သက်စောင့်ပေါင်းဖို
Vol. 20 Ch. 280
ဇီယွင်ဂိုဏ်းတွင် အမြင့်မြတ်ဆုံးသော နေရာ၊ ခရမ်းကြမ္မာကောင်းကင်နယ်မြေ။
အဆိုပါ ကောင်းကင်နယ်မြေနှင့် စပ်လျဥ်း၍ ဒဏ္ဍာရီများစွာ ရှိလေသည်။ သို့သော် အားလုံးသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ဂိုဏ်းကို တည်ထောင်ခဲ့သော တန်ခိုးရှင် ဆရာကြီးဇီတုန်နှင့် တစ်နည်းမဟုတ်တစ်နည်း ပတ်သက်နေ၏။
ဂိုဏ်းတည်ထောင်ပြီးနောက် နှစ်များစွာကြာသော် ဤကောင်းကင်နယ်မြေသည် တဖြေးဖြေး ဇီယွင်ဂိုဏ်း ဆေးပင်စိုက်ရာ နေရာ ဖြစ်လာခဲ့သည်။ အဆုံးသတ်တွင် ထိုနေရာ၌ ပေါက်ရောက်သော ဆေးပင်အမျိုးအစားများမှာ ကျန်တောင်ပိုင်းဒေသတစ်ခုလုံး အတူတူပေါင်းခြင်းထက် ပိုများလာတော့သည်။
ယင်းက အရှေ့ဆေးဝါးအဖွဲ့ တာအိုအစောင့်အရှောက်၏ နယ်မြေလည်း ဖြစ်သည်။ ဇီယွင်ဂိုဏ်း ကောင်းကင်နယ်မြေအတွင်း၊ အကန့်အသတ်မရှိ ဆန့်တန်းနေသော ဆေးပင်စိုက်ခင်းများ၏ ဟိုးအစွန်ဆုံးတွင် ထိပ်ပင် မမြင်ရအောင် မြင့်မားလွန်းသည့် တောင်တစ်လုံးရှိ၏။
ဟိုးအဝေးဆုံးမှပင် မြင်နိုင်သော ဤတောင်ကား ဇီတုန်တောင်ဟု အသိများလေသည်။
ဒဏ္ဍာရီတစ်ပုဒ်အရ ဆရာကြီးဇီတုန် သူ၏နောက်ဆုံးအချိန်တွင် ဤတောင်ထိပ်၌ တရားထိုင်ရင်း တဖြေးဖြေး ကွယ်လွန်သွားပြီးနောက်ပိုင်း......၄င်းက ဂါဝပြုရာနေရာ ဖြစ်လာခဲ့သည်ဟူ၍။
တောင်ခြေတွင် ခုနစ်ရောင်ခြယ်အလင်းဖြင့် တောက်ပနေသော ဧရာမဆေးပေါင်းဖိုကြီးတစ်လုံးရှိသည်။ ၄င်းသည် တုန်းလိုင်တောင်ထိပ်က ဆေးပေါင်းဖိုကြီးနှင့် တစ်ထေရာတည်း တူ၏။ သို့သော် ၄င်းက ပို၍အသက်ဝင်ပြီး ရှေးဆန်သောချီကို ထုတ်လွှတ်နေသည်။
ရုတ်တရက် တောင်ခြေရှိ လေထုသည် လှိုင်းထလာ၏။ ပုံရိပ်အမြောက်အမြား ပေါ်လာပြီး လှိုင်းဂယက်များ တဖြေးဖြေး ပျောက်ကွယ်သွားသောအခါ မန်ဟို၊ ချူယွီယန်၊ ရီဖေးမု နှင့် အခြားသူများအားလုံး ထိုနေရာသို့ ရောက်နေကြလေပြီ။
သူတို့အရှေ့တွင် ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် မြင့်မားသော တောင်ကြီးရှိသည်။ တောင်ခြေမှစ၍ မတူညီသော လမ်းသွယ်ဆယ်ခုသည် တောင်ထိပ်သို့ မြွေလိမ်မြွေကောက် ဦးတည်နေ၏။
