အလေလိုက်မနေနဲ့တော့
Vol. 20 Ch. 276
မန်ဟိုမှာ မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် ကျင့်ကြံခြင်းဂူထဲတွင် တင်ပျဥ်ခွေထိုင်နေသည်။ ရက်အနည်းငယ်ကြာပြီးနောက်ဆုံး သူ၏မျက်လုံးများ ပွင့်လာသည်။ ၄င်းတို့သည် စူးရှတောက်ပနေ၏။ သို့သော် သူ၏မျက်ခုံးများက အချိန်အတော်ကြာ တွန့်ချိုးနေပြီးမှ ပြန်လည်ပြေလျော့သွားလေသည်။
"ငါ ငါ့ဝိညာဥ်ကို ဒဏ်ရာရစေခဲ့တာပဲ..." သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူသည် သူ၏ခန္ဓာကိုယ်အတွင်း၌ တစတစ လွှမ်းခြုံလာနေသော အေးစက်မှုကို အာရုံရနေ၏။ ချီအခြေတည်အဆင့်ကျင့်ကြံရာ၌ ကျင့်ကြံခြင်းအခြေခံသည် တာအိုမဏ္ဍိုင်များနှင့် ဆက်စပ်လေသည်။ စိတ်ဝိညာဥ်အာရုံ မွေးဖွားလာပြီး အသိပင်လယ် နှင့် ကျင့်ကြံခြင်းဝိညာဥ်လည်း ထိုနည်းတူပင်။
ထိုဝိညာဥ်က နောင် အနုသုခုမရုပ်ခန္ဓာအတွက် အခြေခံဖြစ်လာလိမ့်မည်။
သို့သော် ယခုတော့ တံခွန်သုံးခုအလံကို သုံးခြင်းအတွက် အဖိုးအခအဖြစ် ဝိညာဥ်ဆွဲထုတ်ခံခဲ့ရသည်ကို မန်ဟို ခပ်ရေးရေးအာရုံရနေသည်။ ထိုကဲ့သို့ ထိခိုက်မှုမျိုးကား ပြန်လည်သက်သာရန် ခက်ခဲ၏။ အပြင်ဒဏ်ရာဆိုလျှင် ပုံမှန်အားဖြင့် အနားယူပြီး အားပြန်ဖြည့်ခြင်းမှတစ်ဆင့် သို့မဟုတ် ဆေးလုံးများ မှီဝဲခြင်းမှတစ်ဆင့် သက်သာလာတတ်သည်။ သို့သော် ဝိညာဥ်ထိခိုက်ခြင်းအား ယင်းကဲ့သို့ ကုသ၍မရပေ။
အမြုတေဖြစ်တည်မှုအဆင့်ကို တိုက်ခိုက်သတ်ဖြတ်ခြင်းမှာ အထင်ကြီးစဖွယ် စွမ်းဆောင်မှုတစ်ခုဖြစ်သော်လည်း မန်ဟို့အတွက် ခက်ခဲမှုအဆင့်မှာ မြင့်လွန်း၏။ ဒသမတာအိုမဏ္ဍိုင်ဖြင့်ပင်လျှင် အတိုင်းထက်အလွန် ခက်ခဲနေသေးလေသည်။
ချီအခြေတည်အဆင့်နှင့် အမြုတေဖြစ်တည်မှုအဆင့်၏ ကွာဟမှုမှာ ကြီးမားလွန်းသည်မဟုတ်လော။ အထူးသဖြင့် အမြုတေချီကျင့်ကြံထားသူများဆိုလျှင် ပိုဆိုးသည်။ အမှန်တွင် သူ့မှာ အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူတစ်ယောက်ကို စိန်ခေါ်ရန် တကယ် အရည်အချင်းမပြည့်မှီသေးပေ။ သူ့မှာ မရှုံးနိမ့်ပုံရသော်လည်း တကယ်တမ်း သူ့ကို ချေမှုန်းပစ်မည့် စွမ်းအားကြီးရှိခဲ့လေသည်။ အချိန်သာနည်းနည်း နှောင့်နှေးခဲ့ပါက သူ့မှာ မရှုမလှ နှိမ်နင်းခံခဲ့ရမည် ဖြစ်သည်။
