← Chapters

အညံ့ခံမယ့်အစား အသေပဲခံမယ်

Vol. 20 Ch. 281

အညံ့ခံမယ့်အစား အသေပဲခံမယ်

Vol. 20 Ch. 281

အဝေးမှ အနက်ရောင်အလင်းတန်းတစ်တန်း သူတို့ဆီ တဟုန်ထိုးလာနေသည်။ ၄င်းက ဖော်ပြ၍မတတ်နိုင်သော အရှိန်ကြီးဖြင့် ချူယွီယန်၏ စိတ်ဆန္ဒထံ ပြေးဝင်လာပြီး သူမကို ဝန်းရံနေသည့် ဆေးပေါင်းဖိုတချို့ကို ဝင်တိုက်လိုက်သည်။ ၄င်းတို့၏ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားသော အပိုင်းအစများကို အနက်ရောင်အလင်းတန်းက ဝါးမျိုပစ်လေသည်။

ချူယွီယန်မှာ ဤဆေးပေါင်းဖိုများကို တစ်သိန်းကြားမှ အလွန်တရာ ခက်ခက်ခဲခဲ ဆွဲဆောင်ခဲ့ရခြင်း ဖြစ်သည်။ သူမနှင့် ကိုက်ညီသော တစ်ခု ရှာတွေ့ရုံရှိသေးသည်၊ အနက်ရောင်အလင်းတန်းက ၄င်းကို ဝင်တိုက်ပြီး ဖျက်စီးပစ်လိုက်၏။ ပေါင်းဖိုများမှာ ထွက်လည်းထွက်မပြေးရဲ၊ ရှောင်လည်းမရှောင်ရဲသဖြင့် အနက်ရောင်အလင်းတန်းအား ဝါးမျိုခွင့်ပေးနေသည့်အလား ထင်ရသည်။ အနက်ရောင်အလင်းတန်းသည် အရာရှိတစ်ယောက်အား သေဒဏ်ပေးလိုက်သော ဧကရာဇ်တစ်ပါးသဖွယ်ပင်။ မှန်ပါသည်၊ ထိုအရာရှိမှာ သေရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။

ချူယွီယန်၏စိတ်ဆန္ဒ ချက်ချင်း တုန်ခါသွားသည်။

ဆေးပေါင်းဖိုအားလုံး ကြေမွသွားခြင်းတော့မဟုတ်၊ အနက်ရောင်အလင်းတန်း အဖက်မလုပ်ဘဲ ချန်ထားခဲ့သော နှစ်လုံး၊ သုံးလုံးရှိသေးလေသည်။

ခဏကြာသော် အနက်ရောင်အလင်းတန်းသည် ရီဖေးမုထံ ပြေးဝင်သွား၏။ ၄င်းက သူနှင့် တစ်သိန်းအနက်မှ သူဆွဲဆောင်ခဲ့သော ဆေးပေါင်းဖိုဒါဇင်များစွာကို ပတ်၍ ပျံဝဲနေသည်။ တစ်ဝက်ကျော် ကြေမွသွားပြီး ၄င်း၏ဝါးမြိုခြင်း ခံလိုက်ရလေသည်။ ထို့နောက် အလင်းတန်းက အခြားသူများဆီ ဆက်သွားသည်။

ဤအရာအားလုံး ရှင်းပြရန် အချိန်အနည်းငယ်ကြာလိုက်သော်လည်း အနက်ရောင်အလင်းတန်းကား မျက်တောင်တစ်ခတ်အတွင်း လှုပ်ရှားနေခြင်းဖြစ်သည်။ သူ၏နောက်ထပ်ပစ်မှတ်က မန်ဟိုပင်။ သူ့မှာ အရှေ့တွင် ပျံဝဲနေသော ဆေးပေါင်းဖိုကို လှမ်းယူရန် အချိန်မရလိုက်ပေ။ အနက်ရောင်အလင်းတန်းက သူ၏ခရမ်းရောင်ဆေးပေါင်းဖိုကို ဝင်တိုက်ပြီး ဝါးမျိုသွားသည်။

