← Chapters

ဒသမတာအိုမဏ္ဍိုင် ဖြစ်ပေါ်ခြင်း

Vol. 20 Ch. 273

ဒသမတာအိုမဏ္ဍိုင် ဖြစ်ပေါ်ခြင်း

Vol. 20 Ch. 273

ကိုးသည် ကောင်းကင်နှင့်မြေကြီးတွင် အမြင့်ဆုံး ကိန်းဂဏန်းဖြစ်သည်။ သို့ရာတွင် တစ်ဆယ်ကား ပြီးပြည့်စုံခြင်းဖြစ်၏။

မန်ဟို စိတ်နှလုံး တုန်လှုပ်သွားသည်။ သူ လေ့လာခဲ့သော ရှေးဟောင်းမှတ်တမ်းများထဲ၌ ချီအခြေတည်အဆင့်တွင် ဒသမတာအိုမဏ္ဍိုင် ရှိသည်ဟူသော ဖော်ပြချက်တစ်စုံတရာကိုမှ မဖတ်ခဲ့ရဖူးပေ။ ရှေးယခင်ကပင် ကျင့်ကြံသူများ၌ ဘယ်တော့ တာအိုမဏ္ဍိင်ကိုးခုထက် မပိုခဲ့ပေ။

မိုးကောင်းကင်၏ ပြောင်းလဲမှုကြောင့် စဦးချီဖွဲ့စည်းမှုအဆင့်လမ်းကြောင်း ပျက်စီးသွားခဲ့သဖြင့် စဦးချီဖွဲ့စည်းမှုအဆင့် ( ၁၀ ) မှာ ပျောက်ကွယ်သွားခဲ့ရ၏။ ထိုအကြောင်းကိုတော့ ရှေးမှတ်တမ်းများ၌ မှတ်တမ်းတင်ထားလေသည်။ သို့သော် .... ဒသမတာအိုမဏ္ဍိုင်နှင့် ပတ်သက်သည့် အချက်အလက်ဟူ၍ မရှိပေ။

အရှေ့ဆေးဝါးအဖွဲ့၏ ဆေးပေါင်းဖိုဘုရင်တစ်ယောက်အနေဖြင့် သူသည် သမိုင်းကြောင်းကို ထဲထဲဝင်ဝင် သိရန် လိုအပ်၏။ ထိုကဲ့သို့ ရှေးမှတ်တမ်းများကို မွှေနှောက်၍ ရှေးဆေးဝါးတာအိုနှင့်ပတ်သက်သော သဲလွန်စများ ရှာဖွေခြင်းက အလွန်အကျိုးရှိလေသည်။ ဆေးပေါင်းဖိုဘုရင်တစ်ယောက်ဖြစ်လာပြီးနောက်တွင်တော့ သူသည် ဇီယွင်ဂိုဏ်း၏ ရှေးမှတ်တမ်းအမြောက်အမြားအား ဖတ်ရှုလေ့လာခဲ့ပြီးလေပြီ။

သို့သော် ဒသမတာအိုမဏ္ဍိုင်နှင့် ချီအခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်အကြောင်းဟူ၍ တစ်ခါမှမမြင်ခဲ့ဖူးပေ။

မည်သို့ဆိုစေ ယခုတွင် ..... ဒသမတာအိုမဏ္ဍိုင်ဖြစ်ပေါ်လာနေသည်ကို မန်ဟို ပြတ်ပြတ်သားသား အာရုံရနေသည်။

မန်ဟိုတစ်ယောက်သာလျှင် ဤဒသမတာအိုမဏ္ဍိုင်ကို အာရုံခံနိုင်၏။ တခြားမည်သူမှ အာရုံခံနိုင်မည် မဟုတ်ပေ။ သူပိုင်ဆိုင်ထားသော အနုသုခုမရုပ်ခန္ဓာသွေးအား မည်သည့်ကျင့်ကြံသူဆီက ရသည်ကို ဘယ်သူ့မှ အာရုံမခံနိုင်သကဲ့သို့ သူ၏တာအိုမဏ္ဍိုင်များအကြောင်းကိုလည်း မသိစေရန် ပြုလုပ်ထားခြင်းဖြစ်သည်။

