← Chapters

ဆယ်ယောက်မြောက် ပြိုင်ပွဲဝင်

Vol. 20 Ch. 278

ဆယ်ယောက်မြောက် ပြိုင်ပွဲဝင်

Vol. 20 Ch. 278

ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ရွေးချယ်ပွဲသည် ဇီယွင်ဂိုဏ်းအတွက်သာမက တောင်ပိုင်းဒေသတစ်ခုလုံးအတွက် ကြီးကျယ်ခမ်းနားသော အခါသမယ ဖြစ်သည်။ အကြောင်းမူ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်တစ်ယောက်သည် မယုံကြည်နိုင်ဖွယ် မြင့်မားသော ထိပ်ဆုံးအဆင့်ကို ကိုယ်စားပြု၍ကြောင့်သာမဟုတ်.......

ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ရွေးချယ်ပွဲမှာ တကယ်တမ်း မဟာအကြီးအကဲဆေးလုံးမိစ္ဆာ၏ တပည့်လက်ခံပွဲအခမ်းအနား ဖြစ်သောကြောင့်ပင်။

လက်ရှိအချိန်တွင် ဇီယွင်ဂိုဏ်း၌ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ရှစ်ဦး ရှိပြီး အဆိုပါရှစ်ဦးလုံးက ပညာသင်တပည့်များ ဖြစ်ကြသည်။ ဤအခမ်းအနားသည် တကယ်တမ်း အစဥ်အလာနှင့်အညီ တပည့်အဖြစ် လက်ခံသော နည်းလမ်းတစ်ခုပင်။

ချူယွီယန်နှင့် တင်းရှင့်ကဲ့သို့ ဂိုဏ်းသားတချို့သည် မဟာအကြီးအကဲဆေးလုံးမိစ္ဆာ၏ တပည့် တိုက်ရိုက်ဖြစ်လာရန် အရည်အချင်းပြည့်မှီ၏။ သို့သော် ယင်းက အရှေ့ဆေးဝါးအဖွဲ့တစ်ဖွဲ့လုံးရှိ ဆေးဝါးပညာရှင်များ၏ အသိအမှတ်ပြုခြင်း မခံရပေ။ ဆေးဝါးပညာရှင်များသည် ဆေးဝါးအတတ်သင်ဘဝမှ စတင်ပြီး ဆေးဝါးကျွမ်းကျင်ပညာရှင် ၊ ဆေးပေါင်းဖိုဘုရင် ဖြစ်သည်အထိ ကြိုးစားပြီး နောက်ဆုံး ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်အဆင့်သို့ ဝင်ရောက်ရင်း မဟာအကြီးအကဲဆေးပေါင်းဖိုဘုရင်၏ တပည့်ဖြစ်လာသော မိမိကိုယ်ကို အားကိုးသူများကိုသာ နှစ်ခြိုက်ကြသည်။

ချူယွီယန်ကတော့ အနည်းငယ် ကွဲပြားသည်။ သူမသည် ဆေးဖော်စပ်ရာ၌ ကျွမ်းကျင်မှုကြောင့် အရှေ့ဆေးဝါးအဖွဲ့တွင် ဂုဏ်သတင်းကျော်ဇော၏။ သူမ၏ ပြစ်မျိုးမှဲ့မထင် အလှလေးပါ ထည့်ပေါင်းလိုက်သောအခါ ဆေးဝါးပညာရှင်များမှာ သူမကို ပို၍လွယ်ကူစွာ လက်ခံနိုင်သွားကြလေသည်။

ထို့အပြင် ချူယွီယန်အတွက် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်အဆင့်သည် အင်မတန် အရေးပါ၏။ သူမသည် ခိုင်မာပြတ်သားသော စိတ်ဆန္ဒဖြင့် မျက်ဝန်းလေးများ ရွှန်းလဲ့တောက်ပနေလျက် လူကြားထဲတွင် ရပ်နေသည်။ ဤသည်မှာ သူမအတွက် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် ဖြစ်ဖို့ အခွင့်အရေးဖြစ်၍ အောင်မြင်ရန် စိတ်ပိုင်းဖြတ်ပြီးလေပြီ။

