ဆေးပေါင်းဖိုကို ဖွင့်ခြင်း
Vol. 20 Ch. 279
မန်ဟို စောစောက ကြားလိုက်သည့်အသံမှာ လွန်ခဲ့သောလေးရက်က ဆေးပေါင်းဖိုဘုရင်တံဆိပ်မှ သူကြားခဲ့သောအသံနှင့် တစ်သံတည်း ဖြစ်သည်။ ယင်းနှင့် လူတိုင်း၏ မျက်နှာအမူအရာများအား စဥ်းစားကြည့်လျှင် ဤပုဂ္ဂိုလ်မှာ မဟာအကြီးအကဲဆေးလုံးမိစ္ဆာကလွဲ၍ တခြားမဟုတ်ကြောင်း.... မန်ဟို မသုံးသပ်မိဘဲ နေမည်လော။
မန်ဟို့မျက်လုံးထဲတွင် မဟာအကြီးအကဲဆေးလုံးမိစ္ဆာမှာ ပကတိ သာမန်အတိုင်းသာ။ သူ့တွင် တန်ခိုးရှင်တစ်ဦး၏ အမူအကျင့် မရှိသလို အစွမ်းထက်ပြီး အထက်စီးဆန်သော ရက်စက်ကြမ်းကြုတ်မှုအငွေ့အသက်ကိုလည်း ထုတ်လွှတ်မနေပေ။ သူက သာမန်အဘိုးကြီးအတိုင်းပင်။
ထို့နောက်.... မန်ဟို ဝိညာဥ်ကျောက်တုံး သိန်းနှစ်ထောင်ကို ပြန်တွေးမိလိုက်သဖြင့် ပို၍စိတ်မကြည် ဖြစ်သွားတော့သည်။ မှန်ပါသည်၊ သူ့အနေနှင့် ထိုအကြောင်းအား ယခု ပြောမရပေ။ ထို့အပြင် လေးရက်အတွင်း အရောက်ပြန်လာရန် ပြောခံခဲ့ရသော်လည်း ဘယ်နေရာကို သွားရမလဲ မသိခဲ့သည်ကို ပြန်တွေးမိသည်။ သူ့မှာ ဂိုဏ်းသို့ အပြေးအလွှားသွားခဲ့သော်လည်း ဆန့်ကျင်ဘက်သို့ ဝရုန်းသုန်းကား ပြန်သွားခဲ့ရလေသည်။ ၄င်းက သူ့ကို လုံးဝအားအင်ကုန်ခမ်းစေခဲ့၏။
ဤသို့ စိတ်ညစ်စရာအတွေးများက မန်ဟို့၏မျက်နှာတွင် ခံပြင်းဒေါသအနည်းငယ် ထင်ဟပ်လာစေသည်။
ချူယွီယန်က သူ့ကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။ သူမသည် သူ့ကို လျစ်လျူရှုပြီး ရီဖေးမုကိုသာ ကြည့်နေလေ၏။ မန်ဟိုက တစ်ယောက်တည်း တိတ်ဆိတ်စွာ ရပ်နေသည်။
အခြားခုနစ်ယောက်အနက် အများစုက သူ့ကို တစ်ချက်သာ ကြည့်ပြီး ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်စာမေးပွဲနှင့်စပ်လျဥ်း၍ စိတ်လှုပ်ရှားမှုများ သူတို့မျက်နှာပေါ်တွင် မပေါ်စေရန် အာရုံစိုက်နေကြသည်။
အန်းဇဲ့ဟိုင်က မန်ဟို့ကို ကြည့်ပြီးနောက် သူ့မျက်နှာတွင် အပြုံးတစ်ခု မသိမသာ ဖြစ်ထွန်းသွားသည်။ ဖန်မုက မဟာအကြီးအကဲဆေးဒယ်အိုးဖြစ်ကြောင်း သူသိပြီး ဤလူငယ်လေးအပေါ် သူ့ဆရာ မည်သို့ သဘောထားသည်ကိုလည်း သူသိလေသည်။ ဆေးလုံးမိစ္ဆာက ဖန်မုကို ဂိုဏ်းတွင် စိတ်တိုင်းကျသလို နေထိုင်ခွင့်ပေးထား၏။ မဟာအကြီးအကဲဆေးဒယ်အိုးဆိုသော အဆင့်အတန်းနှင့်ပတ်သက်၍လည်း ဖန်မု သူ့ကိုယ်သူ ထုတ်ဖော်ချင်လျှင် ထုတ်ဖော်နိုင်သလို၊ မထုတ်ဖော်လိုလည်း သူ့သဘောသာ ဖြစ်သည်။
