မန်ဟို နှင့် ဖန်မု ကြားက ကွာခြားမှု
Vol. 20 Ch. 275
မန်ဟိုက မျက်လုံးများ ပိတ်၍ သွေးကြောများအား ခဲသွားစေရင်း လေလယ်တွင် တန့်နေသည်။ သူ၏စိတ်အစဥ်မှာ ချာချာလည်နေချေသည်။ တံခွန်သုံးခုနှင့် အလံက ဤမျှတုန်လှုပ်ချောက်ချားဖွယ် စွမ်းအားကြီးကို ထုတ်လွှတ်နိုင်လိမ့်မည်ဟု သူ တစ်ခါမှ စိတ်မကူးခဲ့ဖူးပေ။
ထိုမျှသာမက .... ဤသည်မှာ တံခွန်တစ်ခုသာရှိသေးသည်။ အမှန်တွင် တံခွန်သုံးခုအလံကား လိပ်နေရာမှ ပြေကျမလာခဲ့ပေ။ ယင်းက မန်ဟို့၏ စိတ်ဝိညာဥ်အာရုံမှ ထုတ်လွှတ်ပြသလိုက်သော ရတနာ၏အရိပ်သက်သက်သာ ဖြစ်သည်။
သို့သော် ဤစုတ်ပြတ်ပျက်စီးနေသော အလံ၏ စွမ်းအားကပင် မိုးကောင်းကင်ကို ပိတ်ဖုံးကွယ်၍ မြေပြင်တစ်ခုလုံးကို အုပ်မိုးနိုင်စွမ်းရှိလေသည်။
ဤအခိုက်အတန့်တွင် ကောင်းကင်နှင့်မြေကြီးကား နှစ်ခြမ်းကွဲသွားသည့်အလားပင်။ ကောင်းကင်က ကောင်းကင်၊ မြေကြီးက မြေကြီး သပ်သပ်စီ ဖြစ်သွားသည်။ တံခွန်သည် မိုးကောင်းကင်၏အောက်၊ ကမ္ဘာမြေကြီး၏အပေါ်တွင် သီးသန့်ကမ္ဘာအဖြစ် တည်ရှိနေ၏။ ယင်းကား မိုးကောင်းကင်တံခွန်တော်ပင်။
အမှောင်ထုက ကမ္ဘာကြီးကို ဝါးမြိုသွားသည်။ ဝိညာဥ်များ မှေးမှိန်ပျောက်ကွယ်လာကာ ကမ္ဘာကြီးကား ပိတ်ပိတ်ပိန်း မှောင်မည်းသွားတော့သည်။
ဖော်ပြ၍မရသော ဖိအားကြီး တလိပ်လိပ်ပျံ့နှံ့လာပြီး တစ်ခါမှမကြုံဖူးသော အန္တရာယ်အာရုံကြီးသည် ကျင့်ကြံသူအားလုံး၏ နှလုံးသားထဲ၌ ပြည့်နှက်လာ၏။ ဧရာမကျောက်ဆောင်ကြီး သူတို့၏ခန္ဓာကိုယ်အပေါ် ဖိချနေသည့်အလား ၄င်းအား ဖျောက်ဖျက်၍မရပေ။
တစ်ကမ္ဘာလုံးသည် ရုတ်တရက် သုဿန်တစပြင်ပမာ တိတ်ဆိတ်သွား၏။
ခဲရောင်ချီတစ်ခုက ရှိရှိသမျှ လူအားလုံး၏ ခန္ဓာကိုယ်မှ ထွက်လာသည်။ ၄င်းက အပြင်မှနေလျှင် တဖျပ်ဖျပ်လွင့်နေသော တံခွန်အစုတ်ကိုသာ မြင်နိုင်သော မြူထုကို ဖန်တီးရင်း လေထဲသို့ ကွေးကောက်တက်လာသည်။ ၄င်းသည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးအောက်တွင် တွန့်လိမ်ရင်း အဘက်ဘက်သို့ ကီလိုမီတာရာပေါင်းများစွာ ပြန့်ကားလာသည်။ ၄င်းကား ကောင်းကင်၏နေရာတွင် ၄င်း၏စိတ်ဆန္ဒဖြင့် အစားထိုးဝင်ရောက်လိုက်သည့်အလားပင်။