မည်သည့်လမ်းကြောင်းကို ရွေးချယ်ရမည်လဲ ဆိုရာ၌ ပြိုင်ပွဲဝင်များ အဆိုပါလမ်းကြောင်းများမှ ရရှိသည့် ခံစားချက်အပေါ် မူတည်ပေမည်။ မည်သို့ဆိုစေ ဖြတ်သွားရမည့် လမ်းအသီးသီး အပေါ်မူတည်၍ ခက်ခဲမှုအဆင့်ကား အနည်းငယ်ကွဲပြားကြောင်း အလွယ်တကူမြင်နိုင်လေသည်။
မန်ဟိုက မြင့်သွန်းနေသော တောင်ကြီး၏ထိပ်ကို မော့ကြည့်သည်။ ၄င်း၏ ပိုမြင့်မားသော အပိုင်းမှာ မှုန်ဝါးနေသဖြင့် တောင်ထိပ်ကို မမြင်ရသလို တောင်၏ အမြင့်ကို တွက်ကြည့်ရန်ပင် အမှန်တကယ် မဖြစ်နိုင်ပေ။
မန်ဟို တစ်ယောက်သာ ထိုသို့ မော့ကြည့်နေခြင်းမဟုတ်။ ချူယွီယန်နှင့် ရီဖေးမုအပါအဝင် အခြားလူကိုးယောက်လည်း ၄င်းကို မော့ကြည့်နေကြသည်။
လမ်းကြောင်းဆယ်ခုအပြင် သူတို့၏အမြင်အာရုံတွင် ပြည့်နှက်နေသည့် အဓိကအရာမှာ ဧရာမဆေးပေါင်းဖိုကြီးဖြစ်၏။
အချိန်တချို့ကြာသော် ရီဖေးမု၏မျက်လုံးများ ခိုင်မာပြတ်သားသော စိတ်ဆန္ဒဖြင့် လင်းလက်တောက်ပလာသည်။ သူက အခြားသူများထံ လှည့်၍ ဝေ့ကြည့်လိုက်သည်။ သူ့အကြည့်က သူတို့တစ်ယောက်အပေါ်တွင်မှ ကျရောက်မသွားပေ။ သူ၏မောက်မာထောင်လွှားသော မျက်နှာထားက သူသည်သာ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် ဖြစ်လာနိုင်ပြီး အခြားပြိုင်ပွဲဝင်တစ်ယောက်မှ သူ့ကို မယှဥ်နိုင်သည်ကို သိနေကြောင်း ပြောနေသည့်အလားပင်။
သူ၏ မာနနှင့် အရည်အချင်းကြောင့် သူသည် ဤခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ဘွဲ့မှာ သူ့တစ်ယောက်တည်းနှင့်သာ သက်ဆိုင်သည်ဟု တစ်ရာရာခိုင်နှုန်း ယုံကြည်ချက်ရှိလေသည်။
သူက ဆေးပေါင်းဖိုထံ တဟုန်ထိုး ထွက်သွားပြီး ၄င်း၏ အရှေ့တည့်တည့်တွင် တင်ပျဥ်ခွေထိုင်ချလိုက်သည်။
ချူယွီယန်မှာ သူ့ကို ကြည့်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူမ၏မျက်ဝန်းလေးများသည်လည်း ခိုင်မာသောပြတ်သားသောစိတ်ဆန္ဒဖြင့် လင်းလက်တောက်ပလာသည်။
"ရှင်က ကျွန်မက သိပ်လေးစားရတဲ့ မဟာအကြီးအကဲဆေးဒယ်အိုး ဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ ရှင့်ကို ရင်ဆိုင်ဖို့ အချိန် ရောက်လာပြီ....." သူမက မျက်လုံးများ ပိတ်ရင်း ဆေးပေါင်းဖိုဘေးတွင် ထိုင်ချလိုက်သည်။
