တုန်းလိုင်တောင်
Vol. 20 Ch. 277
အသံကြီး သူ့စိတ်ထဲတွင် တစတစပျောက်ကွယ်သွားစဥ် မန်ဟို့မှာ မျက်လုံးအပြူးသားနှင့် ဆေးပေါင်းဖိုတံဆိပ်ကို တခဏကြောင်ကြည့်နေမိလေသည်။ လေသံအရ စကားပြောနေသူမှာ သူနှင့် အလွန်ရင်းနှီးသယောင်ထင်ရသည်။
လေသံက ပုံမှန်စကားပြောသလို အေးအေးလူလူပြောသွားခဲ့သည့်အတွက် မန်ဟို့အား ပို၍ပင် အံသြနေစေသည်။
သို့သော် သူစိမ်းတစ်ယောက်၏ အသံဖြစ်သည်ကတော့ သေချာလေသည်။ မန်ဟို ၄င်းကို ယခင်က တစ်ခါမှ မကြားခဲ့ဖူးပေ။ သူသည် ခဏ မျက်မှောင်ကြုတ်နေပြီးနောက် အလင်းတန်းအသွင်ပြောင်းကာ ထွက်သွား၏။ သို့သော် သိပ်ဝေးဝေးမရောက်မီ သူက ရုတ်တရက် ရပ်လိုက်ပြီး ဆေးပေါင်းဖိုဘုရင်ဆွဲပြားကို ငုံ့ကြည့်သည်။ သူ၏မျက်လုံးများ တခဏကျဥ်းမြောင်းသွားပြီးနောက် စတင်တောက်ပလာလေသည်။ ထိုတောက်ပနေသော အလင်းရောင်အတွင်းတွင် ဒေါသ အနည်းငယ်လည်း ပါရှိသည်။
"ဒါ ဘယ်သူ့အသံလဲ ငါသိပြီ။ သူ့စိတ်အခြေအနေပေါ်မူတည်ပြီး..... ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် မီးလျှံစမ်းသပ်ပွဲကို ကျင်းပပိုင်ခွင့်ရှိတဲ့သူ.... ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်တွေအပြင် ဒီလောက်အကွာအဝေးကို အသံပို့လွှတ်ပေးနိုင်တဲ့ တစ်ယောက်တည်းသော လူက......
"ဆေးလုံးမိစ္ဆာ" မန်ဟို အံကြိတ်လိုက်သည်။ သူ့မှာ သွားရုံမှတစ်ပါး တကယ့်ကို ရွေးချယ်စရာမရှိပေ။
"ငါ့ပျက်စီးခြင်းဆေးလုံး။ ငါ့ဝိညာဥ်ကျောက်တုံး သိန်းနှစ်ထောင်......" မြောက်မြားလှသော စိတ်ဝိညာဥ်ကျောက်တုံးများအကြောင်း ပြန်တွေးမိလိုက်သည်နှင့် မန်ဟို ရင်နာရလေသည်။ ယင်းအဖြစ်မှာ သူ ခုခံနိုင်စွမ်းမဲ့နေစဥ် တစ်ယောက်ယောက်က သူ့အိတ်ထဲမှ အဖိုးထိုက်ရတနာတစ်ပါးကို ထုတ်ပြီး သူ့မျက်စိရှေ့တွင် ဆွဲပြနေသည်နှင့်တူသည်။
ဇီယွင်ဂိုဏ်းတွင် ခရမ်းရောင်ဆေးပေါင်းဖိုများအပြင် သူက မဟာအကြီးအကဲဆေးဒယ်အိုးဖြစ်ကြောင်း သိလောက်သောလူမှာ ဆေးလုံးမိစ္ဆာတစ်ယောက်သာ ရှိသည်။
ဆေးလုံး၏ရာထူးအဆင့်အတန်းအရ သူသာ တစ်ခုခုသိလိုပါက သူထံမှ မည်သည့်လျှို့ဝှက်ချက်ကိုမဆို ထိမ်ချန်၍ရမည် မဟုတ်ပေ။