သူမအကြည့်သည် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်တစ်ယောက် အနောက်တွင် ရပ်နေသော လူတစ်ယောက်အပေါ် ကျရောက်သွားသည်။ သူသည် သက်လတ်ပိုင်းအရွယ်ဖြစ်ပြီး သူ့မျက်နှာမှာ ချို့ယွင်းချက်မရှိ ချောမောခန့်ညားကာ တည်ငြိမ်လျက်ရှိသည်။ သူက ဆေးပေါင်းဖိုဘုရင်ဝတ်ရုံကို ဝန်ဆင်ထားပြီး ခပ်ဖျော့ဖျော့ ဆေးရနံ့က သူ့ထံမှ ပျံ့လွင့်နေလေသည်။ ဤလူကား သာမန်ထက်ထူးကဲကြောင်း သိသာ၏။

သူ၏မျက်နှာပေါ်တွင် မောက်မာသော အရိပ်အယောင်အား မြင်နိုင်သည်။ သူ၏မျက်နှာထား၊ ပုံပန်းသွင်ပြင်တို့က ချူယွီယန် ခန့်မှန်းထားသော မဟာအကြီးအကဲဆေးဒယ်အိုးပုံစံနှင့် တစ်ထပ်တည်းပင်။

"သူက ငါ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်အဆင့်တက်ဖို့အတွက် အဓိကပြိုင်ဘက်ဖြစ်လိမ့်မယ်....." သူမက သူ့ကို ကြည့်ရင်း သက်ပြင်းခိုးချလိုက်လေသည်။ ဤမောက်မာပြီး သီးသန့်နေသောလူမှာ ဆေးပေါင်းဖိုဘုရင်များအကြားတွင် ရွေးချယ်ခံတစ်ယောက်နှင့် တူသည်။ သူ၏နာမည်ကား ရီဖေးမု။

ဆေးပေါင်းဖိုဘုရင်များအကြားတွင် ရီဖေးမုသည် ဆေးဝါးတာအို၌ လက်ဖျားခါလောက်အောင် နှံ့စပ်ကျွမ်းကျင်ခြင်းကြောင့် ကျော်ကြားလေသည်။ သူ၏ဆေးဝါးတာအိုအသိမှာ နှစ်တစ်ထောင်မှ တစ်ခါသာ မြင်နိုင်သောအမျိုးအစားဖြစ်ပြီး များသောအားဖြင့် သူ့အား ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်အဆင့် တက်နိုင်လောက်သည်ဟု ထောက်ခံကြလေသည်။ လွန်ခဲ့သည့်နှစ်ပေါင်များက ဂိုဏ်းသို့ ဝင်ဝင်ချင်းမှာပင် သူသည် အရှေ့ဆေးဝါးအဖွဲ့၌ အုတ်အော်သောင်းနင်း ဖြစ်စေခဲ့သည်။  ထိုမျှသာမက ခရမ်းရောင်ဘုရင် ရီယွင်တျန်းသည် သူ၏ပါရမီကို အထူးသတိပြုမိပြီး မျက်နှာသာပေးလေသည်။ ယင်းက အဓိကအားဖြင့် သူတို့နှစ်ယောက်လုံး ရီမျိုးရိုးဖြစ်၍ပင်။

တစ်ချိန်လုံး အကူအညီများဖြင့် သူသည် နံပါတ်တစ် ဆေးဝါးအတတ်သင် ၊ ထို့နောက် နံပါတ်တစ် ဆေးဝါးကျွမ်းကျင်ပညာရှင် ဖြစ်လာသည်။ နောက်ဆုံး ဆေးပေါင်းဖိုဘုရင်ဖြစ်လာသောအခါ သူအကြောင်းနှင့်ပတ်သက်ပြီး နှစ်ပေါင်းများစွာ မကြားရတော့ပေ။ ကောလဟလများအရ သူ၏ဆေးဝါးတာအိုအသိမှာ ဆေးပေါင်းဖိုဘုရင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး သူကား ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ဖြစ်ရန် လမ်းတစ်ဝက်ရောက်နေပြီဟူ၍။