ချက်ချင်းပင် မန်ဟို၏ နှလုံးသားထဲမှ ဒေါသများ တလိပ်လိပ် တက်လာတော့သည်။ သူ၏ဒေါသကား ငယ်ထိပ်အထိ ဆောင့်တက်လာ၏။ သူ့မှာ ဆေးပေါင်းဖိုတစ်သိန်းမှ အမြောက်အမြားဆွဲဆောင်နိုင်ခဲ့သော အခြားပြိုင်ပွဲဝင်များနှင့် မတူပေ။ သူတို့အတွက် နည်းနည်းပါးပါး ဆုံးရှုံးခြင်းက ပြဿနာမဟုတ်၊ အလင်းတန်းမဖျက်စီးခဲ့သည့် နောက်တစ်လုံးကို အမြဲရွေးချယ်နိုင်သည်။

သို့သော် မန်ဟို့မှာတော့ ခရမ်းရောင်ဆေးပေါင်းဖို သူ့ကို လက်ခံအောင် အားတော်တော်ထုတ်၍ သွေးဆောင်ခဲ့ရလေသည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်း အနက်ရောင်အလင်း၏ ဖျက်စီးခြင်း ခံလိုက်ရ၏။ ယခု သူ့မှာ ဘာဆိုဘာမှမကျန်တော့ပေ။ သူ့အနေဖြင့် ဒေါသမထွက်ဘဲ ရှိမည်လော။

ပို၍ပင် စိတ်တိုစရာကောင်းသည်က မန်ဟို၏ဆေးပေါင်းဖိုကို ဖျက်စီးပြီးနောက် အနက်ရောင်အလင်းတန်းက မောက်မာသောစိတ်ဆန္ဒကို ထုတ်ဖော်ပြီးနောက် အဝေးသို့ထွက်သွားခြင်းပင်။ ၄င်းမှာ ဧကရာဇ်တစ်ပါး သူ၏ပိုင်နက်အား ကြည့်ရှုစစ်ဆေးရင်း အရာရှိများအား စိတ်တိုင်းကျ သုတ်သင်ပြီး သူ့လမ်းသူ ဆက်သွားနေသည့်အလားပင်။

အနက်ရောင်အလင်းတန်းထဲ၌ ဆေးပေါင်းဖိုတစ်လုံး၏ပုံရိပ်ကို မန်ဟို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ၄င်းသည် နက်မှောင်နေပြီး မည်သည့် မှော်သင်္ကေတကိုမှ ထုတ်လွှတ်မနေပေ။ အနက်ရောင်က ဤကမ္ဘာအတွင်းရှိ အရောင်များထဲက တစ်ခုမဟုတ်သည့်အတွက် ၄င်းသည် အခြားဆေးပေါင်းဖိုအားလုံး၏ အထက်တွင် ရှိနေသည့်အလား သဟဇာတဖြစ်မနေပေ။

"ငါ့ဆေးပေါင်းဖိုကို ဖျက်စီးတယ်ပေါ့လေ။ အေး ငါ့ရဲ့ဆေးပေါင်းဖိုအသစ်က မင်းဖြစ်စေရမယ်" သူက ဒေါသတပွက်ပွက်ဆူနေရင်း အနက်ရောင်ဆေးပေါင်းဖိုအနောက်သို့ သူ၏စိတ်ဆန္ဒကို ချက်ချင်း လိုက်သွားစေလိုက်သည်။

ဤအခိုက်အတန့်တွင် မန်ဟိုသည် "နှလုံးသားအလိုအတိုင်း လိုက်နာပါ" ဆိုသော အယူအဆကို လွှင့်ပစ်လိုက်လေပြီ။ သူသည် သူ့တစ်ယောက်တည်းနှင့်သာ သက်ဆိုင်မည့် သက်စောင့်ပေါင်းဖိုကို ရှာရန်အတွေးကိုလည်း ဘေးချိတ်လိုက်သည်။ ဤသည်ကား သူ၏စရိုက်ပင်။

သင် မန်ဟို့၏ဆေးပေါင်းဖိုကို ဖျက်စီးလျှင်  အကြောင်းပြချက်က မည်သို့ပင်ဖြစ်နေပါစစေ၊ ၄င်းကိုအစားထိုးဖို့ တန်ရာတန်ကြေး ပေးဆပ်ရမည်။

ဤသည်ကား မန်ဟိုပင်။ သူ၏ဒေါသကား ငယ်ထိပ်အထိ ရောက်နေပြီး သူ၏စိတ်ဆန္ဒက အနက်ရောင်အလင်းတန်းအနောက်ကို ထပ်ကြပ်မကွာ လိုက်နေသည်။

