခံစားနေရသေးသည်။ မျက်နှာဖုံးအောက်ရှိ ထိုလူ၏မျက်နှာမှာ ခက်ထန်သွားသည်။ သူ့ပါးစပ်မှ စကားလုံးများ ထွက်သွားသည့်အခိုက်အတန့်မှာပင် သူက ရှေ့တက်လာ၏။
သူ၏ခြေထောက် ကျသွားသည်နှင့် လှိုင်းဂယက်များ ရိုက်ခတ်သွားသည်။ မဖော်ပြနိုင်သော ထစ်ချုန်းသံကြီးသံတစ်သံ မြည်ဟည်းလာပြီး ကျင့်ကြံသူတစ်သိန်း၏ ရင်ထဲတွင် တုန်ခါသွားစေသည်။ မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူနှင့် မန်ဟိုသာ လေထဲတွင် ပျံဝဲနေ၏။ ထိုလူ၏ ပထမဆုံးခြေလှမ်းက ပတ်ဝန်းကျင်တစ်ခုလုံးကို တုန်ဟည်းနေစေပုံပေါ်သည့်တိုင် တကယ်တမ်း မန်ဟို့ကို တန်းတန်းမတ်မတ် ဦးတည်လေသည်။
မန်ဟို့၏မျက်နှာမှာ ပုံမှန်အတိုင်းသာ ဖြစ်သည်။ သူ့ရင်ထဲရှိ ထစ်ချုန်းသံမှာ နည်းနည်းလေးပင် အနှောင့်အယှက်မဖြစ်ပေ။ သူ၏တာအိုမဏ္ဍိုင် ရှစ်ခုသည် အရှေ့အရပ်မှ ခရမ်းရောင်ချီကျင့်စဥ်၏ စွမ်းအားဖြင့် လှည့်ပတ်နေရာ မန်ဟို့၏ခန္ဓာကိုယ်ကို ခရမ်းရောင်အရှိန်အဝါဖြင့် တောက်ပနေစေသည်။ ၄င်းက သူ့တစ်ကိုယ်လုံး လွှမ်းခြုံပြီး ဖြာထွက်လာသည့်အတွက် သူ၏မိုးပြာရောင်ဝတ်ရုံအား ရုတ်တရက် ခရမ်းရောင်သမ်းသွားစေတော့သည်။
သူ့ပတ်ပတ်လည်ရှိ လေပင် ခရမ်းရောင်တောက်နေရာ သူ့အား သာမန်ကျင့်ကြံသူများထက် သာလွန်ထူးကဲသည့် ပုံပေါ်စေလေသည်။
"အရှေ့အရပ်မှ ခရမ်းရောင်ချီ၊ အဲ့တာ ဇီယွင်ဂိုဏ်းရဲ့ အရှေ့အရပ်မှ ခရမ်းရောင်ချီပဲ"
"အရှေ့ဆေးဝါးအဖွဲဲ့က ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်တွေပဲ အဲ့တာကို ကျင့်ကြံနိုင်တာ။ သူက တကယ်ကြီး ဖန်မုပဲဟ" လူတိုင်းသည် ဖြစ်ပျက်နေသည်တို့အပေါ် အပြည့်အဝအာရုံစိုက်နေကြသည်။ ယခင််က မန်ဟို့ကို သူ့ပြောခဲ့သည့်အတိုင်း ဖန်မုမဟုတ်နိုင်ဟု သံသယရှိသူတချို့ ရှိခဲ့သည်။ သို့သော် ဆူညံပွက်လောရိုက်နေသည့် စကားသံများက မည်သို့သံသယမဆို ရှင်းလင်းသွားစေသည်။ ခရမ်းရောင်အလင်းကို မြင်ပြီးနောက် သူ၏သရုပ်မှန်ကို လူတိုင်း အတည်ပြုလက်ခံသွားလေပြီ။
