← Chapters

အပိုင်း ၂၇၄

Vol. 20 Ch. 274

အပိုင်း ၂၇၄

Vol. 20 Ch. 274

ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်အားလုံး မန်ဟို့ကိုယ်ထဲ စီးဝင်လာသည်။ မန်ဟိုက အကုန်လုံးစုပ်ယူပစ်လိုက်သဖြင့် ၄င်းတို့ပျောက်သွားရန် တခဏသာ ကြာလိုက်သည်။ တစ်စက်ပင် မကျန်ခဲ့ပေ။

တာအိုရေပူစမ်းပန်းထွက်နေခြင်း ရပ်တန့်သွားပြီး အမှန်တကယ်ဆိုရလျှင် ခမ်းခြောက်သွားပုံပင် ရသည်။ လေလယ်တွင် ထင်ဟပ်နေသည့် မျက်နှာပြင်လည်း မှိတ်တုတ်မှိတ်တုတ်ဖြစ်လာပြီးနောက် လုံးဝပျောက်သွားတော့သည်။ တာအိုရေပူစမ်းကား တကယ့်ကို.... တစ်စက်မကျန် ကုန်ခမ်းသွားလေပြီ။

ပတ်ပတ်လည်ရှိ ကျင့်ကြံသူတစ်သိန်းမှာ ဆွံ့အနေကြသည်။ ပြီးခဲ့သည့်တစ်နှစ်လုံး တောင်ပိုင်းဒေသတစ်ခွင်၌ အံသြတုန်လှုပ်ဖွယ် အဖြစ်အပျက်များ ဗဟိုပြုရာ တာအိုရေပူစမ်းမှာ ခမ်းခြောက်ပြီး ပြာကျကာ လေနှင့်အတူ မျောလွင့်ပျောက်ကွယ်သွားလေပြီ။ ဘာဆိုဘာမှ မကျန်ခဲ့ပေ။

မန်ဟိုက ၄င်းတွင် ပါရှိသည့် စိတ််ဝိညာဥ်စွမ်းအင်အလုံးစုံကို စပ်ယူလိုက်ပုံရသည်။ နောက်ထပ် မည်သည့် ဉာဏ်အလင်းမှ မရရှိနိုင်တော့သည့်အတွက် ၄င်းမှာ ပျောက်ကွယ်သွားခြင်းဖြစ်လေသည်။

သုဿန်တစပြင်ပမာ တိတ်ဆိတ်နေသည်။ ကျင့်ကြံသူတစ်သိန်းမှာ တွေတွေကြီး စိုက်ကြည့်နေကြသော်လည်း မကြာခင် ဆူညံပွက်လောရိုက်လာတော့သည်။

"တာအိုရေပူစမ်း... မရှိတော့ဘူး"

"နောက်ထပ်ရက်ပိုင်းလောက် ရှိရဦးမှာလေ.....ဘယ်လိုလုပ် တစ်စက်မကျန် ခမ်းသွားတာတုန်း"

"ဖန်မု ဘယ်လိုအဆင့်တက်သွားတာပါလိမ့်။ အမြုတေဖြစ်တည်မှုအဆင့်တော့ မရောက်တာ သေချာတယ်။ ဒါမဲ့ .... သူကြောင့် တာအိုရေပူစမ်း အစောကြီးခမ်းသွားတယ်လေ"

အနက်ရောင်နယ်မြေ တာအိုကလေး လောင်ချုံးနှင့် ရှီဖေးမှာ အသက်ရှူသံများ မြန်ဆန်လျက်ရှိ၏။ သူတို့အတွက် ဤတောင်ပိုင်းဒေသ၏ အနောက်ဘက်နယ်မြေသို့ လာရောက်ခြင်းမှာ အဆုံးစွန်အထိ တုန်လှုပ်ဖွယ် ကောင်းလွန်းသည်။ ဤတုန်လှုပ်ရခြင်း၏ အကြောင်းရင်းကား ထိုကျင့်ကြံသူတစ်ယောက်တည်းကြောင့်ပင်။