အနာကို ဆားသိပ်သကဲ့သို့ အနက်ရောင်ဆေးပေါင်းဖိုကား သူ့ကိို သတိထားမိပုံပင် မရပေ။ ၄င်း၏မောက်မာမှုအဆင့်ကား မယုံနိုင်ဖွယ်ရာ အတိဖြစ်သည်။ ၄င်းသည် ၄င်းလမ်းအတိုင်း သွားနေစဥ် ကြုံရာ ဆေးပေါင်းဖိုများအား ရက်ရက်စက်စက် ဝင်တိုက် ဖျက်စီးပြီး ဝါးမျိုပစ်တတ်သည်။

ကြည့်ရသရွေ့ ဤဆေးပေါင်းဖိုတွင် မန်ဟို့ကို အထင်သေးရွံရှာစရာအဖြစ် သတ်မှတ်ထားသော ကိုယ်ပိုင်စိတ်ဝိညာဥ် ရှိနေပုံရသည်။

ထိုအချိန် ၊ ဇီတုန်တောင်၏အပြင်ဘက်၌ လူတိုင်း ဆေးပေါင်းဖိုမိခင်အနား၌ ထိုင်နေကြသည်။ ချူယွီယန်၏ မျက်လုံးများ ပွင့်လာပြီး ရီဖေးမုနှင့် အခြားခုနစ်ယောက်လည်း ထိုနည်းတူပင်။ သူတို့လက်များအပေါ်ရှိ လေသည် တောက်ပလာပြီးနောက် ဆေးပေါင်းဖိုများအသွင် ပြောင်းသွား၏။

စောစောက ပုံရိပ်ယောင်ကမ္ဘာထဲ၌ သူတို့ရှိရှိခဲ့သည့် ဆေးပေါင်းဖို မည်သည့်အရောင်ဖြစ်စေကာမူ အရေးမကြီးပေ။ ယခု သူတို့လက်ထဲ၌ ပေါ်လာသော ဆေးပေါင်းဖိုတစ်လုံးစီတိုင်းကား အဖြူရောင် ဖြစ်၏။

မန်ဟိုကလွဲ၍ လူတိုင်း နိုးလာကြလေပြီ။ သူက မျက်မှောင်ကြုတ်ပြီး အံကြိတ်လျက် တရားထိုင်နေဆဲရှိသေးသည်။

ကောင်းကင်နယ်မြေနှင့် ပုံရိပ်ယောင်ကမ္ဘာကြီးအပြင်ဘက်တွင် ခရမ်းရောင်ဆေးပေါင်းဖိုများ အပါအဝင် လူတိုင်းမှာ တကယ်တမ်း ဆေးပေါင်းဖိုမိခင်အတွင်း၌ ဘာဖြစ်နေသည်လဲ မမြင်ရပေ။ သူတို့မြင်နိုင်သည့် တစ်ခုတည်းသောအရာမှာ မန်ဟိုနှင့်အခြားသူများ၏ မျက်နှာအမူအရာများသာ ဖြစ်သည်။ ယခုတွင် လူတိုင်းသည် မန်ဟိုနှင့် သူ၏ကံဆိုးမှုအပေါ် အာရုံစိုက်နေကြသည်။

ချူယွီယန်လည်း သူ့ကို လှမ်းကြည့်လိုက်သည်။ သူမက ဘာမှမပြောဘဲ ဆေးပေါင်းဖိုကို ကိုင်လျက် ထရပ်ပြီး ဇီတုန်တောင်သို့ ပြေးထွက်သွားသည်။ ရီဖေးမု၏ ခန္ဓာကိုယ်လည်း လှစ်ခနဲ လှုပ်ရှားပြီး တောင်ထိပ်သို့ သွားသည့်လမ်းများအနက် ပထမဆုံးလမ်းကို ဦးတည်နေ၏။

အခြားပြိုင်ပွဲဝင်ခုနစ်ယောက်လည်း လမ်းကိုယ်စီရွေးချယ်ကာ ဇီတုန်တောင်သို့ တက်သွားကြသည်။ သူတို့ရွေးချယ်လိုက်သော လမ်းများက အနောက်တွင် ပျောက်ကွယ်ကျန်ခဲ့လေသည်။ မကြာမီ တရားထိုင်နေဆဲဖြစ်သော မန်ဟို့အတွက် တောင်ပေါ်၌ လမ်းတစ်လမ်းသာ ကျန်တော့သည်။