လူအများ မြင်နိုင်သည့် တစ်ခုတည်းသောအရာမှာ တာအိုရေပူစမ်းဆီမှ ထွက်နေသည့် စိတ်ဝိညာဥ်စွမ်းအင်များ တစတစတိုးတိုးလာနေသည်ကိုပင်။ ၄င်းမှာ နည်းနည်းလေးပင် လျော့နည်းသွားမည့်ပုံမရပေ။ ၄င်းက မန်ဟို့ကို ရစ်ပတ်လွှမ်းခြုံရင်း အဆက်မပြတ် စုပ်ယူနေစေသည်။

သူ စိတ်ဝိညာဥ်စွမ်းအင်များကို စုပ်ယူနေသည်နှင့်အမျှ ဒသမတာအိုမဏ္ဍိုင်၏ပုံရိပ်မှာ တဖြေးဖြေး ထင်ရှားလာ၏။

၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း......

တာအိုမဏ္ဍိုင်စွမ်းအင်သည် မန်ဟို့ကိုယ်ထဲ၌ ထစ်ချုန်းသွားပြီး သူ့အား တစ်ခါမှ မကြုံဖူးသော စွမ်းအားဖြင့် ပြည့်နှက်သွားစေသည်။ သူ့မှာ အမြင့်ဆုံးကောင်းကင်ယံအထိ တဟုန်ထိုး တက်သွားသကဲ့သို့ တုန်လှုပ်ဖွယ် ခံစားချက်ကြီးဖြင့် ပြည့်နှက်လာသည်။

စွမ်းအား၊ တစ်ခါမှမကြုံဖူးသော စွမ်းအား။

သူ၏စိတ်ဝိညာဥ်အာရုံကား အဆများစွာ တိုးပွားလာနေသည်။ ယခင်က ၄င်းသည် မီတာ ၂၅၀ ခန့်သာ ဖြန့်ကျက်နိုင်သော်လည်း ယခုတွင် မီတာ ၅၀၀၊ ၁၀၀၀.....

သူ့စိတ်မှာ ကြည်လင်ပြတ်သားမှုဖြင့် ပြည့်နှက်သွားပြီး စိတ်ဝိညာဥ်စွမ်းအင်များ စီးဝင်နေစဥ် သူသည် ပတ်ဝန်းကျင်၌ ရှိရှိသမျှအားလုံးကို အာရုံခံနိုင်နေ၏။ သူ၏ အရာအားလုံးအပေါ် အမြင်မှာ ယခင်နှင့် မတူတော့ပေ။ ပို၍ရှင်းလင်းပြီး ပို၍အသေးစိတ်ကျလာသည်။ ဤရှင်းလင်းပြတ်သားမှုမှာ ပြီးပြည့်စုံသောအခြေကို ရရှိခဲ့စဥ်က ကြုံတွေ့ခဲ့ရသည်ထက်ပင် နက်ရှိုင်းလေသည်။

"ဒါ... ဒါက စစ်မှန်တဲ့ ပြီးပြည့်စုံသော အခြေလား" သူက ခပ်တိုးတိုးရေရွတ်လိုက်သည်။ စိတ်ဝိညာဥ်စွမ်းအင်ဝဲကြီး၏ အပြင်ဘက်ကမ္ဘာအား မမြင်နိုင်သော်လည်း သူ၏ စိတ်ဝိညာဥ်အာရုံဖြင့် ရှင်းရှင်းလင်းလင်း မြင်ရလေသည်။

သူ့မှာ ရင်တဒိန်းဒိန်း ခုန်လာသည်။ စိတ်လှုပ်ရှားနေသော ခံစားချက်က သူ့ရင်ထဲတွင် ပြည့်ကြပ်နေသည်။ စိတ်ဝိညာဥ်စွမ်းအင်များ သူ့အထဲ စီးဝင်နေစဥ် သူ၏မျက်လုံးများ၌ ပြင်းထန်သော မျှော်လင့်ချက် နှင့် တည်ကြည်လေးနက်မှုတို့ စိုးမိုးနေပြီး သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။

သူက လက်ကို ဖြေးညှင်းစွာ မြှောက်ပြီးနောက် ၄င်းကိုကြည့်ရင်း လက်သီးဆုပ်လိုက်သည်။ ခွန်အားကို သူခံစားလိုက်ရ၏။