အခြားဂိုဏ်းနှင့် မျိုးနွယ်စုများ၏ ကိုယ်စားလှယ်များမှ ခေါင်းဆောင်ကြီးဇီလော်သည် မန်ဟို့ကို ပထမဆုံး ရင်းရင်းနှီးနှီး ခေါင်းညိတ် နှုတ်ဆက်သူဖြစ်၏။ ကျိုးကျဲမျက်နှာက ခံစားချက်မဲ့နေသော်လည်း ဟန်ပေ့ သူ့ကိုမြင်သောအခါ ပန််းပွင့်လေးသဖွယ် လှပစွာ ပြုံးပြလေသည်။ သူမ သူ့ကိုကြည့်သည့်ပုံစံအား အတော်များများ သတိထားမိသွားကြ၏။ ချူယွီယန် လှမ်းကြည့်ပြီး ၄င်းကို မြင်သည်တွင် ဘာကြောင့်မှန်းမသိ မျက်မှောင်ကြုတ်လိုက်မိသည်။ သူမမှာ အကြောင်းတစ်ခုခုကြောင့် စိတ်မကြည်တော့ပေ။
ဖက်တီးမှာ မန်ဟို့ကို တစ်လှည့်၊ ချူယွီယန်ကို တစ်လှည့်ကြည့်ပြီး မျက်လုံးပြူးနေတော့သည်။ နောက်ဆုံး သူသည် ဟန်ပေ့ကို မျက်လုံးထောင့်မှ လှမ်းကြည့်ပြီးနောက် သူ့မျက်နှာကား လေးစားမှုများဖြင့် ပြည့်နှက်သွားတော့သည်။ သူ ဘာတွေးနေသည်လဲ သူတစ်ယောက်သာ သိသည်။
ဝမ်မျိုးနွယ်စုမှ ကိုယ်စားလှယ်မှာ အရေးအကြောင်းများ ပြည့်နေသော မျက်နှာနှင့် အဘွားအိုတစ်ယောက် ဖြစ်၏။ "ဆိုတော့ ဒါက ပြီးခဲ့တဲ့ရက်ပိုင်းလောက်က အနောက်ဘက်နယ်မြေမှာ နာမည်ကြီးလာခဲ့တဲ့ ဆေးဝါးပညာရှင်ဖန်ပေါ့ " အဘွားအိုအနောက်တွင် ဝမ်တန်ဖေးအပါအဝင် အခြားဝမ်မျိုးနွယ်စုဝင်များ တင်ပျဥ်ခွေထိုင်နေကြသည်။
ဝမ်တန်ဖေး၏ အမူအရာမှာ ခက်ထန်နေပြီး သူက တစ်ချိန်လုံး ချူယွီယန်ကို တစ်ချက်ပင် မကြည့်ပေ။ သူမက ဤအခြင်းအရာကို ဆန့်ကျင်လိုသည့် အရိပ်အယောင် နည်းနည်းလေးပင် မရှိဘဲ အေးအေးဆေးဆေးတုံ့ပြန်သည်။ သူမမှာ ပြီးခဲ့သည့်ကိစ္စများအား အတိတ်တွင်သာ ထားခဲ့သည့်အလားပင်။
"တော်တော်ငယ်သေးတဲ့ သူရဲကောင်းပါလား" စုန့်မျိုးနွယ်စု ကိုယ်စားလှယ်များထဲမှ တစ်ယောက်က ထရယ်သည်။ ထိုသူကား ထောင့်စွန်းစွန်းတွင် ထိုင်နေသည့် လူထူးဆန်းစုန့်မှလွဲ၍ တခြားမဟုတ်ပေ။ သူက မန်ဟို့ကို အပေါ်အောက်ကြည့်ပြီး အကဲခတ်ရင်း ထပ်ရယ်လိုက်သည်။
သူ့ပတ်ပတ်လည်တွင် စုန့်မျိုးနွယ်ဝင်တစ်ဒါဇင်ကျော် ထိုင်နေ၏။ စုန့်ယွင်ရှု မရှိသော်လည်း စုန့်ကျားတော့ရှိသည်။ မှန်ပါသည်....သူမကား သဘောတရားအရပြောရလျှင် မန်ဟို့နှင့် စေ့စပ်ထားသော မိန်းကလေးပင်။ သူမက လူထူးဆန်းစုန့်ဘေးနားတွင် ထိုင်နေလေသည်။ မန်ဟို သူမကို မမြင်ရသည်မှာ နှစ်နှင့်ချီ ကြာခဲ့လေပြီ။ သူမသည် ကျစ်လျစ်သေးသွယ်ပြီး လှပကြော့ရှင်းသော မျက်နှာလေးနှင့် တင့်တယ်လှလေသည်။ သူမသည် ငွားငွားစွင့်စွင့် ပွင့်လန်းနေသည့် သစ်ခွပန်းလေးသဖွယ် လှပနေ၏။