ဆေးပေါင်းဖို၏ ပုံရိပ်ယောင်ကမ္ဘာထဲတွင် မန်ဟိုသည် အနက်ရောင်အလင်းတန်းအား သဲကြီးမဲကြီး လိုက်နေ၏။ ၄င်းက သူ့ကို နေရာတိုင်း ခေါ်သွားပြီး ၄င်း၏အထင်သေးသော စိတ်ဆန္ဒမှာ အားကောင်းသထက် အားကောင်းလာသည်။

နောက်ဆုံး၌ မန်ဟို စိတ်မရှည်တော့ပေ။ "မိစ္ဆာချုပ်နှောင်ခြင်း၊ အဋ္ဌမမန္တန် " ဤကမ္ဘာမှာ ချိတ်ပိတ်ခံထားရသည့်အတွက် အပြင်လူများ အထဲတွင် ဘာဖြစ်နေသည်လဲ မပြောနိုင်ကြောင်း သူသိလေသည်။ ထို့ကြောင့် သူ ချုပ်တည်းမနေတော့ပေ။ သူ၏ မမြင်ရသော ခန္ဓာကိုယ် လွင့်စင်ပျောက်ကွယ်သွားပြီး ရုတ်တရက် မန်ဟို့ဝိညာဥ်၏အစိတ်အပိုင်းတစ်ခု အဆုံးမရှိသော လှိုင်းဂယက်များအကြား ပေါ်လာသည်။ လှိုင်းဂယက်များက ပင့်ကူမျှင်များအသွင်ပြောင်းပြီး အနက်ရောင်ဆေးပေါင်းဖိုဆီ ချက်ချင်းပြေးဝင်၍ ချုပ်နှောင်လိုက်လေသည်။

အနက်ရောင်ဆေးပေါင်းဖိုကား အံသြပြီး ကြက်သေသေ သေသွားပုံပင်။ ၄င်း၏ မှတ်ဉာဏ်ထဲ၌ ၄င်းကို ဖမ်းနိုင်သည့်သူဟူ၍ တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ ဤကမ္ဘာအတွင်း၌ ၄င်းသည် ရှင်ဘုရင်ဖြစ်ပြီး ဘယ်သူမှ လက်ဖျားဖြင့်ပင် မထိနိုင်ပေ။ သို့သော် ယနေ့တော့ ၄င်း၏စိတ်ဆန္ဒနှင့် ဆေးပေါင်းဖိုပုံစံကို တုန်လှုပ်စေနိုင်သော မှော်ပညာရပ်တစ်ခုဖြင့် တိုးခဲ့လေပြီ။ ၄င်းက ချက်ချင်း ရပ်လိုက်သည်။ သို့သော် အသက်နှစ်ရှိုက်အတွင်း ရုန်းထွက်နိုင်သွားလေသည်။

သို့သော် ၄င်း တစ်ချိုးတည်းပြေးအံ့ဆဲဆဲ ပုံရိပ်ယောင်လက်ကြီးတစ်ဖက်က မည်သည့်နေရာကမသိ ထွက်လာပြီး ၄င်းကို ချုပ်ကိုင်လိုက်သည်။ အစက ဤနေရာတွင်  မန်ဟို့၏တည်ရှိမှုအား မမြင်ရပေ။ သို့သော် အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကြောင့် သူ့ခန္ဓာကိုယ်၏ တစ္ဆေပုံရိပ်အား ယခု မြင်နိုင်လေပြီ။

"ဘယ်ပြေးဖို့ တွေးနေတာလဲ" သူက ဆေးပေါင်းဖိုကို ခပ်တင်းတင်းချုပ်ပြီး ပြောသည်။ အနက်ရောင်ဆေးပေါင်းဖိုက စွမ်းအားလှိုင်းများ ထုတ်လွှတ်ရင်း ရုန်းကန်သည်။ မျက်နှာတစ်ခု ၄င်း၏မျက်နှာပြင်ပေါ်၌ ပေါ်လာ၏။