ဤစုတ်ပြတ်သပ်နေသော တံခွန်က အနားတစ်ဖက်ကို ကောင်းကင်အဖြစ်၊ အခြားတစ်ဖက်ကို မြေကြီးအဖြစ် ပြောင်းလဲရန် အသုံးပြုလိုက်သည်။
အချိိန်အနည်းငယ်ကြာသွားသည်။ သို့မဟုတ် တခဏသာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ကောင်းကင်သည် ပုံမှန်အရောင် ပြန်ဖြစ်သွား၍ မြေကြီးကိုအုပ်မိုးထားသည်လည်း ပျောက်ကွယ်သွားသည်။ ခဲရောင်မြူထု လွင့်စင်ပျောက်ကွယ်သွားပြီး ကောင်းကင်တွင် ပေါ်လာခဲ့သည့် တုန်လှုပ်ချောက်ချားဖွယ် တံခွန်ကား.... အစအန မကျန် ပျောက်သွားလေပြီ။
မန်ဟို တစ်ယောက်သာ လေလယ်တွင် လွင့်မျောလျက် ကျန်ခဲ့သည်။ မည်သည့်သက်ရှိအရာမှ သူ့ဘေးတွင် ရှိမနေပေ။ အနက်ရောင်နယ်မြေနှင့် တောင်ပိုင်းဒေသမှ ကျင့်ကြံသူများ ရှိနေသေးသည်။ သို့သော် အပေါ်ထက်ကောင်းကင်တွင် တဖျပ်ဖျပ်လွင့်လျက် တံခွန်၏ ပေါ်ပေါက်လာခြင်းက သူတို့၏ခန္ဓာကိုယ်များကို တဆတ်ဆတ်တုန်၍ မြေကြီးထဲ နစ်ဝင်သွားစေခဲ့သည်။
မန်ဟိုအပြင် ကောင်းကင်တွင် ကျန်ရှိခဲ့သည့် တစ်ခုတည်းသောအရာမှာ မြေပြင်ပေါ်သို့ ဖြေးညင်းစွာ ပြုတ်ကျလာနေသော ခေါင်းပြတ်အလောင်းကြီးပင်။ ဤအလောင်းကား မျက်နှာဖုံးမဲ့ကျင့်ကြံသူမှတစ်ပါး တခြားမဟုတ်။
ယခုအချိန်တွင် အရာအားလုံး ပြီးဆုံးသွားပြီ ဖြစ်၏။
"မိုးပြာရောင်မျက်နှာဖုံး အနက်ရောင်နယ်မြေကျင့်ကြံသူ..... သေသွားပြီ..."
"ချီအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်က အခုလေးတင် အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူတစ်ယောက်ကို သတ်လိုက်တယ်လား။ ဒါ....ဒါက... "
"ဖန်မုမှာ ဒီလိုအတိုက်အခိုက်စွမ်းအား ဘယ်လိုလုပ်ရှိနေတာတုန်း။ သူက တာအိုရေပူစမ်းကိုလည်း ခမ်းသွားစေသေးတယ်။ ဒါ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ"
"သူက အရှေ့ဆေးဝါးအဖွဲ့ရဲ့ ဆေးပေါင်းဖိုဘုရင်အဆင့် ဆေးဝါးပညာရှင်တစ်ယောက်။ ဒါပေမယ့် တာအိုကလေးတွေကို စိန်ခေါ်နိုင်တယ်။ နောင်တစ်ချိန်ကျရင်.... သူက တောင်ပိုင်းဒေသရဲ့ သူနဲ့သက်တူရွယ်တူတွေကြားမှာ နံပါတ် တစ် သေချာပေါက် ဖြစ်လာလိမ့်မယ်"