သို့သော် နှစ်ပေါင်းများစွာက ဝမ်းနည်းဖွယ်အတွေးများကြောင့် သူမမျက်ခုံးလေးမှာ မဆိုစလောက် တွန့်ချိုးနေသည်။ ၄င်းက သူမကို လျှို့ဝှက်ဆန်းကြယ်သော သစ်ခွပန်းလေးနှင့် တူနေစေသည်။
လီမျိုးနွယ်စု၏ ကိုယ်စားလှယ်မှာ အနုသုခုမရုပ်ခန္ဓာ နှောင်းပိုင်းအဆင့် ကျင့်ကြံခြင်းအခြေနှင့် အသက်ငါးရာအရွယ်၊ မျိုးနွယ်စု၏ ဝါရင့်အဖွဲ့ဝင် လီဂိုပန်ဖြစ်သည်။ သူသည် မယုံလောက်အောင် အစွမ်းထက်ပြီး လီမျိုးနွယ်စုအတွင်း၌ သြဇာညောင်းလေသည်။ "ဂုဏ်ယူဝမ်းမြောက်မိပါတယ် မဟာအကြီးအကဲဆေးလုံးမိစ္ဆာ၊ ခင်ဗျားရဲ့ ဇီယွင်ဂိုဏ်းက တကယ့်ကို အံ့ဖွယ်ကောင်းတဲ့ ဂိုဏ်းသားတွေကို ပျိုးထောင်ပေးထားတာပဲ"
လီဂိုပန်၏ ဘေး၊ အခြားလီမျိုးနွယ်ဝင်များအလယ်၌ ထိုင်နေသူမှာ မန်ဟို့ကို မျက်မှောင်ကြုတ်ကြည့်နေသော လီတောက်ရီဖြစ်သည်။
မဟာအကြီးအကဲဆေးလုံးမိစ္ဆာက ပြုံးလိုက်သော်လည်း မည်သည့်မှတ်ချက်မှ မပြုပေ။ သူက မန်ဟိုနှင့် အခြားကိုးယောက်ကို လှမ်းကြည့်သည်။
"ဟိုက်လုံ၊ ကျေးဇူးပြုပြီး စည်းမျဥ်းတွေကို ရှင်းပြပေးလိုက်ပါ" ထို့နောက် သူသည် ဘေးထွက်၍ တင်ပျဥ်ခွေထိုင်ချလိုက်သည်။
ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်များထဲ ဝါအရင်ဆုံး လင်ဟိုက်လုံက ကပျာကယာ ထရပ်သည်။ သူက လက်ယှက်ပြီး မဟာအကြီးအကဲဆေးလုံးမိစ္ဆာကို ဦးညွှတ်အရိုအသေပေးပြီးနောက် မန်ဟိုနှင့် အခြားသူများဘက် လှည့်လိုက်သည်။
"ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ရွေးချယ်ပွဲက ဆေးပင်စုဆောင်းတာ၊ ဆေးလုံးဖော်စပ်တာ၊ ဖော်စပ်နည်းတွေ ကျက်မှတ်တာ၊ ကျင့်ကြံခြင်းအခြေခံ စစ်ဆေးတာနဲ့ ဆေးဝါးတာအိုကို တိုင်းတာတာထက် ပိုတယ်။ ဒါက မီးလျှံစမ်းသပ်ပွဲတစ်ခုပဲ ။ ငါ ကိုယ်တိုင် ဒီမီးလျှံစမ်းသပ်ပွဲကို ကျော်ဖြတ်ခဲ့ဖူးတယ်၊ မင်းတို့ ဒီနေ့ ဒီမှာတွေ့မြင်ရတဲ့ တခြားခရမ်းရောင်ဆေးပေါင်းဖိုဘုရင်တွေလည်း အတူတူ ပဲ။ မင်းတို့ ပြိုင်ဘက်တွေထက် သာမှ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်အဆင့်ကို တက်ရောက်နိုင်မယ်