သူမနောက်တွင် မန်ဟိုနှင့် အခြားသူများ ချဥ်းကပ်လာပြီး နေရာအသီးသီး ရွေးချယ်ထိုင်လိုက်ကြသည်။ ပြိုင်ပွဲဝင်များ သက်စောင့်ပေါင်းဖိုများ ရယူရမည့် ပြိုင်ပွဲ၏ ပထမအဆင့် စတင်ခဲ့လေပြီ။
ပေါင်းဖိုအား မည်ကဲ့သို့ အမှန်တကယ် ရယူရမည်လဲ မန်ဟို မသိပေ။ သို့သော် သူတို့ဆယ်ယောက် ခုနစ်ရောင်ခြယ်ဆေးပေါင်းဖို၏ ပတ်ပတ်လည်တွင် တင််ပျဥ်ခွေထိုင်ချလိုက်သည်နှင့် တစ်ပြိုင်နက် ၄င်းမှဖြာထွက်နေသော အလင်းရောင်မှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီးနောက် ရုတ်တရက် ပြိုင်ပွဲဝင်များထံ ထိုးဝင်သွား၏။
မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားပြီးနောက် ရုတ်တရက် သူ့စိတ်ထဲတွင် သူ့ကို တိုးတိုးလေးခေါ်နေသော အရာတစ်ခုကို အာရုံရလိုက်သည်။ သူက ၄င်းကို စိတ်ဝိညာဥ်အာရုံဖြင့် လှမ်းထိကြည့်လိုက်ရာ ရုတ်ခြည်း သူ၏စိတ်အာရုံ လည်ထွက်သွားပြီး သူ့မှာ သူ၏ခန္ဓာကိုယ်နှင့် အဆက်အသွယ်ပြတ်သွားသည့်အလား ခံစားလိုက်ရ၏။
သူသည် တောင်ကို သော်လည်းကောင်း၊ ကောင်းကင်နယ်မြေကို သော်လည်းကောင်း မမြင်ရတော့ပေ။ ထိုအစား သူ့၏မျက်စိရှေ့တွင် ထူးဆန်းသော ကမ္ဘာတစ်ခု ဖြစ်ပေါ်လာသည်။
၄င်းသည် အကန့်အသတ်မရှိသည့်အပြင် တွန့်လိမ်ကောက်ကွေးနေသော မြူခိုးမြူငွေ့များဖြင့် ပြည့်နှက်နေ၏။ ခရမ်းရောင်ပျောက်နေသော ခြောက်ရောင်ခြယ်အလင်းကား နေရာတိုင်း၌ တောက်ပလျက်ရှိသည်။ ၄င်းသည် မြူများကို ထိုးဖောက်၍ ဖြာထွက်နေ၏။ မန်ဟိုက အရာအားလုံးကို တိတ်ဆိတ်စွာ ကြည့်နေသည်။ သူ့မှာ သူ၏ခန္ဓာကိုယ်ကို မခံစားရသော်လည်း တစ်နည်းနည်းဖြင့် ရှိနေသေးလေသည်။ သူသည် အာရုံစိုက်ခြင်းဖြင့် လှုပ်ရှားနိုင်ကြောင်း ရုတ်တရက် သဘောပေါက်လိုက်၏။
သူ၏ခန္ဓာကိုယ်သည် ဤနေရာ ဤကမ္ဘာတွင် မတည်ရှိဘဲ စိတ်ဆန္ဒသာ တည်ရှိခြင်းဖြစ်၏။ သူ မြူများကို ထိုးခွင်း၍ တဟုန်ထိုးသွားနေစဥ် သူ့အရှေ့ရှိ ကမ္ဘာကြီးကား တရိပ်ရိပ်ပြေးနေသည်။ သူ သွားနေစဥ် တစ်ခါတရံ တောက်ပသော အလင်းတန်းများက သူ့ကို ဖြတ်ကျော်သွားတတ်သည်။
ဤနေရာကား အဆုံးမရှိသည့်ပုံပင်။ အရာရာတိုင်းကား မှုန်မွှားဝေဝါးနေ၏....