၄င်းသည် ရက်စက်ကြမ်းကြုတ်သော လူငယ်တစ်ယောက်၏မျက်နှာ ဖြစ်သည်။ ၄င်းက ရန်လိုမုန်းတီးခြင်းအငွေ့အသက်များ ထုတ်လွှတ်နေပြီး ပေါ်လာသည်နှင့် မန်ဟို့ကို စိိန်းစိန်းဝါးဝါး ကြည့်ကာ မာန်ဖီသည်။

မန်ဟို့၏မျက်လုံးများ အေးစက်သွားသည်။ သူက ညာလက်ကို မြှောက်ပြီး ၄င်းအား ပါးဖြတ်ချလိုက်သည်။ ပါးချသံက ဖြောင်းခနဲ ဟိန်းထွက်သွားသည်။ မျက်နှာမှာ ဘေးသို့လည်ထွက်သွားသော်လည်း ပြန်လှည့်လာပြီး မန်ဟို့ကို ဒေါသတကြီး ဟိန်းဟောက်ပြန်သည်။

ဟိန်းဟောက်သံကား မယုံကြည်နိုင်ဖွယ်အင်အားကြီး ပါဝင်နေသည့်အလား မိုးထိအောင် ပဲ့တင်ထပ်သွား၏။ အဆိုပါအားက မန်ဟို့ကို ရိုက်ခတ်ပြီး သူ၏စိတ်ဆန္ဒကို တုန်ခါသွားစေသည်။ သို့သော် သူက ဆုပ်ကိုင်ထားသည်အား နည်းနည်းလေးပင် လျှော့မပေးပေ။ ထိုအစား အေးအေးစက်စက် နှာမှုတ်လိုက်၏။

"အာခံတယ်တယ်လား။ အေး အာခံတာက မင်းအတွက် ဘာကောင်းကျိုးမှမရှိဘူး" သူက အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်အစွမ်းကို သုံးရင်း ဘယ်လက်ကို မြှောက်၍ လူငယ်၏မျက်နှာအပေါ် လက်ချောင်းဖြင့် ဖိချလိုက်သည်။

"မင်း တခြားဆေးပေါင်းဖိုတွေကို စားခဲ့တယ်မဟုတ်လား။ အေး အဲ့တာ ငါဂရုမစိုက်ဘူး။ ဒါမဲ့ မင်းက ငါ့ဆေးပေါင်းဖိိုကို စားရဲတယ်လေ။ မင်းလုပ်ခဲ့တာ မင်းပြန်ပေးဆပ်ရမယ်" သူက အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို နောက်တစ်ဖန် သုံးလိုက်သဖြင့် သူ့ဘယ်လက်တွင် လက်ကွက်တစ်ခု ဖြတ်ခနဲလှုပ်ရှားသွားသည်။ ချုပ်နှောင်တံဆိပ်စီးကြောင်းများ ဆေးပေါင်းဖိုအပေါ် ပျံဆင်းလာ၏။ ကြည့်ရသရွေ့ ၄င်းသည် မကြာမီ လုံးဝဖိနှိပ်ခံရတော့မည် ဖြစ်သည်။

လူငယ်၏မျက်နှာ ဖော်ပြထားသည့် ဆေးပေါင်းဖို၏ဝိညာဥ်က ပြင်းပြင်းထန်ထန် ရုန်းကန်သည်။ အထဲရှိ ဆေးပေါင်းဖိုအားလုံး ၄င်းအသံကြားလိုက်သဖြင့် စတင်တုန်ခါလာကြသည်။ ၄င်းတို့က ချက်ချင်း မန်ဟို့ထံ အပြေးအလွှား ရောက်လာကြ၏။

မျက်စိတစ်မှိတ်အတွင်း မန်ဟိုအား တောက်ပနေသော အလင်းတန်းတစ်တန်းပြီးတစ်တန်း ဝန်းရံလာကြလေပြီ။ တစ်ထောင် ၊ ငါးထောင်၊ တစ်သောင်း၊ ငါးသောင်း၊ တစ်သိန်း.......