တကယ်တမ်း မန်ဟိုသည် မဟာအကြီးအကဲဆေးဒယ်အိုးဆိုသော သူ၏အဆင့်အတန်းကို ဖုံးကွယ်ရန် ဘာမှမလုပ်ခဲ့ပေ။ သူ မည်သူဖြစ်ကြောင်း ကိုယ်တိုင်မကြေညာခြင်းသာ ရှိသည်။ ဆေးလေလံပွဲတွင် ပါဝင်ရသည့် သူ၏မူလရည်ရွယ်ချက်မှာ ဂုဏ်သတင်း နည်းနည်းပါးတိုးရုံအတွက်သာ မဟုတ်ပါလော။ ပျက်စီးခြင်းဆေးလုံးက ထိုမျှ အုတ်အော်သောင်းနင်းဖြစ်စေလိမ့်မည်ဟု သူ တစ်ခါမှ စိတ်မကူးခဲ့ဖူးပေ။ သူ၏ နောက်ဆက်တွဲ သတိထားခြင်းက တောင်ပိုင်းဒေသတစ်ခုလုံးကို မဟာအကြီးအကဲဆေးဒယ်အိုးအစစ်အမှန်က မည်သူဖြစ်ကြောင်း ထင်ကြေးများပေးလာစေခဲ့သည်။
သူ့မှာ ဆေးပေါင်းဖိုဘုရင်တံဆိပ်ကို ကြည့်ပြီး စောစောက သူ့ခေါင်းထဲ ဝင်ရောက်လာသော အသံကြီးကို သတိရလိုက်သဖြင့် သက်ပြင်းဖွဖွ ချမိသွားသည်။ သူက မဟာအကြီးအကဲဆေးဒယ်အိုးဖြစ်သည်ကို ဆေးလုံးမိစ္ဆာ တစ်ချိန်လုံး သိနေခဲ့ကြောင်း သိသာလေသည်။
မန်ဟို ရုတ်တရက် ဒေါသထွက်သွားသည်။ "ကျုပ်က တောင်ပိုင်းဒေသတစ်ခွင်လုံးမှာ နာမည်ကြီးနေတာ ခင်ဗျား သိသားပဲ။ ဘယ်ဂိုဏ်းမဆို ကျုပ်ကို မဟာအကြီးအကဲဆေးဒယ်အိုးအဖြစ် အလုပ်လုပ်ပေးဖို့ တောင့်တနေတာ။ ဒါတောင် ခင်ဗျားက ဘာလို့ ကျုပ်ကို ဝိညာဥ်ကျောက်တုံးတွေ မပေးသေးတာတုန်း"
သို့သော်လည်း ဘာမှမတတ်နိုင်ပေ။ ဆေးလုံးမိစ္ဆာမှာ အရှေ့ဆေးဝါးအဖွဲ့တွင် ဂိုဏ်းချုပ်တစ်ယောက်နှင့်တူလေသည်။ သူ သူ့ကို တစ်ပတ်ရိုက်ချင်လျှင် မန်ဟိုတတ်နိုင်သည့်အရာ ဘာဆိုဘာမှမရှိပေ။ သူ့မှာ ဝိညာဥ်ကျောက်တုံးများကို အလွယ်လေး ထ တောင်းဆို၍မရချေ။
"ယွင်ကျဲစီရင်စုမှာဆိုရင် ငွေတိုးချီးစားသူတွေက အမြဲကပ်စေးနှဲတယ်။ လူတွေကို အခွင့်မကောင်းမယူရရင် အရှုံးပေါ်တယ်လို့ကို သတ်မှတ်တာ။ ကျင့်ကြံခြင်းကမ္ဘာလည်း အဲ့နိယါမအတိုင်းပဲ ထင်တယ်။ ဝိညာဥ်ကျောက်တုံး များများပိုင်လေလေ၊ ကပ်စေးနှဲလေလေ" မန်ဟိုမှာ သက်ပြင်းချပြီးနောက် အလင်းတန်းအသွင်ဖြင့် နောက်တစ်ဖန် ထွက်သွားလေသည်။
"ခင်ဗျား ကျုပ်ကို ဝိညာဥ်ကျောက်တုံး သိန်းနှစ်ထောင် အကြွေးတင်နေတယ်။ အခု ကျုပ်မှာ ဝိညာဥ်ကျောက်တုံး တစ်တုံးတောင် ကျန်မနေဘူးဗျ....." မန်ဟိုကား မျက်နှာသုန်မှုန်စွာဖြင့် တွေးနေတော့သည်။ သူ့မှာ ပြောင်တလင်းခါနေသော သိုလှောင်အိတ်နှင့် ဝိညာဥ်ကျောက်တုံး သိန်းနှစ်ထောင်အကြောင်း တွေးမိလျှင်ကို တည်တည်တန့်တန့် မနေနိုင်တော့ပေ။