ကောင်းကင်နယ်မြေအတွင်း၊ တောင်၏အောက်ခြေ၊ ဆေးပေါင်းဖိုဘေးတွင် မန်ဟိုသည် မလှုပ်မယှက် တင်ပျဥ်ခွေထိုင်နေသည်။ သူ၏မျက်နှာထားမှာ အိပ်မက်ထဲတွင် နစ်မြောနေသည့်အလား အဆက်မပြတ် ပြောင်းလဲနေ၏။ သူ့ပတ်ဝန်းကျင်ရှိ အခြားသူများလည်း ထိုနည်းတူပင်။ သူတို့၏မျက်နှာများ၌ အံ့သြခြင်း၊ ရှုပ်ထွေးခြင်းနှင့် အတွေးနက်ခြင်းတို့ ဖြတ်ပြေးနေလေသည်။
ထိုအချိန်တွင် ခရမ်းကြမ္မာကောင်းကင်နယ်မြေ၏ အပြင်ဘက်၊ တုန်းလိုင်တောင်ထိပ်၌ စူးရှတောက်ပသော အလင်းမျက်နှာပြင်ဆယ်ခု ရုတ်တရက် ဆေးပေါင်းဖိုမှ ပွင့်ထွက်လာသည်။ မီးလျှံစမ်းသပ်ပွဲအတွင်းရှိ လူတစ်ယောက်ချင်းစီ ပုံရိပ်များသည် မျက်နှာပြင်များပေါ်တွင် တဖြေးဖြေး ထင်ရှားလာ၏။
သူတို့ ထိုနေရာတွင် တင်ပျဥ်ခွေထိုင်နေစဥ် သူတို့၏မျက်နှာအမူအရာများအား တောင်ထိပ်တွင် ထိုင်နေသော အရှေ့ဆေးဝါးအဖွဲ့၏ ဆေးဝါးပညာရှင်အားလုံးအပြင် ကြည့်ရှုရန် လာရောက်ခဲ့ကြသော တခြားဂိုဏ်းများနှင့် မျိုးနွယ်စုများမှ ကိုယ်စားလှယ်များလည်း မြင်ရလေသည်။
ကောင်းကင်နယ်မြေအတွင်းရှိ တစ်ဦးတစ်ယောက်ချင်းစီ၏ လှုပ်ရှားမှုတိုင်းကား လူတိုင်းအတွက် ရှင်းလင်းပြတ်သားနေ၏။
လင်ဟိုက်လုံက သူတို့ကို ကြည့်ပြီး တစ်ယောက်တည်း ရေရွတ်နေသည်။ "ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် မီးလျှံစမ်းသပ်ပွဲတိုင်းမှာ ပြိုင်ပွဲဝင်တွေအားလုံး နယ်ပယ်လေးခုနဲ့ စမ်းသပ်ချက်လေးမျိုးကို ကျော်ဖြတ်ဖို့ လိုတယ်။ ဒါမဲ့ စမ်းသပ်မှုတွေကို မရင်ဆိုင်ခင် ကိုယ်ပိုင် သက်စောင့်ပေါင်းဖိုကို ရယူရမယ်။ ရရှိမယ့် သက်စောင့်ပေါင်းဖို အမျိုးအစားက .... ဆေးဝါးပညာရှင်ရဲ့ ကံတရားပေါ် မူတည်လိမ့်မယ်....."
မန်ဟိုသည် အဆုံးမရှိသော ဟင်းလင်းပြင်ထဲ၌ တရိပ်ရိပ်သွားနေရင်း အချိန်မသိတော့ပေ။ သူမြင်မြင်သမျှ မြူခိုးများနှင့် ခြောက်ရောင်ခြယ်အလင်းသာ။ တခြား ဘာဆိုဘာမှ မရှိပေ။
အချိန်အတော်ကြာပြီးနောက် မန်ဟို ပင်ပန်းလာသည်။ ရုတ်တရက် သူ့အရှေ့တွင် ခရမ်းရောင်အလင်း ဖြတ်ခနဲ လက်သွား၏။ မန်ဟို့ ရှေ့ထွက်သွားသည်။ သူ၏အာရုံမှာ ခရမ်းရောင်မဲ့နေသည့် ကမ္ဘါကြီးတွင် ရုတ်တရက် ပေါ်လာသော ဤခရမ်းရောင်အလင်း၏ ဖမ်းစားခံလိုက်လေပြီ။