"ပိုအရေးကြီးတာက စောစောက ဖန်မု ဘာမှော်ပညာကို သုံးသွားတာလဲ ဆိုတာပဲ။ အဲ့တာက အမြုတေဖြစ်တည်မှုအဆင့်ကိုတောင် ဇီဝိန်ချုပ်နိုင်တယ်"
စကားသံများ ပွက်ပွက်ညံနေသည်။ အနက်ရောင်နယ်မြေတာအိုကလေး လောင်ချုံးနှင့် ရှီဖေးတို့၏ မျက်နှာဖုံးအောက်က မျက်နှာများမှာ ဖြူဖျော့နေလေပြီ။ သူတို့မှာ မန်ဟို့ကို ကြောင်ကြည့်နေကြသည်။ ဤတိုက်ပွဲမတိုင်ခင်က သူတို့သည် သူတို့ကိုယ်သူတို့ မိုးကောင်းကင်၏ရွေးချယ်ခံများဟု ယုံကြည်ထားခဲ့လေသည်။ တောင်ပိုင်းဒေသ၌ သူတို့ထက်သာသော ချီအခြေတည်အဆင့်ကျင့်ကြံသူ မရှိသလောက်ရှားသည်ဟု အမှန်တကယ် တွေးခဲ့မိလေသည်။ အလွန်ဆုံး သူတို့ကို ယှဥ်ပြိုင်တိုက်ခိုက်နိုင်သူ တစ်ယောက်သာ ရှိလောက်သည်။
သို့သော် ယခုတော့ သူတို့တင်မဟုတ်၊ တောင်ပိုင်းဒေသ၏ရွေးချယ်ခံအားလုံးကား မန်ဟို၏ ခမ်းနားကြီးကျယ်မှုကို ထင်ရှားပေါ်လွင်စေသော အမှိုက်သရိုက်များသာ ဖြစ်နေတော့သည်။
သူတို့ သည့်ထက်ပို၍ အစွမ်းထက်လာလျှင်တောင်မှ ၊ သူတို့ ဂိုဏ်းအတွင်း၌ ရွေးချယ်ခံများ ဖြစ်လျှင်တောင်မှ အားလုံးမှာ..... ဖန်မုနှင့် ယှဥ်လျှင်တော့ သာမန်ထက်မပိုပေ။
ဖန်မုသည် ကောင်းကင်တွင် အသျှံတညီးညီးတောက်ပနေသော နေမင်းကြီးပမာ ပျံဝဲနေသည်။ သူက မျက်စိကျိန်းလောက်အောင် တောက်ပလွန်းသဖြင့် ကြယ်တာရာများပင် မှေးမှိန်သွားလေသည်။ ၄င်းတို့မှာ မမှေးမှိန်ချင်သော်လည်း၊ လက်မခံချင်သော်လည်း ရွေးချယ်စရာမရှိပေ....
အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူများအား သတ်ဖြတ်နိုင်သည့် လူမဟုတ်သော ကျင့်ကြံသူတစ်ယောက် ချီအခြေတည်အဆင့်တွင် ပေါ်လာခဲ့လေပြီ။ သူ၏မျိုးဆက်မှ လူအားလုံးမှာ အံ့သြ တုန်လှုပ်ပြီး ဖိနှိပ်မှုကို ခံစားနေရလေသည်။
ဝမ်လီဟိုင်၏မျက်နှာမှာ ဖြူဆုပ်နေပြီး သူသည် ဆွံ့အစွာ ရပ်နေသည်။ ဟန်ရှန့်တောက်မှာ ခါးသက်သက်ပြုံးရင်း ခေါင်းကို ခါပြီး သက်ပြင်းခိုးချလိုက်သည်။ ကျင်းဟန်ဂိုဏ်း တာအိုကလေး၊ စုန့်မျိုးနွယ်စုတာအိုကလေး စုန့်ယွင်ရှုနှင့် သူတို့ကိုယ်သူတို့ ချီအခြေတည်အဆင့်၏ အထွတ်အထိပ်တွင် ဖြစ်သည်ဟု သတ်မှတ်ထားသော ဂိုဏ်းအသီးသီးမှ အခြားသူများအားလုံး လေးစားမှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် မန်ဟို့ကို မော့ကြည့်လိုက်သည်။