"ငါ မင်းကို အရင်တစ်ခေါက်က လွှတ်ပေးခဲ့ပေမယ့် အခု မင်းက သေချင်နေတာပဲ" မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူက အေးစက်စက်နှာမှုတ်ပြီးနောက် တဟုန်ထိုးပြေးတက်သွားသည်။ သူ၏ညာလက်က ဂါယာမန္တယားဆိုင်ရာ မုဒြာလက်ဟန်ဖော်ရင်း ရုတ်တရက် မြောက်တက်သွားပြီးနောက် ရှေ့သို့ လက်ညှိုးထိုးလိုက်သည်။ ၄င်းမှာ ဘာမှမထူးခြားသော လှုပ်ရှားမှုလေးတစ်ခု ဖြစ်ပုံပေါ်သည့်တိုင် တကယ်တမ်း ဤသည်မှာ မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူအနေဖြင့် မန်ဟို့ကို ပထမဆုံးရင်ဆိုင်ဖူးခြင်း မဟုတ်ပေ။ လွန်ခဲ့သည့်တစ်နှစ်က တိုက်ပွဲက သူ့ကို အတော်လေးအထင်ကြီးစေခဲ့သည်။ ထိုသည်နှင့် သူ လောလောဆယ်ခံစားနေရသည့် အန္တရာယ်အာရုံနှင့်ပေါင်းစည်းသွားသောအခါ သူ့ကို အတော်လေး စိတ်တထင့်ထင့် ဖြစ်နေစေသည်။ ထို့ကြောင့် သူသည် အားကုန်တိုက်ခိုက်လိုက်ခြင်းပင်။
ဖီးနစ်ငှက်များ၏ ဟိန်းဟောက်တွန်ကျုးသံများက လေတွင် ပြည့်နှက်နေသည်။ မျက်စိတစ်မှိတ်အတွင်း ဧရာမနဂါးကြီးဆယ်ကောင်သည် ပုံရိပ်ယောင်ဖီးနစ်ငှက်ဆယ်ကောင်နှင့်အတူ မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူ၏အရှေ့၌ ထွက်ပေါ်လာသည်။ ၄င်းတို့ ပေါ်ပေါ်လာခြင်းက အရာရာတိုင်းကို တသိမ့်သိမ့် တုန်ခါလာစေ၏။ ၄င်းတို့သည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အေးခဲသွားစေနိုင်သော ရေခဲတမျှ အေးစက်မှုကို တစ်ပါတည်းသယ်ဆောင်လာသည်။ မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူက လက်ညှိုးကို ဝှေ့ရမ်းပြီး သူတို့ကို မန်ဟို့ထံ ပြေးဝင်သွားစေသည်။
မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ စတင်လှုပ်ရှားလာ၏။ သူ၏ပြီးပြည့်စုံသော တာအိုမဏ္ဍိုင်များသည် အပြည့်အဝလည်ပတ်ရင်း အကန့်အသတ်မဲ့စွမ်းအားများ ထုတ်လွှတ်ကာ သူ၏ ခန္ဓာကိုယ်ကို အားဖြည့်ပေးနေသည်။ သူ့ပတ်ပတ်လည်ရှိ ခရမ်းရောင်အလင်းသည် ပို၍ စူးရှတောက်ပလာပြီး သူ၏မျက်လုံးများကား တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်လာတော့သည်။
ဤတိုက်ပွဲကား သူ့အတွက် အရေးအကြီးဆုံးပင်။
ဤတိုက်ပွဲကား ချီအခြေတည်ခြင်း မဟာရပ်ဝန်းသို့ ရောက်ရှိရန် သော့ချက်ဖြစ်သည်။
ဤတိုက်ပွဲကား တစ်နှစ်စောင့်ဆိုင်းနေခဲ့ရသည့်ရလဒ်ဖြစ်သည်။ သူသည် လွန်ခဲ့သည့်တစ်နှစ်က ရှုံးနိမ့်ခဲ့သော်လည်း ယခုတွင် ကစားပွဲကို ပြောင်းပြန်လှန်ပြီး..... အမြုတေဖြစ်တည်မှုအဆင့်နှင့် တိုက်ခိုက်လေမည်။