"လေးရက်အတွက် ဂိုဏ်းပြန်ရောက်မယ်။ အခု ငါ တော်တော့်ကိုဝေးနေသေးတယ်...." သူက အရှိန်တင်လိုက်သည်။
"ခရမ်းရောင်ဆေးပေါင်းဖိုရင်အဆင့် မီးလျှံစမ်းသပ်ပွဲ.... သောက်ရူးကြီး ဆေးလုံးမိစ္ဆာ ငါ့ဝိညာဥ်ကျောက်တုံးတွေ ယူထားပြီး အပြစ်သလို ခံစားနေရလို့ ငါ့ကို ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ဖြစ်ဖို့ အခွင့်အရေးပေးတာများလား" သူ၏မျက်လုံးများ ရုတ်တရက် တဖျပ်ဖျပ်လက်လာပြီး သူ့နှလုံးသားမှာ စိတ်အားထက်သန်စွာ တဒိန်းဒိန်း ခုန်လာတော့သည်။ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ဖြစ်လာခြင်းက အခွင့်အရေး၊ အကျိုးအမြတ်ပေါင်းများစွာဖြင့် လာမည်ကို သူသိလေသည်။
နှစ်တစ်ထောင်ကြာပြီးနောက်တွင် ဇီယွင်ဂိုဏ်း၌ လောလောဆယ် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ရှစ်ယောက်သာ ရှိသည်။ နောက်ဆုံးတွင်တော့ ကိုးယောက်မြောက် ရောက်လာပေတော့မည်......
မန်ဟိုမှာ အသက်ရှူသံများ မြန်နေပြီး သူ့ကိုယ်သူ ပို၍မြန်အောင် တွန်းလိုက်သည်။
"လေးရက်..... ဘာကြီးပဲဖြစ်နေပစေ ငါ လေးရက်အတွင်း ဂိုဏ်းကို ပြန်ရမယ်" သူသည် ရောင်စုံအလင်းတန်းအသွင်ဖြင့် တဟုန်ထိုးသွားနေလေသည်။ သူသည် အနောက်ဘက်နယ်မြေတွင် ထင်ရှားကျော်ကြားလာခဲ့ပြီး ကျင့်ကြံခြင်းအလြေခံလည်း အဆင့်တက်သွားခဲ့သည်။ ယခု ဂိုဏ်းသို့ ပြန်ခေါ်နေရပြန်လေပြီ။ ဤအရာအားလုံးမှာ တစ်ဦးတစ်ယောက်၏ လျှို့ဝှက်အကြံအစည်ကြီးအလား ထင်ရသည်။ သူ့မှာ ကိစ္စတစ်ရပ်လုံး၏ ရုတ်တရုတ်ဆန်လွန်းမှုနှ င့်ပတ်သက်၍ စိုးရိမ်မနေရန် ဆုံးဖြတ်လိုက်သည်။
သူသည် သက်ပြင်းချပြီး သူ၏ပူပန်မှုများကို လွှတ်ချလိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ ယခုတွင် သူဂိုဏ်းမှ ထွက်ခွာခဲ့စဥ်ကထက် အများကြီးခြားနားနေသော်လည်း ၄င်းအား ရှင်းပြရန် တာအိုရေပူစမ်းကို အသုံးပြုနိုင်သည်။ ထိုကိစ္စအား အချိန်အတော်ကြာစဥ်းစားပြီးနောက် ဂိုဏ်းအနေဖြင့် သူ့ကို တမင်အကွက်ချကြံစည်ထားခြင်း မဖြစ်နိုင်လောက်ကြောင်း မန်ဟို တွေ့လိုက်ရလေသည်။
ဇီယွင်ဂိုဏ်းမှာ တောင်ပိုင်းဒေသ၏ ထိပ်သီးဂိုဏ်းကြီးများထဲက တစ်ဂိုဏ်းမဟုတ်လော။ သူတို့သာ သူ့ကို မကောင်းကြံစိတ်များဖြင့် အရေးတယူလုပ်၍ လှည့်စားနေလျှင်တော့ သူ ဘာမှမတတ်နိုင်။ သူတို့အနေဖြင့် သူ့ကို အားထုတ်စရာမလိုဘဲ ဖမ်းနိုင်လေသည်။