သူတို့သည် သူ၏ကျင့်ကြံခြင်းအခြေခံကို ကြောက်ရွံ့ပြီး အရှေ့ဆေးဝါးအဖွဲ့၏ ဆေးပေါင်းဖိုဘုရင်တစ်ယောက်ဟူသော သူ၏အဆင့်အတန်းကို လေးစားသည်။ ဤအရာအားလုံးကြောင့် နောင်တစ်ချိန်တွင် ဖန်မု၏နာမည်သည် တောင်ပိုင်းဒေသ၌ မည်မျှ ပြိုင်ဘက်ကင်းလာလိမ့်မည်ကို သူတို့အတွက် နားလည်ရန် မဖြစ်နိုင်ပေ။ ယခုကစပြီး သူသည် တောင်ပိုင်းဒေသအတွင်း၌ အလွန်အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပေတော့မည်။
အောင်မြင်မှုကား တိုက်ပွဲတစ်ပွဲတည်းနှင့် အတူ ရောက်လာလေသည်။
မျက်လုံးအားလုံးသည် လေလယ်တွင် ရပ်နေသော မန်ဟို့ကို မမှိတ်မသုန်ကြည့်နေကြသည်။ မည်သည့်အသံမှ မရှိဘဲ တိတ်ဆိတ်မှုသာ ကြီးစိုးနေ၏။
ထိုကဲ့သို့ တိတ်ဆိတ်မှု၊ ထိုကဲ့သို့ ရှင်းလင်းနေမှုက ပြင်းထန်သောအကြောက်တရားကို ကိုယ်စားပြုစမြဲပင်....
အမျိုးမျိုးသော ကျင့်ကြံသူများ၏ မျက်လုံးများသည် ဝေခွဲမရဖြစ်နေခြင်း၊ အံသြတုန်လှုပ်ခြင်း၊ ကြောက်ရွံ့ရိုသေခြင်း၊ လေးစားခြင်းနှင့် မနာလိုခြင်းတို့ဖြင့် ပြည့်နှက်နေ၏.....
ထိုအကြည့်မျိုးစုံသည် မန်ဟို့ကိုဝန်းရံလှည့်ပတ်နေသော ထက်မြက်မှုအသွင် ပြောင်းသွားပုံရသည်။ အမှန်တွင် မန်ဟိုသာ တွန့်ဆုတ်နေပါက အဆိုပါထက်မြက်မှုကား သတ်ဖြတ်ခြင်း အသွင်ပြောင်းသွားလောက်သည်။
မန်ဟို၏ အံ့မခန်းလိလိ စွမ်းအားကြီးက လူအများ၏နှလုံးသားထဲ၌ မနာလိုစိတ်များအား ဒုက္ခရောက် ပျက်စီးစေနိုင်သောအဆင့်အထိ ပြည့်နှက်သွားစေသည်။ ဤသည်မှာ သူ ယခင်က မကြာခဏ ရုပ်ပြောင်းပြီး သူ့ကိုယ်သူ အမှတ်တမဲ့ မဖော်ထုတ်မိစေရန် ရွေးချယ်ခဲ့ရသည့် အကြောင်းရင်းများထဲက တစ်ခုပင်။
ဤတိုက်ပွဲက သူအဆင့်တက်ရန် သော့ချက်သာ မဖြစ်ခဲ့လျှင် သူ ဘယ်တော့မှ သူ့ကိုယ်သူ မဖော်ထုတ်မည်မဟုတ်ပေ။
မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူ၏ သေခြင်းမှာ အထူးတလည် စစ်ဆေးခံရမည်မဟုတ်။ အနက်ရောင်နယ်မြေတာအိုကလေးများဖြစ်စေ၊ မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူဖြစ်စေ ၊ မန်ဟို၏ စွမ်းအားအဆင့် နှင့် တုန်လှုပ်နေသော တောင်ပိုင်းဒေသကျင့်ကြံသူဝန်းရံထားသည့်ကြား၌ မည်သူမှ ထိုကိစ္စကို ထဲထဲဝင်ဝင် ကြည့်ရှုမည်မဟုတ်။