မန်ဟို့ညာလက် မြောက်တက်သွားပြီး သူက လက်မကိုသုံး၍ လက်လေးချောင်းလုံးအား အလျင်အမြန်လှီးလိုက်သည်။ သူ၏လက်ကို ရှေ့ဆန့်ထုတ်လိုက်စဥ် သွေးများက တစက်စက် စီးကျနေ၏။
တစ်ချောင်း၊ နှစ်ချောင်း.....မျက်စိတစ်မှိတ်အတွင်း ပုံရိပ်ယောင်လက်ငါးချောင်း ပေါ်လာသည်။ လက်ငါးချောင်း သွေးလက်ဝါးအဖြစ် စုပေါင်းသွားသည်နှင့် မန်ဟို့၏မြင်ကွင်းသည် သွေးရောင်ပြောင်းသွားပြီး ထစ်ချုန်းသံကြီး ပဲ့တင်ထပ်သွား၏။
ဧရာမသွေးလက်ဝါးကြီးက အံဖွယ်လိလိ အသတ်အဖြတ်အရှိန်အဝါနှင့်အတူ အနီရောင်အလင်းအား ထုတ်လွှတ်နေသည်။ ၄င်းသည် မန်ဟို့၏ ပြီးပြည့်စုံသော တာအိုမဏ္ဍိုင်ရှစ်ခု၏ စွမ်းအါးအပြင် ခရမ်းရောင်အရှိန်အဝါဖြင့် ပြည့်နှက်နေပြီးနောက် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် တဟုန်ထိုးထွက်သွားသည်။
မိုးခြိမ်းသံကဲ့သို့ ထစ်ချုန်းသံကြီး ကောင်းကင်တွင် မြည်ဟည်းသွား၏။ လက်ဝါးပေါ်လာသည့်အခိုက်အတန့်မှာပင် မန်ဟိုက လျှာထိပ်ကို ကိုက်ပြီး သွေးတချို့ ထွေးထုတ်လိုက်သည်။ သွေးစက်က သွေးလက်ဝါးနှင့် ပေါင်းစည်းရန် ပြေးထွက်သွားသည်။
"သွေးလက်ဝါး" မန်ဟိုက ဟိန်းဟောက်လိုက်သည်။ သူ၏ဘယ်လက်သည် မြောက်တက်သွားပြီး ဧရာမသွေးလက်ဝါးကြီးနောက်တစ်ဖက် အလျင်အမြန် ဖန်တီးလိုက်သည်။ ဤတစ်ခေါက်တွင်တော့ ဘယ်လက်ဖြစ်၏။ ၄င်းလည်း ရှေ့သို့ပြေးးထွက်သွားသည်။
မန်ဟို့ကျင့်ကြံခြင်းအခြေခံမှ သွေးများပြည့်နှက်နေသော သွေးလက်ဝါးနှစ်ဖက်၏စွမ်းအားသည် တစ်ခုနှင့်တစ်ခု စတင်ပေါင်းစည်းလာသည်။ ၄င်းမှာ အံ့သြတုန်လှုပ်ဖွယ်မြင်ကွင်းကြီးပင်။ ၄င်းတို့ ဖီးနစ်ငှက်ဆယ်ကောင်နှင့် နဂါးဆယ်ကောင်ဆီရောက်ရန် တခဏကြာလိုက်သည်။ ၄င်းတို့အားလုံး တစ်ဖက်နှင့်တစ်ဖက် ဝင်တိုက်သွားလေသည်။
တုန်လှုပ်ချောက်ချားဖွယ် အသံကျယ်ကြီးက မိုးခြိမ်းသံကြီးသဖွယ် အဆက်မပြတ် မြည်ဟည်းသွားသည်။ နဂါးဆယ်ကောင်နှင့် ဖီးနစ်ငှက်ဆယ်ကောင်က ဟိန်းဟောက်လိုက်သည်။ ၄င်းတို့သည် အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံခြင်းအခြေခံစွမ်းအားမှ ဖြစ်ပေါ်လာသဖြင့် မလွှမ်းမိုးနိုင်လုနီးပါးဖြစ်သည်။ မန်ဟို့၏ ပထမဆုံးသွေးလက်ဝါးကတော့ ချက်ချင်း လွင့်စင်ပျောက်ကွယ်သွားသည်။