ဤကျင့်ကြံသူသည်.... ဇီယွင်ဂိုဏ်း၏ အရှေ့ဆေးဝါးအဖွဲ့မှ ဆေးပေါင်းဖိုဘုရင်တစ်ယောက် ဖြစ်သည်။

အနက်ရောင်နယ်မြေမှ မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူနှစ်ယောက်က ဘာမှမခံစားရဟန်ဖြင့် ကြည့်ရှုနေသည်။ သို့သော် တုန်လှုပ်ခြင်းလှိုင်းတံပိုးကြီးများက သူတို့၏နှလုံးသားများအား တဝုန်းဝုန်း ဝင်ဆောင့်နေလေသည်။ ခမ်းခြောက်သွားသော တာအိုရေပူစမ်းကြောင့်မဟုတ်၊ စောစောက မန်ဟို့၏ တိုက်ကွက်များကြောင့်ပင်။

ဤသည်မှာ ချီအခြေတည်အဆင့်ကျင့်ကြံသူ အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူအား တိုက်ခိုက်နေသည်ကို သူတို့ ပထမဆုံးအကြိမ် မျက်မြင်ကိုယ်တွေ့ကြုံဖူးခြင်း ဖြစ်သည်။ ထိုမျှသာမက .... မန်ဟိုသည် အပြတ်အသတ် အရေးနိမ့်နေစဥ်ကလည်း မရှုံးနိမ့်ခဲ့ပေ။ ပို၍အံ့အားသင့်ဖွယ်ကောင်းသည်က မန်ဟိုသည် တိုက်ခိုက်နေသည့်ခုလတ်မှာပင် ကျင့်ကြံခြင်းအခြေခံ အဆင့်တက်သွားခဲ့သေး၏။ ပို၍ပင် မြင်တွေ့ရခဲသည်က သက်စောင့်ဓားတစ်လက်အား လက်ချောင်းကလေးနှစ်ချောင်းဖြင့် မန်ဟို ကိုင်ထားပုံပင်။

"ချီအခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်အနေနဲ့ ဓားကို အဲ့လို ကိုင်တောင်မကိုင်နိုင်သင့်ဘူး.... သူက....သူက တကယ်ရော ဆေးဝါးပညာရှင်ဟုတ်ရဲ့လား" ဤမေးခွန်းမှာ မိုးပြာရောင်မျက်နှာဖုံး ကျင့်ကြံသူနှစ်ယောက်လုံး၏ စိတ်ထဲတွင် မျောလွင့်နေသည်။

စကားသံများ ဆူညံနေချိန် ကျင့်ကြံသူတစ်သိန်းက တွေဝေရှုပ်ထွေးမှုများ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် မန်ဟို့ကို မော့ကြည့်သည်။

မန်ဟို၏မျက်နှာထားကား ခါတိုင်းကဲ့သို့သာ။ ကျင့်ကြံသူတစ်သိန်း၏ အာရုံစိုက်ရာ ဖြစ်နေသည့်တိုင် သူ့မျက်နှာကား မဆိုစလောက်လေးပင် ပြောင်းလဲသွားခြင်းမရှိ။

သူ၏ တာအိုမဏ္ဍိင်ဆယ်ခုက မည်မျှအစွမ်းထက်ကြောင်း သူ မသေချာသော်လည်း သူ့နှလုံးသားအနက်ရှိုင်းဆုံးထဲတွင်တော့ သူသိသည်.... ယခင်က သူသည် သတိရှိလျှင်တောင်မှ တကယ်တမ်း အမြုတေဖြစ်တည်မှု စဦးပိုင်းအဆင့်အတွက်ပင် ပြိုင်ဘက် မဟုတ်ခဲ့ပေ။ သို့သော် ယခုတော့.... ပြောင်းလဲသွားလေပြီ။