ထို့ပြင် သူသည် ဇီယွင်ဂိုဏ်း၌ ငါးနှစ်ကျော် နေထိုင်ခဲ့ပြီးဖြစ်သည်။ ဂိုဏ်းက အရှေ့ဆေးဝါးအဖွဲ့၏ ထူးခြားသော နေရာများနှင့် အားနည်းချက်များကို ကောင်းကောင်းသိကြောင်း သူ နားလည်သည်။ အကုန်လုံး စဥ်းစားကြည့်ပြီးနောက် သူ၏စိုးရိမ်စိတ်များ အတော်လေး လျော့နည်းသွား၏။ သို့သော် သူသည် ပုံမှန်အတိုင်း သတိရှိနေမြဲသာ။ သူသည် အသုံးပြုနိုင်သမျှ နေရာရွှေ့ပြောင်းခြင်းမုခ်ဝတိုင်းအား အသုံးပြုရင်း ဇီယွင်ဂိုဏ်းထံ ပြန်သွားလေသည်။
သူ ရောက်ရှိသွားသည့် နေရာရွှေ့ပြောင်းခြင်းမုခ်ဝမှာ ဂိုဏ်း သို့မဟုတ် မျိုးနွယ်စုနှင့် သက်ဆိုင်လေသည်။ သူလုပ်စရာလိုသည်က ဆေးပေါင်းဖိုဘုရင်တံဆိပ် ထုတ်ပြံလိုက်ရုံသာ ဖြစ်ပြီး သူတို့က သူ့ကို ဖြတ်သန်းခွင့်ပြုမည်ဖြစ်သည်။ သူတို့မှာ ဆေးပေါင်းဖိုဘုရင်တစ်ယောက်အား သူတို့၏ နေရာရွှေ့ပြောင်းခြင်းကိရိယာများ အသုံးပြုခွင့်ပေးရသည်ကို ဝမ်းမြောက်ကြလေသည်။
လေးရက်သည် လျှပ်တပြက် ကုန်ဆုံးသွား၏။ သုံးရက်မြောက်နေ့ ညနှောင်းပိုင်း၊ လေးရက်မြောက်နေ့၏ မိုးသောက်ချိန် ရောက်ခါနီးတွင် မန်ဟိုတစ်ယောက် ဖရိုဖရဲ ဖုန်အလိမ်းလိမ်းဖြင့် ဇီယွင်ဂိုဏ်းပိုင်နက်ကို ရောက်လာသည်။ သူ့မှာ နေရာရွှေ့ပြောင်းခြင်းမုခ်ဝ နှစ်ဆယ်ကျော် အသုံးပြု၍ တောင်ပိုင်းဒေသ၏ တဝက်နီးပါးကို ကျော်ဖြတ်လာခဲ့ရလေသည်။
"သောက်အဘိုးကြီးဆေးလုံးမိစ္ဆာ။ မီးလျှံစမ်းသပ်ပွဲ စမယ့်နေ့ကို ရွေးရတယ်ဆိုရင်လည်း ချီးမလို့ လေးရက်မြောက်နေ့ ရွေးတာလား" မန်ဟို စိတ်ကြည်မနေသည့်အပြင် စိတ်ဓာတ်အနည်းငယ်ကျနေသေးသည်။ လေးရက်တည်းနှင့် နေရာရွှေ့ပြောင်းခြင်းမုခ်ဝ နှစ်ဆယ်ကျော် အသုံးပြုသော ဘယ်သူမဆို ခြေကုန်လက်ပန်းကျရမည်သာ ဖြစ်သည်။ ကံကောင်းထောက်မစွာ သူ့တွင် တာအိုမဏ္ဍိုင်ဆယ်ခုနှင့် များစွာပို၍ အားကောင်းသော စိတ်ဝိညာဥ်အာရုံရှိသည်။ သူ၏ယခင် ကျင့်ကြံခြင်းအခြေခံနှင့်ဆိုလျှင် ဤမျှအချိန်တိုအတွင်း နေရာရွှေပြောင်းခံရခြင်းက သူ့ကို သေလုမတတ် ပင်ပန်းစေခဲ့မည်ဖြစ်သည်။
