← Chapters

ဝိညာဥ်ထွက်ပေါ်ဓား ၊ အဲ့ဒီမကောင်းဆိုးဝါးကို သတ်

Vol. 20 Ch. 271

ဝိညာဥ်ထွက်ပေါ်ဓား ၊ အဲ့ဒီမကောင်းဆိုးဝါးကို သတ်

Vol. 20 Ch. 271

ဟိန်းထွက်သွားသော ပေါက်ကွဲသံကြီးကား အရပ်မျက်နှာအရပ်ရပ်၌ မီတာငါးဆယ်အကွာအဝေးမှပင် ကြားနိုင်သည်။ တောင်ပိုင်းဒေသကျင့်ကြံသူတစ်သိန်းမှာ တအံ့တသြကြည့်နေကြသည်။ တာအိုရေပူစမ်းအပေါ်ရှိ မျက်နှာပြင်ပင်လျှင် မှိတ်တုတ် မှိတ်တုတ်ဖြစ်သွား၏။

ပေါက်ကွဲသံကြီး ပဲ့တင်ထပ်နေစဉ် မန်ဟို့ကို ဝန်းရံထားသည့် အကာအကွယ်တွင် အက်ရာများထလာသဖြင့် တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်လာသည်။ နောက်ဆုံး၌ ၄င်းသည် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ပြိုကွဲကာ လေနှင့်အတူ မျောလွင့်သွားလေသည်။

မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူ၏ နှုတ်ခမ်းထောင့်မှ သွေးအနည်းငယ် စီးကျလာသည်။ မန်ဟို့၏ အနုသုခုမရုပ်ခန္ဓာသွေးအကာအကွယ်ကို ဖျက်စီးရာ၌ သူ့မှာ သက်စောင့်ဓားဆယ်လက် ဆုံးရှုံးခဲ့ရလေသည်။ ၄င်းက သူ့အမြုတေချီအား ကုန်ခမ်းစေပြီး အမွှေးတိုင်တစ်ဝက် ထွန်းစာမကြာမချင်း ပြန်လည်အားပြည့်လာမည် မဟုတ်ပေ။

သို့သော် မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူက ဂရုမစိုက်ပေ။ ဖန်မုတွင် အနုသုခုမရုပ်ခန္ဓာသွေးအကာအကွယ်မရှိသရွေ့ သူ့ကို အခက်အခဲမရှိ သတ်ဖြတ်နိုင်ကြောင်း သူပြောနိုင်သည်။

သူ၏အမြုတေချီက အမွှေးတိုင်တစ်ဝက်ထွန်းစာအတွင်း ပြန်လည်အားပြည့်လာလိမ့်မည်။ ၄င်းသည် သူ၏ကျင့်ကြံခြင်းမှ ဖြစ်ပေါ်လာသည့်အပြင် သူ့နှင့် သက်ဆိုင်သည်မဟုတ်ပါလော။ သူ့အမြင်အရ မနှစ်က ဖန်မုတွင် အနုသုခမရုပ်ခန္ဓာသွေးမရှိခဲ့လျှင် သူ့ကို အလွယ်တကူ ဖမ်းနိုင်ခဲ့မည် ဖြစ်သည်။

" မင်း အဲ့သွေးမရှိဘဲ ငါ့ကို ဘယ်လောက်ကြာကြာ ခုခံနိုင်မလဲ ကြည့်ကြတာပေါ့" မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူက ရယ်သည်။ သူသည် သိုလှောင်အိတ်ကို ပုတ်ပြီး ဆံခြည်မျှင်များဖြင့် ပြုလုပ်ထားပုံရသည့် အလုံးတစ်လုံး ထုတ်လိုက်သည်။ သူက ဘယ်လက်ဖြင့် ၄င်းကို အားကုန်ပစ်လိုက်လေသည်။