ထိုသို့ပျောက်ကွယ်သွားသည့်အတွက် မန်ဟို့ကျင့်ကြံခြင်းအခြေခံမှ သွေးများ မီးလောင်ပြာကျသွားသည်။ ဒုတိယသွေးလက်ဝါးကြီးက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ဝုန်းခနဲ ပေါက်ကွဲသွားပြီး နဂါးခြောက်ကောင်နှင့် ဖီးနစ်ငှက်ခုနစ်ကောင် သုတ်သင်ခံလိုက်ရသည်။
ကျန်ရှိသော နဂါးလေးကောင်နှင့် ဖီးနစ်ငှက်သုံးကောင်က စူးစူးဝါးဝါးအော်မြည်ရင်း လေကိုခွင်း၍ မန်ဟို့ထံ ပြေးဝင်ကာ သူ့ကိုလွှမ်းခြုံသွားသည်။ သို့သော် မကြာမီ ထစ်ချုန်းသံကြီး ငြိမ်ကျသွားပြီး လှိုင်းဂယက်များ ပျောက်ကွယ်သွားသည်။ အရာအားလုံး နောက်တစ်ဖန် ပြန်လည်တည်ငြိမ်သွားပြီး မန်ဟို ထွက်လာသည်။ သူ့ခန္ဓာကိုယ်မှ ဖြာထွက်နေသော ခရမ်းရောင်အလင်းသည် မိုးကောင်းကင်ထိတိုင် ထိုးတက်တောက်ပနေ၏။
သူ့နှုတ်ခမ်းထောင့်မှ သွေးအနည်းငယ် စီးကျလာသည်။ သူ၏မျက်လုံးများ၊ သူ့ကိုယ်ထဲရှိ သွေးများအားလုံး ခရမ်းရောင်ဖြစ်နေပြီး သူ့ထံမှ အစွမ်းထက်ချီတစ်ခု ထွက်ပေါ်နေသည်။ မန်ဟိုသည် အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူတစ်ယောက်၏ မှော်ပညာရပ်ကို ခုခံရန် သူအစွမ်းသူ အသုံးပြုခဲ့ကြောင်း ဤအရာအားလုံးက ပြသနေသည်။
ခရမ်းမျက်ဆံပြောင်းလဲခြင်းက မန်ဟို့ခန္ဓာကိုယ်တစ်လျှောက် လျင်မြန်စွာ စီးဆင်းရင်း ဒဏ်ရာများကုသပေးနေသည်။ မှန်ပါသည်၊ မန်ဟိုသည် ဒဏ်ရာများအား နည်းနည်းလေးပင် ဂရုမစိုက်ပေ။ သူ မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူကို စိုက်ကြည့်နေစဥ် သူ့မျက်ဝန်းအတွင်းရှိ တိုက်ခိုက်လိုစိတ်သည် ပို၍ပင် အားကောင်းလာ၏။
မျက်နှာဖုံးအောက်က ထိုလူ့၏မျက်နှာ အလွန်အမင်းရုပ်ဆိုးနေတော့သည်။ သူ၏ပြိုင်ဘက်မှာ သာမန်မဟုတ်သည့်အပြင် သူ၏ကျင့်ကြံခြင်းအခြေခံ အဆင့်တက်သွားကြောင်း သူသိသည်။ သို့သော် အဆိုပါတိုးတက်မှုက ဤမျှအံ့ဖွယ်ကောင်းလိမ့်မည်ဟု သူ အဘယ်သို့ ခန့်မှန်းနိုင်ခဲ့မည်နည်း။
ဤပြိုင်ဘက်နှစ်ယောက်၏ ပထမဆုံး တိုက်ကွယ်ဖလှယ်မှုက ဝမ်လီဟိုင်ဟန်ရှန့်တောက်နှင့် အခြားလက်ရွေးစင်များအားလုံး အပါအဝင် တောင်ပိုင်းဒေသကျင့်ကြံသူများကို အံသြမှင်သက်လျက် ချာချာလည်သွားစေသည်။
"ချီအခြေတည်အဆင့်က အမြုတေဖြစ်တည်မှုအဆင့်ကို တိုက်ခိုက်နေတယ်"