ပို၍မှင်သက်စရာကောင်းသည်က သူ၏ ဆေးဝါးတာအိုအသိသာ မြင့်လွန်းခြင်းမဟုတ်၊ သူသည် အချိန်အတော်ကြာကတည်းက အမြုတေဖြစ်တည်မှုအဆင့်ရောက်နှင့်ပြီးသား ဖြစ်၏။ အမြုတေချီကို မကျင့်ကြံရသေးသော်လည်း သူသာ ဆေးဝါးပညာတွင် စိတ်ရောကိုယ်ပါ မမြှုပ်နှံထားပါက အမြုတေဖြစ်တည်မှု အလယ်အလတ်အဆင့်အထက် ရောက်ရှိနေလိမ့်မည်ဟု တော်တော်များများ ထင်ကြေးပေးကြလေသည်။

ဤခရမ်းရောင်ဆေးပေါင်းဖိုဘုရင် မီးလျှံစမ်းသပ်ပွဲတွင် ရီဖေးမုအား အနိုင်ရနိုင်ခြေ အများဆုံး ပြိုင်ပွဲဝင်အဖြစ် သတ်မှတ်ကြ၏။ ဒုတိယက ချူယွီယန်၊ အခြားပြိုင်ပွဲဝင်များရှိသော်လည်း အများဆန္ဒအရ အဓိကပြိုင်ပွဲမှာ သူတို့နှစ်ယောက်အကြားသာ ဖြစ်ပေလိမ့်မည်။

ချူယွင်ယန်မှာ အရေးသာသည့် အချက်တစ်ချက်ရှိသည်။ သူမက ဆေးလုံးမိစ္ဆာ၏ တိုက်ရိုက်တပည့်ဖြစ်သည်မဟုတ်ပါလော။ ရီဖေးမုအတွက်မူ ချူယွီယန်ပင် ဝန်ခံရမည့် သူ၏တစ်ပန်းသာမှုက ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ငါးယောက်အပြင် ဆေးပေါင်းဖိုဘုရင် ၉၉ရာခိုင်နှုန်း၏ ထောက်ခံမှု ရရှိထားခြင်းပင်။ ထို့အပြင် ယခင်က ဆေးလုံးမိစ္ဆာကိုယ်တိုင် သူ့ကို ချီးကျုးခဲ့ဖူးလေသည်။ ဤအရာအားလုံးက ရီဖေးမုကို ထိပ်ရောက်သွားစေ၏။

ပို၍ပင် အရေးကြီးသည်မှာ ပြီးခဲ့သည့်နှစ်က ရွေးချယ်ခံနှင့်တူသော ရီဖေးမုအကြောင်း လူပြောများခဲ့ခြင်းပင်။ ဂိုဏ်းအပြင်ဘက်ရှိ လူများမှာ... သူသည် မဟာအကြီးအကဲဆေးဒယ်အိုးဖြစ်သည်ဆိုသော ကောလဟလများ ဖြန့်နေကြလေသည်။

ရီဖေးမုက ထိုအကြောင်းအပေါ် မည်သည့်မှတ်ချက်မှမပြုရာ ကောလဟာလများကား ပို၍ပင် ပျံံ့နှံ့လာတော့သည်။ မကြာမီ မဟာအကြီးအကဲဆေးဒယ်အိုးက ရီဖေးမုမှလွဲ၍ တခြားမဟုတ်ကြောင်း လူတိုင်း ယုံကြည်သွားကြ၏။

အမှန်တွင် လူအများသည် သူ ဆေးလုံးကို ဒယ်အိုး(鼎) တံဆိပ်ခတ်နှိပ်ခြင်းက သူ့နာမည် ဖေးမု(非目) ကြောင့်ဟု ခံစားရခေသည်။

စာလုံး 非 နှင့် 目 အား စာလုံး 鼎 အဖြစ် ပေါင်းမြင်နိုင်သည် မဟုတ်လော။

ဆေးပေါင်းဖိုဘုရင် အတော်များများနှင့် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် အနည်းစုပင်လျှင် ဤအချက်အား သဘောတူပြီးး သူ့ကို အနီးကပ်စောင့်ကြည့်လာကြ၏။