"သန့်စင်မိစ္ဆာ" ထိုလူ၏ ခပ်ပြတ်ပြတ်အသံ ထွက်ပေါ်လာသည်နှင့် ဆံခြည်မျှင်များကား ရုတ်ခြည်း မီတာငါးဆယ်အကျယ် ဧရာမပိုက်ကွန်ကြီးအဖြစ် ပြန့်ကားသွား၏။ ၄င်းသည် မိုးကောင်းကင်ထိတိုင် ထိုးတက်သွားသည့် ပြင်းထန်သော အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်လွှတ်နေသည်။ ပိုက်ကွန်၏ အလယ်တွင် တစ္ဆေဝိညာဉ်များစွာအား မြင်နိုင်လေသည်။ ၄င်းတို့၏မျက်နှာများမှာ မချိတင်ကဲခံစားနေရသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီး အသံမဲ့သော ငိုကြွေးသံများ ထုတ်လွှတ်နေသည်။

တောင်ပိုင်းဒေသ၏ကျင့်ကြံသူတစ်သိန်းအကြား၌ စကားသံများ ချက်ချင်း ပွက်လောရိုက်သွားသည်။ တော်တော်များများက မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူ ထုတ်သုံးလိုက်သည့် ရတနာပစ္စည်းကို မှတ်မိပုံရသည်။

"အနက်ရောင်နယ်မြေ သန့်စင်မိစ္ဆာပိုက်ကွန်။ အဲ့တာ အနက်ရောင်နယ်မြေကျင့်ကြံသူတွေရဲ့ အထင်ကရ ရတနာသုံးပါးထဲကတစ်ပါးပဲ။ ဘယ်အနက်ရောင်နယ်မြေကျင့်ကြံသူမဆို ဖန်တီးနိုင်ပေမယ့် ဖန်တီးတဲ့သူရဲ့ စရိုက်အပေါ်မူတည်ပြီး ကွဲပြားသွားတယ်။ ရတနာတစ်ခုစီရဲ့ စွမ်းအားကလည်း မတူဘူး"

"ဒါ သေချာပေါက် သက်ရှိဝိညာဉ်တွေကနေ ဖန်တီးထားတဲ့ အနက်ရောင်နယ်မြေ သန့်စင်ပိုက်ကွန် ဟ။ လူတွေကို အရှင်လတ်လတ် ဝိညာဉ်အဖြစ် သန့်စင်၊ ဆံပင်တွေထဲမှာ ပိတ်လှောင်ပြီးတော့ ပိုက်ကွယ်အဖြစ် ရက်တယ်။ ဒါက တုန်လှုပ်စရာကောင်းလောက်အောင် ရက်စက်ပြီး ယုတ်ညံ့တဲ့ ရတနာတစ်ခု ဖြစ်တဲ့အတွက် မိုးကောင်းကင်အောက်က ဘယ်အဆိပ်မှ မတိုးဘူး"

"အနက်ရောင်နယ်မြေကျင့်ကြံသူတွေအားလုံး တကယ်ကို့ ရက်စက်ပြီး ညှာတာမှုမရှိတာ ကျုပ်ဖြင့် ယုံတောင်မယုံနိုင်ဘူး။ အဲ့ဒီပိုက်ကွန်ထဲမှာ ဝိညာဉ်တစ်ထောင်ကျော် ရှိကိုရှိတယ်...."

မန်ဟို့၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သန့်စင်မိစ္ဆာပိုက်ကွန်၏ အသတ်အဖြတ်အရှိန်အဝါသည် မိုးထိတိုင် ထိုးတက်သွားပြီး ဝိညာဉ်များ၏ အသံမဲ့အော်သံများက လေတွင်ပြည့်နှက်နေသည်။ မန်ဟို့မှာ ၄င်းကို ကြည့်ရင်း သူ့ကိုယ်ထဲမှ ဝိညာဉ် ထွက်သွားတော့မည့်အလား ခံစားနေရ၏။