အလင်းတန်းတစ်သိန်းကျော်သည် မန်ဟို့ကို ပတ်၍ပျံဝဲနေ၏။ ၄င်းတို့ထုတ်လွှတ်သည့်အလင်းရောင်များက အဆုံးမရှိ ဖြာထွက်လာပြီး တဖြေးဖြေး ဆေးပေါင်းဖိုတစ်သိန်းအသွင် ပြောင်းလာသည်။ ၄င်းတို့က အမြင့်ဆုံးအရှိန်ဖြင့် သူ့ကိုလှည့်ပတ်နေဂာ တဝီးဝီးမြည်သံများ ပဲ့တင်ထပ်နေတော့သည်။ မန်ဟိုသာ အနက်ရောင်ဆေးပေါင်းဖိုကို မလွှတ်ပေးပါက ၄င်းတို့က သူ့ကို တိုက်ခိုက်တော့မည့် ပုံရသည်။

အနက်ရောင်ဆေးပေါင်းဖိုက ထွက်ပြေးရန် မကြိုးစားတော့ပေ။ မာန်တက်နေသော အမူအရာနှင့်အတူ ရန်လိုသောပုံစံက ၄င်း၏မျက်နှာကို ဖုံးလွှမ်းသွားသည်။ ၄င်းက မန်ဟို့ကို ရန်စနေသည့်ဟန်ဖြင့် ကြည့်နေသည်။ သို့သော် ဤအခိုက်တွင် မန်ဟိုက လက်မြှောက်ပြီး ပါးထပ်ချလိုက်ပြန်သည်။

ဒေါသများ အနက်ရောင်ဆေးပေါင်းဖိုလူငယ်၏မျက်နှာကို ဖုံးလွှမ်းသွားသည်။ စူးစူးဝါးဝါး အသံတစ်သံ ထွက်လာရာ ဝိုင်းထားသော ဆေးပေါင်းဖိုတစ်သိန်းက ရုတ်တရက် တိုက်ခိုက်ရန် ပြေးဝင်လာတော့သည်။ ၄င်းတို့က လှိုင်းဂယက်များ ထုတ်လွှတ်ရင်း မန်ဟို့ဆီ ပြေးဝင်လာရာ အလင်းရောင်များကား မျက်စိကျိန်းမတတ် စူးရှတောက်ပနေတော့သည်။ မန်ဟိုက အေးစက်စက်နှာတစ်ချက်သာ မှုတ်ပြီး မျက်လုံးပိတ်လိုက်သည်။

"ထွက်ခွာဖို့ အချိန်ကျပြီ"

သူ၏စိတ်ဆန္ဒသည် သူ့လက်ထဲ၌ ဆုပ်ကိုင်ထားသည့် ဆေးပေါင်းဖိုနှင့်အတူ ပျောက်ကွယ်လာ၏။ ဆေးပေါင်းဖိုတစ်သိန်း တဟုန်ထိုး ပြေးဝင်လာစဥ် ၄င်း၏စူးစူးဝါးဝါးအော်သံမှာ တဖြေးဖြေး တိမ်ဝင်သွားတော့သည်။ ဆေးပေါင်းဖိုတစ်လုံးမှ မန်ဟို့ကို ထိပင်မထိလိုက်နိုင်ပေ။

ကောင်းကင််နယ်မြေရှိ ဆေးပေါင်းဖို၏အပြင်ဘက်တွင် မန်ဟို တင်ပျဥ်ခွေထိုင်နေသည်။ ရုတ်တရက် သူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာ၏။ ၄င်းတို့ပွင့်လာသည့်အခိုက်၌ အနက်ရောင်အလင်းဖန်လုံးတစ်ခု သူ့အရှေ့တွင် ပေါ်လာသည်။ ၄င်းမှာ ဤနေရာသို့ ရောက်နေသည့်တိုင် ရုန်းကုန်နေပုံရသည်။

သို့သော် မန်ဟို့၏စိတ်ဆန္ဒက သူ၏ကိုယ်အတွင်းသို့ ပြန်ရောက်နေပြီဖြစ်၍ သူအနေဖြင့် ၄င်းကို အဘယ်သို့ ထွက်ပြေးခွင့်ပေးနိုင်မည်နည်း။ သူက ၄င်းကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး သူ၏မျက်လုံးများမှာ သွေးအေး ရက်စက်သော အရှိန်အဝါဖြင့် တောက်ပလာသည်။

"မင်း တကယ်ပဲ သေချင်နေလား"

ဆေးပေါင်းဖိုက ဆက်လက်ရုန်းကန်နေပြီး ၄င်း၏စိတ်ဆန္ဒအမျှင်တစ်မျှင် မန်ဟို့စိတ်ထဲ ဝင်ရောက်လာသည်။ ၄င်းက ပြော၏..... အညံ့ခံမယ့်အစား အသေပဲခံလိုက်မယ်