"ဒါပေမဲ့.... ရှေးအရင်ထဲက ဇီယွင်ဂိုဏ်းရဲ့ အရှေ့ဆေးဝါးအဖွဲ့ဟာ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်စာမေးပွဲ ၇၉ကြိမ် ကျင်းပခဲ့ပြီးပြီ။ ဒီနေ့အထိ အဲ့ဒီပြိုင်ပွဲတွေထဲက ၁၇ခုပဲ အောင်မြင်ခဲ့တယ်။ တစ်နည်းပြောရရင် စာမေးပွဲ ၆၂ ခုမှာ ပြိုင်ပွဲဝင်တွေအားလုံး ဆေးပေါင်းဖိုကို ခရမ်းရောင်မပြောင်းနိုင်ခဲ့ဘူး။ ဒါကြောင့် မင်းတို့ ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရှိပေမယ့် မအောင်မြင်နိုင်ခြေ ၇၀ ရာခိုင်နှုန်းရှိတယ်" မန်ဟိုနှင့် အခြားသူများအား တစ်ယောက်ပြီးတစ်ယောက် ကြည့်နေစဥ် သူ့မျက်နှာပေါ်၌ လေးနက်သောအသွင်အား ရေးထိုးထားလေသည်။
မန်ဟို၏မျက်နှာမှာ သွေးမရှိတော့ပေ။ သူသည် ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းနေသော်လည်း စိတ်လှုပ်ရှားနေ၏။ ဇီယွင်ဂိုဏ်း၏ သမိုင်းကြောင်းတစ်လျှောက်လုံးတွင် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်အဆင့် တက်ခဲ့သော ဆေးဝါးပညာရှင် ၁၇ ယောက်သာ ရှိကြောင်း သူ ဖတ်ခဲ့ဖူးလေသည်။ သူတို့အနက် နှစ်ယောက်က ဂိုဏ်းအား စွန့်ခွာ့ခဲ့၏။ တစ်ယောက်သည် ထာဝရတောင်ဖြစ်၍ အခြားတစ်ယောက်က လျူမျိုးရိုးဖြစ်သည်။
ကျန်ရှိခဲ့သော ၁၅ ယောက်အနက် ၊ နှစ်ထောင်ပေါင်းများစွာကြာသော် ၅ ယောက် ကွန်လွန်သွားခဲ့သည်။ နှစ်ယောက်က အတွေ့အကြုံရှာဖွေရန် ဂိုဏ်းမှ ခဏ ထွက်ခွာသွားပြီးနောက် ပျောက်ချင်းမလှ ပျောက်သွားလေသည်။ မဟာအကြီးအကဲဆေးလုံးမိစ္ဆာ ကိုယ်တိုင် သူတို့နှစ်ယောက်ကို လိုက်ရှာခဲ့သော်လည်း မည်သည့်သဲလွန်စမှ ရှာမတွေ့ခဲ့ပေ။ သူတို့မသေသေးကြောင်းသာ သူသေချာသိ၏။ သို့သော် အကြောင်းတစ်ခုခုကြောင့် သူတို့မှာ တောင်ပိုင်းဒေသမှ ပျောက်ကွယ်သွားခဲ့လေသည်။
လင်ဟိုက်လုံက ဆက်ပြောသည်။ " မင်းတို့ မအောင်မြင်ရင်တောင်မှ စမ်းသပ်ပွဲမှာ ကံကောင်းမှုကို ဖမ်းဆုပ်နိုင်လိမ့်မယ်။ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် မီးလျှံစမ်းသပ်ပွဲအတောအတွင်း မင်းတို့ အသက်အန္တရာယ်ရှိမှာ မဟုတ်ဘူး။ ဒါမဲ့... မင်းတို့ဘဝမှာ တစ်ခါပဲ ဒီစမ်းသပ်ပွဲကို ဝင်ပြိုင်ခွင့်ရှိတယ်။ မအောင်မြင်ရင် ဘယ်တော့မှ ဒုတိယအခွင့်အရေးရမှာ မဟုတ်ဘူး