"ဖန်မုက ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်မှာပဲ ရှိပေမယ့် သူ့ရဲ့နတ်ဘုရားစွမ်းရည်တွေက အမြုတေချီမရှိတဲ့ အမြုတေဖြစ်တည်မှုအဆင့်ပညာရှင်နီးနီးပဲ။ ဒါပေမယ့်.... အဲ့ဒီ အနက်ရောင်နယ်မြေက မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူ အခုထိ သူ့ရဲ့အမြုတေချီကို မသုံးရသေးဘူး......" စကားသံများ ဆူညံနေသည်။ ယခင်က သူတို့သည် မန်ဟို အမြုတေဖြစ်တည်မှုအဆင့်နှင့် တိုက်ခိုက်ဝံသည့် အကြောင်းရင်းက ရတနာပစ္စည်းတစ်ခုခုရှိ၍ဟု ယုံကြည်သဖြင့် သူ့ဘက်က ရပ်တည်ခဲ့ကြခြင်းဖြစ်သည်။
သို့သော် သူတို့မျက်စိရှေ့မှောက်၌ ဖြစ်ပျက်သွားသည့် တုန်လှုပ်ဖွယ်မြင်ကွင်းကြီးက မည်သည့်ရတနာပစ္စည်းကြောင့်မှ မဟုတ်ဘဲ မှော်ပညာရပ်တစ်ခုကြောင့်သာ ဖြစ်လေသည်။
ဤအခြင်းအရာက သူသည် အားမနည်းကြောင်း သက်သေပြသွား၏။ သူက အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူ၏ မှော်ပညာရပ်ကို တိုက်ရိုက် ခုခံခဲ့သည်။ သူ့၏ပြိုင်ဘက်က အမြုတေချီကို အသုံးမပြုသေးသည့်တိုင် မန်ဟိုကား အမြုတေဖြစ်တည်မှုအဆင့်အား စိန်ခေါ်ရန် အရည်အချင်းပြည့်မှီသည်ကို ဝန်ခံရပေမည်။
မန်ဟိုက ညာလက်ကို မြှောက်ရင်း ရှေ့တက်သွားသည်။ သူ့ခန္ဓာကိုယ်မှ ဖြာထွက်နေသော ခရမ်းရောင်အလင်းမှာ အရည်အသွင်ပြောင်းပြီး သူ့လက်ထံ စီးဆင်းသွားသည်။ ၄င်းသည် မျက်စိကျိန်းမတတ် တောက်ပနေသော ခရမ်းရောင်နေတစ်စင်းအသွင် စုစည်းသွား၏။
သူ၏ပြီးပြည့်စုံသော တာအိုမဏ္ဍိုင်ရှစ်ခုက အရှေ့အရပ်မှ ခရမ်းရောင်ချီကို အားဖြည့်ပေးနေစဥ် သူ၏မျက်လုံးများသည် တဖျပ်ဖျပ်လက်နေ၏။ ခရမ်းမျက်ဆံပြောင်းလဲခြင်းက သူ၏ခန္ဓာကိုယ်ကို ကုသပေးနေစဥ် မန်ဟိုသည် အရှေ့အရပ်မှခရမ်းရောင်ချီအစွမ်းကို သုံး၍ သူကျင့်ခဲ့သမျှ အစွမ်းထက်ဆုံးမှော်ပညာရပ်ကို ထုတ်လွှတ်လိုက်သည်။
"ခရမ်းရောင်ချီခေါင်းဖြတ်စက်"
မန်ဟိုလက်ထဲရှိ ချီသည် ရှည်လျားသော ခရမ်းရောင်ဓားသွားကြီး အသွင် ပြောင်းသွား၏။ ဓားသည် ၄င်းနှင့်အတူ မန်ဟို့၏ ခရမ်းရောင်အရှိန်အဝါအလုံးစုံကို ယူဆောင်ပြီး ခရမ်းရောင်အငွေ့မျှင်များအတိုင်း ပြန့်ကားလာသည်။ မကြာမီ မီတာဒါဇင်များစွာ ရှည်လျားလာ၏။ ရုတ်ခြည်းဆိုသလို ၄င်းက မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူထံသို့ ဝှီးခနဲ ပြေးဝင်သွားသည်။