မန်ဟိုပြုံးလိုက်သော်လည်း ထိုအပြုံးမှာ အေးစက်နေသည်။

"အညံ့ခံမယ့်အစား အသေပဲခံမယ်တဲ့လား။ ဟေ့အေး ငါ မင်းကို ဖျက်စီးမှာ မဟုတ်ဘူး။ ဒီနေ့ကစပြီး ၄င်းဖြစ်ချင်ချင် မဖြစ်ချင်ချင် မင်းဘယ်လောက်ခုခံခုခံ မင်းက ငါ့ဆေးပေါင်းဖိုပဲ" သူက ထရပ်ပြီး ဇီတုန်တောင်နှင့် တစ်လမ်းထဲ ကျန်ခဲ့သည့် လမ်းကို ကြည့်သည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်နယ်မြေအပြင်ဘက်၊ တုန်းလိုင်တောင်ထိပ်ပေါ်၌ ကြည့်ရှုနေသူများမှာ သိပ်အထင်ကြီးဟန်မရှိပေ။ သို့သော် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ရှစ်ဦး၏ မျက်လုံးအားလုံး လက်သွားသည်။

"ဒါက...."

"အဲ့အနက်ရောင်ဆေးပေါင်းဖိုမှာ ကိုယ်ပိုင်စိတ်ဆန္ဒရှိတယ်"

"ငါ အဲ့ဒီထဲဝင်ခဲ့တုန်းက အဲ့ဆေးပေါင်းဖိုကိုတွေ့ခဲ့တယ်..... ယူဖို့ကြိုးစားပေမယ် မအောင်မြင်ခဲ့ဘူး။ ဖန်မုက သူနဲ့ ဆက်သွယ်နိုင်သွားတယ်ထင်တယ်...."

"ပုံရိပ်ယောင်ကမ္ဘာထဲမှာ အဲ့ဒီဆေးပေါင်းဖိုကို တွေ့ဖို့ အင်မတန်ရှားတယ်။ ကျင့်ကြံသူတစ်ယောက်ရဲ့ စိတ်ဆန္ဒက သူ့နဲ့မယှဥ်နိုင်တဲ့အတွက် ဖမ်းလို့မရသင့်ဘူး။ ဒီနှစ်တွေတစ်လျှောက်လုံး သူက ပုံရိပ်ယောင်ကမ္ဘာရဲ့ဆေးပေါင်းဖိုတွေကြားမှာ ဘုရင်ဖြစ်လာခဲ့တာ....."

"ဖန်မု သူ့ကို ဘာကတိပေးပြီး လက်ခံအောင် လုပ်နိုင်သွားပါ့လိမ့်....သူ့မျက်နှာထားအရဆိုရင် သူတို့နှစ်ယောက် သိပ်မတည့်နေသလိုပဲ" ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်များ ထိုမြင်ကွင်းကို ဆွေးနွေးနေကြသဖြင့် စောင့်ကြည့်နေသူများလည်း မန်ဟိုနှင့် သူ၏ ဆေးပေါင်းဖိုကို သတိထားမိလာကြသည်။

လူများ အံ့အားသင့်နေစဥ် မဟာအကြီးအကဲဆေးလုံးမိစ္ဆာ၏ မျက်လုံးများ ထူးဆန်းသောအလင်းရောင်ဖြင့် တောက်ပလာသည်။

"ဒီကလေး....  တကယ်ပဲ အဲ့တာကို ယူလာနိုင်ပါလား... " တစ်ခါမှမမြင်ဖူးသော အပြုံးသည် သူ့မျက်နှာပေါ်၌ ဖြစ်ထွန်းသွား၏။

ကောင်းကင်နယ်မြေ၏ကမ္ဘာထဲတွင် ဇီတုန်တောင်ခြေရှိ ဆေးပေါင်းဖိုကြီး တသိမ့်သိမ့်တုန်လာသည်။ ထစ်ချုန်းသံကြီးနှင့်အတူ ခုနစ်ရောင်ခြယ်အလင်းတစ်ခု လေထဲတွင် ပြည့်နှက်သွား၏။ အတွင်းရှိ ဆေးပေါင်းဖိုတစ်သိန်းမှာ ..... အထဲမှ ထွက်ရန် သွေးရူးသွေးတန်းဖြစ်နေပုံရလေသည်။

***

All Chapters