သူသည် သက်တမ်းဆုတ်လျော့ပြီး ဝိညာဥ် ထိခိုက်ထားသော အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူကို မျက်နှာချင်းဆိုင်လိုက်သည်။ အောင်မြင်နိုင်သည်လား တထစ်ချမပြောနိုင်သော်လည်း ဤကျင့်ကြံသူမှာ အတွင်းဒဏ်ရာများ ထိခိုက်ထားပြီးဖြစ်၍..... သူ့ကို သတ်ခြင်းက သိပ်ခက်ခဲမည်မဟုတ်ပေ။

အေးစက်သော အလင်းတစ်ချက် သူ့မျက်ဝန်းများ၌ ဖြတ်ပြေးသွားသည်။ သူက လက်ချောင်းနှစ်ချောင်းကြား၌ ညှပ်ထားသောဓားကို ချိုးလိုက်သည်။ သူ့ကိုယ်အတွင်းရှိ စွမ်းအား မြင့်တက်လာပြီး တာအိုမဏ္ဍိုင်ဆယ်ခု လည်ပတ်လာသည်။ တစ်ခါမှမခံစားရဖူးသော စွမ်းအားကြီးသည် သူ့လက်မောင်းကို ဖြတ်၍ လက်ချောင်းများထံ စီးဆင်းသွားသည်။

ဓားထံမှ တဖျစ်ဖျစ်အသံများ ထွက်လာပြီး ရုတ်တရက် ၄င်းမျက်နှာပြင်တစ်လျှောက်လုံး အက်ရာများ ဖုံးသွားသည်။ အသက်ရှိုက်စာအနည်းငယ်အတွင်း ၄င်းကား အမှုန့်ဖြစ်သွားလေသည်။

ဝိညာဥ်နှင့် ဓား လွင့်စင်ပျောက်ကွယ်သွားသည်တွင် သွေးမျက်ရည်များ မျက်နှာဖုံးမဲ့နေသော ကျင့်ကြံသူ၏ မျက်နှာတစ်လျှောက် စီးကျလာသည်။ သူ၏နှာခေါင်းနှင့် နားတို့မှလည်း သွေးများ စီးကျလာပြီး သူ့မှာ သွေးတစ်ပွက်အန်ကာ နောက်သို့ ယိုင်သွား၏။ သူက ဖြူဖျော့နေသောမျက်နှာကို မော့လိုက်သည်။ ၄င်းသည် ရက်စက်ကြမ်းကြုတ်မှုဖြင့် ပြည့်နှက်နေရာ စောင့်ကြည့်နေသူများ၏အမြင်တွင် သူ့မှာ စိတ်ဖောက်ပြန်သွားသည့်ပုံပင် ပေါ်နေ၏။

သူက ညာလက်ကို မြှောက်၍ သိုလှောင်အိတ်ကို ပုတ်သည်။ အနက်ရောင်ကျောက်ဆစ်ရုပ်တုတစ်ခု ပေါ်လာ၏။ ၄င်းမှာ နဂါးတစ်ကောင််အသွင် ရှိသည့်တိုင် နဂါးမဟုတ်၊ မြွေနှင့်တူသည့်တိုင် မြွေမဟုတ်။ ဤသည်ကား တကယ်တမ်း ရေနဂါးတစ်ကောင်ပင်။

၄င်းတွင် နဖူးမှ ထိုးထွက်နေသော ချိုတစ်ခုနှင့် ဝမ်းဗိုက်တွင် လက်နှစ်ဖက်ရှိသည်။ ၄င်း၏ခန္ဓာကိုယ်သည် နက်ပြာရောင်ဖြစ်၏။ ၄င်း ပေါ်လာသည်နှင့်တစ်ပြိုက်နက် ပတ်ဝန်းကျင်တွင် မကောင်းဆိုးဝါးအရှိန်အဝါတစ်ခု ပြည့်နှက်လာပြီး စောစောက ကြည်လင်နေသောကောင်းကင်တွင် အနက်ရောင်တိမ်တိုက်များ နေရာယူလာသည်။