တစ်ခါမှ မခံစားဖူးသော ခွန်အား။

သူ့အသွေးအသားများမှာ အသစ်ဖြစ်ပေါ်ရင်း သူ့ကို စိတ်နှလုံးတုန်လှုပ်စေသော စွမ်းအားကြီးဖြင့် ပြည့်နှက်နေစေသည့်အလား ခံစားရစေသည်။

ဤစွမ်းအားကား မန်ဟိုအား မှော်ပစ္စည်းများကို လက်ဗလာဖြင့် စုတ်ဖြဲပစ်နိုင်သည်ဟု ခံစားစေရလောက်အောင် တုန်လှုပ်ဖွယ်ကောင်းလှသည်။ ဤသည်မှာ သူ စဦးချီဖွဲ့စည်းမှုအဆင့် ၁၀ ကို ဝင်ရောက်စဥ်က ဖြစ်ပွားခဲ့သည့် ပြောင်းလဲခြင်းနှင့်ဆင်တူသည်။ ယင်းမှာ ကောင်းချီးပေးခံရသည့်အလား ခံစားရ၏။ ဒသမတာအိုမဏ္ဍိုင်၏စွမ်းအားသည် သူ၏ခန္ဓာကိုယ်ကို ကျင့်ကြံခြင်းအတွက် ပို၍သင့်တော်အောင် ပြုလုပ်ရင်း သူ့အား အလုံးစုံပြောင်းလဲပေးနေတော့သည်။

ယခုအချိန်တွင် မန်ဟိုသည် မှော်အတတ်များ၏အကူအညီမပါဘဲ ချီအခြေတည်အဆင့်အားလုံးကို ချေမှုန်းနိုင်သည်ဟု ပြင်းပြင်းထန်ထန် ခံစားနေရသည်။ တာအိုကလေးများနှင့် ချီအခြေတည်ခြင်း မဟာစက်ဝန်းအဆင့် ကျင့်ကြံသူများပင် လက်ဗလာဖြင့် သတ်ဖြတ်ခံရနိုင်လေသည်။

မန်ဟို့၏ အသက်ရှူသံများ မြန်ဆန်နေသည်။ သူသည် ကျင့်ကြံခြင်းလောကကို စတင်ဝင်ရောက်စဥ်ကတည်းက အစွမ်းထက်ချင်ခဲ့ပြီး ထိပ်ဆုံး၌ ရပ်နိုင်ရန် အိပ်မက်မက်ခဲ့သည်။ ဖြစ်ပျက်ခဲ့သမျှအရာ တစ်ခုပြီးတစ်ခုက သူ့ကို ယနေ့အထိ ရောက်အောင် သန်မာစေခဲ့သည်။ မန်ဟို လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူသည်... သူ အိပ်မက်မက်ခဲ့ရသည့်လမ်းကြောင်းကို လျှောက်လှမ်းနေပြီဖြစ်ကြောင်း သိလိုက်၏။

အစွမ်းထက်သည့်သူသာလျှင် ဤလမ်းကြောင်းကို လျှောက်လှမ်းနိုင်ပြီး ပြန်လမ်းမရှိပေ။ ခေါင်းမာမာနှင့်သာ ရှေ့ဆက်သွားနိုင်သည်။

တာအိုရေပူစမ်းမှ ပိုမိုများပြားသော စိတ်ဝိညာဥ်စွမ်းအင်များ ထွက်ပေါ်လာပြီး မန်ဟို့ကို လွှမ်းခြုံနေသည်။ ၄င်းတို့သည်  သူ၏ခန္ဓာကိုယ်ထဲ စီးဝင်၍ သူ၏စိတ်ဝိညာဥ်အာရုံကို ကျယ်ပြန့်လာစေကာ ကျင့်ကြံခြင်းအခြေခံကို တိုးတက်လာစေသည်။

စိတ်ဝိညာဥ်အာရုံအကွာအဝေး တိုးလာသည်နှင့် သူ၏ခန္ဓာကိုယ်သည် ပို၍သန်မာလာပြီး ကျင့်ကြံခြင်းအခြေခံ တဟုန်ထိုးတက်သွားသည်။ သူ၏ဒသမတာအိုမဏ္ဍိုင်သည် လျင်မြန်စွာ အစိုင်အခဲဖြစ်လာနေ၏။

၄၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း၊ ၆၀ ရာခိုင်နှုန်း....