"မဖြစ်စလောက် အစွမ်းလေးနဲ့များ" မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူက အေးစက်စက်နှာမှုတ်ရင်း ပြောသည်။ "မင်းက မင်းကိုယ်မင်း အထင်ကြီးနေတာပဲ" သာလွန်ထူးကဲသည့် စွမ်းရည်များနှင့် ချီအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်၏ နှောင့်ယှက်ခံခြင်းမှာ ဤလူ့အတွက် အရှက်ကွဲသည်ထက်မပိုပေ။ တိုက်ပွဲစကတည်းက သူ့မှာ အရှက်ရနေခဲ့သည်။
သူ့မှာ မန်ဟို့ကို သတ်ချင်စိတ်များဖြင့် ပြည့်နှက်လို့နေသည်။ ခပ်ရေးရေးအလင်းရောင် သူ့မျက်ဝန်းများ၌ လင်းလက်သွားပြီး ရုတ်တရက် သူ၏အမြုတေချီ ပေါ်ထွက်လာသည်။ ဝါဖျော့ဖျော့အလင်းရောင် ဖြာထွက်လာပြီး အတွင်းတွင် ဓားတစ်လက်၏ ဝိုးတိုးဝါးတား ပုံသဏ္ဍာန်ကို မြင်နိုင်သည်။ ၄င်းက အေးစက်သော ချီနှင့်အတူ ကြောက်မက်ဖွယ် ဓားအရှိန်အဝါကို ထုတ်လွှတ်နေ၏။
မန်ဟို့၏ ခရမ်းရောင်ချီခေါင်းဖြတ်စက် ချဥ်းကပ်လာချိန်မှာပင် အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူ၏ အမြုတေချီ ပေါက်ကွဲထွက်လာသည်။ ဓားက စူးရှသောအလင်းတန်းအသွင်ပြောင်းရင်း ရှေ့သို့ပြေးထွက်သွား၏။
၄င်းသည် ခရမ်းရောင်ချီခေါင်းဖြတ်စက်ကို ဝင်တိုက်လိုက်၍ ပေါက်ကွဲမှုကြီး ဂယက်ရိုက်သွားသည်။ ခရမ်းရောင်ချီမျှင်များ တုန်ခါသွားပြီးနောက် အစိတ်စိတ်အမြွှာမြွှာပြိုကွဲကုန်သည်။ ဓားက မန်ဟို့၏ခေါင်းတည့်တည့်သို့ ဆက်လက်ဦးတည်လာ၏။
ရုတ်ခြည်း အန္တရာယ်အာရုံတစ်ခု သူ့စိတ်ထဲ၌ ပြည့်နှက်လာသဖြင့် မန်ဟို၏သူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။ အမြုတေချီဓား ခရမ်းရောင်ချီခေါင်းဖြတ်စက်ကို ဖျက်စီးပြီး သူ့ဆီ ပြေးဝင်လာစဥ်မှာပင် စိမ်းပြာရောင်အကာအကွယ်တစ်ခု သူ့ပတ်လည်တွင် ပေါ်ပေါက်လာသည်။ ဤသည်မှာ သူ၏အသက်ကယ် ကျောက်စိမ်းလည်ဆွဲမှလွဲ၍ တခြားမဟုတ်ပေ။
ဝုန်းခနဲ ပေါက်ကွဲသံနှင့်အတူ အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူ၏ အမြုတေချီဓား ပဲ့ကြွေကျသွားသည်။ ထိုသို့ဖြစ်ပျက်သွားသောအခါ မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူက အော်ပြီး သိုလှောင်အိတ်ကို ပုတ်လိုက်၏။ ချက်ချင်းပင် ဓားပျံတစ်လက် သူ့လက်ထဲ၌ ပေါ်လာသည်။ သူက ၄င်းကို အမြုတေချီဖြင့် တစ်သားတည်းဖြစ်စေရင်း အပေါ်ပစ်လိုက်သည်။ ဖြစ်စဥ်မှာ သူ၏အမြုတေချီကို ၄င်းဘာသာ၄င်း အားပြန်မဖြည့်နိုင်ခင် လျော့နည်းသွားစေသည့်အတွက် မျှော်မှန်းထားသည်နှင့် အတော်လေးဆန့်ကျင်နေသည့်ပုံပေါ်သည်။