ခရမ်းရောင်အလင်းကား လှုပ်ရှားခြင်းမရှိဘဲ မှိတ်တုတ်မှိတ်တုတ်ဖြင့် တန့်နေသည်။ ရုတ်တရက် အလင်းရောင်ထဲတွင် မွေးကင်းစကလေး၏ လက်သီးအရွယ်ခန့်ရှိသော ဆေးပေါင်းဖိုတစ်လုံး မြင်သာလာ၏။
မှော်သင်္ကတများက ခရမ်းရောင်အလင်းထုတ်လွှတ်နေသော ဆေးပေါင်းဖိုကို ဝန်းရံ လှည့်ပတ်နေသည်။
မန်ဟို့၏ စိတ်ဆန္ဒ ဆေးပေါင်းဖိုကို ထိရန် ရွေ့လျားစဥ်မှာပင် ၄င်းက မှော်သင်္ကေတများနှင့်အတူ ချက်ချင်း နောက်ဆုတ်သွားသည်။ မန်ဟို အနားပင် မကပ်နိုင်ခင် ၄င်းသည် အဝေးထွက်သွားတော့သည်။
မန်ဟိုက တစ်ယောက်တည်း ရေရွတ်နေပြီးနောက် ရှေ့ဆက်သွား၏။ သိပ်မကြာခင်ဘအတွင်း၌ ဆေးပေါင်းဖိုတစ်လုံးဖြင့် ခရမ်းရောင်အလင်း နောက်တစ်ခုအား မြင်လိုက်ရသည်။ ၄င်းက အရင်တစ်ခုနှင့် မနည်းကွဲပြားပြီး ခြေသုံးချောင်းရှိလေသည်။ သို့သော် မန်ဟို အနားကပ်သွားသည်နှင့် ၄င်းလည်း အဝေးသို့ ထွက်ပြေးသွားသည်။
"ဒီတော့" မန်ဟိုက တွေးသည်။ "ငါ ဆေးပေါင်းဖိုတစ်လုံးကို ရွေးချယ်ရမယ်၊ ဆေးပေါင်းဖိုကလည်း ငါ့ကိုရွေးချယ်ရမယ် ဒီလိုပေါ့လေ....." သူသည် ဆက်မသွားတော့ဘဲ သူ့ကိုယ်သူ တည်ငြိမ်စေကာ စိတ်ဆန္ဒအား အနားပေးလိုက်သည်။ "ငါ ဆေးပေါင်းဖိုမိခင် ဖန်တီးထားတဲ့ ဒီကမ္ဘာနဲ့ ဆက်သွယ်ဖို့ ငါ့ရဲ့ဆေးဝါးတာအိုကို အသုံးပြုမယ်။ ငါနဲ့ ကံတရားအရ ဆက်သွယ်နေမယ့် သက်စောင့်ပေါင်းဖိုကို ဟင်းလင်းပြင်ထဲမှာ ရှာရလိမ့်မယ်....." ထို့နောက် သူသည် သူ၏မျက်လုံးများအား ပိတ်လိုက်၏။
အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ မန်ဟို တဖြေးဖြေး တည်ငြိမ်လာသည်။ မကြာမီ သူ့စိတ်ထဲတွင် စိတ်ဆန္ဒစက်လုံးကိုးခုကို မြင်လာသည်။ ဤစက်လုံးကိုးခုမှာ မီးလျှံစမ်းသပ်ပွဲအတွင်းရှိ အခြားပြိုင်ပွဲဝင်ကိုးဦးမှလွဲ၍ တခြားမဟုတ်ပေ။
သူသည် သူတို့ကို အာရုံခံနိုင်ပြီး သူတို့ကလည်း သူ့ကို အာရုံခံနိုင်၏။
၄င်းက ထူးဆန်းသော ခံစားချက်တစ်ခုပင်။ သူတို့မှာ တစ်ယောက်ကိုတစ်ယောက် မမြင်နိုင်သော်လည်း ခံစား၍ရလေသည်။ မန်ဟိုနှင့် အခြားကိုးယောက်သည် ဤကမ္ဘာကြီးကို အာရုံခံပြီး သူတို့၏ ကိုယ်ပိုင်သက်စောင့်ပေါင်းဖိုအား ရွေးချယ်ရန် ဆေးဝါးတာအိုကို အမှီပြုနေကြသည်။