ပတ်ဝန်းကျင်ရှိ တောင်ပိုင်းဒေသ၏ကျင့်ကြံသူများမှာ မှင်သက်ပြီး အသက်ရှူသံများ မြန်ဆန်နေကြသည်။ တာအိုရေပူစမ်းမှ ပေါက်ကွဲထွက်နေသည့် မဖော်ပြနိုင်သော စိတ်ဝိညာဥ်စွမ်းအင်များက သူတို့ကို ကြက်သေသေနေစေတော့သည်။ ထိုစိတ်ဝိညာဥ်စွမ်းအင်ပမာဏက ယခင်က အခြားသူများ ဉာဏ်အလင်းရခဲ့သည့်အတောအတွင်း မြင်ရသော အတိုင်းအတာကို သိမ်ငယ်သွားစေသည်။

အထူးသဖြင့် နောက်ထပ် အသက်ဆယ်ရှိုက်ကျော် ကြာချိန်တွင် ဖြစ်သည်။ စိတ်ဝိညာဥ်စွမ်းအင်များကား နည်းပါးမသွားဘဲ တာအိုရေပူစမ်း၏စွမ်းအားအလုံးစုံး ပေါက်ကွဲထွက်နေသည့်အလား ပို၍ပင်ပေါများလာလေသည်။

အနက်ရောင်နယ်မြေ တာအိုကလေးလောင်ချုံးနှင့် ရှုဖေးမှာ ပါးစပ်အဟောင်းသား ဖြစ်နေ၏။ ဝမ်လီဟိုင်နှင့် အခြားသော တောင်ပိုင်းဒေသ တာအိုကလေးများလည်း မယုံနိုင်စွာ ငေးကြည့်နေကြသည်။

"သူ...  အမြုတေဖြစ်တည်မှုအဆင့် ရောက်တော့မှာလား"

"အမြုတေဖြစ်တည်မှုအဆင့်တော့ မဟုတ်လောက်ဘူး၊ ဒါမဲ့...စိတ်ဝိညာဥ်စွမ်းအင်တွေက အဆုံးရှိပုံမရဘူး။ သာမန်အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူတောင် မယှဥ်နိုင်သလိုပဲ"

စကားသံများကား ကျင့်ကြံသူများအကြား၌ မပြီးနိုင်မဆုံးနိုင်ဖြစ်နေသည်။ အားလုံးအထဲ အရုပ်ဆိုးဆုံး မျက်နှာပိုင်ရှင်ကတော့ မိုးပြာရောင်မျက်နှာဖုံးမရှိတော့သော ကျင့်ကြံသူမှလွဲ၍ တခြားမဟုတ်ပေ။ သူ၏အိုမင်းရင့်ရော်နေသော မျက်နှာမှာ အံသြခြင်းတို့ ပြည့်နှက်နေသည်။ သူ့မှာ သိပ်သည်းလှသော စိတ်ဝိညာဥ်စွမ်းအင်များထဲရှိ မန်ဟို့အရိပ်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေနိုင်သည်။

သူ့ရင်ထဲရှိ ဖြစ်ပေါ်လာတော့မည့် အန္တရာယ်အာရုံကြီးမှာ ပို၍ပင် ပြင်းထန်လာသည်။ စိတ်ဝိညာဥ်စွမ်းအင်များအတွင်းရှိ ပုံရိပ်မှာ သူ့အိပ်မက်ဆိုးများထဲက အရာတစ်ခုအသွင် ပြောင်းလဲနေသယောင်ပင်။