ချူယွီယန်က ဆေးဒယ်အိုးကိစ္စကို အလွန်အာရုံစိုက်လေသည်။ သူမသည် ရီဖေးမုဆီကိုပင် ထိုအကြောင်း သွားရောက်မေးမြန်းခဲ့၏။ သူက ဆေးဒယ်အိုးဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း မပြောဘဲ စောင်းပါးရိပ်ခြည် သွယ်ဝိုက်ပြောခဲ့လေသည်။ ချူယွီယန် သူဆိုလိုချင်သည်ကို မည်ကဲ့သို့ နားမလည်ဘဲ ရှိမည်နည်း။

ပြဿနာကို ဖြေရှင်းပြီးနောက် သူမမှာ တကယ်တမ်း အနည်းငယ်စိတ်ပျက်သွားလေသည်။ ၄င်းမှာ အိပ်မက်ထဲမှ နိုးလာပြီး တကယ့်လက်တွေ့က အိပ်မက်နှင့်ကွာခြားသည်ကို သိလိုက်ရကဲ့သို့ မဖော်ပြတတ်သော ခံစားချက်တစ်ခုဖြစ်သည်။

"သူက မဟာအကြီးအကဲ ဆေးဒယ်အိုးဖြစ်ရင်တောင်မှ ငါ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ဖြစ်လာဖို့ အစွမ်းကုန် တိုက်ခိုက်ရမယ်" သူမသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး သူမ၏ခိုင်မာပြတ်သားသောစိတ်ဆန္ဒကို လေးနက်စေရင်း တွေးလိုက်သည်။ ထူးထူးဆန်းဆန်း သူမ စိတ်ပိုင်းဖြတ်ပြီးသည်နှင့် တခြားတစ်ယောက်၏ပုံရိပ်က ရုတ်တရက် သူမစိတ်ထဲတွင် ပေါ်လာလေသည်။ ဖန်မု။

"ငါ ဘာလို့ သူအကြောင်းတွေးနေမိတာလဲ...." သူမက မျက်မှောင်ကြုတ်ပြီး ဖန်မုကို သူမအတွေးထဲမှ ထုတ်လိုက်သည်။

တုန်းလိုင်တောင်ပေါ်၌ မနက်အစောပိုင်းဖြစ်၏။ အေးမြသော နေရောင်ခြည်တို့သည် ဆီးနှင်းဖုံးနေသော တောင်ထိပ်ပေါ်သို့ ဖြာကျနေသည်။ ဧရာမဆေးပေါင်းဖိုကြီးမှ ရှေးဆန်သောအချိန်အငွေ့အသက်ကို ထုတ်လွှတ်နေပြီး ပတ်ဝန်းကျင်ကား တိတ်ဆိတ်လျက်ရှိ၏။

အရှေ့ဆေးဝါးအဖွဲ့၏ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ရှစ်ဦးသည် တင်ပျဥ်ခွေထိုင်နေပြီး သူ့တို့အနောက်၌ ဆေးပေါင်းဖိုဘုရင်များ၊ ဆေးဝါးကျွမ်းကျင်ပညာရှင်များ စုစုပေါင်း တစ်ထောင်ကျော်လေသည်။

ဘေးတွင်လည်း အခမ်းအနားအား ကြည့်ရှုရန် ဤနေရာသို့ လာရောက်ကြသော အခြားဂိုဏ်းနှင့်မျိုးနွယ်စုများမှ ကိုယ်စားလှယ်များလည်း ရှိသည်။ တစ်ယောက်ယောက် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်အဆင့်တက်သွားပါက သူတို့သည် ကိုးယောက်မြောက် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ထွက်ပေါ်လာပြီး မဟာအကြီးအကဲဆေးလုံးမိစ္ဆာက နောက်ထပ်တပည့်တစ်ယောက် လက်ခံလိုက်ပြီဖြစ်ကြောင်းအား မျက်မြင်သက်သေတည်၍ တောင်ပိုင်းဒေသတစ်ခွင်လုံး၌ ကြေညာပေလိမ့်မည်။