ကံကောင်းထောက်မစွာ သူ၏နဝမတာအိုမဏ္ဍိုင် ပေါ်လာခဲ့ပြီးနောက် အခြေအနေက အကောင်းသို့ပြောင်းသွားသည်။ ဟုတ်ပါသည်၊ ယင်းက မန်ဟိုရည်ရွယ်ထားခဲ့သည့် အရာပင်။ သေခြင်းနှင့် ရှင်ခြင်းအကြား အလူးအလဲ ရုန်းကုန်နေရခြင်းက သူ့ကိုယ်တွင်းရှိ ချီကို တိုးပွားလာစေပြီး တစ်နေသည့်နေရာကို ဖောက်ထွက်ကာ သူ၏ကျင့်ကြံခြင်းအခြေခံကို အဆင့်တက်သွားစေသည်။
တိုက်ပွဲလိုအပ်ခြင်းက မန်ဟို့ကို အရင်ဆုံး တိုက်ခိုက်ရန် လှုံ့ဆော်ပေးခဲ့သည့် အရာပင်။
ဒသမတာအိုမဏ္ဍိုင်မရှိဘဲ ပြီးပြည့်စုံသော ချီအခြေတည်အဆင့်ကို ရောက်ရှိပါက သူအနေဖြင့် အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူကို သတ်ကောင်း သတ်နိုင်ခဲ့မည်။ အလွန်ဆုံး နည်းနည်းကြာကြာ ထပ်တိုက်ရပေလိမ့်မည်။
သို့သော် ဒသမတာအိုမဏ္ဍိုင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ချီအခြေတည်အဆင့်နှင့် အမြုတေဖြစ်တည်အဆင့်အကြား မိုးနှင့်မြေပမာ ကွာဟမှုကြီးမှာ ထက်ဝက်မျှ ကျဥ်းမြောင်းသွားသယောင်ပင်။
ထိုသို့ ခုန်တက်သွားခြင်းက သူ့ကျင့်ကြံခြင်းအခြေခံ၏ အတိုက်အခိုက်စွမ်းရည်ကို ချီအခြေတည်အဆင့်ထက် အများကြီး ကျော်လွန်၍ အမြုတေဖြစ်တည်မှုအဆင့်အနားထိ ရောက်ရှိသွားစေသည်။
အမြုတေဖြစ်တည်မှု တစ်ပိုင်းအဆင့် ရောက်ရှိနေသော စွမ်းအားဖြင့်ပင်လျှင် သူသည် အလွန်ဆုံး အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်ရုံသာ တတ်နိုင်လေမည်။ ဘယ်တော့မှ သတ်နိုင်လိမ့်မည် မဟုတ်ပေ။ ထိုနည်းတူ သူ၏ပြိုင်ဘက်သည် သူ့ထက်သာသော်လည်း သူ့ကို အလွယ်တကူ မသတ်နိုင်ပေ။
အခြေအနေကို အမှန်တကယ် ပြောင်းလဲစေခဲ့သည်က သွေးမျက်နှာဖုံးအတွင်း၌ ရှိနေသော အဖိုးထိုက်ရတနာ၊ တံခွန်သုံးခုအလံပင်။
အဆိုပါရတနာသည် သွေးအင်မိုတယ်အမွေအနှစ်နယ်မြေအတွင်း၌ ဆုံးဖြတ်မရသော ကာလတစ်ခုအထိ တည်ရှိခဲ့၏။ တံခွန်တစ်ခုမှာ 'ကျီ' ဆိုသော စကားလုံးနှင့် ချိတ်ပိတ်ခံထားရလေသည်။ ၄င်း၏ စွမ်းအားကား ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်စေနိုင်ပြီး ရှေးကံကြမ္မာဆိုးမျိုးနွယ်စု၏ သွေးအင်မိုတယ်က ကျီ၏ သွေးကို သောက်ရန် ၄င်းအား အသုံးပြုချင်ခဲ့လေသည်။