"ဆိုတော့" သူက တွေးသည်။ "ငါ့ရဲ့အဆိပ်တာအိုကို ရင်ဆိုင်ဖို့ ဒီရတနာကိုသုံးနေတာပေါ့လေ" သူက ညာလက်ကို မြှောက်ပြီး အရှေ့၌ ဝှေ့ရမ်းလိုက်သည်။ သူ့အရှေ့က ဆေးပုလင်းများပျံထွက်သွားပြီးနောက် လေလယ်တွင် ပေါက်ကွဲသွားလေသည်။ ရောင်စုံမြူများ ဖွားခနဲ လွင့်စင်လာပြီး ပတ်ဝန်းကျင်တစ်ခွင် ဖုံးလွှမ်းသွားသည်။ ၄င်းကို ကြည့်လိုက်သည့်မည်သူမဆို ချက်ချင်း အံသြတုန်လှုပ်သွားပေလိမ့်မည်။ ၄င်းမှာ အဆိပ်အမျိုးအစား အမြောက်အမြားပါဝင်ကြောင်း သိသာလေသည်။

မြူများ တဖွေးဖွေးလှုပ်နေစဉ် သန့်စင်မိစ္ဆာများက လေကိုခွင်း၍ ပျံသန်းလာသည်။ ၄င်းတို့နှစ်ခု ဝင်တိုက်သွားသည်နှင့်တစ်ပြိုင်နက် အဆိပ်မြူထုမှ ရှူးရှူးရှဲရှဲအသံများ ထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်း သန့်စင်မိစ္ဆာပိုက်ကွန်အတွင်းရှိ ဝိညာဉ်များက မြူများကို စတင်ဝါးမြိုလာလေသည်။

တစ်ချိန်တည်းမှာပင် ပိုက်ကွန်သည် မန်ဟို့ကို ဝန်းရံရင်း ပြန့်ကားလာ၏။

မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူ၏ လက်များသည် မုဒြာလက်ကွက်များဖြင့် တရစပ်လှုပ်ရှားနေပြီး ရံဖန်ရံခါ လက်ညှိုးထိုးဟန် လုပ်တတ်သည်။ သန့်စင်မိစ္ဆာပိုက်ကွန်အတွင်းရှိ ဝိညာဉ်များမှာ စူးစူးဝါးဝါးအော်ပြီး အဆိပ်မြူကို ဝါးမြိုနေသည်။ တစ်ဆက်တည်းမှာပင် ပိုက်ကွန်သည် မန်ဟို့ကို ဖုံးလွှမ်းရစ်ပတ်ရန် ပြင်ရင်း နီးသထက် နီးလာသည်။

မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူ၏မျက်လုံးများ အေးစက်နေ၏။ သူသည် အသုံးပြုနိုင်သော မှော်တိုက်ကွက်များစွာရှိသော်လည်း သန့်စင်မိစ္ဆာပိုက်ကွန်ကို ရွေးချယ်ခဲ့သည်။ မန်ဟို့၏အဆိပ်များကို ကြောက်သည့်အတွက်ကြောင့်သာမဟုတ်၊ သူ့ကို အော်ဟစ်ငိုကြွေးရင်း သေချင်စေ၍ပင်။ သူ၏အော်သံများ ပို၍စိတ်မချမ်းဖြေ့ဖွယ်ကောင်းလေလေ၊ ပို၍ကျယ်လောင်လေလေ သူ့ဒေါသ ပိုပြေနိုင်လေလေလေ ဖြစ်သည်။

မြူများမှာ လျင်မြန်စွာ လွင့်စင်ပျောက်ကွယ်လာနေပြီး သန့်စင်မိစ္ဆာပိုက်ကွန်လည်း တစတစ ကျုံ့လာသည်။ ယခုတွင် ၄င်းသည် မန်ဟို့ထံမှ မီတာငါးဆယ်ပင် မကွာတော့ပေ။ သူ အမြုတေဖြစ်တည်မှုအဆင့်ကို ရင်ဆိုင်တိုက်ခိုက်နေသည်နှင့်အမျှ  ကျင့်ကြံခြင်းအခြေခံ အဆင့်တက်ခြင်းချီ တဖြေးဖြေးကြီးထွားနေသည်ကို အာရုံရနေ၏။ ၄င်းမှာ လျင်မြန်စွာ လည်ပတ်နေပြီး အချိန်မရွေး နဝမတာအိုမဏ္ဍိုင်ပေါ်ပေါက်လာတော့မည့် အလားပင်။