"ဒီတိုင်းထားလို့မဖြစ်တော့ဘူး" ထိုလူက အံကြိတ်ပြီး ပြောသည်။ သူ၏မျက်လုံးများသည် ယုတ်မာကောက်ကျစ်မှုနှင့်အတူ စိတ်ပိုင်းဖြတ်ထားမှုဖြင့် ပြည့်နေသည်။ သူက လက်မြှောက်ကာ နဖူးကို ဖိချလိုက်သည်။ ထစ်ချုန်းသံကြီးနှင့် စောစောက လွင့်စင်ပျောက်ကွယ်သွားသော အမြုတေချီသည် နောက်တစ်ဖန် ပြန်လည်အသက်ဝင်လာ၏။ ဓားတစ်လက်က အမြုတေချီထဲတွင် ထပ်မံပေါ်လာသည်။ တစ်ချိန်တည်းမှာပင် မျက်နှာဖုံးမရှိတော့သော ကျင့်ကြံသူ၏ လက်နှစ်ဖက်လုံး ဂါယာမန္တယားဆိုင်ရာ မုဒြာလက်ကွက် လှုပ်ရှားသွားသည်။ အမြုတေချီက စိတ်ဝိညာဥ်စွမ်းအင်များ လွှမ်းခြုံခံထားရသော မန်ဟိုထံသို့ တန်းတန်းမတ်မတ် ဦးတည်ရင်း ရှေ့ထွက်သွား၏။

ဓားက မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားသွားရာ စိတ်ဝိညာဥ်စွမ်းအင်ဝဲကြီးထံ ချက်ချင်းဆိုသလို ရောက်သွားသည်။ ပေါက်ကွဲသံအကျယ်ကြီး ဟိန်းထွက်သွားသော်လည်း ဓားမှာ စိတ်ဝိညာဥ်စွမ်းအင်ထဲသို့ အနည်းငယ်ထက်ပို၍ မထိုးဖောက်နိုင်ပေ။

မျက်နှာဖုံးမဲ့ ကျင့်ကြံသူမှာ အမြုတေဖြစ်တည်မှုအဆင့်ဖြစ်သော်လည်း တာအိုရေပူစမ်းမှ ပေါ်ထွက်နေသော စိတ်ဝိညာဥ်စွမ်းအင်၏သိပ်သည်းမှုသည် သူ၏အမြုတေချီပင် ထိုးဖောက်၍မရအောင် ဖြစ်သည်။

ဓားကား စိတ်ဝိညာဥ်စွမ်းအင်ဝဲကြီးမှ ကန်ထွက်သွားသည်။ ၄င်းမှာ အချိန်မရွေး ပျက်စီးတော့မည့်အလား တုန်ခါသွား၏။

ဤအခိုက်အတန့်တွင် မန်ဟို၏ ဒသမတာအိုမဏ္ဍိုင်သည် ၇၀ရာခိုင်နှုန်း ပြီးမြောက်သွားလေပြီ။

မျက်နှာဖုံးမရှိတော့သော ကျင့်ကြံသူ၏မျက်နှာမှာ အရုပ်ဆိုးနေပြီး သူက ညာလက်ဖြင့် မုဒြာလက်ကွက်ဖော်ပြီးနောက် သူ့နဖူးပေါ် ဖိချလိုက်သည်။ ထို့နောက် သူသည် ပါးစပ်ဟပြီး သွေးတစ်ပွက် ထွေးထုတ်သည်။ သွေးကား နောက်ထပ်ဓားတစ်လက်အသွင် လျင်မြန်စွာ စုစည်းလာ၏။

"အမြုတေဝိညာဥ်ထွက်ပေါ်ဓား သတ်ဖြတ်ခြင်း" သူက မျက်လုံးများ လင်းလက်တောက်ပနေလျက် ဟိန်းဟောက်လိုက်သည်။ သူ၏ညာလက်သည် မုဒြာလက်ဟန်ပြောင်းသွားပြီးနောက် ရှေ့သို့ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် သူ၏မျက်လုံးများ ပြူးထွက်လာပြီး သူ့တစ်ကိုယ်လုံး တုန်ရီသွား၏။ သူ့မျက်နှာ၏ သရဲပုံရိပ်များ ရုတ်တရက် တဖျပ်ဖျပ် ပေါ်ပေါက်လာသည်။ ဤသည်ကား သူ၏ဝိညာဥ်ပင်။

ဝိညာဥ်သည် သူ့ခန္ဓာကိုယ်မှ ပျံထွက်ပြီး သွေးနှင့်ပေါင်းစည်းကာ သွေးဓားတစ်လက်အသွင် ဖြစ်ပေါ်လာသည်။