အလံကို ပထမဆုံး မြင်မြင်ချင်း အသားဂျယ်လီ၏ အံ့သြတုန်လှုပ်သွားသောပုံစံကို မန်ဟို မှတ်မိသည်။ ထိုအရာအားလုံးကို ထည့်တွင်လျှင် ၄င်းမည်မျှ အံ့အားသင့်ဖွယ်ကောင်းသည်ကို သူမည်သို့ သဘောမပေါက်ဘဲ ရှိမည်နည်း။
လက်တွေ့တွင် သူ့မှာ ရတနာ၏ အစွမ်းကို သုံးရန် အသာထား၊ ၄င်းကို ထိရန် လိုအပ်သော ကျင့်ကြံခြင်းအခြေခံပင် မရှိပေ။ သို့သော် သူ၏ ဒသမ တာအိုမဏ္ဍိုင်ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် သူသည် တံခွန်သုံးခုအလံ၏ ငတ်မွတ်နေသော အော်သံကို အာရုံခံနိုင်ခဲ့သည်။
ယခု သူ ပြန်တွေးကြည့်သောအခါ ၄င်း၏ငတ်မွတ်နေမှုကား.... ဖျက်စီးခြင်းအား ငတ်မွတ်နေခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
အမှန်တွင် မန်ဟို တံခွန်သုံးခုအလံ၏ စွမ်းအားကို အသုံးပြုခဲ့သည်ဟု ပြောမည့်အစား မန်ဟို၏ စွမ်းရည်အသစ်များကြောင့် အလံသည် သူ့လက်နှင့် စွမ်းအားကို ငှားယူ၍ ကောင်းကင်တွင် နောက်တစ်ဖန် ထွက်ပေါ်နိုင်သွားသည်ဟု ပြောလျှင် ပိုမှန်ကန်လေမည်။
အလံ၏ တံခွန်သုံးခုမှ တံခွန်တစ်ခုသာ ထွက်ပေါ်လာခြင်းကပင် မန်ဟို့၏ ကျင့်ကြံခြင်းအခြေခံကို ကုန်ခမ်းစေပြီး သူ၏ဝိညာဥ်ကို ထိခိုက်စေခဲ့သည်။ သူ လေလယ်တွင်ရပ်ပြီး အနက်ရောင်နယ်မြေကျင့်ကြံသူများနှင့် တောင်ပိုင်းဒေသမှ လူအုပ်ကြီးကို ငုံ့ကြည့်နေခဲ့သည့် အခိုက်အတန့်တွင် သူ့ပုံစံမှာ ပုံမှန်အတိုင်း ထင်ရသည်။ တကယ်တမ်း သူ့မှာ အတိုင်းထက်အလွန် အားနည်းနေခဲ့၏။
အသားဂျယ်လီ၏ အသွင်ပြောင်းစွမ်းအား၏ ကျေးဇူးကြောင့်သာ သူ့မှာ အစွမ်းထက်ချီကို ထုတ်နိုင်ခဲ့လေသည်။ ဘယ်သူမှ သူ၏အခြေအနေ အစစ်အမှန်ကို နည်းနည်းပင် သံသယမဝင်နိုင်ခဲ့ပေ။ ၄င်းနှင့် အခြားဝန်လေးစရာများကြောင့် ဘယ်သူ့မှာ သူ့ကို လက်ဖျားနှင့်ပင် မထိရဲခဲ့ပေ။
ထို့အပြင် တံခွန်သုံးခုအလံမှာ အလုံးစုံ ပေါ်ပေါက်လာခြင်း မဟုတ်သေး။ ၄င်းသည် နတ်ဘုရားစွမ်းရည် ဖြစ်ဟန်တူသော တစ္ဆေပုံရိပ်တစ်ခုသာ ဖြစ်ခဲ့သည်။ ထို့ကြောင့် လူအများစုက ၄င်းကို မှော်ရတနာဟု မထင်ဘဲ ပညာရပ်တစ်ခုခုဟု အထင်မှားခဲ့ခြင်းပင်။ ထို့အပြင် ဘယ်သူမှ သူ တာအိုရေပူစမ်းအား ကုန်ခမ်းစေခဲ့ခြင်းနှင့် အလံပေါ်ပေါက်လာခြင်းကို မဆက်စပ်မိခဲ့ကြပေ။
စောစောက နိုးနိုးလာလျှင်ချင်း သူက မသန့်စင်သော ချီတစ်လုပ် ထွေးထုတ်ခဲ့ပြီး သူ၏မျက်လုံးများ တောက်ပလာခဲ့သည်။ ယခုတွင် သူ၏ ကျင့်ကြံခြင်းအခြေခံမှာ ၈၀ မှ ၉၀ ရာခိုင်နှုန်းအထိ ပြန်လည်အားပြည့်လာပြီဖြစ်သည်။ ၄င်း မည်မျှ မြန်မြန်သွားနေသည်ကို အခြေခံ၍ ပကတိအတိုင်းပြန်ဖြစ်ရန် သိပ်ကြာတော့မည် မဟုတ်ပေ။ သို့သော် သူ၏ဝိညာဥ် ထိခိုက်ထားခြင်းအား ကုသရန် မဖြစ်နိုင်။ သူ့မှာ သတိရှိရှိနှင့် နောက်ထပ် ထိခိုက်ဒဏ်ရာမဖြစ်စေရန်သာ အားထုတ်နိုင်သည်။
"ဝိညာဥ်ထိခိုက်တာတော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပေါ့။ ငါ အနုသုခုမရုပ်ခန္ဓာအဆင့် ရောက်ရင်တော့ ကုသနိုင်လိမ့်မယ်" မန်ဟိုသည် အလေးအနက်တွေးရင်း ထိုင်နေပြီးနောက် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းကာ ဖြေးဖြေးချင်း ထရပ်လိုက်သည်။ သူသည် မိုးရွာနေသေးလား ကြည့်ရန် ကျင့်ကြံခြင်းဂူအပြင်သို့ လမ်းလျှောက်ထွက်လာ၏။ တဖျောက်ဖျောက်ကျသော မိုးရေစက်များသည် ဆောင်းဦး၏အေးစိမ့်မှုကိုပါ တစ်ပါတည်းသယ်ဆောင်လာသည်။ မန်ဟိုသည် အဝေးသို့ ငေးကြည့်နေပြီး သူ၏မိုးပြာရောင်ဝတ်ရုံရှည်မှာ လေအဝှေ့တွင် တဖျပ်ဖျပ်လွင့်နေလေသည်။
"အမြုတေဖြစ်တည်မှုအဆင့်....." သူ၏မျက်လုံးများ လင်းလက်သွားသည်။ အနုသုခုမရုပ်ခန္ဓာအဆင့်ရောက်ရှိရန် မည်မျှခက်ခဲသည်လဲ တွေးစရာပင် မလိုပေ။ ရုတ်တရက် ဝမ်တန်ဖေး၏ တာအိုအစောင့်အရှောက်၊ အမြုတေဖြစ်တည်မှုကျင့်ကြံသူ ဝမ်ချီဖန်းကို သူ သတိရလိုက်သည်။
ထိုနှစ်များက သူ့အကြည့်တစ်ချက်ကပင် မန်ဟို့ကို သေလုနီးပါး ဖြစ်စေခဲ့သည်။ ယခုတွင် ထိုလူ သူ့ကို မြင်ပါက အံ့အားသင့်သွားလိမ့်မည်ဟု မန်ဟို ယုံကြည်လေသည်။
မန်ဟိုသည် မှီခိုရာဂိုဏ်းမှ ဆရာကြီးအိုးရန်နှင့် ဆရာကြီးဟယ်လောဟွာ အကြောင်း ပြန်တွေးရင်း အတွေးထဲနစ်မြောနေလေသည်။ သူသည် ကျိုးပြည်မှ အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူများအကြောင်းလည်း တွေးနေ၏။ တဖြေးဖြေး သူ၏မျက်လုံးများမှာ လင်းလက်တောက်ပလာတော့သည်။