တစနှင့်တစ တောက်ပသော အလင်းတန်းတစ်တန်းပြီးတစ်တန်း အခြားကိုးယောက် ပတ်ပတ်လည်တွင် ပေါ်လာသည်ကို မန်ဟို မြင်လိုက်သည်။ ချူယွီယန်က ရောင်စုံ ဆေးပေါင်းဖို ခုနစ်လုံး၊ ရှစ်လုံး ဆွဲဆောင်နိုင်ခဲ့၏။
ရီဖေးမုတွင်မူ ဒါဇင်များစွာ ဝန်းရံနေကြသည်။ ၄င်းတို့အားလုံးမှာ သူ၏ ရွေးချယ်ခြင်းခံလိုနေကြဟန်ပင်။
အခြားသူများ၌ အနည်းဆုံး ဆေးပေါင်းဖို နှစ်လုံးသုံးလုံး ရှိသည်။
အရှေ့၌ ဆေးပေါင်းဖိုတစ်လုံးသာ ရှိသူဟူ၍ မန်ဟိုတစ်ယောက်သာ ရှိလေသည်။ သူ့မှာ တခဏ စိတ်လေးသွားသော်လည်း သူ့ကိုယ်သူ ပြန်တည်ငြိမ်အောင် လုပ်လိုက်သည်။
"ငါရဲ့ ဆေးဝါးတာအိုမှာ" သူက တွေးသည်။ "ငါ့ခန္ဓာကိုယ်က ဆေးပေါင်းဖို၊ ငါ့နှလုံးသားက ဆေးဖော်နည်းပဲ။ ဒီဒဿနကို သဘောတူတဲ့သူ မရှိလောက်ရှားတယ်။ ဒါကြောင့် ငါ့အတွက် သင့်တော်တဲ့ ဆေးပေါင်းဖိုကို ဆွဲဆောင်ဖို့ ခက်တာပဲ" သူက သူ၏စိတ်ဆန္ဒကို အဘက်ဘက်သို့ဖြန့်ကျက်ရင်း စတင်ရေရွတ်သည်။ "ဆေးပေါင်းဖိုတို့၊ သင်တို့ ကျုပ်နောက်လိုက်ရင် ထိပ်ဆုံးရောက်လိမ့်မယ်။ ကျုပ်နဲ့အတူလိုက်ပြီး ထာဝရတည်ရှိပေးပါ"
ရုတ်တရက် ဘာမှမရှိသော ကမ္ဘာကြီးတစ်လျှောက်လုံး မရေမတွက်နိုင်သော အလင်းဖန်လုံးများ ထွက်ပေါ်လာသည်။ ဆေးပေါင်းဖိုများကား မန်ဟို့အသံကို တုံ့ပြန်နေသည့်အလား တုန်ခါနေကြသည်။
"ကျုပ်ရဲ့ ဆေးဝါးတာအိုမှာ ကျုပ်ရုပ်ခန္ဓာက ပေါင်းဖိုဖြစ်ပြီး ကျုပ်နှလုံးသားက ဖော်စပ်နည်းပဲ။ ကျုပ် ကမ္ဘာကြီးထဲက ပစ္စည်းပေါင်းမြောက်မြားစွာကို သန့်စင်မယ်။ နေနဲ့လရဲ့ အသွင်ပြောင်းခြင်းတွေကို သန့်စင်မယ်။ အဲ့ဒီလို သန့်စင်ခြင်းအတွက် ကျုပ်ရဲ့ သက်စောင့်ပေါင်းဖိုအဖြစ် ဆေးပေါင်းဖိုတစ်လုံး လိုအပ်တယ်။ ပြောင်းလဲခြင်းတွေနဲ့ ပြည့်နှက်နေမယ့် ဘဝတစ်ခုထဲ ကျုပ်နဲ့အတူ လိုက်ခဲ့ပါ....." သူ၏စိတ်ဆန္ဒသည် ပို၍အားကောင်းလာကာ သူ့ကိုတုံ့ပြန်သည့် ဆေးပေါင်းဖိုအရေအတွက်အား တစ်သိန်းအထိ တိုးသွားစေတော့သည်။ တစ်ဝက်ကျော်မှာ သွက်သွက်ခါအောင် တုန်ရီပြီး စိတ်လှုပ်ရှားနေသော်လည်း တုံ့ဆိုင်းနေသေး၏။