ဓားသည် မည်သည့်အရာကိုမဆို ဖျက်စီးနိုင်သော စွမ်းအားတစ်ရပ် ထုတ်လွှတ်ရင်း တဝီဝီ မြည်နေ၏။ သွေးဓားက စစ်မှန်သောဓားတစ်လက်ဖြစ်ဖို့..... အမြုတေချီနှင့် ပေါင်းစည်းရန် ပြေးထွက်လာသည်။

ဓားသည် သန္ဓေ၊ ဝိညာဥ်သည် စိတ်ဝိညာဥ် ၊ အမြုတေချီက ဓားသွားဖြစ်သည်။ ဤသည်မှာ.... ထို ကျင့်ကြံသူ၏ ပြီးပြည့်စုံသော သက်စောင့်ဓားပင်။ ၄င်းသည် တဝီးဝီးမြည်ရင်း စိတ်ဝိညာဥ်စွမ်းအင်ဝဲကြီးကို ထိုးဖောက်ကာ မန်ဟို့ဆီ တန်းတန်းမတ်မတ် ဦးတည်လာသည်။

၄င်းက သူ့ဆီ ဖြေးဖြေးချင်း ချဥ်းကပ်လာ၏။ အမြန််နှုန်းသည် သိပ်မကြီးကျယ်သော်လည်း ရပ်တန့်မည့်အရိပ်အယောင် မရှိပေ။ ၄င်းမှာ မန်ဟို မသေမချင်း ရပ်တန့်မည် မဟုတ်သည့်အလားပင်။ မီတာ ၁၀၀၊ မီတာ ၅၀၊ ၂၅ မီတာ၊ ၁၅မီတာ...

မန်ဟိုက မျက်လုံးများ ပိတ်ထား၏။ သူသည် စိတ်ဝိညာဥ်စွမ်းအင်ဝဲကြီးအလယ်တွင် မျောလွင့်နေပြီး သူ၏ဒသမတာအိုမဏ္ဍိုင်မှာ ယခုတွင် ၈၀ ရာခိုင်နှုန်းပြီးမြောက်နေလေပြီ။

မျက်နှာဖုံးမဲ့နေသော ကျင့်ကြံသူ၏ ခန္ဓာကိုယ် တုန်ရီလာပြီး သူ၏မျက်နှာမှာ သွေးမရှိတော့ပေ။ သူ၏အသက်စွမ်းအားမှာ ဖိနှိပ်ခံနေရသည့်ပုံပေါ်သည်။ သေခြင်းချီ ထွက်ပေါ်လာ၏။ သို့ထိတိုင် သူက အားကုန်ထုတ်၍ သူ၏ဝိညာဥ်ကို အသုံးချရင်း သက်စောင့်ဓားအား မန်ဟို့ဆီ ချဥ်းကပ်သွားစေသည်။

ဓားအတွင်းရှိ ဝိညာဥ်က အသံနက်ကြီးဖြင့် အော်သည်။ မျက်စိတစ်မှတ်အတွင်းမှာပင် ဓားသည် မန်ဟို့ထံမှ ဆယ်မီတာသာ ကွာဝေးတော့၏။ ယခုတွင် မျက်နှာဖုံးမဲ့ကျင့်ကြံသူသည် မျက်လုံးများပိတ်လျက် လွင့်မျောနေသော မန်ဟို့ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သွား၏။ ရှေးသားရဲရိုင်းကြီးတစ်ကောင်ကဲ့သို့ မန်ဟို့ကိုယ်ထဲတွင် နိုးထလာနေသော အရာတစ်ခုကိုလည်း သူ အာရုံရလိုက်သည်။

ဘယ်သူမှ ဤမှော်တိုက်ပွဲကို ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။ မန်ဟို ကျင့်ကြံခြင်းအခြေခံအဆင့်တက်နေသည့် အရေးကြီးသော အခိုက်အတန့်တွင် ဖြစ်လင့်ကစား အရေးမကြီး။ မျက်နှာဖုံးမဲ့ကျင့်ကြံသူ၏ အပြုအမူများက အလစ်တိုက်ကွက်ဖြစ်လင့်ကစား အရေးမကြီး။ ဤတိုက်ပွဲမှာ သူတို့နှစ်ယောက်အကြားဖြစ်၍ သူတို့နှစ်ယောက်တည်းနှင့်သာ သက်ဆိုင်သည်။