"ငါ့မှာ တာအိုမဏ္ဍိုင် ၁၀ ခု နဲ့ ပြီးပြည့်စုံတဲ့ အခြေရှိတယ်။ ငါ အမြုတေဖြစ်တည်မှုအဆင့်နဲ့တောင် တိုက်ခိုက်နိုင်တယ်..... ကောင်းကင်နဲ့မြေကြီးရဲ့ စိတ်ဝိညာဥ်စွမ်းအင်ကနေ ဖြတ်တောက်ခံရင် ခံရမယ် ဒါမဲ့ ငါက ဒီအဆင့်မှာ အစွမ်းထက်ဆုံးဖြစ်လာပြီ။ ငါ ဒီလမ်းကြောင်းကို ဆက်လျှောက်ရမယ်။ ငါ့မှာ အခု ပြီးပြည့်စုံတဲ့အခြေရှိပြီ....နောက်ရှိရမှာကတော့ ပြီးပြည့်စုံတဲ့ ရွှေအမြုတေပဲ" ထိုအတွေးက သူ့ကို ရင်ခုန်သံများ မြန်ဆန်နေစေသည်။ "ငါ့ဝိညာဥ်ထိခိုက်ထားတာကိုတော့ စောင့်ရမှာပဲ" သူသည် ကျင့်ကြံခြင်းအား စတင်အားထုတ်ခဲ့တုန်းကကဲ့သို့ လူငယ်လေးမဟုတ်တော့ပေ။ ယခုတွင် ၄င်းနှင့်အတူပါဝင်နေသည့်အရာအားလုံးအား လေးလေးနက်နက် နားလည်နေပြီဖြစ်သည်။ ဥပမာ တောင်ပိုင်းဒေသ၏ ကျင့်ကြံခြင်းလောကတွင် အမြုတေဖြစ်တည်မှုအဆင့်အား အဆင့်သုံးဆင့် ခွဲထားကြောင်း သူသိသည်။ ခရမ်းရောင်သည် ထိပ်ဆုံးဖြစ်ပြီး ၄င်းအောက်တွင် လိမ္မော်ရောင်၊ ကြက်သွေးရောင်နှင့် အစိမ်းရောင်ဟူ၍ ရှိပြီး အောက်ဆုံးက ရောနှောအဆင့်ဖြစ်သည်။
နည်းလမ်းအမျိုးမျိုးနှင့် ပင်ကိုယ်စွမ်းရည်အသီးသီးအပေါ် မူတည်၍ မတူညီသော အမြုတေများ ဖြစ်တည်လာသည်။ ဥပမာဆိုရလျှင် ဇီယွင်ဂိုဏ်း၏ အရှေ့အရပ်မှ ခရမ်းရောင်ချီက ခရမ်းရောင်အမြုတေကို ဖန်တီးပေးနိုင်သည်။ အခြားဂိုဏ်းနှင့်မျိုးနွယ်စုများအတွက်မူ သူတို့၏ရွေးချယ်ခံဂိုဏ်းသားများ ခရမ်းရောင်အမြုတေ ဖန်တီးရန် အခွင့်အရေးပေးဖို့ လျှို့ဝှက်မှော်ပညာရပ်များ ရှိစမြဲ ဖြစ်သည်။
မတူကွဲပြားသော အမြုတေများက မတူကွဲပြားသော အမြုတေချီိကို ဖန်တီးပေး၏။ ဟုတ်ပါသည်၊ အမြုတေအဆင့်မြင့်လေလေ၊ အမြုတေချီ ထုတ်ပေးနိုင်စွမ်း ပိုများလေလေ ဖြစ်ပြီး မြန်လေလေ ဖြစ်သည်။ သိသာစွာပင် အမြုတေချီကလည်း များစွာပို၍ အစွမ်းထက်ပေလိမ့်မည်။
များသောအားဖြင့် ခရမ်းရောင်အမြုတေနှင့် ကျင့်ကြံသူများအကြား၌ ကိုးဆယ်ရာခိုင်နှုန်းသည် အမြုတေချီကို စဦးပိုင်းအဆင့်တွင် ကျင့်ကြံနိုင်၏။ လိမ္မော်ရောင်၊ ကြက်သွေးရောင်နှင့်အစိမ်းရောင် အမြုတေတို့ကတော့ ပေါင်းစပ်ခြင်းမှရရှိသော အမြုတေများဖြစ်၍ အလယ်အလတ်အဆင့်တွင် အမြုတေချီ ထုတ်လွှတ်နိုင်သည်။ အနက်ရောင်နယ်မြေ မိုးပြာရောင်မျက်နှာဖုံးကျင့်ကြံသူနှစ်ယောက်မှာမူ ရွေးချယ်ခံများဖြစ်ပြီး သူတို့၏လိမ္မော်ရောင်အမြုတေချီများမှ ခရမ်းရောင်ချီအမြုတေစွမ်းအားကို တစ်နည်းနည်းဖြင့် ထုတ်နိုင်ခဲ့လေသည်။
ရောနှောအမြုတေများသည် အရောင်မျိုးစုံပါရှိပြီး အနိမ့်ဆုံးအဆင့်ဖြစ်၏။
မှန်ပါသည် ၊ ပြီးပြည့်စုံသောအမြုတေကတော့ ရွှေရောင်ဖြစ်ကြောင်း မန်ဟိုသိသည်။