"အချိန်ကျပြီ" ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်များအထဲ ဝါအရင့်ဆုံး လင်ဟိုက်လုံက အော်သည်။

စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ခေါင်းလောင်းသံများ တောင်ထိပ်တစ်ခုလုံး ညံသွားသည်။ အပေါ်ထက်ရှိ တိမ်တိုက်များ တလိပ်လိပ်တက်လာပြီး လူတိုင်းအား ငုံ့ကြည့်နေသော အသက်ကြီးကြီးမျက်နှာကြီးအသွင် ဖြစ်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ဧရာမဆေးပေါင်းဖိုကြီးက အလင်းရောင်ဖျော့ဖျော့ စတင်ထူတ်လွှတ်လာ၏။ ရောင်စုံအလင်းတန်းများကား ပတ်ဝန်းကျင်တစ်ခုလုံးကို ထွန်းလင်းတောက်ပနေစေရင်း အဘက်ဘက်သို့ ဖြာထွက်လာသည်။

အဝေးမှကြည့်လျှင် တုန်းလိုင်တောင်တစ်တောင်လုံး ဧရာမပုံရိပ်ယောင် ဆေးပေါင်းဖိုကြီးဖြင့် ဖုံးအုပ်ခံလိုက်သည့်အလားပင်။

လှိုင်းဂယက်များ ပျံနှံ့လာစဥ် ပုံရိပ်တစ်ခုက ဆေးပေါင်းဖိုထိပ်တွင် ရပ်လျက် ပေါ်လာသည်။ သူသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ပုံပန်းသွင်ပြင်မှာ သာမန်သာဖြစ်သည်။ သို့သော် သူ၏အရှိန်အဝါမှာ သာမန်ထက်ထူးခြားနေ၏။ သူကား အဆုံးစွန်ထိ သန့်စင်မွန်မြတ်သော အငွေ့အသက်ကို ပေးနေလေသည်။

သူ ပေါ်လာစဥ် သူသည် ဤကမ္ဘာနှင့် မသက်ဆိုင်သည့်အလား သူ့ပတ်လည်ရှိ လေထုမှာ ပုံပျက်ရှုံ့တွသွားလေသည်။

သူ၏ရိုးရှင်းသော ဝတ်ရုံ၏ အင်္ကျီလက်စနှစ်ဖက်မှာ ဆေးပေါင်းဖိုပုံသဏ္ဍာန်များဖြင့် တန်ဆာဆင်ထား၏။ သူ၏ဆံပင်သည် ဆွတ်ဆွတ်ဖြူနေပြီး သူက လူတိုင်းကို နူးညံ့စွာ ဝေ့ကြည့်လိုက်သည်။ သူ၏ ရှေးဆန်သောမျက်နှာပေါ်တွင် အပြုံးတစ်ခုဖြစ်ထွန်းလာသည်။

"တောင်ပိုင်းဒေသရဲ့ တာအိုရောင်ရင်းတို့ ကျုပ်ရဲ့ တပည့်အသစ်လက်ခံပွဲအခမ်းအနားကို ကြွရောက်လာပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျုပ် ကိုယ်တိုင် မတက်ရောက်နိုင်တာကြောင့် ကျုပ်အစား ကျုပ်ရဲ့ နတ်ဘုရားစိတ်ဆန္ဒကို စေလွှတ်ခဲ့တာပါ။ ဒီအတွက် ကျုပ်ကို ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဤလူကား မှန်ပါသည်၊ တောင်ပိုင်းဒေသ၏ ဆေးဝါးတာအိုတွင် ထိပ်ဆုံးနေရာ သိမ်းပိုက်ထားသော မဟာအကြီးအကဲဆေးလုံးမိစ္ဆာဖြစ်၏။

သူ့အသံက ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်များ၊ ဆေးပေါင်းဖိုဘုရင်များနှင့် ဆေးဝါးကျွမ်းကျင်ပညာရှင်များအပါအဝင် အရှေ့ဆေးဝါးအဖွဲ့၏ ဂိုဏ်းသားအားလုံးကို တလေးတစား ဦးညွှတ်အရိုအသေပေးစေသည်။ မဟာအကြီးအကဲ ဆေးလုံးမိစ္ဆာ မှာ အရှေ့ဆေးဝါးအဖွဲ့၏ ခေါင်းဆောင်ကြီးမဟုတ်လော။