"နည်းနည်းလေးပဲ ထပ်ပြီးတော့" သူက မျက်ဝန်းများ အေးစက်စွာ တောက်ပနေလျက် တွေးသည်။ သူသည် ညာလက်ကိုမြှောက်ပြီး အရှေ့ဆေးဝါးအဖွဲ့တွင် ဆေးပေါင်းဖိုဘုရင်တစ်ယောက် ဖြစ်လာပြီးနောက် ဖော်စပ်ခဲ့သော အဆိပ်ဆေးလုံးများအနက် တစ်လုံးထုတ်လိုက်သည်။ အစိမ်းရောင်မီးပင်လယ်ကြီး ဘွားခနဲ ဟုန်းဟုန်းတောက်လာသည်။

တစ်ချိန်တည်းမှာပင် သူသည် ဘယ်လက်ကို လွှဲရင်း ဆေးလုံးများအား ပစ်လွှတ်လိုက်သည်။ ၄င်းတို့ အစိမ်းရောင်မီးပင်လယ်နှင့် ထိသောအခါ ချက်ချင်း အရည်ပျော်သွား၏။ မျက်စိတစ်မှိတ်အတွင်း ၄င်းတို့သည် အပြာရောင်ရေသားမျက်နှာပြင်တစ်ခုအသွင် ပြောင်းသွားသည်။ ဤသည်မှာ ဇာတိမဲ့ဆေးဝါးရေစင်ပင်။

"ဇာတိမဲ့ဆေးဝါးရေစင် ဝိညာဥ်တွေကို မျှောပစ်လိုက်" ဇာတိမဲ့ဆေးဝါးရေစင် သန့်စင်မိစ္ဆာများထံ ရောက်သွားစဥ် မန်ဟို့၏မျက်လုံးများ ဖျတ်ခနဲ လက်သွားသည်။ ၄င်းက အတွင်းရှိ ဝိညာဥ်များကို ဖုံးလွှမ်းရင်း ပိုက်ကွန်ကို ညင်သာစွာ ကျော်ဖြတ်သွားသည်။ ဝိညာဥ်များမှာ ကော်နှင့်ကပ်ထားသည့်အလား ကပ်နေသော်လည်း ပိုက်ကွန်ထံမှ လုံးဝဖယ်ရှားခံရခါနီး ဖြစ်နေလေပြီ။

ဝိညာဥ်များ ဆွဲခွာနေရစဥ် အစိမ်းရောင်မီးပင်လယ်သည် အဘက်ဘက်သို့ အပူလှိုင်းများ ထုတ်လွှတ်ရင်း ကျရောက်လာ၏။

ဤအရာအားလုံးမှာ ဖော်ပြရန် အချိန်အနည်းငယ်လိုက်သော်လည်း မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူက မျက်စိတစ်မှိတ်အတွင်း တုံ့ပြန်လိုက်သည်။ သူသည် မျက်လုံးများ ကျဥ်းမြောင်းလျက် ညာလက့ဖြင့် ဂါထာမန္တယားဆိုင်ရာမုဒြာလက်ဟန်ဖော်ပြီးနောက် လက်ချောင်းကို မြှောက်လိုက်သည်။ ၄င်းကျဆင်းလာသည့်အချိန်မှာပင် မန်ဟိုက သိုလှောင်အိတ်ထဲမှ အအနက်ရောင်ဆေးလုံးဆယ်လုံး ထုတ်လိုက်သည်။

ဤဆေးလုံးများမှ မည်သည့်ဆေးရနံ့မှ မရသည့်အပြင် တကယ်တမ်း အံဖွယ်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေ၏။ မူလဆေးလုံးမှာ မန်ဟိုကိုယ်တိုင် ဖန်တီးထားခြင်းမဟုတ်၊ ချန်ကျားရှီဆီမှ အနိုင်ရခဲ့ခြင်းဖြစ်လေသည်။ ထိုမျှသာမက ၄င်းတို့သည် ကမ္ဘာဆေးဝါးအဖွဲ့၏ ကြက်သွေးရောင်ဝတ်ရုံအဆင့် ဆေးဝါးပညာရှင်တစ်ယောက် မဟုတ်ဘဲ ထို့ထက်တစ်ဆင့်မြင့်သည့်၊ မှော်ဆေးလုံးများ ဖော်စပ်နိုင်သော ရွှေရောင်ဝတ်ရုံကျင့်ကြံသူတစ်ယောက်မှ ဖော်စပ်ထားခြင်း ဖြစ်၏။ ဆေးလုံး၏ နာမည်ကား မှော်မိုးကြိုးပုလဲပင်။