ရှေးအချိန်မှ လာပုံရသော ခပ်သဲ့သဲ့အော်သံတစ်သံ ကျင့်ကြံသူတစ်သိန်း၏ စိတ်နှလုံးအား တုန်ခါစေရင်း ပဲ့တင်ထပ်လာသည်။

အော်သံ ပဲ့တင်ထပ်လာသည်တွင် မန်ဟို့၏ ပထမတာအိုမဏ္ဍိုင်အတွင်းရှိ ရှေးမိုးနဂါးပျံကြီးအမြုတေသည် ရုတ်တရက် အိပ်ပျော်နေရာမှ နိုးသွားပုံရသည်။ ၄င်းသည် စတင် တုန်ရီလာ၏။

တခဏကြာသော် မန်ဟို့အနောက်ရှိ လေထုမှာ လှိုင်းဂယက်များ ထလာပြီး ဧရာမ ပုံရိပ်ယောင် ရှေးမိုးပျံနဂါးကြီး ထွက်လာသည်။ ၄င်းက အစာကိုကြည့်နေသည့်အလား..... ရေနဂါးရုပ်တုကို ငုံ့ကြည့်သည်။

ရှေးခေတ်အခါက ရေနဂါးဆိုသည်မှာ မိုးနဂါးပျံများအတွက် စားစရာထက် မပိုခဲ့ပေ။

မိုးနဂါးပျံကြီး၏ တစ္ဆေပုံရိပ်အား ကြည့်ရှုနေသူများအနေဖြင့် မမြင်နိုင်ပေ။ ရုတ်ခြည်းပင် ရေနဂါးရုပ်တု၏ တွန်သံ ပျောက်ကွယ်သွားလေသည်။

မျက်နှာဖုံးမဲ့နေသော ကျင့်ကြံသူက မန်ဟို့ကို စိန်းစိန်းဝါးဝါး ကြည့်သည်။ သူက တစ်လုံးချင်း ပြော၏။ "အမြုတေချီကို ရေနဂါးဘိုးဘေးအသွင်ပြောင်းပြီး ကျင့်ကြံခြင်းအခြေခံသွေးနဲ့ မဟာတာအိုကို ဖွင့်။ ဒီနဂါးပေါက်ကို ခန္ဓာကိုယ်နဲ့ အားဖြည့်ပေး။ သတ်ဖြတ်သုတ်သင်ဖို့ မွေးဖွားလာအောင် ဝိညာဥ်ကို အသုံးချ" ထိုလူက လျှာထိပ်ကို ကိုက်ပြီး ရုပ်တုပေါ်သို့ သွေးတစ်ခဲ ထွေးချလိုက်သည်။

"ငါ့စွမ်းအားကို ထုတ်ပြီး သွေးနဂါးဘိုးဘေးကို ဆင့်ခေါ်တယ်" သူက ကောင်းကင်ကို မျက်နှာမူပြီး ဟိန်းဟောက်လိုက်စဥ် သူ့တစ်ကိုယ်လုံး တုန်သွားလေသည်။ တခဏအတွင်း အက်ရာများ ရေနဂါးရုပ်တုကို ဖုံးလွှမ်းသွားသည်။ တဖျစ်ဖျစ်အသံများ မြည်လာပြီး ကျင့်ကြံသူတစ်သိန်း၏ရှေ့မှောက်မှာပင် ရုပ်တုကား ပြိုကျသွားလေပြီ။

၄င်း တစစီပြိုကျပြီး နက်ပြာရောင်အပိုင်းအစများ မပြန့်ကြဲသွားခင် လေတစ်ချက်က ဝေ့တိုက်ရင်း ၄င်းတို့ကို အတူစုပေါင်း၍ ပုံပျက်ရှုံ့တွစေရာ ရေနဂါးတစ်ကောင်၏ပုံသဏ္ဍာန် ပြောင်းသွားလေသည်။