"ဒါကြောင့် ဟိုးအရင်ထဲက ဆေးဝါးပညာရှင်တော်တော်များများဟာ စမ်းသပ်ပွဲထဲမှာ ဆေးဝါးတာအိုနှင့်ပတ်သက်တဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေနဲ့ ကိုယ်တိုင် ဖန်တီးထားတဲ့ ဆေးဖော်စပ်နည်းတွေ ထားခဲ့တယ်။ ဒီအရာတွေကို စမ်းသပ်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရတဲ့သူတွေပဲ ကြည့်ရှုနိုင်အောင် နှစ်အဆက်ဆက် လက်ဆင့်ကမ်းလာကြတယ်။ ဥပမာ ငါမှတ်သေးတယ် သေခြင်းသုံးရပ်ဆေးလုံးနဲ့ပတ်သက်တဲ့ ငါ့အယူအဆ၊ အသိအမြင်တွေကို ငါကိုယ်တိုင် ဘယ်လိုချန်ထားခဲ့လဲဆိုတာ......." လင်ဟိုက်လုံမျက်လုံးများသည် တခဏ အတိတ်ကို ပြန်သတိရနေသည့်အရိပ်အယောင်ဖြင့် ပြည့်နှက်သွား၏။
"မီးလျှံစမ်းသပ်ပွဲရဲ့ တည်နေရာက ကောင်းကင်နယ်မြေမှာရှိတဲ့ တောင်တစ်လုံးပဲ။ အဲ့တောင်ခြေမှာ ဆေးပေါင်းဖိုတွေ့ရဲ့ မိခင်ရှိတယ်။ ဆေးပေါင်းဖိုမိခင်က မင်းတို့ဆယ်ယောက် ပထမဆုံးတွေ့ရမယ့် ကံကောင်းခြင်းပဲ။ အထဲမှာ မင်းတို့ရဲ့ ကိုယ်ပိုင် သက်စောင့်ပေါင်းဖိုကို ရှာနိုင်လိမ့်မယ်။ တိတိကျကျပြောရရင် မင်းတို့ ပေါင်းဖိုတစ်လုံး ရွေးချယ်လိုက်တာနဲ့ ပေါင်းဖိုကလည်း မင်းတို့ကို ရွေးချယ်လိမ့်မယ်။ အဲ့စမ်းသပ်ချက်ကို အောင်မြင်ဖို့ မင်းတို့ သက်စောင့်ပေါင်းဖိုကို ခရမ်းရောင်ဖြစ်အောင် လုပ်ရမယ်။ လုပ်နိုင်ရင် တောင်ထိပ်ကို ရောက်သွားပြီး ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်လို့ အခေါ်ခံရပြီ
"ကံဆိုးစွာနဲ့ တစ်ယောက်ပဲ အဲ့လိုအခေါ်ခံရခွင့်ရှိတယ်။ တစ်ယောက်ထက်ပိုပြီး တောင်ထိပ်ကို ရောက်သွားရင်တော့ နောက်ဆုံးဆုံးဖြတ်ချက်ဟာ ဆေးပေါင်းဖိုတွေနဲ့ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်တွေအပေါ် မူတည်တယ်။ သူတို့ရဲ့ အသိအမှတ်ပြုခြင်းက ဘယ်သူက နောက် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ဖြစ်လာမလဲ ဆုံးဖြတ်တာမှာ အရေးကြီးတယ်"
လင်ဟိုက်လုံက ဖန်မုနှင့် အခြားသူများအား အဓိပ္ပါယ်ပါပါ လေးလေးနက်နက်ကြည့်ရင်း နောက်ဆုံးစကားအား ပြောသည်။ "မင်းတို့အနောက်က ဆေးပေါင်းဖိုက လွန်ခဲ့နှစ်ထောင်ပေါင်းများစွာက ဆရာကြီးဇီတုန် ဖန်တီးခဲ့တဲ့ အဖိုးထိုက်ရတနာတစ်ပါးပဲ။ အထဲမှာ ကောင်းကင်နယ်မြေ နဲ့ မြင့်မားတဲ့ ကောင်းကင်တောင်ကြီးရှိတယ်။ အဲဒီတောင်ပေါ်မှာ လမ်းဆယ်လမ်းရှိပြီး နယ်ပယ်လေးခုစီ ပိုင်းခြားထားတယ်။ နယ်ပယ်လေးခုတိုင်းမှာ မတူညီတဲ့ စမ်းသပ်ချက်တွေ ပါရှိမယ်။ အဲ့တာတွေကို ကျော်ဖြတ်ဖို့ မင်းတို့ရဲ့ ဆေးဝါးတာအိုကို အသုံးပြုပါ။ မင်းတို့ အောင်မြင်မှုအပေါ်မူတည်ပြီး မင်းတို့ပေါင်းဖိုတွေရဲ့ အရောင်ရင့်လာလိမ့်မယ်။ ငါ တစ်ခုတော့ သတိပေးရဦးမယ်၊ မင်းတို့ မီးလျှံစမ်းသပ်ပွဲမှာ လုပ်သမျှအားလုံးကို အပြင်ကလူတွေ ရှင်းရှင်းလင်းလင်းမြင်ရမယ်… အကောင်းဆုံးကြိုးစားပါ။ ဒီမီးလျှံစမ်းသပ်ပွဲကနေ မင်းတို့ထဲတစ်ယောက် .... အရှေ့ဆေးဝါးအဖွဲ့မှာ ငါ့ရဲ့ ကိုးယောက်မြောက် ညီငယ် ၊ညီမငယ် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ထို့နောက် သူက ဆေးလုံးမိစ္ဆာကို လှည့်ကြည့်သည်။ ဆေးလုံးမိစ္ဆာက ခေါင်းညိတ်ပြ၏။
လင်ဟိုက်လုံက အင်္ကျီလက်စခါပြီး ပြောသည်။ "ဆေးပေါင်းဖိုကို ဖွင့်ဖို့ ဆေးဝါးကျမ်းစာ ရွတ်ကြ" သူ၏အသံထွက်သွားသည်နှင့် ဆေးပေါင်းဖိုဘုရင်နှင့် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်အပါအဝင် ဆေးဝါးပညာရှင်အားလုံး ချက်ချင်း မျက်လုံးများပိတ်လိုက်ကြသည်။ သူတို့၏နှုတ်ခမ်းများ လှုပ်ရှားလာပြီး မရှင်းလင်းသောရွတ်သံတစ်သံ ပျံ့လွင့်လာသည်။ ၄င်းအား သဲသဲကွဲကွဲမကြားရပေ။ အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် ၄င်းအား နားလည်နိုင်မည်မဟုတ်ပေ။
အရှေ့ဆေးဝါးအဖွဲ့၏ ဆေးဝါးပညာရှင်များသာ ဤလျှိုု့ဝှက်ဆန်းကြယ်သော ဆေးဝါးကျမ်းစာ ဖြစ်သည့် ဆေးဝါးတာအိုအသွင်ပြောင်းဂါထာကို ရွတ်ဆိုနိုင်ကြမည် ဖြစ်သည်။
ကျမ်းစာရွတ်သံများနှင့် စည်းချက်ညီစွာ တုန်းလိုင်တောင်သည် စတင်တုန်ခါလာ၏။ ရောင်စုံအလင်းများက နေရာအနှံ့ ဖြန့်ကျက်လာပြီး ကောင်းကင်တွင် ပြည့်နှက်သွားသည်။ ဂုဏ်သိက္ခာရှိသော အမူအရာများနှင့် မရေမတွက်နိုင်သော မျက်နှာများ တိမ်တိုက်များအတွင်း၌ ရုတ်တရက် ပေါ်ပေါက်လာသည်။ ၄င်းတို့၏ပါးစပ်များမှ မပီသသော သင်္ကေတများ ထွက်လာသည်။ အသံကား ကောင်းကင်တွင် အလင်းရောင်များ ထွန်းလင်းတောက်ပနေစေရင်း ပဲ့တင်ထပ်နေတော့သည်။
တောင်ပတ်ပတ်လည်ရှိ မြေပြင်မှာ ငြိမ်သက်နေ၏။ သို့သော် တုန်းလိုင်တောင်ကို ဗဟိုပြု၍ မြူများ ထလာသည်။ ၄င်းက တုန်းလိုင်ပြည်တစ်ခုလုံးကို လျင်မြန်စွာဖုံးလွှမ်းရင်း တဖွေးဖွေးလှုပ်နေသည်။ ၄င်းအတွင်း နယ်မြေအားလုံး နှင့် သက်ရှိအရာအားလုံးမှာ မြူထုအတွင်း၌ စုန်းစုန်းမြုပ်သွားတော့သည်။