မဟာအကြီးအကဲထာဝရတောင်အစား အနုသုခုမရုပ်ခန္ဓာ နှောင်းပိုင်းအဆင့်၏ မဟာစက်ဝန်းတွင် ဖြစ်သော အကြီးအကဲရှောင်ချီဖန်း တက်ရောက်လေသည်။ သူက ရယ်ပြီး အေးတိအေးစက် ပြောသည်။ "ယဥ်ကျေးနေရာမလိုပါဘူး မဟာအကြီးအကဲဆေးလုံးမိစ္ဆာ။ တပည့်လက်ခံပြီး ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်အဖြစ် အဆင့်တိုးပေးတာက တောင်ပိုင်းဒေသတစ်ခု လုံးရဲ့ ခမ်းနားကြီးကျယ်တဲ့ အဖြစ်အပျက်ပဲ။ ကျုပ် ရှောင် ခင်ဗျားမလာတဲ့အတွက် စိတ်မကွက်ပါဘူး"

သူသည် ကျင်းဟန်ဂိုဏ်း၌ သြဇာကြီးမားသော ရာထူးတစ်ခုကို ပိုင်ဆိုင်ထားပြီး အသက်ကိုးရာခန့်ရှိပြီ ဖြစ်ရာ လက်ထောက်ခေါင်းဆောင်ကြီး ဖြစ်လေသည်။ သူသည် သက်တမ်း နှစ်တစ်ထောင် မပြည့်သေး၍ မိုးကောင်းကင်ကို စိန်မခေါ်ရသေးပေ။ သူသာ နောက်နှစ်တစ်ရာအတွင်း စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်သို့ ဖောက်ထွက်နိုင်လျှင်တော့ ခေါင်းဆောင်ကြီးတစ်ဦး အစစ်အမှန် ဖြစ်လာပေလိမ့်မည်။

ထို့မဟုတ်လျှင် တရားအားထုတ်ရင်း ကွယ်လွန်ကာ တာအိုနှင့်တစ်သားတည်း ဖြစ်သွားလိမ့်မည်။

သူ့ဘေးတွင် ဖက်တီးအပါအဝင် ကျင်းဟန်ဂိုဏ်းကျင့်ကြံသူဆယ်ယောက်ကျော် ရှိသည်။ ယခုတွင် ဖက်တီးမှာ အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေသည့်တိုင် တက်ကြွနေသည့် အရိပ်အယောင်ကိုသော်လည်းကောင်း၊ စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်ကိုသော်လည်းကောင်း မပြသပေ။ အမှန်တွင် သူမှာ မငြိမ်စဖူး ငြိမ်ချက်သားကောင်းနေ၏။

ကျင်းဟန်ဂိုဏ်းတစ်ဂိုဏ်းလုံးတွင် သူအကြောက်ဆုံးလူမှာ အကြီးအကဲရှောင်ဖြစ်သည်။

"မဟာအကြီးအကဲဆေးလုံးမိစ္ဆာ တပည့်အသစ်လက်ခံနေတယ်ကြားတာနဲ့ ကျုပ် အပြေးလာခဲ့တာ" ချင်းလော်ဂိုဏ်း၏ ခေါင်းဆောင်ကြီးဇီလော်က ပြုံးပြီး ပြောသည်။ "တော်သေးတာပေါ့ နောက်မကျလို့"

သူသည် ဘေးတွင် တင်ပျဥ်ခွေထိုင်နေ၏။ သူ့ဘေးတွင် ကျိုးကျဲနှင့် ပတ်ဝန်းကျင်ကို ဟိုဟိုသည်သည် လျှောက်ကြည့်နေသော ဟန့်ပေ့ရှိသည်။ ကြည့်ရသရွေ့ သူမသည် တစ်ယောက်ယောက်ကို ရှာနေပုံရ၏။

ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ရွေးချယ်ပွဲသည် အချိန်အတော်ကြာ ကျင်းပခဲ့ခြင်းမရှိသော အခမ်းအနားတစ်ခုဖြစ်၏။ သို့ဖြစ်၍ ထိပ်သီးဂိုဏ်ကြီးများ ရောက်လာခြင်းက ဓမ္မတာပင်။ ယီးကျန့်ဂိုဏ်း၏ ဓားတာအိုသခင်သုံးပါးအနက် ဒုတိယ တာအိုသခင် ဝူရှန်းလည်း ယီးကျန့်ဂိုဏ်းသားများဝန်းရံလျက် တင်ပျဥ်ခွေထိုင်နေသည်။ ချန်ဖန်းအပြင် မိန်းမပျိုရှန်လင်းလည်း ရောက်နေ၏။

တာအိုသခင်ဝူရှန်းက မဆိုစလောက်လေးပြုံးရင်း ပြောသည်။ " ခင်ဗျားက တကယ့်ကို သိပ်ယဥ်ကျေးလွန်းပါတယ်၊ မဟာအကြီးအကဲဆေးလုံးမိစ္ဆာ။ မဟာအကြီးအကဲတစ်ယောက် တပည့်လက်ခံတယ်ဆိုတာ တောင်ပိုင်းဒေသမှာရှိတဲ့ ဘယ်ဂိုဏ်းသားမဆို တောင့်တမယ့် ဆေးဝါးတာအိုအမွေအနှစ်တစ်ခုပဲလေ။ ဒီလို ပွဲ မျိုးကို မျက်မြင်ကိုယ်တွေ့ကြုံရဖို့ ကျုပ် ဘယ်လိုလုပ် အောက်ကျို့ခံပြီး မလာဘဲ နေနိုင်မလဲ" သူ၏အသံမှာ တည်ငြိမ်အေးဆေးနေ၏။ သူသည် ဂိုဏ်းပေါင်းများစွာအား အထင်သေးနိုင်သည့် ယီးကျန့်၏ မြင့်မြတ်သော ဝါရင့်အဖွဲ့ဝင်တစ်ဦး ဖြစ်လေသည်။ သို့သော် မဟာအကြီးအကဲဆေးလုံးမိစ္ဆာအရှေ့တွင် သူ၏မာန်မာန အားလုံး လေးစားမှုအဖြစ် ပြောင်းလဲကုန်သည်။

သွေးမိစ္ဆာဂိုဏ်းမှ ကိုယ်စားလှယ်မှာ အနီရောင်တာအိုဝတ်ရုံနှင့် အဘိုးအိုကြီးတစ်ယောက် ဖြစ်သည်။ သူ့တွင် ငွေရောင်ဆံပင်ရှိပြီး သူ၏အရေပြားမှာ ရွတ်တွတွန့်ခေါက်နေလေသည်။ သူက သိပ်သည်းသော သေခြင်းချီကို ထုတ်လွှတ်နေပြီး သူ့မျက်လုံးများ၌ မျက်ဆံမရှိပေ။ ၄င်းတို့အား ဖြူဆွတ်နေ၏။

သူက ဆေးလုံးမိစ္ဆာ၏ စကားကို ဘာမှပြန်မပြော။ ပြုံးရုံသာပြုံးပြီး ခေါင်းညိတ်လိုက်၏။

ဤမျက်မမြင်အဘိုးကြီးမှာ တောင်ပိုင်းဒေသ၌ မယုံနိုင်လောက်အောင် ထင်ရှားကျော်ကြားလေသည်။ သူကား သွေးမိစ္ဆာဂိုဏ်း၏ တတိယမိစ္ဆာ ၊ အလောင်းမိစ္ဆာ တုလောင်ပင်။ သွေးမိစ္ဆာဂိုဏ်းမှ တုန်းလိုင်တောင်သို့ လာရောက်သည့် အခြားတစ်ယောက်ဟူ၍ လီရှိချီသာ ရှိသည်။

မျိုးနွယ်စုသုံးစု၏ အဓိကကိုယ်စားလှယ်များအားလုံး အနုသုခုမရုပ်ခန္ဓာအဆင့်၏ မဟာစက်ဝန်းတွင် ဖြစ်ကြသည်။ သူတို့အားလုံးက မဟာအကြီးအကဲဆေးလုံးမိစ္ဆာကို အမျိုးမျိုးပြန်ပြောကြ၏။