ထိုပုံရိပ်မှာ အလွန်အသက်ဝင်ပြီး ၄င်းပေါ်လာသည်နှင့် ပြင်းထန်သောအေးစက်မှုက ပျံ့နှံ့လာလေသည်။ မန်ဟို့၏ စိန်းစိန်းဝါးဝါး ကြည့်နေသော မျက်နှာဖုံးမဲ့ကျင့်ကြံသူ၏အမူအရာမှာ ရက်စက်ကြမ်းကြုတ်နေ၏။

"ရေနဂါးဘိုးဘေး၊ ဒီလူ့ကို သတ်ပေးဖို့ ကျုပ် တောင်းဆိုတယ်"

စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားလျှင်ချင်း တစ္ဆေရေနဂါးက လှည့်လာသည်။ မျက်လုံးနှင့်တူသော အေးစက်စက် အစက်နှစ်စက်က ၄င်းခေါင်းတွင် ပေါ်လာ၏။ ၄င်းက မနေနိုင်လောက်အောင် တိုက်ခိုက်ချင်နေသည့်အလား မန်ဟို့ကို တခဏစိုက်ကြည့်လိုက်သည်။ ထို့နောက် ရုတ်တရက် ဝုန်းခနဲ မန့်ဟိုဆီ တည့်တည့်ပြေးဝင်လာတော့သည်။

၄င်းချဥ်းကပ်လာစဥ် အေးစိမ့်ချီသည် မိုးကောင်းကင်ထိတိုင် လွှမ်းမိုးသွား၏။ ၄င်းပတ်ဝန်းကျင်ရှိ အရာအားလုံး တခဏအတွင်း ခဲသွားမည့်အလား ထင်ရသည်။

မျက်စိတစ်မှိတ်အတွင်း ၄င်းသည် မန်ဟို့ထံမှ သုံးမီတာသာ ကွာဝေးတော့၏။

မန်ဟို၏မျက်လုံးများ ဝင်းလက်သွားသည်။ သူက နောက်လည်းမဆုတ်သလို ရှောင်လည်း မရှောင်ပေ။ ထိုအစား သူက အသက်ပြင်းပြင်းတစ်ချက်ရှူ၍ လက်ကိုမြှောက်ကာ လက်ချောင်းများအား လှီးလိုက်သည်။ မကြာမီ လက်ငါးချောင်းလုံး သွေးများရွှဲသွား၏။ သူက မျက်လုံးမှိတ်၍ ကိုယ်ကို ကိုင်းပြီး လက်ကို ဆန့်ထုတ်လိုက်သည်။

"သွေးမရဏကမ္ဘာ" သူက အော်လိုက်သည်။ သူ့အသံသည် အသွေးအသားအရှိန်အဝါဖြင့် ပြည့်နေ၏။ စကားလုံးများ ထွက်သွားသည့်အခိုက်၌ သူ၏မြင်ကွင်းကား သွေးရောင်ပြောင်းသွားသည်။

တစ်ချိန်တည်းမှာပင် သွေးအရှိန်အဝါတစ်ခုသည် သူ့ညာလက်မှ ထွက်၍ ပတ်ဝန်းကျင်အားလွှမ်းခြုံလိုက်ကာ မီတာသုံးထောင်အတွင်း ရှိရှိသမျှ အရာအားလုံးကို သွေးရောင်ပြောင်းသွားစေသည်။

ရေနဂါးကြီးလည်း ဤသွေးကမ္ဘာ၏ လွှမ်းမိုးခြင်းခံလိုက်ရသည်။

ဤပြိုင်ဘက်ကင်းသော ကမ္ဘာသည် သွေးအင်မိုတယ်အမွေအနှစ်၏ တတိယမှော်ပညာရပ်၊ သူ ယခင်က မထုတ်ဖော်နိုင်ခဲ့သော.... သွေးမရဏကမ္ဘာပင်။