အခြား အနက်ရောင်နယ်မြေ မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူများက သူတို့၏မိတ်ဆွေကို ကူညီခြင်းမရှိသလို တောင်ပိုင်းဒေသကျင့်ကြံသူများလည်း သူ့ကို ဟန့်တားမည်မဟုတ်ပေ။

တခဏလေးအတွင်း ဓားသည် မန်ဟို့ထံမှ သုံးမီတာသာ ရှိတော့သည်။ ၄င်းသည် တဖျပ်ဖျပ်လက်နေရင်း သူ့နဖူးထံ တည့်တည့် ဦးတည်လာနေ၏။

မန်ဟို၏ ဒသမတာအိုမဏ္ဍိုင်မှာ လျင်မြန်စွာ ခဲလာနေသည်။ ယခုတွင် ၉၀ရာခိုင်နှုန်း ပြီးမြောက်သွားလေပြီ။

"သေစမ်း" မျက်နှာဖုံးမဲ့ကျင့်ကြံသူ၏ ဝိညာဥ်က စူးစူးဝါးဝါးအော်သည်။ သက်စောင့်ဓားက ဂျိန်းခနဲ ထစ်ခြုန်းပြီး မန်ဟိုထံ ချဥ်းကပ်လာသည်။ သုံးမီတာ၊ တစ်မီတာ၊ မီတာဝက်....

မကြာမီ မန်ဟို့နဖူးထံမှ စင်တီမီတာ အနည်းငယ်သာ ကွာဝေးတော့သည်။

ဤအခိုက်အတန့်တွင် ကောင်းကင်ပင် တုန်ခါသွားစေသော မယုံကြည်နိုင်ဖွယ် ထစ်ချုန်းသံကြီး မန်ဟို၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ ယခုတွင် သူ၏ဒသမတာအိုမဏ္ဍိုင်ကား တစ်ရာရာခိုင်နှုန်း ပြီးမြောက်သွားလေပြီ။

မန်ဟိုက ညာလက်ကို ဖြေညှင်းစွာ မြှောက်ပြီး သူ့နဖူးမှ တစ်စင်တီမီတာသာ ကွာဝေးတော့သော သက်စောင့်ဓား၏ ထိပ်ကို လက်နှစ်ချောင်းဖြင့် ညှပ်လိုက်သည်။

"ဒါက စစ်မှန်တဲ့ ပြီးပြည့်စုံသောအခြေပဲ" မန်ဟိုက တစ်ယောက်တည်း ရေရွတ်လိုက်သည်။ သူ၏မျက်လုံးများသည် ရုတ်တရက် ဖျတ်ခနဲ ပွင့်လာပြီး အေးစက်မှုနှင့် ကြောက်မက်ဖွယ် အသတ်အဖြတ်စိတ်ဆန္ဒကို ဖော်ပြလေသည်။

ဤအကြည့်တွင် အကြင်နာတရားကင်းမဲ့သော ကြက်သီးထစဖွယ် အရှိန်အဝါ ပါရှိသည်။

ဤအကြည့်သည် တုန်လှုပ်ချောက်ချားဖွယ် အလင်းနှင့် ပြည့်နှက်နေ၏။

ဤအကြည့်သည် မယုံနိုင်လောက်အောင် လွှမ်းမိုးခြယ်လှယ်သော အရှိန်အဝါတစ်ခုအား ဖော်ပြနေသည်။

တစ်ချိန်တည်းမှာပင် မန်ဟိုသည် သိုလှောင်အိတ်ထဲမှ တစ်စုံတခုကို အာရုံရလိုက်၏။ အတွင်းရှိ အရာမှာ ရုတ်တရက် ဆာလောင်မွတ်သိပ်စွာ အော်မြည်လျက်ရှိသည်။

ဤအော်သံမှာ သွေးမျက်နှာဖုံးအတွင်း လာနေသည်။ ၄င်းကား မန်ဟို ယခင်က ထိပင်မထိနိုင်ခဲ့သည့်....တံခွန်သုံးခုနှင့်အလံထံမှ လာနေခြင်းပင်။

***

All Chapters