သို့သော် ....သူ့မှာ အန္တရာယ်များသော အခြေအနေတွင် ဖြစ်လေသည်။ ကျင့်ကြံသူတစ်သိန်းနှင့် မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူနှစ်ယောက်၏ မျက်လုံးများ အနည်းငယ် လင်းလက်သွား၏။
သူတို့အကြည့်များ မန်ဟို့အပေါ် ကျရောက်လာသည်။ ဝမ်မျိုးနွယ်စု၏ တာအိုကလေး ဝမ်လီဟိုလည်း ထိုနည်းတူပင်။ သူ၏ညာလက်မှာ ဘေးတွင် ပုံမှန်အတိုင်း ရှိနေပုံရသော်လည်း ဝမ်မျိုးနွယ်စု၏ အနီရောင်သွေးငှက် လက်သုံးချောင်း တိုက်ကွက်ကို ဖြေးဖြေးချင်း ပြင်ဆင်နေကြောင်း သူတစ်ယောက်သာ သိလေသည်။
ယီးကျန့်ဂိုဏ်း၏ ဟန်ရှန့်တောက်က မျက်လုံးများ ကျဥ်းမြောင်းလိုက်သည်။ ပုံမှန်အားဖြင့် တည်ကြည်သော သူ၏မျက်နှာပင်လျှင် ရက်စက်သောအမူအရာ အနည်းငယ် ဖုံးလွှမ်းလာသည်။
ကျင်းဟန်ဂိုဏ်းတာအိုကလေးနှင့်အတူ အခြားဂိုဏ်းများမှ ရွေးချယ်ခံများအားလုံး မကြာသေးမီက မန်ဟို၏ အနိုင်ယူခြင်း ခံခဲ့ရလေသည်။ သူတို့သည်လည်း မန်ဟို့ကို ကြည့်နေရင်း မျက်လုံးများ ဝင်းလက်လာကြသည်။
သို့သော် ....သူတို့ မတိုက်ရဲပေ။ သူက မန်ဟိုဖြစ်ကြောင်း သူတို့သိလျှင်တော့ ဤမျှဝန်လေးနေမည်မဟုတ်ပေ။ အနက်ရောင်နယ်မြေကျင့်ကြံသူများလည်း ဘာမှထောက်ထားစရာရှိမည် မဟုတ်၍ ချက်ချင်း တိုက်ခိုက်ကြလိမ့်မည်။ သို့သော် ဤလူမှာ မန်ဟိုမဟုတ်.... ဖန်မုဖြစ်သည်။
ဇီယွင်ဂိုဏ်း၏ အရှေ့ဆေးဝါးအဖွဲ့မှ ဆေးပေါင်းဖိုဘုရင်တစ်ယောက်။
လူအများ အသက်ရှင်သန်ကြီးထွားလာသည်နှင့်အမျှ မှီခိုစရာ ပိုက်ကွန်အသီးသီး ဖန်းတီးကြသည်။ လူတစ်ယောက်အား သတ်လိုက်ခြင်းမှ ဖြစ်ပေါ်လာသော ပြဿနာများကို ရှောင်ကြဥ်ရန် သင့်အနေဖြင့် ထိုလူ့၏ပိုက်ကွန်ကို ဦးစွာ ဖျက်စီးပစ်ရပေမည်။ ယင်းက နောင်အနာဂတ်အကျိုးဆက်များကို ဟန့်တားနိုင်သည့် တစ်ခုတည်းသော နည်းလမ်းပင်။ တခြားနည်းနှင့် ဆောင်ရွက်ခြင်းက မိမိကိုယ်ကို သတ်သေခြင်းနှင့် ညှီမျှလေသည်။
သို့သော် ယခုတွင် အရှေ့ဆေးဝါးအဖွဲ့ဝင်တစ်ယောက်ဖြစ်ခြင်းက သူ၏ အကြီးဆုံး အသက်ကယ် ပိုက်ကွန်ပင်။
မှီခိုရာဂိုဏ်းကို ပထမဆုံးဝင်ရောက်ထဲက ဤအချက်ကို မန်ဟို သဘောပေါက်ခဲ့သည်။ မှီခိုစရာ တစ်စုံတယောက် ရှိခြင်းမှာ တကယ်တမ်း လူတစ်ယောက်၏ဘဝတွင် တည်ရှိနိုင်သည့် အကြီးမားဆုံး အသက်ကယ်ပိုက်ကွန်များထဲ တစ်ခုဖြစ်သည်။
ဝမ်လီဟိုင်က မလှုပ်ပေ။ သို့သော် အခြားဝမ်မျိုးနွယ်ရွေးချယ်ခံတစ်ယောက်က ရုတ်တရက် မန်ဟိုထံ တစ်လှမ်းလှမ်းလိုက်သည်။
ထိုခြေလှမ်းကား ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ နှလုံးသားများအပေါ် ကျရောက်သွားပုံရသည်။ လောင်ချုံး ရုတ်တရက် လှုပ်ရှားလာသည်။
အနက်ရောင်နယ်မြေ မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူနှစ်ယောက်လည်း ရှေ့တက်လာ၏.....
မွန်းကြပ်လုမတတ် တိတ်ဆိတ်နေသည့်အလယ်တွင် အဆိုပါအေးချမ်းနေသောမြင်ကွင်းမှာ တကယ်တော့ မယုံကြည်နိုင်ဖွယ် အန္တရာယ်ကြီးဖြင့် ပြည့်နှက်၏။ မန်ဟို လေလယ်တွင် မျောလွင့်နေစဥ် သူ၏ပိတ်ထားသော မျက်လုံးများ ဖြတ်ခနဲ ပွင့်လာသည်။
ဤသို့ဖြစ်ပျက်သွားသည့်အခိုက်အတန့်၌ ဝမ်မျိုးနွယ်ရွေးချယ်ခံ တုံ့ခနဲ ရပ်လိုက်သည်။ လောင်ချုံးလည်း ရပ်သွားပြီး မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူနှစ်ယောက်လည်း ထိုနည်းတူပင်။
လူတိုင်းက ယခင်က ပို၍အတွေးနက်သွားသောအသွင်များဖြင့် မန်ဟို့ကို ကြည့်နေကြသည်။
သူ၏ မျက်နှာအမူအရာသည် ထုံးစံအတိုင်း အေးစက်ခက်ထန်စမြဲသာ။ သူ့အကြည့်၏ အေးစက်မှုက ယခင်ထက်ပင် ပြင်းထန်လာပြီး အတွင်းထဲ၌ ရယ်မောလှောင်ပြောင်နေခြင်းအား အာရုံရနိုင်လေသည်။
သူ၏ခန္ဓာကိုယ်ပေါ်၌ ပွန်းရာသေးသေးလေးပင် မရှိရာ သူအနေဖြင့် ပထမဆုံးအကြိမ် အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူကို သတ်ဖြတ်ဖူးခြင်း မဟုတ်သည့်အလား ထင်ရသည်။
သူက အေးစက်စက်လေသံဖြင့် ရုတ်တရက် ပြောသည်။ "ကျုပ်ရဲ့ တာအိုရေပူစမ်းက ဉာဏ်အလင်းမှာ နတ်ဘုရားစွမ်းရည်တစ်ခုပါခဲ့တယ်။ ကျုပ်က မှော်တိုက်ပွဲတွေနဲ့ အကျွမ်းတဝင်မရှိတဲ့ အရှေ့ဆေးဝါးအဖွဲ့က ဆေးပေါင်းဖိုဘုရင်တစ်ယောက်ပါ။ ဒါပေမဲ့ ဉာဏ်အလင်းရဲ့ နက်နဲမှုကြောကသ့် ကျုပ်ကိုကျုပ် မထိန်းနိုင်ခဲ့ဘူး။ အနက်ရောင်နယ်မြေမှ တာအိုရောင်ရင်းတို့၊ ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ" ထို့နောက် သူက လက်ကိုဝှေ့ရမ်းလိုက်ရာ သူ၏မိုးပြာရောင်ဝတ်ရုံပျောက်ကွယ်သွားပြီး ခရမ်းရောင်အရှိန်အဝါ တောက်ပနေသော ဇီယွင်ဂိုဏ်းဆေးပေါင်းဖိုဘုရင်ဝတ်ရုံနက်က အစားထိုးနေရာယူသွားသည်။ ထိုမြင်ကွင်းက လူတိုင်းကို ချက်ချင်း တုန်လှုပ်သွားစေသည်။
သူသည် လူအုပ်ကြီးအား အေးဆေးစွာ ကြည့်ရင်း လေလယ်တွင် ရပ်နေ၏။
ကြည့်ရသရွေ့ သတ်မှတ်ထားသည့်အချိန် ရောက်ရှိလာခဲ့ပုံရသည်။ မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူနှစ်ယောက်က မန်ဟို့ကို လေးလေးနက်နက်ကြည့်ပြီးနောက် အလင်းတန်းအသွင်ပြောင်းကာ အဝေးသို့ ထွက်ခွာသွား၏။ မန်ဟို့၏ ဆေးပေါင်းဖိုဘုရင်အဆင့်အတန်းမှာ သူတို့အတွက် ဝန်အလေးဆုံးဖြစ်ပုံရသည်။ ဆေးလုံးမိစ္ဆာ၏ ဆေးဝါးပညာရှင်တစ်ယောက်ကို ရန်စခြင်းက တစ်ဂိုဏ်းလုံး၏ အမျက်ဒေါသကို ဆွနိုင်သည်ဟု အသိများသည်မဟုတ်ပါလော။
လောင်ချုံးနှင့်ရှီဖေးက မန်ဟို့ကို နောက်ဆုံး တစ်ချက်ကြည့်ပြီးနောက် ထွက်ခွာသွားကြသည်။
အနက်ရောင်နယ်မြေကျင့်ကြံသူများ ထွက်သွားခြင်းက တောင်ပိုင်းဒေသကျင့်ကြံသူများအကြား မွန်းကြပ်နေစေသော လေထုကို တဖြေးဖြေး ပြေလျော့သွားစေသည်။ ဖိအားပျောက်ကွယ်သွားပြီး သူတို့မှာ စတင် စိတ်လှုပ်ရှားလာကြတော့သည်။ လူတိုင်း ဖန်မုအကြောင်း ပြောလာကြစဥ်မှာပင် မန်ဟိုက လက်ယှက်ပြီး လူတိုင်းကို အလေးအနက်အရိုအသေပေးလိုက်၏။
"အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ် တာအိုရောင်ရင်းတို့" သူက ပြောသည်။ "ကျုပ် ဖန်မု တကယ် စိတ်နှလုံးလှုပ်ရှားမိပါတယ်။ အခု ကျုပ်ရရှိထားတဲ့ ဉာဏ်အလင်းကို လေးလေးနက်နက် ခွဲခြမ်းပြီး တရားထိုင်ဖို့ လိုပါတယ်။ ဒါ့အပြင် ကျုပ် မကြာသေးခင်ပဲ ဂိုဏ်းကနေပြန်ခေါ်နေတဲ့ အမိန့်တွေ ရထားသေးတယ်။ နောက်တစ်ခေါက် ကျုပ်နဲ့ ဇီယွင်ဂိုဏ်းမှာ တွေ့ခဲ့ရင် ဝမ်းမြောက်ဝမ်းသာနဲ့ ဧည့်ခံပေးပါ့မယ်" ထို့နောက် သူသည် နောက်တစ်ကြိမ် ခါးကိုင်းအရိုအသေပေးလိုက်သည်။ ချီအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်အနေဖြင့် အမြုတေဖြစ်တည်မှုအဆင့်ကို သတ်ဖြတ်နိုင်ခြင်းမှာ အံ့အားသင့်ဖွယ် အရာတစ်ခုဖြစ်ကြောင်း ကျင့်ကြံသူအများစု သိကြလေသည်။ အမှန်ပင်၊ ထွက်ပေါ်လာခဲ့သည့် နတ်ဘုရားစွမ်းရည်မှာ ဘယ်သူမှ မမြင်ဖူးသည့် မှော်ပစ္စည်းတစ်ခုခု၏ ထုတ်ဖော်ပြသမှု ဖြစ်သည်။ သူ့တွင် အလိုရှိတိုင်း အသုံးပြုနိုင်သော လျှို့ဝှက်ဆန်းကြယ် မှော်ပညာများနှင့် နတ်ဘုရားစွမ်းရည်များရှိကြောင်း သိသာထင်ရှားလေသည်။
ဤတိုက်ပွဲအား အောင်နိုင်ခြင်းမှ သွတ်သွင်းပေးလိုက်သော ယုံကြည်မှုသည် အမြဲတမ်းတည်ရှိနေမည့် ယုံကြည်မှုအား မွေးဖွားပေးလိမ့်မည်။ ၄င်းက နောင်တစ်ချိန်တွင် ကျင့်ကြံခြင်းအရသော်လည်းကောင်း၊ မှော်ပညာရပ်များအရသော်လည်းကောင်း အလုံးစုံ ကူညီပေးလိမ့်မည်။
သူတို့ သူ၏စကားအား စဥ်းစားနေစဥ် မန်ဟိုသည် ဂိုဏ်းအသီးသီးးနှင့် မျိုးနွယ်စုများမှ တာအိုကလေးများကို နောက်တစ်ဖန် လက်ယှက်နှုတ်ဆက်ရင်း အကူအညီအတွက် ကျေးဇူးတင်စကားပြော၏။ သူသည် ဆက်နေလိုစိတ်မရှိတော့၍ အလင်းတန်းအသွင်ပြောင်းကာ အဝေးထွက်သွားတော့သည်။
ဝမ်လီဟိုင်နှင့် အခြားသူများက မန်ဟိုပျောက်ကွယ်သွားသည်ကို မျက်မှောင်ကြုတ်ကြည့်နေကြသည်။ နောက်ဆုံး၌ သူတို့မှာ အကြည့်လွှဲလိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ ယခင်ရော၊ ယခုပါ၊ သူတို့အတွက် မန်ဟို့၏ နက်နဲသိမ်မွေ့မှုအဆင့်ကို အမှန်တကယ် နားလည်ရန် မဖြစ်နိုင်ပေ။ ဇီယွင်ဂိုဏ်းကြောင့် မဆင်မခြင်လှုပ်ရှား၍လည်းမရ။ သူတို့မှာ သက်ပြင်းသာ ခိုးချနိုင်တော့သည်။
မန်ဟိုက အမြင့်ဆုံးအရှိန်ဖြင့် ပျံသန်းနေသည်။ တစ်ရက်ကြာသော် သူ့မျက်နှာမှာ ဖြူဆုပ်နေပြီး သူက သွေးတစ်ပွက်အန်လိုက်၏။ သူ၏ချီသည် မယုံနိုင်လောက်အောင် အားနည်းနေသည်။ သူက အံတင်းတင်းကြိတ်ရင်း....မကြာသေးမီက တံခါးပိတ်ကျင့်ကြံခဲ့သည့် တောင်ကို ရှာလိုက်သည်။
သူသည် သွေးများအန်ရင်း ကျင့်ကြံခြင်းဂူထဲ ဝင်ပြီး ချက်ချင်း တင်ပျဥ်ခွေထိုင်ချလိုက်သည်။ သူက ဆေးလုံးတစ်လုံးအား ပါးစပ်ပစ်ထည့်ကာ အင်္ကျီလက်စကို ဝှေ့ယမ်းပြီး အဆိပ်ဆေးလုံးအမြောက်အမြား ပစ်လွှတ်လိုက်သည်။ ၄င်းတို့သည် ချက်ချင်း မြူအသွင်ပြောင်းပြီး သူ့ကို ရစ်ပတ်လွှမ်းခြုံသွားလေသည်။
***