မန်ဟို့မှာ လေးရက်မြောက်နေ့ကို တရားထိုင်ရင်း ကုန်ဆုံးချင်သော်လည်း အချိန်မရှိပေ။ သို့သော် မရပ်မနား ပျံသန်းခြင်းနှင့် နေရာရွှေ့ပြောင်းခြင်းမုခ်ဝများ အသုံးပြုခြင်းက အကျိုးမရှိဘဲ မနေပေ။ ကျင့်ကြံခြင်းအခြေခံ အဆက်မပြတ် လည်ပတ်နေခြင်းကြောင့် သူ၏ တာအိုမဏ္ဍိုင်ဆယ်ခုကား အပြည့်အဝ တည်ငြိမ်နေလေပြီ။ ယခုတွင် သူအနေဖြင့် အချိန်မရွေး အမြုတေဖြစ်တည်မှုအဆင့်သို့ တက်နိုင်၏။
မန်ဟိုကား ရင်ခုန်သံများ မြန်ဆန်နေလျက် ဇီယွင်ဂိုဏ်း ပိုက်နက်ထဲသို့ တဟုန်ထိုးထွက်သွားတော့သည်။ သူ တရိပ်ရိပ်ပျံသန်းနေစဥ် မိုးသောက်နေ၏ လင်းရောင်ခြည်တို့က ကောင်းကင်တွင် ယှက်သန်းလာနေသည်။ ရံဖန်ရံခါ သူ၏ဝတ်ရုံကို မြင်သည်နှင့် အံ့အားသင့်သွားပြီးနောက် လေးလေးစားစား လက်ယှက်အရိုအသေပေးသော ကျင့်ကြံသူများနှင့် သူကြုံတတ်သည်။
ဤသည်မှာ ဇီယွင်ဂိုဏ်း၏ပိုင်နက်ဖြစ်သည့်အတွက် အခြားဂိုဏ်းနှင့် မျိုးနွယ်စုအားလုံးသည် ဇီယွင်ဂိုဏ်းနှင့် တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်လျက်ရှိသည်။ သို့ဖြစ်၍ သူ၏ဝတ်ရုံနှင့် အဆင့်အတန်းက လေးလေးနက်နက် လေးစားခံရစေသည်။
သူသည် ဇီယွင်ဂိုဏ်းနှင့် ဆရာကြီးဇီတုန်၏ ဧရာမရုပ်တုကြီးကို ခပ်လှမ်းလှမ်းတွင် လှမ်းမြင်လိုက်သည်။ မနက်အစောကြီးရှိသေးသော်လည်း မန်ဟိုမှာ ပင်ပန်းပြီး ထိုင်းမှိုင်းနေလေသည်။ သူ ဂိုဏ်းသို့ ချဥ်းကပ်လာသည်တွင် ယခင်က ငြိမ်သက်နေသော လေထုမှာ ရုတ်တရက် လှိုင်းဂယက်များ ထလာသည်။
မန်ဟိုက လှိုင်းဂယက်များကို လျစ်လျူရှုပြီး အမြင့်ဆုံးအရှိန်ဖြင့် ဆက်လက်ပျံသန်းနေသည်။ လှိုင်းဂယက်များက တခဏ ရိုက်ခတ်နေပြီးနောက် အသံမထွက်ဘဲ ပျောက်ကွယ်သွားလေသည်။
ဤလှိုင်းဂယက်များက ဇီယွင်ဂိုဏ်းမှမဟုတ်သော အနုသုခုမရုပ်ခန္ဓာအဆင့် သို့မဟုတ် ထို့ထက်နိမ့်သည့် မည်သည့်ကျင့်ကြံသူကိုမဆို ချက်ချင်း သုတ်သင်ပစ်နိုင်၏။
မန်ဟိုက လေကို ခွင်း၍ လာနေလေသည်။ လမ်းတစ်လျှောက်တွင် သူသည် ခရမ်းရောင်ချီအဖွဲ့မှ ဂိုဏ်းသားတော်တော်များများနှင့် ပက်ပင်းတိုး၏။ သူတို့က လုံးဝမှင်သက်နေသော အမူအရာများဖြင့် မန်ဟို့ကို ကြည့်ကြလေသည်။
ဤအမူအရာများကို ကြည့်ရင်း မန်ဟို့ ခံစားချက်သိပ်မကောင်းတော့ပေ။ ရုတ်တရက် သူက လှည့်လိုက်ရာ ခရမ်းရောင်ချီအဖွဲ့မှ သူသိသော ရွေးချယ်ခံဂိုဏ်းသားတစ်ယောက်နှင့် မျက်နှာချင်းဆိုင်လျက်သား ဖြစ်သွားသည်။ "ဖန်မု မင်း ဘာပြန်လာလုပ်တာတုန်း"