သွေးမရဏကမ္ဘာ ပေါ်လာသည်နှင့်တစ်ပြိုင်နက် သွေးတစ္ဆေငါးကောင်သည် မန်ဟို့ပတ်ချာလည်တွင် ထွက်ပေါ်လာ၏။ ဤသည်မှာ.... သူ၏ ဖျက်စီး၍မရသော သွေးကိုယ်ပွားငါးကိုယ်က လွဲ၍ တခြားမဟုတ်ပေ။

ပေါက်ကွဲသံကြီး လေတွင် ပြည့်နှက်သွားပြီး ကျင့်ကြံသူတစ်သိန်းအား ရင်တုန်သွားစေသည်။ မျက်နှာဖုံးမဲ့ ကျင့်ကြံသူ၏မျက်နှာမှာ ဖြူဆုပ်လျက်ရှိ၏။ သွေးမရဏကမ္ဘာပေါ်ပေါက်လာခြင်းက သူ့နှလုံးသားထဲတွင် အံသြတုန်လှုပ်ခြင်းတို့ ပြည့်နှက်သွားစေမည်မှာ မလွဲဧကန်ပင်။

အထူးသဖြင့် သူ ယခင်က မယုံနိုင်လောက်အောင် အံဖွယ်ကောင်းသည်ဟု ထင်ခဲ့သော ရေနဂါးကြီးက ယခုတွင် စိတ်မချမ်းမြေ့ဖွယ်အော်ရင်း သွေးမရဏကမ္ဘာအတွင်း၌ ရုန်းကန်နေရခြင်းကြောင့်ပင်။ ၄င်းကြည့်ရသည်မှာ ရုန်းထွက်၍မရသော မမြင်နိုင်သည့် စွမ်းအားကြီးတစ်ခုကို တိုက်ခိုက်နေရသည့် ပုံပေါ်သည်။

၄င်းအော်သံများ ဆူညံနေစဥ် မန်ဟိုက ကိုယ်ကို တဖြေးဖြေး ပြန်မတ်လိုက်သည်။ သူသည် ညာလက်ကို လက်သီးဆုပ်လာသည်။

သူ၏လက်ချောင်း တဖြေးဖြေး ကွေးလာစဥ် သွေးမရဏကမ္ဘာသည် သူ့လက်လှုပ်ရှားမှုအတိုင်း ရုတ်တရက် ကျုံ့လာ၏။

၄င်း၏အစပ်များ ကျုံံ့လာပြီး အော်ဟစ်နေသော ရေနဂါးကြီးကို ဝင်ဆောင့်ပြီး ၄င်းတို့နှင့်အတူ သယ်ဆောင်လာသည်။ မျက်စိတစ်မှိတ်အတွင်း သွေးမရဏကမ္ဘာသည် မန်ဟို့လက်သီးဆုပ်အတွင်း အစအန မကျန် ပျောက်ကွယ်သွားလေပြီ။ ခပ်မှိန်မှိန် သွေးအခိုးအငွေ့များက သူ့လက်ချောင်းကြားမှ တိုးထွက်သွားသည်။

မန်ဟို့၏မျက်နှာအမူအရာကား ပြောင်းလဲခြင်းမရှိ။ သူသည် လက်ချောင်းများအား ဖြေးဖြေးချင်း ဖြေလျှော့လိုက်သဖြင့် နက်ပြာရောင်အမှုန့်များမှာ သူ့လက်ဖဝါးမှပျံတက်ကာ လေနှင့်အတူ မျောလွင့်သွားတော့သည်။

ထိုအမှုန့်များမှာ....  ရေနဂါးရုပ်တု၏အစအနများ ဖြစ်ကြောင်း လူအများ သဘောပေါက်လိုက်သဖြင့် ပင့်သက်ရှိုက်သံများ ကြားလိုက်ရသည်။