ပြီးပြည့်စုံသော ချီအခြေတည်ဆေးလုံးကဲ့သို့ ပြီးပြည့်စုံသော ရွှေအမြုတေဆေးလုံးလည်း ရှိလေသည်။ ခရမ်းရောင်အမြုတေကို ဖန်တီးပြီး ပြီးပြည့်စုံသော ရွှေအမြုတေဆေးလုံးကို သောက်လျှင် သူသည် အမြင့်ဆုံးဖြစ်သော ရွှေအမြုတေကို ရရှိမည်ဖြစ်သည်။
ထိုသို့ဖြစ်ပျက်သောအခါ မိုးကြိုးပြစ်ဒဏ်ကို သူရင်ဆိုင်ရပေမည်။
ယခင်က ထိုကဲ့သို့အရာများမှာ မန်ဟို့အတွက် အလှမ်းဝေးခဲ့သော်လည်း ယခုတွင် သူသည် ပြီးပြည့်စုံသောအခြေ၏ မဟာစက်ဝန်းကို ပြီးမြောက်ထားသဖြင့် အမြုတေဖြစ်တည်မှုကား လက်တစ်လှမ်းသာ လိုတော့လေသည်။
သူသည် သည်းထန်စွာ ရွာသွန်းနေသော မိုးရေများကို ငေးကြည့်နေ၏။ နောက်ဆုံး၌ ကျင့်ကြံခြင်းဂူအတွင်းရှိ အဆိပ်မြူကို စုစည်းရန် သူ၏အင်္ကျီလက်ကို ခါလိုက်သည်။ ၄င်း သူ့လက်ဖဝါးပေါ်တွင် စုဝေးလာပြီးနောက် သူက ၄င်းကို သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်သည် ရိပ်ခနဲ အဝေးသို့ထွက်သွားတော့သည်။
ရက်အနည်းငယ်ကြာသော် မန်ဟိုတစ်ယောက် မျက်မှောင်ကြုတ်ရင်း လေလယ်တွင် ရပ်နေသည်။ သူ့ခေါင်းပေါ်တွင် အသားဂျယ်လီက ဦးထုပ်အသွင်ပြောင်း၍ နေရာယူထားပြီး ကျွတ်ကျွတ်ညံနေချေသည်။ "လူယုတ်မာ၊ လူယုတ်မာသုံးကောင်။ မန်ဟို မင်းက ငါမလုပ်ချင်တာကို အတင်းလုပ်ခိုင်းနေတာပဲ။ မင်းက ငါ့ခံစားချက်တွေကို အခွင့်ကောင်းယူခဲ့တယ်။ ငါ့အကူအညီကိုလည်း အခွင့်ကောင်းယူတယ်..."
လွန်ခဲ့သည့်နှစ်ရက်က ၄င်းမှာ လူယုတ်မာများအား မရပ်မနားတောင်းနေခဲ့လေသည်။ သို့သော် ဤတောင်ပိုင်းဒေသ၏ အနောက်ဘက်နယ်မြေတွင် ကျင့်ကြံသူဟူ၍မရှိပေ။ သူတို့အားလုံးက တာအိုရေပူစမ်းပျောက်ကွယ်သွားသည်နှင့် ထွက်သွားကြလေသည်။ မန်ဟို့မှာ မည်သည့်လူယုတ်မာကိုမှ မရှာနိုင်ဖြစ်နေ၏။
ထို့ကြောင့်.... အသားဂျယ်လီကား ဒေါသအိုးပေါက်ကွဲနေတော့သည်။
"မင်း ဘာလို့ ဒီလောက် အကျင့်သိက္ခါမရှိတာလဲကွ။ လွန်လွန်းတယ်.....ငါ့လူယုတ်မာတွေ၊ ငါ့လူယုတ်မာသုံးကောင်" ၄င်းမှာ စကားပြောလေလေ၊ သည်းမခံနိုင်လေလေ ဖြစ်နေတော့သည်။
မန်ဟိုက ချောင်းဖွဖွ ဟန့်လိုက်သည်။ သူ၏မျက်နှာမှာ ရှုံ့မဲ့နေသော်လည်း အထူးသဖြင့် ဇီယွင်ဂိုဏ်းတွင် နေထိုင်ပြီးနောက် အသားဂျယ်လီ၏ အကြိမ်ကြိမ်အနှောင့်အယှက်ပေးနေမှုအား အသားကျနေလေပြီ။ ထို့ကြောင့် သူ့မှာ ၄င်းအား မနားတမ်း စကားပြောခွင့်ပေးထားတော့သည်။