မြူများ ပျံ့နှံ့လာစဥ် တောင်ကို စောင့်ကြပ်ရန် ခရမ်းရောင်ချီအဖွဲ့သားများ အရပ်မျက်နှာအရပ်ရပ်မှ ပျံသန်းလာကြသည်။
ကောင်းကင်ထက်တွင် ရောင်စုံအလင်းတန်းများ ကခုန်နေပြီး ၄င်းတို့အောက်တွင် မြူတိမ်တိုက်များက ပင်လယ်ကြီးသဖွယ် မြေပြင်ကို ဖုံးလွှမ်းထား၏။ တုန်းလိုင်တောင်က ၄င်းတို့အကြားမှ ကျွန်းဆွယ်တစ်ခုပမာ မိုးထိအောင် မြင့်မားလျက်ရှိသည်။ အဝေးမှကြည့်လျှင် ဆရာကြီးဇီတုန်၏ ဧရာမရုပ်တုကြီးလည်း တိမ်ပင်လယ်များအထက်မှ ထိုးထွက်နေ၏။ ၄င်းကား တောင်တစ်လုံးနှင့်မတူ၊ မြေပြင်ကိုလှမ်းကြည့်နေသော ဧရာမဘီလူးကြီးနှင့် တူလေသည်။
"ဆေးပေါင်းဖိုပွင့်ပြီ၊ ဝင်ရောက်ကြလော့ " လင်ဟိုက်လုံက အော်သည်။
ဆေးပေါင်းဖိုမှ တဝီးဝီးအသံများ မြည်နေ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၄င်း၏ဘေးဘက်ခြမ်းသည် လှိုင်းဂယက်များ ထလာပြီး ကြည်လဲ့လာသည်။ ယင်းကား ရေတံခွန်အတိုင်းပင်။ ရီဖေးမုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးနောက် ဆေးပေါင်းဖိုအထဲ ပထမဆုံး ခြေချလိုက်သည်။ ထို့နောက် တသိမ့်သိမ့်လှုပ်ရှားနေသော ရေထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။ ချူယွီယန်လည်း မျက်ဝန်းလေးများမှ ခိုင်မာပြတ်သားသော စိတ်ဆန္ဒထုတ်လွှတ်နေရင်း လိုက်ပါဝင်ရောက်သွားသည်။
မန်ဟိုက မျက်လုံးပိတ်လျက် တင်ပျဥ်ခွေထိုင်နေသော မဟာအကြီးအကဲဆေးလုံးမိစ္ဆာကို ပြန်လှည့်ကြည့်သည်။ ထို့နောက် စကားတစ်ခွန်းမပြော၊ တုံ့ဆိုင်းခြင်းမရှိဘဲ ရေတံခွန်ထဲသို့ ဝင်ရောက်သွား၏။ အေးစက်မှူက သူ့ခန္ဓာကိုယ်တစ်ခုလုံး စိုးမိုးသွားပြီး ထိုးဖောက်မြင်လာရသည်။ သူကား ပျောက်ကွယ်သွားလေပြီ။
အခြားပြိုင်ပွဲဝင် ခုနစ်ဦးလည်း ထိုနည်းတူ ဝင်ရောက်ပြီး ချက်ချင်း ပျောက်ကွယ်သွားကြသည်။ ဤလူခုနစ်ယောက်အား လူများ သိပ်အာရုံမစိုက်ကြသော်လည်း မီးလျှံစမ်းသပ်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ရန် အရည်အချင်းရှိခြင်းက သူတို့မည်မျှ ထူးချွန်ကြောင်း ဖော်ပြနေလေသည်။ ထိုကဲ့သို့ အရည်အချင်းများက သူတို့သည် ပင်ကိုယ်အားဖြင့် ကျော်ကြားပြီး အကျင့်စရိုက်နှင့် ဆေးဝါတာအိုအားဖြင့် အတော်တကာ့အတော်ဆုံးဖြစ်သည်ဟု ဆိုလိုလေသည်။
***