မန်ဟိုက ခဏရပ်ပြီး သူ့ကို ပြန်လှည့်ကြည့်သည်။ "ဟေး အစ်ကိုကြီးစုန့်..... ကျုပ် အတွေ့အကြုံနည်းနည်းပါးပါးရဖို့ ဂိုဏ်းအပြင်ရောက်နေတာ ၊ ဒါမဲ့ အခု လေ့ကျင့်ရေး ပြီးသွားပြီ.... "
"မင်း အခုလေးတင် လေ့ကျင့်ရေးက ပြန်လာတာပေါ့ ဟုတ်လား၊ မင်း တုန်းလိုင်တောင်ကို မြန်နိုင်သမျှမြန်မြန် သွားတာ ကောင်းမယ်။ အရှေ့ဆေးဝါးအဖွဲ့ရဲ့ ဆေးဝါးကျွမ်းကျင်ပညာရှင်တွေ၊ ဆေးပေါင်းဖိုဘုရင်တွေအားလုံး နေတောင်မထွက်သေးဘူး အဲ့သွားနေကြပြီ။ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် မီးလျှံစမ်းသပ်ပွဲ စတော့မယ်ပြောတယ်"
"တုန်းလိုင်တောင်" တောင်၏ပုံရိပ် မန်ဟို့စိတ်ထဲ၌ ချက်ချင်းပေါ်လာသည်။ ၄င်းသည် ဇီယွင်ဂိုဏ်းမှ အတော်လေးလှမ်းသော တုန်းလိုင်ပြည်၏ အရှေ့ဘက်တွင် ရှိလေသည်။
"အေး ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်အဆင့်အတွက် မီးလျှံစမ်းသပ်ပွဲက တခြားဂိုဏ်းတွေ မျိုးနွယ်စုတွေကြားမှာ တော်တော်လေး ပွက်လောရိုက်သွားစေတယ်ကွ။ ဝါရင့်ဂိုဏ်းဝင်တွေတောင် ဘာတွေဖြစ်မလဲ ကြည့်ဖို့ ရောက်နေတာကြာပေါ့။ မင်း....." စုန့်၏ပါးစပ်မှ စကားလုံးများ ထွက်လာနေစဥ်မှာပင် မန်ဟိုက အသက်ပြင်းပြင်း ရှူသွင်းပြီး လက်ယှက်အရိုအသေပေးပြီးနောက် အလင်းတန်းအသွင်ဖြင့် ပျောက်ကွယ်သွားလေသည်။
သူ့မှာ စိတ်ဝိညာဥ်အာရုံဖြန့်ကျက်လိုက်ရာ တကယ့်ကို ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်မှ အရှေ့ဆေးဝါးအဖွဲ့တွင် ရှိမနေတော့ပေ။ သူကာ အဝေးသို့ လှစ်ခနဲ ထွက်သွားတော့သည်။
"သောက်ရူးကြီးဆေးလုံးမိစ္ဆာ" သူက အံကြိတ်ပြီး ပြောသည်။ "ဘာလို့ ရှင်းရှင်းမပြောတုန်း" သူ့မှာ ပင်ပန်းနေသည့်တိုင် အမြန်ဆုံးအရှိန်ဖြင့် ဆက်သွားနေရလေသည်။
တုန်းလိုင်တောင်သည် တုန်းလိုင်ပြည်အတွင်း၌ အထင်ရှားဆုံးတောင် ဖြစ်၏။ ၄င်းသည် မိုးထိအောင် မြင့်မားပြီး တစ်နှစ်ပတ်လုံး ၄င်း၏အပေါ်တစ်ပိုင်းမှာ အဖြူရောင်တိမ်တိုက်များဖြင့် လွှမ်းခြုံလျက်ရှိရာ ကောင်းကင်ဘုံအလား ထင်ရသည်။ ဤတောင်အကြောင်း ဒဏ္ဍာရီများစွာ တုန်းလိုင်ပြည်အတွင်း၌ တည်ရှိသည်။