ချန်ကျားရှီမှာ သူ့ဆရာ့ သူ့ကို လေ့လာရန်လက်ဆောင်ပေးထားသည့် တစ်လုံးသာ ပိုင်ဆိုင်ခဲ့သည်။ ဆေးလုံးကို ရရှိပြီးနောက်တွင် မန်ဟိုသည် ၄င်းမည်မျှအံ့ဖွယ်ကောင်းသည်လဲ သတိထားမိခဲ့၍ အနည်းငယ်ပွားခဲ့လေသည်။

သူသည် လက်ကိုလွှဲပြီး မှော်မိုးကြိုးပုလဲများကို ပစ်လွှတ်လိုက်သည်။

"မိုးကြိုး ၊ ပေါက်ကွဲစမ်း" သူက ရုတ်တရက် အော်လိုက်သည်။ သူ၏အသံပဲ့တင်ထပ်နေစဥ် မှော်မိုးကြိုးပုလဲဆယ်လုံးက ရုတ်ခြည်း ပေါက်ကွဲသွား၏။ ဂျိန်းခနဲ ထစ်ချုန်းသံကြီး လေတွင်ပြည့်နှက်သွားပြီး တုန်လှုပ်ဖွယ် တိုက်ကွက်ကြီးအသွင် ပြောင်းသွားလေသည်။ သန့်စင်မိစ္ဆာပိုက်ကွန်မှာ စတင်တုန်ခါလာပြီး ဝိညာဥ်များ စိတ်မချမ်းမြေ့ဖွယ် မြည်တမ်းလာသည်။

မိုးကြိိုးမှော်သည် မည်သည့် ဝိညာဥ်တစ္ဆေကိုမဆို တားဆီးနိုင်၏။ ထို့ကြောင့် မှော်မိုးကြိုးပုလဲဆေးလုံးသည် ကျင့်ကြံသူများအတွက် သိပ်အသုံးမဝင်သော်လည်း ဝိညာဥ်များအပေါ် အသုံးပြုလျှင်တော့ မယုံနိုင်လောက်အောင် အစွမ်းထက်လေသည်။

"ဖန်မု ရာရာစစ" မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူ၏ နှလုံးသွေးများ တစ်စက်စက်ကျလာတော့သည်။ သူ့မှာ သန့်စင်မိစ္ဆာပိုက်ကွန်ကို သန့်စင်ရန် နှစ်ပေါင်းများစွာ အချိန်ပေးခဲ့ရသည်။ ၄င်းသည် ပိုက်ကွန်အဆင့်မှ ပို၍အစွမ်းထက်သည့် အလံအဆင့်ပြောင်းရန် အဆင့်တစ်ဆင့်သာ လိုတော့သည်။ ပိုက်ကွန်တွင် ဝိညာဥ်တစ်ထောင် ပါရှိပြီး များသောအားဖြင့် မှော်မိုးကြိုးပုလဲတစ်လုံးကြောင့် မထိခိုက်နိုင်ပေ။ သို့သော် ..... မန်ဟိုက အဆိပ်မြူမှစ၍ အဆိပ်ရေ၊ ထို့နောက် အဆိပ်မီးတောက်၊ နောက်ဆုံး မိုးကြိုးမှော်။ ဤအကြောင်းပြချက်အားလုံးကြောင့် သန့်စင်မိစ္ဆာပိုက်ကွန်မှာ ဖျက်စီးခံလိုက်ရတော့သည်။

မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူ၏မျက်လုံးများမှာ သွေးကြောများပြည့်နေတော့သည်။ ရက်စက်သော အရှိန်အဝါတစ်ခု သူ၏မျက်လုံးများမှ ဖြာထွက်လာသည်။ သူသည် ဒူးညွှတ်၍ မြင်းစီးသည့်ကိုယ်ဟန်အနေအထား လုပ်ပြီး လက်နှစ်ဖက်ကို အောက်စိုက်သည်။ ထို့နောက် ခေါင်းမော့ပြီး တစ်စုံတခုကို ဖမ်းဆုပ်နေသည့်အလား သူ၏လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ ထို့နောက် ရုတ်တရက် ကိုယ်ကို ပြန်မတ်လိုက်၏။

"အရိပ်မြင်းတွေ ရှေ့တက်"

အရာအားလုံး မှောင်မိုက်လာပြီး စောင့်ကြည့်နေသော ကျင့်ကြံသူတစ်သိန်းထံမှ ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာသည်။ ရုတ်တရက် မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူ၏ အရှေ့၌ မြင်းနက်ကိုးကောင်ပေါ်လာ၏။ သေခြင်းချီမျှင်များက သူတို့ထံမှ တလူလူထွက်နေသည်။

မြင်းနက်ကိုးကောင်၏အသားမှာ ပုပ်သိုးနေလေသည်။ ၄င်းတို့သည် သံချပ်ကာများဖြင့် ဖုံးနေပြီး စိုထိုင်းထိုင်းအေးစက်မှုကို ထုတ်လွှတ်နေသည်။ အမှန်တွင် အရိပ်မြင်းများအပေါ်၌ အကောင်အထည်မရှိသော တစ္ဆေများ စီးနေပုံရသည်။ အေးစက်စက်လေတစ်ချက်က ဝေါခနဲ မန်ဟို့ကို ဖြတ်တိုက်သွားသည်။

သူ၏မျက်လုံးများ လက်ခနဲဖြစ်သွား၏။ သန့်စင်မိစ္ဆာပိုက်ကွန် သူ့ပတ်လည်တွင် ပျောက်ကွယ်လာစဥ်မှာပင် သူက မျက်လုံးမှေး၍ ကြည့်လိုက်သည်။ ကြီးမားသောအန္တရာယ်အာရုံတစ်ခုက သူ့စိတ်ထဲတွင် ပြည့်နှက်သွားသော်လည်း တစ်ချိန်တည်းမှာပင် ပို၍ပင် သက်ဝင်လှုပ်ရှားလာနေသော သူ့ကိုယ်တွင်းရှိ ချီမျှင်ကိုလည်း အာရုံရနေသည်။ ၄င်းသည် ဒေါသတကြီး လည်ပတ်နေပြီး မကြာမီ သူ၏ကျင့်ကြံခြင်းအခြေခံတက်တော့မည် ဖြစ်၏။

အဆင့်တက်ရန် ခြေလှမ်းတစ်ဝက်သာ လိုတော့ကြောင်း သူပြောနိုင်သည်။

ထိုခြေလှမ်းတစ်ဝက် ရောက်ရန် တစ်ခုတည်းသော နည်းလမ်းက .... တိုက်ခိုက်ရန်ဖြစ်ကြောင်း သူသိသည်။

သူသည် တစ်ချက်လေးပင် မတုံ့ဆိုင်းဘဲ ရှေ့တက်သွား၏။ အရိပ်မြင်းကိုးကောင် ချဥ်းကပ်လာစဥ် သူက လက်မြှောက်၍ လက်ငါးချောင်းအား ကားပြီး ရှေ့သို့ တွန်းထုတ်လိုက်သည်။ သူ၏မျက်ဝန်းများမှ အေးစက်မှုတို့ ထုတ်လွှတ်နေသည်။

"အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်" နေရာလပ်မကျန် ပေါ်ပေါက်လာသော သရဲပုံရိပ်များကို မန်ဟို ရုတ်ခြည်းမြင်လိုက်ရသည်။ ကမ္ဘာကြီးတစ်ခုလုံး ၄င်း၏ပုံတူပွားများဖြင့် ပြည့်နှက်သွားသည့်အလား အရာအားလုံး တစ်ခုနှင့်တစ်ခု ထပ်လာသည်။ သရဲပုံရိပ်များသည် လာနေသော အရိပ်မြင်းများအပေါ် ပြေးဝင်ခုန်အုပ်လာကြသည်။