နောက်ထပ်သုံးရက် မရပ်မနားပြောပြီးနောက်ဆုံး အသားဂျယ်လီ ခဏရပ်သွားသည်။ မန်ဟိုက လည်ချောင်းရှင်းပြီး စကားစပြောသည်။ "ကျုပ် အမြုတေဖြစ်တည်မှုအဆင့်ရောက်ရင် ကြေးမုံကနေ ကြက်တူရွေး ထွက်လာနိုင်တယ်လို့ ခင်ဗျားပြောခဲ့သလားလို့" သူ့မှာ ဤမေးခွန်းလေးမေးဖို့ သုံးရက်စောင့်ခဲ့ရလေသည်။
"အမှန်ပဲ" အသားဂျယ်လီ စူးစူးဝါးဝါးအော်ပြောသည်။ "အမြုတေဖြစ်တည်မှုအဆင့်ရောက်ပြီးရင် အဲ့ယုတ်မာပြီး အရှက်မရှိတဲ့ အောက်တန်းစား အကောင်စုတ် ပေါ်လာလိမ့်မယ်။ ငါ အဲ့နေ့ရောက်ဖို့ အကြာကြီးစောင့်နေခဲ့ရတာ။ ဒီဘဝမှာတော့ အဲ့ကောင်ကို ပြောင်းပစ်မယ်" အသားဂျယ်လီက ထိန်းမနိုင်သိမ်းမရလောက်အောင် မနားတမ်းပြောတော့သည်။ ယခုတွင် လူယုတ်မာအကြောင်း ပြောမည့်အစား ၄င်းကား လျှို့ဝှက်ဆန်းကြယ်ကြက်တူရွေးအကြောင်း ပြောနေလေပြီ။
မန်ဟို အနည်းငယ် စိတ်သက်သာရာရသွားသည်။ နောက်ဆုံးတော့ အသားဂျယ်လီကို ကိုင်တွယ်နိုင်သည့်နည်းလမ်းအား ရှာတွေ့ခဲ့လေပြီ။ လုပ်ရမှာက ၄င်းအား ပြောစရာခေါင်းစဥ်များ ဆက်တိုက်ပေးနေရန်ပင်။ ပုံမှန်အားဖြင့် ခေါင်းစဥ် တစ်ခုနှစ်ခုပြီးလျှင် ၄င်းသည် အရင်က ဘာအကြောင်းတွေးနေခဲ့သည်လဲ မေ့သွားလိမ့်မည်။ ဤနည်းဖြင့် ဟိုဟိုသည်သည်လွှဲပေးခြင်းက ၄င်းနှင့် ရင်ဆိုင်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။
မန်ဟိုက တရိပ်ရိပ်ပျံသန်းနေပြီး အသားဂျယ်လီက ပေါက်ပေါက်ဖောက်နေလေသည်။ ထိုအတိုင်း ခုနစ်ရက်ကြာပြီး နောက်ဆုံး ၄င်း ခဏနားလေသည်။
သို့သော် ၄င်းမနားနိုင်ခင် မန်ဟိုက ပြောသည်။ " ဘယ်သူက ပိုအစွမ်းထက်တယ်လို့ထင်လဲ ခင်ဗျားလား၊ အဲ့ဒီကြက်တူရွေးလား"
မန်ဟို့၏ စကားလုံးများက စော်ကားရာရောက်လေရာ ၄င်းမှာ နောက်တစ်ဖန် ဆွေ့ဆွေ့ခုန်သွားတော့သည်။ ၄င်း၏တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရီလာပြီး ဒေါသငယ်ထိပ်ရောက်သွားလေပြီ။ "ငါပေါ့ဟ၊ သေချာပေါက် ငါပေါ့။ ခမ်းနားကြီးကျယ် သာလွန်ထူးကဲ ထက်မြက်ပြီး ချောမောတဲ့ သေချာပေါက် ငါပဲ။ အဲ့သောက်ရှက်မရှိတဲ့ငှက်က ငှက်တစ်ကောင်ထက်မပိုဘူး။ ငါ သူ့ကို ပြောင်းလဲပစ်မယ်၊ မှတ်လောက်သားလောက်အောင် ပညာပေးဦးမှာ"