"ကျုပ်နောက်လိုက်မယ့် ဘယ်ဆေးပေါင်းဖိုမဆို ဘယ်တော့ အဖျက်စီးမခံစေရဘူးလို့ ကျုပ်ကတိပြုတယ်။ ဘယ်တော့မှ မအက်ကွဲစေရဘူး" သူ၏စိတ်ဆန္ဒသည် ပို၍ပင် အားကောင်းလာရင်း ပဲ့တင်ထပ်နေ၏။ တုန်ခါနေသော ဆေးပေါင်းဖို ငါးသောင်းထဲတွင် တစ်သောင်းမှာ တဝီးဝီးမြည်သံများ ထုတ်လွှတ်လာသည်။
"ကျုပ်နောက်လိုက်မယ့် ဘယ်ဆေးပေါင်းဖိုမဆို ကြယ်ဆေးလုံးတွေကို ဖော်စပ်ပြီး ဆေးစိတိဝိညာဥ် မွေးဖွားလာစေရမယ်လို့ ကျုပ် ကတိပေးတယ်။ ဒါက ကျုပ်ရဲ့ကတိပဲ" သူ၏စိတ်ဆန္ဒသည် တလိပ်လိပ်တက်လာပြီး ထိုအခိုက်အတန့်၌ ဆေးပေါင်းဖိုတစ်သောင်းအနက် တစ်ထောင်၏အသံမှာ ပို၍ကျယ်လောင်ပြီး စူးရှတောက်ပသော အရှိန်အဝါများ ထုတ်လွှတ်လာသည်။
"ကျုပ်နဲ့သက်ဆိုင်တဲ့ ဘယ်ဆေးပေါင်းဖိုမဆို ကျုပ်တာအိုကို ရရှိတဲ့အခါ လူအဖြစ်ဖန်ဆင်းနိုင်စေရမယ်လို့ ကတိပေးတယ်" သူ၏စိတ်ဆန္ဒကား တဂျိန်းဂျိန်း မြည်ဟည်းလာသည်။ ဆေးပေါင်းဖိုတစ်ထောင်အကြား၌ ခရမ်းရောင်ဆေးပေါင်းဖိုတစ်လုံးသည် ရုတ်တရက် မည်သည့်နေရာကမသိ ထွက်လာကာ မန်ဟို့ဆီ တန်းတန်းမတ်မတ် ဦးတည်သွား၏။
၄င်းသည် တဖျပ်ဖျပ်လှုပ်နေသော ခရမ်းရောင်အလင်းဖြင့် တောက်ပနေရင်းသူ့အရှေ့ရှိ လေထုထဲတွင် လွင့်မျောနေသည်။ ၄င်းထံမှ မှော်သင်္ကေတများလည်း ထုတ်လွှတ်နေ၏။ တစ်ချက်လေးကြည့်လိုက်ရုံဖြင့် ၄င်းသည် သေချာပေါက် သာမန်မဟုတ်ကြောင်း ထင်ရှားလေသည်။
"ဒါက ဟင်းလင်းပြင်ကနေ ရွေးချယ်လိုက်တဲ့ ငါ့အပိုင် သက်စောင့်ပေါင်းဖိုပဲ....." မန်ဟို့၏မျက်လုံးများ တောက်ပသွားပြီး သူက ဆေးပေါင်းဖိုကို ကိုင်ရန် လက်ကို ဖြေးညင်းစွာ မြှောက်လိုက်သည်။ ရုတ်တရက် ဤအခိုက်အတန့်မှာပင် စူးစူးဝါးဝါးအသံကြီးတစ်သံက တစ်ကမ္ဘာလုံးကို တုန်ခါသွားစေ၏။
မန်ဟို့အရှေ့ရှိ ဆေးပေါင်းဖိုမှာ စတင်တုန်ခါလာပြီး အခြားပြိုင်ပွဲဝင်ကိုးယောက် ပတ်လည်တွင် ပျံဝဲနေသော ဆေးပေါင်းဖိုအားလုံးလည်း ထိုနည်းတူပင်။ ၄င်းတို့မှာ......ကြောက်လန့်နေပုံရ၏......
အင်မတန် တုန်လှုပ်ဖွယ်ကောင်းသော အရာကြီးတစ်ခု ဖြစ်ပျက်ပေတော့မည်။
***