"ကိုယ်ဟန်အနေအထားအရဆိုရင် ငါ ဘယ်လိုမှ ဒုတိယအကြိမ် မရှုံးနိုင်ဘူး" ထိုလူက မျက်လုံးများ လှောင်ပြောင်သရော်မှုများဖြင့် ပြည့်နှက်နေလျက် ညာလက်ကို ဝှေ့ရမ်းလိုက်သည်။ သူ့ခေါင်းထက်ရှိ အမြုတေချီမှ ဓားနက်တစ်လက်သည် မန်ဟို့ထံ ပြေးဝင်သွား၏။
"မင်းရဲ့ အနုသုခုမရုပ်ခန္ဓာကျင့်ကြံခြင်းသွေး ဒီတစ်ခေါက် ဘယ်လောက်ကြာကြာ ခံနိုင်မလဲကြည့်ကြတာပေါ့" ဓားနက်သည် တဝီဝီ အော်မြည်ရင်း မန်ဟို့ထံ ချဥ်းကပ်လာသည်။
ရုတ်တရက် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်သွားပြီး မန်ဟို့နောက်သို့ လွင့်ထွက်သွားသည်။ သူ၏ မျက်နှာအမူအရာမှာ ဘယ်တော့မှ ပြောင်းမသွားပေ။ တကယ်တမ်း သူ၏တိုက်ခိုက်လိုစိတ်များက ပို၍ပင် ပြင်းထန်လာသေးသည်။ ယခုလောလောဆယ်တွင် ကျင့်ကြံခြင်းအခြေခံ အဆင့်တက်အောင် ကူညီပေးမည့် ချီကို သူ့ကိုယ်တွင်း၌ မန်ဟို ရှင်းရှင်းလင်းလင်းခံစားနေရသည်။ ၄င်းသည် မြန်သထက်မြန်မြန် လည်ပတ်နေရင်း ဝုန်းဒိုင်းကြဲ လှုပ်ရှားနေ၏။ ဖြစ်ပေါ်လာတော့မည့် နဝမတာအိုမဏ္ဍိုင်ကိုလည်း သူ အာရုံရနေသည်။
"ရောက်ခါနီးပြီ၊ ဒါမဲ့ အတိုက်အခိုက်ချီ မလုံလောက်သေးဘူး" သူက ဓားပျံ ဝင်ဆောင့်လိုက်၍ အက်ကြောင်းများပြည့်သွားသော အကာအကွယ်ကို ကြည့်ရင်း မျက်လုံးများ ဝင်းလက်တောက်ပနေသည်။ သူက နောက်ဆုတ်ပြီး သိုလှောင်အိတ်ကိုပုတ်ကာ ပုလင်းအမြောက်အမြား ထုတ်လိုက်၏။
မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူ၏ မျက်လုံးများ ခက်ထန်သွားပြီး သူက မန်ဟို့၏စိမ်းပြာရောင်အကာအကွယ်ဆီသို့ နောက်ဓားပျံတစ်လက် ပို့လွှတ်လိုက်သည်။ သူ့မှာ အကာအကွယ်ကို တတ်နိုင်သမျှမြန်မြန် ဖျက်စီးချင်ပြီး ထိုသို့ပြုလုပ်ရန် အသေအချာဖန်တီးထားသော သက်စောင့်ဓားများစွာ အသုံးပြုခဲ့ပြီးဖြစ်လေသည်။
"မင်း အနုသုခုမရုပ်ခန္ဓာသွေးအကာအကွယ် မရှိတော့တာနဲ့ သေပြီသာမှတ်" သူက အေးတိအေးစက်ပြောသည်။ "ငါ့ အမြုတေချီဓားတစ်ချက်ပဲ သုံးရလိမ့်မယ်" သူ၏အသံကား ပြင်းထန်သော အသတ်အဖြတ်စိတ်ဆန္ဒဖြင့် ပြည့်နှက်နေ၏။
***