ထို့နောက် မဟာအကြီးအကဲဆေးလုံးမိစ္ဆာက ပြုံးပြီး ပြောသည်။ "စုစုပေါင်း ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် မီးလျှံစမ်းသပ်ပွဲမှာ ဝင်ပြိုင်မယ့် ကျင့်ကြံသူဆယ်ယောက် ရှိတယ်။ ပြိုင်ပွဲဝင်များ ကျေးဇူးပြုပြီး ရှေ့ထွက်လာပါ" သူ့အသံသည် တည်ကြည်လေးနက်နေ၏။ ၄င်း တောင်ထိပ်တွင် ပျံ့လွင့်နေစဥ် ချူယွီယန်၊ ရီဖေးမုနှင့် အခြားဆေးပေါင်းဖိုဘုရင်ခုနစ်ယောက် တစ်ယောက်ပြီးတစ်ယောက် လူကြားထဲမှ ထွက်လာသည်။ သူတို့သည် ဆေးပေါင်းဖိုအရှေ့သို့ လာရပ်ကြလေသည်။

ချူယွီယန်နှင့် ရီဖေးမု အပါအဝင် ရပ်နေသည်က ဆေးဝါးပညာရှင်ကိုးယောက်သာ ရှိသေးသည်။ ဆေးလုံးမိစ္ဆာပြောခဲ့သကဲ့သို့ ဆယ်ယောက်မရှိပေ။ အရှေ့ဆေးဝါးအဖွဲ့၏ ကျင့်ကြံသူများ ဤအခြင်းအရာကို ချက်ချင်း သတိထားမိသွားပြီး အခြားဂိုဏ်းများမှ ကိုယ်စားလှယ်များလည်း ထိုနည်းတူပင်။

ချူယွီယန်နှင့် ပြိုင်ပွဲဝင်များ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ဆယ်ယောက်မြောက်ပြိုင်ပွဲဝင်က မည်သူဖြစ်သည်လဲ သိချင်နေကြသည်။

မည်သူမှ ဘာမှမပြောနိုင်ခင် အဝေးမှ အလင်းတန်းတစ်တန်း ပေါ်လာသည်။ ၄င်းက လေကိုခွင်း၍ တောင်ထိပ်ထံ ရောက်လာပြီးနောက် ဟောဟဲလှိုက်နေသော မန်ဟို့အသွင်ပြောင်းသွားသည်။ လူတိုင်းက သူ့ကို လှမ်းကြည့်လိုက်ကြသော်လည်း သူက ဂရုမစိုက်ပေ။ သူသည် မျက်လုံးဝေ့ကြည့်လိုက်ပြီး ဆေးပေါင်းဖိုအရှေ့တွင် ရပ်နေကြသော ချူယွီယန်နှင့် အခြားဆေးပေါင်းဖိုဘုရင်များအပြင် မဟာအကြီးအကဲဆေးလုံးမိစ္ဆာကို တွေ့လိုက်သည်။

မန်ဟို့အတွက်တော့ ဆေးလုံးမိစ္ဆာမှာ သူမသိသည့် အဘိုးအိုကြီးတစ်ယောက်သာဖြစ်သည်။

"ဆယ်ယောက်မြောက် ပြိုင်ပွဲဝင် ရောက်လာပြီ" မဟာအကြီးအကဲဆေးလုံးမိစ္ဆာက မပြောင်းလဲသော မျက်နှာထားဖြင့် ပြောသည်။ "ဖန်မု လျှောက်လာခဲ့"

ဤသည်ကိုကြားသော် မန်ဟိုက တုံ့ဆိုင်းခြင်းမရှိ လျှောက်လာပြီး အခြားကိုးယောက်နှင့်အတူ ရပ်လိုက်သည်။ ထို့နောက် သူက ဆေးလုံးမိစ္ဆာကို ဒေါသများဖြင့် ခံပြင်းစွာ မော့ကြည့်လိုက်သည်။

***

All Chapters