အရိပ်မြင်းများ ရုတ်တရက် ရပ်သွားပြီး တုန်ရီလာကြ၏။ ယခင်က ၄င်းတို့၏မျက်လုံးများသည် နီရဲပြီး ခံစားချက်ကင်းမဲ့နေခဲ့သော်လည်း ယခုတွင် အကြောက်တရားများဖြင့် ပြည့်နှက်နေလေပြီ။ ၄င်းတို့မှာ အချိန်မရွေး လွင့်စင်ပျောက်ကွယ်သွားတော့မတတ် အလွန်ပြင်းပြင်းထန်ထန် တုန်ရီလျက်ရှိသည်။

ထိုမြင်ကွင်းက မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူ၏နှလုံးထဲသို့ အကြောက်တရား ရိုက်ထည့်ပေးလိုက်သည်။

"သောက်ကျိုးနဲ ချီအခြေတည်အဆင့် ပေါက်စလေးကများ။ တိုက်ပွဲကို အဆုံးသတ်ဖို့အချိန်ရောက်ပြီ" မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူမှာ ဒေါသူပုန်ထနေတော့သည်။ သူမည်မျှတိုက်ခိုက်စေကာမူ၊ သူ့ပြိုင်ဘက်ကို မသတ်နိုင်ပေ။ တိုက်ပွဲမှာ ကျင့်ကြံသူတစ်သိန်း၏ မျက်စိရှေ့မှောက်တွင် ဖြစ်နေရာ ခေါင်းမဖော်ရဲလောက်အောင် ရှက်စရာကောင်းနေစေ၏။ သူ၏အသတ်အဖြတ်စိတ်ဆန္ဒသည် ပို၍ပင်အားကောင်းလာပြီး သူက ရုတ်တရက် ညာလက်ကိုမြှောက်ပြီး နဖူးပေါ်ဖိချလိုက်သည်။ သူ၏မျက်လုံးများ ကြက်သွေးရောင်အလင်း တောက်ပသွားသည်။

"အမြုတေဝိညာဥ်ထွက်ပေါ်သတ်ဖြတ်ခြင်း"  သူက ရုတ်တရက် ပြောသည်။ ဝိုးတိုးဝါးတား လိမ္မော်ရောင်အမြုတေတစ်ခုက သူ့ခေါင်းထိပ်တွင် စတင်ဖြစ်ပေါ်လာသည်။

"ဝိညာဥ်ထွက်ပေါ်ဓား ၊ အဲ့ဒီမကောင်းဆိုးဝါးကို သတ်" မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူ တစ်ကိုယ်လုံး တုန်ရီလာပြီးနောက် သူက မျက်စိမှိတ်လိုက်သည်။ ထိုသို့မှိတ်လိုက်သည်နှင့်တစ်ပြိုင်နက် လိမ္မာရောင်အမြုတေအပေါ်၌ အက်ရာတစ်ခုပေါ်လာကာ ရွှေရောင်အလင်းဖြာထွက်လာသည်။ ၄င်းသည် ဓားမြှောင်ပျံ တစ်လက်အသွင် စုစည်းပြီး မန်ဟို့ဆီ ပြေးဝင်သွား၏။

ဓားမြှောင်၏ ထိပ်တွင် မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူ၏ ပုံပန်းသွင်ပြင်ရှိသော ဝိညာဥ်တစ်ကောင်၏ ခပ်ရေးရေးပုံရိပ်တစ်ခု လိုက်ပါလာသည်။

ဓားသည် ခုခံကာကွယ်မှုအလုံးစုံကို အဖက်မလုပ်ပေ။ ၄င်းက မှော်ပညာရပ်အားလုံးကို အထင်သေးသည်။ ၄င််း၏ စွမ်းအားသည် တုန်လှုပ်ချောက်ချားဖွယ် အသတ်အဖြတ်စိတ်ဆန္ဒမှ လာသည်။ ထွက်လာသည်နှင့်တစ်ပြိုက်နက် ၄င်းကား သတ်ဖြတ်ခြင်းကို တောင့်တ၏။

***

All Chapters