မျက်နှာဖုံးမဲ့နေသော ကျင့်ကြံသူက ဒေါသမီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် မန်ဟို့ကို ကြည့်သည်။ "ဒီနေ့တိုက်ပွဲက မင်းကို အဆုံးသတ်ပေးလိမ့်မယ်။ ချီအခြေတည်အဆင့်က... ဘယ်လိုမှ အမြုတေဖြစ်တည်မှုအဆင့်ကို စိန်ခေါ်နိုင်စွမ်းမရှိဘူး" သူက ညာလက်ကိုမြှောက်ပြီး လက်သည်းဖြင့် သူ့မျက်နှာအပေါ်တွင် အစင်းသုံးကြောင်းခြစ်ကာ တြိဂံပုံစံဖော်လိုက်သည်။

ထိုသွေးစို့နေသော အကြောင်းများအောက်တွင် အရိုးပင် မြင်ရလေသည်။ မြင်ကွင်းကြီးမှာ ချောက်ချားဖွယ်ကောင်းသော်လည်း မျက်နှာဖုံးမဲ့ကျင့်ကြံသူက နည်းနည်းလေးပင် နာကျင်သည့်ဟန်မပေါ်ပေ။ သူက မန်ဟို့ကို ယခင်ပို၍ ရက်စက်ကြမ်းကြုတ်စွာ စိုက်ကြည့်လိုက်သည်။

အောက်ဖက်ရှိ ကျင့်ကြံသူများထံမှ ခပ်အက်အက်အသံများ ချက်ချင်း ထွက်ပေါ်လာသည်။

"ဒါက....."

"ဒါက အနက်ရောင်နယ်မြေတွေရဲ့ တားမြစ်ကျင့်စဥ်၊ မရဏသင်္ချိုင်းမန္တန်သုံးကွက်တံဆိပ်တော်"

ကျင့်ကြံသူများအကြား၌ စကားသံများ ပျံ့နှံ့လာစဥ် မျက်နှာဖုံးမဲ့နေသော ကျင့်ကြံသူ၏ အေးစက်စက်အသံက လေတွင်ပြည့်နှက်သွားသည်။ " မရဏသင်္ချိုင်းထဲကနေ ဖန်တီးထားသော မန္တန်သုံးကွက်၊ မန္တန်အားလုံးကို ဖျက်စီးနိုင်တဲ့ မန္တန်သုံးကွက်။ မရဏသင်္ချိုင်း...... မန္တန်သုံးကွက်တံဆိပ်တော်" ထူးခြားဆန်းကြယ်သော အငွေ့အသက်တစ်ခု မျက်နှာဖုံးမဲ့ကျင့်ကြံသူ၏ မျက်လုံးများအား ဖုံးလွှမ်းသွားသည်။ ဤသည်မှာ သူ၏အစွမ်းထက်ဆုံးပညာရပ်ဖြစ်သည်။ ဤပညာရပ်ကို သုံးခြင်းက သူ့အတွက် တော်ရုံပေးဆပ်ရခြင်း မဟုတ်သော်လည်း အခုလောလောဆယ်တွင် သူဂရုမစိုက်ပေ။ သွေးသံရဲရဲဖြစ်နေသော ဒဏ်ရာသုံးခုက သူ၏မျက်နှာ၌ နက်နက်ရှိုင်းရှိင်း တံဆိပ်ခတ်နှိပ်ရင်း စတင်လောင်ကျွမ်းလာသည်။ ၄င်းတို့က အမာရွတ်အသွင်ပြောင်းလာပြီး သူ၏မျက်လုံးများအား ပို၍ပင် မိုက်မဲသော ရက်စက်ကြမ်းကြုတ်မှုဖြင့် ပြည့်နှက်သွားစေသည်။