၄င်း၏ထိပ်သည် ဆီးနှင်းရေခဲတို့ဖြင့် ဖုံးလျက်ရှိ၏။ သေမျိုးများအနေဖြင့် ထိုနေရာမျိုးသို့ တက်နိုင်မည်မဟုတ်ပေ။ ထိုမျှသာမက တောင်ကို ဇီယွင်ဂိုဏ်းကျင့်ကြံသူများက နှစ်တိုင်း အလှည့်ကျ စောင့်ကြပ်ကြသဖြင့် တားမြစ်နယ်မြေတစ်ခုပမာ ဖြစ်နေစေသည်။
ဇီယွင်ဂိုဏ်းသားများပင်လျှင် အထူးအမိန့်ဆွဲပြားမပါမချင်း ထိုတောင်သို့ တက်ခွင့်မရပေ။ သိသာစွာပင် ဇီယွင်ဂိုဏ်း၏ ထုံးတမ်းစဥ်လာ အခမ်းအနား မကျင်းပမချင်း အပြင်လူများအား ဘယ်တော့မှ တောင်ပေါ် တက်ခွင့်ပြုမည်မဟုတ်ပေ။
ကောလဟာလတစ်ခုအရ လွန်ခဲ့သည့်နှစ်တစ်ထောင်က ဇီယွင်ဂိုဏ်းသည် ယခုနေရာတွင် မဟုတ်ဘဲ တုန်းလိုင်တောင်ပေါ်တွင် တည်ရှိခဲ့သည်။ နောက်ဆုံး၌ အကြောင်းကိစ္စအမျိုးမျိုးကြောင့် ဂိုဏ်းအား ရွှေ့ပြောင်းခဲ့ကြသည်ဟု ဆိုကြလေသည်။
မည်သို့ဆိုစေ တုန်းလိုင်တောင်သည် ဇီယွင်ဂိုဏ်း၏ မျက်ခြေမပြတ်စောင့်ကြပ်နေမှု၏ အောက်တွင် ဖြစ်သည်။ အမှန်တွင် ၄င်းမှာ တားမြစ်နယ်မြေအစား အထွတ်အမြတ်နယ်မြေနှင့် ပိုတူသည်။
လောလောဆယ်တွင် ဧရာမဆေးပေါင်းဖိုကြီးတစ်လုံး တောင်ထိပ်တွင် နေရာယူထားလေသည်။ ပြူးထွက်နေသော မှော်သင်္ကေတများက ၄င်းကို ဖုံးလွှမ်းလျက်ရှိပြီး ၄င်းထံမှ ရှေးဆန်သောအငွေ့အသက် ထုတ်လွှတ်နေ၏။ နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိသော အချိန်၏အငွေ့အသက်က အတွင်းမှ ပျံ့လွင့်လာနေပုံရသည်။
မန်ဟိုသာ ဤနေရာတွင် ရှိလျှင် ဤဆေးပေါင်းဖိုကို မှတ်မိလိမ့်မည်.... ဤသည်မှာ ဇီယွင်ဂိုဏ်း၏ ကောင်းကင်နယ်မြေကို ဦးတည်ပေးပြီး အရှေ့ဆေးဝါးအဖွဲ့၏အပေါ်တွင် ပုံရိပ်ယောင်အဖြစ် ပေါ်လာခဲ့သော ဆေးပေါင်းဖိုကြီးဖြစ်သည်။
ဤသည်ကား တကယ့် ဆေးပေါင်းဖိုအစစ်ပင်။
ဆေးပေါင်းဖိုကြီးအား အရှေ့ဆေးဝါးအဖွဲ့၏ ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ထောင်၊ ဆေးပေါင်းဖိုဘုရင်တစ်ရာနှင့် အန်းဇဲ့ဟိုင်၊ လင်ဟိုက်လုံ အပါအဝင် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ရှစ်ဦးတို့က ဝန်းရံထားကြသည်။ လူတိုင်း ရောက်ရှိနေကြလေပြီ။
အခြားထိပ်သီးဂိုဏ်းကြီးလေးဂိုဏ်း၊ မဟာမျိုးနွယ်စုသုံးစု၏ ကိုယ်စားလှယ်များနှင့်တကွ ဆေးဝါးပညာလိုက်စားသော အခြားဂိုဏ်းဝင်များလည်း သူတို့အနားတွင်ဖြစ်သည်။ ဤအဖွဲ့အစည်းများမှ အကြီးအကဲများသည် တောင်ထိပ်တွင် တင်ပျဥ်ခွေထိုင်ပြီး စောင့်နေကြ၏။
***