"အခုတလော လီမျိုးနွယ်စုခေါင်းဆောင်ကြီး ဘယ်လိုနေလဲ" မန်ဟိုက အလျင်အမြန်မေးသည်။ "အချိုးပြေရဲ့လား"
အသားဂျယ်လီမှာ တခဏ ပါးစပ်အဟောင်းသား ဖြစ်သွားး၏။ "လီမျိုးနွယ်စုခေါင်းဆောင်ကြီး ။ ချီး ချီး ၊ သူ အခုတလော အချိုးမပြေဘူး။ သူ့ရဲ့ယုတ်မာကောက်ကျစ်မှုက မတိုင်းထွာနိုင်အောင်ပဲ။ ငါ သူ့ကို နည်းနည်းပါးပါး သွားဆုံးမလိုက်ဦးမယ်" ၄င်းမှာ ဒေါသအားလုံး မည်သူ့ကို ပုံချရမည်လဲ ရုတ်တရက်တွေးမိလိုက်ပုံရသည်။ ၄င်းသည် ဘန်းခနဲ အငွေ့အသွင်ပြောင်းကာ မန်ဟို့ သိုလှောင်အိတ်ထဲရှိ မျက်နှာဖုံးထဲသို့ တက်ကြွစွာ ဝင်ရောက်သွားတော့သည်။
နောက်ဆုံးတော့ မန်ဟိုမှာ သက်ပြင်းအရှည်ကြီး ချနိုင်သွား၏။
"နောက်ဆုံးတော့ နားအေးသွားပြီ...."
သူက ဘေးဘီဝဲယာကို ဝေ့ကြည့်လိုက်သည်။ သူသည် ဇီယွင်ဂိုဏ်းသို့ ချက်ချင်း ပြန်လိုစိတ်မရှိပေ။ အနီးနားရှိ ကျင့်ကြံသူများမြို့တော်တချို့ကို အလည်အပတ်သွားပြီး ဝိညာဥ်ကျောက်တုံးအနည်းငယ် ရရှိနိုင်သည့် ဆေးလေလံပွဲများအား ရှာချင်သေးသည်။
သို့သော် သူ မည်သည့်ဘက်သို့ ခရီးထွက်သင့်သည်လဲ ဆုံးဖြတ်ရန် ပတ်ဝန်းကျင်ကို အကဲခတ်နေစဥ် သူ၏မျက်နှာအမူအရာ ရုတ်တရက် လက်သွားသည်။ သူက သိုလှောင်အိတ်ကို ခဏ ငုံ့ကြည့်ပြီးနောက် ဆေးပေါင်းဖိုတံဆိပ်ကို ထုတ်လိုက်သည်။ ၄င်းက ခရမ်းရောင်အလင်းဖြင့် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေလေ၏။ သူက တံဆိပ်အပေါ် ဖိချလိုက်ရာ ရုတ်တရက် ရှေးဆန်သော အသံကြီးအသံ သူ့ခေါင်းထဲ၌ ပြည့်နှက်သွားသည်။
"ဟေး ကလေး ပျော်လို့ဝပြီလား။ အလေလိုက်မနေနဲ့တော့။ လေးရက်အတွင်း မင်းကို ပြန်ရောက်လာစေချင်တယ်။ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်အဆင့်အတွက် မီးလျှံစမ်းသပ်ပွဲ ကောင်းကင်နယ်မြေမှာ စတင်တော့မယ်။ ဒီမီးလျှံစမ်းသပ်ပွဲ ဘယ်အချိန် ဘယ်လို ကျင်းပတယ် ဆိုတာကတော့ ငါ့စိတ်အခြေအနေပေါ် မူတည်တာပေါ့ကွာ။ အခုကနေစပြီး လေးရက်နေရင် စမှာ၊ ပြီးတော့ ပါဝင်တဲ့ လူတိုင်း ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ဖြစ်ဖို့ အခွင်အရေးရှိတယ်။ မင်း တတ်နိုင်သမျှ မြန်မြန်ပြန်မလာနိုင်ရင် ဝင်ပြိုင်ဖို့ အခွင့်အရေးဆုံးရှုံးရလိမ့်မယ်"
***