သူ့ပါးစပ်မှ စကားလုံးများ ထွက်သွားသည်နှင့် သူက မန်ဟို့ကို ဦးတည်၍ ညာလက်ကိုမြှောက်ပြီးနောက် လေကို ပိုင်းချလိုက်သည်။ စစချင်း ဘာမှမဖြစ်သည့်ပုံရသည်။ သို့သော် မန်ဟို့၏ နှလုံးသား တဆတ်ဆတ်တုန်သွား၏။

မန်ဟို့၏အကြည့်သည် မျက်နှာဖုံးမဲ့ကျင့်ကြံသူထံသို့ လျှပ်စီးသဖွယ် ကျရောက်သွားသည်။ သူက မျက်မှောင်ကြုတ်သွား၏။ သူသည် သွေးမရဏကမ္ဘာထဲ၌ မိုးနဂါးပျံကြီး ထုတ်လွှတ်ခဲ့သည့် အင်အားကြီးကြောင့် ရေနဂါးကို သုတ်သင်နိုင်ခဲ့၏။ သို့ဖြစ်၍ သွေးမရဏကမ္ဘာ လွင့်ပျယ်သွားသောအခါ ၄င်းပါ တစ်ခါတည်း ပြိုကွဲသွားခြင်းပင်။

"အဆုံးသတ်ဖို့ အချိန်ကျပြီ" သူက မျက်ခုံးနှစ်ဖက်ကို ဖြေလျှော့ရင်း ခပ်တိုးတိုးပြောပြီး ညာလက်ဖြင့် သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ သို့သော် မှော်ပစ္စည်းအသုံးပြုမည့်အစား သွေးမျက်နှာဖုံးထဲသို့ စိတ်ဝိညာဥ်အာရုံ ပို့လွှတ်လိုက်လေသည်။ ၄င်းက သူ တစ်ခါမှ မသုံးဖူးသော တံခွန်သုံးခုနှင့်အလံကို လှည့်ပတ်ပြီး ပျံဝဲနေသည်။

ဤသည်မှာ သွေးအင်မိုတယ်အမွေအနှစ်မှ အဖိုးထိုက်ရတနာတစ်ပါးဖြစ်၏။

သူ၏စိတ်ဝိညာဥ်အာရုံ တံခွန်သုံးခုနှင့်အလံအပေါ် ရစ်သီပျံဝဲနေစဥ် ၄င်းသည် လှုပ်ယမ်းလာပြီး ရုတ်တရက် လိပ်ထားရာမှ ပြေလာ၏။ ၄င်းက သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်ပြီး ဉာဏ်အလင်းဖြင့် ပြည့်သွားစေသည်။ သူသည် ညာလက်ကို မြှောက်ပြီးနောက် ဝှေ့ရမ်းလိုက်၏။

သူ၏အနောက်၊ ပတ်ပတ်လည်နှင့် အရပ်မျက်နှာအားလုံးတွင်....

ကောင်းကင်ကို ဖုံးလွှမ်းပြီး မြေပြင်ကို အုပ်မိုးရင်း၊ စုတ်ပြဲနေသည့်တိုင် ကောင်းကင်ဘုံမှလာသော စွမ်းအားကြီးအား ထုတ်လွှတ်ရင်း ပေါ်လာသည်က..... တံခွန်သုံးခုနှင့်အလံထဲမှ တံခွန်တစ်ခုပင်။

၄င်းမှာ တစစီ စုတ်ပြဲပျက်စီးပြီး မီးခိုးရောင်သမ်းနေသော်လည်း အဆုံးမရှိ ပြန့်ကားလာ၏။

၄င်းပြန့်ကားနေစဥ်.... မရဏသင်္ချိုင်းမှာ ခြောက်ကပ်လာသယောင်ရှိပြီး မန္တန်သုံးကွက် ဖယ်ရှားခံရကာ အရာအားလုံးကား ငရဲသို့တစ်ဝက် နစ်မြုပ်သွားလေပြီ။

***

All Chapters